← Chapters

အခန်း (၄၄၃-၄၄၄)

Vol. 45 Ch. 443-444

အခန်း (၄၄၃-၄၄၄)

Vol. 45 Ch. 443-444

အခန်း (၄၄၃)

မိဖုရားကြီးရှီ ကွယ်လွန်သွားပြီးနောက် ချင်တိုင်းပြည်ရဲ့ဘုရင်သည် ဇနီးဖြစ်သူ၏ နောက်ဆုံးဆန္ဒအတိုင်း ဈာပနအခမ်းအနားကို ရိုးရိုးရှင်းရှင်းသာ ကျင်းပပေးခဲ့လေ၏။

ချင်တိုင်းပြည်၏ ဓလေ့ထုံးတမ်းများအရ မိဘများ၏ ဈာပနကို သားသမီးများကသာ ဦးစီးကျင်းပလေ့ရှိပေသည်။

ထို့ကြောင့် မိဖုရားကြီးရှီ၏ ဈာပနတွင် လက်ရှိချင်တိုင်းပြည်ရဲ့ဘုရင်၏ တစ်ဦးတည်းသော တရားဝင်သမီးတော်ဖြစ်သည့် ချင်စီယောင်က သူမ၏ မျက်ရည်များကို အတင်းအကျပ် ထိန်းချုပ်ကာ မိခင်ဖြစ်သူ၏ ဈာပနကို ဦးစီးခဲ့ပြီး မိခင်ကို မြေမြှုပ်သင်္ဂြိုဟ်သည်အထိ စောင့်ကြည့်ပေးခဲ့လေသည်။

ဈာပနပြီးဆုံးသွားသောအခါ ချင်စီယောင်သည် ဝမ်းနည်းခြင်းအထိမ်းအမှတ် ဝတ်စုံကို ဝတ်ဆင်ကာ မိခင်ဖြစ်သူအတွက် ဆုတောင်းပေးရန် ဘိုးဘေးနတ်ကွန်းထဲ၌ ဒူးထောက်နေခဲ့၏။

ရှောင်မိုသည် ဘိုးဘေးနတ်ကွန်းဆီသို့ ရောက်ရှိလာခဲ့ချေပြီ။

အမျိုးသမီးငယ်လေးသည် သူမ၏ ကျောပြင်ကို မတ်မတ်ထားကာ ခေါင်းကိုမော့လျက် သူမ၏ မိခင်၊ အစ်ကိုကြီးနှင့် ဒုတိယအစ်ကိုတို့၏ ဝိညာဉ်ကမ္ပည်းပြားများကို ငေးကြည့်နေခဲ့လေသည်။

ရှည်လျားသော မျက်တောင်ကော့ကော့လေးများအောက်မှ ဖန်သားပြင်ကဲ့သို့ ကြည်လင်နေသော မျက်ဝန်းလေးများက ညင်သာစွာ ပုတ်ခတ်နေပြီး အနည်းငယ် ငေးမောတွေဝေနေပုံရသည်။

သူမသည် မည်သည့်အခါမျှ ပြန်လည်မရနိုင်တော့သည့် ကလေးဘဝက နေ့ရက်များကို ပြန်လည်လွမ်းဆွတ်တမ်းတနေခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပေ၏။

ရှောင်မိုက ရှေ့သို့ လှမ်းတက်သွားပြီး အမွှေးတိုင်သုံးတိုင်ကို ထွန်းညှိကာ အရိုအသေပေးလိုက်ပြီးနောက် ချင်စီယောင်၏ ဘေးတွင် ဝင်ထိုင်လိုက်လေသည်။

ရှောင်မိုက အမျိုးသမီးလေးအား သူ၏ရင်ခွင်ထဲသို့ ညင်သာစွာ ဆွဲသွင်းလိုက်ပြီး တိုးတိတ်စွာ ပြောလိုက်၏။ "အတင်းကြီး အောင့်အည်းသည်းခံမနေပါနဲ့။ ငိုလိုက်လို့ စိတ်သက်သာရာရသွားမယ်ဆိုရင် ငိုချလိုက်ပါ"

ရှောင်မို၏ ရင်ခွင်ကို မှီတွယ်ထားရင်း ချင်စီယောင်က သူ၏ အင်္ကျီကော်လာကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

မကြာမီမှာပင် ချင်စီယောင် တုန်ယင်လာသည်ကို ရှောင်မို ခံစားလိုက်ရပေသည်။

သူမ၏ မျက်ရည်များက ရှောင်မို၏ အဝတ်အစားများကို စိုရွှဲသွားစေခဲ့၏။

အစပိုင်းတွင် ချင်စီယောင်က တိုးတိတ်စွာသာ ငိုကြွေးနေခဲ့သည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ၊

သူမ၏ မျက်ရည်များကို တားဆီး၍ မရနိုင်တော့ချေ။

သူမက ရှောင်မို၏ အဝတ်အစားများကို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်လာခဲ့သည်။

သူမ၏ ငိုကြွေးသံများမှာလည်း ပို၍ပို၍ ရင်ကွဲနာကျည်းဖွယ် ကောင်းလာခဲ့လေတော့သည်။

သူမကို ထားရစ်ခဲ့သူမှာ သူမအပေါ် အတင်းကျပ်ဆုံးဖြစ်ခဲ့သလို၊ သူမကို အချစ်ဆုံးသူလည်း ဖြစ်နေခဲ့သည် မဟုတ်ပါလော။

အချိန်မည်မျှ ကြာအောင် ငိုကြွေးနေခဲ့မိသည် မသိ၊ ချင်စီယောင်သည် ရှောင်မို၏ ရင်ခွင်ထဲ၌ တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့လေ၏။

ရှောင်မို ငုံ့ကြည့်လိုက်သောအခါ ချင်စီယောင်သည် သူ၏ ရင်ဘတ်ရှိ အင်္ကျီစကို ဆုပ်ကိုင်ထားဆဲဖြစ်သော်လည်း ငိုကြွေးခြင်းကြောင့် သူမ၏ အင်အားများအားလုံး ကုန်ခမ်းသွားခဲ့ပြီး သူ၏ရင်ခွင်ထဲ၌ ငြိမ်သက်စွာ အိပ်မောကျသွားခဲ့ချေပြီ။

ရှောင်မိုက ချင်စီယောင်ကို ပွေ့ချီကာ သူမ၏ အိပ်ဆောင်ဆီသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့လေသည်။

ဆီးနှင်းမင်းသား၏ ရင်ခွင်ထဲမှ မင်းသမီးလေးကို မြင်လိုက်ရသောအခါ ဟွာရှန်း၏ ရင်ထဲ၌ အလွန်တရာ နာကျင်ကြေကွဲသွားရပေသည်။

ဟွာရှန်းက ရေတစ်ဇလုံကို အမြန်သွားယူလာပြီး ချင်စီယောင်၏ မျက်နှာပေါ်ရှိ မျက်ရည်စများကို ကူညီသုတ်သင်ပေးလိုက်၏။

"သခင်လေး... သွားစရာရှိတာ သွားပါတော့။ မင်းသမီးကို ကျွန်မ သေချာဂရုစိုက်ပေးထားပါ့မယ်"

ဟု ဟွာရှန်းက ရှောင်မိုအား ပြောလိုက်သည်။

ရှောင်မို ငယ်ရွယ်စဉ်ကာလက ဟွာရှန်းသည် သူ့ကို သခင်လေးဟုသာ ခေါ်ဝေါ်လေ့ရှိခဲ့သည်။

ယခုအခါ ရှောင်မို အရွယ်ရောက်လာပြီး မင်းသားဘွဲ့ကိုပင် ရရှိနေပြီ ဖြစ်သော်ငြား၊ ဟွာရှန်းက သူ့ကို သခင်လေးဟုသာ ဆက်လက်ခေါ်ဝေါ်နေဆဲပင်။

ဟွာရှန်းအတွက်တော့ ရှောင်မိုသည် အသက်ဘယ်လောက်ပင် ကြီးလာပါစေ၊ ဂုဏ်အဆင့်အတန်း မည်မျှပင် မြင့်မားလာပါစေ၊ သူမ၏ မျက်လုံးထဲတွင် မည်သည့်အခါမျှ ပြောင်းလဲသွားခြင်း မရှိခဲ့သည့်အလားပင်။

"ဒါဆိုလည်း အစ်မဟွာရှန်းကိုပဲ အပ်ထားခဲ့ပါတော့မယ်" ရှောင်မိုက ခေါင်းညိတ်လိုက်ပြီး ချင်စီယောင်ကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်လေသည်။

"သခင်လေး စိတ်ချလက်ချသာ သွားပါ။ မင်းသမီးက အပြင်ပန်းကြည့်ရင် အရမ်းကို ပျော့ညံ့လွယ်ပုံရပေမဲ့ တကယ်တမ်းကျတော့ သူမက အရမ်းကို ခိုင်မာတဲ့သူပါ" ဟွာရှန်းက ရှောင်မိုကို နှစ်သိမ့်ပေးလိုက်၏။ "ကျွန်မတို့အားလုံး တွေးထင်ထားတာထက်ကို ပိုပြီး သန်မာပါတယ်"

"ကျွန်တော် သိပါတယ်"

ရှောင်မိုက အိပ်မောကျနေသော အမျိုးသမီးလေးကို ကြည့်လိုက်သည်။

"ကျွန်တော် သိပါတယ်"

ရက်အနည်းငယ် ကြာပြီးနောက် ချင်စီယောင်သည် သူမမိခင်၏ ပစ္စည်းများကို ရှင်းလင်းစီစဉ်ပြီးသည်နှင့် ခမည်းတော်အား နိုင်ငံတော်ရေးရာများ ကူညီဆောင်ရွက်ပေးရန် စာကြည့်ဆောင်ဆီသို့ ပြန်လည်ရောက်ရှိလာခဲ့လေတော့သည်။

