← Chapters

အခန်း ၂၅၈

Vol. 18 Ch. 258

အခန်း ၂၅၈

Vol. 18 Ch. 258

အပိုင်း ( 258 )

အလွန်အကျွံ အနိုင်ကျင့်ခြင်း

နတ်ဘုရားတို့၏ ဂူဗိမာန်နယ်မြေအတွင်းတွင် အင်အားစု အားလုံး အလုပ်များနေလျက်ရှိ၏။

လုချန်ရှန်းသည် တိတ်တဆိတ် နောက်ယောင်ခံလိုက်နေခဲ့ကာ ဘာစကားမှ မပြောဘဲ ပိုင်ပိုင်ဟီ၏ စည်းမျဥ်းများအတိုင်းသာ လုပ်ဆောင်နေခဲ့သည်။

သို့ရာ၌ ဂရုတစိုက် တွေးတောစဥ်းစားခဲ့ပြီးသည့်နောက်တွင် သူသည် သူ၏လှုပ်ရှားမှုများက လိုအပ်ချက်များ ရှိနေသေးကာ အဆိုပါ တိုက်ခိုက်မှုက အနည်းငယ်လွန်ကဲသွားသည်ဟု ခံစားသွားခဲ့ရသည်။

သူက တစ်ဖက်လူလက်ထဲသို့ ပစ္စည်းရောက်သည်နှင့်တစ်ပြိုင်နက် ၎င်းကို ချက်ချင်းလုယက်ခဲ့သည်။ ၎င်းက တစ်ဖက်လူ၏ စိတ်အားထက်သန်မှုကို ကျဆင်းသွားစေမည် မဟုတ်လော။ အကယ်၍ သူ၏ တာအိုနှလုံးသား ပျက်စီးသွားကာ စိတ်ဓာတ်ကျသွားမည်ဆိုပါက မည်ကဲ့သို့ ဖြစ်သွားမည်နည်း။

၎င်းကို တွေးမိသွားသောအခါတွင် လုချန်ရှန်းက ရပ်တန့်လိုက်သည်။ သူသည် တစ်ဖက်လူ ပစ္စည်းများကို အတိုင်းအတာတစ်ခုအထိ စုဆောင်းပြီးသည့် အချိန်ကို စောင့်ဆိုင်းနေရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ သူက အလွန်တရာ ထိလွယ်ရှလွယ်ဖြစ်နေမည်ဆိုပါက ပစ္စည်းများ ထပ်မံ၍ ရရှိဦးမည် ဖြစ်သည်။

ထို့နောက်တွင် ပိုင်ပိုင်ဟီက သတိတကြီးဖြစ်သွားခဲ့ကာ တစ်ကြိမ်ချင်းစီတိုင်းတွင် အလွန်တရာ သတိထားနေခဲ့၏။ သူသည် တိုက်ခိုက်မှုများကို ထပ်မံ၍ မရင်ဆိုင်ရတော့ဘဲ ပစ္စည်းတော်တော်များများကို အောင်မြင်စွာ စုဆောင်းနိုင်ခဲ့သည်။

တစ်ခဏအကြာတွင် သူသည် မနေနိုင်တော့ဘဲ သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။

သူသည် ထိုကဲ့သို့သော စွမ်းအားမျိုးကို မည်သူက ပိုင်ဆိုင်ထားလဲဆိုသည်ကို စိတ်ထဲတွင် အဆက်မပြတ် တွေးတောစဥ်းစားနေခဲ့သည်။ သို့သော် သူ၏ ဦးနှောက်ကို အလုပ်ပေးခဲ့သော်လည်း မည်သို့မျှ မမှန်းဆနိုင်ခဲ့ပေ။ ပြိုင်ဘက်ဖြစ်သူက သူ့အား ကြောင်က ကြွက်ကို ဆော့ကစားနေသကဲ့သို့ ပြုလုပ်နေခဲ့ပြီး သူက တစ်ဖက်လူကို မည်သို့မျှ မယှဥ်နိုင်ခဲ့ပေ။

