အခန်း ၂၆၂
Vol. 18 Ch. 262
အပိုင်း ( 262 )
လူရွှင်တော်က ငါပဲ
ရှောင်ဟေးသည် နားမလည်နိုင် ဖြစ်နေသော အမူအရာမျိုးဖြင့် လုချန်ရှန်းကို ငေးကြည့်နေလျက်ရှိ၏။
ဝိညာဥ်ဝါးမျို အင်းစက်များထံတွင် အင်းစက်ဘုရင် မရှိသော်လည်း မွေးရာပါ ဝိညာဥ် အဆင့်၉ အင်းစက်တစ်ကောင်က ၎င်းတို့ကို ဦးဆောင်နေခဲ့၏။ ၎င်းတို့က အရာအားလုံးကို ဝါးမျိုနိုင်ပြီး ၎င်းတို့ကို ရပ်တန့်နိုင်သည့်အရာမှာ အလွန်တရာ ရှားပါးလှသည်။
အဆိုပါ သတင်းက သတင်းကောင်းတစ်ခု မဟုတ်ပေ။
လုချန်ရှန်းက စကားဆက်ပြောနေတော့၏ “ မကြောက်စမ်းပါနဲ့။ အဲ့တာက ပြဿနာကြီးတစ်ခုလို့ ငါမထင်ဘူး။ ကြည့်လိုက် ဟိုဘက်မှာ နည်းနည်းလေးပဲ ရှိတယ်။ ငါက ပြေးပေါက်တစ်ခု ဖွင့်လို့ရတယ် “
“ ဟုတ်ရဲ့လားဟ “
ရှောင်ဟေးက မေးခွန်းပြန်ထုတ်နေတော့၏။
“ ကြိုးစားကြည့်မယ် “ ဟု လုချန်ရှန်းက ပြန်ပြောလိုက်သည်။ သို့သော် သူသည် မနေနိုင်တော့ဘဲ စကားထပ်ဖြည့်ပြောလိုက်သည် “ ဘာလို့လဲတော့ မသိဘူး ဒါပင်မဲ့ သူတို့က ငါနဲ့ ရန်ငြိုးတွေ ရှိနေသလိုမျိုး တော်တော်လေးကို ရက်စက်ကြမ်းကြုတ်နေတယ်လို့ ငါခံစားနေခဲ့ရတယ် “
မင်းတို့က ငါနဲ့ စကားတောင် မပြောဖူးပဲနဲ့ ဘယ်လိုလုပ် နက်ရှိုင်းတဲ့ ရန်ငြိုးမျိုးရှိသွားရတာလဲဟဟ။
ချက်ချင်းဆိုသလိုပင် လူနှစ်ဦးက ဟင်းလင်းပြင်အတွင်းသို့ ခုန်တက်ကာ အရှေ့သို့ ငေးကြည့်နေကြတော့သည်။ ဓားချီများ ချက်ချင်းပေါက်ထွက်လာခဲ့ပြီး ဟင်းလင်းပြင်ကို ဖုံးလွှမ်းနေသည့် ရေစီးကြောင်းတစ်ခုသဖွယ် ပြောင်းလဲသွားခဲ့သည်။
ဘုမ်းးး
ကျယ်လောင်သော အသံတစ်သံ ပဲ့တင်ထပ်ပျံ့လွင့်လာခဲ့ပြီး ဓားချီများ အဆက်မပြတ် ပေါက်ကွဲသွားကာ အင်းစက်များ ဆက်တိုက် ပြုတ်ကျနေတော့၏။
နှစ်ဖက်စလုံး ဆက်လက်၍ ထိပ်တိုက်တွေ့နေခဲ့ပြီး အင်းစက်နှစ်အုပ်က ပိုမိုနီးကပ်လာခဲ့၏။
အနက်ရောင် ကျောက်စိမ်းပျားများက မာကြောသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ ရောက်ရှိနေသည့် အင်းစက်များကမူ ဘုရင်အဆင့် မှော်ပစ္စည်းများကိုပင် ခုခံနေနိုင်ပြီဖြစ်ကာ မွေးရာပါ ဝိညာဥ်အဆင့်၉ အင်းစက်များကမူ ၎င်းတို့ထပ် ပိုမိုကြောက်မက်ဖွယ်ကောင်းပေသည်။