ညနေပိုင်းရောက်လျှင် ချင်စီယောင်က စာကြည့်ဆောင်မှ ထွက်ခွာလာပြီး ဆီးနှင်းမင်းသားအိမ်တော်သို့ ပြန်လာကာ ရှောင်မိုအတွက် ညစာချက်ပြုတ်ပေးလေ့ရှိသည်။

ညဘက်များတွင် သူတို့နှစ်ဦးသည် အတူတကွ ကြယ်ရောင်စုံသော ကောင်းကင်ကြီးကို ငေးကြည့်ရင်း ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုတတ်ကြ၏။

သို့သော်လည်း ယခင်ကနှင့်မတူဘဲ ချင်စီယောင်သည် ကိုယ်တိုင်ဦးဆောင်၍ ကျင့်ကြံခြင်းကို စတင်လာခဲ့လေသည်။

အတိတ်ကဆိုလျှင် ချင်စီယောင်၏ ကျင့်ကြံမှုမှာ အလွန်တရာ နှေးကွေးပျင်းရိလှ၏။ ရှောင်မို၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာပြီး သက်တမ်းပိုမို ရှည်ကြာလာမှသာ ချင်စီယောင်ကလည်း ဖြည်းဖြည်းချင်း လိုက်လံကျင့်ကြံလေ့ရှိသည်။

သို့သော် ယခုအခါတွင်မူ ချင်စီယောင်၏ ကျင့်ကြံခြင်းအပေါ် စိတ်အားထက်သန်မှုမှာ ယခင်ကထက် များစွာ မြင့်မားလာခဲ့ချေပြီ။

"ရှောင်မို... ဒီနေ့ကစပြီး ရှင်နဲ့အတူ ယှဉ်တွဲရပ်တည်ချင်ပြီ"

ချင်စီယောင် လေးလေးနက်နက် ကျင့်ကြံနေသည့် မျက်နှာထားကို ကြည့်ရင်း ရှောင်မိုက သူမ ယခင်က ပြောခဲ့ဖူးသော စကားများကို ပြန်လည်သတိရမိသွားလေ၏။

ခဏတာမျှ ရှောင်မိုမှာ ဝမ်းသာရမည်လား သက်ပြင်းချရမည်လားပင် မသိနိုင်အောင် ဖြစ်သွားရပေသည်။

အကယ်၍သာ ဖြစ်နိုင်မည်ဆိုပါက သူ၏ရှေ့မှ မိန်းမပျိုလေးကို မည်သည့်အခါမျှ အရွယ်မရောက်စေချင်ဘဲ ကလေးလေးတစ်ယောက်အဖြစ်သာ ရှိနေစေချင်မိသည်။

သို့ရာတွင် ဤလောကကြီးက သူမကို အနောက်မှနေ၍ တွန်းအားပေးနေပြီး ရှေ့သို့ အဆက်မပြတ် ဆက်လျှောက်သွားရန် အတင်းအကျပ် ဖိအားပေးနေသည့်အလားပင်။

ကျင့်ကြံခြင်းအပြင် ချင်စီယောင်က ရှောင်မိုအား နန်းတွင်းရေးရာများနှင့် နိုင်ငံရေးကိစ္စရပ်များကိုပါ မေးမြန်းလေ့ရှိလေသည်။

ဤနန်းတွင်းကိစ္စများနှင့် ပတ်သက်၍ ရှောင်မိုက သူသိထားသမျှ အရာအားလုံးကို ဖုံးကွယ်ထားခြင်းမရှိဘဲ သူမအား ဝေမျှပြောပြခဲ့၏။

ချင်စီယောင်မှာလည်း ရှောင်မို၏ အမြော်အမြင် ကြီးမားမှုများကြောင့် မကြာခဏ အံ့အားသင့်ရလေသည်။

တကယ်တမ်း၌ ရှောင်မိုသည် နန်းတွင်းရေးရာများနှင့် ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ နားလည်ထားကြောင်း ချင်စီယောင် သိရှိထားသော်လည်း ဤမျှလောက်အထိ နက်နက်ရှိုင်းရှိုင်း သိမြင်နေလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။

သူမ အမြဲခံစားမိသည်မှာ ရှောင်မိုသည် စစ်မြေပြင်တွင် တပ်များကို ဦးဆောင်တိုက်ခိုက်ရန်သာ တတ်ကျွမ်းသော စစ်သူကြီးတစ်ဦး မဟုတ်ဘဲ နန်းတွင်းနှင့် အရာရှိလောကတွင် နှစ်ပေါင်းများစွာတိုင် ကျင်လည်ခဲ့ဖူးသူ တစ်ဦးနှင့် ပိုတူနေသည်ဟုပင်တည်း။

သတိမထားမိလိုက်ချိန်မှာပင် နောက်ထပ် တစ်နှစ်တိတိ ကုန်လွန်သွားခဲ့ချေပြီ။

ချီတိုင်းပြည်သည် သူတို့၏ အကူအညီကို ရယူရန် မျှော်လင့်ချက်ဖြင့် ကျွန်းတစ်သောင်းနိုင်ငံဆီသို့ သံတမန်များ စေလွှတ်ခဲ့ကြောင်း သတင်းကို ဖုန်းဆိုးမျှော်စင်မှတစ်ဆင့် ရှောင်မို လက်ခံရရှိခဲ့လေသည်။

ထို ကျွန်းတစ်သောင်းနိုင်ငံဆိုသည်မှာ ထျန်းယွင်ပင်လယ်အတွင်း တည်ရှိသော အကြီးအသေး ကျွန်းပေါင်း သောင်းနှင့်ချီ၍ ဖွဲ့စည်းထားသည့် နိုင်ငံတစ်ခု ဖြစ်၏။

ကျွန်းတစ်သောင်းနိုင်ငံ၏ အုပ်စိုးရှင်မှာ ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ပင်လယ်ရေပြင်တစ်ခုလုံးကို စိုးမိုးအုပ်ချုပ်ထားပေသည်။

တိုင်းပြည်တစ်ခုဟု ခေါ်ဆိုကြသော်လည်း ကျွန်းတစ်သောင်းနိုင်ငံသည် တကယ်တမ်း၌ တိုင်းပြည်အဖြစ် အသွင်ယူထားသော ဂိုဏ်းတစ်ခုသာလျှင် ဖြစ်လေသည်။

ချီတိုင်းပြည်သည် နှစ်တစ်ထောင်တိုင်တိုင် စစ်ပွဲနိုင်ငံများကြားတွင် ဩဇာအာဏာ အကြီးမားဆုံးနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ခြင်း၏ အကြောင်းရင်းတစ်စိတ်တစ်ပိုင်းမှာ ၎င်းတို့သည် ပင်လယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ကျွန်းတစ်သောင်းနိုင်ငံနှင့် မကြာခဏ ကုန်သွယ်မှုပြုလုပ်ကာ ဓနဥစ္စာအမြောက်အမြားကို စုဆောင်းနိုင်ခဲ့သောကြောင့်ပင်တည်း။

ချီတိုင်းပြည်သည် ကျွန်းတစ်သောင်းနိုင်ငံနှင့် မကြာခဏ အပြန်အလှန် ဆက်သွယ်မှုများ ရှိခဲ့သောကြောင့် သူတို့၏ ဆက်ဆံရေးမှာ အမှန်တကယ်ပင် အတော်လေး နက်ရှိုင်းလှပေသည်။

ယခုတစ်ကြိမ်တွင် ချင်တိုင်းပြည်သည် အနန္တဓမ္မလောက တစ်ခုလုံးကို နီးပါး သိမ်းပိုက်ပေါင်းစည်းနိုင်ခဲ့ပြီဖြစ်ပြီး ချီတိုင်းပြည်နှင့် ကျောက်တိုင်းပြည်၏ တစ်ဝက်ခန့်သာ ကျန်ရှိတော့သဖြင့် ချီတိုင်းပြည်မှာ သဘာဝကျကျပင် အထိတ်တလန့် ဖြစ်သွားခဲ့ရလေသည်။

ထို့ကြောင့် ချီတိုင်းပြည်သည် ကျွန်းတစ်သောင်းနိုင်ငံထံမှ အကူအညီရယူရန် ရည်ရွယ်ခဲ့ပြီး သူတို့အား အနန္တဓမ္မလောက၏ နယ်မြေများအပြင် ကောင်းကင်ဘုံက ကောင်းချီးပေးထားသည့် နယ်မြေများနှင့် လျှို့ဝှက်ဆန်းကြယ်သည့် နယ်မြေအသီးသီးကိုပါ ပေးအပ်မည်ဟု ကတိပြုခဲ့ကြ၏။

ထို့အပြင် ကျောက်တိုင်းပြည်က မိစ္ဆာမျိုးနွယ်များနှင့် ပူးပေါင်းကြံစည်နေသည့် ကိစ္စမှာလည်း အဆန်းတကြယ် မဟုတ်တော့ချေ။

လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်တို့သည် တစ်ဖက်နှင့်တစ်ဖက်၏ စစ်ပွဲများတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် ယခင်က သဘောတူစာချုပ် ချုပ်ဆိုထားခဲ့ဖူးသည်။

သို့သော် လက်ရှိအချိန်တွင် ရှီးကူတိုင်းပြည်နှင့် လျိုဟော်တိုင်းပြည်တို့က လူသားနိုင်ငံများဆီသို့ တပ်များ တိုက်ရိုက်စေလွှတ်ခဲ့သော်လည်း မိစ္ဆာကမ္ဘာဘက်မှ မည်သည့်ကန့်ကွက်သံကိုမျှ မကြားရပေ။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် မိစ္ဆာကမ္ဘာက ဤလုပ်ရပ်ကို တိတ်တဆိတ် ခွင့်ပြုပေးထားခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း သိသာထင်ရှားနေလေသည်။