သူသည် တစ်ချို့သော မိသားစုများထံမှ သူ့နောက်သို့ လိုက်နေမည်ကို ကြောက်လန့်နေခဲ့သည်။ သို့သော် သူ့ကို ကိုင်တွယ်ရန်အတွက် ထိုမျှရက်စက်သော တိုက်ခိုက်မှုကို မည်သူက ပြုလုပ်ခဲ့လဲဆိုသည်ကို မစဥ်းစားနိုင်ခဲ့ပေ။ သူသည် လုချန်ရှန်းကို အရင်ဦးဆုံး ဖယ်ထုတ်လိုက်သည်။

ထိုအကောင်က အူတိုင်ဖွဲ့စည်းခြင်း အဆင့်၉တွင်သာ ရှိနေသေးပြီး ငယ်ငယ်ရွယ်ရွယ်ဖြင့် မွေးရာပါ ဝိညာဥ် အဆင့်၉သို့ ရောက်ရှိနိုင်သည့် ဖြစ်နိုင်ခြေက မရှိသလောက်နီးပါး ရှားပါးလွန်းလှသည်။

အမှန်တိုင်းပြောရမည်ဆိုပါက သူ၏ ကောက်ချက်များက အမှန်ပင် မှန်ကန်နေခဲ့သည်။ လုချန်ရှန်းမှာ မွေးရာပါ ဝိညာဥ် အဆင့်၉ ပညာရှင် မဟုတ်ပေ။

ပိုင်ပိုင်ဟီက ရတနာ ငါးခု ခြောက်ခုမျှ ရရှိခဲ့သည့် အချိန်တွင် လုချန်းရှန်းက ထပ်မံ၍ လှုပ်ရှားနေတော့သည်။

ကြိုတင်ကာကွယ်မှုများ ရှိနေခဲ့သော်လည်း အရာအားလုံးက လုချန်ရှန်း၏ လက်ထဲတွင် ကျဆုံးသွားခဲ့ရပြီး သူကိုယ်တိုင်မှာလည်း တစ်ခဏခန့်သာ တောင့်ခံနိုင်ခဲ့၏။ သူသည် ဂုတ်အဆွဲခံလိုက်ရပြီး သူ၏ဦးခေါင်းမှာလည်း တောင်တစ်လုံးကို ဖျက်စီးရန် လက်နက်တစ်ခုအဖြစ် အသုံးချခံခဲ့ရ၏။

လှမ်းကြည့်လိုက်မည်ဆိုပါက ပေတစ်ရာအရွယ်ရှိ ဖုန်မှုန့်များ မျောလွင့်နေကာ ကျယ်လောင်သော အသံတစ်သံ ပဲ့တင်ထပ် ပျံ့လွင့်လာခဲ့ပြီး မြေပြင်ပေါ်ရှိ သဲများ တုန်ခါသွားခဲ့သည်။ ပိုင်ပိုင်ဟီမှာ ထပ်မံ၍ သတိလစ်သွားခဲ့ပြီ ဖြစ်သည်။

လေဝိညာဥ်သားရဲကမူ ကြောက်ရွံ့များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် တိုးညှင်းစွာ ဟိန်းဟောက်လိုက်သည်။

သို့ရာ၌ ဤတစ်ကြိမ်တွင် တစ်ချို့သော အရာများက လုချန်ရှန်း၏ မျှော်မှန်းချက်များထပ် ကျော်လွန်နေခဲ့သည်။ အစတွင် သူသည် လေဝိညာဥ်သားရဲက ထွက်ပြေးသွားလိမ့်မည်ဟုသာ ထင်နေခဲ့သည်။ သို့သော် ၎င်းက တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ အရှေ့သို့ ပြေးတက်လာခဲ့ကာ လုချန်ရှန်းက ပြစ်မှုကျူးလွန်နေသည်ကို မြင်တွေ့သွားခဲ့သည်။

၎င်း၏ သွေးမျိုးဆက်က အတော်ပင် ထူးခြားလှကာ မွေးရာပါ ဝိညာဥ် အသိစိတ်ကို ပိုင်ဆိုင်ထားခဲ့သည်။ ၎င်းက လုချန်ရှန်းဖြစ်သည်ကို မြင်လိုက်ရသောအခါတွင် ၎င်း၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ယခင်က ၎င်းသည် အခြေအနေကို အခွင့်ကောင်းယူကာ ဧရာမမြွေကို နင်းခြေသတ်ဖြတ်၍ လင်ဇီးကို ယူဆောင်သွားပြီး မထီမဲ့မြင်ပြုနေသော အကြည့်မျိုးဖြင့် လုချန်ရှန်းကိုပင် လှောင်ပြောင်ခဲ့၏။

