← Chapters

အခန်း ၂၇၀

Vol. 18 Ch. 270

အခန်း ၂၇၀

Vol. 18 Ch. 270

အပိုင်း ( 270 )

မိတ်ဆွေလေး မင်းအဆင်ပြေရဲ့လား

လုချန်ရှန်းက စတင်၍ လှုပ်ရှားနေခဲ့ပြီ ဖြစ်သည်။

ကျယ်ပြန့်သော စစ်မြေပြင်က အဆုံးမဲ့နေပုံရကာ ဒဏ်ရာဒဏ်ချက်များဖြင့် အလုံးစုံ ပျက်ယွင်းနေလျက်ရှိ၏။ ၎င်းတို့မှာ အတိတ်က စစ်ပွဲမှ ကျန်ရှိခဲ့သည့် အရာများဖြစ်ကာ ယနေ့အထိ မပျောက်ကွယ်သွားခဲ့ပေ။ ၎င်းတို့ကို မြင်တွေ့ရရုံဖြင့် အဆိုပါ စစ်ပွဲက မည်မျှ ပြင်းထန်ကာ ကြေကွဲဖွယ်ကောင်းလဲဆိုသည်ကို မှန်းဆနိုင်ပေသည်။

လုချန်ရှန်းထွက်ခွာသွားသည့် အချိန်တွင် ကူချန်ကျွင်းက ကောင်းကင်ဘုံ အကယ်ဒမီဆီသို့ ဦးတည်သွားခဲ့သည်။

ကူချန်ကျွင်း၏ စကားများအရ ကျင့်ကြံသူတစ်ဦးက ဟွာရှုနယ်ပယ်သို့ ရောက်ရှိသည့် အချိန်၌ သူ၏ရင်ဘတ်အတွင်းတွင် ဓာတ်ကြီးငါးပါးကို ဖွဲ့စည်းရမည်ဖြစ်သည်။ ဓာတ်ကြီးငါးပါးက ၎င်းတို့၏ မူလအစသို့ ပြန်လည်ရောက်ရှိသွားကာ ဗလာနတ္ထိအဖြစ် အသွင်းပြောင်းသွားသည့် အချိန်မှသာလျှင် ပြီးပြည့်စုံခြင်းကို ရယူနိုင်လိမ့်မည် ဖြစ်သည်။

ဓာတ်ကြီးငါးပါးက ဝိညာဥ်ခန္ဓာ(သို့) ကိုယ်ပွားငါးခုအဖြစ် အသွင်ပြောင်းနိုင်ပေသည်။ ဝိညာဥ်ခန္ဓာ တစ်ခုချင်းစီတိုင်းက သတ်ဖြတ်ခံလိုက်ရသည့် အချိန်တွင် မူလကိုယ်မှာလည်း ထိခိုက်သွားလိမ့်မည် ဖြစ်သည်။ ဥပမာအားဖြင့် အစောပိုင်း အချိန်များအတွင်းက ကူချန်ကျွင်းက ကျင်းဝူရွှေ့၏ ဝိညာဥ်ခန္ဓာတစ်ခုကို အပြည့်အဝ သုတ်သင်လိုက်ခြင်းမှာ သူ၏ ချီများအနက်မှ တစ်ခုကို တိုက်ရိုက်ဖြတ်တောက်ခြင်းနှင့် ညီမျှနေခဲ့သည်။

ချီတစ်ခု ဖြတ်တောက်ခံလိုက်ရသည့် အချိန်တွင် ခံစားရမည့် ထိခိုက်ပျက်စီးမှုက သိသိသာသာ ကြီးမားလှသည်။

သို့သော် ကူချန်ကျွင်းကမူ မည်သို့မျှ ရပ်တန့်ချင်ပုံမရပေ။ သူက ထိုလူ၏ ဝိညာဥ်ခန္ဓာနှစ်ခုကို ရှင်းလင်းကာ ချီနှစ်ခုကို ဖြတ်တောက်ချင်နေခဲ့သည်။