မိစ္ဆာကမ္ဘာ၏ တွေးခေါ်ပုံကို ရှောင်မို နားလည်နိုင်ပါ၏။

ယနေ့ခေတ်ကာလတွင် မိစ္ဆာကမ္ဘာအတွင်းရှိ မျိုးနွယ်စုအသီးသီးသည် ရန်ငြိုးများဖြင့် ရစ်ပတ်ရှုပ်ထွေးနေကြပြီး၊ ကိုယ်ပိုင်စစ်ပွဲများ ဆင်နွှဲကာ အချင်းချင်း သတ်ဖြတ်ချေမှုန်းနေကြလေသည်။

အကယ်၍ လူသားမျိုးနွယ်များကလည်း ကမောက်ကမ စစ်ပွဲများဆင်နွှဲပြီး အချင်းချင်း ချေမှုန်းနေကြမည်ဆိုပါက သူတို့အနေဖြင့် လက်ခံနိုင်ပေလိမ့်မည်။

သို့သော် ယခုအခါတွင်မူ အနန္တဓမ္မလောကရှိ လူသားများသည် တစ်ပေါင်းတစ်စည်းတည်း ဖြစ်လာတော့မည် မဟုတ်ပါလော။ ဤအရာကို မည်သို့လုပ် ခွင့်ပြုနိုင်မည်နည်း။

ထိုသို့ဆိုလျှင် မိစ္ဆာကမ္ဘာက မည်သို့လုပ် စိတ်အေးချမ်းသာ အိပ်ပျော်နိုင်တော့မည်နည်း။

ပြင်ပအင်အားစုများ ပါဝင်ပတ်သက်လာခြင်းက စစ်ပွဲကို ယခင်ကထက် ပိုမိုခက်ခဲကြမ်းတမ်းသွားစေမည် ဖြစ်သော်လည်း၊ ရှောင်မိုကမူ နောက်ဆုတ်ရန် မည်သည့်အခါကမျှ မတွေးတောခဲ့ပေ။

ဤသည်မှာ အနန္တဓမ္မလောကကို သိမ်းပိုက်ပေါင်းစည်းရန်အတွက် အကောင်းဆုံးသော အခွင့်အရေးကြီး ဖြစ်သည်။ အကယ်၍ ဤအခွင့်အရေးကိုသာ လက်လွတ်ခံလိုက်ရပါက နောက်ထပ် နှစ်ပေါင်းထောင်သောင်းချီ၍ စောင့်ဆိုင်းရဦးမည်ကို မည်သူက သိနိုင်မည်နည်း။

ထို့အပြင် ရှောင်မိုဘက်တွင်လည်း ကြိုတင်ပြင်ဆင်မှုများ မရှိဘဲ နေခဲ့ခြင်း မဟုတ်ချေ။

အထူးတပ်ဖွဲ့များကို လေ့ကျင့်ပေးခြင်းနှင့် တပ်သားသစ်များ စုဆောင်းခြင်းအပြင်၊ ရှောင်မိုသည် သူ၏ စစ်သူကြီးအသီးသီးကို စေလွှတ်၍ တောင်ပေါ်ရှိ ဂိုဏ်းများကို သွားရောက် လည်ပတ် စေခဲ့လေသည်။

ဤဂိုဏ်းများသည် ချင်တိုင်းပြည်၏ ပိုင်နက်နယ်မြေအတွင်း တည်ရှိနေကြသရွေ့ ချင်တိုင်းပြည်၏ အမိန့်များကို နာခံကြရမည်သာ ဖြစ်ပေသည်။

ဤကျင့်ကြံခြင်းဂိုဏ်းများသည် သူတို့၏ ကျင့်ကြံသူ လေးဆယ်မှ ငါးဆယ်ရာခိုင်နှုန်းခန့်ကို ချင်တပ်မတော်သို့ ဝင်ရောက်ရန် စေလွှတ်ပေးရမည်ဖြစ်ပြီး၊ သူတို့၏ ကျင့်ကြံခြင်းအဆင့်မှာ အနည်းဆုံး အုတ်မြစ်ချခြင်းအဆင့်၌ ရှိရမည်ဟု ရှောင်မိုက တောင်းဆိုခဲ့၏။

အကယ်၍ သူတို့က သဘောမတူခဲ့ပါက နှင်းနင်းနဂါးမြင်းသည်တော်တပ်ဖွဲ့က ထိုနေရာများကို မြေကြီးနှင့်တစ်ပြေးညီ ဖြစ်သွားအောင် နင်းခြေဖျက်ဆီးပစ်ကြပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ကောင်းကင်ဘုံက ကောင်းချီးပေးထားသော နယ်မြေများနှင့် လျှို့ဝှက်ဆန်းကြယ်သည့် နယ်မြေများမှာ အမြဲတမ်း တည်ရှိနေမည်ဖြစ်သော်လည်း ဂိုဏ်းများကမူ ယာယီမျှသာ ဖြစ်သည်။

ဂိုဏ်းတစ်ခု ပျက်စီးသွားပါက နောက်ထပ် ဂိုဏ်းအသစ်တစ်ခုကို ထောက်ပံ့ပေး၍ ရနိုင်သည် မဟုတ်ပါလော။

အစပိုင်းတွင် ချင်တိုင်းပြည်၏ ဆင့်ခေါ်မှုကို မလိုက်နာလိုဘဲ ခေါင်းမာနေကြသော ဂိုဏ်းအနည်းငယ် အမှန်တကယ်ပင် ရှိနေခဲ့ပြီး "မင်းတို့ မင်းဆက်ရဲ့ စစ်ပွဲက ငါတို့ဂိုဏ်းနဲ့ ဘာဆိုင်လို့လဲ" ဟု တွေးတောနေခဲ့ကြသည်။

သို့သော် ရှောင်မိုက ဂိုဏ်းအနည်းငယ်ကို အမှန်တကယ်ပင် ဖျက်ဆီးပစ်လိုက်သောအခါ ကျန်ရှိနေသော ဂိုဏ်းများမှာ ချက်ချင်းပင် အလိုက်သိလိမ်မာသွားကြပြီး တစ်ဂိုဏ်းပြီးတစ်ဂိုဏ်း ပူးပေါင်းပါဝင်လာခဲ့ကြလေတော့သည်။

ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် သို့မဟုတ် မသေမျိုးအဆင့်ရှိ ဘိုးဘေးများ ပိုင်ဆိုင်ထားသော အချို့ဂိုဏ်းများပင်လျှင် ချင်တိုင်းပြည်နှင့် ထိပ်တိုက် မရင်ဆိုင်လိုကြချေ။

ပထမအချက်အနေဖြင့် ဤအထက်သုံးဆင့်မှ ကျင့်ကြံသူများသည် သူတို့၏ အသက်ကို အလွန်တန်ဖိုးထားကြပြီး ရှောင်မို၏ နာမည်ဆိုးဖြင့် ကျော်ကြားမှုများအရ အကယ်၍ သူသာ ဒေါသထွက်သွားပါက နှင်းနင်းနဂါးမြင်းသည်တော်တပ်ဖွဲ့ကို အမိန့်ပေးကာ သူတို့၏ဂိုဏ်းများကို ဝင်ရောက်စီးနင်းခိုင်းလိမ့်မည်ဟု အမှန်တကယ် ယုံကြည်ထားကြသည်။

ဒုတိယအချက်မှာ ချင်တိုင်းပြည်က ကမ်းလှမ်းထားသော အခွင့်အရေးများမှာ အမှန်တကယ်ပင် အလွန်ကောင်းမွန်နေခြင်း ဖြစ်ပေသည်။

အကယ်၍ ကျင့်ကြံသူများအနေဖြင့် စစ်ဘက်ဆိုင်ရာ ရာထူးများ သို့မဟုတ် ဘွဲ့ထူးဂုဏ်ထူးများကို မလိုလားပါက ချင်တိုင်းပြည်က သူတို့ကို ကောင်းကင်နှင့်မြေကြီး ရတနာများ ပိုမိုပေးအပ်မည်ဖြစ်သည်။

ထို့အပြင် ရှောင်မိုမှာ အလွန်တရာ ရက်ရောသူဖြစ်ပြီး ဂိုဏ်း၏ တာဝန်များထမ်းဆောင်ခြင်းမှ ရရှိမည့်အရာများထက် များစွာပိုမိုမြင့်မားသော ဆုလာဘ်များကို ကမ်းလှမ်းထားလေသည်။

ထို့ကြောင့် ချင်တိုင်းပြည်ကို ဆန့်ကျင်နေမည့်အစား ဤဂိုဏ်းများအနေဖြင့် သူတို့၏ တပည့်များကို စစ်မှုထမ်းရန် စေလွှတ်လိုက်ခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။ ဤသည်က တပည့်များအတွက် အတွေ့အကြုံသစ်များ ရရှိစေနိုင်ရုံသာမက ဂိုဏ်းများအနေဖြင့်လည်း ၎င်းတို့ထံမှ ရာခိုင်နှုန်း အချို့ကို ဖြတ်တောက်ရယူနိုင်မည် မဟုတ်ပါလော။

နောက်ဆုံးတွင်မူ ရှောင်မိုသည် ကောင်းကင်စက်ဝန်းမြို့တော်ဆီသို့ ကိုယ်တိုင်သွားရောက်ခဲ့လေ၏။

ကောင်းကင်စက်ဝန်းမြို့တော်မှာ ချူနယ်မြေအတွင်း၌ တည်ရှိသည်။

ကောင်းကင်စက်ဝန်းမြို့တော်၏ မြို့သခင်မှာ မသေမျိုးအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး သူ၏ ထျန်းယန်ပညာရပ် က ကောင်းကင်၏ လျှို့ဝှက်ချက်များကို ဟောကိန်းထုတ် တွက်ချက်ပေးနိုင်စွမ်း ရှိလေသည်။