သို့သော် ၎င်းသည် သူ့ကို ချုံခိုတိုက်ခိုက်သည့်လူက လုချန်ရှန်းဖြစ်နေလိမ့်မည်ဟု မည်သို့မျှ မမျှော်လင့်ထားခဲ့ပေ။

“ ဝေါင်းးးးးးးးး “

လေဝိညာဥ်သားရဲသည် ကျယ်လောင်စွာ ဟိန်းဟောက်၍ ပိုင်ပိုင်ဟီကို နှိုးရန် ကြိုးပမ်းနေတော့သည်။

လုချန်ရှန်းသည် ၎င်းကို ငေးကြည့်နေရင်းဖြင့် အကြည့်ချင်းဆုံသွားခဲ့ကာ စကားလှမ်းပြောနေတော့သည် “ အို့ မင်းက ငါ့ကိုတွေ့သွားပြီပေါ့ “

ချက်ချင်းဆိုသလိုပင် လေဝိညာဥ်သားရဲ၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားတော့သည်။

“ မင်းက သိသွားပြီဆိုမှတော့ မင်းကို လွှတ်ပေးလို့ မရတော့ဘူးပေါ့ကွာ “

ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် လေဝိညာဥ်သားရဲက ချက်ချင်း လှည့်ပြေးသွားခဲ့သည်။ သို့သော် ကောင်းကင်နှင့် နေလုံးကို အုပ်မိုးထားသည့် လက်တစ်ဖက်ကို မြင်တွေ့သွားခဲ့သည်။ ၎င်း၏ လက်ချောင်းများက အဆိုပါ သားရဲကို လက်သီးဆုပ်အတွင်းတွင် ချုပ်နှောင်ထားခဲ့သည်။

၎င်းက မည်မျှပင် ဟိန်းဟောက်နေခဲ့ပါစေ အရာအားလုံး အချည်းနှီးဖြစ်သွားခဲ့သည်။ ရက်စက်ကြမ်းကြုတ်သော အဆိုပါ သံလက်ကြီးက ၎င်းကို မည်သို့မျှ ရုန်းကန်ခွင့်မပြုခဲ့ချေ။ ထိုအချိန်မှသာလျှင် လေဝိညာဥ်သားရဲမှာ ထိုလူက မည်မျှကြောက်မက်ဖွယ်ကောင်းလဲဆိုသည်ကို နားလည်သွားခဲ့သည်။

လုချန်ရှန်းသည် လေဝိညာဥ်သားရဲကို အပေါ်အောက် စုံချည်ဆန်ချည် ကြည့်ရှုစစ်ဆေးကာ ပြုံးစိစိ ဖြစ်သွားခဲ့သည်။

“ ငါကြားတာတော့ လေဝိညာဥ်သားရဲဆီမှာ ချီလင်သွေးမျိုးဆက် နည်းနည်းပါတယ်လို့ ကြားခဲ့ရတယ်။ ကြည့်ရတာတော့ ဒီကောင်က တော်တော်လေးကို အရသာရှိမဲ့ပုံပဲ ”

ထိုစကားကို ကြားလိုက်ရသောအခါတွင် လေဝိညာဥ်သားရဲ၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားပြီး ၎င်း၏ မျက်ဝန်းများအတွင်းတွင် အကြောက်တရား တစ်ခုသာလျှင် ကျန်နေခဲ့၏။

ထို့နောက်တွင် လုချန်ရှန်းက ၎င်းကို ယူကာ ထွက်သွားတော့သည်။

အစတွင် သူသည် လေဝိညာဥ်သားရဲ၏ ရတနာရှာဖွေခြင်း စွမ်းရည်ကို အတော်ပင် တန်ဖိုးထားခဲ့ကာ ၎င်းက ပိုင်ပိုင်ဟီကို ရတနာများ ရှာဖွေပေးသကဲ့သို့ သူ့ကိုပါ ရှာဖွေပေးလိမ့်မည်ဟု ထင်နေခဲ့ဖူးသည်။

