အခန်း (၄၄၉-၄၅၀)
Vol. 45 Ch. 449-450
အခန်း (၄၄၉)
ချင်စီယောင်သည် သူမ၏ခေါင်းထဲသို့ ဝင်ရောက်လာသော မသင့်တော်သည့် အတွေးများကို ဖယ်ရှားပစ်ရန် ခေါင်းကို အဆက်မပြတ် ယမ်းခါလိုက်လေ၏။
ထို့နောက် ချင်စီယောင်က သူမ၏ ခမည်းတော်ဖြစ်သူအား တစ်ချက် လှည့်ကြည့်လိုက်သည်။
ခမည်းတော်၏ မျက်နှာအမူအရာမှာ ပုံမှန်အတိုင်းပင် ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ သူမ၏ ရင်ထဲတွင် အနည်းငယ် သက်သာရာရသွားခဲ့ပေသည်။
သတိမထားမိလိုက်ချိန်မှာပင် ချင်စီယောင်နှင့် သူမ၏ ခမည်းတော်တို့သည် သူမ၏ အစ်ကိုကြီးနှင့် ဒုတိယအစ်ကိုတို့ ယခင်က နေထိုင်ခဲ့ဖူးသော နန်းဆောင်ဆီသို့ ရောက်ရှိလာခဲ့ချေပြီ။
ပုံမှန်အားဖြင့်ဆိုလျှင် ချင်တိုင်းပြည်၏ မင်းသားများသည် အသက်ဆယ့်ခြောက်နှစ် မပြည့်မီအထိ သူတို့၏ ကိုယ်ပိုင်နန်းဆောင် အသီးသီးဖြင့် နန်းတော်ထဲ၌ နေထိုင်ကြရလေသည်။ အသက်ဆယ့်ခြောက်နှစ် ပြည့်ပြီးမှသာလျှင် နန်းတော်ပြင်ပသို့ ထွက်ခွာ၍ ကိုယ်ပိုင်အိမ်တော်များ တည်ဆောက် နေထိုင်ခွင့်ရရှိကြပေသည်။
သို့သော်လည်း ချင်ကျင်းစုနှင့် ချင်ကျင်းယွမ်တို့ ညီအစ်ကိုနှစ်ဦးမှာ ငယ်စဉ်ကတည်းက အလွန်ရင်းနှီးချစ်ခင်ကြသဖြင့် ချင်ကျင်းယွမ် အသက်ဆယ့်ခြောက်နှစ် ပြည့်သည့်နှစ်အထိ ဤနန်းဆောင်တွင် အတူတကွ နေထိုင်ခဲ့ကြပြီးမှသာ နန်းတော်ပြင်ပသို့ အတူတူ ထွက်ခွာသွားခဲ့ကြခြင်း ဖြစ်၏။
ဤနန်းဆောင်တွင် နေထိုင်သူမရှိတော့သည်မှာ အချိန်ကြာမြင့်နေပြီ ဖြစ်သော်လည်း အတွင်းပိုင်း အပြင်အဆင်များနှင့် ပစ္စည်းများအားလုံးမှာ မူလအတိုင်းပင် ဆက်လက်ထိန်းသိမ်းထားရှိဆဲ ဖြစ်လေသည်။
ဤရင်းနှီးကျွမ်းဝင်နေသော နေရာလေးကို ကြည့်ရင်း ချင်စီယောင်သည် သူမ၏ အစ်ကိုကြီးနှင့် ဒုတိယအစ်ကိုတို့ကို မတွေးဘဲ မနေနိုင်အောင် ဖြစ်လာရပြန်သည်။ သူမ၏ မျက်ဝန်းလေးများက အနည်းငယ် ငိုက်စိုက်ကျသွားပြီး နူးညံ့သွယ်လျသော လက်လေးများက သူမ၏ စကတ်စကို အလိုအလျောက် ဆုပ်ကိုင်ထားမိလျက်သား ဖြစ်နေခဲ့၏။
သို့သော် မကြာမီမှာပင် ချင်စီယောင်က သူမကိုယ်သူမ ပြန်လည်အားတင်းလိုက်ပြီး ခမည်းတော်၏ ဘေးမှနေ၍ ဆက်လက်လိုက်ပါသွားလေတော့သည်။
"ခမည်းတော် မှတ်မိပါသေးတယ်။ သမီးရဲ့ အစ်ကိုကြီး မွေးတုန်းကလေ... ခမည်းတော်က အပြင်ဘက်မှာ ဟိုဘက်ဒီဘက် လမ်းလျှောက်နေရင်း အရမ်းကို စိုးရိမ်ပူပန်နေခဲ့တာ။ သူ့အသံလေး ထွက်လာပြီး မြေကြီးပေါ်ကို အမှန်တကယ် ကျလာတဲ့ အခိုက်အတန့်ရောက်မှပဲ ခမည်းတော်ရဲ့ ရင်ထဲမှာ အေးချမ်းသွားခဲ့ရတာကွ။
ဒါပေမဲ့ သားအကြီးဆုံး ဖြစ်နေတဲ့အတွက် ခမည်းတော်က ကျင်းစုကို နေ့တိုင်း ဘယ်တော့မှ မျက်နှာချို မသွေးခဲ့ဖူးဘူး"
ချင်တိုင်းပြည်ရဲ့ဘုရင်က သူ၏ အင်္ကျီလက်များကို ခေါက်တင်ကာ ပြုံးလျက် ပြောလိုက်လေ၏။ သူ၏ ကိုယ်ပိုင်နာမ်စားကိုလည်း ကိုယ်တော် အစား ခမည်းတော် ဟု ပြောင်းလဲသုံးနှုန်းထားပေသည်။
"အဲ့ဒီတုန်းက ခမည်းတော်က ကျင်းစုအပေါ်မှာ အရမ်းကို တင်းကျပ်ခဲ့တယ်။ သူ တစ်ခုခုများ အမှားလုပ်မိတိုင်း အကောင်းဆုံး အခြေအနေမှာ ဆူပူကြိမ်းမောင်းတာလောက်တော့ ခံရတာပဲ။ အဆိုးဆုံး အခြေအနေဆိုရင်တော့ ခမည်းတော်က သူ့ကို ရိုက်နှက်ဆုံးမခဲ့တယ်။
အဲ့ဒီအချိန်တုန်းက သူက သုံးနှစ်အရွယ် ကလေးလေးပဲ ရှိသေးတာလေ။
တကယ်တမ်းကျတော့ ကျင်းစုက အတော်လေးကို ကောင်းကောင်း လုပ်ဆောင်နေနိုင်ပြီဆိုတာကို ခမည်းတော် သိပါတယ်။
ဒါပေမဲ့ ဒါတွေက မလုံလောက်သေးဘူးလို့ပဲ ခမည်းတော် အမြဲတမ်း ခံစားနေခဲ့ရတာ။
"ခမည်းတော်က ကျင်းစုကို ဆူပူရိုက်နှက်နေတာကို တွေ့တိုင်း သမီးရဲ့ မယ်တော်လည်း ရင်ထဲမှာ မခံစားနိုင်ပါဘူး။
ဒါပေမဲ့ သူမ မခံစားနိုင်ရင်တောင်မှ၊ သမီးရဲ့ အစ်ကိုကြီးက တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် ချင်တိုင်းပြည်ရဲ့ဘုရင်အဖြစ် တာဝန်ထမ်းဆောင်ရနိုင်တာမို့လို့ သူ့ကို တင်းတင်းကျပ်ကျပ် ဆုံးမသွန်သင်ဖို့ လိုအပ်တယ်ဆိုတာကို သိနေခဲ့လို့ မယ်တော်က ခမည်းတော်ကို မတားဆီးခဲ့ပါဘူး။
"နောက်ပိုင်းကျတော့ သမီးရဲ့ ဒုတိယအစ်ကို မွေးဖွားလာခဲ့တယ်။
သမီးရဲ့ ဒုတိယအစ်ကို မွေးဖွားလာချိန်မှာ သမီးရဲ့ အစ်ကိုကြီးက အရမ်းကို ပျော်ရွှင်နေခဲ့တာ။
ပထမအချက်ကတော့ သူ ညီလေးတစ်ယောက် ရလာတော့မှာမို့လို့ပေါ့။
ဒုတိယအချက်ကတော့ သမီးရဲ့ ဒုတိယအစ်ကို မွေးဖွားလာမှုက သမီးရဲ့ အစ်ကိုကြီးကို ညီလေးတစ်ယောက် ရှိလာတဲ့အတွက် ခမည်းတော့်ရဲ့ အာရုံစိုက်မှုတွေက သူ့ဆီမှာချည်းပဲ ရှိမနေတော့ဘဲ သူ့ကို အမြဲတမ်း ဆူပူရိုက်နှက်နေတော့မှာ မဟုတ်ဘူးလို့ ခံစားသွားရစေတာကြောင့်ပဲ။
"သမီးရဲ့ ဒုတိယအစ်ကို မွေးဖွားလာတဲ့နေ့က သမီးရဲ့ အစ်ကိုကြီးက အပြင်ဘက်မှာ အချိန်အကြာကြီး စောင့်နေခဲ့တာ။
သူ့ရဲ့ ညီလေးကို မြင်လိုက်ရတဲ့အချိန်မှာ သမီးရဲ့ အစ်ကိုကြီး မျက်နှာတစ်ခုလုံး ဝင်းလက်တောက်ပသွားတာပဲ။
အဲ့ဒီနောက်ပိုင်း သမီးရဲ့ အစ်ကိုကြီးက သူ့ရဲ့ ညီလေးကို ဖခင်ဖြစ်တဲ့ ခမည်းတော်ထက်တောင် ပိုပြီး ဂရုတစိုက် စောင့်ရှောက်ပေးခဲ့တယ်။
အဲ့ဒီအချိန်တုန်းက သူက သုံးနှစ်ခွဲအရွယ်လေးပဲ ရှိသေးတာလေ။
"သူတို့ ကြီးပြင်းလာတဲ့တစ်လျှောက်လုံး သမီးရဲ့ ဒုတိယအစ်ကိုက သမီးရဲ့ အစ်ကိုကြီး နောက်ကောက်ကောက်ကိုချည်း နေ့တိုင်း လိုက်နေတော့တာ။
သမီးရဲ့ အစ်ကိုကြီးလည်း အရင်ကထက် အများကြီး ပိုပျော်ရွှင်လာခဲ့တယ်။
ဘာလို့လဲဆိုတော့ ဖခင်တစ်ယောက်အနေနဲ့ ခမည်းတော်က သမီးရဲ့ အစ်ကိုကြီးကိုချည်းပဲ အာရုံစိုက်မနေတော့ဘဲ သမီးရဲ့ ဒုတိယအစ်ကိုကိုလည်း စောင့်ကြည့်နေရလို့လေ။
ပြီးတော့ ညီလေးတစ်ယောက် ရှိနေတာကြောင့်လည်း သူ အထီးကျန်တယ်လို့ မခံစားရတော့ဘူးပေါ့။
"နောက်ပိုင်း မယ်တော်က သမီးကို ထပ်မွေးလာတဲ့အခါကျတော့၊ သမီးရဲ့ ဒုတိယအစ်ကိုလည်း အစ်ကိုကြီးတစ်ယောက်လို ပြုမူလာခဲ့တယ်လေ"
စကားပြောနေရင်းပင် ချင်ရှန့်ထျန်း၏ မျက်ဝန်းများထဲတွင် နူးညံ့မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေ၏။
"တကယ်တမ်းကျတော့ သမီးရဲ့ အစ်ကိုကြီးက ဒီထီးနန်းကို လုံးဝ စိတ်မဝင်စားဘူးဆိုတာကို ခမည်းတော် သိပါတယ်။
ချင်တိုင်းပြည်ရဲ့ အိမ်ရှေ့မင်းသား ဖြစ်ရတာထက်စာရင် သမီးရဲ့ အစ်ကိုကြီးက တောရိုင်းကြိုးကြာငှက်တစ်ကောင်လို လွတ်လပ်ပေါ့ပါးတဲ့ ဘဝမျိုးကို ပိုနှစ်သက်ခဲ့တာပါ။ သူက တကိုယ်တော်ကျင့်ကြံသူတစ်ယောက်အနေနဲ့ တောင်တန်းတွေနဲ့ မြစ်တွေကြားမှာ အေးအေးချမ်းချမ်း နေသွားချင်ခဲ့တာ။
"သမီးရဲ့ အစ်ကိုကြီးက အရာရာကို သိပ်ပြီး ရှင်းရှင်းလင်းလင်း မြင်တတ်လွန်းတယ်။
အာဏာဆိုတာ အမြဲတမ်း ကောင်းတဲ့အရာမဟုတ်ဘူးဆိုတာ သူ သိတယ်။
သာမန်လူတွေအတွက် အာဏာဆိုတာ သူတို့ရဲ့ ပျော်ရွှင်မှုအတွက် ကစားစရာကိရိယာတစ်ခုပဲ။
ဒါပေမဲ့ ကြီးမားတဲ့ ရည်မှန်းချက်တွေနဲ့ တာဝန်သိစိတ်ရှိတဲ့ သူတွေအတွက်တော့၊ အာဏာဆိုတာက အဲ့ဒါကို စတင်ရယူလိုက်တဲ့ အချိန်ကနေစပြီး သေဆုံးသွားတဲ့အထိ တစ်သက်လုံး ထမ်းပိုးသွားရမယ့် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုပဲလေ။