ကောင်းကင်စက်ဝန်းမြို့တော်သည် အမြဲတမ်း ဘက်မလိုက်ဘဲ ကြားနေလေ့ရှိပြီး ၎င်း၏ တပည့်များသည် နေရာအနှံ့အပြားမှ ဂိုဏ်းသားများ၊ တကိုယ်တော်ကျင့်ကြံသူများအတွက် ဗေဒင်တွက်ချက် ဟောကိန်းထုတ်ပေးလေ့ ရှိကြသည်။

ထို့ကြောင့် ကောင်းကင်စက်ဝန်းမြို့တော်သည် အဆက်အသွယ် အမြောက်အမြားကို စုဆောင်းရရှိထားပြီး ချူတိုင်းပြည်၏ ဧကရာဇ်အဆက်ဆက်ကပင် ကောင်းကင်စက်ဝန်းမြို့တော်၏ မြို့သခင်အပေါ် လေးလေးစားစား ဆက်ဆံခဲ့ကြပေသည်။

သို့သော် ထိုအရာများကို ရှောင်မိုက ဂရုမစိုက်ခဲ့ချေ။

ကောင်းကင်စက်ဝန်းမြို့တော်မှ တပည့်အများစုမှာ တာအိုကျင့်ကြံသူများ သို့မဟုတ် မှော်ဝင်္ကပါများတွင် ကျွမ်းကျင်သော ယင်ယန်ကျင့်ကြံသူများ ဖြစ်ကြသည်။ မကြာမီ ဖြစ်ပွားလာတော့မည့် မဟာစစ်ပွဲကြီးအတွက် သူတို့ကို ရှောင်မိုက အလွန်တရာ လိုအပ်နေပေသည်။

ရှောင်မိုက သူ၏တပ်မတော်ကို ကိုယ်တိုင်ဦးဆောင်ကာ ကောင်းကင်စက်ဝန်းမြို့တော်၏ မြို့တံခါးဝသို့ ရောက်ရှိလာချိန်တွင်ကား၊

ကောင်းကင်စက်ဝန်းမြို့တော်၏ မြို့သခင်က သူ၏တပည့်များကို ဦးဆောင်ကာ မြို့တံခါးဝ၌ ကြိုတင်စောင့်ဆိုင်းနေခဲ့ချေပြီ။

"ဒီအဘိုးအို ဝေ့ရှင်းဇီက ဆီးနှင်းမင်းသားကို ဂါရဝပြုပါတယ်"

ကောင်းကင်စက်ဝန်းမြို့တော်၏ မြို့သခင်က ရှောင်မိုအား လေးလေးစားစားဖြင့် အရိုအသေပေးလိုက်လေ၏။

တစ်ဖက်လူက သူ့အပေါ် ဤမျှ ယဉ်ကျေးပျူငှာစွာ ဆက်ဆံနေသည်ကို မြင်လိုက်ရသောအခါ ရှောင်မိုလည်း သဘာဝကျကျပင် သူ၏ ထက်မြက်ပြင်းထန်သော အရှိန်အဝါများကို ပြန်လည်ရုပ်သိမ်းလိုက်လေသည်။

ရှောင်မိုက မြင်းပေါ်မှ ဆင်းလိုက်ပြီး ကောင်းကင်စက်ဝန်း မြို့သခင်အား ပြန်လည်အရိုအသေပေးရန် အမြန်လျှောက်သွားလိုက်သည်။ "ချင်တိုင်းပြည်က ရှောင်မိုက မြို့သခင်ကြီးကို ဂါရဝပြုပါတယ်။ ဒီနေ့ ရုတ်တရက် ရောက်လာမိတဲ့အတွက် ခွင့်လွှတ်ပေးပါခင်ဗျာ"

"ဆီးနှင်းမင်းသားက သိပ်ကို နှိမ့်ချလွန်းနေပါပြီ" ဝေ့ရှင်းဇီက ပြုံးလျက် သူ၏အမူအရာကို သိသိသာသာ နှိမ့်ချကာ ပြောလိုက်၏။ ဤသည်မှာ ရှောင်မိုအား မျက်နှာသာ အတော်လေး ပေးလိုက်ခြင်းပင် ဖြစ်ပေသည်။ "ဆီးနှင်းမင်းသားရဲ့ ကြီးမြတ်လှတဲ့ နာမည်ကို ကြားနေရတာ ကြာပါပြီ။ ဒီကနေ့ မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရချိန်မှာတော့ ဆီးနှင်းမင်းသားက တကယ်ကို ထူးခြားပြောင်မြောက်လွန်းလှပါတယ်။ မင်းသားရဲ့ အရှိန်အဝါက ခြင်္သေ့တစ်ကောင်လို ကြီးကျယ်ခမ်းနားနေရုံသာမကဘဲ၊ ပညာရှင်တစ်ယောက်ရဲ့ ကျက်သရေမျိုးကိုလည်း ပိုင်ဆိုင်ထားပါလား"

"စီနီယာက မြှောက်ထိုးပင့်ကော် သိပ်လုပ်လွန်းနေပါပြီ။ ဒီဂျူနီယာကလည်း စီနီယာရဲ့ ထက်မြက်လှတဲ့ ဗေဒင်ဟောကိန်းထုတ်နိုင်စွမ်းတွေကို ကြားဖူးထားပြီး ကြည်ညိုလေးစားနေခဲ့တာ ကြာပါပြီ။ သာမန်အချိန်တွေမှာ တာဝန်တွေ အရမ်းများနေလို့ လာရောက်ဂါရဝမပြုနိုင်ခဲ့တာပါ။ စီနီယာကြီးက ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"

ရှောင်မိုကလည်း တစ်ဖက်လူအား ပြန်လည်မြှောက်ပင့်ပြောဆိုလိုက်ပြီး သူ့ကိုယ်သူ ဂျူနီယာဟု သုံးနှုန်းလိုက်လေသည်။

မည်သို့ပင်ဖြစ်စေ စကားချိုချိုလေးများ ပြောခြင်းက ပိုက်ဆံကုန်သည့်အလုပ်မှ မဟုတ်ဘဲ။ တစ်ဖက်လူ ကြားချင်သလောက် သူ ပြောပေးနိုင်ပါ၏။

"ဟာဟားဟား... ဆီးနှင်းမင်းသားရဲ့ အမှတ်ရမှုကို ခံရတာက ဒီအဘိုးအိုရဲ့ ဂုဏ်ယူစရာပါပဲ။ ဆီးနှင်းမင်းသား... ကျေးဇူးပြုပြီး အထဲကို ဝင်ပါဦး။ ကျွန်တော် ဧည့်ခံပွဲလေး ပြင်ဆင်ထားပါတယ်။ ဆီးနှင်းမင်းသား အနေနဲ့ အပြစ်မတင်ဘူးလို့ မျှော်လင့်ပါတယ်"

"စီနီယာက သိပ်ကို ယဉ်ကျေးလွန်းနေပါပြီ။ ကျေးဇူးပြုပြီး အရင်ကြွပါ"

ရှောင်မိုက အတူပါလာသော လက်ထောက်စစ်သူကြီး သုံးဦးကို ခေါ်ဆောင်ကာ ကောင်းကင်စက်ဝန်းမြို့သခင်နှင့်အတူ မြို့တော်အတွင်းသို့ ဝင်ရောက်သွားလေသည်။

မြို့သခင်အိမ်တော်၌ ဝေ့ရှင်းဇီက ရှောင်မိုနှင့် အခြားသူများအား ကောင်းစွာ ဧည့်ခံကျွေးမွေးလေ၏။

နှစ်ဖက်စလုံးက အရေးမပါလှသော ကိစ္စရပ်များကိုသာ စကားစမြည် ပြောဆိုနေကြပြီး ရှောင်မိုက အဓိကကိစ္စကို ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ချေ။

အရက်ခွက် အတော်များများ သောက်ပြီးသွားသောအခါ ကောင်းကင်စက်ဝန်း မြို့သခင်က အလွန်အလိုက်သိစွာဖြင့် ကိုယ်တိုင်ဦးဆောင်ကာ စကားစလာခဲ့သည်။ "လက်ရှိအချိန်မှာ ချင်တိုင်းပြည်က အရေးကြီးတဲ့ ကာလတစ်ခုကို ရောက်နေပါပြီ။ ကျွန်းတစ်သောင်းနိုင်ငံနဲ့ မိစ္ဆာကမ္ဘာတို့က ကျွန်တော်တို့ အနန္တဓမ္မလောကရဲ့ ကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ဖို့ ရဲတင်းနေကြတယ်။ ဒီကိစ္စကို ကျွန်တော် တကယ်ပဲ သည်းမခံနိုင်တော့ဘူး"

"ဆီးနှင်းမင်းသားသာ အငြိုအငြင် မရှိဘူးဆိုရင်၊ ကျွန်တော့်ရဲ့ ကောင်းကင်စက်ဝန်းမြို့တော်က တပည့်တစ်ဝက်လောက်ကို စစ်သူကြီးနဲ့အတူ စစ်ချီဖို့ စေလွှတ်ပေးပြီး ကျွန်တော်တို့ရဲ့ တတ်စွမ်းသမျှ အင်အားလေးနဲ့ ကူညီပေးဖို့ ဆန္ဒရှိပါတယ်"

"ကျေးဇူးတင်ပါတယ် စီနီယာ ကောင်းကင်စက်ဝန်းမြို့တော်ရဲ့ အကူအညီနဲ့ဆိုရင် ကျွန်တော်တို့အနေနဲ့ ကျွန်းတစ်သောင်းနိုင်ငံနဲ့ မိစ္ဆာမျိုးနွယ်တွေကို သေချာပေါက် တွန်းလှန်နိုင်ပြီး လောကကြီးကို တစ်ပြေးညီ ပေါင်းစည်းနိုင်မယ်လို့ ယုံကြည်ပါတယ်။" ရှောင်မိုက လေးလေးနက်နက် အရိုအသေပေးလိုက်၏။ "ဒါ့အပြင် အရှင်မင်းကြီးရဲ့ ကိုယ်စား ကျွန်တော် အာမခံရဲပါတယ်။ အနာဂတ်မှာ ကောင်းကင်စက်ဝန်းမြို့တော်ဟာ လွတ်လပ်တဲ့မြို့တော်အဖြစ် ဆက်လက်တည်ရှိနေမှာပါ။ ပြီးတော့ တစ်ခုခုများ ဖြစ်လာခဲ့ရင် ကျွန်တော်တို့ ကူညီနိုင်တဲ့ကိစ္စဆိုရင် ချင်တိုင်းပြည်ကလည်း ကူညီပေးသွားမှာပါ"

