← Chapters

အခန်း ၁၈၆၅

Vol. 125 Ch. 1865

အခန်း ၁၈၆၅

Vol. 125 Ch. 1865

အခန်း (၁၈၆၅ )

နတ်ဘုရင်တစ်ပါး၏ အစွမ်း

နတ်သခင် ကောင်းကင်သည် နတ်ဘုရားနယ်မြေ မဟာမိတ်တပ်ကို တိုက်ခိုက်နေသည့် နတ်သခင်အဆင့် ကောင်းကင်နတ်ဆိုးကို ရင်ဆိုင်ဖြေရှင်းရန် ပြန်လည်လှည့်ထွက်ရန် ပြင်ဆင်နေစဉ်မှာပင် အနီရောင်အလင်းတန်းများ ဖြာထွက်နေသည့် လူသားပုံသဏ္ဌာန် နိယာမ ပုံရိပ်တစ်ခု ကောင်းကင်ထက်တွင် ပေါ်ပေါက်လာသည်။

နောက်တစ်ခဏ၌ ထိုအနီရောင် နိယာမ ပုံရိပ်မှ ထူထပ်လှသော သတ်ဖြတ်ခြင်းစွမ်းအားကို ထုတ်လွှတ်လိုက်ရာ ထိုစွမ်းအားမှာ နတ်သခင် ကောင်းကင်အပြင် အခြားသော နတ်သခင်များကိုပင် အထင်အရှား ခံစားမိစေလောက်အောင် ပြင်းထန်လှသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် စစ်မြေပြင်ရှိ နတ်သခင်အားလုံးနီးပါးသည် ထိုနိယာမ ပုံရိပ်ဆီသို့ ၎င်းတို့၏ အကြည့်များကို ပို့လွှတ်လိုက်ကြ၏။ ရွှမ်ချင်းယွမ်၏ အာရုံစိုက်မှုသည်ပင် ထိုအနီရောင် လူသားပုံသဏ္ဌာန် နိယာမ ပုံရိပ်၏ ဆွဲဆောင်ခြင်း ခံလိုက်ရတော့သည်။

မြောက်ပိုင်းနယ်မှ ကောင်းကင်နတ်ဆိုးစွမ်းအားများကို ထိုအနီရောင်တောက်ပနေသော ဆီမီးအိမ်များက ရူးသွပ်စွာ စုပ်ယူနေသည်နှင့်အမျှ လုချန်း၏ စွမ်းအားကလည်း လျင်မြန်စွာ တိုးပွားလာနေသည်ကို သတိပြုမိလိုက်သဖြင့် မည်သည့်အရာဖြစ်ပျက်နေသည်ကို ရွှမ်ချင်းယွမ် ချက်ချင်းပင် သဘောပေါက်သွား၏။

သူမ၏ ပုံမှန်အားဖြင့် တည်ငြိမ်နေသော မျက်နှာထက်တွင် မနှစ်မြို့သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားကာ

“သူ ရောက်လာပြီပဲ”

ဟု သူမဘာသာ ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။

ရွှမ်ချင်းယွမ်၏ စိတ်ထဲမှ မနှစ်မြို့မှုမှာ ခဏခန့်သာ ဖြစ်၏။

လုချန်း ရောက်လာပြီဆိုမှတော့လည်း ရောက်လာပါစေ။

သူ၏ စွမ်းအားက ယခုထိ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးသည့်အပြင် ထျန်းရန် နတ်ဘုရား နယ်မြေမှာ သူမ၏ နေရာဖြစ်ရာ လုချန်းအနေနှင့် နတ်ဘုရင်အဆင့် စွမ်းပကားကို ပြန်လည်ရရှိထားလျှင်ပင် သူမ၏ ပြိုင်ဘက် ဖြစ်လာနိုင်မည် မဟုတ်ပေ။

