အခန်း (၄၄၇-၄၄၈)
Vol. 45 Ch. 447-448
အခန်း (၄၄၇)
"သမီးတော်... သမီးတော်ရေ"
ဓလေ့ထုံးတမ်းဝန်ကြီး အိမ်တော်၌ ဝန်ကြီးယန်ကျိန်းသည် တံခါးများကျယ်လောင်စွာ ပွင့်ဟနေသော ခြံဝင်းအတွင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လာလေ၏။
ခြံဝင်းအတွင်း၌ စာအုပ်ဖတ်နေသော ယန်ရုရွှယ်က ခေါင်းမော့ကာ ပြုံးလျက် မေးလိုက်သည်။ "ဒီနေ့ တစ်ခုခု ထူးခြားတာရှိလို့လား ခမည်းတော်။ အရမ်းကို ပျော်ရွှင်နေပုံရတယ်"
"ဟာဟားဟား... ဒီနေ့က သေချာပေါက် ပျော်ရွှင်ရမယ့်နေ့ပဲကွ"
ဝန်ကြီးယန်ကျိန်းက ကျောက်သားထိုင်ခုံပေါ်တွင် ဝင်ထိုင်လိုက်ပြီး မိမိဖာသာ လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်လေသည်။
"သမီးတော် ဘယ်သိပါ့မလဲ။ ဒီရက်ပိုင်းတွေမှာ ဓလေ့ထုံးတမ်းဝန်ကြီးဌာနက အရှင်မင်းကြီးရဲ့ မင်္ဂလာအခမ်းအနား ကိစ္စတွေနဲ့ ရှုပ်ယှက်ခတ်နေခဲ့တာ။ ဖအေဖြစ်တဲ့ငါတောင် ရှေးဟောင်းကျမ်းစာ အစုံအလင်ကို လိုက်ဖတ်ရလွန်းလို့ ခေါင်းတွေချာချာလည်နေခဲ့တာပဲ။ ကံကောင်းလို့ ဒီနေ့တော့ အကုန်ပြီးစီးသွားခဲ့ပြီ။ အရှင်မင်းကြီးကလည်း ကြည့်ပြီးသွားတော့ ဘာမှကန့်ကွက်တာ မရှိဘူးလေ။ ဒါကြောင့် ခမည်းတော်လည်း နောက်ဆုံးတော့ သက်ပြင်းချနိုင်သွားပြီပေါ့"
ဝန်ကြီးယန်ကျိန်းက ရယ်မောလျက် ပြောလိုက်၏။
"ဒါပေမဲ့ ခမည်းတော်ကို အံ့အားအသင့်ရဆုံး ဖြစ်စေခဲ့တာကတော့ တို့ရဲ့ အရှင်မင်းကြီးပဲ"
"အို... အရှင်မင်းကြီးက ဘာဖြစ်လို့လဲ" ယန်ရုရွှယ်က အနီးရှိ ကျောက်သားထိုင်ခုံပေါ်၌ ဝင်ထိုင်ကာ သိချင်စိတ်ဖြင့် မေးလိုက်လေသည်။
"ဘယ်လိုပြောရမလဲဆိုရင်..."
ဝန်ကြီးယန်ကျိန်းက သူ၏မေးစေ့ကို ပွတ်သပ်လိုက်ပေသည်။
"အရှင်မင်းကြီးရဲ့ အပြောအဆို၊ အပြုအမူတိုင်းက ပညာရှင်တစ်ယောက်ရဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ ကျက်သရေမျိုးနဲ့ တည်ငြိမ်နေသလို ခံစားရတယ်။ ဒါပေမဲ့ ခမည်းတော်က အရှင်မင်းကြီးရဲ့ မျက်ဝန်းတွေကို ကြည့်လိုက်တဲ့အခါ ရှင်းပြလို့မရတဲ့ စိုးရိမ်တုန်လှုပ်မှုမျိုးကို ခံစားလိုက်ရတုန်းပဲ။
အဲ့ဒီ တော်ဝင်ဧကရာဇ်ရဲ့ ခံ့ညားထည်ဝါမှုက ပြန်တွေးကြည့်ရုံနဲ့တင် ခမည်းတော်ကို အနည်းငယ် တုန်ယင်သွားစေခဲ့တာ။
သူ့ရဲ့ အရှိန်အဝါကို ကြည့်ရုံနဲ့တင် နန်းတွင်းမှာ ကောလာဟလ ထွက်နေသလို အသိဉာဏ်ကင်းမဲ့တယ် ဒါမှမဟုတ် အရည်အချင်းမရှိတဲ့ အသုံးမကျသူလို့ လုံးဝမထင်ရဘူး။ သူက တကယ်ကို ဉာဏ်ပညာကြီးမားတဲ့ အုပ်စိုးရှင်တစ်ပါးရဲ့ ဟန်ပန်မျိုး ရှိနေတယ်။
တကယ်တမ်းကျတော့ ပြန်လာတဲ့လမ်းမှာ ခမည်းတော် တွေးလာမိတာက၊ တကယ်လို့ အရှင်မင်းကြီးသာ တကယ်တမ်း အာဏာကို ချုပ်ကိုင်နိုင်မယ်ဆိုရင် တို့ရဲ့ မဟာကျိုးက သေချာပေါက်..."
စကားပြောနေရင်းပင် ဝန်ကြီးယန်ကျိန်းသည် စကားလွန်သွားပြီဖြစ်ကြောင်း သတိပြုမိသွားကာ လက်ကို အမြန်ယမ်းပြလိုက်၏။ "လွန်သွားပြီ... ငါ စကားတွေလွန်သွားပြီ။ သမီးတော်၊ ခုနက ခမည်းတော်ပြောခဲ့တာတွေကို စိတ်ထဲမထားနဲ့တော့။ မကြားခဲ့ဘူးလို့သာ သဘောထားလိုက်ပါ"
"မပူပါနဲ့ ခမည်းတော်။ သမီးတော် နားလည်ပါတယ်"
ယန်ရုရွှယ်က ခပ်ဟဟ ပြုံးလိုက်လေသည်။
"ဒါနဲ့ စကားမစပ်... ခမည်းတော် လူငယ်ဘဝတုန်းက မိသားစုကို စီမံအုပ်ချုပ်၊ တိုင်းပြည်ကို အုပ်စိုးပြီး လောကကြီးကို ငြိမ်းချမ်းစေမယ်ဆိုတဲ့ ကြီးမြတ်တဲ့ ရည်မှန်းချက်တွေ ရှိခဲ့တယ်လို့ မယ်တော့်ဆီကနေ သမီး ကြားဖူးတယ်။ အခုကျတော့ ဘာဖြစ်လို့ ကဗျာရွတ်ပွဲတွေကို မကြာခဏ တက်ရောက်ပြီး တစ်နေ့လုံး ပါရမီရှင် ပညာတတ်တွေနဲ့ပဲ အပြင်ထွက် လည်ပတ်နေရတာလဲ။ အရင်တုန်းက မျိုးနွယ်စုဦးလေးက ခမည်းတော်ကို ဝန်ထမ်းရေးရာဝန်ကြီးဌာနဆီ သွားစေချင်ခဲ့တုန်းကတောင် ခမည်းတော်က ငြင်းပယ်ခဲ့တယ်ဆို"
"သမီးကတော့ တကယ့်ကို အနာကိုမှ ရွေးဆွတတ်တာပဲကွယ်" ဝန်ကြီးယန်ကျိန်းက ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပေသည်။ "ခမည်းတော် နန်းတွင်းထဲ စရောက်ခါစက အဲ့ဒီလို တွေးခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ အခုခေတ် နန်းတွင်းကတော့..."
