ငါးလုံးမြောက်မှော်စာလုံး ချီဖြိုခွဲခြင်
Vol. 30 Ch. 417
မြေပြင်ထက်၌ ချိုင့်ဝှမ်းကြီးတစ်ခု ဖြစ်ပေါ်နေကာ အသက်ရှိသေးသလားပင် မသိရသော လူငါးဦးရှိနေခဲ့သည်။ လွန်ခဲ့သော အသက်ရှူစာ အနည်းငယ်ကပင် ထိုသူများမှာ မူလစဦး ဆဋ္ဌမအဆင့်ရှိသူများ ဖြစ်ခဲ့၏။
သို့သော်လည်း ယခုအချိန်၌ ထိုသူငါးဦးမှာ စုတ်တံတစ်ချောင်း၏ နှိမ်နင်းခြင်းကို ခံယူထားခဲ့ရသည်။
ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား တည်ငြိမ်စွာပင် ကြည့်ရှုနေခဲ့သော်လည်း မျက်ဝန်းများ၌ ပျော်ရွှင်မှု အရိပ်အယောင်များ ယှက်သန်းနေ၏။
ယွမ်စုတ်တံ၏စွမ်းအင်မှာ ဇူယွမ်ခန့်မှန်းထားသည်ထက်ပင် များစွာသာလွန်နေခဲ့သည်။
ဇူယွမ်မှာ စိတ်လှုပ်ရှားစွာဖြင့် ယွမ်စုတ်တံအား ဆုပ်ကိုင်လိုက်၏။ ဇူယွမ်၏လက်ထဲတွင် နှစ်ပေါင်းများစွာ ရှိနေခဲ့သော တစ်ချိန်က တောင်ဝင်အဆင့် မူလလက်နက်ဖြစ်ခဲ့ဖူးသည့် ကောင်းကင်ဘုံယွမ်စုတ်တံမှာ ယခုအချိန်တွင် သူ၏ထူးခြားသော စွမ်းအင်များကို တစ်ဖန်ပြန်လည် စတင်ရရှိလာခဲ့ပြီ ဖြစ်သည်။
ဇူယွမ်၏အမြင်တွင်မူ ယွမ်စုတ်တံမှ ကောင်းကင်အဆင့် မူလလက်နက်အဖြစ်သို့ တက်လှမ်းနိုင်ခဲ့ခြင်းမှာ ကျားကို အတောင်ပံတပ်ပေးလိုက်သကဲ့သို့ပင် ဖြစ်နေ၏။
စူးသွမ့်မှာ ချိုင့်ဝှမ်းထဲ၌ လဲကျနေသူငါးဦးကို ကြည့်နေရင်းဖြင့် မျက်နှာမှာ ရှုံ့မဲ့လာခဲ့ရသည်။ ဇူယွမ်အား ပျက်စီးစေရန် ကြံစည်ခဲ့သော စူးသွမ့်၏ အကြံအစည်တိုင်းမှာ ဆိုးရွားစွာ အဆုံးသတ်ခဲ့ရ၏။ ထိုအချက်က စူးသွမ့်အား အလွန်အမင်း အမျက်ဒေါသဖြစ်စေသည်။
“ဖူကလန်ရဲ့ ခေါင်းဆောင်ငယ်တစ်ယောက်ဖြစ်တဲ့ ငါ့ကိုတော့ မင်းလို ကန်ရွှမ်းကလန်ရဲ့ သာမန်တပည့်လေးက အနိုင်ယူနိုင်မှာမဟုတ်ဘူး”
ဝုန်း ...
စူးသွမ့်၏ ဦးခေါင်းထက်မှ ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာခဲ့၏။ စူးသွမ့်ထံမှ ထွက်ပေါ်လာသော စွမ်းအင်ဖိအားများမှာ ယခင်ငါးဦးထက် များစွာပြင်းထန်ပေသည်။
စူးသွမ့်၏ အမူအရာမှာ အေးစက်နေလျက်ရှိပြီး လက်များကို အတူတကွ ချိတ်ဆက်လိုက်၏။
စူးသွမ့်၏ လက်ဝါးထက်မှ ချီစွမ်းအင်များ ထွက်ပေါ်လာကာ ဦးခေါင်းအရွယ်မျှရှိသော မီးလုံးကြီးတစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့သည်။
“ဖူမီးလျှံကျင့်စဉ်...”