နတ်သခင်အဆင့် ကောင်းကင်နတ်ဆိုး၏ ရမ်းကားစွာ သတ်ဖြတ်နေမှုကို တားဆီးရန် ပြန်သွားဖို့ ပြင်ဆင်နေသည့် နတ်သခင် ကောင်းကင်ကတော့ လုချန်း၏ အငွေ့အသက်ကို ခံစားမိလိုက်သည်နှင့် ကောင်းကင်ယံထက်တွင် မှင်တက်သွားတော့သည်။

လုချန်း၏ စွမ်းအားက ဒီလောက်အထိ တောင့်တင်းခိုင်မာနေပါသလား။ သူမ သိသလောက် လုချန်း၏ အထွတ်အထိပ်စွမ်းအားသည် အလွန်ဆုံးရှိလှ နတ်ဘုရင်အဆင့်မှသာ ဖြစ်၏။ ထို့ပြင် သူသည် ကစဉ့်ကလျား ပင်လယ်ထဲသို့ ဝင်ရောက်သွားခဲ့ခြင်းကြောင့် သူ၏ စွမ်းအားက နဂိုထက်ပင် ဆုတ်ယုတ်သွားခဲ့ပြီဖြစ်၏။ လက်ရှိအချိန်တွင် နတ်ဘုရင်အဆင့် စွမ်းပကားကို ထုတ်ဖော်ရန်ပင် ခဲယဉ်းနေသင့်သည်။

သူမ အထင်လွဲနေခြင်းလား။

ချန်းလုက လုချန်း မဟုတ်ဘူးလား။

နတ်သခင် ကောင်းကင်သည် ထိုအတွေးကို ချက်ချင်းပင် ခေါင်းခါ၍ ပယ်ဖျက်လိုက်၏။ ကောင်းကင်နတ်ဆိုးစွမ်းအားကို ချုပ်ထိန်းနိုင်သည့် နတ်နိယာမကို သူထုတ်ဖော်နိုင်ခြင်းကြောင့် သူ လုချန်း မဟုတ်နိုင်သည့် အခွင့်အလမ်းက နည်းပါးလှသည်။

လုချန်း၌သာ ကောင်းကင်နတ်ဆိုးစွမ်းအားကို ချုပ်ထိန်းနိုင်သော နတ်နိယာမ ရှိနေနိုင်သည်။ သူ ကစဉ့်ကလျား ပင်လယ်သို့ သွားရောက်ပြီးနောက် အခြားသော အခွင့်အလမ်းကောင်းများကို ရရှိခဲ့ခြင်း ဖြစ်နိုင်ပေသည်။

ကစဉ့်ကလျား ပင်လယ်မှ ထိုအခွင့်အလမ်းများကြောင့်ပင် သူ၏ စွမ်းအားကို လျင်မြန်စွာ မြှင့်တင်နိုင်ခဲ့ကာ နတ်ဘုရင်အဆင့်သို့ ပြန်လည်ရောက်ရှိလာခြင်း သို့မဟုတ် ထိုထက်ပင် ကျော်လွန်သွားခြင်း ဖြစ်နိုင်ပေသည်။

……

နတ်သခင် ကောင်းကင် ထိုသို့ တွေးတောနေစဉ်မှာပင် လုချန်း လှုပ်ရှားလိုက်၏။ သူ၏ တစ်ကိုယ်လုံးမှ သွေးရောင်အငွေ့အသက်များ ဖြာထွက်နေပြီး နတ်သတ်ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။ သူ၏ မျက်ဝန်းများမှာလည်း နီရဲတောက်ပနေကာ သတ်ဖြတ်ခြင်း နတ်ဘုရားတစ်ပါးနှင့်ပင် တူလှပေသည်။