လုချန်ရှန်းက ၎င်းတို့အားလုံးကို လုပ်ဆောင်နေရခြင်းမှာ ရှောင်ဟေးက အသူရာလမ်းစဥ်ကို ရရှိပိုင်ဆိုင်သွားစေရန်အတွက် ဖြစ်သည်။ ကျင်းဝူရွှေ့က အနည်းငယ် ထိခိုက်ဒဏ်ရာရရှိသွားခြင်းက သင်ကြားရေး ဖြစ်စဥ်ကို မည်သို့မျှ ထိခိုက်သွားစေလိမ့်မည် မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် အနက်ရောင် ပုံရိပ်တစ်ခုက ကွင်းပြင်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

ဤကမ္ဘာက‌ သွေးနှင့် ဗရမ်းဗတာဖြစ်ရပ်တို့ဖြင့် ပြည့်နေလျက်ရှိ၏။ ကောင်းကင်အထက်ရှိ တိမ်တိုက်များက သွေးနီရောင် စွန်းထင်းနေလျက်ရှိပြီး နီညိုရောင်မြေပြင်မှာလည်း သွေးညှီနံ့များ လှိုင်လှိုင်သင်းနေလျက်ရှိ၏။ အငြိုးအတေး ကြီးမားသော ဝိညာဥ်များက ငိုကြွေးမြည်တမ်းနေသကဲ့သို့ လေပြင်းများ တိုက်ခတ်လာခဲ့၏။

နေရာအနှံ့တွင် ကျိုးပဲ့ပျက်စီးနေသည့် လက်နက်များနှင့် သွေးစွန်းသော လှံများ လှဲလျောင်းနေလျက်ရှိကာ ဖြူဖျော့ဖျော့အရိုးဖြူများက ထိုနှစ်က ကြေကွဲဖွယ်ကောင်းသော ဖြစ်ရပ်များကို ပြောပြနေခဲ့၏။

“ ဘယ်လောက်ပဲ ကြည့်ကြည့် အဲ့တာက တော်တော်ကြီးကို ကြောက်စရာကောင်းတယ် “

လုချန်ရှန်း တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေကာ အေးအေးလူလူ လမ်းလျှောက်နေလျက်ရှိပြီး မြင်ကွင်းများက သူ၏ မျက်ဝန်းများအတွင်းသို့ အဆက်မပြတ် ဝင်ရောက်လာခဲ့၏။ သူက ဤဖုန်းဆိုးမြေကြီးကို လှည့်ပတ်ကြည့်ရှုနေစဥ်အချိန်၌ သူ၏စိတ်ထဲတွင် တစ်စုံတစ်ယောက်က သူ့ကို အဝေးမှ စောင့်ကြည့်နေသည်ဟု ခံစားသွားခဲ့ရသည်။

သူ၏ဦးခေါင်းကို အလုပ်ပေးလိုက်ရာ အရှေ့ဘက်တွင် ပုံရိပ်တစ်ခု မတ်တပ်ရပ်နေသည်ကို မြင်တွေ့သွားခဲ့သည်။ လူပုံသဏ္ဍာန်ရှိသော်လည်း ၎င်း၏ဦးခေါင်းပေါ်တွင် ဦးချိုများ ရှိနေခဲ့ကာ အကြေးခွံတို့ဖြင့် ဖုံးလွှမ်းနေလျက်ရှိပြီး ၎င်း၏ ပါးစပ်အတွင်းတွင် အစွယ်များစွာ ရှိနေခဲ့ကာ ၎င်းအား အနည်းငယ် ကြောက်မက်ဖွယ်ကောင်းသွားစေခဲ့၏။

“ အဲ့တာက နတ်မိစ္ဆာဝိညာဥ်လား “ လုချန်ရှန်းမှာ တအံ့တဩဖြစ်သွားခဲ့သည်။

နတ်မိစ္တာဝိညာဥ်က အော်ဟစ်ဟိန်းဟောက်ကာ အရှေ့သို့ ပြေးတက်လာခဲ့၏။ ၎င်း၏ လက်မောင်းများက ချွန်ထက်သော လက်သည်းများအဖြစ် ပြောင်းလဲသွားကာ သူ့ကို ဆုတ်ဖြဲရန် ကြံရွယ်နေပုံရ၏။

