အခန်း ၂၆၈
Vol. 18 Ch. 268
အပိုင်း ( 268 )
ကိစ္စကြီးတစ်ခု ဖြစ်သွားပြီ
ထိုနေ့ရက်တွင် ကောင်းကင်ဘုံ အကယ်ဒမီတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သည်။
လူတိုင်း ကြောင်အသွားကာ မယုံကြည်နိုင် ဖြစ်သွားကြသည်။
ကောင်းကင်ဘုံ အကယ်ဒမီ၏ ဂိတ်တံခါးဝ အရှေ့တွင် အသူရာတောင်ထွတ်သခင်၏ ဝိညာဥ်ခန္ဓာတစ်ခု အသတ်ခံလိုက်ရခြင်းက ဒေသလေးခုစလုံးကို တုန်လှုပ်သွားစေခဲ့၏။
ထိုကိစ္စမျိုး ဖြစ်လာလိမ့်မည်ဟု မည်သူကမှ မမျှော်လင့်ထားခဲ့ပေ။
“ အဲ့အရူးက ဘယ်ဂျောင်ကနေ ထွက်လာတာလဲ။ ဘယ်လိုလုပ် အဲ့လောက်တောင် အတင့်ရဲနေရတာလဲ “
“ အဲ့တာက အရူးလား။ အကြမ်းဖက်သမား လူမိုက်လေ။ ကောင်းကင်ဘုံ အကယ်ဒမီကို တိုက်ခိုက်ပြီးတော့ အသူရာတောင်ထွတ်သခင်ရဲ့ ဝိညာဥ်ခန္ဓာကို ဖျက်စီးတဲ့ ဖြစ်ရပ်မျိုးက အရင်တုန်းက တစ်ခါမှ မဖြစ်လာခဲ့ဖူးဘူး “
“ သူ့ရဲ့ မောက်မာမှုက အရင်တုန်းက လုချန်ရှန်းထပ်တောင် ပိုဆိုးနေတယ် “
“ … “
အင်အားစု ဆွေးနွေးပြောဆိုနေလျက်ရှိပြီး ထိုကဲ့သို့သော သတ္တိနှင့် ခွန်းအားမျိုးကို ပိုင်ဆိုင်ထားသည့် လူက မည်သူလဲဆိုသည်ကို အဖြေရှာနေကြတော့သည်။
သူတို့သည် ကူချန်ကျွင်းအား ၎င်းတို့ နှစ်မျိုးစလုံးကို ပိုင်ဆိုင်ထားသည့် သံသယရှိသူအဖြစ် မှတ်ယူထားကြသည်။ သို့သော် ထိုလူ့အကြောင်း တွေးမိသွားသည့် အချိန်တွင် သူတို့အားလုံး ခေါင်းတခါခါ ဖြစ်သွားကြသည်။ အကယ်၍ ကူချန်ကျွင်းကသာ တစ်ခုခု လုပ်ချင်သည်ဆိုပါက ထိုလူက ရှေ့တံခါးမှ ရောက်လာလိမ့်မည် ဖြစ်သည်။
“ ကူချန်ကျွင်းအပြင် ဘယ်သူ့ဆီမှာ အဲ့လိုခွန်အားနဲ့ သတ္တိမျိုး ရှိလဲ “
လူတိုင်း ခေါင်းတခါခါ ဖြစ်သွားကြသည်။
ထိုကိစ္စက အံ့ဖွယ်ကောင်းလွန်းနေခဲ့ပြီး ကောင်းကင်ဘုံ အကယ်ဒမီ ပြန်ဖွင့်ခြင်းထပ်ပင် ပိုမိုထူးခြားနေခဲ့သည်။
အသူရာတောင်ထွတ်ထံမှ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုစိတ်တစ်ခု ထောင်တက်လာခဲ့၏။ ကျင်းဝူရွှေ့မှာ ဒေါသတကြီး ဖြစ်နေလျက်ရှိ၏။
လုချန်ရှန်းကမူ ကူချန်ကျွင်းနောက်မှ ခပ်သုတ်သုတ် လိုက်သွားကာ နတ်ကောင်းကင်ဂိုဏ်းဆီသို့ ပြန်သွားခဲ့သည်။
ဂိုဏ်းအတွင်းရှိ ကူချန်ကျွင်း၏ ပိုင်နက်အတွင်းသို့ ပြန်ရောက်ခဲ့ပြီးသည့်နောက်မှသာလျှင် သူ၏မျက်နှာကို ချပြလိုက်သည်။