သို့ရာတွင် သူသည် ထိုအကောင်က သူ့အား သစ္စာဖောက်ဖောက်သွားမည်ကို စိုးရိမ်နေခဲ့သည်။ ၎င်းက အတော်ပင် ဟိတ်ဟန်ကြီးလွန်းလှကာ ပိုင်ပိုင်ဟီ၏ စီးတော်သားရဲဖြစ်ဖို့များသောကြောင့် အန္တရာယ်ကြီးလွန်းလှသည်။ ထို့ကြောင့် ၎င်းကို ချက်ပြုတ်ကာ ကိုယ့်ကိုကိုယ် အားဖြည့်ပေးလိုက်ခြင်းကသာလျှင် ပိုကောင်းပေသည်။

ပိုင်ပိုင်ဟီအတွက်မူ ယခုလက်ရှိအချိန်တွင် ဤအတိုင်းလွှတ်ပေးထားမည်ဖြစ်သည်။ အကယ်၍ သူကသာ ထိုလူ့ကို သတ်လိုက်မည်ဆိုပါက ပြဿနာများပါ ကပ်ပါလာနိုင်ပေသည်။ ဤနေရာက ကောင်းကင်ဘုံ အကယ်ဒမီဖြစ်ပြီး အကယ်၍ သူ၏ချီသာ စွန်းထင်းသွားမည်ဆိုပါက ကောင်းကင်ဘုံ အကယ်ဒမီက တရားခံကို အလွယ်တကူ ရှာတွေ့သွားလိမ့်မည် ဖြစ်သည်။

သူသည် ကြင်နာတတ်သော လူတစ်ဦးဖြစ်နေသေးသည်။ အရာရာတိုင်းကို သတ်ဖြတ်ခြင်းဖြင့် ဖြေရှင်း၍ မရဘဲ ကိစ္စများကို ဖြေရှင်းရန်အတွက် တစ်ခြားသော နည်းလမ်းပေါင်းများစွာ ရှိနေသေးသည်။ ရန်ကြွေးက မည်မျှပင် ကြီးမားနေပါစေ ၎င်းက သူ၏ အခွင့်အလမ်း ရှာဖွေမှုကို ထိခိုက်စေနိုင်လိမ့်မည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ဘုံ အကယ်ဒမီကို အမြတ်ထုတ်ခြင်းမှာ လွယ်ကူသော ကိစ္စတစ်ရပ် မဟုတ်ပေ။

နောင်အနာဂတ်တွင် ထိုလူ့ကို သတ်ဖြတ်ရန်အတွက် အခွင့်အလမ်းအမြောက်အများ ရရှိလာပေလိမ့်မည်။ ထို့ကြောင့် အလျင်စလို လုပ်ဆောင်ရန် မလိုအပ်ပေ။ ထို့အပြင် သူက ထိုအကောင့်ကို အခွင့်အလမ်းများ ရှာဖွေရန်အတွက် လွှတ်ပေးလိုက်နိုင်သည်။ လူနှစ်ဦး ရှာဖွေခြင်း တစ်ကိုယ်တော် ရှာဖွေခြင်းထပ် အမြဲလိုလို ပိုမိုမြန်ဆန်လေ့ရှိ၏။

ထိုကိစ္စကို ပိုတွေးလေလေ ၎င်းက ကြောင်းကျိုးသင့်သည်ဟု ပိုမိုခံစားလာရလေလေ ဖြစ်နေခဲ့သည်။ ထို့နောက်တွင် ကြည်လင်သောရေများနှင့် လှပသော တောင်တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ပြီး အဆိုပါ လေဝိညာဥ်သားရဲကို သတ်ဖြတ်လိုက်ကာ အရာအားလုံး ကိုင်တွယ်ပြီးသည့်နောက်တွင် ဒယ်အိုးကြီးတစ်လုံးကို စီစဥ်ပြင်ဆင်နေတော့သည်။

ဒယ်အိုးအတွင်းရှိ ရေများ ဆူပွက်လာကာ သင်းပျံ့သော မွှေးရနံ့တစ်ခုကို ထုတ်လွှတ်လာခဲ့၏။ အသားများမှာ နူးအိသွားသည်အထိ ချက်ပြုတ်ခံလိုက်ရသည်။

