ကောင်းကင်ဘုံယွမ်စုတ်တံ၏စွမ်းအား
Vol. 30 Ch. 416
ဇူယွမ်မှာ သွေးနီရောင်တောင်ကုန်းပေါ်၌ ငြိမ်သက်စွာ ရပ်နေလျက်ရှိပြီး ကောင်းကင်ဘုံယွမ်စုတ်တံမှာ လေထဲ၌ ရစ်ဝဲနေလျက် ရှိသည်။ ယွမ်စုတ်တံ၏ကိုယ်ထည်မှာ ခပ်ဖျော့ဖျော့ လင်းလက်နေကာ ပြင်းထန်လှသော စွမ်းအင်လှိုင်းများ စီးဆင်းနေ၏။
ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား ကြည့်နေရင်းဖြင့် ကျေနပ်အားရသော အရိပ်အယောင်များ ယှက်သန်းလာခဲ့ရသည်။ ယွမ်စုတ်တံမှာ ယခင်နှင့် များစွာကွာခြားနေခဲ့ပြီ ဖြစ်၏။
ကောင်းကင်အဆင့် မူလလက်နက်နှင့် အနက်ရောင်မူလလက်နက်မှာ စကားလုံးလေး အနည်းငယ်မျှသာ ကွဲပြားပါသော်လည်း စွမ်းအင်ကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးတမျှပင်ရှိသည်။
ကောင်းကင်ဘုံယွမ်စုတ်တံမှာ လျင်မြန်စွာ ကျုံ့ဝင်သွားခဲ့ပြီးနောက် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ဇူယွမ်၏လက်မှတဆင့် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့၏။
ယွမ်စုတ်တံမှာ ကောင်းကင်အဆင့် မူလလက်နက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီးနောက် ခါးတွင်ချိတ်ဆွဲထားရန် မလိုအပ်တော့ပဲ ခန္ဓာကိုယ်အတွင်း၌ သိမ်းဆည်းထားနိုင်ကာ ချီစွမ်းအင်များ အဆက်မပြတ် ဖြည့်တင်းပေးနိုင်ပေသည်။
ထို့အပြင် ကောင်းကင်အဆင့် မူလလက်နက်မှာ ကိုင်ဆောင်သူနှင့်ပေါင်းစည်း၍လည်းရ၏။
ယွမ်စုတ်တံမှာ ကောင်းကင်အဆင့် မူလလက်နက်အဖြစ်သို့ အဆင့်တက်သွားပြီးနောက် ဇူယွမ်မှာ တိုက်ပွဲစွမ်းရည်များ များစွာတိုးတက်ကောင်းမွန်လာသည်ဟု ခံစားနေမိသည်။
ယွမ်စုတ်တံမှာ ယခုအချိန်၌ အဆင့်နိမ့် ကောင်းကင်အဆင့် မူလလက်နက်သာ ဖြစ်နေသေးပါသော်လည်း အလယ်အလတ် ကောင်းကင်အဆင့် မူလလက်နက်တစ်ခုထက်ပင် သာလွန်သောစွမ်းအင်များ ပိုင်ဆိုင်ထားခဲ့၏။
“နင်က သားရဲစိတ်ဝိညာဉ်ပုံဆောင်ခဲတွေကိုသုံးပြီး နင့်လက်နက်ကို ကောင်းကင်အဆင့် တက်လိုက်တာပေါ့လေ” ကျိုးချူးချင်ယုမှ ဇူယွမ်အနားသို့ ရောက်ရှိလာကာ မေးမြန်းလိုက်သည်။
ကျိုးချူးချင်ယုမှာ ဇူယွမ်အား များစွာစိုးရိမ်နေခဲ့သူ ဖြစ်၏။ သို့သော် သားရဲအုပ်ကြီးအကြောင်း ကြားသိရသော အချိန်မှစ၍ ဇူယွမ်မှာ ပျော်ရွှင်စိတ်လှုပ်ရှားနေခဲ့သည်ကို သူမပြန်လည်အမှတ်ရနေမိသည်။
ဇူယွမ်မှာ ခပ်ဖွဖွရီမောကာ အဝေးတစ်နေရာသို့ကြည့်၍ စကားဆိုလိုက်၏။ “သားရဲအုပ်ကြီးကို ဖြေရှင်းပြီးပြီဆိုတော့ အခုကတခြားပြဿနာကို ေဖြရှင်းရမယ့်အချိန်ပဲ”