သူ၏စီနီယာအစ်ကိုနှစ်ဦးကမူ လုချန်ရှန်းကို ကြည့်ကာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေကြတော့သည်။
ကူချန်ကျွင်းက ထွက်မသွားခင် အချိန်ကတည်းက ညွှန်ကြားချက်များ ပေးခဲ့ပြီးပြီဖြစ်ပြီး အခြေအနေကို စုံစမ်းမေးမြန်း၍ အတည်ပြုရန်အတွက် ဤနေရာသို့ လူတစ်ချို့ ရောက်လာခဲ့ကြသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့က ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားခဲ့ကြသည်။
လူတိုင်းက လုချန်ရှန်း၏ အူကြောင်ကြောင်လုပ်ရပ်များကို အလိုလိုက်ပေးခဲ့ကြသည်ဟုပင် သတ်မှတ်နိုင်ပေသည်။
လုချန်ရှန်းက စကားစပြောလိုက်သည် “ ဆရာ စီနီယာအစ်ကိုတို့ ကျွန်တော်က ဒီရက်တွေမှာ ကိုယ့်ကိုကိုယ် ထုတ်ပြဖို့ မသင့်တော်ဘူး။ အဲ့တာကြောင့် ကျွန်တော်ရဲ့ အင်မော်တယ်ဂူထဲမှာပဲ ကျင့်ကြံနေတော့မယ် “
“ နောက်ဆုံးတော့ မင်းက အိမ်မှာ အေးအေးချမ်းချမ်း နေလို့ရပြီ “ ယဲ့တျန်ရီမှာ အသာအယာ သက်ပြင်းချနေတော့သည်။
အဆိုပါ ဂျူနီယာညီလေးက အစကတည်းက ပြဿနာရှာတတ်သူဖြစ်၏။ အစတွင် သူတို့သည် သူက ကျင့်ကြံရေးတွင် ပျင်းရိကာ ပျော်စရှာလေးများကိုသာ ရှာဖွေတတ်သည်ဟု ထင်နေခဲ့ပြီး သူ့အား စနစ်တကျ ကျင့်ကြံရန်အတွက် မည်ကဲ့သို့ လမ်းညွှန်ပေးရမလဲဆိုသည်ကို အတွေးများခဲ့ကြသည်။
သို့ရာတွင် သူက ကြောက်မက်ဖွယ်ကောင်းသည့် ပါရမီရှင်တစ်ဦး ဖြစ်နေသည်ကို သူတို့အားလုံးက နောက်ပိုင်းမှသာ သိရှိခဲ့ရ၏။ သို့သော် သူက အလွန်တရာ ပြဿနာရှာတတ်သောကြောင့် ဒေသလေးခုစလုံးက သူ၏အမည်ကို သိနေခဲ့ပြီ ဖြစ်သည်။
ကူချန်ကျွင်းက ခွင့်ပြုလိုက်သည်။
လုချန်ရှန်း ထွက်သွားသည့်နောက်တွင် ကူချန်ကျွင်းက အမွေအနှစ်များကို ထုတ်ယူလိုက်သည်။
“ အဲ့တာက နတ်အမွေအနှစ်ပဲ “ ယဲ့တျန်ရီမှာ အံ့ဩတုန်လှုပ်သွားခဲ့သည်။
“ မင်းတို့ရဲ့ ဂျူနီယာညီလေးက မင်းတို့အတွက် ကောင်းကင်ဘုံ အကယ်ဒမီကနေ ယူလာခဲ့တာ “
ကူချန်ကျွင်းက အေးအေးလူလူ ပြန်ပြောလိုက်သည်။
ကျိုးချင်ယုကပင် တည်ငြိမ်မနေနိုင်တော့ပေ။ သိပ်မကြာခင် အချိန်ကမှ လုချန်ရှန်းက သူ့အား နေသစ်သီးတစ်လုံး ပေးထားခဲ့ပြီး ယခုတွင်မူ နတ်အမွေအနှစ်တစ်ခုကိုပင် ပေးလာခဲ့သည်။ ၎င်းတို့တစ်ခုချင်းစီတိုင်းက ကြောက်ခမမ်းလိလိ တန်ဖိုးကြီးနေခဲ့၏။
