← Chapters

အခန်း ၁၈၆၁

Vol. 125 Ch. 1861

အခန်း ၁၈၆၁

Vol. 125 Ch. 1861

အခန်း (၁၈၆၁ )

စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု

ကောင်းကင်နတ်ဆိုးစွမ်းအားမှတစ်ပါး အခြားသော စွမ်းအားများကို နတ်ဆိုးဧကရာဇ် ဖြစ်သူ ရွှမ်ချင်းယွမ် အသုံးပြုလိမ့်မည်ဟု နတ်များ ထင်မှတ်မထားခဲ့ကြပေ။ ထို့ပြင် ကောင်းကင်နတ်ဆိုးစွမ်းအားကို တောက်လောင်စေပြီးနောက် ၎င်းကို အခြားစွမ်းအားတစ်မျိုးအဖြစ် ပြောင်းလဲနိုင်ခြင်းက သူတို့ကို ပို၍ပင် အံ့အားသင့်စေပြန်၏။

ဤကဲ့သို့သော အခြေအနေမျိုးတွင် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ၏ အာနိသင် ပျက်ပြယ်သွားပြီဖြစ်သည်။

ရွှမ်ချင်းယွမ်ကို လူတိုင်းက အထင်လွဲခဲ့ကြခြင်းဖြစ်၏။ သူမသည် နတ်ဆိုးဧကရာဇ် ဖြစ်သည့်အတွက် သူမ၏ ကျင့်စဉ်အဆင့်ကို ပြန်လည်ရရှိရန် သတ်ဖြတ်ခြင်း၊ ကပ်ဘေးများ ဖန်တီးခြင်းနှင့် မကောင်းသော အတွေးများကို စုပ်ယူခြင်းတို့ဖြင့်သာ လုပ်ဆောင်ရမည်ဟု သူတို့ ထင်မှတ်ခဲ့ကြခြင်း ဖြစ်၏။

သို့သော် လက်တွေ့တွင်တော့ နတ်ဧကရာဇ်တစ်ပါး ဖြစ်လာချိန်၌ သူမသည် ကောင်းကင်နတ်ဆိုးလမ်းစဉ်ကို လိုက်နာခဲ့ခြင်း မဟုတ်ပေ။ ကောင်းကင်နတ်ဆိုးစွမ်းအားမှာ ဖြည့်စွက်ချက်မျှသာ ဖြစ်၏။

ထို့ထက် ပို၍အရေးကြီးသည်မှာ ထိုမျှလောက် များပြားလှသော ကောင်းကင်နတ်ဆိုးစွမ်းအားများ ရှိနေပါလျက်နှင့် သူမသည် ကောင်းကင်နတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲမသွားခြင်း ဖြစ်၏။ ၎င်းက သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်နတ်ဆိုးစွမ်းအားကို ထိန်းညှိပေးနိုင်မည့် အခြားစွမ်းအားတစ်ခုကို သူမ ပိုင်ဆိုင်ထားကြောင်း သက်သေပြနေပြန်၏။

ဤစွမ်းအား၌ ကောင်းကင်နတ်ဆိုးစွမ်းအားနှင့် ဆန့်ကျင်ဘက်ဖြစ်သော ဝိသေသလက္ခဏာများ ရှိနေကြောင် ထင်ရှားလှ၏။ မဟုတ်ပါက သူမသည် လွန်ခဲ့သည့်အချိန်တစ်ခုကတည်းက ကောင်းကင်နတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီးဖြစ်ပေလိမ့်မည်။

ရွှမ်ချင်းယွမ်က အလိုဆန္ဒဝါးမြိုခြင်း ကျိန်စာကို ထုတ်ဖော်လိုက်သောအခါ ထိုသန့်ရှင်းမွန်မြတ်သော စွမ်းအားများသည် တောက်ပနေသော အင်းကွက်များအဖြစ် ရုတ်ချည်း ပြောင်းလဲသွားပြီး ရောက်ရှိနေကြသော နတ်သခင်များထံသို့ တိုက်ရိုက် ဦးတည်ပြေးဝင်သွားတော့၏။

ထိုအရာကို မြင်လျှင် နဂါးအထွတ်အထိပ် နတ်သခင်သည် သူ၏ခန္ဓာကိုယ်ပေါ်ရှိ နဂါးမီးလျှံ စွမ်းအားကို တစ်ဖန် ပြန်လည်လှုံ့ဆော်လိုက်ပြန်၏။