"ဟာဟားဟား... ဆီးနှင်းမင်းသားက သိပ်ကို ယဉ်ကျေးလွန်းနေပါပြီ။ ဒါက ကျွန်တော်တို့ ကောင်းကင်စက်ဝန်းမြို့တော် လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါပဲ။ ဒါပေမဲ့ ဆီးနှင်းမင်းသားက ဒီလောက်တောင် ပြောလာမှတော့၊ ဆီးနှင်းမင်းသားကို ကျွန်တော် ကျေးဇူးတင်ပါတယ်"

ဝေ့ရှင်းဇီက ပြုံးလိုက်ပြီး ရှောင်မိုအား အရက်ခွက်မြှောက်ကာ ဂုဏ်ပြုလိုက်လေသည်။

နှစ်ဖက်စလုံး၏ စကားပြောဆိုမှုများမှာ ပိုမိုပျော်ရွှင်ဖွယ်ကောင်းလာခဲ့လေ၏။

အစပိုင်းတွင် တစ်ဖက်လူမှာ ချင်တိုင်းပြည်၏ ဆီးနှင်းမင်းသား ဖြစ်နေပြီး သူတို့၏ ကောင်းကင်စက်ဝန်းမြို့တော်ကို တစ်ခုခုများ အမှန်တကယ် လုပ်ဆောင်လာမည်ကို စိုးရိမ်သောကြောင့် ဝေ့ရှင်းဇီက သူ့ကို မြှောက်ပင့်ပြောဆိုနေခဲ့ခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သူက အလွန်တရာ ပျော်ရွှင်နေသည့်အလား အစွမ်းကုန် ဟန်ဆောင်နေခဲ့ခြင်း ဖြစ်ပေသည်။

သို့သော် နောက်ပိုင်းတွင် ဤလူငယ်လေး၏ စကားပြောဆိုမှုနှင့် အသိပညာ ဗဟုသုတများမှာ သူ၏ စိတ်ကူးထက်ပင် ကျော်လွန်နေပြီး လူများကို နွေဦးလေပြေကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနိုင်ကြောင်း ဝေ့ရှင်းဇီ ရှာဖွေတွေ့ရှိသွားခဲ့သည်။ သူတို့ စကားပြောဆိုနေရင်းဖြင့် အသက်အရွယ် ကွာဟမှုများရှိနေသည့်တိုင်အောင် မိတ်ဆွေများကဲ့သို့သော ခံစားချက်မျိုးပင် ပေါ်ပေါက်လာခဲ့လေတော့သည်။

"ဒီရက်ပိုင်းအတွင်းမှာ ကျွန်တော် ဘယ်သူ့အတွက်မှ ဗေဒင်မတွက်ပေးဖြစ်သေးဘူး။ ဆီးနှင်းမင်းသားသာ သဘောတူမယ်ဆိုရင် မင်းသားအတွက် ဗေဒင်တစ်ပုဒ်လောက် ဟောကိန်းထုတ်ပေးချင်ပါတယ်"

ဝိညာဉ်အရက်၏ အရှိန်ကြောင့် အနည်းငယ် ယစ်မူးနေမှုကို အခွင့်ကောင်းယူကာ ဝေ့ရှင်းဇီက နီမြန်းနေသော မျက်နှာဖြင့် သူ၏မုတ်ဆိတ်မွေးများကို ပွတ်သပ်ရင်း ရှောင်မိုအား ပြောလိုက်၏။

"ကျွန်တော် ကြွားပြောနေတာမဟုတ်ဘူးနော်။ ကျွန်တော့်ရဲ့ ထျန်းယန်ပညာရပ်က တော်တော်လေး စွမ်းအားကြီးတာပါ"

"ဒါပေါ့ဗျာ။ ရှေးဟောင်း နတ်ဘုရားပညာရပ်လို့ လူသိများတဲ့ ဒီထျန်းယန်ပညာရပ်ကို ကျွန်တော်လည်း မြင်တွေ့ချင်ပါတယ်" ဟု ရှောင်မိုက ပြုံးလျက် ပြောလိုက်သည်။

"ဟာဟားဟား... လွယ်ပါတယ်ဗျာ။ ဆီးနှင်းမင်းသား၊ ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ"

ဝေ့ရှင်းဇီ၏ ဦးဆောင်မှုဖြင့် ရှောင်မိုသည် မဏ္ဍပ်တစ်ခုဆီသို့ ရောက်ရှိလာခဲ့လေသည်။

မဏ္ဍပ်အတွင်းသို့ ဝင်ရောက်သွားသောအခါ ရှောင်မို မြင်တွေ့လိုက်ရသည်မှာ မိမိ၏ လက်ကိုပင် သေချာမမြင်ရလောက်အောင် မှောင်မိုက်နေသော အမှောင်ထုကြီးပင် ဖြစ်၏။

နေ့ခင်းဘက် အချိန်ဖြစ်နေသည်မှာ ထင်ရှားလှသော်လည်း၊ ဤမဏ္ဍပ်က ပြင်ပကမ္ဘာမှ အလင်းရောင်အားလုံးကို ဖြတ်တောက်ထားလေသည်။

သို့သော် ဝေ့ရှင်းဇီက သူ့အပေါ် တစ်စုံတစ်ခု လုပ်ဆောင်လာမည်ကို ရှောင်မို မစိုးရိမ်ခဲ့ပေ။

ရိုးရိုးလေးပြောရလျှင် တစ်ဖက်လူအနေဖြင့် ရဲဝံ့မည် မဟုတ်ချေ။

"ဆီးနှင်းမင်းသား... ခဏလောက် စောင့်ပါဦး"

ဝေ့ရှင်းဇီက ပြောလိုက်ပြီးနောက် အဆောက်အအုံအတွင်းရှိ မှော်ဝင်္ကပါ၏ ဗဟိုချက်ပေါ်သို့ လှမ်းတက်သွားလေသည်။

တစ်ခဏအတွင်းမှာပင် မှော်ဝင်္ကပါမှ ထွက်ပေါ်လာသော အလင်းရောင်များက မဏ္ဍပ်တစ်ခုလုံးကို လင်းထိန်သွားစေခဲ့၏။

ရှောင်မိုက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

မဏ္ဍပ်၏ ကြမ်းပြင်မှာ ယင်နှင့်ယန် ငါးပုံစံများဖြင့် ဖွဲ့စည်းထားပေသည်။

အပေါ်သို့ မော့ကြည့်လိုက်သောအခါ ကောင်းကင်တစ်ပြင်လုံးတွင် ကြယ်များ ပြည့်နှက်နေသည်ကို မြင်တွေ့ရ၏။

သူတို့၏ ပတ်ပတ်လည်တွင် တာအိုအမှတ်အသားများနှင့် ယင်ယန်မှော်စာလုံးများက အဆက်မပြတ် လွင့်မျောနေကြလေသည်။

"ဆီးနှင်းမင်းသား... ကျေးဇူးပြုပြီး ဒီကိုလာပါ" ဟု ဝေ့ရှင်းဇီက ရှောင်မိုအား ပြောလိုက်သည်။

ရှောင်မိုက ခေါင်းညိတ်လိုက်ပြီး ဝေ့ရှင်းဇီ၏ ရှေ့သို့ လျှောက်သွားလိုက်၏။

ဝေ့ရှင်းဇီက စာသားမပါသော အဝါရောင် လက်ဖွဲ့စက္ကူတစ်ရွက်ကို ရှောင်မိုအား ကမ်းပေးလိုက်သည်။ "ဆီးနှင်းမင်းသားသာ ကျွန်တော့်ကို ယုံကြည်တယ်ဆိုရင် မင်းသားရဲ့ မွေးသက္ကရာဇ်နဲ့ အချိန်ကို ရေးပေးပါ"

ရှောင်မိုက လက်ဖွဲ့စက္ကူကို လှမ်းယူလိုက်ပြီး ဝေ့ရှင်းဇီကို တစ်ချက်ကြည့်ကာ သူ၏ မွေးသက္ကရာဇ်နှင့် အချိန်ကို ရေးသားလိုက်လေသည်။

"ဆီးနှင်းမင်းသားက ဘာအကြောင်းကို မေးချင်တာပါလဲ" ဟု ဝေ့ရှင်းဇီက ပြုံးလျက် မေးလိုက်သည်။

ရှောင်မိုက တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက်... "သက်တမ်း"

သူ့အနီးအနားရှိ လူများ တစ်ယောက်ပြီးတစ်ယောက် ကွယ်လွန်သွားကြခြင်းက အထူးသဖြင့် နန်းတွင်းနှင့် စစ်မြေပြင်တွင် ရှိနေသူတစ်ယောက်အတွက် မိုးလင်းနေချိန်မှာပင် မုန်တိုင်းများ ထန်လာနိုင်ကြောင်းကို ရှောင်မိုအား နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်စေခဲ့သည်။

ထို့ကြောင့် သူ လုပ်ဆောင်စရာရှိသည့်အရာများကို အပြီးသတ်နိုင်မည်လားနှင့် သူ့အတွက် အချိန်မည်မျှ ကျန်ရှိနေသေးသနည်း ဆိုသည်ကို ရှောင်မို တွက်ချက်ကြည့်ချင်ခဲ့ခြင်း ဖြစ်ပေသည်။

"ကောင်းပါပြီ"