ဝှစ် ...
မီးလုံးကြီးမှာ လေထုထဲသို့ ပျံသန်းလာခဲ့ပြီး ပေရာကျော်မျှအထိ ကျယ်ပြန့်သွားကာ ဇူယွမ့်ထံသို့ ဦးတည်လာခဲ့၏။
စူးသွမ့်မှာ အနည်းငယ်မျှပင် သက်ညှာလိုဟန် မရှိပေ။ ဖူးမီးလျှံကျင့်စဉ်မှာ ဖူကလန်မှကျော်ကြားသော ကောင်းကင်ဘုံငယ်ကျင့်စဉ်တစ်ခု ဖြစ်သည်။
မီးလုံးကြီးမှာ အဆက်မပြတ် ကျဆင်းလာနေခဲ့သော်လည်း ဇူယွမ်၏မျက်ဝန်းများမှာ ကြောက်ရွံ့မှုအရိပ်အယောင် အနည်းငယ်မျှပင် ရှိမနေခဲ့ချေ။ ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအားဆုပ်ကိုင်ကာ မူလမှော်စာလုံးတစ်ခုကို ရေးဆွဲလိုက်၏။
ထို့နောက် အသက်ရှူစာ အနည်းငယ်မျှသော အချိန်အတွင်း၌ပင် စုတ်တံထိပ်ရှိ ဖြူဖွေးနေသော အမွေးများမှာ အနက်ရောင်သို့ ပြောင်းလဲသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် စုတ်တံထိပ်မှ မည်းနက်နေသော အမွေးများမှာ နဂါးတစ်ကောင်အလား လေထုကိုပင် ဆုတ်ဖြဲသွားကာ မီးလုံးကြီးအား ရစ်ပတ်လိုက်၏။
ထိုအခြင်းအရာအား မြင်လိုက်ရသောအခါ စူးသွမ့်၏ နှုတ်ခမ်းထက်၌ လျှို့ဝှက်သော အပြုံးတစ်ခု ပေါ်ပေါက်လာကာ လက်များကို အတူတကွ ချိတ်ဆက်၍ အော်ဟစ်လိုက်သည်။ “ပေါက်ကွဲစမ်း...”
မီးလုံးကြီးထံမှ ပြင်းထန်လှသော စွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့၏။
သို့သော် မီးလုံးကြီးတစ်ခုလုံး ပေါက်ကွဲတော့မည့်အချိန်မှာပင် စုတ်တံထိပ်မှ အနက်ရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ကာ မီးလုံးကြီးအား ပိုင်းဖြတ်လိုက်သည်။ စူးသွမ့်မှာ မီးလုံးကြီးနှစ်ပိုင်းဖြတ်ခံလိုက်ရသည်အား ကြည့်နေရင်းဖြင့် အေးခဲသွားခဲ့ရ၏။
“ဒါဘယ်လိုလို့ဖြစ်နိုင်မှာလဲ” စူးသွမ့်မှာ မျက်မှောင်ကြုတ်လျက် မယုံကြည်နိုင်သော အမူအရာဖြင့် အော်ဟစ်လိုက်သည်။ စူးသွမ့်သည် မီးလုံးတစ်ခုလုံးအား ပြင်းထန်စွာ ပေါက်ကွဲသွားစေရန်အတွက် သန့်စင်သော ချီစွမ်းအင်များဖြင့်သာ ပြုလုပ်ထားခဲ့ခြင်းဖြစ်၏။ သေးငယ်သောထိတွေ့မှုတစ်ခုကပင် မီးလုံးကြီးအား ပေါက်ကွဲသွားစေရန် လုံလောက်ပေသည်။