သူသည် အဆိုပါ ဂျူနီယာက ၎င်းတို့ကို မည်ကဲ့သို့ အရယူနိုင်ခဲ့လဲဆိုသည်ကို မမှန်းဆနိုင်ဖြစ်သွားခဲ့သည်။
အမွေအနှစ်များကို ရရှိခဲ့ပြီးသည့်နောက်တွင် သူတို့နှစ်ဦး စတင်၍ နားလည်ဆင်ခြင်နေတော့သည်။
သို့ရာတွင် ကူချန်ကျွင်းသည် ၎င်းတို့ကို ဆက်ခံလိုက်မည့်အစား ၎င်းတို့ထံမှ သင်ယူကြဟု ပြောဆိုထားသည့် သတင်းစကားတစ်ခုကို ချန်ထားခဲ့သည်။ သူက သူ၏တပည့်ဖြစ်တို့အား တစ်ခြားလူများ၏ လမ်းစဥ်နောက်သို့ မလိုက်စေလိုဘဲ ကိုယ်ပိုင်လမ်းစဥ်များကိုသာ ဖောက်လုပ်စေချင်ခဲ့၏။
ညွှန်ကြားချက်များ ပေးထားခဲ့ပြီးသည့်နောက်တွင် ကူချန်ကျွင်းမှာ သူ၏ပိုင်နက်အတွင်းမှ ထွက်သွားကာ ကျန်ရှိနေသည့် အမွေအနှစ်တစ်ခုကို လော့ရှန်လင်းထံသို့ လူကိုယ်တိုင်သွားပို့လိုက်သည်။
လုချန်ရှန်းကမူ သူ၏ တံခါးပိတ်ကျင့်ကြံရေးကို စတင်၍ ပြုလုပ်နေခဲ့ပြီဖြစ်သည်။ အပြင်ကမ္ဘာ၏ နှောင့်ယှက်မှုမရှိသောကြောင့် လွန်ခဲ့သော တစ်နှစ်ကျော်အတွင်းက သူရရှိခဲ့သည့် အရာများကို စီစစ်စစ်ဆေးနေနိုင်ပြီဖြစ်သည်။
ဓားတာအိုမှ မိုးကြိုးတာအိုအထိ ထို့နောက်တွင် သူ့ခန္ဓာကိုယ်အတွင်းရှိ အမှတ်အသားသုံးထောင်အထိ သူသည် အဆိုပါ အမှတ်အသား သုံးထောင်က မည်သည့်အရာအတွက် ရှိနေရလဲဆိုသည်ကို မသိပေ။ သူက နည်းလမ်းပေါင်းများစွာဖြင့် စမ်းသပ်ခဲ့ပြီးပြီဖြစ်သော်လည်း မည်သည့်တုံ့ပြန်မှုကိုမှ မရရှိခဲ့ပေ။
ဓားတာအို မိုးကြိုးတာအိုနှင့် နေတာအိုတို့ကသာလျှင် အလင်းတန်းတစ်ခုကို ထုတ်လွှတ်ခဲ့ကြသည်။
သို့သော် ထိုကဲ့သို့ ဖြစ်ရခြင်းမှာ သူက ၎င်းတို့ကို ကြီးမားသော အောင်မြင်မှုအထိ ကျင့်ကြံထားသောကြောင့်သာလျှင် ဖြစ်သည်။
သို့ပေမည့် သူသည် ၎င်းတို့က နောင်တစ်ချိန်တွင် ကြီးကြီးမားမား အသုံးဝင်လာလိမ့်မည်ဟု ခံစားနေခဲ့ရသည်။
၎င်းတို့အပြင် သူသည် သူ၏ခန္ဓာကိုယ်အတွင်းတွင် တစ်စုံတစ်ခု ရှိနေပုံရသည်ဟု ခံစားနေခဲ့ရ၏။ သို့သော် ၎င်းက မည်သည့်အရာလဲဆိုသည်နှင့် မည်သည့်နေရာတွင် ရှိလဲဆိုသည်ကို သူမသိပေ။
