အခန်း ၁၈၆၄
Vol. 125 Ch. 1864
အခန်း (၁၈၆၄ )
လုချန်း လှုပ်ရှားခြင်း
နတ်ဘုရင်ခံ ကန်းဝူနှင့် နတ်ဘုရင်ခံ မိုယွမ်တို့ကို အမိန့်ပေးခဲ့သည့်သူကို ၎င်းတို့၏ မှတ်ဉာဏ်များထဲမှ လုချန်း မကြာမီပင် ရှာဖွေတွေ့ရှိသွား၏။ ထိုသို့ အမိန့်ထုတ်ပြန်ခဲ့သူမှာ ကောင်းကင်လင်းယုန်တောင်ထိပ်မှ နတ်ဘုရင်တစ်ပါး ဖြစ်သည်။
သို့သော် သူနှင့် ထိုနတ်ဘုရင်အကြား မည်သည့်ပုဂ္ဂလိက ရန်ငြိုးမှမရှိကြောင်း လုချန်း ကောင်းစွာသိထားရာ ထိုနတ်ဘုရင်က သူ့ကို လာရောက်ပြဿနာရှာချင်မှာက မဖြစ်နိုင်သလောက်ပင်။
ထိုနတ်ဘုရင်သည် တစ်စုံတစ်ဦး၏ အမိန့်ကိုသာ နာခံနေခြင်းဖြစ်နိုင်၏။ အဖြစ်နိုင်ဆုံးကတော့ ကောင်းကင်လင်းယုန်နတ်သခင်၏ ညွှန်ကြားချက်အရ လုပ်ဆောင်နေခြင်းဖြစ်လိမ့်မည်။
လုချန်း နှာခေါင်းရှုံ့လျက် ခပ်ဖွဖွ ရယ်မောလိုက်မိ၏။ ယခု အချိန်၌ လျှို့ဝှက်လဝန်း ကျောင်းတော်သည် နတ်ဆိုးဧကရာဇ်ကို ရင်ဆိုင်ရန်သာမက မဟာလမ်းစဉ် ကပ်ဘေးကိုပါ တိုက်ဖျက်နေရသည်။ သို့သော်လည်း ကောင်းကင်လင်းယုန်နတ်သခင်ကတော့ သူတော်စင်မ၏ အရင်းအမြစ်များကို ယခုတိုင် လောဘတက်လျက် အချင်းချင်း ယုတ်မာနေဆဲ ဖြစ်သည်။
ဝိညာဉ်ရှာဖွေခြင်း ပြီးဆုံးသွားပြီးနောက် သူ၏ နတ်သတ်ဓားကို လုချန်း ဆွဲထုတ်ကာ ၎င်းတို့နှစ်ဦးကို လျင်မြန်စွာ ရှင်းလင်းပစ်လိုက်တော့၏။
…….