သို့သော် မီးလုံးကြီးမှာ ဇူယွမ်၏စုတ်တံဖြင့် ထက်ပိုင်းဖြတ်ခြင်း ခံခဲ့ရ၏။
မီးလုံးကြီးမှာ စုတ်တံ၏အနီးသို့ ရောက်ရှိသွားသည်နှင့် စွမ်းအင်များ လျော့ပါးသွားသကဲ့သို့ပင် ဖြစ်ခဲ့သေးသည်။
“ငါမယုံကြည်နိုင်ဘူး ... ”
စူးသွမ့်မှာ အမူအရာပျက်ယွင်းစွာ အော်ဟစ်လိုက်ပြီးနောက် လက်များကို အတူတကွချိတ်ဆက်ကာ တောက်လောင်နေသော မီးလုံးလေးခုကို ထပ်မံထွက်ပေါ်စေလိုက်၏။ မီးလုံးကြီးများမှ ပြင်းထန်လှသော စွမ်းအင်ဖိအားများ ထုတ်လွှတ်နေခဲ့သည်။
“မင်းကိုတစ်စစီလုပ်ပစ်မယ်”
မီးလုံးကြီးလေးခုမှာ ဆက်တိုက်ဆိုသလို ကျဆင်းလာခဲ့ပြီး မြေပြင်သို့မရောက်မီပင် အောက်ခြေမြေကြီးမှာ စတင်အက်ကွဲလာခဲ့ရ၏။ ထို့ကြောင့် စူးသွမ့်၏ တိုက်ခိုက်မှုမှာ မည်မျှပင် ပြင်းထန်ကြောင်း သိရှိနိုင်သည်။
ဇူယွမ်မှာ အပူလှိုင်းများကို ခံစားမိခဲ့၏။
ထို့နောက် ဇူယွမ်မှာ ကောင်းကင်ထက်မှ ကျဆင်းလာနေသော မီးလုံးကြီးများအား တည်ငြိမ်စွာပင် ကြည့်ရှုလိုက်သည်။ ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား ဆုပ်ကိုင်ကာ လေထုထဲ၌ မူလမှော်စာလုံးတစ်ခုကို ရေးဆွဲလိုက်၏။
စုတ်တံထိပ်မှ အနက်ရောင်အမွေးများမှာ လေးခုခွဲထွက်သွားပြီး ကျဆင်းလာနေသော မီးလုံးကြီးများအား တွန်းကန်နေခဲ့သည်။
ချက်ချင်းဆိုသလိုပင် မီးလုံးကြီးလေးခုမှာ လေထုထဲ၌ အေးခဲသွားခဲ့ရ၏။
ထို့နောက် စုတ်တံထိပ်မှ လျှပ်စီးကဲ့သို့ အနက်ရောင်အလင်းတန်းများ ပေါ်ထွက်လာကာ မီးလုံးများအား ပိုင်းဖြတ်ပစ်လိုက်သည်။
ထိုအခြင်းအရာအား ကြည့်ရှုနေခဲ့သော ကျိုးချူးချင်ယုမှာ အလွန်ပင် အံ့အားသင့်သွားခဲ့ရ၏။ စူးသွမ့်၏ ပြင်းထန်လှသော တိုက်ခိုက်မှုမှာ ဇူယွမ်အတွက် စက္ကူစလေး ပိုင်းဖြတ်ရသလိုပင် လွယ်ကူနေလိမ့်မည်ဟု သူမတစ်ခါမှ မထင်ထားမိခဲ့ချေ။
ဇူယွမ်မှာ ချီစွမ်းအင်များကို ဖျက်ဆီးပစ်နိုင်သော ထူးခြားသည့် နည်းလမ်းတစ်စုံတစ်ခုအား ပိုင်ဆိုင်ထားပုံရသည်။