လုချန်းထံမှ ထွက်ပေါ်လာသော အရှိန်အဝါကို ခံစားမိပြီးနောက် နတ်သခင်အဆင့် ကောင်းကင်နတ်ဆိုး တွန့်ဆုတ်သွားသော်လည်း နောက်ဆုံးတွင်တော့ လုချန်းကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်၏။ သူ့ရှေ့မှ ထိုနတ်ကို ဝါးမြိုလိုက်ပါက သူ၏ စွမ်းအားကို သိသိသာသာ တိုးပွားစေလိမ့်မည်ဟု ခံစားမိနေ၍လည်းဖြစ်သည်။

ထိုနတ်သည် အလွန် အန္တရာယ်များလှသည်ဟု ထင်ရသော်လည်း နောက်ဆုံးတွင်တော့ သူသည် နတ်သခင်တစ်ပါး မဟုတ်ပေ။

မျက်စိတစ်မှိတ်အတွင်း ကောင်းကင်နတ်ဆိုးစွမ်းအားများဖြင့် ဖွဲ့စည်းထားသည့် နတ်ဆိုးလက်ဝါးကြီးတစ်ခုသည် လုချန်းထံသို့ တိုက်ရိုက် ရိုက်ခတ်လာပြီး လုချန်းကလည်း သူ၏ နတ်စွမ်းအားများကို နတ်သတ်ဓားထဲသို့ စုစည်းလိုက်၏။

“ပိလော့ နဂါးပြာဟိန်းသံ”

နတ်သတ်ဓားထဲမှ သွေးနဂါးရိပ်တစ်ခု ပျံသန်းထွက်ပေါ်လာပြီး တဖြည်းဖြည်း ပိုကြီးမားလာကာ နောက်ဆုံးတွင် ကီလိုမီတာ တစ်ရာကျော် ရှည်လျားသည့် ဧရာမနဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားလျက် ကောင်းကင်နတ်ဆိုး၏ နတ်ဆိုးလက်ဝါးကြီးနှင့် တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်လိုက်တော့၏။

သွေးနဂါးနှင့် နတ်ဆိုးလက်ဝါးနှင့် ထိတွေ့မိသည့် ထိုခဏ၌ သွေးနဂါးကို ဝန်းရံထားသည့် ကောင်းကင်နတ်ဆိုးစွမ်းအားများ ချက်ချင်းပင် အငွေ့ပျံသွားပြီး သန့်စင်ခြင်းခံလိုက်ရကာ လေထုထဲတွင် အဖြူရောင် မီးခိုးငွေ့များအဖြစ် ပျောက်ကွယ်သွားတော့၏။

ထိုနတ်ဆိုးလက်ဝါးကြီးသည် လုချန်း၏ တိုက်ခိုက်မှုကို မတားဆီးနိုင်ခဲ့ပေ။ စက္ကန့်ပိုင်းအတွင်းမှာပင် သွေးနဂါးသည် နတ်ဆိုးလက်ဝါကို ထိုးဖောက်သွားခဲ့ပြီး နတ်သခင်အဆင့် ကောင်းကင်နတ်ဆိုးထံသို့ ဟိန်းဟောက်လျက် ဆက်လက် ပြေးဝင်သွားတော့၏။

ထိုအခါမှသာ ကောင်းကင်နတ်ဆိုးသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် သူ့ထံတိုးဝင်လာသာ သွေးနဂါးကြီးကို သတိပြုမိသွားပြီး အမည်းရောင်မြူခိုးများထဲမှ ထောင်ပေါင်းများစွာသော လက်တံများ ဆန့်ထွက်လာကာ လျင်မြန်စွာ ရောယှက်လျက် ဧရာမ အသားစိုင်ဒိုင်းကြီးတစ်ခုအဖြစ် အလျင်အမြန် ဖွဲ့စည်းလိုက်၏။၎င်း၏မျက်နှာပြင်ထက်မှလည်း ထူထပ်လှသော ကောင်းကင်နတ်ဆိုးစွမ်းအားများကို ထုတ်လွှတ်နေသည်။