ဇူယွမ်မှာ စူးသွမ့်တို့အုပ်စုအား အစောပိုင်းထဲမှ အာရုံခံမိခဲ့သည်။ ဇူယွမ်၏စိတ်ဝိညာဉ်မှာ ဤနေရာတွင်ရှိနေသော သူများအားလုံးထက် ပို၍သာလွန်နေပေပြီ ဖြစ်၏။
ထို့အပြင် သားရဲအုပ်ကြီးမှာလည်း စူးသွမ့်၏ အကြံအစည်ဖြစ်ကြောင်း သိရှိထားခဲ့ရသည်။
စူးသွမ့်မှာ သားရဲအုပ်ကြီးအား ခေါ်ဆောင်လာပေးခြင်းကြောင့် ဇူယွမ်အတွက် များစွာ အကျိုးဖြစ်ထွန်းခဲ့ရ၏။ သို့သော် စူးသွမ့်၏ မကောင်းသောရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့သော အကြံအစည်အား ဇူယွမ်မှ လက်သင့်မခံနိုင်ပေ။ ယခုအချိန်၌ စူးသွမ့်မှာ ဇူယွမ်၏ရန်သူတစ်ဦး ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
“ငါတို့ကိုတွေ့သွားပြီ”
စူးသွမ့်၏အုပ်စုမှာ ဇူယွမ်၏အကြည့်အား အလျင်အမြန် သဘောပေါက်ခဲ့ကြ၏။ ထို့နောက် တစ်ဦးနှင့်တစ်ဦး အကြည့်ချင်းဖလှယ်ကာ စူးသွမ့်အား ကြည့်လိုက်ကြသည်။
စူးသွမ့်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား လိုချင်ရမ္မက်များ ကြီးစိုးနေသော မျက်ဝန်းများဖြင့် ကြည့်နေခဲ့ပြီးနောက် စကားဆိုလိုက်၏။ “သူငါတို့ကို တွေ့သွားတော့ရော ဘာဖြစ်လဲ။ သူ့လို မူလစဦး စတုတ္ထအဆင့်ပဲ ရှိသေးတဲ့ကောင်က ငါတို့နဲ့ တိုက်ခိုက်ရဲမှာတဲ့လား”
သားရဲအုပ်ကြီးမှာ ကိုင်တွယ်ဖြေရှင်းခဲ့သောပုံစံမှာ ကြောက်မက်ဖွယ် ကောင်းလှသော်လည်း ဇူယွမ် အသုံးပြုခဲ့သောနည်းလမ်းအား သိရှိခဲ့ရပြီးနောက် စူးသွမ့်တို့အုပ်စုမှာ အနည်းငယ်မျှပင် စိုးရိမ်ခြင်းမဖြစ်မိတော့ပေ။ ဇူယွမ်၏နည်းလမ်းမှာ သားရဲများအပေါ်တွင်သာ အကျိုးသက်ရောက်မှုရှိပြီး စူးသွမ့်တို့အပေါ်၌ ထိရောက်ခြင်းမရှိသော နည်းလမ်းသာဖြစ်သည်။
“ဒါပေမဲ့သူက ... .ကန်ရွှမ်းကလန်က တပည့်တစ်ယောက် ဖြစ်နေတုန်းပဲလေ” စိုးရိမ်နေသော အသံတစ်ခု ထွက်ပေါ်လာ၏။ ဇူယွမ့်ကို ထိပါး၍ လီချင်းချန်နှင့် ကျောင်းဇူတို့ကိုသာ အမျက်ဒေါသ ဖြစ်စေခဲ့ပါက မရှုမလှဖြင့် အဆုံးသတ်သွားရနိုင်ပေသည်။
“ကန်ရွှမ်းကလန်ကလူတွေက သူတို့ဘာသာတောင် အားမှာမဟုတ်ဘူး” စူးသွမ့်မှာ နှုတ်ခမ်းများ တွန့်ကွေးသွားအောင် ပြုံးလိုက်၏။ “ပြီးတော့ ဒီမီးလျှံအဆီအနှစ် သွေးကြောနယ်မြေထဲမှာ ရပ်တည်နိုင်ဖို့က လူတစ်ယောက်ရဲ့ တိုက်ပွဲစွမ်းရည်နဲ့ပဲ သက်ဆိုင်တယ်။ အဲဒါကြောင့် ဇူယွမ်ရှုံးသွားရင်တောင် ကန်ရွှမ်းကလန်က ငါတို့လိုအုပ်စုငယ်လေးတွေကို စွပ်စွဲဖို့ရှက်ရွံ့နေမှာပဲ။ ဇူယွမ်ရှုံးသွားပြီဆို ကန်ရွှမ်းကလန်ကို ပြန်ရောက်တဲ့အချိန်ကြ အပြစ်တောင်ပေးခံရနိုင်တယ်”
