အခန်း ၁၈၆၃
Vol. 125 Ch. 1863
အခန်း (၁၈၆၃)
စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု
အဝေးမှ ကောင်းကင်နတ်ဆိုးက နတ်သခင်အဆင့် ဖိအားတစ်ခုကို ထုတ်လွှတ်လိုက်ရာ ထိုကောင်းကင်နတ်ဆိုးတစ်ကောင်တည်းကြောင့်ပင် ချန်းလု ဧကန်မုချ သေဆုံးရတော့မည်ဟု နတ်ဘုရင်ခံ ကန်းဝူနှင့် နတ်ဘုရင်ခံ မိုယွမ်တို့ ယုံကြည်သွားကြ၏။
သို့သော် ကောင်းကင်နတ်ဆိုး၏ လက်ဝယ်တွင် ချန်းလု ကျဆုံးသွားခဲ့လျှင်၊ ကောင်းကင်နတ်ဆိုးစွမ်းအားကို ချုပ်ထိန်းနိုင်သည့် သူတတ်မြောက်ထားသော နတ်နိယာမကို ၎င်းတို့ ရရှိနိုင်တော့မည် မဟုတ် ပေ။
အဖိုးတန်လှသော ထိုနတ်နိယာမကို ကျောင်းတော်က သူတို့ကဲ့သို့ နတ်ဘုရင်ခံများထံ သင်ကြားပေးလိမ့်မည်မဟုတ်ဟု သူတို့ ယူဆထားကြ၏။ ထို့ကြောင့် ယခုအခြေအနေမှာ ၎င်းကို ရယူရန် တစ်ခုတည်းသော အခွင့်အရေး ဖြစ်၏။
ဘာပဲဖြစ်ဖြစ် အဝေးမှ ထိုကောင်းကင်နတ်ဆိုး ရောက်လာလျှင် ချန်းလု သေရမည်ဖြစ်ရာ ယခုပင် သူ့ကို တိတ်တဆိတ် သတ်ပစ်လိုက်ပါက မည်သူမှ သိလိမ့်မည်မဟုတ်ပေ။
ထိုအတွေးနှင့်အတူ တုံ့ဆိုင်းနေခြင်းမရှိပဲ ဖိအားဒဏ်ခံ အင်းစာရွက်နှစ်ရွက်ကို သူတို့နှစ်ဦး ချက်ချင်း ထုတ်ယူလိုက်ကြ၏။
အင်းစာရွက်များကို အသက်သွင်းလိုက်ပြီးနောက် ကောင်းကင်နတ်ဆိုး၏ ဖိအားအောက်တွင် သူတို့ ခက်ခက်ခဲခဲ လှုပ်ရှားနိုင်သွားကြ၏။
ထို့နောက် သူတို့သည် တမဟုတ်ချင်းပင် လုချန်း ရှိရာနေရာဆီသို့ တုံ့ဆိုင်းမှုမရှိပဲ တိုက်ရိုက် ပြေးဝင်သွားကြတော့၏။
…….