သွေးနဂါးသည် ထိုအသားဒိုင်းကြီးနှင့် ထိတွေ့မိလျှင် ဒိုင်းပြားပေါ်ရှိ ကောင်းကင်နတ်ဆိုးစွမ်းအားများလည်း ခုနက နတ်ဆိုးလက်ဝါးကဲ့သို့ပင် လျင်မြန်စွာ အငွေ့ပျံသွားသည်။ မကြာမီမှာပင် အမည်းရောင်မြူခိုးများထဲမှ မပီမသနှင့် နာကျင်စွာ အော်ဟစ်နေသံတစ်ခု ထွက်ပေါ်လာတော့၏။

“အား...”

“အရှင်... ကျုပ်ကို ကယ်ပါဦး”

…….

အဝေးတစ်နေရာမှ ရွှမ်ချင်းယွမ်သည် ဤမြင်ကွင်းကို မည်သည့်မျက်နှာအမူအရာမှ မရှိပဲ ကြည့်ရှုနေ၏။ ထိုအချင်းအရာကို သူမ မမြင်လိုက်ရသည့်နှယ် ရှိနေသည်။

ထိုစဉ် နတ်သခင်ထိုက်ဟွာတို့လူစုကတော့ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အမှင်တက်နေကြပြီဖြစ်သည်။ ထိုဓားကို ကိုင်စွဲထားသူ၌ နတ်ဘုရင်အဆင့် ကျင့်စဉ်စွမ်းအားသာ ရှိကြောင်း သူတို့ အာရုံခံမိနေကြသော်လည်း သူက နတ်သခင်အဆင့် ကောင်းကင်နတ်ဆိုးတစ်ကောင်ကို သူ၏ နတ်ဆိုးဧကရာဇ်ထံ အကူအညီတောင်းခံရသည်အထိ ဖိအားပေးနိုင်ခဲ့သည် မဟုတ်ပါလား။

နတ်ဘုရင်တစ်ပါးက ဤမျှအထိ တန်ခိုးအစွမ်းထက်နိုင်ပါသလား။

ဤသူသည် မည်သည့်နတ်ဂိုဏ်းမှ လာသနည်း။

သူတို့ ဤပုဂ္ဂိုလ်အကြောင်းကို အဘယ်ကြောင့် တစ်ခါမှ မကြားဖူးခဲ့ရသနည်း။

နတ်ဆိုးဧကရာဇ်က ထိုနတ်သခင်အဆင့် ကောင်းကင်နတ်ဆိုးကို ကယ်တင်ရန် မည်သည့်ရည်ရွယ်ချက်မှ မပြသသည်ကို မြင်လျှင် နဂါးအထွတ်အထိပ် နတ်သခင်လည်း နောက်ထပ် တိုက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်၏။ သူ၏ အချိန်များ ကုန်ဆုံးလုနီးပါး ဖြစ်နေပြီဖြစ်ရာ နတ်ဆိုးဧကရာဇ်၏ နည်းဗျူဟာပုံစံကို ဖျက်ဆီးရန်နှင့် ၎င်းအတွင်း ပိတ်မိနေသော နတ်ဘုရားနယ်မြေ မဟာမိတ်တပ်ကို ကယ်တင်ရန် အချိန်ကို လုရပေမည်။

……

ထိုအတောအတွင်း။

နတ်သခင် ကောင်းကင်သည် သတိပြန်ဝင်လာကာ နတ်သခင်အဆင့် ကောင်းကင်နတ်ဆိုး၏ အနီးသို့ ချက်ချင်းပင် ရောက်ရှိလာ၏။ လုချန်း၏ တိုက်ကွက်က ထိုနတ်ဆိုးကို အပြင်းအထန် ဒဏ်ရာရရှိစေခဲ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း သေဆုံးသွားစေအောင်တော့ မတတ်နိုင်ခဲ့ပေ။