လုချန်ရှန်းက သူ၏လက်ကို မြှောက်လိုက်ရာ သူ၏မှော်စွမ်းအားများ ဖွဲ့တည်လာခဲ့ကာ သူ့အရှေ့သို့ ကျဆင်းလာခဲ့သည်။ နတ်မိစ္ဆာဝိညာဥ်မှာ ချက်ချင်းချေမှုန်းခံလိုက်ရကာ ပျောက်ကွယ်သွားခဲ့သည်။

ထို့နောက်၌ ချက်ချင်းဆိုသလိုပင် အလင်းတန်းတစ်ခု ပေါ်ထွက်လာကာ သူ့အနားသို့ ချဥ်းကပ်လာခဲ့၏။

ဟင်းလင်းပြင်အတွင်းတွင် တုန်ခါသံတစ်ခု မြည်ဟီးလာကာ တံဆိပ်ပြားတစ်ခု ပေါ်ထွက်လာခဲ့၏။ အလင်းတန်းက တံဆိပ်ပြားနှင့် ပေါင်းစပ်သွားခဲ့သည်။

“ ဒီလိုတွက်တာလား “

လုချန်ရှန်းမှာ သိလိုစိတ်တို့ဖြင့် တံဆိပ်ပြားကို ကိုင်ဆောင်ကာ အတော်ပင် အံ့အားသင့်သွားခဲ့သည်။

သို့ရာ၌ သူ၏အကြည့်ကို ရုတ်သိမ်းလိုက်သည့် အချိန်တွင် သူသည် မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည် “ ကြည့်ရတာတော့ အဲ့လောက်ကြီးလည်း မခက်တဲ့ပုံပဲ “

သူ၏အမြင်တွင် နတ်မိစ္ဆာက ထိုမျှသာ ဖြစ်နေခဲ့သည်။ သူမည်မျှ သတ်ဖြတ်နိုင်မလဲဆိုသည်က သူက နတ်မိစ္ဆာဘယ်နှကောင်နှင့် ကြုံတွေ့ရမလဲဆိုသည့်အပေါ်တွင် မူတည်နေလျက်ရှိ၏။

အဲ့တာက လက်တွေရှိရုံနဲ့ လုပ်လို့ရတဲ့ ကိစ္စမျိုး မဟုတ်ဘူးလားဟ။

၎င်းကို သူတွေးတောစဥ်းစားနေစဥ် အချိန်မှာပင် အေးစိမ့်စိမ့် ခံစားချက်တစ်ခု လှိုက်တက်လာခဲ့ကာ ပုံရိပ် အများအပြား ပေါ်ထွက်လာပြီး ဘက်ပေါင်းစုံသို့ ဆင်းသက်လာကြ၏။

ရှည်သွယ်သွယ် ပုံရိပ် ငါးခု ခြောက်ခုခန့် ချဥ်းကပ်လာခဲ့၏။ ၎င်းတို့က ကိုးမီတာမှ ဆယ့်နှစ်မီတာအထိ မြင့်မားကာ ၎င်းတို့၏ ခန္ဓာကိုယ်များကို အနက်ရောင် မြူခိုးများနှင့် မိစ္ဆာစွမ်းအင်တို့က ရစ်ပတ်လွှမ်းခြုံနေလျက်ရှိပြီး ၎င်းတို့၏ မျက်ဝန်းတို့မှာလည်း မှင်ကဲ့သို့ မည်းနက်နေလျက်ရှိ၏။ ထိုကဲ့သို့သော မိစ္ဆာသဘာဝမျိုးက လူတိုင်းကို မျက်မှောင်ကြုတ်သွားစေခဲ့သည်။

လုချန်ရှန်းကမူ ၎င်းတို့ကို ကြည့်နေရင်းဖြင့် သူက ဖြောင့်မတ်တည်ကြည်သော သမာဓိလမ်းစဥ် ဂိုဏ်းတော်သားတစ်ဦးအလား လောကအတွက် ထိုကဲ့သို့သော မကောင်းဆိုးဝါးများနှင့် မိစ္ဆာလမ်းစဥ်ကို ဖယ်ရှားသင့်သည်ဟု ခံစားသွားခဲ့ရ၏။

ရလဒ်ကမူ မထင်မှတ်ထားသော အရာဖြစ်နေခဲ့သည်။ သူ၏ခန္ဓာကိုယ်က မည်သည့်တုံ့ပြန်မှုမှ မပြသဘဲ သူတွေးထင်ထားသည်နှင့် ကွဲလွဲနေခဲ့သည်။

