← Chapters

အခန်း (၄၄၅-၄၄၆)

Vol. 45 Ch. 445-446

အခန်း (၄၄၅-၄၄၆)

Vol. 45 Ch. 445-446

အခန်း (၄၄၅)

အချိန်ကာလသည် မြင်းဖြူတစ်ကောင် ဖြတ်ပြေးသွားသကဲ့သို့ လျင်မြန်လှပေ၏။

သတိမထားမိလိုက်ချိန်မှာပင်၊

နောက်ထပ် နှစ်ဝက်ခန့် ကုန်လွန်သွားခဲ့ချေပြီ။

ချင်တိုင်းပြည်ရဲ့ဘုရင်သည် အိမ်ရှေ့မင်းသားကို ခန့်အပ်ခြင်း မပြုသေးချေ။

နန်းတွင်းအမတ်များက အသနားခံစာများကို အဆက်မပြတ် တင်သွင်းနေခဲ့ကြသော်လည်း ချင်တိုင်းပြည်ရဲ့ဘုရင်က တစ်ချက်မျှသာ ဝေ့ကြည့်လေ့ရှိလေ၏။

နောက်ပိုင်းတွင်မူ အိမ်ရှေ့မင်းသား ခန့်အပ်ရန် တိုက်တွန်းထားသော ထိုအသနားခံစာများကို ချင်တိုင်းပြည်ရဲ့ဘုရင်က လှည့်ပင်မကြည့်တော့ချေ။

ချင်စီယောင်ကလည်း ခမည်းတော်ဖြစ်သူ အိမ်ရှေ့မင်းသား ခန့်အပ်ရန် နှောင့်နှေးနေခြင်းမှာ မသင့်တော်ဟု ခံစားမိသဖြင့် မေးမြန်းလိုက်သည်။ "မွေးစားဖို့အတွက် သင့်တော်တဲ့သူများ ရှိနေလို့လား ခမည်းတော်"

သို့သော် ချင်ရှန့်ထျန်းက သူ၏သမီးတော်ကို ပြုံးပြလိုက်ပြီး "အဲ့ဒီလူတွေ တစ်ယောက်မှ သမီးလောက် မတော်ကြလို့ပါကွယ်" ဟုသာ ပြန်လည်ဖြေကြားလေ၏။

ဖခင်ဖြစ်သူ၏ အဖြေကို ကြားလိုက်ရသောအခါ ချင်စီယောင်က နောက်ပြောင်နေခြင်းသာ ဖြစ်မည်ဟု တွေးတောကာ သိပ်ပြီး အလေးအနက် မထားခဲ့ပေ။

တကယ်တမ်း၌ ချင်ရှန့်ထျန်းသည် လုံးဝ အမှန်တရားကိုသာ ပြောဆိုနေခဲ့ခြင်း ဖြစ်လေသည်။

ချင်ရှန့်ထျန်း၏ ရင်ထဲတွင် နန်းတွင်းအမတ်များက ထောက်ခံတင်ပြထားသော အမွေဆက်ခံသူများမှာ သူ၏သမီးတော်နှင့် နှိုင်းယှဉ်ပါက အနားပင် ကပ်နိုင်မည်မဟုတ်ဟု အမှန်တကယ် ခံစားနေရခြင်းပင်တည်း။

"ကဲပါ စီယောင်ရယ်၊ အိမ်ရှေ့မင်းသား ခန့်အပ်ရေးကိစ္စနဲ့ ပတ်သက်ပြီး သမီး ပူပန်နေစရာ မလိုပါဘူး။ ခမည်းတော် စိတ်ထဲမှာ ရွေးထားတဲ့သူ ရှိပြီးသားပါ" ဟု ချင်တိုင်းပြည်ရဲ့ဘုရင်က သမီးဖြစ်သူအား ပြုံးလျက် ပြောလိုက်သည်။

"ဟင်... ခမည်းတော် ရွေးထားတဲ့သူ ရှိတယ်ဟုတ်လား။ ဘယ်သူများလဲ" ချင်စီယောင်က သိချင်စိတ်ဖြင့် မေးလိုက်၏။

"ဒီကောင်မလေးကို အခုတော့ မပြောပြနိုင်သေးဘူးကွ" ချင်ရှန့်ထျန်း၏ နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် ကွေးတက်သွားလေသည်။ "အချိန်တန်ရင် သမီး သိလာမှာပါ"

"ဒါဆိုလည်း ပြီးရောလေ"

စနောက်ခံလိုက်ရသဖြင့် ချင်စီယောင်မှာ အနည်းငယ် စိတ်ပျက်သွားသော်လည်း ဆက်လက်၍ အတင်းအကျပ် မမေးမြန်းတော့ပေ။ ထို့အစား ဖခင်ဖြစ်သူ အသနားခံစာများကို စစ်ဆေးရာတွင် ကူညီပေးရန် ဘေးနား၌ ဆက်ထိုင်နေလိုက်လေတော့သည်။

ယခုအခါ စာကြည့်ဆောင်ထဲတွင် ချင်ရှန့်ထျန်း၏ စားပွဲအပြင် သူ၏သမီးတော်အတွက်ပါ စားပွဲတစ်လုံးကို သီးသန့် ပြင်ဆင်ထားပေးလေ၏။

ချင်ရှန့်ထျန်းက သူ၏အနီးရှိ သမီးတော်ကို ကြည့်လိုက်ပြီးနောက် လွမ်းဆွတ်တမ်းတမှု တစ်မျိုးကို မခံစားဘဲ မနေနိုင်တော့ချေ။

ယခင်ကဆိုလျှင် သူက အဖြေမပေးပါက ချင်စီယောင်သည် အဖြေရသည်အထိ ဂျီကျကာ အတင်းအကျပ် ပူဆာတတ်လေသည်။

သို့သော် ယခုအခါတွင်မူ သူမက အတင်းအကျပ် မမေးမြန်းတော့ဘဲ လက်ရှိအလုပ်များကို ပြီးမြောက်ရန်သာ အာရုံစိုက်နေခဲ့ချေပြီ။

သမီးဖြစ်သူမှာ တစ်နေ့တခြား ပိုမိုရင့်ကျက်လာနေပြီဖြစ်ကြောင်း ချင်ရှန့်ထျန်း သိရှိနေပေသည်။

သို့ရာတွင် ဤကဲ့သို့ ရင့်ကျက်လာမှုက သူ့အား ရင်ထဲတွင် စူးအောင့်နာကျင်မှုနှင့် အပြစ်ရှိသလို ခံစားချက်မျိုးကို ပေါ်ပေါက်လာစေခဲ့၏။

နေမင်းကြီးက အနောက်ဘက်ဆီသို့ တဖြည်းဖြည်း ယိမ်းယိုင်သွားလေသည်။

နေဝင်ဆည်းဆာက မိုးကုတ်စက်ဝိုင်းတစ်ခုလုံးကို အနီရောင်အဖြစ် ဆေးခြယ်ထားပြီး၊ ညင်သာသော နေရောင်ခြည်က ပြတင်းပေါက်တံခါးပေါင်ပေါ်သို့ တိုးဝင်လာကာ စာကြည့်ဆောင်ထဲရှိ သားအဖနှစ်ဦးအပေါ်သို့ ကျရောက်နေခဲ့ပေသည်။

မကြာမီမှာပင် ဤနေ့တစ်နေ့မှာ ကုန်ဆုံးတော့မည် ဖြစ်၏။

"ခမည်းတော်... အချိန်လည်း လင့်နေပြီဆိုတော့ သမီး ဆီးနှင်းမင်းသားအိမ်တော်ကို အရင်ပြန်နှင့်တော့မယ်"

လက်ထဲရှိ အသနားခံစာများကို စစ်ဆေးပြီးသွားသောအခါ ချင်စီယောင်က မော့ကြည့်လိုက်သည်။ အချိန်ကျပြီဖြစ်ကြောင်း မြင်လိုက်ရသဖြင့် သူမက ထိုင်ရာမှထကာ နှုတ်ဆက်လိုက်လေ၏။

"ရှောင်မိုအတွက် ထမင်းသွားချက်ပေးဦးမလို့ မှတ်လား" ချင်ရှန့်ထျန်းက ပြုံးလျက် မေးလိုက်သည်။

"ဒါပေါ့... အခုဆို သမီး ညတိုင်း ရှောင်မိုအတွက် ထမင်းချက်ပေးနေတာလေ" ချင်စီယောင်က အနည်းငယ် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်၏။ "ရှောင်မိုက သမီး ချက်တာ အရမ်းစားလို့ကောင်းတယ်တဲ့"

"သမီးကတော့လေ... ရှောင်မိုကို နေ့တိုင်း ချက်ကျွေးနေပေမဲ့ ခမည်းတော်ကတော့ သမီးရဲ့ လက်ရာကို တစ်ခါလေးမှတောင် မမြည်းစမ်းဖူးသေးဘူး" ချင်ရှန့်ထျန်းက ညည်းတွားလိုက်လေသည်။

ချင်စီယောင်က ဖခင်ဖြစ်သူအား မျက်စောင်းတစ်ချက် ထိုးလိုက်၏။ "သမီး အရင်တုန်းက ချက်ကျွေးမလို့ပဲလေ။ ခမည်းတော်ကသာ အကြောင်းပြချက် အမျိုးမျိုးပေးပြီး အမြဲတမ်း ငြင်းနေခဲ့တာ မဟုတ်လား"