ထိုအခိုက်အတန့်တွင် ကောင်းကင်တစ်ခုလုံး ဖုန်မှုန့်များ ပျံ့လွင့်လျက် စစ်မြေပြင်မှာလည်း ကစဉ့်ကလျား ဖြစ်ပျက်နေရာ လုချန်း ရှိရာဆီသို့ တန်းတန်းမတ်မတ် ဦးတည်နေသည့် အလင်းတန်းနှစ်ခုကို မည်သူမှ သတိမပြုမိကြပေ။
အချို့သော နတ်များ သတိထားမိလျှင်ပင် တစ်စုံတစ်ဦးက လုန်းချန်းကို ကာကွယ်ပေးရန် ကြိုးပမ်းနေခြင်းဟုသာ ထင်မှတ်ကြပေလိမ့်မည်။
လက်ရှိအချိန်၌ လုချန်းသည် သူတို့အတွက် အတိုင်းထက်အလွန် အရေးပါနေသဖြင့် သူ့ကို ကာကွယ်ရန်ကလည်း နတ်ဘုရားနယ်မြေ မဟာမိတ်တပ်၏ ပထမဦးစားပေး တာဝန်ဖြစ်သည်။
ကောင်းကင်ထက်မှ မြေပြင်ပေါ်သို့ လွင့်စဉ်ကျသွားခဲ့သည့် လုချန်းတစ်ယောက် သတိပြန်ဝင်လာရန် ခဏခန့် အချိန်ယူလိုက်ရ၏။
စိတ်ကို ပြန်လည်စုစည်းမိသည်နှင့် သူ့ထံသို့ ပြေးဝင်လာနေသော လူရိပ်နှစ်ခုကို လုချန်း မြင်လိုက်ရကာ ၎င်းတို့ထံမှ ထွက်ပေါ်နေသည့် ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်ကိုလည်း အထင်အရှား အာရုံခံမိသွား၏။
လုချန်း မျက်ခုံးအနည်းငယ်တွန့် လိုက်မိ၏။
စောစောပိုင်းက ထိုနတ်ဘုရင်များ၏ လုပ်ရပ်ကြောင့် သူ စိတ်လှုပ်ရှားကြည်နူးခဲ့ရသေး၏။
အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော အကျပ်အတည်းတွင် နတ်ဘုရင် အမြောက်အမြားက သူ့ကို ကာကွယ်ရန် သူတို့ ဆန္ဒအလျောက် ရှေ့ထွက်ရပ်တည်ပေးခဲ့ကြသောကြောင့်ဖြစ်၏။ ထိုလုပ်ရပ်က နှလုံးသားရှိသူ မည်သူမဆို စိတ်လှုပ်ရှားကြည်နူးမိမည် ဖြစ်သည်။
သို့သော်လည်း မကြာခင်မှာပင် ဤလောက၏ လှည့်စားကောက်ကျစ်မှုများကို သူ မျက်ဝါးထင်ထင် တွေ့လိုက်ရပြန်၏။
ဘေးကျပ်နံကျပ်ဖြစ်နေသည့် ဤအခိုက်အတန့်တွင်ပင် အခွင့်ကောင်းရှာရန် ကြံစည်နေသူများ ရှိနေသေး၏။
မည်သူ ရောက်လာသည်ကိုပင် ရေရေရာရာ မမြင်ရသေးသော်လည်း သူကို သတ်ဖြတ်ရန် ကြံစည်နေသူများဖြစ်ကြောင်းကိုတော့ လုချန်း အကြမ်းဖျင်း ရိပ်မိလိုက်ပြီဖြစ်သည်။
မကြာမီပင် လုချန်း၏ ရှေ့မှောက်သို့ နတ်ဘုရင်ခံ ကန်းဝူနှင့် နတ်ဘုရင်ခံ မိုယွမ်တို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာကြ၏။
စနစ်ကို အသုံးပြုကာ ၎င်းတို့ကို လုချန်း ချက်ချင်း စစ်ဆေးလိုက်သည့်အခါ ကောင်းကင်လင်းယုန်တောင်ထိပ်မှ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