သို့ရာတွင် သူက ထပ်မံ၍ မတွေးတောမစဥ်းစားရသေးခင်အချိန်မှာပင် နတ်မိစ္ဆာ ဝိညာဥ် ငါးခုခြောက်ခုခန့်က တိုက်ခိုက်လာကြပြီဖြစ်သည်။ ၎င်းတို့အားလုံးက မွေးရာပါ ဝိညာဥ်အဆင့်၅(သို့) အဆင့်၆ ကျင့်ကြံရေးများကို ပိုင်ဆိုင်ထားပြီး ယခုလေးတင် ရင်ဆိုင်ခဲ့ရသော တစ်ကောင်နှင့် လုံးဝကွဲပြားနေခဲ့၏။

ဘုမ်းးး

နတ်မိစ္ဆာဝိညာဥ်များက တိုက်ခိုက်လာသည့် အချိန်တွင် လုချန်ရှန်းက သူ၏လက်ကို မြှောက်ကာ ၎င်းတို့ကို ခါချလိုက်သည်။

မျက်နှာဖုံးစွပ်ထားစဲဖြစ်သော်လည်း ဤတစ်ကြိမ်တွင်မူ သူ၏စွမ်းအားကို မည်သို့မျှ မဖုံးကွယ်ထားတော့ပေ။ မှော်စွမ်းအားများ ပေါက်ထွက်လာခဲ့ကာ တိုက်ခိုက်တစ်ခုတည်းဖြင့် အဆိုပါ ပုံရိပ်အားလုံး နောက်ဆုတ်သွားခဲ့ရသည်။

ဘမ်းးးးး

နတ်မိစ္ဆာ ဝိညာဥ်များ လွင့်ထွက်သွားကာ မြေပြင်နှင့် ဆောင့်မိသွားခဲ့သည်။ တောင်ကုန်းများနှင့် ချိုင့်ဝှမ်းများ ပြိုကွဲပျက်စီးသွားကာ လေထုအတွင်းတွင် ဖုန်မှုန့်တို့ဖြင့် ပြည့်နှက်သွားခဲ့သည်။

ဟိန်းဟောက်သံများ ပေါက်ထွက်လာခဲ့ကာ လုချန်ရှန်းမှာ တအံ့တဩဖြစ်သွားခဲ့သည်။

သူ၏ ယခုလက်ရှိ ကျင့်ကြံရေးနှင့်ဆိုပါက သူက မွေးရာပါဝိညာဥ် အဆင့်၉ ပညာရှင်တစ်ဦးကိုပင် အလွယ်တကူ အနိုင်ယူနိုင်ပေသည်။ သို့ရာ၌ ယခုတွင်မူ သူ၏ အင်အားပြည့် တိုက်ခိုက်မှုက ၎င်းတို့ကို သုတ်သင်ရှင်းလင်းရန် ကျရှုံးခဲ့လေသည်။

၎င်းတို့၏ ခန္ဓာကိုယ်များက ကျိုးပဲ့ပျက်စီးကာ ပွင့်ထွက်သွားခဲ့သော်လည်း ၎င်းတို့က သိသာထင်ရှားသော အမြန်နှုန်းဖြင့် သက်သာပျောက်ကင်းသွားကာ နတ်မိစ္ဆာဝိညာဥ်တို့မှာလည်း ပိုပို၍ ဒေါသတကြီး ဖြစ်သွားကြသည်။

“ ဒီလောက်တောင် ခံနိုင်ရည်အားကောင်းတယ်လားဟ “

လုချန်ရှန်းမှာ တအံ့တဩဖြစ်သွားပြီး သူ၏လက်ကို မြှောက်လိုက်သည်။ သူ၏ မှော်စွမ်းအားက သတ်ဖြတ်ခြင်း တိုက်ကွက်တစ်ခုအဖြစ် အသွင်ပြောင်းသွားကာ ၎င်းတို့အနက်မှ တစ်ကောင်ကို ချိန်ရွယ်လိုက်၏။