"ဟာဟားဟား..." ချင်ရှန့်ထျန်းက အသံကျယ်ကြီးဖြင့် ရယ်မောလိုက်လေသည်။ "အဲ့ဒါက သမီးရဲ့ အစ်ကိုနှစ်ယောက်က ခမည်းတော် အစာအဆိပ်သင့်ပြီး မခံနိုင်မှာ စိုးရိမ်နေကြလို့လေ။ သူတို့က သမီးရဲ့ ဟင်းတွေကို ပေါ့ပေါ့ဆဆ မမြည်းစမ်းဖို့ အထူးသတိပေးထားခဲ့တာကိုး။ အခုတော့ သမီးရဲ့ ဟင်းချက်လက်ရာတွေလည်း တိုးတက်လာပြီဆိုတော့ သေချာပေါက် မြည်းစမ်းကြည့်ရမှာပေါ့"

ချင်စီယောင်၏ မျက်ဝန်းလေးများက လခြမ်းကွေးလေးများအဖြစ် ကွေးညွတ်သွားလေ၏။ "ဒါဆိုလည်း မနက်ဖြန် နေ့လယ်ကျရင် ခမည်းတော်အတွက် သမီး ကိုယ်တိုင် ချက်ပေးမယ်လေ"

"အင်း... ကောင်းပြီလေ" ချင်ရှန့်ထျန်းက ခေါင်းညိတ်လိုက်သည်။

"ဒါဆို ခမည်းတော်၊ သမီး သွားတော့မယ်နော်။ မနက်ဖြန်ကျရင် ခမည်းတော်အတွက် ဟင်းကောင်းဟင်းလျာတွေ အများကြီး ပြင်ဆင်ထားပေးမယ်" ချင်စီယောင်က အရိုအသေပေးလိုက်ပြီးနောက်၊ ရှေ့သို့ လျှောက်သွားကာ ချင်တိုင်းပြည်ရဲ့ဘုရင်၏ စားပွဲပေါ်ရှိ အသနားခံစာများအားလုံးကို သူမ၏ သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်ပြီး စာကြည့်ဆောင်ထဲမှ ထွက်ခွာသွားလေတော့သည်။

"ဒီကောင်မလေးတော့လေ..."

ယခုအခါ အနည်းငယ် ဟာလာဟင်းလင်း ဖြစ်သွားသော သူ၏စားပွဲကို ကြည့်ရင်း ချင်ရှန့်ထျန်းက ခပ်ဟဟ ပြုံးလိုက်မိသည်။

မိခင်ဖြစ်သူ ကွယ်လွန်သွားချိန်မှစ၍ ထိုမိန်းကလေးသည် စာကြည့်ဆောင်မှ ထွက်ခွာသွားတိုင်း သူ စစ်ဆေး၍ မပြီးသေးသော အသနားခံစာများကိုပါ အမြဲတမ်း သိမ်းဆည်းယူဆောင်သွားလေ့ရှိပေသည်။

ချင်ရှန့်ထျန်း မည်သို့လုပ် မသိဘဲ နေမည်နည်း။ သူမက သူ၏ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်နေပြီး သူ့ကို အလုပ်တွေ အရမ်းမလုပ်စေချင်သောကြောင့်ပင်။

"အဟွတ်... အဟွတ်... အဟွတ်..."

သမီးတော် ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ချင်ရှန့်ထျန်းသည် ဆက်လက်၍ မအောင့်အည်းနိုင်တော့ဘဲ အဆက်မပြတ် ချောင်းဆိုးလာလေတော့သည်။

"အဟွတ် အဟွတ် အဟွတ်"

နောက်ဆုံးတွင် ချင်ရှန့်ထျန်းက ပဝါတစ်ထည်ကို ထုတ်ယူကာ သူ၏ပါးစပ်ကို အုပ်ထားလိုက်ရလေ၏။

ချောင်းဆိုးခြင်းများ နောက်ဆုံးတွင် အနည်းငယ် ငြိမ်သက်သွားသောအခါ သူက အနီးရှိ လက်ဖက်ရည်ကရားကို ကောက်ယူကာ လက်ဖက်ရည် ခွက်အနည်းငယ်ကို လောင်းထည့်လိုက်သည်။

စားပွဲပေါ်ရှိ ပဝါပေါ်တွင်မူ သွေးကွက်များ စွန်းထင်းနေခဲ့ချေပြီ။

မျက်လုံးများကို မှိတ်လျက် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် သူ၏ အသက်ရှူနှုန်းကို ပြန်လည်ထိန်းညှိလိုက်ကာ၊ မိမိ၏ ခန္ဓာကိုယ်အတွင်းပိုင်းကို စစ်ဆေးရန် သူ၏ နတ်ဘုရားအာရုံကို အသုံးပြုလိုက်လေသည်။

အမွှေးတိုင်တစ်တိုင်စာ လောင်ကျွမ်းချိန်ခန့် အကြာတွင် သူက မျက်လုံးများကို တဖြည်းဖြည်း ပြန်ဖွင့်လာခဲ့၏။ သူ၏ မျက်နှာအမူအရာတွင် ကူကယ်ရာမဲ့ခြင်းနှင့် မလိုလားခြင်းများ ရှိနေသော်ငြား၊ အများစုမှာမူ ဘဝနှင့် သေခြင်းတရားကို ရင်ဆိုင်ရမည့် တည်ငြိမ်အေးချမ်းမှုတို့ဖြင့်သာ ပြည့်နှက်နေခဲ့ပေသည်။

"ငါ့အချိန်တွေ ကုန်ဆုံးသွားပြီ ထင်ပါရဲ့..." ချင်ရှန့်ထျန်း၏ နှုတ်ခမ်းများက ကွေးတက်သွားပြီး သူ့ကိုယ်သူ စကားပြောနေသည့်အလား ရေရွတ်လိုက်သည်။ "ထားလိုက်ပါတော့လေ။ အခုချိန်အထိ အသက်ရှင်ခွင့်ရခဲ့တာကိုက လွယ်ကူတဲ့ကိစ္စမှ မဟုတ်တာ။ ငါ ဘာတွေများ ထပ်ပြီး တောင်းဆိုနေရဦးမှာလဲ"

သွေးစွန်းနေသော ပဝါကို သိမ်းဆည်းလိုက်ပြီးနောက် သူက အသံလုံမှော်ဝင်္ကပါကို ပိတ်လိုက်ကာ စာကြည့်ဆောင်အပြင်ဘက်တွင် အစောင့်ကျနေသော မိန်းမစိုးလီကို လှမ်းခေါ်လိုက်လေ၏။ "အထဲ ဝင်ခဲ့"

"အရှင်မင်းကြီး"

မိန်းမစိုးလီက စာကြည့်ဆောင်ထဲသို့ အမြန်ပြေးဝင်လာပြီး လေးလေးစားစားဖြင့် အရိုအသေပေးလိုက်သည်။

"နန်းရင်းဝန်လီ၊ စစ်သေနာပတိချုပ် ပိုင်လီနဲ့ စစ်ဆေးရေးမှူးချုပ် ကျန်းရှူတို့ကို ဒီကို ခေါ်ခဲ့လိုက်။ ကိုယ်တော် အမိန့်ပြန်တမ်းတစ်ခု ရေးချင်တယ်" ဟု ချင်ရှန့်ထျန်းက တည်ငြိမ်စွာ ပြောလိုက်လေ၏။

မိန်းမစိုးလီ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားရပေသည်။

အရှင်မင်းကြီး၏ ကျန်းမာရေးမှာ တစ်နေ့တခြား ယိုယွင်းဆုတ်ယုတ်လာနေခဲ့သည်။ ယခုအချိန်မှ မဟာအမတ်ကြီးသုံးပါးကို ခေါ်ယူကာ အမိန့်ပြန်တမ်းရေးဆွဲမည် ဆိုသည်မှာ... သေတမ်းစာများ ဖြစ်နေမည်လား။

"မင်းက ဘာရပ်လုပ်နေတာလဲ အိုကြီးအိုမရဲ့။ အမြန်သွားလေ" ချင်ရှန့်ထျန်းက မိန်းမစိုးလီ၏ နှာခေါင်းကို လက်ညှိုးထိုးကာ ရယ်မောလျက် ဆူပူလိုက်သည်။

"မှန်လှပါ အရှင်မင်းကြီး။ ဒီအစေခံအိုကြီး အခုပဲ သွားလိုက်ပါ့မယ်"

မိန်းမစိုးလီက သူ၏ မျက်ထောင့်မှ မျက်ရည်များကို သုတ်ဖယ်လိုက်ပြီး အလျင်အမြန် နောက်ဆုတ်ကာ စာကြည့်ဆောင်ထဲမှ ခပ်သုတ်သုတ် ထွက်ခွာသွားလေတော့သည်။

ဆင့်ခေါ်သံကို ကြားလိုက်ရသည်နှင့် နန်းရင်းဝန်လီနှင့် အခြားအမတ်ကြီးများမှာလည်း နန်းတော်ဆီသို့ ချက်ချင်းပင် ထွက်ခွာလာခဲ့ကြ၏။

နောက်တစ်နေ့။

ချင်စီယောင်သည် စာကြည့်ဆောင်ဆီသို့ ထပ်မံရောက်ရှိလာပြီး ထုံးစံအတိုင်း သူမ၏ ဖခင်အား အသနားခံစာများ စစ်ဆေးရာတွင် ကူညီပေးနေခဲ့သည်။

မွန်းတည့်ချိန်နီးလာသောအခါ သူမက တော်ဝင်မီးဖိုဆောင်ဆီသို့ သွားရောက်ကာ ဖခင်ဖြစ်သူအတွက် ဟင်းလျာများကို ကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်ပေးလေ၏။

သမီးဖြစ်သူ ဟင်းချက်နေစဉ်အတွင်း ချင်တိုင်းပြည်ရဲ့ဘုရင်က ရှောင်မိုအား နန်းတော်ဆီသို့ အထူးတလည် ဆင့်ခေါ်လိုက်လေသည်။

နေ့လယ်စာစားချိန်တွင် ချင်ရှန့်ထျန်းသည် သမီးဖြစ်သူ ကိုယ်တိုင်ချက်ပြုတ်ပေးထားသော ဟင်းလျာများကို စားသုံးနေခဲ့၏။

စီယောင်၏ လက်ရာမှာ တော်ဝင်မီးဖိုဆောင်ရှိ စားတော်ကဲများ၏ လက်ရာလောက် မကောင်းမွန်ကြောင်း သူ၏လျှာက သိရှိနေသော်ငြားလည်း...