"ဟူး..." ဝန်ကြီးယန်ကျိန်းက တုံ့ဆိုင်းသွားပြီးနောက် နောက်ဆုံးတွင် ခေါင်းယမ်းကာ သက်ပြင်းချလိုက်လေ၏။ "ထားလိုက်ပါတော့လေ။ မပြောတာပဲ ကောင်းပါတယ်"
"ဒါနဲ့ သမီးတော်... ဒါလေး သမီးကို ပေးရဦးမယ်"
ဝန်ကြီးယန်ကျိန်းက မြွေဝိညာဉ်ကျောက်စိမ်းပြားတစ်ခုကို ဂရုတစိုက် ထုတ်ယူကာ သမီးဖြစ်သူထံ ကမ်းပေးလိုက်သည်။
"ဒါက ဘာလေးလဲ" ယန်ရုရွှယ်က ကျောက်စိမ်းပြားကို လှမ်းယူလိုက်ပြီး သူမ၏ လက်ဖဝါးလေးများကြားတွင် ဆုပ်ကိုင်ထားလိုက်၏။
"ဒီကျောက်စိမ်းပြားက အရှင်မင်းကြီး ပေးလိုက်တဲ့ လက်ဆောင်ပါ။ ဒီနှစ်က မြွေနှစ်ဖြစ်နေတာမို့လို့ မြွေဝိညာဉ်ပုံစံလေး ထွင်းထုထားတာဖြစ်မယ်" ဟု ဝန်ကြီးယန်ကျိန်းက ပြုံးလျက် ရှင်းပြလေသည်။
"ကဲ... ခမည်းတော် အခု သွားတော့မယ်။ ဧည့်ခံပွဲတစ်ခု တက်စရာရှိသေးတယ်" ဝန်ကြီးယန်ကျိန်းက မတ်တတ်ရပ်ကာ သူ၏ဝတ်ရုံကို ပုတ်ခါလိုက်ပေသည်။
"ဂရုစိုက်သွားပါ ခမည်းတော်။ အရက်ကို လျှော့သောက်ပါဦး" ယန်ရုရွှယ်က ဒူးညွတ်ကာ အရိုအသေပေးလိုက်၏။
"သိပါတယ် သိပါတယ်ကွယ်။ ခမည်းတော် အရက်သွားသောက်တယ်ဆိုတာ သမီးရဲ့ မယ်တော့်ကို မပြောလိုက်နဲ့နော်။ မဟုတ်ရင် သူမ ပွစိပွစိ လုပ်နေဦးမယ်" ဝန်ကြီးယန်ကျိန်းသည် လက်နောက်ပစ်လျက် အတော်လေး လွတ်လပ်ပေါ့ပါးဟန်ဖြင့် ခြံဝင်းထဲမှ ထွက်ခွာသွားလေတော့သည်။
ဖခင်ဖြစ်သူ ထွက်ခွာသွားပြီးနောက် ယန်ရုရွှယ်က ကျောက်စိမ်းပြားလေးကို ဆောင်းရာသီ၏ နေရောင်ခြည်ဆီသို့ မြှောက်ကိုင်လိုက်လေ၏။
နွေးထွေးသော နေရောင်အောက်တွင် အနည်းငယ် လှုပ်ယမ်းနေသော ကျောက်စိမ်းပြားလေးမှာ ကြည်လင်တောက်ပသော ကျောက်စိမ်းရောင်အလင်းတန်းများဖြင့် တလက်လက် တောက်ပနေခဲ့ပေသည်။
"သခင်မလေး... ဒီကျောက်စိမ်းပြားလေးက တကယ်ကို လှတာပဲနော်" ချွန်းယန်က ရှေ့သို့ လှမ်းလာပြီး ဝမ်းသာအားရ ပြောလိုက်သည်။ ဤသည်မှာ အရှင်မင်းကြီးက သူမ၏ သခင်မလေးထံသို့ ပထမဆုံးအကြိမ် ပေးပို့လာသော လက်ဆောင်ပင် ဖြစ်လေသည်။
"တကယ်ကို လှပါတယ်"
ယန်ရုရွှယ်က ခပ်ဟဟ ပြုံးလိုက်ပြီး ကျောက်စိမ်းပြားပေါ်ရှိ မြွေငယ်လေးကို ညင်သာစွာ ခေါက်လိုက်လေ၏။
"လှလည်းလှတယ်။ ပြီးတော့ တော်တော်လေးလည်း တိုက်ဆိုင်နေတယ်"
အိမ်တော်မှ ထွက်ခွာလာပြီးနောက် ဝန်ကြီးယန်ကျိန်းသည် ရထားလုံးတစ်စီးပေါ်သို့ တက်ကာ မသေမျိုးယစ်မူးစံအိမ်ဆီသို့ ဦးတည်သွားလေတော့သည်။
ရထားလုံး၏ မှီအုံးများကို မှီတွယ်ထားရင်း ဝန်ကြီးယန်ကျိန်းက ခေါင်းငုံ့ကာ အတွေးများထဲတွင် နစ်မျောနေခဲ့၏။
အထူးသဖြင့် စောစောက သမီးဖြစ်သူ ပြောခဲ့သော စကားများက သူ၏ ရင်ထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေခဲ့သည်။
"မိသားစုကို စီမံအုပ်ချုပ်၊ တိုင်းပြည်ကို အုပ်စိုးပြီး လောကကြီးကို ငြိမ်းချမ်းစေမယ်..."