သူ၏ နောက်ကွယ်ရှိ နဂါးခန္ဓာ နိယာမ ကိုယ်ထည်က ၎င်း၏ မေးရိုးကို အကျယ်ကြီးဟ လိုက်ပြီး ထိုကျိန်စာများကို တိုက်ရိုက်ဦးတည်လျက် ပြင်းထန်လှသော မီးတောက်မီးလျှံများကို မှုတ်ထုတ်လိုက်၏။

သို့သော်လည်း ထိုကျိန်စာများသည် နဂါးမီးလျှံများကို ထိပ်တိုက်တွေ့သောအခါ လွင့်စင်ပျောက်ကွယ်သွားခြင်း မရှိပေ။

ကျိန်စာအများစုသည် နဂါးမီးလျှံများကို လျစ်လျူရှုကာ နတ်သခင်များထံသို့ တည့်တည့်မတ်မတ် တိုးဝင်နေဆဲပင် ဖြစ်၏။

ထိုကျိန်စာများကို ဖယ်ရှားပစ်ရန် စွမ်းအားကို အသုံးပြုနိုင်လိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို နတ်သခင်ထိုက်ဟွာ ဆက်လက် လည်ပတ်နေပြန်၏။

သို့ရာတွင် ထိုကျိန်စာများကို မောင်းနှင်နေသည့် စွမ်းအားမှာ ကောင်းကင်နတ်ဆိုးစွမ်းအား မဟုတ်တော့သဖြင့် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာက ၎င်းတို့အပေါ် မည်သို့မှ တားဆီးနှိမ်နင်းနိုင်စွမ်း မရှိပေ။

ကောင်းကင်အဆင့် နတ်ကျင့်စဉ်တစ်ခုဖြစ်သော နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာသည် မိစ္ဆာစွမ်းအားနှင့် မရင်ဆိုင်ရလျှင်ပင် အသုံးပြုသူ၏ ကာကွယ်ရေးစွမ်းအားကို များစွာ မြှင့်တင်ပေးနိုင်သော်လည်း ဤကျိန်စာများကတော့ အလွန်တရာ ထူးဆန်းလှပြီး စွမ်းအားနှင့် ကာကွယ်မှုအားလုံးကို လျစ်လျူရှုနိုင်ပုံရ၏။

ထိုအခိုက်အတန့်တွင် နတ်သခင် ကောင်းကင် ရုတ်တရက် ရိပ်မိသွား၏။

နတ်သခင် ကောင်းကင်က

“ဒါက စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုပဲ”

စိတ်ဝိညာဉ်အတွက် ခုခံကာကွယ်နိုင်မည့် နတ်ရတနာ သို့မဟုတ် နတ်နိယာမ မရှိပဲနှင့်တော့ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု မန္တန်အင်းများကို ကာကွယ်ရန် အလွန်ခက်ခဲလှ၏။ ၎င်းက နဂါးအထွတ်အထိပ် နတ်သခင်၏ စွမ်းအားသည် ဤကျိန်စာများကို အဘယ်ကြောင့် မခုခံနိုင်ရသနည်းဟူသည့် အချက်ကို ရှင်းပြနေ၏။

နတ်သခင် ကောင်းကင်၏ သတိပေးချက်ကို ကြားလျှင် နတ်သခင်များ ချက်ချင်း နားလည်သွားကြ၏။ ထိုကျိန်စာအင်းကွက်များ၏ အာနိသင်ကို မည်သူမှ မသိကြသဖြင့် ၎င်းတို့ကို ထိပ်တိုက်ရင်ဆိုင်ရန် သူတို့ မဝံ့ရဲကြပေ။

ဤကျိန်စာအင်းကွက်များနှင့် ထိမိပါက မည်သို့သော အရာများ ဖြစ်ပျက်လာမည်ကို မည်သူ သိနိုင်ပါအံ့နည်း။

ထို့ကြောင့် သူတို့ထံသို့ ပျံသန်းဝင်ရောက်လာသော ကျိန်စာအင်းကွက်များကို နတ်သခင်များ စတင်တိမ်းရှောင်ကြတော့၏။ သို့သော်လည်း ထိုကျိန်စာအင်းများက သူတို့အပေါ် ပစ်မှတ် သတ်မှတ်ထားသည့်အလား မည်သည့်အရပ်သို့ ထွက်ပြေးသည်ဖြစ်စေ နောက်ကနေ ထက်ကြပ်မကွာ လိုက်ပါနေသဖြင့် နတ်သခင်များလည်း အဆက်မပြတ် ထွက်ပြေးနေကြရုံသာ တတ်နိုင်တော့သည်။