အရာအားလုံး စီစစ်ပြီးသည့်နောက်တွင် သူသည် မြေကျုံ့ခြင်း နည်းစနစ်ကို စတင်၍ နားလည်ဆင်ခြင်နေတော့သည်။ ၎င်းမှာ ယခင်က သူလေ့ကျင့်ထားခဲ့သည့် နတ်စွမ်းရည်တစ်ခုဖြစ်ပြီး ကမ္ဘာ့အမြန်ဆုံး နည်းစနစ်များအနက်မှ တစ်ခုဖြစ်သည်။
အချိန်များ မြန်ဆန်စွာ ကျော်လွန်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးလတာ ကုန်ဆုံးသွားခဲ့သည်။ လုချန်ရှန်းသည် သူ၏ အင်မော်တယ်ဂူအတွင်းတွင်သာ တစ်ချိန်လုံး နေနေခဲ့ပြီး အပြင်သို့ တစ်ကြိမ်တစ်ခါမှ မထွက်သွားခဲ့ပေ။
ယခုတွင် သူသည် ရှောင်ဟေးက အသူရာလမ်းစဥ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်သည့် အချိန်ကိုသာ စောင့်ဆိုင်းနေရတော့မည် ဖြစ်သည်။ ထိုကဲ့သို့သော ကိစ္စလေးတစ်ခုအတွက် သူသည် ကြီးကြီးမားမား ပေးဆပ်ခဲ့ရပြီး သုံးလတိတိ အိမ်တွင်းအောင်းနေခဲ့ရသည်။
ဤကာလအတွင်းတွင် ဒေသလေးခုစလုံးက လုံးဝတိတ်ဆိတ်နေပုံရကာ အေးချမ်းတည်ငြိမ်နေလျက်ရှိ၏။
တစ်နေ့တွင် ကူချန်ကျွင်းက တံခါးပိတ် ကျင့်ကြံနေသည့် လုချန်ရှန်းကို လှုပ်နှိုးလိုက်သည်။
“ ဆရာ ဘာဖြစ်လို့လဲ “
လုချန်ရှန်း ပေါ်ထွက်လာခဲ့၏။
ကူချန်ကျွင်းက ပြန်ပြောလိုက်သည် “ လွန်ခဲ့တဲ့ သုံးရက်တုန်းက မဟာတောရိုင်း နန်းတော်ရဲ့ ဘိုးဘေးအိုကြီး သေသွားခဲ့တယ်။ တောင်ပိုင်းဒေသက လုံးဝကို ဖရိုဖရဲဖြစ်တော့မယ် “
ထိုသတင်း အလွန်ပင် ရုတ်တရက် ဆန်လွန်းနေခဲ့သည်။ လုချန်ရှန်းက မဟာတောရိုင်း ခန်းမ၏ ဘိုးဘေးအိုကြီးနှင့် မတွေ့ခဲ့ဖူးသော်လည်း ထိုလူ၏ မျက်နှာသာပေးမှုကို ရရှိခဲ့ဖူးသည်။
ဝမ်ထျန်တောင်တန်းအတွင်းရှိ မိုးကြိုးချောက်နက်အတွင်းတွင် ထိုလူ့ကြောင့်သာ မဟုတ်ဘူးဆိုပါက သူက မိုးကြိုးတာအို အရင်းအမြစ်ကို ရရှိခဲ့မည် မဟုတ်သကဲ့သို့ သူ၏ မိုးကြိုးတာအိုမှာလည်း ကြီးမားသော အောင်မြင်မှုအဆင့်အထိ မြန်မြန်ဆန်ဆန် ရောက်ရှိခဲ့လိမ့်မည် မဟုတ်ပေ။
ကူချန်ကျွင်း၏ လေသံက အေးဆေးတည်ငြိမ်နေသော်လည်း ထိုကိစ္စ၏ လေးနက်မှုကို မဖုံးကွယ်နိုင်ခဲ့ပေ။
လုချန်ရှန်းသည် မဟာတောရိုင်း နန်းတော်မျ ဘိုးဘေးအိုကြီး၏ သက်တမ်းက လျော့ကျနေပြီဆိုသည်ကို လွန်ခဲ့သော တစ်နှစ်ကျော်ကတည်းက သိရှိထားခဲ့ပြီဖြစ်ပြီး အင်အားစု တော်တော်များများမှာ ထိုအချိန်ကတည်းက စတင်၍ လုပ်ရှားနေခဲ့ပြီဖြစ်သည်။