...သူ၏ ရင်ထဲတွင်မူ သမီးတော်၏ ဟင်းလက်ရာသည် ဤလောကရှိ မရေမတွက်နိုင်သော အရသာရှိလှသည့် ဟင်းလျာများထက် များစွာ သာလွန်ကောင်းမွန်နေသည်ဟု ခံစားနေရပေသည်။

"ဘယ်လိုနေလဲ ခမည်းတော်... သမီးချက်တာ စားလို့ကောင်းရဲ့လား" ဟု ချင်စီယောင်က မျှော်လင့်တကြီးဖြင့် မေးလိုက်သည်။

"ကောင်းတယ်... တကယ် စားလို့ကောင်းပါတယ်ကွယ်" ချင်ရှန့်ထျန်းက ခေါင်းညိတ်လိုက်၏။ "သမီး ကိုယ်တိုင်ချက်ပေးတဲ့ ထမင်းတစ်နပ်ကို ဒီတစ်သက်မှာ စားရလိမ့်မယ်လို့ ခမည်းတော် မထင်ထားခဲ့ဘူး။ အခုတော့ ခမည်းတော် တကယ်ပဲ နောင်တကင်းကင်းနဲ့ သေပျော်ပါပြီ"

"ခမည်းတော်... အဲ့ဒီလို နိမိတ်မရှိတဲ့ စကားတွေ မပြောပါနဲ့" ချင်စီယောင်က ဖခင်ဖြစ်သူအတွက် ထမင်းတစ်ပန်းကန်ကို ကိုယ်တိုင် ခူးခပ်ပေးလိုက်သည်။ "တကယ်လို့ ခမည်းတော် စားချင်တယ်ဆိုရင် သမီး နေ့တိုင်း ချက်ကျွေးပါ့မယ်"

"ဟီးဟီး..." ချင်ရှန့်ထျန်းက သဘောတူခြင်းလည်း မရှိသလို၊ ငြင်းပယ်ခြင်းလည်း မရှိခဲ့ပေ။

နေ့လယ်စာ စားသောက်ပြီးနောက် သူက စာရွက်စာတမ်းအချို့ သွားယူရန်အတွက် ချင်စီယောင်အား စာရင်းစစ်ဌာနဆီသို့ စေလွှတ်လိုက်လေ၏။

ချင်စီယောင် ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ချင်ရှန့်ထျန်းက ရှောင်မိုထံ စာတစ်စောင် ကမ်းပေးလိုက်လေသည်။

"အရှင်မင်းကြီး... ဒါက" ရှောင်မိုက နားမလည်နိုင်စွာဖြင့် မေးလိုက်၏။

ချင်ရှန့်ထျန်းက သူ၏ မုတ်ဆိတ်မွေးများကို ပွတ်သပ်ကာ ပြုံးလိုက်သည်။ "အိမ်ပြန်ရောက်မှ ဒီစာကို ဖတ်ကြည့်လိုက်ပါ။ မှတ်ထားနော်... စီယောင်ကို လုံးဝ ပေးမတွေ့စေနဲ့"

အခန်း (၄၄၆)

လက်တွေ့ကမ္ဘာ၊ ကျိုးတိုင်းပြည် နန်းတော်အတွင်း။

ရှောင်မိုသည် ကုတင်ပေါ်၌ အိပ်မောကျနေပုံရသော်လည်း တကယ်တမ်းတွင်မူ ဘဝတစ်ရာကျမ်းထဲမှ ဘဝအတွေ့အကြုံကို ဖြတ်သန်းနေခြင်းသာ ဖြစ်ပေသည်။

"အရှင်မင်းကြီး... အရှင်မင်းကြီး"

အချိန်အနည်းငယ် အကြာတွင် အခန်းတံခါးအပြင်ဘက်မှ ဝေ့ရွှန်း၏ အသံထွက်ပေါ်လာလေ၏။

"ဝင်ခဲ့"

ရှောင်မို၏ အသိစိတ်က ဘဝတစ်ရာကျမ်းထဲမှ ရုန်းထွက်လာပြီး သူက မျက်လုံးများကို တဖြည်းဖြည်း ဖွင့်လိုက်ကာ ကုတင်ပေါ်တွင် ထိုင်လိုက်လေသည်။

ဝေ့ရွှန်းက ရှောင်မိုထံသို့ အမြန်လျှောက်လာပြီး ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကြမ်းပြင်ပေါ်၌ ဒူးထောက်ချလိုက်၏။ "အရှင်မင်းကြီးရဲ့ အနားယူချိန်ကို နှောင့်ယှက်မိတဲ့အတွက် ဒီအစေခံအိုကြီး သေဒဏ်ခံထိုက်ပါတယ်။ အရှင်မင်းကြီး၊ အပြစ်ပေးတော်မူပါ"

"ကဲပါ ကဲပါ အဘိုးကြီးရာ၊ ကိုယ့်ရှေ့မှာ ဟန်ဆောင်မနေစမ်းပါနဲ့" ရှောင်မိုက မျက်လုံးများကို ပွတ်သပ်လိုက်ပြီး ကုလားထိုင်ပေါ်တွင် ဝင်ထိုင်ကာ လက်ဖက်ရည်တစ်ခွက်ကို ကိုယ်တိုင်ငှဲ့လိုက်လေသည်။ "ပြောစမ်း... မနက်စောစောစီးစီး ဘာကိစ္စရှိလို့လဲ"

ရှောင်မို၏ လေသံမှာ အမှန်တကယ်ပင် အနည်းငယ် စိတ်မရှည်သလို ဖြစ်နေခဲ့၏။

ပဉ္စမမြောက်ဘဝ၏ အတွေ့အကြုံမှာ လက်တွေ့ကမ္ဘာနှင့် အဆက်အသွယ် ပြတ်တောက်နေသော်လည်း ပြန်လည်ထွက်ခွာလာပြီးနောက် ဘဝတစ်ရာကျမ်းထဲမှ အရာအားလုံးကို ရှောင်မို မေ့လျော့သွားခဲ့သည်။

သို့သော် ဤဘဝအတွေ့အကြုံမှာ မကြာမီ အဆုံးသတ်တော့မည်ဖြစ်ကြောင်းကို ရှောင်မို ခံစားနေရဆဲဖြစ်ပြီး ဘဝတစ်ရာကျမ်းထဲတွင် သူ လုပ်ဆောင်ရန် အလွန်အရေးကြီးသော ကိစ္စများ ကျန်ရှိနေသေးသည် မဟုတ်ပါလော။

"အရှင်မင်းကြီးကို တင်လျှောက်ချင်တာက..."

ဝေ့ရွှန်းက သူ၏စကားများကို စည်းစနစ်ကျအောင် စဉ်းစားလိုက်ပြီးနောက် ပြောလာလေသည်။

"နန်းရင်းဝန်ကြီးက မနက်ခင်းညီလာခံ အပြီးမှာ မကြာခင် ကျင်းပမယ့် မင်္ဂလာအခမ်းအနားနဲ့ မိဖုရားနှစ်ပါးအတွက် ဘွဲ့အမည်တွေ ကိစ္စကို ဆွေးနွေးဖို့ အရှင်မင်းကြီးနဲ့ တွေ့ဆုံချင်နေပါတယ်။

"မနက်ခင်းညီလာခံက ပြီးဆုံးသွားပါပြီ။ ဓလေ့ထုံးတမ်းဝန်ကြီးဌာနက ဝန်ကြီးယန်က အရှင်မင်းကြီးကို စာကြည့်ဆောင်ထဲမှာ စောင့်နေပါပြီ။

"ဒါ့အပြင် မိဖုရားနှစ်ပါးအတွက် နန်းဆောင်တွေကိုလည်း ပြင်ဆင်ပြီးစီးသွားပါပြီ။ ပြဿနာတစ်စုံတစ်ရာ မရှိစေဖို့အတွက် အရှင်မင်းကြီးအနေနဲ့ အပြောင်းအလဲလုပ်ဖို့ လိုအပ်တာများ ရှိမရှိ ကိုယ်တိုင် သွားရောက်စစ်ဆေးချင်မယ် ထင်ပါတယ်။

"နောက်ဆုံးကတော့ လေးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိတဲ့ နန်းတွင်းအစေခံမလေးတွေ ရွေးချယ်ရေးပွဲကလည်း နီးကပ်လာပါပြီ။ မယ်တော်ကြီးယန်က အရှင်မင်းကြီးနဲ့ ဒီကိစ္စကို ဆွေးနွေးတိုင်ပင်ချင်လို့ ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်"