ဝန်ကြီးယန်ကျိန်းက သူ့ကိုယ်သူ တိုးတိတ်စွာ ရေရွတ်လိုက်ပေသည်။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ဝန်ကြီးယန်ကျိန်းသည် ရုတ်တရက် ရယ်မောလိုက်လေ၏။
"ထားလိုက်ပါတော့လေ... ထားလိုက်ပါတော့"
မယ်တော်ကြီးယန်နှင့်အတူ နေ့လယ်စာ သုံးဆောင်ပြီးနောက် ရှောင်မိုသည် သူမ၏ နန်းဆောင်မှ ထွက်ခွာလာခဲ့လေသည်။
ရှောင်မိုသည် စိတ်ဝိညာဉ်ပြုစုပျိုးထောင်ရေး ခန်းမဆောင်ဆီသို့ ချက်ချင်း ပြန်မသွားသေးဘဲ သူ၏ ဓားသိုင်းများကို လေ့ကျင့်ရန်အတွက် တာအိုမေးမြန်းခြင်း ယဇ်ပလ္လင်ဆီသို့ သွားရောက်ခဲ့၏။
မင်္ဂလာပွဲက အလွန်တရာ အလျင်လိုနေခြင်း မရှိသလို ရှောင်မိုကလည်း ဘဝတစ်ရာကျမ်းထဲတွင် အချိန်ယူ၍ လုပ်ဆောင်နိုင်သည်ဟု ခံစားရသောကြောင့် ဤကာလအတွင်း သူသည် ဓားတာအိုအပေါ်၌ အချိန်ပိုပေးခဲ့ပေသည်။
ယခုအချိန်တွင် ရှောင်မိုသည် ချီသန့်စင်ခြင်းအဆင့် ဆယ့်နှစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး မကြာမီ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိတော့မည် ဖြစ်လေသည်။
ထိုအဆင့်သို့ ရောက်ရှိသွားပါက ရှောင်မိုအနေဖြင့် အုတ်မြစ်ချခြင်းအဆင့်သို့ တက်လှမ်းရန် ကြိုးပမ်းနိုင်ပြီ ဖြစ်၏။
သို့သော် ရှောင်မိုအား အခက်တွေ့စေသောအရာမှာ သူသာ အုတ်မြစ်ချခြင်းအဆင့်သို့ ရောက်ရှိသွားပါက မည်သို့ ဆက်လက်လုပ်ဆောင်ရမည်နည်း ဆိုခြင်းပင်တည်း။
ယနေ့ခေတ်ကာလရှိ သာမန်ဧကရာဇ်များကို အုတ်မြစ်ချခြင်းအဆင့်သို့ တက်လှမ်းခွင့် မပြုထားချေ။
သူ၏ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားနိုင်ရန် အသက်ရှူသံဖုံးကွယ်ခြင်းအတတ် ရှိနေသော်ငြားလည်း၊
အကယ်၍သာ အုတ်မြစ်ချပြီးနောက် သူ ဓားသိုင်းလေ့ကျင့်နေစဉ်အတွင်း နတ်မိမယ်ကျန်းက ဘေးမှနေ၍ ကြည့်ရှုနေမည်ဆိုပါက သူ၏ ဝိညာဉ်စွမ်းအင်များကို လျှို့ဝှက်ထားနိုင်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။
ရှောင်မို အခက်တွေ့နေစဉ်မှာပင်၊ သင်းပျံ့သော မွှေးရနံ့ပါသည့် လေပြေတစ်ချက်က သူ၏ နှာခေါင်းဖျားကို ဖြတ်သန်းတိုက်ခတ်သွားလေ၏။
ရှောင်မို သတိဝင်လာချိန်တွင်ကား ကျက်သရေရှိလှသော ပုံရိပ်လေးတစ်ခုသည် သူ၏ မျက်စိရှေ့မှောက်၌ ပေါ်လာခဲ့ချေပြီ။
ထို့နောက် ချက်ချင်းဆိုသလိုပင် လျှပ်တစ်ပြက် ဓားအလင်းတန်းတစ်ခုက ရှောင်မို၏ နဖူးအလယ်တည့်တည့်ဆီသို့ ထိုးခွဲဝင်ရောက်လာလေတော့သည်။
ရှောင်မိုက သူ၏ စိတ်ကို ချက်ချင်းစုစည်းလိုက်ပြီး သူ၏ဓားဖြင့် ကာကွယ်လိုက်၏။
သူတို့၏ ဓားချီများသည် တာအိုမေးမြန်းခြင်း ယဇ်ပလ္လင်ကို အဆက်မပြတ် ဖျက်ဆီးနေခဲ့သော်လည်း ဤအမျိုးသမီး၏ ဓားချီမှာ ရှောင်မိုထက် များစွာ ပိုမိုသန့်စင်ထက်မြက်နေခဲ့ပေသည်။
အကြိမ်ဆယ်ကြိမ်ခန့် အပြန်အလှန် တိုက်ခိုက်ပြီးနောက် အမျိုးသမီး၏ မျက်မှောင်များ ကြုံ့သွားလေ၏။ သူမက ရှောင်မို၏ ကာကွယ်မှုတွင် အားနည်းချက်တစ်ခုကို ရှာတွေ့သွားပြီး သူ၏လက်ထဲမှ ဓားရှည်ကို ရိုက်ချလိုက်လေတော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် အမျိုးသမီး၏ လက်ထဲရှိ ဓားရှည်က ရှောင်မို၏ လည်မျိုဆီသို့ ချိန်ရွယ်ထားလျက်သား ဖြစ်နေခဲ့ချေပြီ။
"လမ်းညွှန်ပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နတ်မိမယ်ကျန်း" ဟု ရှောင်မိုက အရှုံးပေးလျက် ပြောလိုက်သည်။
"ဟွန့်..." ကျန်းချင်ရီက သူမ၏ဓားကို အေးစက်စွာ ပြန်ရုပ်သိမ်းလိုက်ပြီး ခေါင်းလွှဲသွားကာ သူမ၏ လေသံတွင် မကျေနပ်မှုများ ပြည့်နှက်နေခဲ့၏။ "ဓားတာအိုဆိုတာ ထက်မြက်ခြင်းဆိုတဲ့ စကားလုံးနဲ့ အဓိပ္ပာယ်ဖွင့်ဆိုထားတာပဲ။ အဲ့ဒါက ပြတ်သားမှုကို တောင်းဆိုတယ်။ ဒီနေ့ အရှင်မင်းကြီး ဘာဖြစ်နေတာလဲ။ ဘာလို့ လှုပ်ရှားမှုတိုင်းက အဲ့ဒီလောက်တောင် တုံ့ဆိုင်းပြီး ဝေခွဲမရ ဖြစ်နေရတာလဲ"