တစ်ချိန်တည်းမှာပင် ပုံရိပ်တစ်ခု ပေါ်လာခဲ့ကာ တောင်ထိပ်ပေါ်သို့ ဆင်းသက်လာခဲ့သည်။

“ ရှောင်ဟေး မင်းက အချိန်ရွေးတဲ့ နေရာမှာ တကယ်တော်တာပဲဟ “

လုချန်ရှန်းသည် သူ့အရှေ့တွင် ရှိနေသည့် လူကို ကြည့်ကာ စကားပြောလိုက်သည်။

သို့ရာတွင် ရှောင်ဟေးက အံ့ဩမှင်သက်သွားကာ တုံ့ပြန်လာခဲ့သည် “ သူများတွေက အခွင့်အလမ်းတွေကို ရှာနေပြီးတော့ အမွေအနှစ်ကို အပိုင်သိမ်းဖို့အတွက် ကြိုးစားနေကြတာလေ။ မင်းကျတော့ အသားဟင်းကိုတောင် အေးအေးဆေးဆေး ချက်နေသေးတယ်ပေါ့ “

“ ဘယ်သူကမှ အမွေအနှစ်ကို မရသေးဘူးလား “ လုချန်ရှန်းက မေးခွန်းပြန်ထုတ်လိုက်သည်။

ရှောင်ဟေးသည် ဂရုတစိုက် တွေးတောစဥ်းစားနေခဲ့ပြီးမှ ခေါင်းခါ၍ ပြန်ပြောလာခဲ့သည် “ တစ်ယောက်ယောက်က အမွေအနှစ်ကို ရသွားတယ်လို့ မကြားမိဘူး “

“ အဲ့တာဆိုရင်အဆင်ပြေပြီလေ “

“ ဒါပင်မဲ့ အဲ့တာက နတ်အမွေအနှစ်လေ။ မင်းက လုံးဝစိတ်မဝင်စားဘူးလား။ တစ်ယောက်ယောက်က မင်းကို ရိုက်သတ်လိုက်မှာကို မကြောက်ဘူးလားဟ “

လုချန်ရှန်းကမူ အလွန်တရာ အေးဆေးတည်ငြိမ်နေလျက်ရှိပြီး ဒယ်အိုးအတွင်းမှ အသားပိုင်းတစ်ခု ထုတ်ယူလိုက်ကာ ပြန်ပြောလိုက်သည် “ စိတ်မပူစမ်းပါနဲ့။ သူတို့က ရမှာမဟုတ်ဘူး “

ရှောင်ဟေးက ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ သို့သော် ဤကောင်ကို သူနားလည်ထားသလောက်အရဆိုပါက သူက ထိုကဲ့သို့ ပြောလာပြီဆိုပါက အံ့ဖွယ်ကောင်းသော ကိစ္စတစ်ခုခုကို သိနေဖို့သာများသည်။

“ မင်းက သတင်းလေးဘာလေး ရထားတာလား “

“ မဟုတ်ဘူး “ လုချန်ရှန်းက စားနေရင်းဖြင့် ပြန်ပြောလိုက်သည်။

“ အဲ့တာဆိုရင် မင်း ……… “

လုချန်ရှန်းသည် လက်ဆန့်တန်း၍ အသားပိုင်းတစ်ခု နှိုက်ထုတ်ကာ ရှောင်ဟေးကို ကမ်းပေးလိုက်၏ “ စကားပြောမနေနဲ့တော့။ အရင်စားလိုက်။ ဒီကောင်က တော်တော်လေးကို ရှားတယ်။ အမွေအနှစ်ကိစ္စကတော့ မေ့ထားလိုက်။ တကယ်လို့ မင်းလိုချင်တယ်ဆိုရင် တစ်ခုသာ ရွေးလိုက် ငါပေးမယ် “

“ ??? “

ရှောင်ဟေးမှာ အံ့ဩတကြီးဖြစ်သွားခဲ့သည်။

အဲ့တာက ဘာစကားကြီးလဲဟ။ တကယ်လို့ ကြိုက်တယ်ဆိုရင် တစ်ခုရွေးလိုက်ဆိုတာက ဘာကိုဆိုလိုတာလဲ။ အဲ့တာက နတ်အမွေအနှစ်လေ။ အဲ့တာက သူ့အတွက် ပုတ်သိုးနေတဲ့ ဟင်းသီးဟင်းတွေ ဖြစ်နေတာလား။

လူနှစ်ဦးသည် သူတို့မြင်ခဲ့ကြားခဲ့ရသည့် ကိစ္စများ အကြောင်းကိုပါ ဆွေးနွေးပြောဆိုနေခဲ့ကြသည်။