အခြားအင်အားစုများမှ အကြီးအကဲများက ကောင်းကင်နတ်ဆိုးကို ဆီးကြိုတွန်းလှန်လျက် သူ့ကို ဝိုင်းဝန်းကူညီနေကြသော်လည်း လျှို့ဝှက်လဝန်း ကျောင်းတော်မှ ဤနတ်ဘုရင်ခံများကတော့ သူ့ကို လုပ်ကြံရန် ကြိုးစားနေကြသည်။
ကောင်းကင်လင်းယုန်တောင်ထိပ်မှ နတ်များသည် အရှက်တရား ကင်းမဲ့ပြီး အတ္တကြီးလွန်းလှသည်။
နတ်ဘုရင်ခံ ကန်းဝူနှင့် နတ်ဘုရင်ခံ မိုယွမ်တို့သည် လုန်းချန်းနှင့် စကားဖောင်ဖွဲ့မနေကြတော့ပေ။
အဘယ်ကြောင့်ဆိုသော် နတ်သခင်အဆင့်ရှိ ထိုကောင်းကင်နတ်ဆိုး မကြာမီ ဆိုက်ရောက်လာတော့မည်ဖြစ်သလို သူတို့၏ ဖိအားဒဏ်ခံ အင်းစာရွက်များကလည်း အချိန်အနည်းငယ်သာ တောင့်ခံနိုင်မည်ဖြစ်ရာ အနှေးနှင့်အမြန် သူတို့ကိုယ်တိုင်လည်း ကောင်းကင်နတ်ဆိုး၏ ဖိအားမိတော့မည် ဖြစ်သောကြောင့်ပင်။
ထို့ကြောင့် လုချန်းကို သတ်ကာ ဝိညာဉ်ရှာဖွေခြင်း အတတ်ကို သုံးရန် ရည်ရွယ်ချက်ဖြင့် သူတို့၏ စွမ်းအားအားလုံးကို ချက်ချင်း ထုတ်ဖော်လိုက်ကြ၏။
သူတို့၏ ကျင့်စဉ်စွမ်းအားများ လုချန်း၏ ခန္ဓာကိုယ်သို့ ထိလုနီးပါး ဖြစ်သွားသည့်ခဏ၌ အောင်မြင်သွားပြီဟူသော ဝမ်းမြောက်မှုတစ်ခု သူတို့၏ နှလုံးသားထဲ ဖြစ်ပေါ်သွား၏။
သို့သော် နတ်ဘုရင်ခံ ကန်းဝူနှင့် နတ်ဘုရင်ခံ မိုယွမ်တို့၏ အောင်ပွဲခံချိန်က တိုတောင်းလွန်းလှ၏။
အဘယ့်ကြောင့်ဆိုသော် ထည်ဝါလှသော အငွေ့အသက်တစ်ခု လုချန်း၏ ခန္ဓာကိုယ်မှ ပွင့်ထွက်ပေါ်လာသောကြောင့်ဖြစ်၏။
အစကတော့ နတ်ဘုရင်၏ ကျိန်စာကို ထုတ်သုံးရန် လုချန်း စိတ်ကူးမရှိခဲ့ပေ။ အကြောင်းမှာ တစ်ကြိမ် သုံးနိုင်ရန်အတွက် စွမ်းအားကို နှစ်ပေါင်းများစွာ ကြာအောင် စုဆောင်းရသောကြောင့် ဖြစ်သည်။
သို့သော် စောစောက နတ်ဘုရင်များ၏ စည်းလုံးညီညွတ်မှုကို သူ ပြန်လည်အမှတ်ရမိသွား၏။
ထို့ကြောင့် နတ်ဘုရားနယ်မြေ မဟာမိတ်တပ်ကို တစ်ကြိမ်တစ်ခါ ကူညီပေးရန်နှင့်၊ ဤနတ်ဘုရင်ခံနှစ်ဦးကို နှိမ်နင်းကာ ကောင်းကင်လင်းယုန်တောင်ထိပ်မှ ဘယ်လူယုတ်မာက ယခုတစ်ကြိမ် ပြဿနာရှာနေသည်ကို သိနိုင်ဖို့ ဝိညာဉ်ရှာဖွေခြင်း ပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် နတ်ဘုရင်၏ ကျိန်စာကို ထုတ်သုံးရန် လုချန်း ဆုံးဖြတ်လိုက်တော့၏။