ရှောင်မိုက ပြုံးလျက် ခေါင်းယမ်းလိုက်ပြီး ဆင်ခြေပေးလိုက်လေသည်။ "ကျွန်တော် နောက်ဆုံးတော့ အဆင့်၁၂ကို ရောက်ရှိသွားပါပြီ။ ဒါပေမဲ့ အုတ်မြစ်ချခြင်းဆိုတာက မူလကတည်းက ခက်ခဲတဲ့အရာတစ်ခုပါ။ သာမန်ဧကရာဇ်တစ်ပါးအတွက်ဆိုရင်တော့ ပိုတောင် ဆိုးသေးတာပေါ့။ ဒီရက်ပိုင်းအတွင်း ဒီအခက်အခဲကို ဘယ်လိုတိတိကျကျ ချိုးဖောက်ကျော်လွှားရမလဲဆိုတာ ကျွန်တော် စဉ်းစားနေမိလို့ပါ"
ကျန်းချင်ရီက ရှောင်မိုအား မျက်စောင်းတစ်ချက် ထိုးလိုက်၏။
"ကျွန်မ အရင်ကလည်း အရှင်မင်းကြီးကို ပြောဖူးပါတယ်
အရှင်မင်းကြီး ကျင့်ကြံခြင်းလမ်းစဉ်ပေါ် စတင်လျှောက်လှမ်းလာခဲ့တာ တစ်နှစ်ပဲ ရှိပါသေးတယ်။ ကျွန်မက အရှင်မင်းကြီးရဲ့ ဓားသိုင်းလေ့ကျင့်မှုကို လမ်းညွှန်ပြသပေးလာတာတောင် နှစ်ဝက်ပဲ ရှိသေးတာလေ။ အခုချိန်မှာ ချီသန့်စင်ခြင်း အဆင့်၁၂ကို ရောက်ရှိနေပြီဆိုတာက အရှင်မင်းကြီးရဲ့ ပါရမီကို သက်သေပြဖို့ လုံလောက်နေပါပြီ
ဒါပေမဲ့ ရှေးဟောင်းချင်တိုင်းပြည်ခေတ်ကတည်းကစပြီး လောကကြီးရဲ့ ဧကရာဇ်ကံကြမ္မာတွေက ကုန်ခမ်းသွားခဲ့ပြီ။ ကောင်းကင်နဲ့မြေကြီးရဲ့ နိယာမတွေအောက်မှာ ဧကရာဇ်တစ်ပါးအနေနဲ့ အုတ်မြစ်ချခြင်းအဆင့်ကို တက်လှမ်းဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ ဒါက အရှင်မင်းကြီးရဲ့ အမှားမဟုတ်ပါဘူး
တကယ်လို့ အရှင်မင်းကြီးက ကျင့်ကြံခြင်းလမ်းစဉ်ပေါ်မှာ တစ်ခုခုကို တကယ်ပဲ အောင်မြင်ချင်တယ်ဆိုရင်၊ တစ်ခုတည်းသော မှန်ကန်တဲ့လမ်းကြောင်းကတော့ ကျွန်မနောက်ကနေ ဓားတစ်သောင်းဂိုဏ်းကို လိုက်ခဲ့ဖို့ပါပဲ"
ရှောင်မိုက ယဉ်ကျေးစွာ ငြင်းပယ်လိုက်လေသည်။ "အချိန်တန်ရင် ကြည့်ကြသေးတာပေါ့"
"ဒီနေရာမှာ ဘာတွေများ အဲ့ဒီလောက် ကောင်းနေလဲဆိုတာ ကျွန်မ တကယ် နားမလည်နိုင်တော့ဘူး။" ကျန်းချင်ရီမှာ ပို၍ပင် ဒေါသထွက်လာပုံရ၏။ "အရှင်မင်းကြီး သေသေချာချာ စဉ်းစားသင့်တယ်။ ဓားမသေမျိုးတစ်ပါး ဖြစ်ရတာက ဧကရာဇ်တစ်ပါးထက် အများကြီး ပိုပြီး လွတ်လပ်တယ်"
ထိုစကားများကို ပြောဆိုပြီးနောက် ကျန်းချင်ရီသည် သူမ၏ ဓားရှည်ကို ကိုင်ဆောင်လျက် မြင့်မားသော တံတိုင်းကို ခုန်ကျော်ကာ တာအိုမေးမြန်းခြင်း ယဇ်ပလ္လင်မှ ထွက်ခွာသွားလေတော့သည်။
"မင်းသမီး... အထဲကို ဝင်လို့မရပါဘူး။ အရှင်မင်းကြီးက အခု တာအိုကျင့်ကြံနေပါတယ်"
"မင်းသမီးရယ်... ဒီအစေခံအိုကြီးကို အခက်မတွေ့စေပါနဲ့..."
ကျန်းချင်ရီ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် ငိုတော့မည့်အသံပေါက်နေသော ဝေ့ရွှန်း၏ အသံက တာအိုမေးမြန်းခြင်း ယဇ်ပလ္လင်၏ တံခါးအပြင်ဘက်မှ ထွက်ပေါ်လာလေ၏။
၎င်းနောက် ချက်ချင်းဆိုသလိုပင် တက်ကြွရွှင်လန်းသော အော်ခေါ်သံလေးတစ်ခု လွင့်ပျံလာခဲ့သည်။
"အစ်ကိုတော်ဧကရာဇ် အစ်ကိုတော်ဧကရာဇ်နဲ့ ကစားဖို့ မုကျိုး လာပြီနော်"
အခန်း (၄၄၈)
တာအိုမေးမြန်းခြင်းယဇ်ပလ္လင်အပြင်ဘက်မှ ဆူညံနေသောအသံများကို ကြားလိုက်ရသောအခါ ရှောင်မိုက ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်လေ၏။
"မင်းသမီးကို ဝင်ခွင့်ပြုလိုက်ပါ"
"မှန်လှပါ အရှင်မင်းကြီး"
အမိန့်ရရှိသည်နှင့်တစ်ပြိုင်နက် ဝေ့ရွှန်းက တာအိုမေးမြန်းခြင်းယဇ်ပလ္လင်ရင်ပြင်၏ တံခါးကို ဖွင့်ပေးလိုက်လေတော့သည်။
ချင်စီယောင်က ယုန်ဖြူလေးတစ်ကောင်ပမာ ပျော်ရွှင်မြူးတူးစွာ ခုန်ပေါက်၍ ဝင်ရောက်လာပြီး "အစ်ကိုတော်ဧကရာဇ်" ဟု ချိုသာသောအသံလေးဖြင့် လှမ်းခေါ်လိုက်ချေပြီ။
"မင်္ဂလာပွဲရက်ကလည်း နီးကပ်လာပြီဆိုတော့ မုကျိုးလေး ဒီရက်ပိုင်း အတော်လေး အလုပ်ရှုပ်နေမှာပဲ။ ကိုယ်တော့်ဆီလာဖို့ အချိန်တောင် ရသေးတယ်ပေါ့လေ" ဟု ရှောင်မိုက ပြုံးလျက် ပြောလိုက်ပေသည်။