“ကန်ရွှမ်းကလန်ကသာ မဟုတ်ဘူးဆိုရင် သူ့လိုမူလစဦး စတုတ္ထအဆင့်လောက်က ဒီနေရာမှာတောင် ရှိနိုင်မှာမဟုတ်ဘူး”
အခြားသူများမှ စူးသွမ့်၏စကားအား ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ ထို့နောက် ဇူယွမ်အား မထီမဲ့မြင်ပြုသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်ကြ၏။ စူးသွမ့်ပြောသကဲ့သို့ပင် ကန်ရွှမ်းကလန်၏ ကျောထောက်နောက်ခံသာ မရှိခဲ့ပါက ဇူယွမ်မှာ စကားထဲ ထည့်ပြောရန်ပင် မထိုက်တန်သူ ဖြစ်သည်။
သူတို့အားလုံးမှာ လီချင်းချန်နှင့် ကျောင်းဇူတို့ကဲ့သို့ ရွေးချယ်ခံများနှင့် နှိုင်းယှဉ်၍ မရပါသော်လည်း မူလစဦး ဆဋ္ဌမအဆင့်သို့ ရောက်ရှိပြီးကြသူများဖြစ်ကာ စူးသွမ့်ဆိုလျှင် မူလစဦး သတ္တမအဆင့်ထိ ရောက်ရှိနေပေ ဖြစ်၏။
ထိုမျှကျင့်ကြံခြင်းအဆင့်သည် ကန်ရွှမ်းကလန်ရှိ ဝါရင့်ခရမ်းရောင်ခါးစည်း တပည့်များနှင့်ပင် တူညီပေသည်။
စူးသွမ့်မှာ ယုံကြည်မှုရှိစွာဖြင့် ပြုံးလိုက်ပြီးနောက် တွေဝေမနေတော့ပဲ ဇူယွမ့်ထံသို့ ပျံသန်းသွားတော့၏။
စူးသွမ့်မှ ဇူယွမ်အားကြည့်၍ ပြောလိုက်သည်။ “ဇူယွမ် မင်းကအရည်အချင်း ရှိသားပဲ။ သားရဲအုပ်ကြီးကိုတောင် ကိုင်တွယ်နိုင်တယ်ဆိုတော့”
ဇူယွမ်မှာ စူးသွမ့်အားကြည့်ကာ ပြုံးပြလိုက်၏။ စူးသွမ့်မှာ ရန်သူဖြစ်နေပါသော်လည်း သူ့အပေါ် ကူညီပေးသလိုသာ ဖြစ်နေခဲ့သည့်အတွက် ဇူယွမ်မှာ စူးသွမ့်အပေါ် အကောင်းမြင်စိတ် ရှိနေခဲ့သည်။
“အစ်ကိုတော်စူးသွမ့်က အရမ်းရက်ရောတာပဲ။ အစ်ကိုတော်ရဲ့ လက်ဆောင်ကြောင့်သာ မဟုတ်ရင် သားရဲတွေကို ကျွန်တော်ပင်ပင်ပန်းပန်းနဲ့ ရှာဖွေနေရမှာ”
စူးသွမ့်၏နှုတ်ခမ်းအစုံမှာ ရှုံ့မဲ့သွားရပြီး မျက်ဝန်း၌ ဒေါသအရိပ်အယောင်များ ယှက်သန်းလာခဲ့၏။ “တော်တော်အပြောကောင်းတဲ့ငနဲပဲ။ ဇူယွမ် မင်းဒီနေရာက ထွက်သွားလိုက်တော့။ ဘာလို့လဲဆိုတော့ ဒီဧရိယာကို ငါတို့သိမ်းပိုက်မှာမို့လို့ပဲ”
ဇူယွမ်မှာ ခပ်ဖွဖွရီမောကာ ခေါင်းကိုခါယမ်းလိုက်သည်။ “ဒီစကားကိုတော့ ကျွန်တော် လိုက်လျောမပေးနိုင်ဘူး”
“မင်းအဆင့်လောက်နဲ့ ငါ့ကိုငြင်းပယ်ရဲတယ်လား” စူးသွမ့်၏နှုတ်ခမ်းထက်၌ လျှို့ဝှက်သောအပြုံးတစ်ပွင့့် ပေါ်ပေါက်လာကာ လက်ကိုမြှောက်၍ အော်ဟစ်လိုက်၏။ “လုပ်လိုက်တော့”
ဝုန်း ... .