"မူလကတော့ သမီးရဲ့ အစ်ကိုကြီး တွေးထားခဲ့တာက သူ့မှာ ညီလေးတစ်ယောက် ရှိနေသရွေ့ ကျင်းယွမ်က အိမ်ရှေ့မင်းသား ဖြစ်လာနိုင်ပြီး သူကိုယ်တိုင်ကတော့ နန်းတွင်းကနေ ထွက်သွားလို့ရပြီလို့ပေါ့။
"ဒါပေမဲ့ သူ မျှော်လင့်မထားခဲ့တဲ့အရာကတော့ နောက်ဆုံးမှာ သူကိုယ်တိုင်က အနည်းငယ် တွန့်ဆုတ်သွားခဲ့တာပဲ။
ကျင်းယွမ်ရဲ့ စိတ်နေသဘောထားက နည်းနည်း ခေါင်းမာတတ်တယ်ဆိုတာကို ကျင်းစု သိနေတယ်။ ဒါကြောင့် တကယ်လို့ ကျင်းယွမ်သာ ထီးနန်းကို ဆက်ခံလိုက်မယ်ဆိုရင် သူ့တစ်သက်လုံး အဲ့ဒီနေရာမှာ အသေအလဲ အလုပ်တွေလုပ်ရင်း သေသွားနိုင်တယ်လို့ သူ ခံစားလိုက်ရတယ်။
အဲ့ဒီအချိန်ရောက်မှပဲ ကျင်းစုက အိမ်ရှေ့မင်းသားဖြစ်လာဖို့ ဆုံးဖြတ်ချက်ကို အခိုင်အမာ ချခဲ့တော့တာ။
"သမီးရဲ့ ဒုတိယအစ်ကိုကတော့ မွေးရာပါ အပြိုင်အဆိုင်စိတ်ဓာတ် ရှိတယ်။ သူက သမီးရဲ့ အစ်ကိုကြီးကို လေးစားအားကျပြီး သူ့ထက် သာလွန်ချင်ခဲ့တာမို့ သမီးရဲ့ ဒုတိယအစ်ကိုက အိမ်ရှေ့မင်းသား နေရာအတွက် သမီးရဲ့ အစ်ကိုကြီးနဲ့ တကယ်ပဲ ယှဉ်ပြိုင်ချင်ခဲ့တာ။
"မူလကတော့ ဒီလိုဖြစ်လာတာကို မြင်ရတဲ့အတွက် ခမည်းတော် ဝမ်းသာခဲ့ပါတယ်။
ဒီလို ယှဉ်ပြိုင်မှုအောက်မှာ သူတို့နှစ်ယောက်စလုံးက အတူတကွ ပိုပြီး မြန်မြန်ဆန်ဆန် ကြီးထွားလာနိုင်လိမ့်မယ်လေ။
"ကျင်းယွမ်က ကျင်းတိုင်းပြည်ရဲ့ ပထမမင်းသမီးနဲ့ လက်ထပ်ပြီး ကျင်းတိုင်းပြည်ကို အကွက်ဆင်ဖို့ အဆိုပြုလာချိန်မှာလည်း ဒီကိစ္စက သူ့အတွက် အန္တရာယ်တွေ ပြည့်နှက်နေလိမ့်မယ်ဆိုတာကို ခမည်းတော် သိပါတယ်။
ဒါပေမဲ့ ခမည်းတော်ရဲ့ ရင်ထဲမှာတော့ ကျင်းယွမ်က ကံဆိုးမှုတွေကို ကံကောင်းမှုတွေအဖြစ် ပြောင်းလဲပစ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားခဲ့မိတယ်။
ပြီးတော့ တို့ရဲ့ ချင်တိုင်းပြည်က ကျင်းတိုင်းပြည်ကို အပြတ်အသတ် အောင်နိုင်ပြီး ဒီကြီးမားတဲ့ ခြိမ်းခြောက်မှုကြီးကို တစ်ပြိုင်တည်း မျိုချပစ်နိုင်လိမ့်မယ်လို့ပါ တွေးခဲ့မိတာပေါ့
"သမီးရဲ့ အစ်ကိုကြီးက သမီးရဲ့ ဒုတိယအစ်ကိုအတွက် လက်စားချေဖို့ ကျင်းတိုင်းပြည်ကို စစ်ချီချင်တယ်လို့ ပြောလာချိန်မှာ... တကယ်လို့ ခမည်းတော်သာ ပိုပြီး ပြတ်ပြတ်သားသား တားဆီးနိုင်ခဲ့မယ်ဆိုရင်၊ သူ့ကို မသွားခိုင်းခဲ့ဘူးဆိုရင်... သမီးရဲ့ အစ်ကိုကြီး ဒီလိုဘေးဆိုးကြီးနဲ့ ကြုံတွေ့ခဲ့ရမှာ မဟုတ်ဘူး။
ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက ခမည်းတော် တွေးခဲ့မိတာက သမီးရဲ့ အစ်ကိုကြီးကို သူ့ရဲ့ အတွင်းစိတ်ထဲက ပဋိပက္ခတွေကို ဖြေရှင်းခွင့်ပေးလိုက်တာက ကောင်းတယ်လို့ ထင်ခဲ့တယ်။ ပြီးတော့ အိမ်ရှေ့မင်းသားကိုယ်တိုင်က သူ့ညီလေးအတွက် လက်စားချေဖို့ စစ်မြေပြင်ကို ထွက်သွားတာက စစ်သည်တွေရဲ့ စိတ်ဓာတ်ကို အများကြီး တက်ကြွစေလိမ့်မယ်လို့လည်း ထင်ခဲ့မိတယ်။
"ဒါပေမဲ့ ခမည်းတော့်ရဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့် သမီးရဲ့ အစ်ကိုကြီးရော ဒုတိယအစ်ကိုပါ နှစ်ယောက်စလုံး စစ်မြေပြင်မှာ ကျဆုံးသွားလိမ့်မယ်လို့ ခမည်းတော် မထင်ထားခဲ့ဘူး။
ခမည်းတော် သူတို့အပေါ်မှာ တာဝန်မကျေခဲ့ပါဘူးကွယ်"
"ခမည်းတော်..." ချင်စီယောင်က နီရဲနေသော မျက်ဝန်းလေးများဖြင့် ဖခင်ဖြစ်သူ၏ လက်ကို ဆုပ်ကိုင်ထားကာ ပြောလိုက်၏။ "ခမည်းတော် အဲ့ဒီလို မပြောပါနဲ့။ အစ်ကိုကြီးရော ဒုတိယအစ်ကိုပါ ခမည်းတော့်ကို အပြစ်တင်ကြမှာ မဟုတ်ဘူးလို့ သမီး ယုံကြည်ပါတယ်"
"ဟုတ်ပါတယ်လေ..." ချင်ရှန့်ထျန်းက မော့ကြည့်လိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်သည်။ "သမီးရဲ့ အစ်ကိုတွေရဲ့ စိတ်နေသဘောထားမျိုးနဲ့ ခမည်းတော့်ကို ဘယ်လိုလုပ် အပြစ်တင်နိုင်ကြမှာလဲ။ ဒါပေမဲ့ ခမည်းတော် ကိုယ်တိုင်ကတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလုပ် အပြစ်မတင်ဘဲ နေနိုင်မှာလဲကွယ်"
"ခမည်းတော်..." ချင်စီယောင်က သူမ၏ ပါးလျသော နှုတ်ခမ်းလေးကို ကိုက်ခဲထားလိုက်ပြီး မည်သို့ နှစ်သိမ့်ပေးရမည်ကို မသိတော့ချေ။
"ခမည်းတော် အဆင်ပြေပါတယ်" ချင်ရှန့်ထျန်းက ပြုံးလိုက်ပြီး သမီးဖြစ်သူ၏ လက်ဖမိုးလေးကို ပုတ်ပေးလိုက်၏။ "သွားကြစို့... နောက်ထပ် နည်းနည်းလောက် လမ်းလျှောက်လိုက်ကြရအောင်"
"ဟုတ်ကဲ့"
ချင်စီယောင်က ခေါင်းညိတ်လိုက်ပြီး သူမ၏ မျက်ထောင့်မှ မျက်ရည်များကို သုတ်ဖယ်လိုက်ကာ သူမ၏ အစ်ကိုများ ယခင်က နေထိုင်ခဲ့ဖူးသော နန်းဆောင်လေးကို နောက်ဆုံးတစ်ကြိမ် ငေးကြည့်လိုက်လေသည်။
ချင်ရှန့်ထျန်းက သူ၏သမီးတော်နှင့်အတူ ဆက်လက်လျှောက်လှမ်းသွားခဲ့၏။
သူတို့ ဖြတ်သန်းသွားခဲ့သော နေရာများမှာ ချင်စီယောင်နှင့် သူမ၏ အစ်ကိုနှစ်ယောက် ငယ်စဉ်က မကြာခဏ သွားရောက်ကစားလေ့ရှိခဲ့သော ခြံဝင်းများပင် ဖြစ်လေသည်။
ချင်ရှန့်ထျန်းက မိဖုရားကြီးရှီနှင့် အခြားသူများကို ခေါ်ဆောင်ကာ သွားရောက်ကစားလေ့ရှိသည့် နွေဦးပျံလွှားဥယျာဉ်၏ မြက်ခင်းပြင်မျိုး။ အဲ့ဒီအချိန်တုန်းကဆိုလျှင် ချင်ကျင်းစုနှင့် ချင်ကျင်းယွမ်တို့က စာအုပ်များကို အလွတ်ရွတ်ဆိုနေကြပြီး ချင်စီယောင်ကမူ အနီးအနားတွင် လိပ်ပြာလေးများကို ပျော်ရွှင်စွာ လိုက်လံဖမ်းဆီးနေလေ့ရှိပေသည်။
ချင်စီယောင်တစ်ယောက် သူမ၏ အစ်ကိုများနောက်သို့ လိုက်ရင်း ရေထဲသို့ မတော်တဆ ပြုတ်ကျသွားခဲ့ဖူးသော နွေကြာပန်းဥယျာဉ်၏ ကြာကန်မျိုး။ ကံကောင်းထောက်မစွာဖြင့် အစေခံမလေးတစ်ယောက်က သူမကို အချိန်မီ ပြန်ဆယ်ယူနိုင်ခဲ့သော်လည်း ထိုသတင်းကို ကြားလိုက်ရသောအခါ ချင်ရှန့်ထျန်းက ချင်ကျင်းစုနှင့် ချင်ကျင်းယွမ်တို့ကို အပြင်းအထန် ဆူပူကြိမ်းမောင်းခဲ့လေသည်။
ဆောင်းဦးလမင်းဥယျာဉ်ရှိ တောအုပ်လေးမျိုး။ ဆောင်းဦးပေါက်ရောက်တိုင်း ချင်ရှန့်ထျန်းသည် မိဖုရားကြီးရှီနှင့် သူ၏ကလေးများကို ခေါ်ဆောင်ကာ ဆောင်းဦးရာသီ၏ အလှအပများကို ခံစားရန် ဤနေရာသို့ လာရောက်လေ့ရှိပြီး၊ ထို့နောက်တွင် သူ၏ သားတော်နှစ်ပါးကို သူတို့၏ စာပေသင်ကြားမှုများနှင့် ပတ်သက်၍ မေးခွန်းများ မေးလေ့ရှိသည်။ ဖခင်ဖြစ်သူ၏ မေးခွန်းများကို မဖြေဆိုနိုင်သည့်အခါ သူမ၏ အစ်ကိုနှစ်ယောက် ရှက်ရွံ့ပြီး ထိတ်လန့်နေကြသည့် မျက်နှာအမူအရာများကို ကြည့်ရသည်မှာ အလွန်ရယ်စရာကောင်းလှသဖြင့် ချင်စီယောင်က အလွန်နှစ်သက်ခဲ့လေသည်။
သတိမထားမိလိုက်ချိန်မှာပင် သူတို့ လမ်းလျှောက်နေရင်း မွန်းတည့်ချိန်သို့ ရောက်ရှိလာခဲ့ချေပြီ။
"ခမည်းတော်... ပြန်ကြရအောင်။ နေ့လယ်စာ စားချိန်ရောက်ပြီ" ဟု ချင်စီယောင်က ပြောလိုက်သည်။
"မလောပါနဲ့ဦး။ အရှေ့ဘက်မှာ သမီးရဲ့ မယ်တော် အရင်က နေခဲ့ဖူးတဲ့ လက်စွပ်နီနန်းဆောင် ရှိတယ်။ ခမည်းတော်လည်း နည်းနည်းလေး ပင်ပန်းနေပြီဆိုတော့ မပြန်ခင် အဲ့ဒီမှာ ခဏလောက် သွားထိုင်ကြတာပေါ့" ဟု ချင်ရှန့်ထျန်းက ပြောလိုက်၏။
"ဟုတ်ကဲ့ပါ ခမည်းတော်" ချင်စီယောင်က ထွေထွေထူးထူး မတွေးတောတော့ဘဲ ခေါင်းညိတ်လိုက်လေသည်။