ဘိုးဘေးအိုကြီးက အသက်ရှိနေသေးသောကြောင့်သာလျှင် ဘက်ပေါင်းစုံကို အဟန့်အဟားဖြစ်စေခဲ့ပြီး မည်သူကမှ အလျင်စလို မလှုပ်ရှားဝံ့ခဲ့ပေ။ သူက ကြောက်မက်ဖွယ်ကောင်းသော အစွမ်းထက် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး အကယ်၍ သူကသာ မသေဆုံးခင် အချိန်တွင် အတင်းအကြပ် လက်တုံ့ပြန်ခဲ့မည်ဆိုပါက အဆိုပါ မြင့်မြတ်နယ်မြေများ၏ ကာကွယ်စောင့်ရှောက်သူများကပင် ကြီးမားသော တန်ကြေးတစ်ခုကို ပေးချေလိုက်ရမည် ဖြစ်သည်။
အသေးငယ်ဆုံးသော အမှားအယွင်းတစ်ခုကပင် သူတို့ကို ဘဝနေဝင်ချိန်ဆီသို့ စောစောစီးစီး ရောက်ရှိသွားစေနိုင်ပေသည်။
သို့သော် ယခုတွင်မူ ထိုပုဂ္ဂိုလ် သေဆုံးသွားခဲ့ပြီဖြစ်သောကြောင့် ထိုလူများအပေါ်တွင် ရှိနေခဲ့သည့် အဟန့်အတား အကျိုးသက်ရောက်မှုအားလုံး ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး အဆိုပါ အင်အားစုများက စတင်လှုပ်ရှားလာကြပြီ ဖြစ်သည်။
တောင်ပိုင်းဒေသအပြင်ဘက်ရှိ မြင့်မြတ်နယ်မြေများက မဟာတောရိုင်း နန်းတော်၏ နေရာကို အစားထိုးကာ နယ်မြေချဲ့ထွင်၍ တောင်ပိုင်းဒေသ၏ အုပ်စိုးသူ ဖြစ်လာရန် တပ်မက်နေခဲ့သည်မှာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်သည်။ အောင်မြင်သွားသည်နှင့်တစ်ပြိုင်နက် အကျိုးသက်ရောက်မှုများက ကြောက်ခမမ်းလိလိ အံ့ဖွယ်ကောင်းနေလိမ့်မည် ဖြစ်သည်။
သူတို့က ပိုမိုသန်မာအားကောင်းလာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
မဟာတောရိုင်း နန်းတော်ကို အစားထိုးကာ မြင့်မြတ်နယ်မြေအသစ်တစ်ခု ဖြစ်လာလိုနေသည့် ရှေးဟောင်းဂိုဏ်းများနှင့် ဂိုဏ်းကြီးတစ်ချို့ပါ ရှိနေခဲ့သည်။
အင်အားစု အသီးသီးက မရေမတွက်နိုင်လောက်အောင် များပြားလွန်းလှသော ရည်မှန်းချက်နှင့် အိမ်မက်တို့ကို လက်ကိုင်ထားကြသည်။
သူတို့က တောင်ပိုင်းဒေသတွင် သွေးမုန်တိုင်းတစ်ခုကို ဖန်တီးကာ အရာအားလုံးကို ဖရိုဖရဲဖြစ်သွားစေလိမ့်မည် ဖြစ်သည်။ သာမန်ပြည်သူပြည်သားတို့မှာလည်း ဆင်းရဲဒုက္ခမှာလည်း မလွဲမသွေ ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။ အလောင်းတောင်နှင့် သွေးပင်လယ်များ ပေါ်ထွက်လာဖို့ များပြီး ထိုကိစ္စကြောင့် လူမည်မျှသေဆုံးသွားရမလဲဆိုသည်ကို မည်သူမှ မသိနိုင်ပေ။