ဝိညာဥ်ဝါးမျို အင်းစက်များကမူ ဝိညာဥ်အမျိုးမျိုးနှင့် မှော်စွမ်းအား စိတ်စွမ်းအား တောင်တန်းနှင့် ကမ္ဘာမြေ စသည်ဖြင့် ……. အရာအားလုံးကို ဝါးမျိုနိုင်ပေသည်။ လုချန်ရှန်းသည် မွေးရာပါ ဝိညာဥ်အဆင့်၉ ဝိညာဥ်ဝါးမျို အင်းစက်တစ်ကောင်က သူ၏ဓားချီကိုပင် ကိုက်ဝါးနေသည်ကို သတိပြုမိသွားခဲ့သည်။
၎င်းတို့အနက် သူသည် မွေးရာပါ ဝိညာဥ်အဆင့်၉ အင်းစက်များကို ရှာတွေ့ခဲ့ပြီး ဘုရင်အဆင့်နှင့် ခြေတစ်လှမ်းမျှသာ လိုတော့သည့် အင်းစက်ကမူ တစ်ကောင်ကသာလျှင် ရှိနေခဲ့သည်။ ၎င်းတို့အားလုံး အလွန်တရာ ကြမ်းတမ်းလှ၏။
ထိုစဥ် လုချန်ရှန်း၏ လက်အတွင်းတွင် ဓားရှည်တစ်လက်ပေါ်ထွက်လာခဲ့၏။ မည်သည့်နေရာကိုမဆို ထိသွားခဲ့ပါစေ ဓားချီများက ထိုနေရာကို ဖုံးလွှမ်းသွားကာ သူ၏ပတ်ဝန်းကျင်ကို ကာကွယ်ပေးနေခဲ့သည့် ဓားမျက်နှာပြင်တစ်ခုကို ဖွဲ့စည်းလိုက်သည်။
“ သွား “
လုချန်ရှန်း၏ ပတ်ပတ်လည်တွင် ဓားချီများ အဆက်မပြတ် ပေါ်ထွက်လာနေခဲ့သည်။
သူသည် ဝိညာဥ်ဝါးမျိုငှက်များက ဓားချီကို ဝါးမျိုနေလျက်ရှိကာ သိသာထင်ရှားသော အမြန်နှုန်းဖြင့် ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေခဲ့၏။ ဖွဲ့စည်းထားသည့် ဓားဆန္ဒကပင် ဆုတ်ဖြဲခံလိုက်ရ၏။
၎င်းတို့အားလုံးက အမြင်အာရုံအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး သူ၏မျက်ဝန်းများအတွင်းတွင် အကြောက်တရားများ ဖြစ်တည်လာခဲ့၏။ သူသည် ထိုမျှ ကရိကထများသည့် ပြိုင်ဘက်ကို တစ်ကြိမ်တစ်ခါမှ မကြုံတွေ့ခဲ့ဖူးချေ။
အကယ်၍ ၎င်းက ဓားချီမျှသာဆိုပါက အဆင်ပြေနေမည် ဖြစ်သည်။ သူ၏ဓားဆန္ဒက ဓားဆန္ဒဖြစ်တည်ခြင်း အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သော်လည်း ဝိညာဥ်ဝါးမျို အင်းစက်များက ၎င်းကို ကိုက်ဖြတ်နေနိုင်သေး၏။ သို့ရာတွင် အပြည့်အဝ အောင်မြင်ရန်အတွက် အချိန်အတိုင်းအတာ တစ်ခုအထိ ယူလိုက်ရမည် ဖြစ်သည်။
သို့ရာတွင် ၎င်းမှာ သူက အင်းစက်များ၏ ပိတ်ဆို့မှုကို ထိုးဖောက်နိုင်ရန် အထောက်အပံ့ ဖြစ်စေခဲ့၏။
ထိုအခိုက်အတန့်တွင် ဓားချီများ မြင့်တက်လာကာ အလင်းတန်းများ လိမ်ယှက်သွားပြီး ဘက်ပေါင်းစုံသို့ တိုက်ခိုက်နေတော့၏။ အနက်ရောင် ကျောက်စိမ်းပျားနှင့် ဝိညာဥ်ဝါးမျို အင်းစက်အုပ်နှစ်ခုစလုံး သုတ်သင်ခံလိုက်ရသည်။