နောက်ဆုံးတွင် သူတို့နှစ်ဦးသည် လက်စွပ်နီနန်းဆောင်ထဲသို့ ဝင်ရောက်သွားကြ၏။
ယခုအခါ လက်စွပ်နီနန်းဆောင်တွင် နန်းတွင်းအစေခံမလေးများ တစ်ယောက်မျှ မရှိတော့သဖြင့် အလွန်ပင် ခြောက်ကပ်နေပုံရလေသည်။
ချင်စီယောင်က ခြံဝင်းထဲရှိ ကျောက်သားထိုင်ခုံပေါ်မှ နှင်းများကို ဖယ်ရှားပေးလိုက်ပြီးနောက် ဖခင်ဖြစ်သူကို ထိုင်စေကာ သူမက ဘေးတွင် ဝင်ထိုင်လိုက်သည်။
ဤအခိုက်အတန့်တွင် ကောင်းကင်ယံမှ နှင်းပွင့်လေးများ တဖွဲဖွဲ ကျဆင်းလာပြန်ပြီး၊ လေထဲတွင် တွဲလောင်းခိုနေသော တိမ်စဖြူဖြူလေးများကဲ့သို့ ဖြစ်နေခဲ့ပေသည်။
"အရင်တုန်းက အကြောင်းတွေကို ပြန်တွေးကြည့်မယ်ဆိုရင်... သမီးရဲ့ ဘိုးတော် ကွယ်လွန်သွားပြီး ခမည်းတော် ဒီရာထူးကို စရခါစက မိသားစုကြီးတွေနဲ့ မျိုးနွယ်စုတွေက သူတို့ရဲ့ မျိုးနွယ်စုထဲက အမျိုးသမီးတွေကို ခမည်းတော်ဆီ လာပို့ခဲ့ကြတယ်"
ချင်ရှန့်ထျန်း၏ မျက်ဝန်းများထဲတွင် အတိတ်ကို လွမ်းဆွတ်နေသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ရှားရှားပါးပါး နူးညံ့မှုလေးတစ်ခုလည်း ပါဝင်နေခဲ့၏။
"အဲ့ဒီ မိသားစုကြီးတွေ ဘာတွေတွေးနေကြလဲဆိုတာ ခမည်းတော် ဘယ်လိုလုပ် မသိဘဲနေမလဲ။
သူတို့က ခမည်းတော် လက်မထပ်ရသေးတာကို အခွင့်ကောင်းယူပြီး သူတို့မျိုးနွယ်စုထဲက အမျိုးသမီးတစ်ယောက်ယောက်များ ချင်တိုင်းပြည်ရဲ့ မိဖုရားခေါင်ကြီး ဖြစ်လာမလားလို့ မျှော်လင့်နေခဲ့ကြတာပါ။
အနည်းဆုံးတော့ ကိုယ်လုပ်တော်တစ်ပါးလောက် ဖြစ်လာမယ်ပေါ့။
"ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက ခမည်းတော့်ရဲ့ ရာထူးက ခိုင်မာမှုမရှိသေးဘူးလေ။ တကယ်လို့ ခမည်းတော်သာ မိသားစုကြီးတစ်ခုခုက အမျိုးသမီးတစ်ယောက်ကို လက်ထပ်လိုက်မယ်ဆိုရင် နန်းတွင်းကို အခုလောက် ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့မှာ မဟုတ်ဘူး။
ပြီးတော့ ခမည်းတော့်ရဲ့ စိတ်ကလည်း နန်းတွင်းရေးရာတွေမှာပဲ အပြည့်အဝ ရှိနေခဲ့တာပါ။ နေ့စဉ် ဝင်လာတဲ့ အသနားခံစာတွေကိုတောင် ဖတ်လို့မကုန်နိုင်သေးတာ၊ ယောကျ်ားမိန်းမ ကိစ္စတွေအတွက် ခမည်းတော်မှာ ဘယ်လိုလုပ် စိတ်ကူးရှိနိုင်မှာလဲ။
"ဒါပေမဲ့ တချို့ကိစ္စတွေကတော့ ကိုယ်လုပ်ချင်မလုပ်ချင်နဲ့ မဆိုင်ဘူးထင်ပါရဲ့ကွယ်။
"တစ်နေ့ကျတော့ အသနားခံစာတွေ ဖတ်ပြီးသွားလို့ ခေါင်းရှင်းသွားအောင်ဆိုပြီး ပေါ့ပေါ့ပါးပါး လမ်းလျှောက်ထွက်လာရင်းနဲ့ ဒီနေရာကို ရောက်လာခဲ့မိတယ်။
အဲ့ဒီအချိန်တုန်းက သမီးရဲ့ မယ်တော်က အခု ခမည်းတော် ထိုင်နေတဲ့ နေရာမှာပဲ ထိုင်ပြီး မက်မွန်ပန်းမုန့်တွေကို တစ်ကိုက်ပြီးတစ်ကိုက် စားနေခဲ့တာ။
သူမက ပါးစပ်အပြည့် မုန့်တွေကို ပလုတ်ပလောင်းဝါးနေပြီး ပါးလေးတွေက ဖောင်းနေလိုက်တာ ကြွက်ပေါက်လေး တစ်ကောင်လိုပဲ။
"ခမည်းတော်အတွက် အရယ်ရဆုံးကတော့ သမီးရဲ့ မယ်တော်က ခမည်းတော် လာနေတာကို မြင်လိုက်ရတဲ့အချိန်မှာ... ခမည်းတော်က ဝါရောင်ဧကရာဇ်ဝတ်ရုံကြီးကို ဝတ်ထားတာ သိသာနေလျက်သားနဲ့၊ သူမ ပထမဆုံးလုပ်ခဲ့တဲ့ အလုပ်က ခမည်းတော်ကို အရိုအသေပေးတာ မဟုတ်ဘဲ ကျောက်စိမ်းပန်းကန်ပြားထဲမှာ ကျန်နေတဲ့ မုန့်တွေကို သူမရဲ့ ပါးစပ်ထဲကို အမြန်ကောက်ထည့်လိုက်တာပဲ။ ခမည်းတော်ကများ သူမရဲ့ မုန့်တွေကို လုစားသွားမှာ ကြောက်နေတဲ့အတိုင်းပဲ။
"အဲ့ဒီအချိန်တုန်းက ခမည်းတော် တွေးမိတာက၊ ဘယ်လိုလုပ် ဒီလောက်တောင် အစားကြူးတဲ့ အမျိုးသမီးတစ်ယောက် ရှိနေရတာလဲပေါ့။ ဒါပေမဲ့ သူမက အရမ်းကို လှပလွန်းနေပြန်ရော။
အဲ့ဒီလို အမျိုးသမီးလေးကပဲ ခမည်းတော် အားလပ်ချိန်ရတိုင်း လက်စွပ်နီနန်းဆောင်ဆီကို မုန့်လေးတွေ ယူလာပြီး သူမနဲ့ စကားလာပြောဖြစ်အောင် လုပ်နိုင်ခဲ့တာပေါ့။
သမီးရဲ့ မယ်တော်အတွက်ကတော့၊ ခမည်းတော်ဆိုတဲ့ လူထက်စာရင် မုန့်လေးတွေကပဲ သူမကို ပိုပြီး ဆွဲဆောင်နိုင်ပုံရတယ်"
စကားပြောနေရင်းပင် ချင်တိုင်းပြည်ရဲ့ဘုရင်က ခပ်ဟဟ ရယ်မောလိုက်လေ၏။
"နောက်ပိုင်း ခမည်းတော် နန်းတွင်းကို အပြည့်အဝ တည်ငြိမ်အောင် ထိန်းချုပ်နိုင်သွားတဲ့အခါကျမှ သမီးရဲ့ မယ်တော်ကို တရားဝင် လက်ထပ်ခဲ့တာပါ။
"သမီးရဲ့ မယ်တော်က မိဖုရားခေါင်ကြီး ဖြစ်လာပြီးတဲ့နောက်မှာ အစပိုင်းတုန်းကတော့ ဘာလုပ်ရမှန်း မသိခဲ့ရှာဘူး။ ဒါပေမဲ့ သူမက မောင်းမဆောင်ကို ဘယ်လိုစီမံအုပ်ချုပ်ရမလဲဆိုတာကို အမြဲတမ်း လေ့လာသင်ယူခဲ့တယ်။ အတွေးအခေါ်ပညာရှင်ရာကျော် ကျောင်းတော်တွေရဲ့ ဂန္ထဝင်ကျမ်းတွေကို မကြာခဏ ဖတ်ရှုပြီး ကောင်းမွန်တဲ့ မိဖုရားခေါင်ကြီးတစ်ပါး ဖြစ်လာအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာကို အမြဲတွေးတောခဲ့တာပါ။
"သူမရဲ့ ကိုယ်ပိုင်မျိုးနွယ်စုနဲ့ ပတ်သက်လာရင်လည်း သမီးရဲ့ မယ်တော်က ဘယ်တော့မှ မျက်နှာသာပေးတာမျိုး မလုပ်ခဲ့ဘူး။ ရှီမိသားစုဝင် တစ်ယောက်ယောက်က အရာရှိရာထူး လိုချင်လာပြီဆိုရင် အကြီးမားဆုံး အတားအဆီးက ခမည်းတော်မဟုတ်ဘဲ သမီးရဲ့ မယ်တော်ဖြစ်နေခဲ့တာ။
တဖြည်းဖြည်းနဲ့ သမီးရဲ့ မယ်တော်ကို မိဖုရားခေါင်ကြီး မဖြစ်စေချင်လို့ ဆန့်ကျင်ခဲ့ကြတဲ့ မင်းမျိုးမင်းနွယ်တွေအားလုံးလည်း ပါးစပ်ပိတ်သွားခဲ့ရတော့တာပဲ။
သာမန်ပြည်သူတွေကြားမှာတောင် သမီးရဲ့ မယ်တော်နာမည်က ပိုပိုပြီး ကြီးမားလာခဲ့ပြီး ချင်တိုင်းပြည်ရဲ့ ပြည်သူတွေက သူမကို သီလပြည့်ဝတဲ့ မိဖုရားကြီး လို့တောင် ခေါ်ဝေါ်လာကြတယ်။
"ပြီးတော့ တပည့်က ဆရာ့ထက်တောင် သာသွားခဲ့ပြီလေ။
စီယောင်... သမီးကိုလည်း ခမည်းတော် ယုံကြည်ပါတယ်။ သမီး လုပ်ချင်တဲ့အရာတစ်ခု၊ လေးလေးနက်နက် လုပ်ချင်တဲ့အရာတစ်ခု ဖြစ်နေသရွေ့ သမီးက သေချာပေါက် အောင်မြင်အောင် လုပ်နိုင်မှာပါ"
ချင်ရှန့်ထျန်းက ခေါင်းလှည့်ကာ သမီးဖြစ်သူအား ပြုံးလျက် ကြည့်လိုက်ပြီး သူ၏ မျက်နှာအမူအရာတွင် ဂုဏ်ယူမှု အရိပ်အယောင်များ စွန်းထင်းနေခဲ့ပေသည်။
"စီယောင်... ပြီးခဲ့တဲ့ သုံးနှစ်နီးပါး ကာလအတွင်းမှာ သမီးက နိုင်ငံတော်ရေးရာ ကိစ္စရပ်အမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းရာမှာ အရမ်းကို ကျွမ်းကျင်လာခဲ့ပြီ။ စစ်ရေးကိစ္စတွေပဲဖြစ်ဖြစ်၊ စိုက်ပျိုးရေးကိစ္စတွေပဲဖြစ်ဖြစ်၊ ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ ပညာရေး ကိစ္စတွေမှာပဲဖြစ်ဖြစ် သမီးရဲ့ ကိုယ်ပိုင်အမြင်တွေ အများကြီး ရှိလာခဲ့ပြီ။
မနေ့က သမီး စစ်ဆေးထားတဲ့ အသနားခံစာတွေကို နန်းရင်းဝန်လီနဲ့ တခြားသူတွေကို ပြလိုက်တော့ သူတို့အားလုံးက သမီးကို အများကြီး ချီးကျူးနေကြတာကွ"
"အဲ့ဒါတွေအားလုံးက ခမည်းတော့်ရဲ့ သွန်သင်ပြသမှု ကောင်းမွန်ခဲ့လို့ပါ" ချင်စီယောင်က ခေါင်းယမ်းလိုက်၏။ "ပြီးတော့ သမီး နားမလည်တဲ့ ကိစ္စတွေ ကြုံလာရင် ခမည်းတော်တင်မကဘဲ သမီးရဲ့ ခင်ပွန်းကပါ ကူညီပေးနေလို့ပါ"
"မဟုတ်ပါဘူးကွယ်... ရှောင်မိုနဲ့ ခမည်းတော်က သမီးကို သင်ပေးနိုင်တာ ကန့်သတ်ချက် ရှိပါတယ်။"
ချင်ရှန့်ထျန်းက ခေါင်းယမ်းလိုက်ပြီး ကြည်နူးစွာဖြင့် ပြောလိုက်လေသည်။