ချက်ချင်းဆိုသလိုပင် ကောင်းကင်တစ်ခုလုံး ပြိုကွဲသွားသည့်အလား ကမ္ဘာမြေက ငြင်သာသော အသံတစ်သံကို ထုတ်လွှတ်လာခဲ့ပြီး နတ်မိစ္ဆာ ဝိညာဥ်က ခါးတွင် ထက်ဝက်ပိုင်းဖြတ်ခံလိုက်ရကာ ၎င်း၏ အောက်ပိုင်း ခန္ဓာကိုယ်မှာ တိုက်ရိုက်ပြိုကွဲသွားခဲ့သည်။ ကိစ္စက ပြီးဆုံးသွားပြီဟု သူထင်နေခဲ့သော်လည်း ၎င်း၏ အပေါ်ပိုင်း ခန္ဓာကိုယ်က လှုပ်ရှားနေနိုင်သေးကာ မတ်တပ်ပြန်ရပ်နိုင်ရန်နှင့် ရှေ့ဆက်တိုးရန်အတွက်ပင် ရုန်းကန်နေခဲ့၏။

“ သောက်ကျိုးနည်း ဘယ်လိုမွန်းစတားမျိုးတွေလဲဟ။ သူတို့ရဲ့ အသက်စွမ်းအားက တော်တော်ကြီးကို ခိုင်မာအားကောင်းတာပဲ “

လုချန်ရှန်းမှာ အံ့ဩတကြီးဖြစ်သွားခဲ့သည်။ မှော်စွမ်းအားများ မြင့်တက်လာမှုနှင့်အတူ သူသည် ဘက်ပေါင်းစုံကို တိုက်ခိုက်လိုက်ပြီး ပုံရိပ်အားလုံး ချက်ချင်းပြိုကွဲသွားခဲ့သည်။

အလင်းတန်းခြောက်ခုက တံဆိပ်ပြားတို့နှင့်ပေါင်းစည်းသွားခဲ့သည်။ သူသည် ထိုအကောင်များက ဤမျှလောက် လုပ်ရကိုင်ရခက်နေလိမ့်မယ်ဟု မမျှော်လင့်ထားခဲ့ပေ။ သူက ၎င်းတို့ကို ချေမှုန်းနိုင်သော်လည်း အပြစ်ပြတ်ရှင်းလင်းရန်မှာ အလွန်တရာ ခက်ခဲနေခဲ့သည်။

၎င်းတို့က ကိုယ်တစ်ပိုင်းသာ ကျန်ရှိနေသည့် အချိန်မှာပင် တွားသွားသွားကာ သူ၏ခြေချောင်းလေးများကို လာ‌ကိုက်နေခဲ့၏။

သူသည် အလင်းတန်း အမှတ်အသားများက မတူဘူးဆိုသည်ကိုပါ သတိပြုမိသွားခဲ့သည်။ အူတိုင်ဖွဲ့စည်းခြင်းနယ်ပယ်က အစိမ်းဖြစ်ပြီး မွေးရာပါ ဝိညာဥ်နယ်ပယ်မှာ သွေးနီရောင် ဖြစ်နေခဲ့၏။

သူ့ထပ် ကျင့်ကြံရေး အဆင့်နိမ့်သည့် အကောင်များနှင့် ရင်ဆိုင်ရသည့် အချိန်မှာပင် သူက ၎င်းတို့ကို လျှော့မတွက်ဝံ့ပေ။

အနည်းငယ်မျှသော ပေါ့ဆမိပါက သူတို့က ကိုက်ဖြတ်ရန်အတွက် အဆိုပါ အခွင့်အရေးကို အမိအရ ဖမ်းဆုပ်မည် ဖြစ်သည်။

လုချန်ရှန်းသည် သူ၏အတွေးများကို စုစည်းကာ ဤနေရာမှ ထွက်သွားခဲ့သည်။

အဆိုပါ နတ်မိစ္ဆာ ဝိညာဥ်များနှင့် ဆက်တိုက်ကြုံတွေ့ရင်ဆိုင်ခဲ့ရပြီးသည့်နောက်တွင် လုချန်ရှန်းက ကူချန်ကျွင်း၏ စကားများကို နားလည်သွားခဲ့သည်။ နတ်မိစ္ဆာဝိညာဥ်များ အလုံအလောက် ရှိမနေမည်ကို စိုးရိမ်ပူပန်နေရန် မလိုတော့ချေ။