"တစ်နေ့ကုန် မင်္ဂလာပွဲကိစ္စတွေနဲ့ အလုပ်ရှုပ်နေရလို့ပဲ အားတာနဲ့ ချက်ချင်း ပြေးလာခဲ့တာပေါ့" ချင်စီယောင်၏ မျက်ဝန်းလေးများက လခြမ်းကွေးလေးများအဖြစ် ပြောင်းလဲသွားလေ၏။ "မုကျိုး ဒီနေ့ သွားချင်တဲ့နေရာလေးတစ်ခု ရှိလို့ပါ။ အစ်ကိုတော်ဧကရာဇ် မုကျိုးနဲ့အတူ လိုက်ခဲ့ပေးလို့ ရမလားဟင်"
"ကောင်းပါပြီကွာ" ရှောင်မိုက သူ၏ဓားရှည်ကို ဓားစင်ပေါ်သို့ ပစ်တင်လိုက်သည်။ "ဒီနေ့ ဘယ်ကိုများ သွားကြမလဲ"
"တော်ဝင်စာပေတိုက်ကို သွားရအောင်" ချင်စီယောင်က တက်ကြွရွှင်လန်းစွာဖြင့် ပြောလာ၏။ "မဟာကျိုးရဲ့ ယခင်ဧကရာဇ်တစ်ပါးက စာအုပ်စာပေတွေ စုဆောင်းတာကို အရမ်းဝါသနာပါပြီး လောကတစ်ခွင်က ရှေးဟောင်းစာပေကျမ်းဂန်တွေကို ငွေအမြောက်အမြား အကုန်အကျခံပြီး စုဆောင်းခဲ့တယ်လို့ မုကျိုး ကြားဖူးထားလို့ပါ။ မုကျိုး သွားကြည့်လို့ ရမလားဟင်"
ဤသည်မှာ အမှန်တကယ်ပင် ဖြစ်ပေသည်။ မဟာကျိုး၏ ထိုယခင်ဧကရာဇ်မှာ ဧကရာဇ်တစ်ပါးဖြစ်ရန် မသင့်တော်ခဲ့သော်လည်း ပညာရှင်တစ်ဦးဖြစ်ရန်မူ အလွန်ပင် သင့်လျော်လွန်းလှ၏။ သူသည် စာဖတ်ခြင်းကို အလွန်နှစ်သက်ပြီး စာအုပ်များစုဆောင်းခြင်းကို ပို၍ပင် ဝါသနာထုံသေးသည်။ စာအုပ်တစ်အုပ်ရရှိရန်အတွက် မဟာကျိုး၏ အမတ်ရာထူးတစ်ခုနှင့်ပင် လဲလှယ်ဝံ့သူဖြစ်လေသည်။
မူလက မဟာကျိုးတိုင်းပြည်သည် အလွန်တရာ အင်အားကြီးမားလှသော်လည်း တဖြည်းဖြည်းနှင့် ပိုင်နက်နယ်မြေများ ကျဉ်းမြောင်းလာကာ နိုင်ငံတော်၏ အင်အားမှာလည်း ဆုတ်ယုတ်လာခဲ့ရသည်။
မဟာကျိုး၏ လက်ရှိ ကြုံတွေ့နေရသော အကျပ်အတည်းမှာ ထိုဧကရာဇ်နှင့် များစွာ သက်ဆိုင်နေခဲ့သည်မှာ အမှန်ပင်တည်း။
"ရတာပေါ့" ရှောင်မိုက သဘောတူလိုက်လေ၏။ "သွားကြစို့"
"အင်း"
ချင်စီယောင်က သူမ၏ လက်လေးနှစ်ဖက်ကို အရှေ့တွင် ယှက်ထားကာ ရှောင်မို၏ ဘေးမှနေ၍ ယှဉ်တွဲလျှောက်လှမ်းလာခဲ့သည်။
မကြာမီမှာပင် ရှောင်မိုသည် ချင်စီယောင်ကို တော်ဝင်စာပေတိုက်ဆီသို့ ခေါ်ဆောင်လာခဲ့ချေပြီ။
ချင်စီယောင်မှာ စာအုပ်ပင်လယ်ကြီးထဲတွင် လိပ်ပြာလေးတစ်ကောင်ပမာ တက်ကြွစွာ လူးလာပျံသန်းနေတော့သည်။
ရှောင်မိုကမူ စာအုပ်တစ်အုပ်ကို ကောက်ယူလိုက်ပြီး သစ်သားကုလားထိုင်ပေါ်တွင် ဝင်ထိုင်ကာ ဖတ်ရှုနေလိုက်၏။
ဆယ့်ငါးမိနစ်ခန့် အကြာတွင် ချင်စီယောင်သည် သူမဖတ်လိုသော စာအုပ်များကို ရွေးချယ်ပြီးစီးသွားကာ ရှောင်မို၏ ဘေးတွင် ဝင်ထိုင်လိုက်လေသည်။
ရှောင်မိုကမူ ထွေထွေထူးထူး အာရုံမစိုက်တော့ဘဲ သူ၏လက်ထဲရှိ အဆောင်လက်ဖွဲ့ ရုပ်ပြလမ်းညွှန်ကျမ်း ကိုသာ ဆက်လက်ဖတ်ရှုနေလိုက်သည်။
သူတို့နှစ်ဦးသား ပြတင်းပေါက်နားတွင် ထိုင်လျက် စကားတစ်ခွန်းမျှ မဟကြဘဲ ကိုယ့်စာအုပ်ထဲတွင်ကိုယ် နစ်မျောနေကြပေသည်။
နာရီဝက်ခန့် ကုန်လွန်သွားသောအခါ ရှောင်မိုသည် သူ၏လက်ထဲရှိ စာအုပ်ကို ဖတ်ရှုပြီးစီးသွားခဲ့ပြီး ခေါင်းလှည့်ကြည့်လိုက်ရာ သူမကမူ စာမျက်နှာများကို သေသေချာချာ ဆက်လက်လှန်လှောဖတ်ရှုနေဆဲဖြစ်ကြောင်း တွေ့လိုက်ရလေ၏။
နွေးထွေးသော နေရောင်ခြည်က သူမ၏အပေါ်သို့ ကျရောက်နေသည်။ သူမ၏ သွယ်လျသော ခါးလေးကို မတ်မတ်ထားလျက် နူးညံ့သွယ်လျသော လက်ချောင်းလေးများဖြင့် စာမျက်နှာများကို ညင်သာစွာ လှန်နေပြီး တစ်ခါတစ်ရံတွင် ရှည်လျားသော ဆံနွယ်လေးများကို နားရွက်နောက်သို့ သပ်တင်လိုက်သေး၏။ သူမ၏ အေးချမ်းငြိမ်သက်နေသော ဟန်ပန်လေးက ရှောင်မိုကို အနည်းငယ် ငေးမောသွားစေခဲ့ပြီး မည်သည့်အကြောင်းကြောင့်မှန်းမသိဘဲ သူ၏ရင်ထဲတွင် ရှင်းပြ၍မရသော အပြစ်ရှိသလို ခံစားချက်မျိုး ပေါ်ပေါက်လာခဲ့ရချေပြီ။
ရှောင်မိုတစ်ယောက် ချင်စီယောင်ကို ငေးကြည့်နေစဉ်မှာပင် ချင်စီယောင်က လှည့်ကြည့်လာပြီး သူမ၏ ကြည်လင်တောက်ပနေသော မျက်ဝန်းလေးများဖြင့် မျက်တောင်တပုတ်ပုတ်လုပ်ကာ သူ့ကို ကြည့်လာလေသည်။ "အစ်ကိုတော်ဧကရာဇ်... ဘာဖြစ်လို့ မုကျိုးကို စိုက်ကြည့်နေရတာလဲ။ မုကျိုး မျက်နှာပေါ်မှာ တစ်ခုခုများ ပေနေလို့လားဟင်"