"ကိုယ်တော် သိပါပြီ" ရှောင်မိုက ခေါင်းညိတ်လိုက်သည်။ "အဝတ်အစား လဲပေးတော့"

"မှန်လှပါ အရှင်မင်းကြီး"

ဝေ့ရွှန်းက အမြန်မတ်တတ်ရပ်လိုက်ပြီး အပြင်ဘက်တွင် စောင့်ဆိုင်းနေသော နန်းတွင်းအစေခံမလေးများကို အရှင်မင်းကြီး အဝတ်အစားလဲလှယ်ရာတွင် ကူညီပေးရန် အချက်ပြခေါ်ယူလိုက်လေ၏။

အဝတ်အစားလဲလှယ်ပြီး မျက်နှာသစ်ရေချိုးပြီးနောက် ရှောင်မိုက အခန်းထဲမှ ထွက်လာကာ အကြောဆန့်လိုက်သည်။

အေးစက်သော ဆောင်းလေပြေတစ်ချက် တိုက်ခတ်သွားပြီး အရိုးခိုက်မတတ် အအေးဓာတ်က သူ၏ အင်္ကျီကော်လာထဲသို့ တိုးဝင်လာသောအခါ ရှောင်မို ချက်ချင်းပင် လန်းဆန်းသွားလေတော့သည်။

"သွားကြစို့။ ယောက္ခမတော်ကြီးကို အကြာကြီး စောင့်ခိုင်းထားလို့ မဖြစ်ဘူး"

ရှောင်မိုက သူ၏ဝတ်ရုံကို ပုတ်ခါလိုက်ပြီး ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်၏။

ဝေ့ရွှန်းက ခေါင်းငုံ့လျက် ရှောင်မို၏ အနောက် နှစ်လှမ်းခန့်အကွာမှ ကပ်၍ လိုက်ပါလာခဲ့သည်။

သူ၏စိတ်ကူးသက်သက်သာ ဖြစ်နေသလားဟု ဝေ့ရွှန်း တွေးတောနေမိလေ၏။

မကြာသေးမီက အရှင်မင်းကြီးထံတွင် စစ်သူကြီးတစ်ဦး၏ အရှိန်အဝါမျိုး ရှိနေသည်ဟု သူ အမြဲတမ်း ခံစားနေရသည်။ အရှင်မင်းကြီး၏ အကြည့်တစ်ချက်ကပင် သူ၏နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။

အရှင်မင်းကြီးသည် တိုက်ပွဲပေါင်း ရာချီ၍ ဆင်နွှဲခဲ့ပြီး အလောင်းပုံများကြားမှ တွားသွား၍ ထွက်လာခဲ့ရသော စစ်သူကြီးတစ်ဦးနှင့် တူနေပေသည်။

သို့သော် ပြန်တွေးကြည့်မည်ဆိုပါက အရှင်မင်းကြီး တာအိုစတင်ကျင့်ကြံချိန်ကတည်းက သူ၏ အမူအရာမှာ အစပိုင်းတွင် ဓားသမားတစ်ဦးနှင့် တူနေခဲ့သည်။

နောက်ပိုင်းတွင်မူ ယဉ်ကျေးသိမ်မွေ့သော ပညာရှင်တစ်ဦးနှင့် တူလာခဲ့ပြန်သည်။

ထို့နောက် သနားကြင်နာမှုကင်းမဲ့သော ဓားမိစ္ဆာတစ်ဦးနှင့် တူလာခဲ့ပြန်၏။

ယခုအခါတွင်မူ သိုင်းတာအိုကျင့်ကြံသူ စစ်သူကြီးတစ်ဦးနှင့် တူနေပြန်လေပြီ။

မည်သို့ပင်ဆိုစေကာမူ အရှင်မင်းကြီးသည် တာအိုရသေ့ကြီး တစ်ပါးနှင့်တော့ လုံးဝမတူပေ။

ဤသည်မှာ အမှန်တကယ်ပင် အနည်းငယ် ထူးဆန်းလှ၏။

သို့သော်လည်း ဝေ့ရွှန်းမှာ မည်သည့်အရာကိုမျှ မမေးရဲသလို၊ မည်သည့်စကားကိုမျှလည်း မပြောရဲခဲ့ချေ။

ဆယ့်ငါးမိနစ်ခန့် အကြာတွင် ရှောင်မိုသည် စာကြည့်ဆောင်၏ အဝင်ဝသို့ ရောက်ရှိလာသောအခါ စာကြည့်ဆောင်ထဲ၌ မတ်မတ်ရပ်နေသော အမျိုးသားတစ်ဦးကို မြင်တွေ့လိုက်ရလေသည်။

"ဝန်ကြီးယန်ကို အကြာကြီး စောင့်ခိုင်းထားမိပြီ။ ဝန်ကြီးယန် အပြစ်မယူဘူးလို့ မျှော်လင့်ပါတယ်"

ရှောင်မိုက ပြုံးလျက် စာကြည့်ဆောင်ထဲသို့ ဝင်ရောက်လာပြီး သူ၏လေသံတွင် နောက်ပြောင်မှုနှင့် ရင်းနှီးကျွမ်းဝင်မှု အငွေ့အသက်လေးတစ်ခု ပါဝင်နေခဲ့၏။

"ဓလေ့ထုံးတမ်းဝန်ကြီးဌာနက ယန်ကျိန်း အရှင်မင်းကြီးကို ဂါရဝပြုပါတယ်" ရှောင်မို၏ အသံကို ကြားလိုက်ရသောအခါ ယန်ကျိန်းက အမြန်လှည့်လာပြီး အရိုအသေပေးလိုက်သည်။ "အရှင်မင်းကြီး အဲ့ဒီလို မမိန့်ပါနဲ့။ အရှင်မင်းကြီးရဲ့ အနားယူချိန်ကို နှောင့်ယှက်မိတာက ဒီနိမ့်ကျတဲ့အမတ်ပါ။ အရှင်မင်းကြီး ခွင့်လွှတ်ပေးတော်မူပါ"

"ဟာဟားဟား... မိသားစုတစ်စုတည်း ဖြစ်နေမှတော့ စကားကို နှစ်ခွပြောနေစရာ မလိုပါဘူး။ ဝန်ကြီးယန်ရဲ့ ချစ်လှစွာသော သမီးတော်က မကြာခင် နန်းတော်ထဲ ဝင်လာတော့မှာဆိုတော့ ကျွန်တော်တို့အားလုံးက မိသားစုဝင်တွေ ဖြစ်သွားကြပြီလေ။" ရှောင်မိုက နူးညံ့သော ကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်ပြီးနောက် ဝေ့ရွှန်းအား ဆူပူလိုက်လေ၏။ "ဒီအဘိုးကြီးကတော့ အကင်းပါးရမှန်းကို မသိဘူး။ ဝန်ကြီးယန်အတွက် ဘာလို့ ကုလားထိုင် မယူပေးသေးတာလဲ"

"မှန်ပါ့... မှန်ပါ့... မှန်ပါ့" ဝေ့ရွှန်းက ခေါင်းကို အဆက်မပြတ် ညိတ်လိုက်ပြီး သူ့ပါးသူ နှစ်ချက်ခန့် ရိုက်လိုက်လေသည်။ "ဒီအစေခံအိုကြီးက တကယ်ကို အကင်းမပါးပါဘူး။ ဝန်ကြီးယန်အတွက် ကုလားထိုင် အခုပဲ သွားယူလာခဲ့ပါ့မယ်"

မကြာမီမှာပင် ဝေ့ရွှန်းက နောက်ကွယ်မှ ကုလားထိုင်တစ်လုံးကို ယူဆောင်လာပြီး ယန်ကျိန်း၏ အနောက်တွင် ချထားပေးလိုက်၏။

"နေရာထိုင်ခင်း ပေးသနားတဲ့အတွက် အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်"

ယန်ကျိန်းက ကျေးဇူးတင်စကားဆိုကာ အရိုအသေပေးလိုက်ပြီး သူ၏ဝတ်ရုံများကို သပ်ရပ်အောင်လုပ်ကာ ကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်လေသည်။

ရှောင်မိုကို ကြည့်ရင်း ယန်ကျိန်းသည် အရှင်မင်းကြီး၏ အမူအရာမှာ ယခင်ကနှင့် မတူတော့ဘဲ တစ်ခုခု ကွဲပြားနေသည်ဟု ခံစားလိုက်ရသည်။

"ဝန်ကြီးယန် လာရောက်တွေ့ဆုံရတဲ့ အကြောင်းရင်းကို သိခွင့်များရှိမလား" ရှောင်မိုက လိုရင်းကိုသာ တိုက်ရိုက်မေးလိုက်၏။

"အရှင်မင်းကြီးကို တင်လျှောက်ချင်တာက... နောက်ထပ် နှစ်လအကြာမှာ ချင်တိုင်းပြည်က ချင်မုကျိုးနဲ့ ကျွန်တော်မျိုးရဲ့ သမီး ယန်ရုရွှယ်တို့ နန်းတော်ထဲကို ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မဟာကျိုး တည်ထောင်ခဲ့ကတည်းက မိဖုရားခေါင်ကြီး မတင်မြှောက်ရသေးဘဲ အမျိုးသမီးနှစ်ယောက် တစ်ပြိုင်တည်း နန်းတော်ထဲ ဝင်ရောက်လာတဲ့ ထုံးစံမျိုး တစ်ခါမှ မရှိခဲ့ဖူးပါဘူး။ အဲ့ဒါကြောင့် ဓလေ့ထုံးတမ်းတွေကို ဘယ်လိုသတ်မှတ်ရမလဲဆိုတာ တစ်ခဏလောက်တော့ ဝေခွဲမရ ဖြစ်သွားခဲ့ရပါတယ်။