"ဒါက သမီးမှာ အမှန်တကယ် ပါရမီရှိနေလို့ပါ။ တကယ်တမ်းကျတော့ သမီးက တခြားသူတွေ အများကြီးထက် ပိုပြီး ဉာဏ်ကောင်းတယ်ဆိုတာကို ခမည်းတော် သိနေခဲ့တာ ကြာပါပြီ။
ကျင့်ကြံရေးမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးရာ ကိစ္စတွေမှာပဲဖြစ်ဖြစ်၊ တခြားကိစ္စတွေမှာပဲဖြစ်ဖြစ် သမီးက ကျင်းစုနဲ့ ကျင်းယွမ် နှစ်ယောက်စလုံးထက် ပိုပြီး ပါရမီပါပါတယ်။
သမီးကိုယ်သမီးတောင် သတိမထားမိလောက်ဘူး။ တခြားသော ဧကရာဇ်တွေ၊ အရှင်သခင်တွေ အများကြီးနဲ့ ယှဉ်လိုက်ရင်တောင် သမီးက အများကြီး ပိုပြီး ထူးချွန်ပြောင်မြောက်နေသေးတယ်။
အရင်တုန်းက သမီးလေး နည်းနည်း ပျင်းနေခဲ့လို့သာပါ စီယောင်ရယ်။
"ဒါပေမဲ့ စီယောင်... သမီးက သိပ်ပြီး စိတ်ထားနူးညံ့လွန်းနေတုန်းပဲ။
အဲ့ဒီ နန်းတွင်းအမတ်တွေရဲ့ အတွေးတွေကို သမီး နားမလည်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ သမီးက သူတို့ဟာ သမီးထင်ထားသလောက် မဆိုးရွားလောက်ပါဘူးလို့ အမြဲတမ်း တွေးနေတတ်တယ်။
ဒါပေမဲ့ အကြိမ်အများစုမှာတော့ အဲ့ဒီအမတ်တွေက သမီးထင်ထားသလောက်ကို ဆိုးရွားယုတ်မာတတ်ကြတယ်ကွ"
ချင်ရှန့်ထျန်းက သမီးဖြစ်သူအား နောက်ဆုံးအကြိမ် ဆုံးမစကား ပြောကြားနေသည့်အလား ဆက်လက်ပြောဆိုနေခဲ့လေ၏။
"စီယောင်... သမီး သေချာမှတ်ထားရမှာက တခြားသူတွေကို အဆိုးရွားဆုံး ရည်ရွယ်ချက်တွေနဲ့ ခန့်မှန်းတွေးတောရမှာကို ဘယ်တော့မှ မကြောက်ပါနဲ့။
"စီယောင်... သမီး သေချာမှတ်ထားရမယ့် နောက်တစ်ခုက လူတိုင်းကို လူဆိုးတွေလို့ သဘောမထားပါနဲ့။ လောကကြီးမှာ စံပြရည်မှန်းချက် ရှိသူတွေကလည်း မရှားပါဘူး။
"စီယောင်... သမီး ပိုပြီးတောင် မှတ်ထားရမှာက ရေက လှေကို သယ်ဆောင်သွားနိုင်သလို၊ လှေကို မှောက်သွားအောင်လည်း လုပ်နိုင်စွမ်း ရှိတယ်ဆိုတာပဲ။ ဘာပဲဖြစ်ဖြစ် ပြည်သူတွေကို သူတို့ရဲ့ မျှော်လင့်ချက်တွေ ဒါမှမဟုတ် အသက်မွေးဝမ်းကျောင်းတွေ ဆုံးရှုံးသွားအောင် ဘယ်တော့မှ အဖြစ်မခံပါနဲ့"
"ခမည်းတော်..." ချင်စီယောင်၏ မျက်ဝန်းလေးများက တုန်ယင်သွားပြီး မျက်လုံးများက မအောင့်အည်းနိုင်စွာပင် နီရဲလာခဲ့လေသည်။
"အရူးမလေးရယ်... ခမည်းတော်က သမီးကို စကားပြောနေရုံလေးပါကွာ။ ဘာလို့ ငိုတော့မလို ဖြစ်နေရတာလဲ"
ချင်ရှန့်ထျန်းက ခပ်ဟဟ ရယ်မောလိုက်၏။
"ကဲပါ ကဲပါ... တော်ပြီ၊ ဆက်မပြောတော့ဘူး။ တော်ဝင်မီးဖိုဆောင်က လက်စွပ်နီနန်းဆောင်နဲ့ တော်တော်လေး နီးတယ်မလား။ သမီး တော်ဝင်မီးဖိုဆောင်ကို သွားပြီး ဟင်းနှစ်ပွဲသုံးပွဲလောက် သွားချက်ပေးပါလား။ ဒီနေ့ နေ့လယ်စာကို ဒီမှာပဲ စားကြတာပေါ့။ ဘယ်လိုလဲ"
"ဟုတ်ကဲ့ပါ ခမည်းတော်" ချင်စီယောင်က သူမ၏ မျက်ဝန်းထဲမှ မျက်ရည်များကို သုတ်ဖယ်လိုက်သည်။ "သမီး အခုပဲ သွားလိုက်ပါ့မယ်။ ခမည်းတော် ခဏလောက် စောင့်နေပေးပါနော်"
"အင်း... ကောင်းပြီလေ" ချင်ရှန့်ထျန်းက ခေါင်းညိတ်ပြလိုက်၏။
ချင်စီယောင်သည် သူမ၏ စကတ်ကို ဆုပ်ကိုင်လျက် လက်စွပ်နီနန်းဆောင်ထဲမှ အပြေးလေး ထွက်သွားလေတော့သည်။
ဟာလာဟင်းလင်း ဖြစ်နေသော ရှေ့ဘက်ခြံဝင်းထဲတွင် ချင်ရှန့်ထျန်းက သူ၏ခါးမှ ကျောက်စိမ်းဆွဲကြိုးပြားကို ဖြုတ်ယူလိုက်လေသည်။
မှော်ရတနာ၏ ဖုံးကွယ်ထားမှု မရှိတော့ချိန်တွင် ချင်ရှန့်ထျန်း၏ သက်စောင့်မီးတောက်မှာ သည်းထန်စွာ ကျဆင်းနေသော နှင်းပွင့်များကြားတွင် အချိန်မရွေး ငြိမ်းသတ်သွားနိုင်သည့် မီးပွားလေးတစ်ခုအလား ပေါ်လွင်ထင်ရှားလာခဲ့ချေပြီ။
"ရှင်းအာ... မကြာခင် မင်းတို့ဆီကို ငါ လာခဲ့တော့မယ်"
ချင်ရှန့်ထျန်းက ခြံဝင်းတံခါးအပြင်ဘက်သို့ လှမ်းကြည့်ရင်း သူ့ကိုယ်သူ တိုးတိတ်စွာ ရေရွတ်လိုက်လေ၏။
"ငါ ထွက်သွားပြီးတဲ့နောက်မှာ စီယောင်လေး တကယ်ပဲ တစ်ယောက်တည်း အထီးကျန်နေရတော့မှာ။
"အဲ့ဒီကောင်လေး ရှောင်မိုကရော သူမကို အနိုင်ကျင့်များ အနိုင်ကျင့်လေမလား။
"သူမ တကယ်ပဲ တစ်ယောက်တည်း တောင့်ခံထားနိုင်ပါ့မလား။
"ဒီလောက် ကြီးမားလေးလံတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို သူမလက်ထဲ အပ်လိုက်မိတာ ငါ တကယ်ပဲ အမှားလုပ်မိတာလား။
သူမက မိန်းကလေးတစ်ယောက်ပဲလေ... တို့တွေ အမြဲတမ်း အလိုလိုက် အကြိုက်ဆောင်ထားခဲ့တဲ့ သမီးလေးပါ...
"ငါ တကယ်ကို တစ်ကိုယ်ကောင်းဆန်လွန်းတယ်။ တကယ်ကို အရည်အချင်းမရှိတဲ့ ဖခင်တစ်ယောက်ပါပဲ"
ချင်ရှန့်ထျန်း၏ အသိစိတ်က ပို၍ပို၍ လေးလံလာခဲ့ပြီး သူ၏ အမြင်အာရုံများကလည်း တစ်ဖြည်းဖြည်း ဝေဝါးလာခဲ့လေတော့သည်။ တဖြည်းဖြည်းနှင့် ပတ်ဝန်းကျင်မှ အသံများကို မကြားရတော့သလို အအေးဓာတ်ကိုလည်း မခံစားရတော့ချေ။
"စီယောင်... အရာအားလုံးကို သမီးလက်ထဲ ထားရစ်ခဲ့မိတဲ့အတွက် ခမည်းတော့်ကို ခွင့်လွှတ်ပေးပါကွယ်...
"စီယောင်... သမီးအနားမှာ ဆက်နေမပေးနိုင်တော့တဲ့အတွက် ခမည်းတော့်ကို ခွင့်လွှတ်ပေးပါကွယ်။
"စီယောင်... ဖေဖေ သွားတော့မယ်နော်"
အမျိုးသားကြီးသည် ကျောက်သားထိုင်ခုံပေါ်တွင် သူ၏ ဒူးနှစ်ဖက်ပေါ်သို့ လက်တင်လျက်၊ ကျောပြင်ကို မတ်မတ်ထားကာ ထိုင်နေခဲ့လေသည်။ သူ၏ မျက်လုံးများက တဖြည်းဖြည်း မှိတ်ကျသွားပြီး နောက်တစ်ကြိမ် မည်သည့်အခါမျှ ပြန်လည်ပွင့်ဟလာတော့မည် မဟုတ်ချေ။
"ခမည်းတော်... သမီး ဟင်းနှစ်ပွဲသုံးပွဲလောက် ချက်လာတယ်။ ခမည်းတော် အကြိုက်တွေ့မလားလို့ မြည်းကြည့်ပါဦး"
နာရီဝက်ခန့် အကြာတွင် ချင်စီယောင်သည် ထမင်းချိုင့်ကို ကိုင်ဆောင်လျက် လက်စွပ်နီနန်းဆောင်ထဲသို့ အပြေးအလွှား ပြန်လည်ဝင်ရောက်လာခဲ့လေ၏။
သို့သော်လည်း ချင်စီယောင် လက်စွပ်နီနန်းဆောင်ထဲသို့ ဝင်ရောက်လာပြီး ကျောက်သားထိုင်ခုံပေါ်၌ မျက်လုံးများမှိတ်လျက် ငြိမ်သက်စွာ ထိုင်နေသော ဖခင်ဖြစ်သူကို မြင်လိုက်ရချိန်တွင်မူ၊ သူမ၏ မျက်နှာအမူအရာမှာ ရေခဲကန်ကြီးတစ်ခုကဲ့သို့ အေးခဲသွားခဲ့လေတော့သည်။
သူမ၏ ခြေလှမ်းများက အလိုအလျောက် နှေးကွေးသွားပြီး ထမင်းချိုင့်ကို ကိုင်ထားသော လက်ချောင်းများမှာလည်း ပိုမိုတင်းကြပ်လာခဲ့၏။
အမျိုးသမီးငယ်လေးက သူမ၏ ပါးလျသော နှုတ်ခမ်းလေးကို တင်းကြပ်စွာ ကိုက်ခဲထားလိုက်ပြီး ဖခင်ဖြစ်သူထံသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်လေသည်။
"ခမည်းတော်... သမီး ဟင်းသုံးပွဲ ချက်လာတယ်။ တစ်ပွဲက ကြက်သားစပ်ဟင်း၊ နောက်တစ်ပွဲက လနှင်းငါးပေါင်း၊ ပြီးတော့ ကိုယ်နွေးစေမယ့် ဝက်နှလုံးစွပ်ပြုတ်လေးလည်း ပါတယ်"
သူမ၏ အသံလေးမှာ တုန်ယင်နေခဲ့ပေသည်။
ဖခင်ဖြစ်သူထံမှ မည်သည့်တုံ့ပြန်မှုမျှ မရရှိခဲ့သော်ငြားလည်း၊
သူမက ဟင်းနာမည်များကို ဆက်လက်ရွတ်ဆိုနေရင်း ထမင်းချိုင့်ထဲမှ ဟင်းများကို တစ်ပွဲချင်း ထုတ်ယူကာ စားပွဲပေါ်တွင် တင်ပေးလိုက်ပြီး ဖခင်ဖြစ်သူအတွက် ထမင်းတစ်ပန်းကန်ကိုပါ ခူးခပ်ပေးလိုက်လေ၏။
"ခမည်းတော်... ထမင်းစားရအောင်လေ"
အမျိုးသမီးငယ်လေး၏ မျက်ဝန်းများမှ မျက်ရည်များ ကျဆင်းလာပြီး ပူနွေးနေသော ထမင်းပန်းကန်ပေါ်သို့ တစ်ပေါက်ချင်းစီ ကျရောက်သွားလေတော့သည်။
"ထမင်းစားချိန် ရောက်ပြီလေ ခမည်းတော်..."