တစ်ပြိုင်နက်တည်းမှာပင် အဝေးမှနေ၍ စစ်‌မြေပြင်ကို စောင့်ကြည့်နေသည့် လုချန်းသည်လည်း ထိုနေရာတွင် ဖြစ်ပျက်နေသော မြင်ကွင်းကြောင့် မှင်တက်သွားရပြန်၏။

နတ်သခင်များသည် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို ကျင့်ကြံပြီးနောက် ရွှမ်ချင်းယွမ်ကို အကြွင်းမဲ့ မဖိနှိပ်နိုင်သည့်တိုင် သူမအပေါ် အတိုင်းအတာတစ်ခုအထိ ခြိမ်းခြောက်မှု ပေးနိုင်လိမ့်မည်ဟု အစောပိုင်းက ထင်မှတ်ထားခဲ့ခြင်းဖြစ်၏။

သို့သော် ကောင်းကင်နတ်ဆိုးစွမ်းအားကို တောက်လောင်စေပြီး သန့်စင်သော စွမ်းအင်အဖြစ် ရွှမ်ချင်းယွမ် ပြောင်းလဲနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ရွှမ်ချင်းယွမ်၌ ဤကဲ့သို့သော နည်းလမ်း ရှိနေခြင်းက သူ၏ တွက်ချက်မှုကို လုံးဝ ကျော်လွန်နေပြီး နတ်သခင် ကောင်းကင်တို့လူစုသည် ရွှမ်ချင်းယွမ်၏ ပြိုင်ဘက် မဟုတ်နိုင်ကြောင်း ညွှန်ပြနေ၏။

ထိုသို့ လုချန်း တွေးတောနေစဉ်မှာပင် အချက်တစ်ခုကို သူ ရုတ်တရက် သတိပြုမိသွား၏။

ကောင်းကင်နတ်ဆိုးစွမ်းအားမှာ တောက်လောင်ပြီးနောက် ပို၍ သန့်စင်သွားသော်လည်း အားနည်းသွားခဲ့ပေပြီ။

မူလ ကောင်းကင်နတ်ဆိုးစွမ်းအားက နတ်စွမ်းအားကို ဖိနှိပ်နိုင်သော်လည်း ယခု ရွှမ်ချင်းယွမ် ထုတ်ဖော်လိုက်သော စွမ်းအားက နတ်စွမ်းအားအပေါ် မည်သည့် တားဆီးမှုမျိုးမှ မရှိတော့ပေ။

သို့ဖြစ်ရာ ရွှမ်ချင်းယွမ်သည် သာမန်နတ်များနှင့် မခြားနားတော့သည့်အလား ထင်ရ၏။

ဤအခြေအနေတွင် နတ်သခင် ကောင်းကင်နှင့် အခြားနတ်သခင်များ စွမ်းအားချင်း ပူးပေါင်းလိုက်ကြလျှင် ရွှမ်ချင်းယွမ်ကို အနိုင်ယူရန် မျှော်လင့်ချက် ရှိနေသေးပေလိမ့်မည်။

ယခုအခါ နတ်သခင် ကောင်းကင်တို့လူစု ထွက်ပြေးနေကြခြင်းမှာ ကောင်းကင်နတ်ဆိုးစွမ်းအားက ပေးထားသည့် ကြောက်ရွံ့မှုအောက်တွင် ရှိနေသေးသောကြောင့် ဖြစ်၏။

ရွှမ်ချင်းယွမ် သူတို့နှင့် မခြားနားတော့ကြောင်း သူတို့ သဘောပေါက်သွားသည့် အခိုက်အတန့်တွင် တုံ့ပြန်တိုက်ခိုက်မှု ပြုလုပ်လာကြမည်ဖြစ်သည်။

လုချန်း အတွေးထဲနစ်မြောနေစဉ် ရွှေနတ်တစ်ပါးက ထိတ်လန့်တုန်လှုပ်နေသော အမူအရာဖြင့် သူ၏ အနီးသို့ ချဉ်းကပ်လာ၏။

ထိုရွှေနတ်က လုချန်းကို

“မောင်လေး... ကောင်းကင်နတ်ဆိုးတွေ ကျွန်မတို့ဆီကို လာနေပြီ။ ရှင် မြန်မြန် ထွက်ပြေးမှ ဖြစ်မယ်။ ခင်ဗျားက ကောင်းကင်တောင်ထိပ်သခင်ရဲ့ တပည့်ရင်းပဲ။ တစ်စုံတစ်ခု ဖြစ်သွားလို့ လုံးဝ မဖြစ်ဘူး။”

ထိုအရာကို ကြားလျှင် လုချန်းက

“တောင်ထိပ်သခင်ရဲ့ တပည့်ရင်း ဖြစ်နေလို့ပဲ ဒီလိုအချိန်မှာ ကျုပ် ထွက်မပြေးနိုင်တာ။”