နတ်ဘုရင်၏ ကျိန်စာစွမ်းအားများ လုချန်း၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်နှင့် နတ်ဘုရင်တစ်ပါး၏ ဖိအားလှိုင်းများ သူ့ထံမှ ချက်ချင်းပင် ရိုက်ခတ်ထွက်ပေါ်လာသည်။
သို့သော် နတ်ဘုရင်ခံ မိုယွမ်နှင့် နတ်ဘုရင်ခံ ကန်းဝူတို့၌ ဖိအားဒဏ်ခံ အင်းစာရွက်များ ရှိနေကြသောကြောင့် လုချန်းထံမှ ထွက်ပေါ်လာသည့် ဖိအားကို သူတို့ မခံစားရသေးပေ။
လုချန်းထံမှ စိမ့်ထွက်လာသော အငွေ့အသက်ကိုတော့ သူတို့ ရိပ်စားမိကြသော်လည်း ထိုအရာက သေလုမတတ် အသည်းအသန် ရုန်းကန်နေခြင်းကြောင့် ထွက်ပေါ်လာခြင်းသာ ဖြစ်သည်ဟု သူတို့မြင်၏။
သူ၏ ဖိအားကြောင့် နတ်ဘုရင်ခံ ကန်းဝူနှင့် နတ်ဘုရင်ခံ မိုယွမ်တို့ ထိခိုက်မှု မရှိသည်ကို မြင်လျှင် ၎င်းတို့၏ ကိုယ်ပေါ်တွင် ဖိအားကို တောင့်ခံနိုင်သည့် ရတနာတစ်ခုခု ရှိနေရမည်ဟု လုချန်း တွက်ဆမိလိုက်၏။
ယေဘုယျအားဖြင့် ဆိုရသော် ဖိအားကို ခုခံနိုင်ခြင်းက ကောင်းလှ၏။ စွမ်းအားနည်းသူသည် အစွမ်းထက်သူနှင့် ရင်ဆိုင်ရချိန်တွင် ဖိအား၏ သက်ရောက်မှုကြောင့် သူတို့၏ စွမ်းအားများ အဆမတန် လျော့ပါးသွားတတ်သောကြောင့် ဖြစ်သည်။
သို့သော် တစ်ဖက်လူ၏ ဖိအားကို လုံးဝကာကွယ်ပိတ်ဆို့ထားမိပါက တစ်ဖက်လူက သူထက် သာလွန်နေသည့်တိုင် ထိုဖိအားကို ကြည့်ပြီး ၎င်း၏ ခန့်မှန်းခြေ စွမ်းအားပမာဏကို သိနိုင်တော့မည် မဟုတ်ပေ။
အများအားဖြင့် စွမ်းအားနည်းသူသည် မိမိထက် စွမ်းအားသာလွန်သူ၏ အဆင့်အတန်းအား ဖိအားကို ကြည့်၍ ဆုံးဖြတ်ရစမြဲ ဖြစ်ရာ ဖိအားကို အာရုံမခံနိုင်တော့ပါက ရန်သူ မည်မျှထိ အစွမ်းထက်လှသည်ကို လုံးဝ ရိပ်မိနိုင်တော့မည် မဟုတ်ပေ။
ယခုအခိုက်အတန့်၌ နတ်ဘုရင်ခံ ကန်းဝူနှင့် နတ်ဘုရင်ခံ မိုယွမ်တို့တွင် လုချန်း၏ စွမ်းအားကို အကဲဖြတ်နိုင်သည့်စွမ်းရည် လုံးဝမရှိတော့တာကတော့ အထင်အရှားပင်။
ယခုထိတိုင် လုချန်းကို သူတို့ စိတ်တိုင်းကျ ခြယ်လှယ်နိုင်သော သာမန်နတ်တစ်ပါးအဖြစ်သာ ထင်မှတ်နေကြဆဲ ဖြစ်သည်။
လုချန်း၏ နှုတ်ခမ်းအစုံ အနည်းငယ် ကွေးညွတ်သွားကာ ပြုံးယောင်သန်းသွား၏။
နောက်တစ်ခဏ၌ သူ၏ နတ်စွမ်းအားကို လှုံ့ဆော်လိုက်ပြီး တိုက်ကွက်တစ်ခုကို တိုက်ရိုက် ထုတ်ဖော်လိုက်တော့၏။
လုချန်းက
“ကိုးဆင့်ဝိညာဉ်ပိတ်ပင်ခြင်းကျင့်စဉ်”
ဤနတ်နိယာမကျင့်စဉ်ကို သူ အသုံးပြုခဲလှ၏။