အခန်း (၄၅၀)
ချင်တိုင်းပြည်ရဲ့ဘုရင် နတ်ရွာစံပြီးနောက် နန်းတော်မှ ခေါင်းလောင်းသံများက မြို့တော်တစ်ခုလုံး၌ ပဲ့တင်ထပ်သွားခဲ့လေ၏။
ဤခေါင်းလောင်းသံများသည် ချင်တိုင်းပြည်ရဲ့ဘုရင် ကွယ်လွန်ချိန်မှသာ မြည်ဟည်းလေ့ရှိပြီး အတိအကျ ကိုးချက်တီးခတ်ရသည်။ အပိုအလို လုံးဝမရှိရပေ။
နန်းတော်မှ ခေါင်းလောင်းသံများကို ကြားလိုက်ရသောအခါ သာမန်ပြည်သူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး လူတိုင်း၏ မျက်ဝန်းများတွင် မယုံကြည်နိုင်မှုများ အပြည့်ဖြစ်နေခဲ့သည်။
အရှင်မင်းကြီးက အမြဲတမ်း ကျန်းကျန်းမာမာ ရှိနေခဲ့တာပဲ။ ဘယ်လိုလုပ် ရုတ်တရက်ကြီး ကွယ်လွန်သွားရတာလဲ။
သို့သော် ဤခေါင်းလောင်းသံများက အတုအယောင် မဖြစ်နိုင်ချေ။ မမှန်မကန် တီးခတ်သူ မည်သူမဆို ဆွေမျိုးကိုးဆက်တိုင်အောင် သုတ်သင်ခံရမည့် အပြစ်ဒဏ်ကို ခံရမည် ဖြစ်ပေသည်။
"အရှင်မင်းကြီး"
မြို့တော်အတွင်းရှိ ပြည်သူအချို့သည် လက်တွေ့အခြေအနေကို လက်ခံလိုက်ရပြီးနောက် သူတို့၏ မျက်လုံးများ နီရဲလာကာ နန်းတော်ရှိရာဘက်သို့ အလိုအလျောက် ဒူးထောက်လိုက်ကြလေ၏။
သာမန်ပြည်သူများအတွက် ချင်ရှန့်ထျန်းသည် သံသယဖြစ်ဖွယ်မရှိ ဉာဏ်ပညာကြီးမားသော အုပ်စိုးရှင်တစ်ပါး ဖြစ်ပေသည်။ သူတို့၏ ရင်ထဲတွင် သူ၏အဆင့်အတန်းမှာ တိုင်းပြည်တည်ထောင်ခဲ့သော ဘိုးဘေးပြီးလျှင် ဒုတိယလိုက်လေသည်။
ခေါင်းလောင်းသံများကို ကြားလိုက်ရချိန်တွင် အိမ်တော်အသီးသီးမှ အမတ်များသည်လည်း အစပိုင်း၌ မှင်သက်သွားကြပြီး သူတို့ နားကြားများ မှားသွားလေသလားဟုပင် သံသယဖြစ်သွားခဲ့ကြ၏။
မကြာမီ ဘာဖြစ်သွားသည်ကို နားလည်သဘောပေါက်သွားသောအခါ သူတို့သည် နန်းတော်ဆီသို့ အပြေးအလွှား သွားရောက်ခဲ့ကြလေတော့သည်။
ချင်တိုင်းပြည်ရဲ့ဘုရင် ကွယ်လွန်သွားခဲ့ချေပြီ။
ဤကိစ္စက အလွန်တရာ ကြီးမားလွန်းပြီး အလွန်လည်း ရုတ်တရက် ဆန်လွန်းလှပေသည်။
လွန်ခဲ့သော ရက်အနည်းငယ်ကမှ အရှင်မင်းကြီးမှာ တက်ကြွလန်းဆန်းနေခဲ့သော်လည်း ယနေ့တွင် သူ၏ဝိညာဉ်မှာ ကောင်းကင်ဘုံကိုးလွှာဆီသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း မည်သူကမျှ ထင်မှတ်ထားခဲ့မည် မဟုတ်ချေ။
အရေးအကြီးဆုံးအချက်မှာ အရှင်မင်းကြီး ကွယ်လွန်သွားချိန်အထိ နောင်အနာဂတ် ချင်တိုင်းပြည်ရဲ့ဘုရင်ကို ရွေးချယ်သတ်မှတ်ပေးခဲ့ခြင်း မရှိသေးပေ။
ယခုအချိန်တွင် နန်းတော်အတွင်း ကျန်ရှိနေသော တစ်ဦးတည်းသော တော်ဝင်သွေးတော်စပ်သူမှာ တတိယမင်းသမီးသာ ဖြစ်လေသည်။
ဘာတွေ ဆက်လုပ်ကြမလဲ။
ဤကိစ္စကြောင့် ချင်တိုင်းပြည်တစ်ခုလုံး ကမောက်ကမ ဖြစ်သွားနိုင်ခြေ အလွန်များလှပေသည်။
တစ်ချိန်တည်းမှာပင် နန်းရင်းဝန်လီ၊ ပိုင်လီရှီနှင့် ကျန်းရှူတို့သည်လည်း နန်းတော်ထဲသို့ အလျင်အမြန် ဝင်ရောက်လာခဲ့ကြ၏။
အမတ်များအနေဖြင့် ဧကရာဇ်၏ အမိန့်မပါဘဲ အတွင်းဆောင်များသို့ ဝင်ရောက်ခွင့်မရှိသော်လည်း အခြေအနေက အလွန်အရေးကြီးနေသဖြင့် သူတို့လည်း ထိုစည်းကမ်းများကို ဂရုမစိုက်နိုင်တော့ချေ။
သူတို့သုံးဦးသည် မိဖုရားကြီးရှီ နေထိုင်ခဲ့ရာ ခြံဝင်းအတွင်းသို့ ရောက်ရှိလာပြီး၊ ချင်တိုင်းပြည်ရဲ့ဘုရင်က ကျောက်သားထိုင်ခုံပေါ်၌ ထိုင်နေကာ တတိယမင်းသမီး ချင်စီယောင်က သူမ၏ ဖခင်အနားတွင် စောင့်ကြပ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။
နန်းရင်းဝန်လီနှင့် အခြားသူနှစ်ဦးက ချင်တိုင်းပြည်ရဲ့ဘုရင်၏ ရှေ့တွင် ဒူးထောက်ကာ လေးလေးနက်နက် အရိုအသေပေးလိုက်ကြ၏။
"မင်းသမီး... ဝမ်းနည်းကြေကွဲမှုတွေကို ထိန်းချုပ်ပေးပါ။ အခု အရေးတကြီး လိုအပ်နေတာက နန်းတွင်းကို တည်ငြိမ်အောင်လုပ်ဖို့ အရှင်မင်းကြီးရဲ့ နောက်ဆုံး သေတမ်းစာကို ရှာဖွေရယူဖို့ပါပဲ"
နန်းရင်းဝန်လီက ချင်စီယောင်အား ပြောလိုက်လေသည်။
ချင်တိုင်းပြည်ရဲ့ဘုရင် ကွယ်လွန်သွားခြင်းက ချင်စီယောင်အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုဖြစ်ပြီး မည်သူမျှ အခြားကိစ္စများကို အလွယ်တကူ အာရုံစိုက်နိုင်မည် မဟုတ်ကြောင်းကို သူတို့ သိရှိထားသော်ငြားလည်း၊
ဤသည်မှာ နိုင်ငံတော်ရေးရာ ကိစ္စရပ်ဖြစ်ပြီး တစ်ခဏမျှပင် နှောင့်နှေးကြန့်ကြာ၍ မရနိုင်ချေ။
"သေတမ်းစာ ဟုတ်လား" ချင်စီယောင်က သူမ၏ ဝမ်းနည်းကြေကွဲမှုများကို ဖိနှိပ်ထားရင်း လှည့်လာကာ သူတို့သုံးဦးကို ကြည့်လိုက်သည်။ "ဒါပေမဲ့ ခမည်းတော်က ကျွန်မကို သေတမ်းစာအကြောင်း တစ်ခါမှ မပြောပြခဲ့ဖူးဘူး"
"တကယ်တော့ ရှိပါတယ်"
ပိုင်လီရှီက သက်ပြင်းချကာ ခေါင်းယမ်းလိုက်၏။
"အရှင်မင်းကြီးက ကျွန်တော်တို့သုံးယောက်ကို စာကြည့်ဆောင်ထဲ ခေါ်ပြီး သေတမ်းစာတစ်စောင် ရေးထားတယ်လို့ ပြောခဲ့ဖူးတယ်။ ပြီးတော့ ကျွန်တော်တို့ကို အထိမ်းအမှတ် တိုကင်ပြားတွေ ပေးခဲ့တယ်။ တော်ဝင်တံဆိပ်တုံးနဲ့ဆိုရင် အဲ့ဒီသေတမ်းစာကို ယူလို့ရမယ်တဲ့။ ဒါပေမဲ့ အဲ့ဒီသေတမ်းစာကို ဘယ်မှာဝှက်ထားတယ်ဆိုတာတော့ ကျွန်တော်တို့ကို မပြောပြခဲ့ဘူး။ အချိန်တန်ရင် မင်းသမီး သေချာပေါက် သိလာလိမ့်မယ်လို့ပဲ အရှင်မင်းကြီးက ပြောခဲ့ပါတယ်။ မင်းသမီးမှာများ သဲလွန်စတစ်ခုခု ရှိနေမလား"
"အမတ်ကြီးတို့ရဲ့ တိုကင်ပြားတွေက ဘယ်လိုပုံစံမျိုးလဲ" ဟု ချင်စီယောင်က မေးလိုက်သည်။
ထိုသူများက သူတို့၏ တိုကင်ပြားများကို အသီးသီး ထုတ်ပြလိုက်ကြ၏။
ထိုတိုကင်ပြားများကို ကြည့်ရင်း ချင်စီယောင်က တစ်ခဏမျှ စဉ်းစားလိုက်ပြီး သူမ၏ မျက်ဝန်းလေးများ အနည်းငယ် အရောင်လင်းလာခဲ့လေသည်။ "သေတမ်းစာ ဘယ်မှာရှိတယ်ဆိုတာကို ကျွန်မ တကယ်ပဲ သိလောက်ပါတယ်။ အမတ်ကြီးတို့နဲ့ လိုက်သွားပြီး သွားယူပေးပါ့မယ်"
"မှန်လှပါ မင်းသမီး" ထိုသုံးဦးက တစ်ပြိုင်နက်တည်း အရိုအသေပေးလိုက်ကြသည်။
ဖခင်ဖြစ်သူ၏ ရုပ်အလောင်းကို မိခင်ဖြစ်သူ၏ အိပ်ဆောင်အတွင်းသို့ ရွှေ့ပြောင်းပြီးနောက် ချင်စီယောင်သည် နန်းရင်းဝန်လီနှင့် အခြားသူများနောက်သို့ လိုက်ကာ စာကြည့်ဆောင်ဆီသို့ သွားရောက်ခဲ့လေ၏။
ချင်စီယောင်၏ စားပွဲပေါ်တွင် တိုက်တိုက်ဆိုင်ဆိုင် အချိုင့်လေးခု ရှိနေခဲ့ပေသည်။
ချင်စီယောင်သည် စားပွဲပေါ်ရှိ ထိုအချိုင့်လေးခုကို မည်သည့်အခါကမျှ သတိမထားမိခဲ့ဘဲ အစပိုင်းတွင် ၎င်းတို့ကို ထူးခြားသော ဒီဇိုင်းတစ်ခုဟုသာ ထင်မှတ်ထားခဲ့သည်။
သို့သော် အချိုင့်များ၏ အရွယ်အစားနှင့် ပုံသဏ္ဌာန်မှာ သူတို့လက်ထဲရှိ တိုကင်ပြားများနှင့် ကွက်တိနီးပါး ကိုက်ညီနေသည်ကို မြင်လိုက်ရသောအခါ ဘာဖြစ်နေသည်ကို သူမ နားလည်သဘောပေါက်သွားတော့သည်။
ချင်စီယောင်က ပိုင်လီရှီနှင့် အခြားသူများကို သူတို့၏ တိုကင်ပြားများကို စားပွဲရှိ အချိုင့်များထဲသို့ ထည့်ခိုင်းလိုက်ပြီး၊ ထို့နောက် သူမက ချင်တိုင်းပြည်၏ တော်ဝင်တံဆိပ်တုံးကို စားပွဲပေါ်မှ ကောက်ယူကာ အပေါ်၌ တင်လိုက်လေ၏။
ချက်ချင်းဆိုသလိုပင် စားပွဲကြီးက တုန်ခါသွားပြီး အလယ်ဗဟိုရှိ ကျောက်စိမ်းပြားတစ်ခု ပွင့်လာကာ လူတိုင်း၏ရှေ့တွင် တော်ဝင်အမိန့်ပြန်တမ်းတစ်ခု ထွက်ပေါ်လာလေတော့သည်။