သူကပင် ၎င်းတို့ကို ခက်ခက်ခဲခဲ သတ်ဖြတ်နေရသောကြောင့် ထိုလူများကလည်း ၎င်းတို့ကို သတ်ဖြတ်နိုင်လိမ့်မည် မဟုတ်ပေ။

အဆိုပါ နတ်မိစ္ဆာများမှာ ကျဆုံးသွားခဲ့သော နတ်ဘုရားများနှင့် နတ်ဆိုးများ၏ မ‌ကျေနပ်ချက်များမှ ဖွဲ့တည်လာခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့က မည်သည့်အဆင့်မျိုးသို့ ရောက်ရှိခဲ့လဲဆိုသည်မှာ မှန်းဆရခက်ပေသည်။

သူသည် ၎င်းတို့ကို ပျက်သုဥ်းသွားစေကာ ပင်လယ်မျက်လုံးအတွင်းတွင် ဖိနှိပ်ထားခဲ့သည့် ပညာရှင်ကို စတင်၍ လေးစားမိနေခဲ့ပြီဖြစ်သည်။

အကယ်၍ သူ့ထံတွင် စွမ်းရည်တစ်ချို့ မရှိဘူးဆိုပါက သူက ထိုကဲ့သို့ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပေ။

သို့ရာတွင် လုချန်ရှန်းက နတ်မိစ္ဆာ ဝိညာဥ်များစွာကို တိုက်ခိုက်နေစဥ်အချိန်မှာပင် သူ၏ စိတ်စွမ်းအားက တစ်စုံတစ်ဦးက အဝေးမှ စောင့်ကြည့်နေသည်ကို အာရုံခံမိသွားခဲ့သည်။

“ ထျန်းကျီ စံအိမ် ထျန်းရီ မြင့်မြတ်နယ်မြေ “ လုချန်ရှန်း ဘေးတိုက်ငေးကြည့်ကာ စကားပြောနေတော့သည် “ သူတို့က ငါ့ကို ထပ်ပြီးတော့ ပစ်မှတ်ထားနေပြန်တာလား “

သူသည် ထိုလူများက လူသတ်ခြင်း လုယက်ခြင်းနှင့် မည်သို့မျှ အားမထုတ်ရဘဲ အကျိုးအမြတ်များ ရရှိခြင်းတို့အား ကြိုက်နှစ်သက်သည်ဆိုသည်ကို သိနေခဲ့သည်။ သူသည် ထိုလူများက ယခုတွင် မည်ကဲ့သို့သော မသမာမှုများကို ကျူးလွန်ရန် ကြံစည်နေလဲဆိုသည်ကို မသိပေ။

လုချန်ရှန်းက ထိုလူများကို အချိန်အတိုင်းအတာတစ်ခုအထိ လျစ်လျူရှုထားခဲ့သည်။ ထို့အစား သူသည် သူ၏အမြန်နှုန်းကို လျှော့ချလိုက်ပြီး မွေးရာပါ ဝိညာဥ် အဆင့်၅နှင့် အဆင့်၆ နတ်မိစ္ဆာများနှင့် တိုက်ခိုက်ကာ အလွန်တရာ အခက်တွေ့နေသည့်အလား ဟန်ဆောင်နေခဲ့သည်။ အဆုံးတွင် သူက ၎င်းတို့ကို ကပ်နိုင်သွားခဲ့သည်။

အလင်းတန်းများက တံဆိပ်ပြားတို့နှင့် ပေါင်းစည်းသွားကို စောင့်ကြည့်နေရင်းဖြင့် သူသည် နောက်တစ်နေရာဆီသို့ တဟုန်ထိုး ပြေးထွက်သွားတော့သည်။ ထင်ထားသည့်အတိုင်းပင် တစ်စုံတစ်ဦးက သူ့အနောက်မှ လိုက်လာနေသေးသည်။

ဤတစ်ကြိမ်တွင်မူ သူက မွေးရာပါ ဝိညာဥ် အဆင့်၇ တည်ရှိမှုတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။ လုချန်ရှန်းက နှစ်ကွက်မျှတိုက်ခိုက်နေခဲ့ပြီး ထို့နောက်တွင် သူအနိုင်မယူနိုင်ဘူးဟု ရုတ်တရက် ခံစားလိုက်ရကာ သနားစရာကောင်းသော အခြေအနေမျိုးဖြင့် ထွက်ပြေးသွားတော့သည်။