"ဒီနိမ့်ကျတဲ့အမတ်နဲ့ ဓလေ့ထုံးတမ်းဝန်ကြီးဌာနက အခြားအမတ်တွေဟာ ရှေးဟောင်းနဲ့ ခေတ်သစ် တိုင်းပြည်အသီးသီးက ဓလေ့ထုံးတမ်းတွေကို ကိုးကားပြီး အသေအချာ ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။ ပြီးတော့ မိဖုရားခေါင်ကြီး တင်မြှောက်တဲ့ အခမ်းအနားပြီးရင် ဒုတိယအကြီးကျယ်ဆုံးဖြစ်ပြီး အဆင့်မြင့်မိဖုရား တစ်ပါးရဲ့ အခမ်းအနားထက် ပိုမိုမြင့်မားတဲ့ မင်္ဂလာအခမ်းအနားတစ်ခုကို ရေးဆွဲထားခဲ့ပါတယ်။

"ဒီထဲမှာ မိဖုရားနှစ်ပါးအတွက် ဘွဲ့အမည်တွေလည်း ပါဝင်ပါတယ်။

"အရှင်မင်းကြီး အနေနဲ့ အတူတကွ စစ်ဆေးပေးဖို့ မျှော်လင့်ပါတယ်"

ထို့နောက် ယန်ကျိန်းက သူ၏ အင်္ကျီလက်ထဲမှ အသနားခံစာတစ်စောင်ကို ထုတ်ယူလိုက်လေသည်။

ဝေ့ရွှန်းက အသနားခံစာကို အမြန်လှမ်းယူကာ ရှောင်မိုထံ ကမ်းပေးလိုက်၏။

ရှောင်မိုက အသနားခံစာကို သေသေချာချာ ဖတ်ရှုလိုက်လေသည်။

ရှောင်မိုသည် မိဖုရားခေါင်ကြီး မတင်မြှောက်ရသေးဘဲ ကိုယ်လုပ်တော်များကို လက်ခံနေရုံသာမက တော်ဝင်မိဖုရားနှစ်ပါးကိုပါ တစ်ပြိုင်တည်း လက်ခံမည်ဖြစ်သဖြင့် ဤကိစ္စမှာ လောကတွင် အမှန်တကယ်ပင် ရှားပါးလှပေသည်။

ထို့ကြောင့် ဓလေ့ထုံးတမ်းဝန်ကြီးဌာနသည် ဓလေ့ထုံးတမ်းအသစ်များကို ရေးဆွဲခဲ့ရ၏။

ထိုဓလေ့ထုံးတမ်းသစ်များသည် ရှေးဟောင်းထုံးတမ်းစဉ်လာများကို လိုက်နာရမည်ဖြစ်ပြီး မကြာသေးမီက ဖြစ်ရပ်များကိုလည်း နမူနာယူ၍ ရှာဖွေကိုးကားရလေသည်။

ထို့ကြောင့် ယန်ကျိန်းသည် အမှန်တကယ်ပင် အားထုတ်မှုများစွာ ပြုလုပ်ခဲ့ရပေသည်။

နောက်ဆုံးတွင် ရေးဆွဲလိုက်သော ဓလေ့ထုံးတမ်းအသစ်များမှာလည်း အတော်လေး ကောင်းမွန်လှ၏။

သူတို့၏ ဘွဲ့အမည်များနှင့် ပတ်သက်၍မူ၊

ယနေ့ခေတ် အနန္တဓမ္မလောကရှိ မင်းဆက်အများစုတွင် မိဖုရားလေးပါးနှင့် ကိုယ်လုပ်တော် ကိုးပါး ရှိကြပြီး၊ အဆင့်မြင့်မိဖုရားမှာ ထိုမိဖုရားလေးပါးအနက် အမြင့်ဆုံးဖြစ်ကာ မိဖုရားခေါင်ကြီးပြီးလျှင် ဒုတိယအမြင့်ဆုံး ရာထူးဖြစ်လေသည်။

သို့သော် ယန်ရုရွှယ်ရော ချင်မုကျိုးပါ အဆင့်မြင့်မိဖုရားရာထူးနှင့် သင့်တော်မည် မဟုတ်ချေ။

ထို့ကြောင့် ဓလေ့ထုံးတမ်းဝန်ကြီးဌာနသည် ထိုအရှုပ်အထွေးများကို ရှောင်ရှားရန်အတွက် သူတို့နှစ်ဦးစလုံးကို အဆင့်မြင့်မိဖုရားများအဖြစ်သာ ခန့်အပ်ရန် အဆိုပြုခဲ့ပြီး၊ ကျိုးတိုင်းပြည်၏ ဓလေ့ထုံးတမ်းများအရ ခွဲခြားသိမြင်နိုင်ရန် သူတို့၏ အမည်မှ စာလုံးတစ်လုံးစီကို ယူ၍ ယန်ရုရွှယ်ကို ရွှယ်မိဖုရား နှင့် ချင်မုကျိုးကို မုမိဖုရား ဟု အသီးသီး ခေါ်ဝေါ်ရန် အကြံပြုထားလေသည်။

"ဒီအတိုင်းပဲ ဆက်လုပ်ကြတာပေါ့။ နောင်ကျမှ မိဖုရားခေါင်ကြီး တင်မြှောက်တဲ့အခါ ကျယ်ကျယ်ပြန့်ပြန့် အခမ်းအနားကြီးတစ်ခု ထပ်လုပ်ပေးလို့ရတာပဲလေ။" ဖတ်ရှုပြီးနောက် ရှောင်မိုက အသနားခံစာကို ဘေးသို့ ဖယ်ထားလိုက်၏။ "ဝန်ကြီးယန်... ဒီရက်ပိုင်းအတွင်း အများကြီး ပင်ပန်းသွားပြီ"

"အရှင်မင်းကြီး ဒါက ဓလေ့ထုံးတမ်းဝန်ကြီးဌာနရဲ့ တာဝန်ဝတ္တရား သက်သက်ပါပဲ။ အရှင်မင်းကြီးရဲ့ သဘောတူခွင့်ပြုချက် ရဖို့အတွက် ဘယ်လောက်ပဲ ပင်ပန်းရပါစေ ဒါက လုပ်သင့်လုပ်ထိုက်တာပါပဲ"

ယန်ကျိန်းက မတ်တတ်ရပ်ကာ အရိုအသေပေးလိုက်လေသည်။

"အရှင်မင်းကြီးမှာ တခြား ညွှန်ကြားစရာ မရှိတော့ဘူးဆိုရင်၊ ဒီနိမ့်ကျတဲ့အမတ်က အဆိုပြုထားတဲ့ ဓလေ့ထုံးတမ်းတွေအတိုင်း ပြင်ဆင်မှုတွေကို ဆက်လက်လုပ်ဆောင်သွားပါ့မယ်"

"ပြဿနာမရှိပါဘူး။" ရှောင်မိုက ခေါင်းညိတ်လိုက်၏။ "ဒါနဲ့ စကားမစပ်... ဒီနှစ်က မြွေနှစ်ဖြစ်နေတာနဲ့ အတော်ပဲ။ ကိုယ်တော့်ဆီမှာ မြွေဝိညာဉ်ကျောက်စိမ်းပြားတစ်ခု ရှိတယ်။ အဲ့ဒါကို ဝန်ကြီးယန်ရဲ့ သမီးတော်အတွက် လက်ဆောင်ပေးလိုက်ပါတယ်"

ရှောင်မိုက သူ၏ ခါးမှ ကျောက်စိမ်းဆွဲကြိုးကို ဖြုတ်ယူကာ ယန်ကျိန်းထံ ကိုယ်တိုင်ကိုယ်ကျ ကမ်းပေးလိုက်လေသည်။

ယန်ကျိန်းက အလွန်တရာ ဝမ်းသာဂုဏ်ယူသွားပြီး အမြန်ရှေ့တိုးကာ လက်ခံယူလိုက်၏။ "ဒီနိမ့်ကျတဲ့အမတ်က ရုရွှယ်ကိုယ်စား အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်"

ယဉ်ကျေးဖွယ် စကားအနည်းငယ် ထပ်မံပြောဆိုပြီးနောက် ယန်ကျိန်းသည် စာကြည့်ဆောင်ထဲမှ ထွက်ခွာသွားလေတော့သည်။

ယန်ကျိန်း ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ရှောင်မိုက သူ၏ ကျောပြင်ကို ငေးကြည့်ရင်း ဝေ့ရွှန်းကို မေးလိုက်သည်။ "ဝန်ကြီးယန်နဲ့ ပတ်သက်ပြီး မင်း ဘယ်လိုထင်လဲ"

"ဗျာ..." ဝေ့ရွှန်းက တစ်ခဏမျှ မှင်သက်သွားပြီးနောက် အမြန်ရှေ့တိုးလာကာ ခေါင်းငုံ့လျက် ပြန်လည်ဖြေကြားလေ၏။ "ဝန်ကြီးယန်က အလုပ်လုပ်ရာမှာ သေသေချာချာနဲ့ စေ့စပ်သေချာပါတယ်။ ပါရမီလည်း အလွန်ထက်မြက်ပြီး ဓလေ့ထုံးတမ်းတွေမှာလည်း ကျွမ်းကျင်ပါပေတယ်"