"မြို့ပြနဲ့ စစ်ဘက်ဆိုင်ရာ အမတ်ကြီးတွေက မဟာခန်းမဆောင်မှာ စုဝေးနေကြလောက်ပြီ။ မင်းသမီး... ကျေးဇူးပြုပြီး အရှင်မင်းကြီးရဲ့ နောက်ဆုံး သေတမ်းစာကို ယူဆောင်ပြီး ကျွန်တော်တို့နဲ့အတူ ခန်းမဆောင်ကို လိုက်ခဲ့ကာ အသံထွက်ပြီး ဖတ်ပြပေးပါ"
ပိုင်လီရှီက အရိုအသေပေးလျက် တောင်းဆိုလိုက်လေသည်။
"နားလည်ပါပြီ"
ချင်စီယောင်က ခေါင်းညိတ်လိုက်ပြီး တော်ဝင်အမိန့်ပြန်တမ်းကို ယူကာ သူမ၏ ရင်ခွင်ထဲတွင် တင်းကျပ်စွာ ပိုက်ထားလိုက်၏။
ချင်တိုင်းပြည် မြို့တော်၏ မဟာခန်းမဆောင်ကြီးအတွင်း၌။
မြို့ပြနှင့် စစ်ဘက်ဆိုင်ရာ အမတ်များအားလုံးနီးပါး ရောက်ရှိနေကြပြီဖြစ်ပြီး လူတိုင်း၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ အပြည့်ဖြစ်နေကြလေသည်။
အကယ်၍ အရှင်မင်းကြီးက အိမ်ရှေ့မင်းသားကို စောစောစီးစီး ခန့်အပ်ထားခဲ့မည်ဆိုပါက ဤကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် ပိုမိုလွယ်ကူပေလိမ့်မည်။
သို့သော် ယခုအခါ အိမ်ရှေ့မင်းသား နေရာမှာ လစ်လပ်နေသဖြင့် သူတို့ ဘာဆက်လုပ်ရမည်ကို မသိဘဲ ဖြစ်နေကြရ၏။
အမတ်များ အချင်းချင်း တီးတိုးတီးတိုး ပြောဆိုနေကြစဉ်မှာပင်၊
လီကဲ၊ ပိုင်လီရှီနှင့် ကျန်းရှူတို့သည် ခန်းမဆောင်အတွင်းသို့ ဝင်ရောက်လာကြလေသည်။
သူတို့၏ အရှေ့ဆုံးတွင်မူ တတိယမင်းသမီး ချင်စီယောင်က ဦးဆောင်လာခဲ့ပေသည်။
သူတို့လေးဦးကို မြင်လိုက်ရသောအခါ အမတ်များက အလျင်အမြန် လမ်းဖယ်ပေးလိုက်ကြပြီး သူတို့၏ နေရာအသီးသီးတွင် ရပ်လိုက်ကြကာ အားလုံး တိတ်ဆိတ်သွားကြလေ၏။
အမတ်အားလုံး၏ အကြည့်များက မင်းသမီး၏ ရင်ခွင်ထဲတွင် ပိုက်ထားသော တော်ဝင်အမိန့်ပြန်တမ်းဆီသို့ ကျရောက်သွားကြသည်။
ချင်စီယောင်က ရပ်တန့်လိုက်ပြီး လူအုပ်ကြီးဘက်သို့ လှည့်လိုက်၏။
လီကဲနှင့် အခြားသူနှစ်ဦးက ဦးဆောင်၍ "မင်းသမီး... ကျေးဇူးပြုပြီး အရှင်မင်းကြီးရဲ့ နောက်ဆုံးသေတမ်းစာကို ဖတ်ကြားပေးတော်မူပါ"
အခြားအမတ်များကလည်း သဘောပေါက်သွားကြပြီး ချက်ချင်းပင် တစ်သံတည်း ပဲ့တင်ထပ်သွားလေသည်။ "မင်းသမီး... ကျေးဇူးပြုပြီး အရှင်မင်းကြီးရဲ့ နောက်ဆုံးသေတမ်းစာကို ဖတ်ကြားပေးတော်မူပါ"
ချင်စီယောင်က ခေါင်းညိတ်လိုက်ပြီး အမိန့်ပြန်တမ်းကို ဖွင့်ကာ စကားလုံးတစ်လုံးချင်းစီကို ရှင်းလင်းပြတ်သားပြီး ချိုမြိန်သော အသံလေးဖြင့် ခန်းမဆောင်တစ်ခုလုံး ပဲ့တင်ထပ်သွားအောင် ဖတ်ကြားလိုက်လေတော့သည်...
"ကောင်းကင်ဘုံရဲ့ အလိုတော်ကို ခံယူပြီး ထီးနန်းကို ဆက်ခံခဲ့တဲ့ အချိန်ကစလို့၊ ငါကိုယ်တော်ဟာ နေ့ရောညပါ သတိဝီရိယရှိရှိ နေထိုင်ခဲ့ပြီး ဘိုးဘေးနတ်ကွန်းနဲ့ နိုင်ငံတော်ရဲ့ အရေးပါမှုကို ဘယ်တော့မှ မမေ့လျော့ဝံ့ခဲ့ပါဘူး။
"ငါကိုယ်တော် ထီးနန်းကို စတင်တာဝန်ယူခဲ့တဲ့ လူငယ်ဘဝကနေစလို့ အခုဆိုရင် နှစ်ပေါင်းတစ်ရာကျော် ကုန်လွန်ခဲ့ပြီ။
"ငါကိုယ်တော်မှာ ရှေးခေတ်က ယောင် နဲ့ ရွှန်း ဧကရာဇ်တွေလောက် ကြီးမြတ်တဲ့ သီလတွေ မရှိပေမဲ့၊ တိုင်းပြည်ကို ကြိုးကြိုးစားစား အုပ်ချုပ်ပြီး ပြည်သူတွေကို စောင့်ရှောက်ဖို့ ကြိုးပမ်းခဲ့တယ်။ ဘယ်တော့မှ မပေါ့လျော့ဝံ့ခဲ့ဘူး။
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ငါကိုယ်တော်ဟာ ကျောက်စိမ်းသန့်စင်ခြင်းအဆင့်ကို အတင်းအကျပ် ချိုးဖောက်တက်လှမ်းဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ငါကိုယ်တော်ရဲ့ တာအိုအုတ်မြစ်က မခိုင်မာခဲ့လို့ စစ်မှန်တဲ့ ဝိဉာဉ်စွမ်းအင်အဆီအနှစ်တွေက ဖောက်ပြန်ပြီး ငါကိုယ်တော်ရဲ့ ကလီစာငါးပါးကို ထိခိုက်စေခဲ့သလို သွေးကြောတွေကိုလည်း ပျက်စီးစေခဲ့တယ်။
"ကံကောင်းထောက်မစွာနဲ့ မဟာတာအိုက သနားညှာတာလို့ ငါကိုယ်တော် သေမယ့်ဆဲဆဲမှာ အသက်မျှင်းမျှင်းတစ်ချောင်း ကျန်ရစ်ခဲ့တယ်။ ပြီးတော့ တိုင်းပြည်အနှံ့က ဝိညာဉ်ဆေးပင်တွေနဲ့ ရှားပါးရတနာတွေရဲ့ အကူအညီကြောင့် ဒီကနေ့အထိ အသက်ကို ဆက်လက်ထိန်းထားနိုင်ခဲ့တာပါ။
"ဒါပေမဲ့ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းဆိုတာ ကံတရားပါပဲ။ ရွှေတွေ ကျောက်တုံးတွေက ဘယ်လိုလုပ် အဲ့ဒါကို တားဆီးနိုင်ပါ့မလဲ။
"အခုဆိုရင် ငါကိုယ်တော်ရဲ့ စွမ်းအင်တွေ ကုန်ခမ်းပြီး ဝိညာဉ်လည်း ညှိုးနွမ်းနေပြီမို့ ငါ့အချိန်တွေ ကုန်ဆုံးတော့မယ်ဆိုတာ သိနေပါပြီ။ ဒါကြောင့် ငါကိုယ်တော်ရဲ့ နောက်ဆုံးညွှန်ကြားချက်တွေကို အခုပဲ ထုတ်ပြန်လိုက်ပါတယ်။ မင်းတို့ မြို့ပြနဲ့ စစ်ဘက်ဆိုင်ရာ အမတ်ကြီးတွေ အားလုံး သေသေချာချာ နားထောင်ပြီး သတိထား ဆောင်ရွက်ကြပါ။
"ငါကိုယ်တော် ကွယ်လွန်ပြီးနောက် ဈာပနအခမ်းအနားကို ရိုးရိုးရှင်းရှင်းနဲ့ ချွေချွေတာတာပဲ ကျင်းပရမယ်။
"သီးခြား ဂူဗိမာန်တစ်ခု မဆောက်ပါနဲ့။ ငါကိုယ်တော့်ကို မိဖုရားကြီးရှီရဲ့ အုတ်ဂူဘေးမှာပဲ မြှုပ်နှံပေးပါ။ အုတ်ဂူကျောက်တိုင်မှာလည်း ငါ့ရဲ့ ကံတရားအကျိုးဆက်တွေကို မကမ္ပည်းထိုးပါနဲ့။
"နန်းတွင်းမိန်းမစိုး အားလုံးကို မြေဩဇာကောင်းတဲ့ လယ်ယာမြေ ဧကသုံးဆယ်နဲ့ ငွေတစ်ရာတေးလ်စီ ချီးမြှင့်ပြီး သူတို့ရဲ့ ဇာတိမြေတွေကို ပြန်လွှတ်ပေးရမယ်။
"အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ ကူညီဆောင်ရွက်ဖို့အတွက် ငါကိုယ်တော်က အောက်ပါလူသုံးဦးကို အထူးရာထူးတိုးမြှင့်ပေးလိုက်ပါတယ်။
ကျင်းကျိုး ရှန်းခရိုင်ရဲ့ ခရိုင်ဝန် ချန်ကျင်းဟာ ဖြောင့်မတ်တည်ကြည်ပြီး လက်တွေ့ကျတဲ့ ကိစ္စရပ်တွေမှာ ဗဟုသုတ ကြွယ်ဝတယ်။
စစ်သူကြီး ဆုချင်ဟာ သစ္စာရှိပြီး ရဲရင့်ကာ သူ့ရဲ့ ဘိုးဘေးတွေရဲ့ အမွေအနှစ်ကို ဆက်ခံနိုင်သူဖြစ်တယ်။
ပေါ်ဟိုင်ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး လင်ရှင်းဟိုင်ဟာ ရိုးသားဖြောင့်မတ်ပြီး ချွေတာကာ ပြည်သူတွေကို အကျိုးပြုသူ ဖြစ်တယ်။
သူတို့ကို ချက်ချင်း နန်းတွင်းကို ဆင့်ခေါ်ပြီး နိုင်ငံရေးရာ ကိစ္စတွေမှာ ပါဝင်ဆောင်ရွက်စေရမယ်။
"ငါကိုယ်တော်ရဲ့ ညာရံလက်ရုံးဖြစ်တဲ့ ဆီးနှင်းမင်းသား ရှောင်မိုကို တော်ဝင်အမိန့်ပေးပိုင်ခွင့်နဲ့ အထူးဂုဏ်ပြုလွှာ ကိုးရပ်ကို ချီးမြှင့်လိုက်ပါတယ်။ နန်းတွင်းနဲ့ အပြင်ဘက်က စစ်ရေးကိစ္စအားလုံးကို သူ ကွပ်ကဲရမယ်။ သူ့ကို ခန်းမဆောင်ထဲမှာ ဓားနဲ့ ဖိနပ်ကို ဝတ်ဆင်ခွင့်၊ နန်းတော်ထဲကို လက်နက်မချဘဲ ဝင်ရောက်ခွင့်နဲ့ အုပ်စိုးရှင်ကို အရိုအသေမပေးဘဲ တွေ့ဆုံခွင့် ပြုလိုက်တယ်။
"တတိယမင်းသမီး ချင်စီယောင်ဟာ ကျောက်စိမ်းကောင်းတစ်ခုရဲ့ အရည်အသွေးမျိုးရှိပြီး ဉာဏ်ပညာရှိကာ တည်ငြိမ်တယ်။ သုံးနှစ်တာကာလအတွင်း နိုင်ငံရေးရာ ကိစ္စရပ်တွေမှာ ကူညီဆောင်ရွက်ရာမှာ ပြစ်ဒဏ်တွေကို ဆောင်းဦးနှင်းခဲလို ပြတ်သားစွာ ကိုင်တွယ်ခဲ့သလို၊ အခွန်အခတွေကိုလည်း စေ့စပ်သေချာစွာ စီမံခန့်ခွဲနိုင်ခဲ့တယ်။ အုပ်ချုပ်ရေးပိုင်းမှာ သူမရဲ့ ပါရမီက အစ်ကိုကြီး ကျင်းစု ဒါမှမဟုတ် ဒုတိယအစ်ကို ကျင်းယွမ်တို့ထက် လျော့နည်းခြင်း မရှိဘူး။
"ထီးနန်းဆိုတာ လစ်လပ်ထားလို့ မရတဲ့အရာမို့၊ ငါကိုယ်တော်ရဲ့ ထီးနန်းကို..."