တစ်ခဏအကြာ၌ အဝေးရှိ ကောင်းကင်ယံတွင် သက်တံ့တစ်စင်း ပေါ်ထွက်လာခဲ့ပြီး ၎င်းက ဤနေရာသို့ ချဥ်းကပ်လာခဲ့၏။

“ ပိုင်ပိုင်ဟီ “

ရှောင်ဟေးသည် ထိုလူ့ကို မြင်တွေ့လိုက်ရသောအခါတွင် မျက်မှောင်ကြုတ်သွားက ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။ တောင်ပိုင်းဒေသမှ အင်အားစုကြီးတစ်ခု၏ ဆက်ခံသူဖြစ်သည့်အလျောက် သူသည် ပိုင်မိသားစု၏ ပိုင်ပိုင်ဟီကို သိနေခဲ့ပြီး ထိုလူ့ကို တစ်ကြိမ်ထပ်ပိုတွေ့ခဲ့ဖူး၏။

ပိုင်ပိုင်ဟီကမူ ယခင်ကကဲ့သို့ပင် မာနတရားနှင့် လှောင်ပြောင်မှုတို့ဖြင့် ပြည့်နှက်နေသော အကြည့်များဖြင့် ဝေ့ကြည့်ကာ ပြန်ပြောလာခဲ့သည် “ ယဲ့မီထျန်း ကောလဟာလတွေက မှန်နေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “

“ ဘာကောလဟာလတွေလဲ “

“ မင်းက သူ့လိုလူတစ်ယောက်နဲ့ တကယ်ကြီးပေါင်းနေတာလေ။ ငါမင်းကို အထင်ကြီးခဲ့ဖူးတယ်။ မင်းကတော့ လမ်းပျက်ကြီးထဲ ခုန်ဆင်းသွားပြီးတော့ ရွှံ့တွေထဲမှာ နေတော့မဲ့ပုံပဲ “

ပိုင်ပိုင်ဟီက သူ၏ စကားလုံးများကို မည်သို့မျှ မဖုံးကွယ်ထားခဲ့ပေ။

သူက လုချန်ရှန်း၏ စွမ်းရည်ကို အသိအမှတ်ပြုထားခဲ့သည်။ သို့သော် သူသည် ကူချန်ကျွင်းကို အားကိုးကာ တစ်ခြားလူများကို လျစ်လျူရှု၍ မောက်မာတတ်သူများကို အထင်သေးနေခြင်း ဖြစ်သည်။

ပို၍အရေးကြီးသော အရာမှာ သူက လုချန်ရှန်းထပ် ပိုမိုအစွမ်းထက်သည်ဟု ခံစားနေရခြင်းပင် ဖြစ်သည်။ ၎င်းက သူ၏ ကိုယ့်ကိုကိုယ် ယုံကြည်မှုဖြစ်ကာ သူသည် တစ်ခြားလူများကို အမြဲလိုလို အထင်သေးလေ့ရှိ၏။

ရှောင်ဟေး၏အမူအရာ မည်းမှောင်သွားခဲ့သည်။ သူသည် ပြန်လည်ချေပကာ သင်ခန်းစာတစ်ခုပင် ပေးချင်သွားခဲ့သည်။ သို့သော် သူသည် အစမှအဆုံးအထိ လုချန်ရှန်းထံမှ မည်သည့်တုံ့ပြန်မှုမှ မရှိဘဲ ထိုအကောင်က အေးအေးဆေးဆး စားသောက်နေသည်ဆိုသည်ကို သတိပြုမိသွား၏။

၎င်းက မည်သို့မျှ မမှန်ကန်လှပေ လုချန်ရှန်းဆိုသည်မှာ သူ၏ ဒေါသကို သည်းခံမျိုသိပ်လိုက်မည့် လူတစ်ဦး မဟုတ်ပေ။ အကယ်၍ သူကသာ ထိုကဲ့သို့ဖြစ်နေမည်ဆိုပါက အကြောင်းအရင်းတစ်ခု သေချာပေါက် ရှိနေလိမ့်မည် ဖြစ်သည်။