အရင်က ထိုကျင့်စဉ်ကို ထုတ်သုံးရန် အခွင့်အလမ်း မကြုံခဲ့သော်လည်း ယခုက တော့ ၎င်း၏ စွမ်းရည်အာနိသင်ကို ကြည့်ရှုရန် အကောင်းဆုံး အချိန်အခါပင် ဖြစ်တော့သည်။
ကိုးဆင့်ဝိညာဉ်ပိတ်ပင်ခြင်းကျင့်စဉ်ကို လုချန်း လှုံ့ဆော်လိုက်သည်နှင့် သူ၏ လက်ဖဝါးနှစ်ဖက်ထဲမှ မရေမတွက်နိုင်သော အမည်းရောင် အင်းကွက်မန္တန်များ ပျံသန်းထွက်ပေါ်လာကာ နတ်ဘုရင်ခံ ကန်းဝူနှင့် နတ်ဘုရင်ခံ မိုယွမ်တို့ကို တိုက်ရိုက် ဝါးမြိုသွားသည်။
ချက်ချင်းပင် သူတို့နှစ်ဦး ဇဝေဇဝါဖြစ်ကာ မူးဝေသွားကြပြီး နောက်တစ်ခဏ၌ ဦးနှောက်ကို အပ်နှင့်ဆွတ်သကဲ့သို့ စူးရှသော ဝေဒနာတစ်ခု တိုးဝင်လာသဖြင့် အလွန် နာကျင်သွားကြတော့၏။
၎င်းတို့၏ ကျင့်စဉ်များလည်း ချက်ချင်း ပျက်ပြယ်သွားသောကြောင့် နတ်ဘုရင်ခံ ကန်းဝူက သူ၏ ဦးခေါင်းကို ကိုင်လျက်
“ဒါ... ဒါက စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုပဲ။”
“မဖြစ်နိုင်ဘူး... သူ့ရဲ့ ကျင့်စဉ်အဆင့်က တို့ထက် နိမ့်သလို စိတ်ဝိညာဉ်ကလည်း ပိုအားနည်းတယ်။ ဘယ်လိုလုပ် တို့ကို စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု လုပ်နိုင်မှာလဲ။”
ပုံမှန်အားဖြင့်မူ အစွမ်းကြီးသူကသာ စွမ်းအားနည်းသူကို စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်နိုင်မှု ပြုနိုင်ခြင်းဖြစ်၏။ အဘယ့်ကြောင့်ဆိုသော ပြုလုပ်သူ၌ ပြိုင်ဘက်ထက် ပိုအားကောင်းသော စိတ်ဝိညာဉ် ရှိနေရမှာ ဖြစ်သောကြောင့်ပင်။
မဟုတ်ပါက စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို ဇွတ်မှိတ်ထုတ်သုံးခြင်းက ရန်သူကို မနှိမ်နင်းနိုင်သည့်အပြင် အသုံးပြုသူကိုယ်တိုင်ပင် စိတ်ဝိညာဉ်တန်ပြန်ထိခိုက်မှုကို ကြုံရတတ် သောကြောင့်ဖြစ်သည်။
နတ်တစ်ပါးအတွက် အရေးအကြီးဆုံး အစိတ်အပိုင်းမှာ စိတ်ဝိညာဉ် ဖြစ်၏။
စိတ်ဝိညာဉ်သာ အကောင်းပကတိ ရှိနေပါက ရုပ်ခန္ဓာကို အချိန်မရွေး ပြန်လည် ပုံသွင်းယူနိုင်သည်။
သို့သော် စိတ်ဝိညာဉ်သာ ပြင်းထန်စွာ ကြေမွသွားခဲ့လျှင်တော့ မျှော်လင့်ချက် လုံးဝ ကင်းမဲ့သွားရတော့မည်။
သို့သော်လည်း ကိုးဆင့်ဝိညာဉ်ပိတ်ပင်ခြင်းကျင့်စဉ်ကတော့ စိတ်ဝိညာဉ်ကို တိုက်ရိုက် ဦးတည်နှိမ်နင်းခြင်းဖြစ်ရာ အသုံးပြုသူဘက်မှ အခြားသူများထက် ပိုအားကောင်းသော စိတ်ဝိညာဉ်ပိုင်ဆိုင်ထားရန်ပင် မလိုပေ။