ထိုအခိုက်အတန့်တွင် ထိုနတ်သခင်အဆင့် ကောင်းကင်နတ်ဆိုးသည်လည်း လုချန်း ရှိရာသို့ လျင်မြန်စွာ ချဉ်းကပ်လာနေပြီ ဖြစ်၏။ တစ်ချိန်တည်း ဆိုသလိုပင် နတ်ဘုရင်တစ်ပါး လုချန်း၏ နံဘေးသို့ ရောက်ရှိလာကာ အသံလွှင့်ချက်ဖြင့်
“မိတ်ဆွေလေး... အမြန်ဆုံး ထွက်ခွာတော့။ ကျုပ် သူတို့ကို တားဆီးပေးထားမယ်”
ထိုနတ်ဘုရင်၏ စကားကို လုချန်း ပြန်လည်မတုံ့ပြန်ခဲ့ပေ။ လုချန်း တစ်စုံတစ်ခု ဖြစ်သွားပြီလားဟု ထိုနတ်ဘုရင် တွေးတောမိလိုက်စဉ်မှာပင် ကောင်းကင်နတ်ဆိုး၏ ဖိအားကို အံတုလျက် ကောင်းကင်ထက်သို့ လုချန်း ပျံသန်းတက်သွားပြီဖြစ်သည်။
ကောင်းကင်သို့ တက်လှမ်းသွားသည့် ထိုခဏ၌ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို လုချန်း ထပ်မံအသက်သွင်းလိုက်၏။ နတ်ဘုရင်၏ ကျိန်စာစွမ်းအားကို သုံးစွဲပြီးနောက်တွင်တော့ သူထုတ်ဖော်လိုက်သည့် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ၏ စွမ်းပကားက ပိုကြီးမားလာပြီး ကောင်းကင်နတ်ဆိုးစွမ်းအားအပေါ် ၎င်း၏ ချုပ်ထိန်းနိုင်စွမ်းကလည်း ပိုထင်ရှားလာသည်။
နောက်တစ်ခဏ၌ မရေမတွက်နိုင်သော ဆီမီးအိမ်များ ကောင်းကင်ထက်တွင် ထပ်မံပေါ်ပေါက်လာကာ လေထုထဲရှိ ကောင်းကင်နတ်ဆိုးစွမ်းအားများကို ရူးသွပ်စွာ စုပ်ယူတော့၏။ ထိုစဉ်မှာပင် လုချန်း၏ အငွေ့အသက်ကလည်း ပိုအစွမ်းထက်လာ၏။
နတ်ဘုရင်တစ်ပါး၏ ဖိအားလှိုင်းများကို လုချန်း ရုတ်တရက် ထုတ်လွှတ်လိုက်သည်ကို မြင်လျှင် နတ်ဘုရားနယ်မြေ မဟာမိတ်တပ်မှ နတ်ဘုရင်များ မှင်တက်သွားကြ၏။ သူ့ကို သာမန်နတ်တစ်ပါးမှသာဟု ၎င်းတို့ ကနဦးက ထင်မှတ်ထားခဲ့ကြသော်လည်း ရုပ်ဖျက် ပုန်းအောင်းနေသည့် နတ်ဘုရင်တစ်ပါး ဖြစ်နေကြောင်း သိလိုက်ရသဖြင့် အလွန် တုန်လှုပ်သွားကြသည်။
နတ်ဘုရားနယ်မြေ မဟာမိတ်တပ်အတွင်းရှိ နတ်ဘုရင်များ၏ အမြင်တွင်တော့ ဤအကျပ်အတည်းကာလ၌ ထုတ်သုံးရန် လျှို့ဝှက်လဝန်း ကျောင်းတော်က စစ်တပ်ထဲတွင် တမင်သက်သက် ဖုံးကွယ်ထားသည့် အရေးပါသော ဝှက်ဖဲတစ်ချပ်အဖြစ် လုချန်းကို သတ်မှတ်လိုက်ကြတော့၏။
သို့သော်လည်း ပြဿနာတစ်ခုကို လူများလျင်မြန်စွာ သဘောပေါက်သွားကြ၏။ ဤသူ၏ နတ်နိယာမက ကောင်းကင်နတ်ဆိုးစွမ်းအားကို ချုပ်ထိန်းနိုင်သည်ဆိုသော်လည်း ဆိုက်ရောက်လာသည့် ကောင်းကင်နတ်ဆိုးမှာ အနည်းဆုံး နတ်သခင်အဆင့် စွမ်းပကား ရှိနေခြင်းပင် ဖြစ်သည်။