"မပေပါဘူး" ရှောင်မိုက အသိစိတ်ပြန်ဝင်လာပြီး ခေါင်းယမ်းလိုက်ကာ ဆင်ခြေပေးလိုက်လေ၏။ "မင်း ဒီလောက်တောင် စိတ်ဝင်တစား ဖတ်နေရအောင် အဲ့ဒီစာအုပ်က ဘာအကြောင်းတွေ ရေးထားတာလဲလို့ တွေးနေမိလို့ပါ"
"ဒီစာအုပ်က ကောင်းကင်နတ်ဘုရားတွေ ကျဆုံးသွားပြီးတဲ့နောက်ပိုင်း နှောင်းပိုင်းကာလအကြောင်းတွေပါ။ မဟာကျိုးတိုင်းပြည် ပြိုကွဲပြီး ကျိုးပြည်ရဲ့ ဓလေ့ထုံးတမ်းတွေ ပျက်သုဉ်းသွားတဲ့အချိန်၊ အနန္တဓမ္မလောကကြီး စစ်ပွဲနိုင်ငံများခေတ်ကို ရောက်ရှိသွားချိန်မှာ ရှေးဟောင်းချင်တိုင်းပြည်က လောကကြီးကို တစ်ပြေးညီ ပေါင်းစည်းခဲ့တဲ့ အကြောင်းတွေကို ရေးသားထားတာပါ"
ချင်စီယောင်က ရှင်းပြလိုက်သည်။
"ဒါပေမဲ့ ရှေးဟောင်း စစ်ပွဲနိုင်ငံများခေတ်ဆိုတာ အခုအချိန်နဲ့ အရမ်းကို ကွာဝေးလွန်းနေပြီလေ။
ဒါကြောင့် ရှေးဟောင်း စစ်ပွဲနိုင်ငံများခေတ်အကြောင်း ရေးထားတဲ့ စာအုပ်အများစုက ရိုးရာပုံပြင်ဒဏ္ဍာရီတွေအပေါ် အခြေခံထားတာများတယ်။ လူအတော်များများရဲ့ နာမည်တွေကိုတောင် မှတ်တမ်းတင်ထားတာ မရှိတော့ဘဲ ပညာရှင်တွေက ကိုယ့်ဖာသာ ဖန်တီးပေးထားတဲ့ နာမည်တွေက ပိုများနေတယ်။
ဒီစာအုပ်ကလည်း အဲ့ဒီလိုပါပဲ။
အဲ့ဒီ ချင်မိဖုရားကြီးနဲ့ စစ်သူကြီးအကြောင်းကို နာမည်တောင် တီထွင်မရေးထားတော့ဘဲ မိဖုရားကြီး ဆိုတဲ့ အသုံးအနှုန်းရယ်၊ ဆီးနှင်းမင်းသား ဆိုတဲ့ ဒဏ္ဍာရီလာ နာမည်ကိုပဲ သုံးနှုန်းထားတယ်။
ဒါပေမဲ့ သူ ဖော်ပြထားတဲ့ အကြောင်းအရာလေးတွေက တော်တော်လေး ဆန်းသစ်တယ်။
အစ်ကိုတော်ဧကရာဇ်သာ စိတ်ဝင်စားမယ်ဆိုရင် မုကျိုး ပြောပြရမလားဟင်"
"အင်း" ရှောင်မိုက ခေါင်းညိတ်ပြလိုက်လေ၏။
ရှောင်မို သဘောတူသည်ကို မြင်သောအခါ ချင်စီယောင်က သူမ၏ သစ်သားကုလားထိုင်ကို အနီးသို့ ဆွဲရွှေ့လိုက်ပြီး စာအုပ်ကို သူတို့နှစ်ဦးကြားတွင် ချထားလိုက်သည်။ ထို့နောက် သူမ၏ နူးညံ့သော လက်မောင်းလေးဖြင့် ရှောင်မို၏ လက်မောင်းကို မှီတွယ်ထားရင်း ညင်သာစွာ ပြောပြလေတော့သည်။
"အဲ့ဒီခေတ်အခါတုန်းက မြောက်ပိုင်းလူသူကင်းမဲ့ဒေသရဲ့ အရှင်သခင် ကွယ်လွန်သွားပြီးတဲ့နောက်မှာ ဆီးနှင်းမင်းသားက ချင်တိုင်းပြည်ရဲ့ မြို့တော်ကို ပြန်လာခဲ့တယ်။
အဲ့ဒီနောက် တစ်နေ့မှာတော့ ချင်တိုင်းပြည်ရဲ့ဘုရင်က သူရဲ့ သမီးတော်ကို အပြင်လွှတ်လိုက်ပြီး ဆီးနှင်းမင်းသားဆီကို စာတစ်စောင် ပေးအပ်ခဲ့တယ်တဲ့"
ညဉ့်နက်ယံအချိန် ဆီးနှင်းမင်းသားအိမ်တော်သို့ ပြန်ရောက်သောအခါ ရှောင်မိုသည် သူ၏အခန်းထဲ၌ တစ်ကိုယ်တည်း စာအိတ်ကို ဖောက်ဖတ်လိုက်လေ၏။
လျှို့ဝှက်စာကို ဖတ်ရှုပြီးစီးသွားသည်နှင့် ရှောင်မို၏ ပထမဆုံး လုပ်ရပ်မှာ ထိုစာကို မီးရှို့ဖျက်ဆီးပစ်လိုက်ခြင်းပင် ဖြစ်ပေသည်။
စာထဲတွင် ပါဝင်သော အကြောင်းအရာများကို ပြန်လည်တွေးတောမိသောအခါ အရှင်မင်းကြီး၏ ရဲတင်းလှသော အကြံအစည်အတွက် ရှောင်မိုမှာ မယုံနိုင်အောင်ပင် ဖြစ်သွားရသည်။
နောက်တစ်နေ့တွင် ရှောင်မိုက မြောက်ပိုင်းလူသူကင်းမဲ့ဒေသဆီသို့ သတင်းစကားပါသော ဓားပျံတစ်လက်ကို စေလွှတ်လိုက်လေ၏။
"ချိုးဝမ်က သခင်လေးကို ဂါရဝပြုပါတယ်"
သုံးရက်ကြာပြီးနောက် ချိုးဝမ်သည် ရှောင်မို၏ ရှေ့မှောက်သို့ ရောက်ရှိလာပြီး လေးလေးစားစားဖြင့် အရိုအသေပေးလိုက်သည်။
"မင်းကို ငါ ညွှန်ကြားစရာ အနည်းငယ်ရှိတယ်။ အချက်တိုင်းကို သေသေချာချာ မှတ်ထားပါ။ နည်းနည်းလေးမှ ပေါ့ဆလို့ မရဘူး" ဟု ရှောင်မိုက စကားစလိုက်သည်။ "ပထမအချက်... အခု မြောက်ပိုင်းလူသူကင်းမဲ့ဒေသမှာရှိနေတဲ့ ဖုန်းဆိုးမျှော်စင်က လုပ်ကြံသတ်ဖြတ်သူတွေ အားလုံးကို ချင်တိုင်းပြည်မြို့တော်ဆီ ခေါ်လာခဲ့။ ဒုတိယအချက်က စစ်သူကြီးဖန်ကို နှင်းနင်းနဂါးမြင်းသည်တော်တပ်ဖွဲ့ဝင် ငါးသောင်းကို ဦးဆောင်ပြီး..."