စူးသွမ့်မှာ အလွန်အမင်း ထိတ်လန့်နေမိ၏။ သူ၏ပြင်းထန်လှသော တိုက်ခိုက်မှုများအား ဇူယွမ်မှ အလွယ်တကူပင် ချိုးဖျက်နိုင်ခဲ့သောကြောင့် စူးသွမ့်မှာ နှလုံးသွေးအန်မတတ်ပင် စိတ်ထိခိုက်သွားခဲ့ရသည်။
“ဘာလို့ဒီလိုဖြစ်ရတာလဲ” စူးသွမ့်မှ ရေရွတ်လိုက်၏။ ရင်ဆိုင်လာခဲ့သော တိုက်ပွဲများအတွင်း မည်သူကမှ စူးသွမ့်၏ ဖူမီးလျှံကျင့်စဉ်၏ မီးလုံးကြီးအား တိုက်ခိုက်ရဲသည့်သူ မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် မီးလုံးကြီးအား အနည်းငယ်မျှ ထိတွေ့လိုက်သည်နှင့်တကွ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပြင်းထန်စွာ ပေါက်ကွဲတတ်သောကြောင့်ပင် ဖြစ်သည်။
ဇူယွမ်မှာ မီးလုံးများအား ထူးခြားဆန်းကြယ်သော စွမ်းအင်တစ်မျိုးနှင့် ပိုင်းဖြတ်ပစ်နိုင်ခဲ့၏။
“အဲဒီအနက်ရောင်စုတ်တံ...” စူးသွမ့်မှာ တုန်လှုပ်ချောက်ချားစွာဖြင့် ဇူယွမ်၏လက်ထဲမှ စုတ်တံအား ငေးမောကြည့်ရှုလိုက်သည်။ စုတ်တံ၏ထိပ်၌ အနက်ရောင်အလင်းတန်းတစ်ခု လင်းချည်မှိန်ချည်ဖြင့် တောက်ပနေ၏။
ထိုအနက်ရောင်အလင်းတန်းမှာ စူးသွမ့်မှ မီးလုံးများအား ထက်ပိုင်းဖြတ်နိုင်ခဲ့သော အရာပင်ဖြစ်သည်။
ဇူယွမ်မှာ တုန်လှုပ်ချောက်ချားနေသော စူးသွမ့်အားကြည့်ကာ ခပ်ဖွဖွရီမောလိုက်၏။ ထို့နောက် လက်ဖျောက်တီးလိုက်သည်နှင့်တကွ ကောင်းကင်ဘုံယွမ်စုတ်တံမှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ လေထုထဲသို့ တိုးဝင်သွားခဲ့သည်။
ဝှစ် ...
ယွမ်စုတ်တံမှာ အနက်ရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီးနောက် လျှပ်စီးအလား လျင်မြန်လှသောအရှိန်ဖြင့် စူးသွမ့်ထံသို့ ပျံသန်းသွားခဲ့၏။
စူးသွမ့်မှာ ဇူယွမ်၏တိုက်ခိုက်မှုကြောင့် အံ့အားသင့်သွားကာ အလျင်အမြန်ပင် ပါးစပ်ထဲမှ အနီရောင်မီးလျှံများအား မှုတ်ထုတ်လိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို မီးလျှံများ ပေါင်းစည်းကာ ဒိုင်းကာတစ်ခုအသွင်သို့ ပြောင်းလဲသွား၏။
ဒုန်း ...