ယခုရှိနေကြသော နတ်ဘုရင်များသက်သက်ဖြင့် ထိုကဲ့သို့သော ရန်သူကို ယှဉ်ပြိုင်နိုင်ပါ့မလား။
ထိုအခိုက်အတန့်တွင် နတ်ဘုရင်တစ်ပါးက လူအများကို
“တို့တွေ အချိန်ဆွဲဖို့ ကြိုးစားကြရအောင်။ နတ်သခင်တွေလည်း တို့ရဲ့ အခြေအနေကို သတိပြုမိလောက်ပြီမို့ မကြာခင်မှာ အကူအညီတွေ ရောက်လာလိမ့်မယ်။”
လက်ရှိအချိန်တွင် နတ်ဘုရင်အများစုသည် အချိန်ဆွဲရန်သာ လိုလားကြ၏။ နတ်သခင်များ ဆိုက်ရောက်လာသည်အထိ တောင့်ခံထားနိုင်လျှင် ၎င်းတို့ ဘေးကင်းနိုင်မည် ဖြစ်သည်။
နတ်သခင်များ ချက်ချင်း ရောက်ရှိလာလိမ့်မည်ဟုလည်း သူတို့ ယုံကြည်ကြ၏။ အဘယ်ကြောင့်ဆိုသော် နတ်သခင်အဆင့်ရှိ ထိုကောင်းကင်နတ်ဆိုးက နတ်ဘုရားနယ်မြေ မဟာမိတ်တပ်မှ နတ်အမြောက်အမြားကို သတ်ဖြတ်သွားပါက ထိုကောင်းကင်နတ်ဆိုး သို့မဟုတ် နတ်ဆိုးဧကရာဇ်သည်ပင် ပို၍အစွမ်းထက်လာမည်ဖြစ်၏။ ထိုအခြေအနေက နတ်သခင်များအတွက် အလွန် အခြေအနေမလှဖြစ်စေနိုင်တာ မလွဲပေ။
ထိုအခိုက်အတန့်တွင် အရှေ့ပိုင်းနယ်မှ နတ်ဘုရင်တစ်ပါးက လုချန်းကို
“မိတ်ဆွေ... နောက်ဆုတ်ပြီး ခင်ဗျားရဲ့ နတ်နိယာမနဲ့ ကျုပ်တို့ကို ပံ့ပိုးပေးပါ။ ကျုပ်တို့တွေ အချိန်ဆွဲဖို့ နည်းလမ်းရှာလိုက်မယ်။”
ထိုသို့ ပြောပြီးနောက် ထိုနတ်ဘုရင်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အဝေးမှ ကောင်းကင်နတ်ဆိုးထံသို့ တိုက်ရိုက် ပျံသန်းသွားတော့၏။ သူ၏ မျက်ဝန်းထဲတွင် မည်သည့်တွန့်ဆုတ်မှု သို့မဟုတ် ကြောက်ရွံ့မှုမှမရှိပဲ နတ်သခင်အဆင့် ဖိအားလှိုင်းများကို ထိပ်တိုက်ရင်ဆိုင်သွားသည်။
ဤမြင်ကွင်းကို မြင်လျှင် လုချန်း နောက်တစ်ကြိမ် စိတ်လှုပ်ရှားကြည်နူးမိပြန်၏။ ပွင့်ပွင့်လင်းလင်း ဆိုရပါက ဤစစ်ပွဲတွင် ပျင်းရိငြီးငွေ့သဖြင့် အပျော်ရှာနေကြသူများ အမှန်တကယ် ရှိနေသလို အချို့မှာလည်း လက်လျှော့အရှုံးပေးနေကြပြီ ဖြစ်သည်။
သို့သော်လည်း ၎င်းတို့ထဲတွင် ထျန်းရန် နတ်ဘုရား နယ်မြေကို ကာကွယ်စောင့်ရှောက်မည်ဟူသော ယုံကြည်ချက်ဖြင့် တကယ် သက်စွန့်ဆံဖျား တိုက်ခိုက်နေသူများလည်း ရှိနေသေး၏။