"အင်း..." ဝေ့ရွှန်းက ယန်ကျိန်းကို ဆက်လက်ချီးမွမ်းနေဆဲမှာပင် ရှောင်မိုက ခေါင်းကိုလှည့်ကာ သူ့ကို တစ်ချက်စောင်းကြည့်လိုက်လေသည်။

ဝေ့ရွှန်း၏ မျက်နှာထားက ခဲခနဲဖြစ်သွားပြီး စာကြည့်ဆောင်တံခါးကို ချက်ချင်းသွားပိတ်လိုက်ကာ ရှောင်မိုအား တိုးတိတ်စွာ ပြောလိုက်၏။ "ဝန်ကြီးယန်က ယန်မျိုးနွယ်စုဝင် တစ်ယောက်ဖြစ်ပေမဲ့ နန်းတွင်းစာမေးပွဲကို သူ့အရည်အချင်းနဲ့သူ ဖြေဆိုအောင်မြင်ခဲ့တာပါ။ ကျွမ်းယွမ် (ပထမဆုရှင်) အဖြစ်တောင် ရွေးချယ်ခံခဲ့ရတာဆိုတော့ သူ့ရဲ့ပါရမီက အတုအယောင် မဟုတ်ပါဘူး။

"ဒါ့အပြင် ဝန်ကြီးယန်က ငယ်ငယ်ကတည်းက မိသားစုကို စီမံအုပ်ချုပ်၊ တိုင်းပြည်ကို အုပ်စိုးပြီး လောကကြီးကို ငြိမ်းချမ်းစေမယ် ဆိုတဲ့ စံပြရည်မှန်းချက်မျိုး ရှိခဲ့တယ်လို့ ကျွန်တော်မျိုး ကြားဖူးပါတယ်။ အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ နှစ်တွေတစ်လျှောက်လုံး သူက လူမှုရေးပွဲတွေ၊ ဧည့်ခံပွဲတွေကို မကြာခဏ တက်ရောက်လေ့ရှိပေမဲ့ သူ့ရဲ့ အသုံးစရိတ်အများစုက သူ့မျိုးနွယ်စုဆီကနေ ရတာ ဒါမှမဟုတ် သူ့ရဲ့ လက်ရေးလှပန်းချီတွေကို ရောင်းချရာကနေ ရတာတွေချည်းပါပဲ။

"အိုး... ဝန်ကြီးယန်ရဲ့ လက်ရေးလှရေးသားမှုအတွက် ရတဲ့ ဝင်ငွေတွေကိုတော့ အဂတိလိုက်စားမှုလို့ မသင်္ကာဖြစ်စရာ မလိုပါဘူး။ သူက အခုဆို လောကမှာ နာမည်ကျော် လက်ရေးလှပညာရှင် တစ်ယောက်ဖြစ်နေပါပြီ။ လူအများအပြားက သူ့ရဲ့ လက်ရေးလှပန်းချီတွေကို ငွေအမြောက်အမြားပေးပြီး ဝယ်ချင်ကြပေမဲ့တောင် ဝယ်လို့မရနိုင်ကြပါဘူး"

"ဒါဆို မင်း ပြောစမ်းပါဦး။ အဲ့ဒီလို လူစားမျိုးက နန်းရင်းဝန်ရာထူး ဒါမှမဟုတ် ယန်မျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင် နေရာအတွက် ရည်မှန်းချက် ရှိနိုင်မလား" ဟု ရှောင်မိုက ပြုံးလျက် မေးလိုက်လေသည်။

"ဒါကတော့..." ဝေ့ရွှန်း၏ နဖူးပေါ်တွင် ချွေးစေးများ ပျံလာခဲ့၏။

အရှင်မင်းကြီး၏ အတွေးများကို သူ မည်သို့လုပ် မသိဘဲနေမည်နည်း။

အရှင်မင်းကြီးက...

"ဘာလို့ အဲ့လောက်တောင် စိုးရိမ်နေရတာလဲ။ ကိုယ်တော်က ဒီတိုင်း ရိုးရိုးလေး မေးကြည့်ရုံပါကွာ" ရှောင်မိုက အမှန်တကယ်ပင် ပေါ့ပေါ့ပါးပါး ပြောလိုက်သည့်အလား ပြုံးလျက် ပြောလိုက်သည်။ "သွားကြစို့။ အနာဂတ် အဆင့်မြင့်မိဖုရား နှစ်ပါး နေထိုင်မယ့် နန်းဆောင်တွေကို သွားကြည့်ရအောင်"

"မှန်လှပါ အရှင်မင်းကြီး"

ဝေ့ရွှန်းက ထပ်မံ၍ တစ်ခွန်းမျှ မပြောရဲတော့ဘဲ အရှင်မင်းကြီး၏ နောက်သို့ အလျင်အမြန် လိုက်ပါသွားလေတော့သည်။

မကြာမီမှာပင် ယန်ရုရွှယ်နှင့် ချင်မုကျိုးတို့ နောင်တွင် နေထိုင်ရမည့် နန်းဆောင်များဆီသို့ ရှောင်မို ရောက်ရှိလာခဲ့၏။

ရောက်ရှိသွားသောအခါမှ ယန်ရုရွှယ်နှင့် ချင်မုကျိုးတို့၏ အိပ်ဆောင်များသည် သူ၏အိပ်ဆောင်နှင့် အလွန်နီးကပ်နေပြီး ဆယ့်ငါးမိနစ်ခန့်သာ လမ်းလျှောက်ရကြောင်း ရှောင်မို သတိပြုမိသွားလေသည်။

အတွင်းပိုင်း အပြင်အဆင်များနှင့် နေ့စဉ်သုံး ပစ္စည်းအမျိုးမျိုးကိုလည်း သပ်ရပ်စွာ ပြင်ဆင်ထားပြီး အခြေခံအားဖြင့် မည်သည့်အရာမျှ လိုအပ်နေခြင်း မရှိပေ။

နန်းတွင်းအစေခံမလေးများကိုလည်း အကုန်လုံး ခွဲဝေချထားပြီး ဖြစ်သည်။

မဟာကျိုး၏ နန်းတွင်းမောင်းမဆောင်တွင် မိန်းမစိုးများ မရှိချေ။

မိန်းမစိုးများသည် နန်းတော်၏ အရှေ့ဘက် အဆောင်များတွင်သာ သွားလာလှုပ်ရှားခွင့် ရှိပေသည်။

ထို အရှေ့ဘက်အဆောင်များ ဆိုသည်မှာ မနက်ခင်းညီလာခံ ကျင်းပရာ မဟာခန်းမကြီး၊ စာကြည့်ဆောင်နှင့် နန်းတွင်းကိုယ်ရံတော် စစ်တန်းလျားများ ပါဝင်ပြီး ၎င်းတို့သည် အမတ်များနှင့် သံတမန်များ ဝင်ထွက်သွားလာနိုင်သော နေရာများ ဖြစ်လေသည်။

ထို့ကြောင့် မောင်းမဆောင်တစ်ခုလုံးကို နန်းတွင်းအစေခံမလေးများကသာ ဝန်ဆောင်မှု ပေးကြရသည်။

ဝေ့ရွှန်းကဲ့သို့ ကိုယ်ရေးကိုယ်တာ မိန်းမစိုးများသည်လည်း အရှေ့ဘက်အဆောင်များတွင်သာ နေထိုင်ကြရ၏။ အကယ်၍ သူက မောင်းမဆောင်ထဲသို့ ဝင်ရောက်လိုပါက ရှောင်မို၏ အနားတွင် ရှိနေမှသာ ဝင်ခွင့်ရှိပြီး သူ၏သဘောဆန္ဒအလျောက် လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့် မရှိပေ။

ယခင်က မယ်တော်ကြီးယန်က ဝေ့ရွှန်းအား လင်ရှင်းနန်းဆောင်သို့ ဆင့်ခေါ်နိုင်ခဲ့ခြင်းမှာ မောင်းမဆောင်ထဲတွင် မည်သည့် မိဖုရားမှ နေထိုင်ခြင်း မရှိသေးဘဲ မယ်တော်ကြီးယန်က ရှောင်မို၏ လက်ရှိအခြေအနေကို သိရှိလိုသောကြောင့်သာ ဖြစ်သည်။

သို့သော် ယန်ရုရွှယ်နှင့် ချင်မုကျိုးတို့ နန်းတော်ထဲသို့ ဝင်ရောက်လာပြီးနောက်တွင်မူ မယ်တော်ကြီးယန်အနေဖြင့် ဝေ့ရွှန်းကိုပင် ဆင့်ခေါ်ခွင့် ရရှိတော့မည် မဟုတ်ချေ။

သို့သော်လည်း မယ်တော်ကြီးယန်က ဤကိစ္စအတွက် စိုးရိမ်ပူပန်နေလိမ့်မည်ဟု ရှောင်မို မထင်မှတ်ထားပေ။

သူမက ဝေ့ရွှန်းကို ဆင့်ခေါ်ခွင့် မရတော့သော်လည်း ယန်ရုရွှယ်က ရောက်ရှိလာတော့မည် ဖြစ်ပြီး၊ သူမက မယ်တော်ကြီး၏ သတင်းပေးအဖြစ် ဆောင်ရွက်ပေးနိုင်ရုံသာမက ပိုမိုယုံကြည်စိတ်ချရသူတစ်ဦးလည်း ဖြစ်နေသည် မဟုတ်ပါလော။