ထိုသို့ ပြောဆိုရင်း နတ်ဆိုးများနှင့် တိုက်ခိုက်ရန် ပြင်ဆင်သည့်အနေဖြင့် နတ်ဓားတစ်လက်ကို လုချန်း ထုတ်ယူလိုက်၏။

နောက်အခိုက်အတန့်တွင် ဒီရေပမာ ထူထပ်လှသော မြူခိုးမည်းကြီးတစ်ခုသည် အဝေးမှနေ၍ သူတို့၏ စစ်နတ်လှေရှိရာ အရပ်သို့ တဟုန်ထိုး ပြေးဝင်လာ၏။ ထိုမြူခိုးကြီးအတွင်း၌ ကောင်းကင်ယံရှိ လမင်းကြီးခန့် နီးပါးကြီးမားလှသော သွေးနီရောင် မျက်လုံးအစုံပေါင်း အမြောက်အမြား ပေါင်းစပ်ပါဝင်နေသည်။

ထိုသွေးနီရောင် မျက်လုံးကြီးများကို မြင်လိုက်ရသောအခါ စစ်နတ်လှေပေါ်ရှိ နတ်များအားလုံး ရင်ထဲ၌ ပြင်းထန်လှသော ကြောက်ရွံ့မှုကို ခံစားလိုက်ကြရပြီး နတ်များ၏ စိတ်ဓာတ်များလည်း တဟုန်ထိုးကျဆင်းသွား၏။

ထိုအခိုက်အတန့်တွင် ကောင်းကင်တောင်ထိပ်မှ နတ်ဘုရင်တစ်ပါး ရှေ့သို့ လှမ်းထွက်လာပြီး သူ၏ အသံလှိုင်းကို ထုတ်လွှတ်လိုက်၏။

ထိုနတ်ဘုရင်က

“စစ်ပွဲအတွက် ပြင်ဆင်ကြ... နည်းဗျူဟာ ပုံစံအားလုံးကို အပြည့်ဖွင့်လိုက်။”

နတ်ဘုရင်၏ စကားသံ ဆုံးသည်နှင့်တစ်ပြိုင်နက် လျှို့ဝှက်လဝန်းနန်းတော်၏ စစ်နတ်လှေများက နည်းဗျူဟာ ပုံစံအားလုံးကို ဖွင့်လှစ်လိုက်ရုံမက နတ်ဘုရား နယ်မြေ မဟာမိတ်တပ်၏ စစ်နတ်လှေများကလည်း ကောင်းကင်နတ်ဆိုးတပ်နှင့် အသေအလဲ တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။

မကြာမီမှာပင် စစ်နတ်လှေတစ်စင်းစီ၏ ရှေ့မှောက်ရှိ တိုက်ခိုက်ရေး နည်းဗျူဟာ ပုံစံများထဲမှ ပြင်းထန်လှသော စွမ်းအားအလင်းတန်းကြီးများ ပစ်လွှတ်လိုက်၏။

သို့သော်ငြားလည် ထိုစွမ်းအင်တန်းကြီးများ ထူထပ်လှသော မြူခိုးမည်းကြီးအတွင်းသို့ တိုးဝင်သွားသောအခါ ကောင်းကင်နတ်ဆိုးများကို မောင်းထုတ်နိုင်ခြင်း မရှိသည့်အပြင် ၎င်းတို့ကို ပို၍ပင် စိတ်လှုပ်ရှားသွားစေ၏။

နောက်ခဏတွင် ထိုမြူခိုးမည်းကြီးသည် နတ်ဘုရား နယ်မြေ မဟာမိတ်တပ်၏ စစ်နတ်လှေများထံသို့ တဟုန်ထိုး လွှမ်းမိုးသွားပြီး နတ်များ၏ နာကျင်စွာ အော်ဟစ်ညည်းတွားသံများ ပဲ့တင်ထပ်လာကာ ပတ်ဝန်းကျင် တစ်ခွင်လုံးကို ကြောက်ရွံ့မှုများဖြင့် ဖုံးလွှမ်းသွားစေတော့၏။

အင်အားစုအသီးသီးမှ နတ်များသည် ကောင်းကင်နတ်ဆိုးများနှင့် စတင်တိုက်ခိုက်ကြပြီဖြစ်သည်။ လုချန်းလည်း ဤမြောက်ပိုင်းနယ် ခရီးစဉ်ကို အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်ကာ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို ချက်ချင်း ထုတ်ဖော်လျက် စစ်ပွဲအတွင်းသို့ ဝင်ရောက်သွား၏။

နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာသည် ကောင်းကင်နတ်ဆိုးစွမ်းအားကို စုပ်ယူနိုင်ပြီး ၎င်းကို သန့်စင်သော စွမ်းအင်အဖြစ် ပြောင်းလဲကာ သူခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းပေးနိုင်စွမ်း ရှိ၏။ ထိုမှတစ်ဆင့် ကျင့်စဉ်အဆင့်ကို မြှင့်တင်ပေးနိုင်ရာ ဤအခွင့်အရေးက သူ့အား ရွှေနတ်အဆင့်မှ နတ်ဘုရင်ခံ အဆင့်သို့ တိုက်ရိုက် ပြန်လည်ရောက်ရှိသွားစေနိုင်လိမ့်မည်ဖြစ်သည်။

နတ်ဘုရား နယ်မြေ မဟာမိတ်တပ်မှ နတ်များသည် မြူခိုးမည်းကြီးအတွင်းရှိ ကောင်းကင်နတ်ဆိုးများနှင့် တိုက်ခိုက်နေကြစဉ် ကောင်းကင်ယံထက်၌ နီရဲသော အလင်းတန်းများ ဖြာထွက်နေသည့် ဆီမီးအိမ်ပေါင်း အမြောက်အမြား ပေါ်ပေါက်လာပြီး ထိုမြူခိုးမည်းကြီးအတွင်းမှ ကောင်းကင်နတ်ဆိုးစွမ်းအားများကို အငမ်းမရ စုပ်ယူတော့၏။

မကြာမီမှာပင် ထိုကောင်းကင်နတ်ဆိုးစွမ်းအားများသည် သန့်စင်သော စွမ်းအင်အဖြစ် ပြောင်းလဲသွားပြီး လုချန်း၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားခဲ့သည်။

ဆီမီးအိမ် အရေအတွက် တိုးပွားလာသည် နှင့်အမျှ ထိုမြူခိုးမည်းကြီးလည်း တဖြည်းဖြည်း ပါးလွှာသွားပြီး မြင်ကွင်း လျင်မြန်စွာ ကြည်လင်လာသဖြင့် မြူခိုးများအတွင်း ပုန်းအောင်းနေသော ကောင်းကင်နတ်ဆိုးများကို နတ်များ မြင်တွေ့လိုက်ကြရ၏။

ထိုကောင်းကင်နတ်ဆိုးများ၏ ပုံသဏ္ဌာန်မှာ တစ်ကောင်နှင့်တစ်ကောင် မတူညီကြပဲ အလွန်တရာ ကွဲပြားလှ၏။ အချို့က သာမန် ရက်စက်ကြမ်းကြုတ်သော သားရဲများနှင့် တူညီကြပြီး အချို့ကတော့ သတ်မှတ်ထားသော ပုံသဏ္ဌာန်မရှိပဲ စိတ်ကြိုက် ပြောင်းလဲနိုင်ကြ၏။

သို့သော်လည်း ထိုကောင်းကင်နတ်ဆိုးတိုင်း၏ ခန္ဓာကိုယ်ပေါ်တွင် မျက်လုံးပေါင်း အမြောက်အမြား ဖုံးလွှမ်းနေသဖြင့် အလွန်တရာ ထိတ်လန့်ဖွယ် ကောင်းနေသည်။

ကောင်းကင်နတ်ဆိုးများ၏ မျက်လုံးများကို နတ်များ မြင်တွေ့ရသည့် အကြိမ်တိုင်း သူတို့ ရင်ထဲရှိ ကြောက်ရွံ့စိတ်များမှာ အတိုင်းအဆမရှိ ကြီးထွားလာရုံမက နတ်များ၏ ကြောက်ရွံ့မှုနှင့် မကောင်းသော အတွေးများသည် ကောင်းကင်နတ်ဆိုးများအတွက် အာဟာရဖြစ်သွားပြီး ၎င်းတို့ကို လျင်မြန်စွာ ကြီးထွားသန်မာလာစေရန် ကူညီပေးနေပြန်၏။

ထိုအခိုက်အတန့်တွင် နတ်ဘုရင်တစ်ပါး ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး စစ်မြေပြင်အတွင်းရှိ နတ်များထံသို့ အသံလှိုင်း ပေးပို့လိုက်၏။

ထိုနတ်ဘုရင်က

“အားလုံးပဲ... အဲဒီဆီမီးအိမ်တွေရဲ့ အနားကို အမြန်ဆုံး စုရုံးကြ။”

--

…………….

All Chapters