ထို့ပြင် လုချန်းကိုယ်တိုင်ကလည်း ယခင်က နတ်ဘုရင်တစ်ပါး ဖြစ်ခဲ့ဖူးရာ သူ၏ စိတ်ဝိညာဉ်သည် နတ်ဘုရင်ခံ ကန်းဝူနှင့် နတ်ဘုရင်ခံ မိုယွမ်တို့ထက် အားနည်းမနေသဖြင့် ကိုးဆင့်ဝိညာဉ်ပိတ်ပင်ခြင်းကျင့်စဉ်၏ အစွမ်းအာနိသင်က အဆပေါင်းများစွာ ပိုမိုထက်မြက်သွားသည်။
ကိုးဆင့်ဝိညာဉ်ပိတ်ပင်ခြင်းကျင့်စဉ်က နတ်ဘုရင်ခံ ကန်းဝူနှင့် နတ်ဘုရင်ခံ မိုယွမ်တို့၏ စိတ်ဝိညာဉ်များကို ချိပ်ပိတ်လိုက်သည်နှင့် ၎င်းတို့၏ ခန္ဓာကိုယ်များ တဖြည်းဖြည်း တောင့်တင်းသွားကာ မြေပြင်ပေါ်တွင် မလှုပ်မယှက် နာကျင်စွာ လဲလျောင်းနေကြရသဖြင့် သေဆုံးသွားသလို ထင်မှတ်ရသည်။
သူတို့သည် အသက်ပျောက်သွားခြင်း မဟုတ်ပဲ ကိုးဆင့်ဝိညာဉ်ပိတ်ပင်ခြင်းကျင့်စဉ်ကြောင့် စိတ်ဝိညာဉ်အာရုံကို ယာယီအားဖြင့် ပိတ်ဆို့ခြင်း ခံထားရခြင်းသာဖြစ်သည်။
ကိုးဆင့်ဝိညာဉ်ပိတ်ပင်ခြင်းကျင့်စဉ်၏ အစွမ်းကို လုချန်း အလွန် သဘောကျသွားပြီးနောက် သူတို့၏ ရှေ့မှောက်သို့ ရောက်ရှိသွားကာ နည်းနည်းမှ တုံ့ဆိုင်းမနေပဲ ဝိညာဉ်ရှာဖွေခြင်း အတတ်ကို ချက်ချင်း လက်တွေ့သုံးလိုက်တော့၏။
သူတို့၏ စိတ်ဝိညာဉ်များ ပိတ်ဆို့ခံထားရသဖြင့် အားကောင်းလှသော နတ်အာရုံတစ်ခု သူတို့၏ အသိစိတ်ပင်လယ်ထဲသို့ အတင်းအဓမ္မ စိမ့်ဝင်လာသည့်တိုင် တုံ့ပြန်ရန် အချိန်မရလိုက်ကြပေ။
သူတို့ ဝိညာဉ်ရှာဖွေခြင်း ခံနေရပြီဖြစ်ကြောင်း နတ်ဘုရင်ခံ ကန်းဝူတို့ သဘောပေါက်သွားကြပြီး ကောင်းကင်လင်းယုန်နတ်သခင်၏ လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားနိုင်ရန် ထိုနတ်အာရုံ သူတို့၏ အသိစိတ်ပင်လယ်ထဲသို့ မကျူးကျော်နိုင်စေရန် စိတ်ဝိညာဉ်စွမ်းအားကို ပျာပျာသလဲ လှုံ့ဆော်ရန် ကြိုးပမ်းကြတော့၏။
သို့သော် စိတ်ဝိညာဉ်စွမ်းအားကို လုံးဝ လှုံ့ဆော်၍မရနိုင်ကြောင်း သူတို့ ချက်ချင်း သဘောပေါက်လိုက်ရသည်။
သူတို့၌ စိတ်ဝိညာဉ်ကာကွယ်ရေး ရတနာများ ပါမလာခဲ့သလို သူတို့၏ စိတ်ဝိညာဉ်များမှာလည်း အစကပင် လုချန်းထက် ပို၍ အားနည်းနေခဲ့ခြင်း ဖြစ်သည်။
သူတို့၌ လုချန်း၏ စိတ်ဝိညာဉ်အခြေပြု နတ်နိယာမကျင့်စဉ်ကို ခုခံရန် မည်သည့်အတတ်ပညာမှ မရှိပေ။ ထို့ကြောင့် လုချန်း၏ ဝိညာဉ်ရှာဖွေခြင်းကို ဟန့်တားရန်က မဖြစ်နိုင်သလောက်ပင် ဖြစ်တော့သည်။
--
……………