ဝေ့ရှင်းဇီက ခေါင်းညိတ်လိုက်ပြီး လက်ဖွဲ့စက္ကူကို ယူကာ ပညာရပ်တစ်ခုဖြင့် မီးရှို့လိုက်လေ၏။

လက်ဖွဲ့စက္ကူမှ ပြာများက မှော်ဝင်္ကပါထဲသို့ ကျဆင်းသွားသည်။

ရှောင်မို၏ ခြေအောက်ရှိ မှော်ဝင်္ကပါက ပြောင်းလဲသွားပြီး၊ သူ၏ခေါင်းပေါ်ရှိ ကြယ်များမှာလည်း အဆက်မပြတ် ရွေ့လျားပြောင်းလဲနေလေတော့သည်။

ဝေ့ရှင်းဇီက မြေပြင်ပေါ်၌ တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ၏ ပတ်ပတ်လည်တွင် ထူထပ်လှသော တာအိုအရှိန်အဝါများ ရစ်ပတ်နေခဲ့၏။

အချိန်မည်မျှ ကြာမည်ကို ရှောင်မို မသိသော်လည်း သူက အလောတကြီး မဖြစ်ဘဲ တိတ်ဆိတ်စွာပင် စောင့်ဆိုင်းနေလိုက်သည်။

အမွှေးတိုင်တစ်တိုင်စာ လောင်ကျွမ်းချိန်ခန့် အကြာတွင်၊ ဝေ့ရှင်းဇီသည် သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်၏။ သူ၏ ပါးပြင်များမှာ ဖြူရော်နေပြီး ရုတ်တရက် သွေးတစ်လုတ်ကို အန်ချလိုက်လေတော့သည်။

"စီနီယာ"

ရှောင်မို အလန့်တကြားဖြစ်သွားပြီး ရှေ့သို့ အမြန်လှမ်းသွားလိုက်သည်။

"ဘာမှမဖြစ်ပါဘူး" ဝေ့ရှင်းဇီက သူ၏စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီး နှုတ်ခမ်းထောင့်ရှိ သွေးများကို သုတ်ဖယ်ကာ လက်ကာပြလိုက်၏။ "ဒီကံတရားအကျိုးဆက်က အရမ်းကြီးမားလွန်းနေလို့ပါ။ ကံကောင်းလို့ ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို ကျွန်တော် နည်းနည်းလောက် လှမ်းမြင်လိုက်ရတယ်"

"အဲ့ဒီကံတရားအကျိုးဆက်ဆိုတာက ဘာများလဲ" ဟု ရှောင်မိုက မေးလိုက်သည်။

ဝေ့ရှင်းဇီက ရှောင်မို၏ လက်မောင်းကို လှမ်းဆွဲလိုက်ရာ၊ သူ၏ အိုမင်းနေသော လက်ဝါးများမှာ သိသိသာသာ တုန်ယင်နေလေ၏။

"ဒီကံတရားအကျိုးဆက်နဲ့ ပတ်သက်ပြီး... ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ ဆီးနှင်းမင်းသား၊ ကျွန်တော် တကယ်ပဲ ပြောလို့မရပါဘူး။"

"ဒါပေမဲ့"

"ဆီးနှင်းမင်းသား မေးခဲ့တဲ့ သက်တမ်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် ပြောပြလို့ရပါတယ်"

"ဆီးနှင်းမင်းသားသာ ကျွန်တော့်ကို ယုံကြည်မယ်ဆိုရင် ရာထူးကနေ နုတ်ထွက်ပြီး နန်းတွင်းကနေ ထွက်ခွာသွားလိုက်ပါ။ မင်းသားရဲ့ ပါရမီနဲ့ဆိုရင် အနာဂတ်မှာ အထက်သုံးဆင့်ကို သေချာပေါက် ရောက်ရှိနိုင်မှာဖြစ်ပြီး၊ ဒီလောကကြီးမှာ မင်းသား သွားလို့မရတဲ့နေရာဆိုတာ ရှိလာတော့မှာ မဟုတ်ဘူး"

"တကယ်လို့ ကျွန်တော် မထွက်သွားဘူးဆိုရင်ကော" ရှောင်မိုက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

"အကယ်၍ ဆီးနှင်းမင်းသားက မထွက်သွားဘူးဆိုရင်..."

ဝေ့ရှင်းဇီ၏ လည်စေ့က လှုပ်ရှားသွားလေ၏။

"မင်းသားရဲ့ သက်တမ်းက... ငါးနှစ်တောင် ကျော်နိုင်ပါတော့မလားလို့ ကျွန်တော် စိုးရိမ်မိတယ်"

အခန်း (၄၄၄)

ကောင်းကင်စက်ဝန်းမြို့တော်မှ ထွက်ခွာလာပြီးနောက် ရှောင်မိုသည် ချင်တိုင်းပြည်မြို့တော်ဆီသို့ ပြန်လည်ရောက်ရှိလာခဲ့လေ၏။

ရှောင်မို မြို့တော်သို့ ပြန်ရောက်လာချိန်တွင် အခြားသော စစ်သူကြီးများမှာလည်း မိမိတို့ တာဝန်ကျရာ ဂိုဏ်းများကို ရှင်းလင်းစီမံပြီးစီးသွားကြကာ ရှောင်မိုထံ အစီရင်ခံရန် မြို့တော်သို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြချေပြီ။

ဂိုဏ်းမှ ကျင့်ကြံသူများ တပ်မတော်ထဲသို့ ဝင်ရောက်ရေး ကိစ္စရပ်များကို ချင်တိုင်းပြည်ရဲ့ဘုရင်က ချင်စီယောင်ထံသို့ ယာယီလွှဲအပ်ထားခဲ့ပေသည်။

ထို့ကြောင့် ဤရက်ပိုင်းများအတွင်း ထိုစစ်သူကြီးများက ရှောင်မိုထံ လာရောက်အစီရင်ခံတိုင်း ချင်စီယောင်က သူ၏ဘေးမှနေ၍ နားထောင်ကာ မှတ်တမ်းတင်ရသည့် တာဝန်ကို ယူထားခဲ့လေ၏။

မှတ်တမ်းတင်ပြီးစီးသွားသောအခါ ချင်စီယောင်သည် စစ်သူကြီးများထံမှ အစီရင်ခံစာများကို စနစ်တကျ စီစဉ်စုစည်းကာ ဖခင်ဖြစ်သူ စစ်ဆေးနိုင်ရန် နေ့စဉ်နေ့တိုင်း ပေးပို့ရလေသည်။

သို့ရာတွင် ဤရက်ပိုင်းအတွင်း ချင်စီယောင်မှာ အနည်းငယ် စိတ်ရှုပ်ထွေးနေမိသည်။ အဘယ်ကြောင့်ဆိုသော် ရှောင်မို ပြန်ရောက်လာကတည်းက သူ၏စိတ်ထဲတွင် တစ်စုံတစ်ခုကို လေးလေးနက်နက် တွေးတောနေပုံရပြီး တစ်ခါတစ်ရံ ခြံဝင်းထဲ၌ ထိုင်ကာ ငေးမောတွေဝေနေတတ်သောကြောင့်ပင်တည်း။

"ယောကျ်ား... ယောကျ်ား၊ ရှင်ယောကျ်ား"

တစ်နေ့တွင် ချင်စီယောင်သည် ရှောင်မိုအနားသို့ လျှောက်သွားကာ သူ့ကို လှမ်းခေါ်လိုက်လေ၏။

"ဟင်"

ချင်စီယောင်က တတိယအကြိမ်မြောက် ခေါ်လိုက်မှသာ ရှောင်မို သတိဝင်လာပြီး သူ့ရှေ့မှ အမျိုးသမီးလေးကို ပြုံးလျက် ကြည့်လိုက်သည်။

"ဘာဖြစ်လို့လဲ"

"ရှင်ကပဲ ကျွန်မကို ဘာဖြစ်လို့လဲလို့ ပြန်မေးနေတာလား" ချင်စီယောင်က သူမ၏စကတ်ကို သပ်ရပ်အောင်လုပ်လိုက်ပြီး နှုတ်ခမ်းလေးဆူကာ ရှောင်မို၏ဘေးတွင် ဝင်ထိုင်လိုက်၏။ "ကျွန်မက ရှင့်ကို မေးရမှာ။ ဒီရက်ပိုင်း ရှင် ဘာလို့ အဲ့ဒီလောက်တောင် ငေးမောနေရတာလဲ"

"ဘာမှမဖြစ်ပါဘူးကွာ" ရှောင်မိုက ပြုံးလျက် ခေါင်းယမ်းပြလိုက်သည်။

"တကယ် ဘာမှမဖြစ်တာ သေချာလို့လား" ချင်စီယောင်က မျက်မှောင်ကျုံ့လိုက်ပြီး ရှောင်မိုအား မယုံသင်္ကာဖြင့် ကြည့်လိုက်လေ၏။

"တကယ် ဘာမှမဖြစ်ပါဘူး။ လာမယ့် မဟာစစ်ပွဲကြီးမှာ ဖြစ်လာနိုင်တဲ့ အခြေအနေတချို့ကို စိတ်ကူးထဲမှာ ကြိုတင်တွေးဆကြည့်နေရုံပါ။" ရှောင်မိုက ချင်စီယောင်၏ သွယ်လျသော လက်လေးကို ဆွဲကိုင်လိုက်ပြီး သူ့ဘေးတွင် ထိုင်စေကာ စကားလမ်းကြောင်း ပြောင်းလိုက်သည်။ "ဒါနဲ့ မင်း စီစဉ်ထားတဲ့ အဲ့ဒီမှတ်တမ်းစာရွက်စာတမ်းတွေကို အရှင်မင်းကြီးဆီ ပေးပြီးပြီလား"