ထိုလူများ ဤမျှအသည်းအသန် တိုက်ခိုက်နေကြသည်ကို ကြည့်ပြီး ယနေ့တွင် ၎င်းတို့ကို သူတစ်တပ်တစ်အား ကူညီပေးမည်ဟု လုချန်း စိတ်ထဲ ဆုံးဖြတ်လိုက်မိ၏။
ထိုအတွေးနှင့်အတူ သူ၏ ခန္ဓာကိုယ်ထဲရှိ နတ်စွမ်းအားအားလုံးကို လုန်းချန်း နှိုးဆွလိုက်၏။ ကောင်းကင်ထက်ရှိ ဆီမီးအိမ်အရေအတွက်များ တိုးပွားလာပြီး နတ်သခင်အဆင့် ကောင်းကင်နတ်ဆိုးဆီသို့ တိုက်ရိုက်ဦးတည်သည့် လမ်းကြောင်းတစ်ခုအဖြစ် နှစ်တန်းစီ တန်းစီ၍ အစီအစဉ်တကျ တည်ရှိသွားကြ၏။
ထိုလမ်းကြောင်းပေါ်ရှိ ကောင်းကင်နတ်ဆိုးစွမ်းအားများကို မီးအိမ်များက စုပ်ယူပေးလိုက်သဖြင့် နတ်ဘုရားနယ်မြေ မဟာမိတ်တပ်မှ နတ်ဘုရင်များသည် ထိုစွမ်းအား၏ သက်ရောက်မှုကို မခံရပဲ ကောင်းကင်နတ်ဆိုးထံသို့ ချီတက်တိုက်ခိုက်နိုင်သွားကြ၏။
ထို့နောက် နတ်ဘုရင်များသည် အမျိုးမျိုးသော အတတ်ပညာများနှင့် ရတနာများကို ထုတ်ဖော်ကာ ကွဲပြားခြားနားသော လမ်းစဉ်ပုံရိပ်များ ဖန်တီးလျက် နတ်သခင်အဆင့် ကောင်းကင်နတ်ဆိုးကို စွမ်းအားစုံဖြင့် ဝိုင်းဝန်းတိုက်ခိုက်ကြတော့၏။
ထိုအခိုက်အတန့်တွင် နတ်သခင်အဆင့် ကောင်းကင်နတ်ဆိုးကို လွှမ်းခြုံထားသည့် အမည်းရောင်မြူခိုးများ ရုတ်တရက် ပျံ့နှံ့သွား၏။ သို့သော် ထိုအမည်းရောင်မြူခိုးများ ကောင်းကင်ထက်ရှိ မီးအိမ်များနှင့် ထိတွေ့မိသည်နှင့် ချက်ချင်း ပျက်ပြယ်သွားပြီး နောက်တစ်ခဏ၌ အမည်းရောင်မြူခိုးများထဲမှ မရေမတွက်နိုင်သော အာရုံခံလက်တံများ ထွက်ပေါ်လာသည်။
ထိုလက်တံများပေါ်တွင်တော့ စဉ်ဆက်မပြတ် လည်ပတ်နေသည့် မျက်လုံးများ ရှိနေကြ၏။ ထိုမျက်လုံးများကို မြင်လျှင် ရှိနေကြသည့် နတ်များအားလုံး မိန်းမောတွေဝေသည့် အခြေအနေသို့ ကျရောက်သွားကြတော့၏။
ထိုကောင်းကင်နတ်ဆိုးသည် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို သုံးစွဲနေခြင်းဖြစ်ကြောင်း လုချန်း မျက်မှောင်ကြုတ်လျက် ချက်ချင်း ရိပ်မိလိုက်၏။ စိတ်ဝိညာဉ်ကို ကာကွယ်ပေးသည့် နတ်နိယာမကျင့်စဉ်ကို မကျင့်ကြံထားခြင်း သို့မဟုတ် စိတ်ဝိညာဉ်ကို စောင့်ရှောက်သည့် ရတနာတစ်ခုခု မရှိပါက ထိုမျက်လုံးများ၏ သက်ရောက်မှုကို ခံရပေလိမ့်မည်။