ချိုးဝမ်တစ်ယောက် စကားတစ်ခွန်း လွတ်သွားမည်ကို စိုးရိမ်သည့်အလား ရှောင်မိုက စကားလုံးတိုင်းကို သေသေချာချာ ရှင်းပြနေခဲ့လေ၏။
ချိုးဝမ်မှာလည်း နားထောင်လေလေ သူမ၏ မျက်နှာအမူအရာမှာ ပိုမိုလေးနက်တည်ကြည်လာလေလေ ဖြစ်လာတော့သည်။
ညွှန်ကြားပြီးနောက် ရှောင်မိုက ချိုးဝမ်အား ထပ်မံမေးမြန်းလိုက်သည်။ "ငါပြောခဲ့တာတွေ အကုန်လုံးကို မှတ်မိရဲ့လား"
"မှတ်မိပါပြီ သခင်လေး။ ဒီအစေခံ အခုပဲ သွားရောက် ဆောင်ရွက်လိုက်ပါ့မယ်"
ချိုးဝမ်က ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်ပြီးနောက် ရှောင်မို၏ မျက်စိရှေ့မှ လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားလေတော့သည်။
နှစ်လတာ ကုန်လွန်သွားခဲ့ချေပြီ။
ဤနှစ်လအတွင်း နယ်စပ်ဒေသများ၌ တင်းမာမှုများ ရှိနေဆဲဖြစ်ပြီး နန်းတွင်း၌လည်း အိမ်ရှေ့မင်းသား ခန့်အပ်ရေးအတွက် စိုးရိမ်ပူပန်နေကြဆဲပင်။ ချင်တိုင်းပြည်၏ နန်းတွင်းရေးရာများနှင့် သာမန်ပြည်သူများ၏ ဘဝများမှာ ပြောင်းလဲမှု မရှိသကဲ့သို့ ပုံမှန်အတိုင်းသာ ရှိနေခဲ့သည်။
သို့ရာတွင် တကယ့်လက်တွေ့၌မူ ရှောင်မို၊ နန်းရင်းဝန်လီနှင့် အခြားသူများသည် တစ်စုံတစ်ရာအတွက် တိတ်တဆိတ်နှင့် အလျင်အမြန် ပြင်ဆင်နေခဲ့ကြ၏။
နယ်စပ်ကို စောင့်ကြပ်နေကြသော စစ်သူကြီး ရှာဟောက်နန်၊ လီကျင်း၊ ကျောက်ကွမ်းနှင့် အခြားသူများထံသို့လည်း ရှောင်မိုထံမှ ဓားပျံသတင်းစကားများ အသီးသီး ရောက်ရှိသွားခဲ့ပေသည်။
ရှောင်မို၏ စာများကို ဖတ်ရှုပြီးနောက် သူတို့သုံးဦးစလုံး၏ ရင်ထဲတွင် အလွန်တရာ လေးလံသွားခဲ့ရလေသည်။
နန်းတော်အတွင်း၌လည်း နန်းတွင်းကိုယ်ရံတော်အဖွဲ့၏ ယခင်ခေါင်းဆောင်ကြီးမှာ အသက်အရွယ် ကြီးရင့်လာပြီဖြစ်သဖြင့် သူ့သဘောဆန္ဒအလျောက် ရာထူးမှ အနားယူကာ ဇာတိမြေသို့ ပြန်သွားခဲ့ချေပြီ။
သူ၏နေရာတွင် နန်းတွင်းကိုယ်ရံတော်အဖွဲ့ ခေါင်းဆောင်အဖြစ် အစားထိုး ဝင်ရောက်လာသူမှာ သံမဏိကျားတပ်မတော်မှ ထွက်ပေါ်လာသော ရှောင်မို၏ လက်အောက်ခံ ရဲမက်စစ်သူကြီးတစ်ဦးဖြစ်သည့် ဟေးတာ့နျူပင် ဖြစ်လေတော့သည်။
နောက်ထပ် ဆောင်းရာသီတစ်ခုသို့ ရောက်ရှိလာခဲ့ပြန်၏။
ယခင်ဆောင်းရာသီများနှင့် နှိုင်းယှဉ်ပါက ယခုနှစ်၏ ဆောင်းရာသီမှာ ပို၍ပင် အေးစိမ့်နေသကဲ့သို့ ရှိလှပေသည်။
ဤနံနက်ခင်းတွင် ချင်တိုင်းပြည်ရဲ့ဘုရင်သည် ရာသီဥတု အေးလွန်းသည်ဟုဆိုကာ မနက်ခင်းညီလာခံကို ဖျက်သိမ်းလိုက်လေသည်။
ဤသတင်းကို ကြားလိုက်ရသောအခါ နန်းတွင်းရှိ မြို့ပြနှင့် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများအားလုံး မှင်သက်အံ့ဩသွားကြတော့သည်။
အဘယ်ကြောင့်ဆိုသော် ချင်တိုင်းပြည်ရဲ့ဘုရင်သည် ထီးနန်းတက်ခဲ့ချိန်မှစ၍ မည်သည့်အခါကမျှ မနက်ခင်းညီလာခံကို ဖျက်သိမ်းခြင်း သို့မဟုတ် ပျက်ကွက်ခြင်း မရှိခဲ့ဖူးသောကြောင့်ပင်တည်း။ သူ အပြင်းအထန် ဖျားနာနေချိန်၌ပင် ညီလာခံသို့ မဖြစ်မနေ တက်ရောက်ကာ အမတ်များ၏ လျှောက်တင်ချက်များကို နားထောင်ပြီးမှသာ အတွင်းဆောင်သို့ ပြန်လည်အနားယူလေ့ရှိပေသည်။
သို့ပါလျက်နှင့် ယခုတစ်ကြိမ်တွင် အရှင်မင်းကြီးက ရာသီဥတု အေးလွန်းသည်ဆိုသော အကြောင်းပြချက်သက်သက်ဖြင့် မနက်ခင်းညီလာခံကို ဖျက်သိမ်းလိုက်သည်လား။
လူအများအပြားမှာ ချင်တိုင်းပြည်ရဲ့ဘုရင်၏ ရည်ရွယ်ချက်ကို ခန့်မှန်းတွေးတောနေကြလေ၏။ အမတ်အများအပြားသည် ရှောင်မို သို့မဟုတ် မဟာအမတ်ကြီးသုံးပါး၏ အိမ်တော်များဆီသို့ပင် သွားရောက်ကာ အရှင်မင်းကြီး ဘာတွေများ စီစဉ်နေသလဲ၊ သို့မဟုတ် နန်းတွင်းတွင် ကြီးမားသော ကိစ္စရပ်တစ်ခုခုများ ဖြစ်ပျက်နေသလားဟု မေးမြန်းစုံစမ်းခဲ့ကြသည်။