ရှေးဟောင်းဂိုဏ်းနှင့် ဂိုဏ်းကြီးများကပင် အမြစ်ပြတ်သုတ်သင်ခံလိုက်ရသည့် အန္တရာယ်မျိုးနှင့် ရင်ဆိုင်ရနိုင်ပေ၏။
ဤအချိန်တွင် တောင်ပိုင်းဒေသတစ်ခုလုံး ကသောင်းကနင်း ဖြစ်နေခဲ့ပြီ ဖြစ်သည်။
သို့ရာတွင် နတ်ကောင်းကင်ဂိုဏ်းက အဆင်ပြေနေသေး၏။ ကူချန်ကျွင်း၏ တည်ရှိမှုကြောင့် မည်သူကမှ ဤဂိုဏ်းကို ရန်မစလိုကြပေ။ ထိုမျှကြောက်မက်ဖွယ်ကောင်းသည့် ပုဂ္ဂိုလ်မျိုးကို ရန်စရလောက်သည်အထိ မည်သူကမှ တုံးအနေလိမ့်မည် မဟုတ်ပေ။
တစ်ခြားသော အင်အားစုများနှင့် မျိုးနွယ်စုတို့မှာ ထိုမျှလောက် ကံမကောင်းခဲ့ကြပေ။ မြင့်မြတ်နယ်မြေတစ်ခု၏ အကာအကွယ်နှင့် ဟန့်တားမှုမရှိသောကြောင့် အကယ်၍ တစ်ခြားဒေသသုံးခုက လူများ ကျူးကျော်ဝင်ရောက်လာမည်ဆိုပါက ခုခံနိုင်စွမ်း ကင်းမဲ့နေလိမ့်မည် ဖြစ်သည်။
သို့သော် သူတို့သည် အရှုံးပေးလိုက်ခြင်းသော်လည်း သူတို့၏ သက်ဆိုင်ရာ ဂိုဏ်းများ(သို့) မျိုးနွယ်စုများ သုတ်သင်ခံလိုက်ရသည်အထိ လုပ်ဆောင်နိုင်ကြပေသည်။ တောင်ပိုင်းဒေသတစ်ခုလုံးကို စစ်မီးလျှံများက တဖြည်းဖြည်း ဝါးမျိုလာလိမ့်မည် ဖြစ်သည်။
“ ကြည့်ရတာတော့ စစ်ပွဲကြီးတစ်ခုကို ရှောင်လွှဲလို့မရတော့တဲ့ပုံပဲ “ လုချန်ရှန်းက ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည်။ သူအံ့အားသင့်သွားခဲ့သော်လည်း ၎င်းက သူနှင့်အနည်းငယ်မျှ သက်ဆိုင်ပေသည်။
အကယ်၍ ထိုနေ့ရက်ကျရောက်လာခဲ့ကာ သူက ရှင်းယွင်နှင့် ဆုံတွေ့ခဲ့ရမည်ဆိုပါက သူ့ကို ကယ်တင်ရန်မှာ မဖြစ်နိုင်သော ကိစ္စရပ်တစ်ခု မဟုတ်ပေ။ ၎င်းအား သူတင်ရှိသည့် အကြွေးကို ပြန်ဆပ်လိုက်ခြင်းဟု မှတ်ယူနိုင်ပေသည်။
ကျန်ရှိနေသည့် အရာများကိုမူ ကံတရားကသာ ဆုံးဖြတ်သွားလိမ့်မည် ဖြစ်သည်။
ကူချန်ကျွင်းက စကားထပ်ပြောလာခဲ့၏ ” အဲ့ဒီပိုင်နက်အတွက် ဘယ်သူတွေက ရည်ရွယ်ချက်တွေ ဘယ်လောက်တောင် ထားထားမလဲဆိုတာကို ဘယ်သူမှ မသိကြဘူး။ကောင်းကင်ဘုံ အကယ်ဒမီက ကြားတင်မစွက်ဖက်ဖို့ကိုပဲ မျှော်လင့်ရမယ်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ဒီကပ်ဘေးက ပိုဆိုးသွားလိမ့်မယ် “