သို့ရာ၌ ဓားချီကို ထုတ်လွှတ်လိုက်သည့် အချိန်တွင် အင်းစက်အုပ်က ကိုက်ဖြတ်နေကြပြီဖြစ်ပြီး အင်းစက်အများအပြား ခုတ်ပိုင်းခံလိုက်ရသော်လည်း ၎င်းတို့ကို အလွန်တရာ များပြားသိပ်သည်းကာ အဆုံးမရှိသည့်အလား ဖြစ်နေခဲ့၏။
၎င်းတို့က အသက်စွန့်တိုက်ခိုက်မှုများကို ပြုလုပ်ကာ အလွန်တရာ ရက်စက်ကြမ်းတမ်းနေလျက်ရှိ၏။
လုချန်ရှန်းကမူ သူ၏ သတ်ဖြတ်မှုစွမ်းအားကို အဆက်မပြတ် ထုတ်လွှတ်ကာ အဝေးသို့ ရွေ့လျားသွားခဲ့သည်။ အင်းစက်များ အလွန်တရာ များပြားနေခဲ့၏။
မွေးရာပါ ဝိညာဥ်အဆင့်၉ အနက်ရောင် ကျောက်စိမ်းပျားသည် သူ၏တိုက်ခိုက်မှုများကို ခုခံတားဆီးနိုင်ကြသည်။ မွေးရာပါ ဝိညာဥ်အဆင့်၉ ဝိညာဥ်ဝါးမျို အင်းစက်များကမူ အရာအားလုံးကို ကိုက်တ်ဖြတ်ကာ သူ့အနားသို့ အဆက်မပြတ် ချဥ်းကပ်လာခဲ့သည်။
ထိုစဥ် လုချန်ရှန်းမှာ တစ်စုံတစ်ခုကို အာရုံခံမိသွားခဲ့သည်။ ဝိညာဥ်ဝါးမျို အင်းစက်တစ်ကောင်က သူ၏ ကာကွယ်မှုတွင် အပေါက်တစ်ပေါက်ဖြစ်အောင် ကိုက်ဖြတ်လိုက်ကာ သူ၏လည်ပင်းဆီသို့ ခုန်တက်လာခဲ့သည်။
တစ်ကြိမ်မျှ ကပ်တွယ်သွားသည်နှင့်တစ်ပြိုင်နက် အကယ်၍ အချိန်မှီ မရှင်းလင်းနိုင်ခဲ့ဘူးဆိုပါက နောက်ဆက်တွဲအကျိုးဆက်များက မှန်းဆ၍ မရလောက်သည်အထိ ဖြစ်သွားပေလိမ့်မည်။
ခွမ်းးးး
လုချန်ရှန်းသည် နောက်လှည့်ကြည့်ကာ သူ၏ ဓားဖြင့်ခုတ်ပိုင်းလိုက်သည်။ သတ္တု ဖျက်စီးခံလိုက်ရသည့် အသံတစ်သံ ပေါ်ထွက်လာခဲ့ကာ အင်းစက်မှာ သုတ်သင်ခံလိုက်ရ၏။
ထို့နောက်၌ ချက်ချင်းဆိုသလိုပင် ပိုမိုများပြားသော ဓားချီများ လိမ်ယှက်ဖွဲ့တည်လာကာ သူ၏ပတ်ပတ်လည်ကို ကာကွယ်ပေးနေတော့၏။
“ မင်းတို့က ငါ့ကို တွန်းအားပေးနေတာလား “
လုချန်ရှန်းသည် စကားပြောနေရင်းဖြင့် ကန်းယွင်ကားချပ်ကို ထုတ်လွှတ်လိုက်သည်။ အင်းစက်များက အလွန်တရာ များပြားလွန်းနေခဲ့သည်။ ကန်းယွင်ကားချပ်ကို ထုတ်လွှတ်လိုက်သည့် အချိန်တွင် ပတ်ဝန်းကျင်ရှိ ဓားချီအားလုံး ပြိုကွဲသွားခဲ့သည်။
ကန်းယွင်ကားချပ်အတွင်းသို့ ဝင်ရောက်ခြင်းက ချက်ချင်းလုပ်ဆောင်နိုင်သော အရာမဟုတ်ဘဲ ဖြစ်စဥ်တစ်ခုကို လိုအပ်ပေသည်။