စူးသွမ့်၏နောက်မှ ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာကာ ပေါင်းစည်းသွားပြီး မြေပြင်များကိုပင် အက်ကွဲသွားစေခဲ့သည်။
စူးသွမ့်တို့မှာ အနည်းငယ်မျှ သက်ညှာမည့်ပုံစံမရှိပဲ ပထမဆုံးတိုက်ခိုက်မှုဖြင့်ပင် ဇူယွမ်အား ဖျက်ဆီးနိုင်ရန် ရည်ရွယ်ထားသည်မှာ ထင်ရှား၏။
“ဇူယွမ် ... သတိထား ...”
ကျိုးချူးချင်ယု၏ အမူအရာမှာ ပြောင်းလဲသွားပြီးနောက် ဇူယွမ်အားကယ်တင်ရန် လျင်မြန်စွာ ကြိုးစားလိုက်သည်။
တစ်ဖက်မှ တိုက်ခိုက်လာသူများမှာ မူလစဦး ဆဋ္ဌမအဆင့်ရှိသူများဖြစ်ပြီး ဇူယွမ်မှာ မူလစဦး စတုတ္ထအဆင့်သာ ရှိသေး၏။ ထို့ကြောင့် ထိုသူများ၏ ပေါင်းစည်းတိုက်ခိုက်မှုမှာ ဇူယွမ်အတွက် အန္တရာယ်ရှိနိုင်ပေသည်။
သို့သော် ကျိုးချူးချင်ယုမှ လှုပ်ရှားတော့မည့် အချိန်မှာပင် ဇူယွမ်မှာ လက်သို့ဆန့်တန်းကာ လက်ဖြောက်တီးလိုက်၏။
ဖြောက် ...
ဇူယွမ်၏လက်ဝါးထက်မှ ကောင်းကင်ဘုံယွမ်စုတ်တံမှာ ရစ်ဝဲထွက်ပေါ်လာခဲ့သည်။ ထို့နောက် ယွမ်စုတ်တံစီမှ အလင်းတန်းများ ထွက်ပေါ်လာကာ လှိုင်းလုံးကြီးတစ်ခုကဲ့သို့ စွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့၏။
“ဘဝင်ရူးကောင် ... မင်းရဲ့ ကောင်းကင်အဆင့် မူလလက်နက်က မူလစဦးဆဋ္ဌမအဆင့်ငါးယောက်ကို တားဆီးနိုင်မယ်ထင်လို့လား ... ဟားဟားဟား...” စူးသွမ့်မှ လှောင်ပြောင်သရော်လိုဟန်ဖြင့် ရီမောလိုက်လေသည်။
ချပ် ... .
တစ်စုံတစ်ခု ကျိုးပဲ့သွားသည့်အသံအား ကြားလိုက်ရသည့်အတွက် စူးသွမ့်၏ရီမောနေသံမှာ တိတ်ဆိတ်သွားခဲ့၏။ ထို့နောက် စူးသွမ့်မှ လျင်မြန်စွာကြည့်ရှုလိုက်သောအခါတွင် ချီစွမ်းအင်လှိုင်းငါးခုမှာ စုတ်တံကြောင့် ဆုတ်ဖြဲခံလိုက်ရသည်ကို တွေ့ရှိခဲ့ရသည်။
“ဘယ်လိုလို့ဖြစ်နိုင်မှာလဲ” စူးသွမ့်၏နောက်တွင်ရှိနေသော မူလစဦး ဆဋ္ဌမအဆင့်ငါးဦး၏ အမူအရာမှာလည်း ပြောင်းလဲသွားခဲ့ရ၏။
ထိုအနက်ရောင်စုတ်တံ၌ ထူးခြားသောစွမ်းအင်တစ်ခု ပိုင်ဆိုင်ထားဟန်ရှိကာ မည်သည့်ချီစွမ်းအင်မဆို ထိုစုတ်တံရှေ့၌ အားနည်းသွားသယောင် ဖြစ်နေသည်။
ဝှစ် ...