ယခုအခိုက်အတန့်တွင်တော့ ကောင်းကင်ထက်၌ ရှိနေကြသော နတ်ဘုရင်များ၏ ဝိညာဉ်များ လွင့်စင်နေသည့် အခြေအနေသို့ ရောက်ရှိနေကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်များအား ထိန်းချုပ်ခံထားရသကဲ့သို့ မျက်ဝန်းများထဲမှ ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လျက် တိတ်ဆိတ်စွာ မျောလွင့်နေကြ၏။
ထို့နောက် နတ်သခင်အဆင့် ကောင်းကင်နတ်ဆိုးက ၎င်း၏ ကြီးမားလှသော လက်တံများကို ဝှေ့ယမ်း ထိုးစစ်ဆင်လိုက်ရာ ကောင်းကင်နတ်ဆိုးစွမ်းအားများသည် ကောင်းကင်ထက်ရှိ နတ်ဘုရင်များထံသို့ ဒီရေလှိုင်းတံပိုးကဲ့သို့ ဒလဟော ပြေးဝင်သွားတော့၏။
ကောင်းကင်ထက်ရှိ ဆီမီးအိမ်များနှင့် ရိုက်ခတ်မိသည့်အခါ အချို့သော မီးအိမ်များသည် ကောင်းကင်နတ်ဆိုးစွမ်းအားများကို အလွန် စုပ်ယူမိသွားသဖြင့် ပေါက်ကွဲသွားကြသည်။
ကောင်းကင်နတ်ဆိုးစွမ်းအားများပြားလွန်းလှချိန်တွင် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို ထိန်းသိမ်းထားသည့် နတ်စွမ်းအား မလုံလောက်ပါက သန့်စင်မှုအရှိန်အဟုန်သည် သဘာဝကျကျပင် လိုက်မမှီနိုင်တော့ပေ။ နတ်ဘုရင်၏ ကျိန်စာစွမ်းအားကို လုချန်း အသုံးပြုခဲ့သော်လည်း သူသည် အချိန်တို တစ်ခုအတွင်းသာ နတ်ဘုရင်တစ်ပါး၏ စွမ်းအားကို ပိုင်ဆိုင်နိုင်ခြင်းဖြစ်၏။ ယင်းက နတ်ဘုရင်အဆင့်၏ အထွတ်အထိပ် အဆင့်လည်း မဟုတ်ပေ။
နတ်သခင်အဆင့် ကောင်းကင်နတ်ဆိုးတစ်ကောင်နှင့် ရင်ဆိုင်ရချိန်တွင် အဆမတန် ကြီးမားလှသော ဖိအားကို သူ ခံစားရမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်၏။
နတ်သခင်အဆင့် ကောင်းကင်နတ်ဆိုးတစ်ကောင်ကပင် ဤမျှလောက် ကြီးမားသော ဖိအားကို ဆောင်ကြဉ်းနိုင်၏။ အကယ်၍ ယခုအချိန်တွင် ရွှမ်ချင်းယွမ်နှင့် ဆုံတွေ့ပါက သူမကို နှိမ်နင်းရန် မည်သည့်နည်းလမ်းမှ ရှိလိမ့်မည်မဟုတ်ဟု လုချန်း မတွေးပဲ မနေနိုင်တော့ပေ။
သူ့ကိုယ်သူ အမြန်ဆုံး ပိုအစွမ်းထက်အောင် လုပ်ဆောင်ရန် လိုအပ်ပုံရသော်လည်း လက်ရှိအချိန်တွင် ကောင်းကင်ဘုံလမ်းစဉ်၌ ပြဿနာများ ပေါ်ပေါက်နေသဖြင့် ၎င်းက သူအပေါ်၌လည်း ထပ်တူထပ်မှ သက်ရောက်မှု ရှိနေသည်။
လုချန်း အများကြီး ထပ်မတွေးတောတော့ပေ။ လက်ရှိအချိန်၌ ဤကောင်းကင်နတ်ဆိုးကို ချေမှုန်းရန်သာ ပထမဦးစားပေး ဖြစ်သည်။