သို့သော် အလွန်တရာ များပြားလွန်းလှသော အင်းစက်များကြောင့် ရှောင်ဟေးက သိပ်မကြာခင် အချိန်မှာပင် အင်းစက်အုပ်အောက်တွင် နစ်မြုပ်သွားလိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင် မည်သူကမှ သူ့ကို ကယ်ဆယ်နိုင်တော့မည် မဟုတ်ပေ။ အင်းစက်ဘုရင်သာ မရှိဘူးဆိုပါက မည်သည့်အရာကိုမှ သူမကြောက်ပေ။ သူက ရှောင်ဟေးကိုသာ စိုးရိမ်ပူပန်နေခြင်းဖြစ်သည်။
ထို့ကြောင့် သူသည် အရှေ့သို့ ဖောက်ထွက်ရုံသာ ပြုလုပ်နိုင်တော့သည်။
“ ရှောင်ဟေး မကြောက်နဲ့။ အစ်ကိုကြီးက မင်းကို အပြင်ခေါ်သွားပေးမယ် “
လုချန်ရှန်းက စကားလှမ်းပြောလိုက်သည်။ ဤနေရာမှ ဖောက်ထွက်နိုင်သရွေ့ သူသည် မြေကျုံ့ခြင်း နည်းစနစ်ကို အသုံးပြုလိုက်ဖြစ်ပြီး အင်းစက်အုပ်ကြီးက သူတို့နောက်သို့ မလိုက်နိုင်တော့ဘဲ သူတို့နှစ်ဦးက ဤနေရာမှ ထွက်သွားနိုင်မည် ဖြစ်သည်။ မိုးကြိုးရေကန်အတွက်ကမူ နောက်မှ စဥ်းစားမည်ဖြစ်သည်။ အခွင့်အလမ်းဆိုသည်မှာ အသက်ရှိနေမှသာ အသုံးဝင်သော အရာတစ်ခုဖြစ်သည်။
ထိုကဲ့သို့ ပြောနေခဲ့သော်လည်း သူသည် ထူထဲသော အကာအကွယ်ဖြင့် အရှေ့သို့ ရွေ့လျားနေစဲဖြစ်သည်။ သူသည် အစွန်းတစ်ဖက်နှင့် နီးကပ်နေပြီဖြစ်ကာ ခြေတစ်လှမ်းမျှလှမ်းလိုက်ရုံဖြင့် ဤနေရာမှ လွတ်မြောက်သွားတော့မည် ဖြစ်သည်။
“ သွား “
စွမ်းအားများ မြင့်တက်လာခဲ့ကာ သူက ဤနေရာမှ ထွက်သွားနိုင်တော့မည် ဖြစ်သည်။ လုချန်ရှန်း၏ နှုတ်ခမ်းထောင့်များက အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။ သို့သော် ထို့နောက်စက္ကန့်ပိုင်းမျှ အကြာတွင် သူ၏အပြုံးမှာ အေးခဲတောင့်တင်းသွားခဲ့ရသည်။
သူသည် နောက်ဆုံးခြေတစ်လှမ်းကို လှမ်းရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် သူ၏ဘေးဘက်မှ သွေးနီရောင် အလင်းတန်းတစ်ခု ပေါက်ထွက်လာခဲ့ပြီး ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုစိတ်တစ်ခု ဖုံးလွှမ်းလာခဲ့ကာ သူ၏ ခံစစ်အားလုံးကို ဆုတ်ဖြဲလာခဲ့၏။
ဓားဆန္ဒ ပျက်စီးသွားကာ ဓားချီ ပြိုကွဲသွားပြီး သူ့ဆီသို့ အင်းစက်အများအပြား ပျံသန်းလာတော့သည်။
လုချန်ရှန်းသည် သူ့ဘေးနားတွင် ရှိနေသည့် ရှောင်ဟေးကို မယုံကြည်နိုင်ဖြစ်နေသော အမူအရာမျိုးဖြင့် စိုက်ကြည့်နေတော့သည်။ သွေးနီရောင် အလင်းတန်းက သူ့ဆီမှ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