"အင်း... အကုန်လုံး ခမည်းတော်ဆီ ပေးပြီးသွားပြီ။ သူလည်း အကုန်ဖတ်ပြီးသွားပြီတဲ့။" ချင်စီယောင်က ခေါင်းညိတ်ပြလိုက်၏။ "ဒီကျင့်ကြံသူတွေကို တပ်ဖြန့်ချထားဖို့ကိစ္စ ရှင့်ကိုပဲ တာဝန်ယူခိုင်းလိုက်တယ်လို့ ခမည်းတော်က ရှင့်ကို ပြောခိုင်းလိုက်တယ်။ ခမည်းတော်က ရှင့်ကို ယုံကြည်လို့ ရှင့်သဘောအတိုင်း လွတ်လွတ်လပ်လပ်သာ လုပ်ဆောင်ပါတဲ့။ ဒါနဲ့ စကားမစပ် ရှောင်မို... ရှင်က ဒီကျင့်ကြံသူတွေ အကုန်လုံးကို တပ်မတော်ထဲ ထည့်သွင်းဖွဲ့စည်းပစ်တော့မလို့လား"

"အကုန်လုံးပဲ" ဟု ရှောင်မိုက ခေါင်းညိတ်လျက် ပြောလိုက်သည်။

ရှောင်မို၏ အဖြေကို ကြားလိုက်ရသောအခါ ချင်စီယောင်က ခေါင်းငုံ့သွားပြီး သူမ၏မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်လေးတစ်ခု ဖြတ်ပြေးသွားလေ၏။

"မင်း ဘာကို စိုးရိမ်နေတာလဲဆိုတာ ကိုယ် သိပါတယ် စီယောင်ရယ်" ဟု ရှောင်မိုက ပြုံးလျက် ပြောလိုက်သည်။

"ဒီကျင့်ကြံသူတွေက အေးအေးလူလူနဲ့ စည်းကမ်းမဲ့ နေတတ်ကြတာ မှန်ပေမဲ့၊ ကိုယ်တို့ရဲ့ ချင်တပ်မတော်ကတော့ စည်းကမ်း အရမ်းတင်းကျပ်တယ်။ သူတို့အကုန်လုံးကို တပ်မတော်ထဲ သွတ်သွင်းပြီး ရောနှောပစ်လိုက်မယ်ဆိုရင် စစ်စည်းကမ်းတွေကို ထိခိုက်လာနိုင်တယ်။

"ဒါပေမဲ့ အဲ့ဒီလိုမလုပ်ခင်မှာ ကိုယ် သူတို့ကို သေချာလေ့ကျင့်သင်ကြားပေးမှာပါ။ သူတို့က စစ်ပွဲမှာ ပါဝင်ဆင်နွှဲကြမှာဖြစ်လို့ တပ်မတော်ရဲ့ သဘောသဘာဝကို ရင်းနှီးကျွမ်းဝင်နေမှ ရမယ်။ အဲ့လိုမဟုတ်ရင် စစ်မြေပြင်မှာ သူတို့ရဲ့ အစွမ်းအစ အပြည့်အဝကို ထုတ်ဖော်ပြသနိုင်မှာ မဟုတ်ဘူးလေ။

"ဒီအပြင် ကိုယ်တို့ရဲ့ ချင်တပ်မတော်သား အများစုက သိုင်းတာအို ကျင့်ကြံသူတွေ ဖြစ်ကြတယ်။ သူတို့ရဲ့ အားသာချက်က ရုပ်ခန္ဓာ ကြံ့ခိုင်မာကျောမှုပဲ။ ရန်သူနဲ့ အနီးကပ် ထိပ်တိုက်ရင်ဆိုင်ရပြီဆိုရင် အဆင့်တူရန်သူတွေကို သတ်ဖြတ်နိုင်စွမ်း ရှိကြတယ်။

"ဒါပေမဲ့ မှော်ပညာတွေကို အထူးပြုလေ့ကျင့်ထားတဲ့ မိစ္ဆာကျင့်ကြံသူတွေနဲ့ လူသားမျိုးနွယ် မှော်ပညာရှင်တွေနဲ့ တွေ့ရင်တော့ အဝေးကနေ လှည့်စားတိုက်ခိုက်ခံရဖို့ အရမ်းလွယ်ကူတယ်။

"ဒီဂိုဏ်းတွေက ကျင့်ကြံသူတွေကို တပ်မတော်ထဲ ပေါင်းစည်းလိုက်တာက သူတို့အချင်းချင်း အားနည်းချက်၊ အားသာချက်တွေကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်။ တစ်နဲ့တစ် ပေါင်းရင် နှစ်ဆထက်ပိုကြီးမားတဲ့ ပူးပေါင်းအားတစ်ခုကို ဖန်တီးပေးနိုင်မှာပါ"

"အင်းပါ" ချင်စီယောင်က ခေါင်းညိတ်လိုက်သည်။ "ယောကျ်ားက သေသေချာချာ စဉ်းစားသုံးသပ်ပြီးမှ ဆုံးဖြတ်ထားတဲ့ ကိစ္စပဲဆိုတော့၊ စီယောင် ရှင့်ကို ထောက်ခံအားပေးပါတယ်"

"မပူပါနဲ့၊ အဲ့ဒီဂိုဏ်းက ကျင့်ကြံသူတွေလည်း အကျိုးအပြစ်ကို သိကြပါတယ်။ သူတို့လည်း စစ်မြေပြင်က စွမ်းဆောင်မှုတွေနဲ့ ဆုလာဘ်တွေကို လဲလှယ်ချင်နေကြတာပဲလေ။ တကယ်တမ်းပြောရရင် ကိုယ်တို့က အဲ့ဒီဂိုဏ်းတွေကို အလျှော့ပေးပြီး သူတို့ရဲ့ ကျင့်ကြံသူတွေကို စစ်မှုထမ်းခွင့်ပြုဖို့ သဘောတူလာအောင်ပဲ လုပ်ခဲ့ရတာပါ။ ကျင့်ကြံသူ အများစုကတော့ အတင်းအကျပ် ဖိအားပေးခံရတာမဟုတ်ဘဲ သူတို့သဘောဆန္ဒအလျောက် ရောက်လာကြတာချည်းပါပဲ။" ရှောင်မိုက ချင်စီယောင်၏ သွယ်လျသော လက်လေးကို ဆုပ်နယ်ပေးရင်း ပြောလိုက်၏။

"ဒါနဲ့ စီယောင်... မကြာသေးခင်က ကိုယ့်ခေါင်းထဲ ရုတ်တရက် ဝင်လာတဲ့ အတွေးတချို့ကို မင်းကို ပြောပြချင်သေးတယ်။

"လောလောဆယ်တော့ ကိုယ့်ရဲ့ ဒီအကြံဉာဏ်တွေကို နားထောင်ကြည့်လိုက်ပါဦး။ အကုန်လုံး မှန်ချင်မှလည်း မှန်လိမ့်မယ်။ ပြီးတော့ မင်းအနေနဲ့လည်း အဲ့ဒါတွေအားလုံးကို လိုက်လုပ်ဖို့ မလိုပါဘူး။ အချိန်တန်ရင် တကယ့်လက်တွေ့အခြေအနေနဲ့ ကိုက်ညီအောင်ပဲ လုပ်ဆောင်လိုက်ပါ။ ကိုယ်က မင်းကို တွေးခေါ်နိုင်မယ့် လမ်းစလေးတစ်ခု ပေးရုံသက်သက်ပါ"

ရှောင်မိုက စုတ်တံနှင့် မှင်ကို ယူလိုက်ပြီး စကားပြောရင်း စက္ကူပေါ်တွင် ပေါ့ပေါ့ပါးပါး ရေးခြစ်နေလေသည်။

"ပထမဆုံးကတော့ ဂိုဏ်းတွေကို စီမံခန့်ခွဲတဲ့ ကိစ္စပဲ။ အနာဂတ်မှာ ကိုယ်တို့ အနန္တဓမ္မလောကကြီးကို တစ်ပြေးညီ ပေါင်းစည်းပြီးသွားတဲ့အခါ ဒီကျင့်ကြံရေးဂိုဏ်းတွေကို စည်းရုံးသိမ်းသွင်းလို့ ရပါတယ်။ ဒါပေမဲ့ သူတို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် အရမ်းကြီး မပေးလိုက်ပါနဲ့။

"အကောင်းဆုံးကတော့ တစ်ဖက်ကို စည်းရုံးသိမ်းသွင်းပြီး နောက်တစ်ဖက်ကို ဖိနှိပ်ထားတဲ့ နည်းလမ်းပါပဲ။ ချင်တိုင်းပြည်ကို ထောက်ခံအားပေးတဲ့ ဂိုဏ်းတွေကို အကျိုးခံစားခွင့်တချို့ ဆက်ပေးထားလိုက်။ တကယ်လို့ သင်ခန်းစာမယူဘဲ သူတို့သဘောဆန္ဒအတိုင်း လုပ်ချင်နေတဲ့ဂိုဏ်းမျိုး ရှိလာရင်တော့... ကြက်ကိုသတ်ပြီး မျောက်ကိုခြောက်တဲ့ နည်းလမ်းသုံးရုံပေါ့။ အဲ့ဒီအတွက်တော့ ထပ်ပြောစရာ ဘာမှမရှိတော့ပါဘူး။

"ပြီးရင်တော့ ဂိုဏ်းတွေကို စီမံအုပ်ချုပ်နိုင်မယ့် အဖွဲ့အစည်းတချို့ တည်ထောင်လိုက်ပါ။

"ဂိုဏ်းတွေကို အကျိုးခံစားခွင့်တွေချည်း ယူခိုင်းပြီး ဘာအကျိုးပြုမှုမှ မလုပ်ဘဲ နေခွင့်မျိုး ဘယ်တော့မှ မပေးပါနဲ့။ ဂိုဏ်းက တပည့်တွေကို အတွေ့အကြုံရှာဖို့ တောင်ပေါ်က ဆင်းခိုင်းတဲ့ အကြောင်းပြချက်နဲ့ ချင်တိုင်းပြည်က မိစ္ဆာတွေကို နှိမ်နင်းသတ်ဖြတ်ရာမှာ ကူညီခိုင်းလို့ ရတယ်။ ပြီးတော့ သူတို့ရဲ့ စွမ်းဆောင်မှုအပေါ် မူတည်ပြီး သင့်တော်တဲ့ အရင်းအမြစ်တချို့ ခွဲဝေပေးလိုက်ပေါ့။