"အရှင်မင်းကြီး... ဒီနန်းဆောင်နှစ်ခုမှာ ပြုပြင်ပြောင်းလဲဖို့ လိုအပ်မယ့် နေရာတွေများ ရှိသေးလား" ဟု ဝေ့ရွှန်းက မေးလိုက်သည်။

"မလိုတော့ပါဘူး။ တော်တော်လေး ကောင်းပါတယ်။ ဒါပေမဲ့ ဒီနန်းဆောင်နှစ်ခုက ကိုယ်တော့်ရဲ့ စိတ်ဝိညာဉ်ပြုစုပျိုးထောင်ရေး ခန်းမဆောင်နဲ့ ဘာလို့ အချိုးညီညီ အနေအထား ဖြစ်နေရတာလဲ" ဟု ရှောင်မိုက မျက်မှောင်ကြုတ်လျက် မေးလိုက်လေ၏။

ရှောင်မို၏ စိတ်ဝိညာဉ်ပြုစုပျိုးထောင်ရေး ခန်းမဆောင်မှာ သူတို့၏ နန်းဆောင်နှစ်ခုကြား အလယ်တည့်တည့်တွင် တည်ရှိနေပြီး သူတို့ကို ပိုင်းခြားထားသည့်အလား ဖြစ်နေကာ၊ သူတို့ထံမှ ရှောင်မို၏ နန်းဆောင်သို့ အကွာအဝေးမှာလည်း တိတိကျကျပင် တူညီနေလေသည်။

ဝေ့ရွှန်းက ပြုံးလိုက်၏။ "ဒါက ဘယ်ဘက်ကိုမှ မထိခိုက်စေဖို့အတွက် မဟုတ်ဘူးလား"

...

ရှောင်မိုမှာ တစ်ခဏမျှ စကားဆွံ့အသွားပြီး ရင်ထဲတွင် သက်ပြင်းချလိုက်မိသည်။

ဤအပြင်အဆင်ကို ကြည့်ခြင်းအားဖြင့် မောင်းမဆောင်ကို ညီတူမျှတူ ခွဲဝေခြင်း ဆိုသော အငွေ့အသက်များ အမှန်တကယ်ပင် လွှမ်းမိုးနေပေသည်။

သူ၏ အနာဂတ်နေ့ရက်များမှာ အနည်းငယ်မျှ ပိုမိုအေးချမ်းပါစေရန်သာ သူ ဆုတောင်းနေမိလေတော့သည်။

ယန်ရုရွှယ်နှင့် ချင်မုကျိုးတို့ နေထိုင်ရမည့် နန်းဆောင်များကို စစ်ဆေးကြည့်ရှုပြီးနောက် မွန်းတည့်ချိန်သို့ နီးကပ်လာခဲ့ချေပြီ။ ရှောင်မိုက သူ၏ရထားလုံးကို လင်ရှင်းနန်းဆောင်ဆီသို့ ဦးတည်စေကာ မွေးစားမိခင်ဖြစ်သူထံ သွားရောက်တွေ့ဆုံရန် အမိန့်ပေးလိုက်၏။

"သားတော် မယ်တော့်ကို ဂါရဝပြုပါတယ်"

လင်ရှင်းနန်းဆောင်အတွင်းသို့ ဝင်ရောက်သွားသောအခါ ရှောင်မိုက မယ်တော်ကြီးယန်အား အရိုအသေပေးလိုက်လေသည်။

"အရှင်မင်းကြီး ရောက်လာပြီပဲ" ရှောင်မိုကို မြင်လိုက်ရသောအခါ မယ်တော်ကြီးယန်က ဝမ်းသာအားရ မျက်နှာထားဖြင့် ရှေ့သို့ လျှောက်လာပြီး ရှောင်မို၏ လက်ကို ဆုပ်ကိုင်လိုက်၏။ "အရှင်မင်းကြီး တာအိုကျင့်ကြံတာ စတင်ကတည်းက မျက်နှာလေးက ပိုကြည်လင်လာပြီး အရင်ကထက် ပိုချောမောလာတယ်နော်"

"ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ် မယ်တော်။ ဘာပဲဖြစ်ဖြစ် သားတော်က တာအိုကျင့်ကြံပြီး နေ့စဉ်နဲ့အမျှ စိတ်နှလုံးကို ပြုစုပျိုးထောင်နေရတာဆိုတော့ အနည်းအကျဉ်းတော့ တိုးတက်မှုလေးတွေ ရှိလာတယ် ထင်ပါရဲ့။" ရှောင်မိုက ပြုံးလိုက်သည်။ "ဒါပေမဲ့ သားတော်ထက်စာရင် မယ်တော်က ပိုပိုပြီး ငယ်ရွယ်လာသလိုပဲ။ တကယ်လို့ မယ်တော်သာ ပန်းပွင့်လေးတွေလို အရွယ်ရောက်စ မိန်းမပျိုလေးတွေနဲ့ အတူတူ အပြင်ထွက်သွားမယ်ဆိုရင် ဘယ်သူကမှတောင် ခွဲခြားနိုင်မှာ မဟုတ်ဘူး"

"ဟီးဟီးဟီး... အရှင်မင်းကြီးက ဘယ်အချိန်ကစပြီး ဒီလိုစကားလေးတွေ ပြောတတ်သွားရတာလဲ။ မယ်တော်က အသက်လေးဆယ်တောင် ကျော်နေပြီပဲ။ အိုနေပါပြီကွယ်..." မယ်တော်ကြီးယန်က သူမ၏ ပဝါလေးကို ပွတ်သပ်ရင်း ပြုံးလျက် ပြောလိုက်၏။ သူမက အိုနေပြီဟု ပြောနေသော်လည်း ဝင်းလက်နေသော သူမ၏ မျက်နှာအမူအရာက ရှောင်မို၏ စကားများမှာ သူမအတွက် အလွန်ကြည်နူးဖွယ်ကောင်းနေကြောင်း ပြသနေလေသည်။

"အဲ့ဒါတွေကို ထားလိုက်ပါတော့။ ဒီနေ့ အရှင်မင်းကြီးကို ဒီကိုခေါ်လိုက်တာ နန်းတွင်းအစေခံမလေးတွေ ကိစ္စအတွက်ပါ။ ရုရွှယ်တို့ နန်းတော်ထဲ ဝင်လာပြီးတဲ့နောက်မှာ နန်းတော်ထဲ ဝင်ရောက်ဖို့ သင့်တော်တဲ့ မိန်းမပျိုလေးတွေကို ရွေးချယ်ရမယ့် အချိန်ရောက်လာပြီလေ။ တို့ကျိုးတိုင်းပြည်မှာတော့ နန်းတွင်းအစေခံမလေးတွေ ရွေးချယ်တဲ့ကိစ္စကို မိဖုရားခေါင်ကြီးက ကိုင်တွယ်ရတာပါ။ အခုက မိဖုရားခေါင်ကြီး နေရာလစ်လပ်နေတော့ မယ်တော်ကပဲ အရှင်မင်းကြီးအတွက် ဆုံးဖြတ်ပေးလိုက်ပါ့မယ်။ အရှင်မင်းကြီး ဘယ်လိုသဘောရလဲ"

"သေချာပေါက် ပြဿနာမရှိပါဘူး။ အရာအားလုံးက မယ်တော့်ရဲ့ ဆုံးဖြတ်ချက်အတိုင်းပါပဲ။ အလုပ်ရှုပ်သွားတဲ့အတွက် မယ်တော့်ကို ကျေးဇူးတင်ပါတယ်"

ရှောင်မိုမှာ မည်သို့သော ထင်မြင်ချက်မျိုး ရှိနိုင်မည်နည်း။ အကယ်၍ သူ့ထံတွင် ထင်မြင်ချက်ရှိလျှင်ပင် ထုတ်ဖော်ပြောဆိုခွင့် ရှိမည် မဟုတ်ပေ။

ထို့အပြင် ဓလေ့ထုံးတမ်းများအရ မိဖုရားခေါင်ကြီးကသာလျှင် သူမ၏ နန်းတွင်းအစေခံမလေးများနှင့်အတူ နန်းတော်ထဲ ဝင်ရောက်လာမည့် အမျိုးသမီးများကို စစ်ဆေးရွေးချယ်ရမည်မှာ မှန်ကန်ပေသည်။

ယခုအခါ သူ့ထံတွင် မိဖုရားခေါင်ကြီး မရှိသေးသဖြင့် မယ်တော်ကြီးယန်က သူမ၏ အစေခံမလေးများနှင့်အတူ အမျိုးသမီးများကို ရွေးချယ်ပေးခြင်းမှာ သဘာဝကျလှ၏။

သို့သော်လည်း မယ်တော်ကြီးယန်သည် ယန်ရုရွှယ်၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးရန်အတွက် ကိုယ်လုပ်တော်က ကိုယ်ဝန်မရသေးဘဲ နန်းတွင်းအစေခံမလေးက အရင်ကိုယ်ဝန်ရသွားခြင်းမျိုးကို ကာကွယ်ရန် အလွန်လှပလွန်းသော အမျိုးသမီးများကို သေချာပေါက် ရွေးချယ်မည်မဟုတ်ကြောင်းကို ရှောင်မို သိရှိထားလေသည်။