“ ဟက် “

၎င်းကို မြင်လိုက်ရသောအခါတွင် ပိုင်ပိုင်ဟီက ထပ်မံ၍ အထင်တသေး ဖြစ်သွားခဲ့ပြန်သည်။ သူသည် လုချန်ရှန်းကို ငေးကြည့်လိုက်ပြီး ထို့နောက်တွင် ဒယ်အိုးကို ကြည့်ကာ ၎င်းက ရယ်စရာကောင်းသည်ဟု ထင်သွားခဲ့သည်။ သူသည် လုချန်ရှန်းက မည်ကဲ့သို့ အပျော်ရှာရမလဲဆိုသည်ကိုသာ သိကာ သူ့ထပ်နိမ့်ကျသည့် လူတစ်ဦးဟုသာ မှတ်ယူထားခဲ့သည်။ အဆုံးတွင် သူထွက်ခွာသွားခဲ့သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် ရှောင်ဟေးက မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလိုက်သည် “ မင်းနဲ့ ပိုင်ပိုင်ဟီက ရန်သူတွေ ဖြစ်သွားပြီလား “

“ ဟုတ်တယ်လေ “

“ မင်းတို့က ဘယ်လိုလုပ် ရန်သူတွေ ဖြစ်သွားကြတာလဲ “

“ သူ့ရဲ့ စီးတော်ယာဥ်က ငါ့ရဲ့ အဇူရာ လင်ဇီးကို ခိုးခဲ့တယ်လေ “

“ ပြီးတော့ရော “

“ အဲ့တာကို ချက်လိုက်တာပေါ့ “

လုချန်ရှန်းကမူ စိတ်ခံစားချက်မရှိသည့်အလား အေးအေးလူလူ တုံ့ပြန်လိုက်သည်။

သို့ရာတွင် ရှောင်ဟေးမှာ အံ့ဩမှင်သက်သွားခဲ့သည်။ သူသည် သူ့လက်ထဲတွင် ရှိနေသည့် အသားကို ငေးကြည့်နေမိတော့သည်။ ထို့နောက်၌ ဒယ်အိုးအတွင်းတွင် ကျန်ရှိနေသည့် အရာကို ကြည့်ကာ အသားတုံးကြီးတစ်ခုကို ယူ၍ စားသောက်နေတော့၏။ ၎င်းက ချီလင်သွေးမျိုးဆက်ကို တစ်စွန်းတစ်စ ပိုင်ဆိုင်ထားသည့် သားရဲဖြစ်ပြီး အလွန်တရာ ကောင်းမွန်သော အားဆေးတစ်ခွက်ဟုပါ သတ်မှတ်၍ရပေသည်။

၎င်းကို တွေးမိသွားသောအအချိန်တွင် သူသည် လုချန်ရှန်းက မည်သည့်အတွက်ကြောင့် သည်းခံနေခဲ့ရလဲဆိုသည်ကို နားလည်သွားခဲ့သည်။

၎င်းသာလျှင်မဟုတ်ပေ။ သူသည် ပိုင်ပိုင်ဟီက ကပ်ဘေးတစ်ခုကို ရင်ဆိုင်ခဲ့ရသည်ဟု သိပ်မကြာခင် အချိန်ကမှ ကြားသိခဲ့ရသည်။ သူသည် ၎င်းကို အကြမ်းဖျင်း မှန်းဆမိနေခဲ့ပြီး ယခု လုချန်ရှန်း၏ ပုံမှန်မဟုတ်သော အပြုအမူနှင့်အတူ ချိန်ကြည့်လိုက်သော် ထိုကိစ္စကို ပြုလုပ်ခဲ့သည့် လူက လုချန်ရှန်းဖြစ်ကြောင်းကို သေချာသွားခဲ့သည်။

သူသည် တစ်ခဏကြာသည်အထိ အော်ရယ်မိနေတော့သည်။ ဒီကောင်က ဉာဏ်နီဉာဏ်နက်များလွန်းတယ်ကွ။ ပိုင်ပိုင်ဟီက သူ့ကို စော်ကားခဲ့သည့် အချိန်တွင် လုချန်ရှန်းမှာ ထိုကောင့်အား အရူးတစ်ယောက်ကို မြင်တွေ့နေရသည့်အလား စောင့်ကြည့်နေလိမ့်မည် ဖြစ်သည်။ သူဒေါသမထွက်သွားသည်မှာ အံ့ဩဖွယ်ရာ မဟုတ်တော့ပေ။

--

……………………………………………………………………………………………………………………………………

All Chapters