အင်းစက်အုပ် ရောက်ရှိလာသည့် အချိန်တွင် သွေးနီရောင် အလင်းတန်းက မည်သို့မျှ မပျောက်ကွယ်သွားခဲ့ပေ။ ထို့အစား ၎င်းက ရှောင်ဟေးကို ဖုံးလွှမ်းသွားကာ အဝေးသို့ ဆုတ်ခွာသွားခဲ့သည်။
ဝိညာဥ်ဝါးမျို အင်းစက်များကပင် ၎င်းကို မည်သို့မျှ မလှုပ်ခါနိုင်ခဲ့ပေ။ ၎င်းတို့ ထိတွေ့သွားသည့် အချိန်တွင် အင်းစက်များ ချက်ချင်းသုတ်သင်ခံလိုက်ရပြီး ရှောင်ဟေးမှာလည်း ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
အရာအားလုံးက မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သည်။ လုချန်ရှန်းသည် တစ်ခဏခန့် ကြောင်အသွားခဲ့သည်။ သူသည် သွေးနီရောင်အလင်းတန်းက သူ၏ ခံစစ်များကို ရိုက်ချိုးကာ ရှောင်ဟေးကို အဝေးသို့ ခေါ်ဆောင်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူ၏ အကြည့်များ မှိန်ဖျော့သွားကာ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည်။
“ အဲ့တာက အသူရာ စွမ်းအားပဲ ……… “
ချက်ချင်းဆိုသလိုပင် လုချန်ရှန်း၏ စိတ်အတွင်းသို့ အတွေးပေါင်းမြောက်များစွာ ဝင်ရောက်လာခဲ့၏။
အရာအားလုံးက သူ၏မျှော်မှန်းချက်များထပ် ကျော်လွန်နေခဲ့သည်။ (သို့) အစကတည်း အခွင့်အလမ်းဟု ခေါ်ဆိုသည့် အရာထံတွင် ရည်ရွယ်ချက်တစ်ခု ရှိနေခြင်းပင် ဖြစ်နိုင်ပေသည်။
အသူရာ တောင်ထွတ် ရှောင်ဟေး အသူရာ လမ်းစဥ် မိုးကြိုးရေကန် အခွင့်အလမ်း ဝိညာဥ်ဝါးမျို အင်းစက်များ အသူရာ စွမ်းအား ……….
အရာအားလုံးက သူ၏စိတ်ထဲတွင် အစီစဥ်တကျ ဖြစ်တည်လာခဲ့သည်။ သူသည် ရှောင်ဟေးနှင့် တွေ့ဆုံခဲ့စဥ် အချိန်က ထိုအကောင် ပြောပြခဲ့သည့် စကားများကို မှတ်မိနေခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် သူခြေလှမ်းမှားသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ငါက ဘယ်နေရာမှားသွားတာလဲဟ။
သွေးနီရောင် အလင်းတန်းကမူ ရှောင်ဟေးကို အင်းစက်များ၏ ဝိုင်းဝန်းပိတ်ဆို့မှုမှ ခေါ်ဆောင်သွားကာ ဟင်းလင်းပြင်ကို ကျော်ဖြတ်၍ သူတို့လာရာလမ်းကြောင်းအတိုင်း ဖြတ်သန်းသွားပြီး ဤဟင်းလင်းပြင်အတွင်းမှ ထွက်ခွာကာ တောင်ကြားစမ်းချောင်းဆီသို့ ဦးတည်သွား၏။