လုချန်းသည် သူ၏ နတ်သတ်ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လျက် ကောင်းကင်နတ်ဆိုးစွမ်းအားများကို ပြင်းပြင်းထန်ထန် စုပ်ယူနိုင်ရန် ကောင်းကင်ထက်ရှိ ဆီမီးအိမ်များကို အစွမ်းကုန် လှုံ့ဆော်လိုက်၏။ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ၏ စွမ်းပကားအပြည့်ကို လုချန်း ထုတ်ဖော်လိုက်သည်နှင့်အမျှ မီးအိမ်များထံမှ ပိုမိုတောက်ပသော အနီရောင်အလင်းတန်းများ ဖြာထွက်လာသည်။
ထိုအနီရောင်အလင်းတန်းသည် မြောက်ပိုင်းနယ် ကောင်းကင်ယံ၏ လေးပုံတစ်ပုံခန့်ကိုပင် လင်းထိန်သွားစေရာ ရွှမ်ချင်းယွမ်နှင့် တိုက်ခိုက်နေကြသော နတ်သခင်များ၏ အာရုံကို ဆွဲဆောင်မိသွားတော့၏။
အထူးသဖြင့် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို ထုတ်ဖော်နေသူမှာ လုချန်း ဖြစ်ကြောင်း နတ်သခင် ကောင်းကင် ချက်ချင်း သိမြင်သွား၏။ သို့သော်လည်း လုချန်း အသုံးပြုနေသည့် ကျမ်းစာက သူတို့၏ ကျမ်းစာနှင့် အနည်းငယ် ကွဲပြားခြားနားနေပုံရသဖြင့် သူမ နားမလည်နိုင် ဖြစ်သွားသည်။
အနည်းငယ် ဇဝေဇဝါ ဖြစ်မိသော်လည်း ယခုအချိန်သည် ဤအကြောင်းအရာများကို အာရုံစိုက်နေရမည့် အချိန်မဟုတ်ပေ။
နတ်သခင်တစ်ပါးက အရေးတကြီးဖြင့်
“အမြန်လုပ်ကြ။ နတ်သခင်အဆင့် ကောင်းကင်နတ်ဆိုးတစ်ကောင် ရူးရူးသွပ်သွပ် သတ်ဖြတ်နေတာကို တားဆီးဖို့ တစ်ယောက်ယောက် ချက်ချင်း ပြန်သွားရမယ်။ မဟုတ်ရင် နတ်ဆိုးဧကရာဇ်ရဲ့ စွမ်းအားက ပိုပြီး အားကောင်းလာလိမ့်မယ်။”
နတ်ဘုရင်အဆင့်အောက်ရှိ နတ်ဘုရားနယ်မြေ မဟာမိတ်တပ်မှ နတ်များ၏ အဓိက အခန်းကဏ္ဍမှာ အတော်အသင့် အားနည်းသော ကောင်းကင်နတ်ဆိုးများကို တွန်းလှန်ရန်သာဖြစ်သည်။ ၎င်းတို့သည် နတ်သခင်အဆင့် ကောင်းကင်နတ်ဆိုးများ၏ တိုက်ခိုက်မှုကို တောင့်ခံနိုင်စွမ်း မရှိကြပေ။
အကယ်၍ နတ်ဘုရားနယ်မြေ မဟာမိတ်တပ်မှ နတ်များအကြား ကြောက်ရွံ့မှုများ ပျံ့နှံ့သွားခဲ့လျှင် နတ်ဆိုးဧကရာဇ်၏ စွမ်းပကားက ဆထက်ထမ်းပိုး ကြီးထွားလာမည် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် နတ်သခင် ကောင်းကင်က အရင်ဆုံး ရှေ့ထွက်လျက်
“ကျွန်မ သွားမယ်”
ထိုသို့ပြောပြီးနောက် နတ်သခင် ကောင်းကင်လည်း နတ်သခင်အဆင့် ကောင်းကင်နတ်ဆိုး ရှိရာဆီသို့ ချက်ချင်းပင် တိုက်ရိုက် ပျံသန်းသွားတော့၏။
--
………….