ထို့နောက်တွင်လည်း ထို့အတိုင်းသာ ဖြစ်နေခဲ့သည်။ အကယ်၍ ၎င်းတို့က အဆင့်၆အထက်တွင် ရှိနေပါက သူထွက်ပြေးနေခဲ့သည်။

ထိုလူများက သူ့အနောက်မှ တစ်ချိန်လုံး လိုက်လာခဲ့ကာ လူလုံးမထွက်မပြဘဲ စောင့်ကြည့်ရုံသာ စောင့်ကြည့်နေခဲ့သည်။ သူတို့က အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့ပြီး မည်သို့မျှ မလှုပ်ရှားလာခဲ့ပေ။

ထို့ကြောင့်ပင် လုချန်ရှန်းက ထိုလူများကို တိုက်ခိုက်ရန်အတွက် အခက်တွေ့သွားရ၏။

ထို့နောက်တွင် မွေးရာပါ ဝိညာဥ် အဆင့်၇ နတ်မိစ္ဆာကို ထပ်မံ၍ ကြုံတွေ့ခဲ့ရသည်။ အစတွင် သူသည် နှစ်ကွက်မျှ တိုက်ခိုက်ကာ ထွက်ပြေးရန် ကြံရွယ်ထားခဲ့သည်။ သို့သော် မွေးရာပါ ဝိညာဥ် အဆင့်၆ နတ်မိစ္ဆာဝိညာဥ်များ ရုတ်တရက် ပေါ်ထွက်လာကာ သူ့ကို ဝိုင်းရံလာခဲ့သည်။

၎င်းတို့က တိုက်ခိုက်လာခဲ့ပြီး သူက အဆက်မပြတ် နောက်ဆုတ်သွားခဲ့ရကာ ရှုံးနိမ့်တော့မည့်အလား ဖြစ်သွားခဲ့သည်။ အဆုံးတွင် မွေးရာပါ ဝိညာဥ်နယ်ပယ် ကျင့်ကြံသူများစွာ ပေါ်ထွက်လာခဲ့ကာ သူ့ဘက်သို့ တဟုန်ထိုး ပြေးတက်လာကြသည်။

မွေးရာပါ ဝိညာဥ်အဆင့်၈ ပညာရှင်တစ်ဦးက မွေးရာပါ ဝိညာဥ် အဆင့်၇ နတ်မိစ္ဆာတစ်ကောင်ကို ခုန်အုပ်လိုက်ပြီး တစ်ခြားလူများကမူ မွေးရာပါ ဝိညာဥ် အဆင့်၆ အကောင်များကို ကိုယ်စီကိုယ်စီ ကိုင်တွယ်နေခဲ့ကြသည်။

လုချန်ရှန်းသည် ထိုလူများက သူအကူအညီ လိုနေသည့် အချိန်တွင် အချိန်ကိုက် ပေါ်ထွက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူသည် ထိုလူများက ဘာကြံနေလဲဆိုသည်ကို တွေးတောစဥ်းစားနေတော့သည်။ ကျေးဇူးကြွေးတင်အောင် လုပ်နေတာလားဟ။

၎င်းတို့သာလျှင် မဟုတ်ဘဲ ကြင်နာတတ်သော မျက်နှာထားဖြင့် အဘိုးအိုတစ်ဦးက လုချန်ရှန်း၏ အရှေ့သို့ ရောက်လာခဲ့ကာ အပြုံးဖြင့် စကားစပြောလာခဲ့၏ “ မိတ်ဆွေလေး မင်းအဆင်ပြေရဲ့လား “

လုချန်ရှန်းမှ ငေးကြည့်နေခဲ့ရာ ထိုလူများက အမှန်ပင် ထျန်းကျီစံအိမ်နှင့် ထျန်းရီ မြင့်မြတ်နယ်မြေ၏ လူများသာ ဖြစ်နေခဲ့သည်။

--

………………………………………………………………………………………………………………………………………

All Chapters