သို့သော်လည်း ရှောင်မို၊ နန်းရင်းဝန်လီ၊ ပိုင်လီရှီ၊ ကျန်းရှူနှင့် အခြားသူများကမူ ဧည့်သည်များကို တွေ့ဆုံရန် ငြင်းပယ်ခြင်း၊ နှုတ်ဆိတ်နေခြင်း သို့မဟုတ် "ဒီအဘိုးကြီးလည်း သေချာမသိပါဘူးကွာ" ဟုသာ ရိုးရိုးလေး တုံ့ပြန်ခဲ့ကြပေသည်။
တစ်ချိန်တည်းမှာပင်။
ချင်တိုင်းပြည် နန်းတော်အတွင်း၌ ချင်စီယောင်သည် သူမ၏ ခမည်းတော် အိပ်ဆောင်ဆီသို့ အပြေးအလွှား သွားရောက်ခဲ့ချေပြီ။
"ခမည်းတော်"
ချင်စီယောင်တစ်ယောက် သူမ၏ ခမည်းတော်အိပ်ဆောင်ရှေ့ရှိ ခြံဝင်းအတွင်းသို့ ရောက်ရှိသွားသောအခါ ဖခင်ဖြစ်သူမှာ ခြံဝင်းထဲရှိ ကျောက်သားထိုင်ခုံပေါ်တွင် ထိုင်ကာ စာအုပ်ဖတ်နေသည်ကို မြင်တွေ့လိုက်ရလေ၏။
"ဘာဖြစ်လို့လဲ။ သမီး ဘာလို့ အဲ့လောက်တောင် အလန့်တကြား ဖြစ်နေရတာလဲ" ချင်ရှန့်ထျန်းက စာအုပ်ကို ချထားလိုက်ပြီး မော့ကြည့်ကာ သမီးဖြစ်သူအား ပြုံးလျက် မေးလိုက်သည်။
"ဘာလို့ ခမည်းတော်က သမီးကို ဘာဖြစ်လို့လဲလို့ ပြန်မေးနေရတာလဲ။ သမီးကသာ ခမည်းတော်ကို ဘာဖြစ်လို့လဲလို့ မေးရမှာပါ"
ချင်စီယောင်က သက်ပြင်းတစ်ချက် ချလိုက်ပြီး အမြန်လျှောက်သွားလိုက်လေသည်။
"ခမည်းတော် မနက်ခင်းညီလာခံကို ဖျက်သိမ်းလိုက်တယ်လို့ ကြားလိုက်ရလို့ သမီးတော် တော်တော်လေး လန့်သွားတာပဲ။ ခမည်းတော် တစ်ခုခုများ ဖြစ်သွားပြီလားလို့ ထင်နေတာ"
"ဟာဟားဟား... ဒီနန်းတော်ကြီးထဲမှာ ခမည်းတော် ဘာဖြစ်သွားနိုင်မှာမို့လို့လဲကွယ်" ချင်ရှန့်ထျန်းက ရယ်မောလိုက်၏။ "ပြီးတော့ မနက်ခင်းညီလာခံ တစ်ရက်လောက် နားလိုက်တာလေးကို အဲ့လောက်ကြီး တုံ့ပြန်ဖို့ လိုလို့လား"
"လိုတာပေါ့" ချင်စီယောင်က ဖခင်ဖြစ်သူ၏ ရှေ့တွင် ဝင်ထိုင်လိုက်ပြီး သူမကိုယ်တိုင်အတွက် လက်ဖက်ရည်ပူပူတစ်ခွက် ငှဲ့လိုက်လေသည်။ "ခမည်းတော်က နှစ်တစ်ရာတိုင်တိုင် တစ်ခါလေးမှ မနက်ခင်းညီလာခံကို မပျက်ကွက်ခဲ့ဖူးဘူးလေ။ ဒီကနေ့မှ ရုတ်တရက်ကြီး ဖျက်သိမ်းလိုက်တော့ ဘယ်သူက မစိုးရိမ်ဘဲ နေပါ့မလဲ"
"အဲ့ဒီလောက်ကြီးလည်း မဟုတ်ပါဘူးကွယ်။ ခမည်းတော်လည်း ဒီလောက်ကြာအောင် အသက်ရှင်နေထိုင်လာခဲ့ပြီးပြီဆိုတော့ သေချာလေး အနားယူသင့်တဲ့ အချိန်ရောက်ပြီလို့ ခံစားမိလို့ပါ" ချင်ရှန့်ထျန်းက မတ်တတ်ရပ်လိုက်ပြီး သမီးဖြစ်သူအား မေးလိုက်သည်။ "ဘယ်လိုလဲ။ ဒီနေ့ ဘာမှလည်း လုပ်စရာမရှိဘူးဆိုတော့ ခမည်းတော်နဲ့အတူ လမ်းလျှောက်ထွက်ကြမလား"
"ကောင်းပါပြီ... ဒါဆို သမီးတော်က ခမည်းတော်နဲ့အတူ လမ်းလျှောက်လိုက်ခဲ့ပါ့မယ်" ချင်စီယောင်က သဘောတူလိုက်၏။ "ခမည်းတော် ဘယ်ကို သွားချင်လို့လဲ"
"ဒီတိုင်း ပေါ့ပေါ့ပါးပါး လျှောက်သွားကြတာပေါ့ကွယ်။ ရောက်တဲ့နေရာ ရောက်တာပေါ့"
ချင်ရှန့်ထျန်းသည် သူ၏လက်များကို နောက်ပစ်လျက် ခြံဝင်းထဲမှ လျှောက်ထွက်သွားလေတော့သည်။
ချင်စီယောင်လည်း ဖခင်ဖြစ်သူ၏ နောက်မှ လိုက်ပါသွားပြီး နန်းတော်အတွင်း အတူတကွ လျှောက်လှမ်းသွားကြလေသည်။
ချင်တိုင်းပြည်၏ မြို့တော်တွင် နှင်းသည်းထန်စွာ ကျဆင်းမှု အကြိမ်ရေ အတော်များများ ရှိခဲ့ပြီးဖြစ်၏။ ယနေ့တွင် နှင်းများ တိတ်သွားပြီဖြစ်သော်လည်း နန်းတော်တစ်ခုလုံးမှာ ငွေရောင်နှင်းစောင်ထူထူကြီး ဖုံးလွှမ်းနေဆဲပင် ဖြစ်ပေသည်။
သားအဖနှစ်ဦးသည် ရှေ့သို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားကြပြီး နှင်းပြင်ပေါ်၌ ခြေရာလေးများ တစ်ခုပြီးတစ်ခု ချန်ရစ်ထားခဲ့ကြသည်။
သို့ရာတွင် မည်သည့်အကြောင်းကြောင့်မှန်းမသိဘဲ ချင်စီယောင်မှာ သူမ၏ မယ်တော် ကွယ်လွန်သွားခဲ့သော နေ့ရက်ကို မတွေးဘဲ မနေနိုင်အောင် ဖြစ်လာခဲ့ရ၏။
ထိုနေ့က သူမ၏ မယ်တော်သည်လည်း သူမနှင့်အတူ နန်းတော်ထဲ၌ ဤကဲ့သို့ပင် လမ်းလျှောက်ခဲ့ဖူးသည် မဟုတ်ပါလော။