အနက်ရောင်အလင်းတန်းမှာ စူးသွမ့်၏ ဒိုင်းကာများနှင့် တွေ့ဆုံသွားခဲ့သည်။ ဒိုင်းကာများမှ စွမ်းအင်လှိုင်းများမှာ အနက်ရောင်အလင်းတန်း၏အောက်တွင် တစ်စထက်တစ်စ လျော့ပါးလာခဲ့၏။
အနက်ရောင်အလင်းတန်းထံ၌ မည်သည့်ချီစွမ်းအင်ကိုမဆို ဖျက်ဆီးပစ်နိုင်သော ထူးခြားဆန်းကြယ်သည့် စွမ်းအင်တစ်စုံတစ်ခု ပါဝင်နေဟန် ရှိသည်။
စူးသွမ့်မှာ ထိုသို့တွေးတောလိုက်မိပြီးနောက် လျင်မြန်စွာပင် ဆုတ်ခွာလိုက်၏။ သို့သော် ထိုအချိန်၌ပင် စူးသွမ့်၏ ဒိုင်းကာများမှာ အလုံးစုံ ပျက်စီးသွားခဲ့ရသည်။
အနက်ရောင်အလင်းတန်းမှာ ယွမ်စုတ်တံအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားခဲ့၏။ ထို့နောက် စုတ်တံမှာ ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် ရွေ့လျားသွားခဲ့သည်။ စူးသွမ့်သည်ပင် စုတ်တံ၏ ပုံရိပ်မျှသာ မြင်တွေ့လိုက်ရ၏။
“မြန်လိုက်တာ”
စုတ်တံ၏ အမြန်နှုန်းမှာ သူ၏အာရုံခံစားနိုင်စွမ်းထက်ပင် လျင်မြန်နေခဲ့သောကြောင့် စူးသွမ့်မှာ အလွန်အမင်း ကြောက်ရွံ့လာခဲ့မိသည်။
ထို့နောက် စူးသွမ့်မှာ မည်သည့်စကားမှ မဆိုနိုင်သေးခင်မှာပင် လည်ပင်းထက်၌ အေးစက်သောအရာတစ်ခုအား ခံစားလိုက်မိ၏။ ထို့ကြောင့် ဆုတ်ခွာရန် ကြံစည်နေသော စူးသွမ့်မှာ အေးခဲသွားခဲ့ရပြီး အနည်းငယ်မျှပင် လှုပ်ရှားရန် မဝံ့ရဲတော့ပေ။
စူးသွမ့်၏နဖူးထက်မှ အေးစက်သော ချွေးစေးများ ကျဆင်းလာခဲ့သည်။ ယွမ်စုတ်တံမှာ စူးသွမ့်၏ လည်ပင်းနှင့် လက်မဝက်ပင် မကွာဝေးသော အနေအထား၌ ရှိနေ၏။
စူးသွမ့်မှာ စိတ်နှလုံးထဲမှပင် တုန်လှုပ်ချောက်ချားလာမိသည်။
စူးသွမ့်မှာ တံတွေးမျိုချလိုက်ပြီးနောက် အားယူကာပြုံး၍ စကားဆိုလိုက်၏။ “မင်းနိုင်ပါတယ်။ ဒီနေရာက မင်းအပိုင်ပဲ။ ငါတို့ချက်ချင်း ထွက်သွားပေးပါ့မယ်”
စူးသွမ့်မှာ ဇူယွမ့်အား ကြောက်ရွံ့နေသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်သည်။ မူလစဦး စတုတ္ထအဆင့်သာရှိသေးသော ဇူယွမ်မှာ သိုးရေခြုံထားသော ဝံပုလွေတစ်ကောင် ဖြစ်နေလိမ့်မည်ဟု စူးသွမ့်တစ်ခါမှ မထင်မှတ်ထားခဲ့ပေ။
စူးသွမ့်၏စကားအား ကြားလိုက်ရသောအခါ ဇူယွမ်မှာ ရင်းနှီးနွေးထွေးစွာပြုံး၍ ကောင်းကင်ဘုံယွမ်စုတ်တံအား ပြန်လည်သိမ်းယူလိုက်၏။
ဇူယွမ်မှာ ကျေနပ်အားရနေသော မျက်ဝန်းများဖြင့် စုတ်တံ၏ကိုယ်ထည်ပေါ်ရှိ ငါးလုံးမြောက်မှော်စာလုံးအား ကိုင်တွယ်ပွတ်သပ်လိုက်သည်။
စူးသွမ့်၏ တိုက်ခိုက်မှုများအားလုံးကို ချိုးဖြတ်နိုင်ခဲ့ရသည့် အကြောင်းအရင်းမှာ ဤငါးလုံးမြောက် မှော်စာလုံးကြောင့်ပင် ဖြစ်၏။
ကောင်းကင်ဘုံယွမ်စုတ်တံရဲ့ ငါးလုံးမြောက်စာလုံး
ချီဖြိုခွဲခြင်း ... .