အရာအားလုံးက တစ်ခဏလေးအတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်ပြီး အတွေးများကို ပြန်လည်စုစည်းရန် (သို့) ထပ်မံ၍ တွေးတောစဥ်းစားရန် အချိန်မရပေ။
တောင်ကြားစမ်းချောင်း အရှေ့ရှိ ဝင်ပေါက်ဝတွင် လျှပ်စီးကျီနှင့် ချီယန်တို့ မတ်တပ်ရပ်နေကြသည်။
ရှောင်ဟေးပေါ်ထွက်လာသည်ကို မြင်လိုက်ရသောအချိန်၌ သူတို့နှစ်ဦးစလုံး၏ မျက်နှာများပေါ်တွင် အပြုံးများဖြစ်တည်လာခဲ့၏။
“ ယဲ့မီထျန်း မရှိဘူးဆိုရင် လုချန်ရှန်းက အဲ့နေရာဆီကို အလွယ်တကူ ရောက်သွားမှာ မဟုတ်ဘူး။ ဘယ်အစီအစဥ်မှ ဒီလောက်ကြီး ချောမွေ့နေခဲ့မှာ မဟုတ်ဘူး “ ချီယန်က အပြုံးဖြင့် ရှောင်ဟေးကို ငေးကြည့်နေတော့သည်။
လျှပ်စီးကျီကပါ စကားဝင်ပြောလာခဲ့၏ “ သူ့ကို ရှင်းထုတ်ဖို့က တကယ်ကို မလွယ်ဘူး။ တော်တော်လေးကို လှည့်ပတ်ကြိုးစားခဲ့ရတယ် “
ရှောင်ဟေးကမူ ထိုစကားလုံးများကို ကြားသွားကာ မျက်ဝန်းများ လှုပ်ခတ်သွားပြီး သူ့အရှေ့တွင် ရှိနေသည့် လူနှစ်ဦးကို ငေးကြည့်နေတော့သည်။
ထို့နောက်တွင် ချီယန်က စကားထပ်ပြောလာခဲ့၏ “ ယဲ့မီထျန်း ဒီတစ်ခါတော့ ငါမင်းကို တကယ်ဂုဏ်ပြုရမယ်။ မင်းက အသူရာတောင်ထွတ်ပေါ်ကို ခြေချနိုင်ခဲ့ပြီးတော့ အသူရာလမ်းစဥ်ကို ရလုနီးနီးပဲ “
ချီယန်၏ အသံက အတော်ပင် အေးဆေးတည်ငြိမ်နေခဲ့သည်။ သို့သော် ကလေးတစ်ဦးကပင် သူ၏လေသံအတွင်းတွင် မနာလိုအားကျ ဖြစ်နေသည့် အရိပ်အငွေ့များ တည်ရှိနေသည်ကို သိနိုင်ပေသည်။
အသူရာမ်းစဥ်က သာမန်မဟုတ်ပေ။ ၎င်း၏ သတ်ဖြတ်ခြင်း စွမ်းအားက ရှေးခေတ်ကတည်းက ပြိုင်ကင်းချင်မှကင်းလိမ့်မည်ဖြစ်သော်လည်း တိုက်ခိုက်ရေး စွမ်းအားရှုထောင့်တွင် ၎င်းက မိုးကြိုးတာအိုနှင့် ဓားတာအိုတို့ကို ယှဥ်နိုင်သည့် တည်ရှိမှုတစ်ခုဖြစ်သည်။
အဆိုပါ တာအိုကို ကျင့်ကြံနိုင်သူများသည် အလောင်းတောင်များနှင့် သွေးပင်လယ်တို့ကို ကျော်ဖြတ်ခဲ့ကြသည့် လူများသာဖြစ်သည်။ သူတို့က မရေမတွက်နိုင်လောက်အောင် များပြားလွန်းလှသော ဝိညာဥ်များကို ရှင်းလင်းကာ လတ်ဆတ်သော သွေးတို့ဖြင့် အဆိုပါ လမ်းစဥ်ကို ပုံဖော်ထုဆစ်ခဲ့ကြခြင်းဖြစ်ပြီး အေးစက်စက် အရှိန်အဝါများက သူတို့၏ အရိုးများအတွင်းသို့ စိမ့်ဝင်နေခဲ့ပြီဖြစ်သည်။
--
………………………………………………………………………………………………………………………………………