ချင်စီယောင်က စကားလုံးတစ်လုံးချင်းစီကို ဖတ်ကြားနေရင်း၊
ရုတ်တရက် သူမ၏ အသံလေး ရပ်တန့်သွားပြီး သူမလက်ထဲရှိ အမိန့်ပြန်တမ်းကိုသာ ငေးမောကြည့်နေမိလေတော့သည်။
အမတ်အများအပြားက အရှေ့ဘက်ရှိ တတိယမင်းသမီးကို မော့ကြည့်လိုက်ကြရာ သူမ၏ မျက်ဝန်းများ တုန်ယင်နေပြီး တော်ဝင်အမိန့်ပြန်တမ်းကို ကိုင်ထားသော နူးညံ့သွယ်လျသည့် လက်လေးများပင်လျှင် မထိန်းချုပ်နိုင်လောက်အောင် တုန်ယင်နေသည်ကို မြင်တွေ့လိုက်ကြရ၏။
လူတိုင်း၏ ရင်ထဲတွင် တင်းကျပ်သွားလေသည်။
သူတို့ အသိချင်ဆုံးကိစ္စမှာ အရှင်မင်းကြီးက ထီးနန်းကို မည်သူ့ထံ လွှဲပြောင်းပေးအပ်သွားမည်လဲ ဆိုသည်ပင်။
ဤသည်မှာ ချင်တိုင်းပြည်၏ အခြေခံအုတ်မြစ်နှင့် သက်ဆိုင်နေပေသည်။
"မင်းသမီး" ဤအခိုက်အတန့်တွင် နန်းရင်းဝန်လီက စကားပြောလာလေ၏။ "အရှင်မင်းကြီးရဲ့ နောက်ဆုံး သေတမ်းစာကို မင်းသမီး ဖတ်လို့ မပြီးသေးဘူး မဟုတ်လား"
ပိုင်လီရှီနှင့် ကျန်းရှူတို့ကလည်း အရိုအသေပေးလိုက်ကြသည်။ "ကျေးဇူးပြုပြီး မင်းသမီး ဆက်လက်ဖတ်ကြားပေးတော်မူပါ"
ချင်စီယောင်က နန်းရင်းဝန်လီနှင့် အခြားသူနှစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ ဆက်လက်ဖတ်ကြားလေတော့သည်...
"...ငါကိုယ်တော်ရဲ့ ထီးနန်းကို တတိယမင်းသမီး ချင်စီယောင်ထံ လွှဲပြောင်းပေးအပ်ဖို့ ဆုံးဖြတ်လိုက်ပြီ။
"အမတ်အားလုံးက သူမကို ငါကိုယ်တော် သက်ရှိထင်ရှား ရှိနေသေးသလိုမျိုး သဘောထားပြီး စိတ်ရောကိုယ်ပါ ကူညီစောင့်ရှောက်ကြရမယ်။
"အကယ်၍ တစ်စုံတစ်ယောက်က ဖီဆန်တာ၊ သစ္စာဖောက်ဖို့ ကြံစည်တာ၊ တိတ်တဆိတ် အုပ်စုဖွဲ့တာ ဒါမှမဟုတ် နိုင်ငံတော်ရဲ့ အခြေခံအုတ်မြစ်ကို လှုပ်ခတ်စေတာမျိုး ရှိလာရင်၊ ဆီးနှင်းမင်းသားအနေနဲ့ ကောင်းကင်နဲ့မြေကြီးကို သက်သေထားပြီး ငါကိုယ်တော်ရဲ့ အမွေအနှစ်ဓားကို အသုံးပြုကာ သူတို့ကို သတ်ဖြတ်ပြီး ဆွေမျိုးကိုးဆက်တိုင်အောင် သုတ်သင်ပစ်ရမယ်။
"သမိုင်းကို ငါကိုယ်တော် လေ့လာကြည့်တဲ့အခါမှာ ဘယ်အမျိုးသမီးကမှ နန်းတွင်းကို အုပ်စိုးခဲ့တာမျိုး မရှိခဲ့ဖူးဘူး။ ဒီဆုံးဖြတ်ချက်က သေချာပေါက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်။
"ဒါပေမဲ့ လိင်ကွဲပြားမှုကြောင့်နဲ့ ပါရမီရှင်တစ်ယောက်ကို ဘယ်လိုလုပ် စွန့်ပစ်လို့ရမှာလဲ။
"ချင်စီယောင်ရဲ့ စိတ်ထဲမှာ ကြီးကျယ်ခမ်းနားတဲ့ ဗျူဟာတွေနဲ့ နိုင်ငံတော်ရဲ့ အကျိုးစီးပွားတွေ ကိန်းအောင်းနေပါတယ်။ အမတ်ဟောင်းကြီးတွေ အနေနဲ့ အစွဲအလမ်းတွေကို ဖယ်ရှားပြီး ညီညီညွတ်ညွတ်နဲ့ အတူတကွ ပူးပေါင်းလုပ်ဆောင်ကြပါ။
"ငါကိုယ်တော် အခု ထွက်ခွာသွားပါပြီ။ မင်းတို့အားလုံး ညီညီညွတ်ညွတ်နဲ့ တို့ရဲ့ မဟာချင်တိုင်းပြည်ရဲ့ တောင်တန်းတွေနဲ့ မြစ်တွေကို ထာဝရ ကာကွယ်စောင့်ရှောက်သွားကြဖို့ မျှော်လင့်ပါတယ်။
"တိမ်တိုက်တွေနဲ့ နေရောင်ခြည်၊ လပြည့်ခြင်းနဲ့ လဆုတ်ခြင်း၊ အရာရာဟာ အမြဲတမ်း ပြောင်းလဲနေတတ်တဲ့ သဘာဝတရားတွေပါပဲ။ နေနဲ့လ အလှည့်အပြောင်းလိုပဲ သာယာဝပြောတဲ့ ခေတ်ကာလတစ်ခုက လက်တစ်ကမ်းမှာ ရှိနေပါပြီ။
"ဝမ်းနည်းကြေကွဲတာတွေ၊ စိတ်လှုပ်ရှားတာတွေ မလုပ်ကြပါနဲ့။ ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင် ထမ်းဆောင်ကြပါ။ ဒါဆိုရင် ငါကိုယ်တော် တမလွန်ကနေ ပြုံးနေနိုင်ပါပြီ။"
ချင်စီယောင်၏ စကားများ ဆုံးသွားသည်နှင့်တစ်ပြိုင်နက်၊
နန်းတွင်းရှိ အမတ်များမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့ နားကြားများ မှားသွားလေသလားဟုပင် သံသယဖြစ်သွားကြလေ၏။
အရှင်မင်းကြီးက ထီးနန်းကို တတိယမင်းသမီးဆီ လွှဲပြောင်းပေးခဲ့တယ် ဟုတ်လား။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
တတိယမင်းသမီးက အမျိုးသမီးတစ်ယောက်လေ။
သမိုင်းမှာ ဒီလိုထုံးစံမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး
တစ်ခဏအတွင်းမှာပင် နန်းတွင်း၌ တီးတိုးပြောဆိုသံများ ထပ်မံထွက်ပေါ်လာခဲ့ပြီး ဤရလဒ်ကို အချိန်တိုအတွင်း လက်မခံနိုင်ကြသေးသည့်အလား ဖြစ်နေပေသည်။
သို့သော် သူတို့၏ ရင်ထဲတွင်မူ အရှင်မင်းကြီးက ဤကဲ့သို့သော သေတမ်းစာမျိုးကို တကယ်ပဲ ချန်ထားရစ်ခဲ့နိုင်သည်ဟုလည်း ခံစားနေကြရ၏။
ထိုသို့မဟုတ်ပါက အဘယ်ကြောင့် သူက အိမ်ရှေ့မင်းသားတစ်ပါးကို စောစောစီးစီး ရွေးချယ်ခဲ့ခြင်း မရှိရသနည်း။
ဤဆုံးဖြတ်ချက်က ကြီးမားသော သက်ရောက်မှုနှင့် ကျယ်ပြန့်သော ဂယက်ရိုက်ခတ်မှုများ ရှိလာမည်ကို အရှင်မင်းကြီး သိရှိနေခဲ့ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
ထို့ကြောင့် ထိုအရာကို မကွယ်လွန်မီ ထုတ်ပြန်မည့်အစား သေတမ်းစာအဖြစ် ချန်ထားခဲ့ပြီး သူကွယ်လွန်ပြီးမှသာ ကြေညာလိုက်ခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။ ထိုအခါ ၎င်းသည် ပြီးပြည့်စုံသောအရာတစ်ခု ဖြစ်သွားမည်ဖြစ်ပြီး မည်သူကမျှ ကန့်ကွက်ငြင်းဆန်နိုင်တော့မည် မဟုတ်ချေ။
ချင်စီယောင်ကမူ ခန်းမဆောင်၏ အရှေ့ဘက်တွင် ရပ်လျက် အမတ်များကို ငေးမောကြည့်နေဆဲပင်။
ချင်စီယောင်အတွက်မူ ဤကဲ့သို့သော ရလဒ်မျိုးကို သူမ တစ်ခါမျှ မတွေးတောခဲ့ဖူးပေ။
သူမက ဖခင်ဖြစ်သူ၏ ကြီးမားလေးလံလှသော တာဝန်ကြီးကို လွှဲပြောင်းရယူပြီး ချင်တိုင်းပြည်ရဲ့ဘုရင် ဖြစ်လာရမယ်တဲ့လား။
ဒီအုပ်စိုးရှင်နေရာကို သူမ တကယ်ပဲ ယူနိုင်ပါ့မလား။
သူမမှာ တကယ်ပဲ အဲ့ဒီလောက် အရည်အချင်း ရှိလို့လား။
ဒီနေ့ဒီရက်အတွက် ရည်ရွယ်ပြီး ခမည်းတော်က သူမကို နန်းတွင်းရေးရာကိစ္စတွေ ကူညီဆောင်ရွက်ဖို့ ခိုင်းစေခဲ့တာလား။
တဖြည်းဖြည်းနှင့် ချင်စီယောင်၏ နားထဲတွင် သူမပတ်ဝန်းကျင်မှ အသံများ တိုးသထက်တိုးလာခဲ့လေ၏။
နောက်ဆုံးတွင် ချင်စီယောင်သည် သူမ၏ ကိုယ်ပိုင် နှလုံးခုန်သံကိုသာ ကြားနေရသည့်အလား ဖြစ်သွားတော့သည်။
ထိုအခိုက်အတန့်မှာပင် ခန်းမဆောင်အပြင်ဘက်မှ ခြေသံများ ပဲ့တင်ထပ်လာခဲ့ပေသည်။
ရုတ်တရက် ထွက်ပေါ်လာသော ဤအသံကြောင့် လူတိုင်းက လှည့်ကြည့်လိုက်ကြ၏။
အရပ်ရှည်ရှည်နှင့် မတ်မတ်ရပ်နေသော ပုံရိပ်တစ်ခုသည် ခန်းမဆောင်အတွင်းသို့ တစ်လှမ်းချင်း လျှောက်လှမ်းဝင်ရောက်လာလေသည်။
ဤအမျိုးသား ပေါ်လာသောအခါ အမတ်များအားလုံး ပြန်လည်တိတ်ဆိတ်သွားကြပြီး အချို့က သူ၏အကြည့်ကိုပင် ရင်မဆိုင်ရဲကြချေ။
မူလကတည်းက ဤအမျိုးသား၏ အာဏာနှင့် ဂုဏ်သတင်းမှာ ချင်တိုင်းပြည်၏ အမြင့်ဆုံးအထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။
အမိန့်ပြန်တမ်းကို ကြေညာပြီးနောက် အကယ်၍ သူတို့ရှေ့မှ ဤအမျိုးသားက တစ်နေ့နေ့တွင် သူ့ကိုယ်သူ ဧကရာဇ်အဖြစ် ကြေညာကာ ချင်တိုင်းပြည်ကို အုပ်စိုးမည်ဆိုလျှင်ပင် သူတို့ အံ့အားသင့်ကြမည် မဟုတ်ပေ။
ထို့အပြင် ဤအမျိုးသားက သူ့ကိုယ်သူ ဧကရာဇ်အဖြစ် မကြေညာခဲ့လျှင်တောင်မှ၊ လက်ရှိ မင်းသမီး၏ ခင်ပွန်းအနေဖြင့် နောင်အနာဂတ်တွင် မင်းသမီးနှင့် ရရှိလာမည့် သူ၏ကလေးသည် ချင်တိုင်းပြည်ရဲ့ဘုရင် ဖြစ်လာမည်မှာ မလွဲဧကန်ပင်တည်း။
ဤအမျိုးသား ပေါ်လာသောအခါ ချင်စီယောင်၏ မျက်ဝန်းများထဲတွင် အလင်းရောင်တစ်ချက် လက်လာခဲ့ပြီး သူမ၏ နူးညံ့သွယ်လျသော လက်လေးများက တော်ဝင်အမိန့်ပြန်တမ်းကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်လေ၏။