စူးသွမ့်၏အုပ်စုမှ အံ့အားတကြီးဖြစ်နေစဉ်မှာပင် ကောင်းကင်ဘုံယွမ်စုတ်တံမှာ ထိုငါးဦးအနားသို့ မြွေတစ်ကောင်အလား ချဉ်းကပ်သွားခဲ့၏။ ထို့နောက် စုတ်တံထိပ်မှ အမွေးများမှာ ဖြူဖွေးနေသော ကျာပွတ်ငါးခုအသွင်သို့ ပြောင်းလဲသွားခဲ့သည်။
ချပ် ...
ထိုကျာပွတ်ငါးခုမှာ လေထုကိုပင် ဆုတ်ဖြဲသွားခဲ့ပြီး ထိုငါးဦးအား မြွေငါးကောင်မှ ရစ်ပတ်ထားသကဲ့သို့ ချုပ်နှောင်ထားလိုက်၏။
မူလစဦး ဆဋ္ဌမအဆင့်ရှိသူငါးဦးလုံးမှာ ချီစွမ်းအင်များကို လျင်မြန်စွာ ပေါက်ကွဲထွက်ပေါ်စေပြီး ကြာပွတ်အား ဖျက်ဆီးရန် ကြိုးစားခဲ့သည်။ သို့သော် ကြာပွတ်မှာ ရုန်းကန်၍ပင် မရနိုင်အောင် ပို၍တင်းကြပ်လာခဲ့၏။
မည်မျှပင်ကြိုးစားပါစေ ကြာပွတ်မှာ ပို၍သာ တင်းကျပ်လာခဲ့သောကြောင့် ထိုငါးဦးထံမှ အော်ဟစ်ညည်းညူသံများပင် ထွက်ပေါ်လာခဲ့ရသည်။
ဇူယွမ်၏ လက်ချောင်းများ လှုပ်ရှားလိုက်သည်နှင့်တကွ ကျာပွတ်မှာလည်း ရွေ့လျားလာခဲ့ပြီး ထိုငါးဦးအား လေထုထဲသို့ မြှင့်တင်လိုက်၏။ ထို့နောက် အညှာအတာကင်းမဲ့စွာပင် မြေကြီးနှင့် ရိုက်ချလိုက်လေတော့သည်။
ဒုန်း ... .
ထိုငါးဦးမှာ ပြင်းထန်စွာ ပြုတ်ကျလာခဲ့သောကြောင့် မြေပြင်၌ပင် ချိုင့်ဝှမ်းကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့ရ၏။ ယခုအချိန်၌ ထိုသူများမှာ သေလား၊ ရှင်လားပင် မသိရသော အခြေအနေ၌ ရှိနပေေသည်။
ကောင်းကင်ဘုံယွမ်စုတ်တံမှာ ဇူယွမ်၏လက်ထဲသို့ လျင်မြန်စွာပင် ပြန်လည်ရောက်ရှိလာ၏။
ထိုအခြင်းအရာအား ကြည့်ရှုနေခဲ့သော စူးသွမ့်၏မျက်ဝန်းများ၌ ကြောက်ရွံ့သော အရိပ်အယောင်များ ယှက်သန်းလာခဲ့ရသည်။ ဇူယွမ်၏ ထူးခြားဆန်းကြယ်သော စုတ်တံလက်နက်သည် မူလစဦး ဆဋ္ဌမအဆင့်ငါးဦးကိုပင် တစ်ကြိမ်တည်းဖြင့် နှိမ်နှင်းနိုင်ခဲ့၏။
သာမန်ကောင်းကင်အဆင့် မူလလက်နက်တစ်ခုတွင် ထိုကဲ့သို့သော စွမ်းအင်များ မရှိနိုင်ချေ။