သို့သော် ရှောင်မိုက ထိုအရာကို ဂရုမစိုက်ခဲ့ချေ။

သူသည် မိဖုရားနှစ်ပါးနှင့် ပတ်သက်၍ပင် ခေါင်းကိုက်နေရပြီဖြစ်ရာ နန်းတွင်းအစေခံမလေးများကို ရှာဖွေရမည့်ကိစ္စကို ဆိုဖွယ်ရာ မရှိတော့ပေ။

ရှောင်မို၏ ပွင့်လင်းဖြောင့်မတ်သော အမူအရာကို မြင်လိုက်ရသောအခါ မယ်တော်ကြီးယန်၏ မျက်တောင်များက ပုတ်ခတ်သွားလေ၏။

ချင်မုကျိုး နန်းတော်ထဲ ဝင်ရောက်လာမည်ဖြစ်သဖြင့် ရှောင်မိုထံတွင် အခြားသော အကြံအစည်များ ရှိလာနိုင်ပြီး သူမကို အနည်းငယ် ဆန့်ကျင်လာလိမ့်မည်ဟု သူမ ထင်မှတ်ထားခဲ့သည်။

သို့သော် ယခုအခါတွင် ရှောင်မိုမှာ ယခင်အတိုင်း နာခံမှုရှိနေဆဲဖြစ်ကြောင်း မြင်လိုက်ရသဖြင့် မယ်တော်ကြီးယန်မှာ ပို၍ပင် ဝမ်းသာကြည်နူးသွားရပြီး ဤကလေးအပေါ် သူမက လွန်လွန်ကျူးကျူးများ တင်းကျပ်လွန်းနေခဲ့သလားဟုပင် စတင်တွေးတောလာမိလေသည်။

မည်သို့ပင်ဖြစ်စေ သူသည် ငယ်ရွယ်စဉ်ကတည်းက မိဘအရင်းများနှင့် ကွဲကွာခဲ့ရပြီး နန်းတော်ထဲသို့ မွေးစားခံရကာ ကန့်သတ်ချုပ်ချယ်မှုများစွာကို ခံစားခဲ့ရသည် မဟုတ်ပါလော။ သူက တကယ်ကို သနားစရာ ကောင်းလှပေသည်။

သို့သော် မကြာမီမှာပင် မယ်တော်ကြီးယန်သည် သူမ၏ ရင်ထဲမှ သနားကြင်နာမှုများကို ပြန်လည်ဖိနှိပ်ထားလိုက်၏။

ယခုအချိန်တွင် အရေးကြီးဆုံးအရာမှာ ရုရွှယ်ကို မိဖုရားခေါင်ကြီး နေရာသို့ ရောက်ရှိစေရေးပင် ဖြစ်သည်။ ဤအချိန်သည် သနားကြင်နာနေရမည့် အချိန်မဟုတ်ချေ။

မယ်တော်ကြီးယန်က ရှောင်မိုနှင့် ဆက်လက်စကားပြောဆိုခဲ့ပြီး နေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြလေသည်။

မွန်းလွဲပိုင်းတွင် မယ်တော်ကြီးယန်သည် ကျိုးတိုင်းပြည် တစ်လွှားသို့ အမိန့်ပြန်တမ်းတစ်ရပ်ကို ထုတ်ပြန်လိုက်၏။ နန်းတော်ထဲသို့ ဝင်ရောက်ရန်အတွက် သန့်ရှင်းစင်ကြယ်သော နောက်ခံသမိုင်းကြောင်းရှိသည့် မိန်းမပျိုလေးများကို ရွေးချယ်ရန်ပင် ဖြစ်သည်။

အမိန့်ပြန်တမ်း ထုတ်ပြန်ပြီး နောက်တစ်နေ့တွင်ပင်။

ကျိုးတိုင်းပြည် မြို့တော်ရှိ ကြေညာသင်ပုန်းရှေ့တွင် မျက်နှာကို ဇာပါးလေးဖြင့် ဖုံးအုပ်ထားသော အမျိုးသမီးတစ်ဦးက ထပ်တလဲလဲ ကြည့်ရှုနေခဲ့လေသည်။

နောက်ဆုံးတွင် ထိုအမျိုးသမီးက လှည့်ထွက်လာပြီး သူမ၏ ခြံဝင်းလေးဆီသို့ ပြန်သွားခဲ့၏။

"ဝမ်ရှင်း" ထိုအမျိုးသမီးက ခြံတံခါးကို တွန်းဖွင့်လိုက်ပြီး သူမ၏ ဇာပါးလေးကို ဖယ်ရှားကာ ဝမ်းသာအားရ ပြောလိုက်သည်။

"ဘာဖြစ်လို့လဲ အစ်မစစ်လီ"

ဝမ်ရှင်းက လှည့်ကြည့်လိုက်ပြီး စားပွဲပေါ်၌ လှဲလျောင်းနေသော ဟွန်တွန်းသားရဲလေးက သူ၏သခင်မ လက်ထဲမှ မုန့်ကို တစ်ကိုက်တည်းနှင့် မြိုချလိုက်လေ၏။

"မှော်ဝင်္ကပါကနေတစ်ဆင့် ရှောင်မိုရဲ့ ဝင်စားမယ့်ဘဝက နန်းတော်ထဲမှာ ရှိနေနိုင်တယ်လို့ ငါတို့ အတည်ပြုထားခဲ့တာ မဟုတ်ဘူးလား"

"ဟုတ်တာပေါ့။ ဒါပေမဲ့ ပြဿနာက အစ်မစစ်လီလည်း အထဲကို ဘယ်လိုဝင်ရမလဲဆိုတာ မသိဘူးလေ" ဟု ဝမ်ရှင်းက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

မှော်ဝင်္ကပါက ကျိုးတိုင်းပြည် နန်းတော်ဆီသို့ ညွှန်ပြနေခဲ့ပြီး ကျိုးတိုင်းပြည်ရဲ့ဘုရင်၏ အမည်မှာလည်း ရှောင်မိုပင် ဖြစ်နေ၏။ ဤလောကတွင် တိုက်ဆိုင်မှုဆိုသည်မှာ အမှန်တကယ် ရှိနေနိုင်ပြီး ကျိုးတိုင်းပြည်ရဲ့ဘုရင်မှာ ရှောင်မို ဝင်စားလာသူ ဖြစ်နိုင်ကြောင်း ဝမ်ရှင်းနှင့် စစ်လီတို့ နှစ်ဦးစလုံးက ခံစားနေရပေသည်။

သို့သော်လည်း ကျိုးတိုင်းပြည် နန်းတော်တွင် ကာကွယ်ရေး မှော်ဝင်္ကပါတစ်ခု ရှိနေပြီး သူတို့သာ ခိုးဝင်မည်ဆိုပါက သေချာပေါက် တွေ့ရှိသွားကြလိမ့်မည်။

ထို့အပြင် ခုံးနျန်ကျောင်းတော်တွင် စည်းမျဉ်းတစ်ခု ရှိလေသည်။ ဘုန်းတော်ကြီးများသည် သာမန်မင်းဆက်များ၏ နန်းတော်များထဲသို့ ဝင်ရောက်ခွင့် မရှိပေ။ အဘယ်ကြောင့်ဆိုသော် နန်းတော်များဆိုသည်မှာ နဂါးချီများနှင့် ကံတရားအကျိုးဆက်များ စုစည်းနေသော နေရာများဖြစ်ပြီး ဗုဒ္ဓဘာသာတပည့်များမှာ ၎င်းတို့၏ လွှမ်းမိုးမှုဒဏ်ကို အလွယ်တကူ ခံရနိုင်သောကြောင့်ပင်တည်း။

ဝမ်ရှင်းသည် ခုံးနျန်ကျောင်းတော်၏ ဘုန်းတော်ကြီးတစ်ပါး ဖြစ်သောကြောင့် သဘာဝကျကျပင် စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်သည်။

ထို့ကြောင့် သူမသည် ကျိုးတိုင်းပြည်ရဲ့ဘုရင်နှင့် သွားရောက်တွေ့ဆုံခွင့် မရှိခဲ့ချေ။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သူ နန်းတော်ထဲမှ ထွက်ခွာလာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေရလေသည်။

လူတစ်ယောက်သည် နတ်ဘုရားဝိညာဉ် ဝင်စားလာသူဖြစ်ကြောင်း အတည်ပြုရန်အတွက် အချိန်အတိုင်းအတာတစ်ခုအထိ လိုအပ်ပြီး၊ ဝမ်ရှင်းအနေဖြင့် မောင်းမဆောင်ထဲတွင် အချိန်အကြာကြီး နေထိုင်ခွင့် မရှိကြောင်းကိုတော့ ဆိုဖွယ်ရာ မရှိတော့ပေ။

ထို့ကြောင့် သူတို့နှစ်ဦးမှာ မကြာသေးမီက အတော်လေး အခက်တွေ့နေခဲ့ကြလေ၏။

"အခုတော့ ငါ သိသွားပြီ" စစ်လီက ပြုံးလိုက်သည်။ "ခုနလေးတင် ကျိုးတိုင်းပြည်ရဲ့ မယ်တော်ကြီးက နန်းတွင်းအစေခံမလေးတွေကို ရွေးချယ်နေတယ်ဆိုတာ ငါ မြင်ခဲ့တယ်"

"ဒါဆို အစ်မစစ်လီက..."

"ဟုတ်တယ်။ ငါ နန်းတွင်းအစေခံမလေးတစ်ယောက်အနေနဲ့ နန်းတော်ထဲဝင်ပြီး သွားကြည့်မလို့"

All Chapters