နောက်ဆုံးတွင် အမျိုးသားသည် အမတ်များကြားမှ ဖြတ်သန်းသွားကာ အမျိုးသမီးလေး၏ ရှေ့တွင် ဒူးတစ်ဖက်ထောက်၍ ထိုင်ချလိုက်ပြီး သူ၏ ခွန်အားပါသော အသံကြီးက ခန်းမဆောင်တစ်ခုလုံး၌ ပဲ့တင်ထပ်သွားလေတော့သည်။
"ဒီနိမ့်ကျတဲ့အမတ် ရှောင်မိုက ဧကရီအရှင်မကို ဂါရဝပြုပါတယ်"
နန်းတွင်းအမတ်များ အခြေအနေကို နားမလည်နိုင်ခင်မှာပင် လီကဲ၊ ပိုင်လီရှီနှင့် ကျန်းရှူဆိုသော မဟာအမတ်ကြီးသုံးပါးကလည်း အရိုအသေပေးကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်ကြသည်။
"ကျွန်တော်မျိုးတို့ အမတ်များအားလုံး ဧကရီအရှင်မကို ဂါရဝပြုပါတယ်"
ဆီးနှင်းမင်းသားနှင့် မဟာအမတ်ကြီးသုံးပါးတို့က သူတို့၏ ရပ်တည်ချက်ကို ပြသလိုက်သည်ကို မြင်သောအခါ အခြားအမတ်များမှာလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြလေ၏။ သူတို့မှာ ဘာကန့်ကွက်စရာ ရှိနိုင်တော့မည်နည်း။
နောက်ဆုံးတွင် မြို့ပြနှင့် စစ်ဘက်ဆိုင်ရာ အမတ်များအားလုံးက အတူတကွ လေးလေးနက်နက် အရိုအသေပေးလိုက်ကြပြီး တစ်ပြိုင်တည်း အော်ဟစ်လိုက်ကြလေတော့သည်။
"ကျွန်တော်မျိုးတို့ အမတ်များအားလုံး ဧကရီအရှင်မကို ဂါရဝပြုပါတယ်"
အမတ်များ၏ အသံများ ဆုံးသွားသည်နှင့်တစ်ပြိုင်နက် နန်းတွင်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ ချင်စီယောင်မှာ နေရာတွင်ပင် မလှုပ်မယှက် ရပ်နေဆဲဖြစ်သည်။
"ဧကရီအရှင်မ... ကျေးဇူးပြုပြီး ထီးနန်းကို ဆက်ခံတော်မူပါ" ရှောင်မိုက ထပ်မံ၍ ပြောလိုက်လေသည်။
"ဧကရီအရှင်မ... ကျေးဇူးပြုပြီး ထီးနန်းကို ဆက်ခံတော်မူပါ" လီကဲ၊ ပိုင်လီရှီနှင့် ကျန်းရှူတို့ကလည်း အတူတကွ ပဲ့တင်ထပ်လိုက်ကြသည်။
"ဧကရီအရှင်မ... ကျေးဇူးပြုပြီး ထီးနန်းကို ဆက်ခံတော်မူပါ" အမတ်များကလည်း အတူတကွ ပဲ့တင်ထပ်လိုက်ကြပြန်၏။
ချင်စီယောင်က ရှောင်မိုကို တစ်ချက်ကြည့်လိုက်ပြီး အမတ်များကိုလည်း တစ်ချက်ကြည့်လိုက်ကာ ခေါင်းငုံ့၍ တော်ဝင်အမိန့်ပြန်တမ်းကို ကြည့်လိုက်သည်။
နောက်ဆုံးတွင် အမျိုးသမီးလေးက လှည့်လိုက်ပြီး မူလက သိပ်မမြင့်မားသော်လည်း ယခုအခါ ကောင်းကင်အထိ မြင့်မားနေသယောင် ထင်ရသော ချင်တိုင်းပြည်၏ ထီးနန်းကို ကြည့်လိုက်လေ၏။
အဆုံးတွင် အမျိုးသမီးလေး၏ စကတ်အောက်မှ ရှည်လျားသော ခြေတံများက ရှေ့သို့ လှမ်းထွက်သွားပြီး လှေကားထစ်များဆီသို့ ဦးတည်သွားလေတော့သည်။
"ညီမလေး... ဒုတိယအစ်ကို သွားတော့မယ်။ ဒီနေ့ကစပြီး ကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်နော်"
ခြေတစ်လှမ်း။
"ညီမလေး... ဒီတစ်ခါ ကျင်းတိုင်းပြည်ကို စစ်ချီသွားတာ အစ်ကိုကြီး ပြန်လာနိုင်မယ် မပြန်လာနိုင်ဘူးဆိုတာ အာမမခံနိုင်ဘူး။ ခမည်းတော်နဲ့ မယ်တော့်ကို သေချာဂရုစိုက်ပေးပါကွယ်"
ခြေနှစ်လှမ်း။
"ကျင်းစု... ကျင်းယွမ်... မယ်တော် မင်းတို့ဆီကို လာကြည့်တာပါ။ ဒါပေမဲ့ ဒါပြီးသွားရင် စီယောင်လေးတော့ အခက်အခဲတွေကို ခံစားရတော့မယ်။ စီယောင်လေး တကယ်ပဲ ခံနိုင်ရည်ရှိပါ့မလား..."
ခြေသုံးလှမ်း။
"စီယောင်... ဒီနေ့ကစပြီး ခမည်းတော့်ကို နိုင်ငံတော်ရေးရာ ကိစ္စတွေမှာ ကူညီပေးပါဦး။ ဘယ်လိုလုပ်ရမလဲ မသိဘူးလား။ ကိစ္စမရှိပါဘူး။ ခမည်းတော် သေချာ သင်ပေးမှာပေါ့"
ခြေလေးလှမ်း။
"စီယောင်... သမီးက တကယ်ကို အရမ်းဉာဏ်ကောင်းတာပဲ။ သမီးရဲ့ ပါရမီက သမီးရဲ့ အစ်ကိုကြီး ဒါမှမဟုတ် ဒုတိယအစ်ကိုတို့ထက် လျော့နည်းမနေဘူး။"
"သမီးတော်... သမီးက အရာရာတိုင်းမှာ ကောင်းမွန်ပေမဲ့ သိပ်ပြီး စိတ်ထားနူးညံ့လွန်းနေတုန်းပဲ။ မှတ်ထားနော်... နန်းတွင်းမှာ စိတ်ထားနူးညံ့ခွင့် မရှိဘူး။"
"နောင်ကျရင် တစ်ခုခုများ ဖြစ်လာခဲ့ရင် ရှောင်မိုနဲ့ တိုင်ပင်ဆွေးနွေးပါ။ သမီး တခြားသူတွေကို မယုံကြည်နိုင်ရင်တောင် ရှောင်မိုကတော့ သမီးကို ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ဘူးလို့ ခမည်းတော် ယုံကြည်တယ်။"
"သမီးတော်... ဒီနေ့ကစပြီး နန်းတွင်းရေးရာ ကိစ္စတွေက သမီးရဲ့ လက်ထဲမှာ ရှိသွားပြီ။"
ခြေငါးလှမ်း... ခြေခြောက်လှမ်း... ခြေခုနစ်လှမ်း။
ချင်စီယောင်က ခြေတစ်လှမ်းချင်းစီ လှမ်းတက်သွားတိုင်း သူမ၏ ဒုတိယအစ်ကို၊ အစ်ကိုကြီး၊ မယ်တော်နှင့် ခမည်းတော်တို့ သူမအား ပြောခဲ့ဖူးသော စကားများကို ပြန်လည်သတိရလာခဲ့လေ၏။
"စီယောင်... ခမည်းတော်က... သမီးအပေါ် တာဝန်မကျေခဲ့ပါဘူးကွယ်"
ချင်စီယောင်က သူမ၏ နောက်ဆုံးခြေလှမ်းကို လှမ်းလိုက်ချိန်တွင်ကား၊
သူမသည် အမြင့်ဆုံး စင်မြင့်ပေါ်သို့ ရောက်ရှိသွားခဲ့ချေပြီ။ ချင်တိုင်းပြည်၏ ထီးနန်းက သူမ၏ ရှေ့မှောက်တွင် ရှိနေလေသည်။
ချင်စီယောင်က နောက်သို့ လှည့်ကြည့်လိုက်၏။ စင်မြင့်အောက်တွင် သူမ ချစ်ရသူနှင့် မြို့ပြ၊ စစ်ဘက်ဆိုင်ရာ အမတ်များ အပြည့်အစုံ ရှိနေပေသည်။
"ရှောင်မို... ရှင်ရဲ့ နောက်ကွယ်မှာ ကျွန်မ ဆက်ပြီး မပုန်းအောင်းချင်တော့ဘူး။
"ကျွန်မ သေသေချာချာ ကျင့်ကြံချင်ပြီ ရှင်နဲ့အတူ ယှဉ်တွဲရပ်တည်ချင်တယ်။ အရာအားလုံးကို ရှင်နဲ့အတူ မျှဝေခံစားချင်တယ်။
"ကျွန်မလည်း ရှင့်ကို ကာကွယ်ပေးချင်တယ်"
ချင်စီယောင်က သူမ၏ လက်သေးသေးလေးများကို ဆုပ်ကိုင်လိုက်ပြီး ချင်တိုင်းပြည်ရဲ့ဘုရင်၏ နဂါးပလ္လင်ပေါ်တွင် ဝင်ထိုင်လိုက်လေတော့သည်။
ချင်စီယောင် ထိုင်ချလိုက်သည့် အခိုက်အတန့်မှာပင် ချင်တိုင်းပြည် နန်းတော်အထက်တွင် တောင်တန်းများနှင့် မြစ်များ၏ ကံကြမ္မာများ အဆက်မပြတ် စုဝေးလာခဲ့ပြီး ရွှေရောင်နဂါးတစ်ကောင်က နန်းတော်အထက်၌ အဆုံးအစမရှိ လှည့်ပတ်ပျံသန်းနေခဲ့ပေသည်။
"ဝုန်း"
နဂါးဟောက်သံကြီးက အဝေးဆီသို့ ပဲ့တင်ထပ်သွားလေ၏။
နန်းတော်ပြင်ပရှိ မြို့တော်နေ ပြည်သူများသည် နန်းတော်အထက်ရှိ ရွှေရောင်နဂါးကြီးကို မော့ကြည့်လိုက်ကြသည်။
ထူထပ်လှသော ဧကရာဇ်အရှိန်အဝါကြီးက တိမ်တိုက်များကြားမှ ဖိနှိပ်ကျဆင်းလာပြီး မြို့တော်အတွင်းရှိ ပြည်သူများအား နန်းတော်ရှိရာဘက်သို့ ဒူးမထောက်ဘဲ မနေနိုင်အောင် ဖြစ်သွားစေခဲ့လေတော့သည်။
နန်းတွင်းရှိ အမတ်များအားလုံးမှာလည်း အံ့အားသင့်သွားကြရ၏။
ယခုအခါ မင်းသမီးက ဘိသိက်ခံပွဲ အခမ်းအနားကိုပင် မကျင်းပရသေးသော်လည်း ဤကဲ့သို့သော ကောင်းကင်ယံ ဖြစ်စဉ်ကြီး ပေါ်ထွက်လာခဲ့ချေပြီ။ နှစ်ထောင်ပေါင်းများစွာ ရှည်ကြာသော တိုင်းပြည်အသီးသီး၏ သမိုင်းကြောင်းတစ်လျှောက်တွင် ဤအရာမှာ အလွန်တရာ ရှားပါးလှပေသည်။
"ဒီနိမ့်ကျတဲ့အမတ်က... ဧကရီအရှင်မကို ဂါရဝပြုပါတယ်"
ရှောင်မို၏ အသံက ခန်းမဆောင်အတွင်း ပဲ့တင်ထပ်သွားလေသည်။
"ကျွန်တော်မျိုးတို့ အမတ်များအားလုံး ဧကရီအရှင်မကို ဂါရဝပြုပါတယ်"
မဟာအမတ်ကြီးသုံးပါးနှင့် မြို့ပြ၊ စစ်ဘက်ဆိုင်ရာ အမတ်များအားလုံးက တစ်သံတည်း ဟစ်ကြွေးလိုက်ကြလေ၏။
"ခမည်းတော်၊ မယ်တော်၊ အစ်ကိုကြီး၊ ဒုတိယအစ်ကို... စိတ်ချလက်ချ အနားယူကြပါတော့"
ချင်စီယောင်က ထီးနန်းပေါ်တွင် ထိုင်လျက် ခန်းမဆောင်အပြင်ဘက်ရှိ ကောင်းကင်ကြီးကို ငေးကြည့်နေခဲ့သည်။
"ဒီချင်တိုင်းပြည်ကို သမီးတော်နဲ့ ရှောင်မိုက အားလုံးကိုယ်စား ကာကွယ်စောင့်ရှောက်သွားပါ့မယ်"