"ဒီနည်းနဲ့ဆိုရင် ဒီဂိုဏ်းတွေနဲ့ ကိုယ်တို့ရဲ့ ဆက်ဆံရေးကိုလည်း ပိုမိုခိုင်မာတင်းကျပ်လာအောင် လုပ်နိုင်လိမ့်မယ်။

"ဒါပေမဲ့ ဂိုဏ်းတွေက နန်းတွင်းရေးရာကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်တာမျိုး မဖြစ်အောင်လည်း ဂရုစိုက်ရမယ်။ သူတို့နဲ့ တိကျတဲ့ ချိန်ခွင်လျှာညီမျှမှုတစ်ခုကို ထိန်းသိမ်းထားရလိမ့်မယ်။

"နောက်တစ်ခုကတော့ ကိုယ်တို့ ချင်တိုင်းပြည်ရဲ့ လက်ရှိ စစ်ရေးစွမ်းဆောင်မှု မှူးမတ်စနစ်ပဲ။

"လက်ရှိမှာတော့ ချင်တိုင်းပြည်က နယ်မြေချဲ့ထွင်နေဆဲမို့ စစ်ရေးစွမ်းဆောင်မှုစနစ်ကို အကောင်အထည်ဖော်တာ သဘာဝကျပါတယ်။ ဒါပေမဲ့ အနန္တဓမ္မလောကကြီးကိုသာ ပေါင်းစည်းပြီးသွားရင် ဒီစနစ်ကို ဆက်ကျင့်သုံးနေမယ်ဆိုရင် သေချာပေါက် ပြဿနာတွေ တက်လာလိမ့်မယ်။

"ကိုယ့်မှာ အကြံတစ်ခုရှိတယ်။ ထောက်ခံစာနဲ့ အကဲဖြတ်တဲ့နည်းလမ်းရယ်၊ အပြိုင်အဆိုင် စာမေးပွဲစစ်ဆေးတဲ့ နည်းလမ်းရယ်... အဲ့ဒီနည်းလမ်းနှစ်ခုကို အသုံးပြုဖို့ပဲ။

"ဒုတိယနည်းလမ်းကိုတော့ နန်းတွင်းစာမေးပွဲစနစ်လို့ ကိုယ် ခေါ်ဆိုချင်တယ်။

"အတွေးအခေါ်ပညာရှင်ရာကျော် ကျောင်းတော်တွေမှာ သူတို့ကိုယ်ပိုင် အားသာချက်တွေ အသီးသီး ရှိကြတယ်။ ဒါကြောင့် နန်းတွင်းစာမေးပွဲစနစ်ရဲ့ ကဏ္ဍခွဲတွေကို သေသေချာချာ စဉ်းစားရလိမ့်မယ်။ ကွန်ဖြူးရှပ်ဝါဒကို အတွင်းပိုင်း ဗဟိုချက်အဖြစ်ထားပြီး ဥပဒေပြုရေးဝါဒကို အပြင်ဘက် မူဘောင်အဖြစ် သုံးမယ်ဆိုရင် ပိုမိုကောင်းမွန်နိုင်မလား။

"ဒီအရာတွေအားလုံးကို အနာဂတ်ကျရင် စီယောင်... မင်းကပဲ သေသေချာချာ စဉ်းစားဆုံးဖြတ်ရတော့မှာပါ။

"ပြီးတော့ နောက်တစ်ခုက..."

"ရှောင်မို" ခင်ပွန်းဖြစ်သူ၏ စကားများကို ကြားလိုက်ရသောအခါ ချင်စီယောင်က မျက်မှောင်ကျုံ့လျက် သူ၏စကားကို ဖြတ်ပြောလိုက်လေ၏။

"ဘာဖြစ်လို့လဲ" ရှောင်မိုက ပြုံးလျက် မေးလိုက်သည်။

"ရှင် အဲ့ဒီလိုတွေ ပြောနေတာကို ကျွန်မ မကြိုက်ဘူး။" ချင်စီယောင်က ရှောင်မိုအား ညှိုးငယ်သော မျက်ဝန်းများဖြင့် ကြည့်လိုက်၏။ "ရှင် အခုလုပ်နေပုံက နောက်ဆုံးသေတမ်းစာ လာမှာနေတဲ့အတိုင်းပဲ ခံစားရတယ်"

"အရူးမလေးရယ်... မင်း ဘာတွေ ပြောနေတာလဲ။" ရှောင်မိုက လက်ကိုဆန့်ထုတ်ကာ ချင်စီယောင်၏ နဖူးလေးကို ညင်သာစွာ ပုတ်လိုက်သည်။ "စစ်မြေပြင်ဆိုတာက အမြဲတမ်း မမျှော်လင့်ထားတဲ့ မတော်တဆမှုတွေ ရှိနေတတ်တာ သဘာဝပဲလေ။ တကယ်လို့ ကိုယ့်ကို တစ်ခုခုများ ဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ"

မတော်တဆမှု ဆိုသော စကားလုံးကို ကြားလိုက်ရချိန်တွင် ချင်စီယောင်၏ ပါးပြင်လေးများက ချက်ချင်းပင် ဖြူရော်သွားခဲ့လေသည်။ သူမ၏ လက်သေးသေးလေးများက စကတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး ခေါင်းကို အဆက်မပြတ် ယမ်းခါနေခဲ့၏။ "မဖြစ်ရဘူး ရှောင်မို... ရှင် သေချာပေါက် ဘာအန္တရာယ်မှ ဖြစ်မှာ မဟုတ်ဘူး"

ချင်စီယောင်၏ မျက်ဝန်းထဲမှ အကြောက်တရားများကို မြင်လိုက်ရသောအခါ ရှောင်မိုက ပြုံးလိုက်ပြီး သူမ၏ဆံပင်လေးများကို သပ်ပေးလိုက်သည်။ "ကိုယ်က အကယ်၍များ လို့ ပြောရုံပါကွာ။ ဘာပဲဖြစ်ဖြစ် ကောင်းကင်ဘုံရဲ့ ကံကြမ္မာလို ကိစ္စမျိုးကို ဘယ်သူက တပ်အပ်သေချာ ပြောနိုင်မှာလဲ..."

"ကောင်းကင်ဘုံရဲ့ ကံကြမ္မာဆိုတာ ဘာကိုပြောတာလဲ။" ချင်စီယောင်က ပါးလေးကို ဖောင်းလိုက်သည်။ "တကယ်လို့များ ကောင်းကင်ဘုံရဲ့ ကံကြမ္မာက ရှင့်ကို ကျွန်မအနားကနေ ခေါ်ထုတ်သွားချင်တယ်ဆိုရင်တောင်၊ ကျွန်မကတော့ အဲ့ဒီ ကောင်းကင်ဘုံရဲ့ ကံကြမ္မာကို လုံးဝ မယုံကြည်ဘူး။ ရှင်လည်း ယုံခွင့်မရှိဘူး။ ကြားလား"

အမျိုးသမီးငယ်လေး၏ ပြတ်သားနေသော်လည်း တောင်းပန်နေသည့်အလား ဖြစ်နေသော မျက်ဝန်းလေးများက ရှောင်မို၏ ရင်ကို အနည်းငယ် လှုပ်ခတ်သွားစေခဲ့ပေသည်။

"အကယ်၍ ဆီးနှင်းမင်းသားက မထွက်သွားဘူးဆိုရင်... မင်းသားရဲ့ သက်တမ်းက ငါးနှစ်တောင် ကျော်နိုင်ပါတော့မလားလို့ ကျွန်တော် စိုးရိမ်မိတယ်"

ရှောင်မို၏ စိတ်ထဲတွင် ကောင်းကင်စက်ဝန်းမြို့သခင် ပြောခဲ့သော စကားများက တစ်ဖန်ပြန်လည် ပဲ့တင်ထပ်လာခဲ့လေ၏။

"ရှောင်မို... ကျွန်မပြောတာ ကြားရဲ့လား။ ကောင်းကင်ဘုံရဲ့ ကံကြမ္မာဆိုတာ တကယ်ရှိနေရင်တောင်မှ ရှင် အဲ့ဒါကို ယုံကြည်ခွင့်မရှိဘူး။ ကြားလား"

ရှောင်မို ပြန်မဖြေသည်ကို မြင်သောအခါ ချင်စီယောင်က သူ၏ အင်္ကျီလက်ကို လှုပ်ခါလိုက်သည်။

"ကိုယ် ကြားပါတယ်"

ရှောင်မိုက ချင်စီယောင်၏ နှာခေါင်းလုံးလုံးလေးကို ဖွဖွလေး ဆွဲညှစ်လိုက်၏။

"ကိုယ့်ဇနီးသည်က ဒီလိုပြောလာမှတော့၊ ကောင်းကင်ဘုံရဲ့ ကံကြမ္မာဆိုတာ တကယ်ရှိလာခဲ့ရင်တောင် ကိုယ် ယုံလို့မရတော့ဘူးပေါ့။ သေမယ့်ဘေးကနေ သီသီလေးလွတ်ပြီး ကျန်ရစ်ခဲ့ရင်တောင်မှ အလောင်းပုံတွေကြားထဲကနေ မင်းအနားကို ကိုယ် တွားသွားပြီး ပြန်လာခဲ့ပါ့မယ်"

"တကယ်လား" ချင်စီယောင်က စိုးရိမ်တကြီး မေးလိုက်သည်။

ရှောင်မိုက ပြုံးလျက် ခေါင်းညိတ်လိုက်လေ၏။

"တကယ်ပါ"

All Chapters