လုချန်ရှန်းက တအံ့တဩဖြင့် တုံ့ပြန်လိုက်၏ “ ကောင်းကင်ဘုံ အကယ်ဒမီကလည်း အဲ့လိုကိစ္စမျိုးတွေကို လုပ်တယ်ပေါ့ “
“ ငါမင်းကို ပြောခဲ့ပြီးသားလေ။ ကောင်းကင်ဘုံ အကယ်ဒမီရဲ့ ရေက တော်တော်လေးကို နက်တယ်။ အဲ့တာက မင်းမြင်ခဲ့ဖူးသလောက် ငြိမ်းချမ်းနေတာမျိုး မဟုတ်ဘူး။ လူတွေဆီမှာ မကောင်းတဲ့ ရည်ရွယ်ချက်ဆိုတာမျိုး အမြဲရှိသလိုမျိုးပဲ စက်ဆုပ်ဖို့ကောင်းတဲ့လူတွေလည်း အမြဲရှိတယ် “
“ အမှန်ပဲ “
လုချန်ရှန်းက ယောင်ဝါးဝါးသာ ပြန်ပြောလိုက်၏။
ကူချန်ကျွင်းက စကားဆက်ပြောလာခဲ့၏ “ အသင့်ပြင်ထား။ ငါတို့က အရှေ့ပိုင်းဒေသကို သွားမယ် “
“ ဘာဖြစ်လို့လဲ “
“ ရှေးခေတ် စစ်မြေပြင်တစ်ခု ဖွင့်လာတော့မယ်။ အဲ့နေရာမှာ အခွင့်အလမ်းတွေ ရှိတယ်။ ခရီးသွားတာလို့သာ သဘောထားလိုက် “
“ အို့ ကျွန်တော်သိပြီ “ လုချန်ရှန်း၏ မျက်ဝန်းများ တောက်ပသွားခဲ့သည်။ သို့သော် သူသည် သံသယတို့ဖြင့် မေးမြန်းလိုက်သေးသည် “ ဆရာ ဆရာကလည်း တစ်ခုခုကို သွားလုမလို့ ကြံနေတာလား “
“ အဲ့တာတွေက ငါ့အတွက် အသုံးမဝင်ဘူး။ ဆိုတော့ ငါက အဲ့တာတွေကို မလိုချင်ဘူး “
“ အဲ့တာဆိုရင် ဘာဖြစ်လို့ သွားမှာလဲ “
“ မင်းရဲ့ ဒေါသတွေကို ကူညီဖြေဖျောက်ပေးမလို့ပေါ့ “
“ ဟမ် “
လုချန်ရှန်းမှာ အံ့ဩမှင်သက်သွားခဲ့သည်။
ကူချန်ကျွင်းက စကားထပ်ပြောလာခဲ့၏ ရှေးဟောင်း စစ်မြေပြင်မှာ အားကောင်းတဲ့ သတ်ဖြတ်လိုစိတ်နဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အရှိန်အဝါတွေ ပြည့်နှက်နေတာကြောင့် အသူရာလမ်းစဥ်အတွက် အသင့်တော်ဆုံးပဲ။ ကျင်းဝူရွှေ့ကလည်း အဲ့ကို သွားဖို့များတယ်လို့ ငါထင်တယ်။ သူ့ရဲ့ ကိုယ်ပွားနောက်တစ်ခုကို ထပ်ပြီးတော့ ဖျက်စီးလိုက်ကြတာပေါ့ “
သူ၏ စကားမဆုံးသေးသော်လည်း လုချန်ရှန်းမှာ ဂဏာမငြိမ်ဖြစ်နေခဲ့ပြီဖြစ်သည်။ သူသည် ဆရာဖြစ်သူကို ငေးကြည့်နေရင်းဖြင့် သူက ပိုမိုချောမောကာ ကြီးမြတ်သည်ဟု ခံစားသွားခဲ့ရသည်။
တစ်ကြိမ်တစ်ခါမှ မရရှိခဲ့ဖူးသော်လည်း ထိုကဲ့သို့သော ကာကွယ်ပေးမှုမျိုးမှာ အလွန်တရာ နီးစပ်လွန်းလှသည်ဟု ခံစားသွားရစေခဲ့၏။
ထိုကဲ့သို့သော ဆရာတစ်ဦးကို ပိုင်ဆိုင်ထားသောကြောင့် ဤဘဝတွင် လူဖြစ်ရကျိုးနပ်လေပြီ။
--
…………………………………………………………………………………………………………………………………………