ထို့ပြင် လုချန်း၏ အရှိန်အဝါ သိသိသာသာ လျော့ပါးသွားသည်ကို နတ်သခင် ကောင်းကင် အထင်အရှား ခံစားမိလိုက်ရသည်။ လုချန်း၏ ယခင်တိုက်ကွက်က သူ၏စွမ်းအားအားလုံးနီးပါးကို ကုန်ခမ်းသွားစေခဲ့ပြီး ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ရန် မစွမ်းသာတော့ကြောင်း သက်သေပြနေသည်။

လက်ရှိအချိန်တွင် ကောင်းကင်နတ်ဆိုး၏ ခန္ဓာကိုယ်ကို ဝန်းရံထားသော အမည်းရောင်မြူခိုး အများစု အငွေ့ပျံသွားခဲ့ပြီဖြစ်ရာ လူအများရှေ့တွင် ၎င်း၏ နတ်သခင်အဆင့် ရုပ်သွင်အစစ်အမှန် ပေါ်ထွက်လာတော့သည်။

ထိုနတ်ဆိုးသည် ပုံသဏ္ဌာန်မမှန်သော စက်ဝိုင်းလုံးကြီးတစ်ခုဖြစ်ပြီး၊ ထောင်ပေါင်းများစွာသော ပါးစပ်များ၊ မျက်လုံး၊လက်တံများဖြင့် ဖုံးလွှမ်းနေကာ ကြည့်ရသည်မှာ အလွန် ရွံရှာဖွယ်ကောင်းပြီး ထိတ်လန့်ဖွယ်ရာ ဖြစ်သည်။

ထိုနတ်သခင်အဆင့် ကောင်းကင်နတ်ဆိုးသည် ပြင်းထန်စွာ ဒဏ်ရာရရုံသာရှိပြီး ယခုတိုင် တည်ရှိနေဆဲဖြစ်သည်ကို မြင်လျှင် လုချန်း မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိ၏။

ခုနကတိုက်ကွက်က သူ၏စွမ်းအားအားလုံးနီးပါးကို ကုန်ခမ်းစေခဲ့တာတော့ အမှန်ပင်။ အကယ်၍ သူ ထပ်မံတိုက်ခိုက်လိုပါက နတ်ဘုရင်၏ ကျိန်စာစွမ်းအားကို နောက်ထပ်တစ်ကြိမ် အသုံးပြုရမည် ဖြစ်၏။

သို့သော် ယခု လျှို့ဝှက်လဝန်းနန်းတော်၏ တည်နေရာကို ခမ်းနားသော ကောင်းကင်ခန်းမက ရှာဖွေတွေ့ရှိသွားခဲ့ပြီ ဖြစ်ရာ ခမ်းနားသော ကောင်းကင်ခန်းမကို တန်ပြန်တိုက်ခိုက်ရန်အတွက် သူ၏ ကျိန်စာအသုံးပြုမှုကို ခြွေတာရမည်ဖြစ်သည်။

လက်ရှိအချိန်တွင် နတ်ဘုရင်၏ ကျိန်စာကို အလောတကြီး အသုံးမပြုသင့်သေးပေ။

ကံကောင်းထောက်မစွာဖြင့် နတ်သခင် ကောင်းကင် ရောက်ရှိလာခဲ့ရာ ဒဏ်ရာအပြင်းအထန် ရရှိထားသော နတ်သခင်အဆင့် ကောင်းကင်နတ်ဆိုးသည် သူမနှင့် ရင်ဆိုင်ရတော့မည် ဖြစ်၏။ သူမသည် အတန်ငယ် စိတ်ရှုပ်စရာကောင်းသူ ဖြစ်သော်လည်း နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို ကျွမ်းကျင်နားလည်ထားသူ ဖြစ်သည်။ ဤနတ်ဆိုးကို ကိုင်တွယ်ဖြေရှင်းရန်က သူမ အနေနှင့် မည်သည့်ပြဿနာမှ ရှိလိမ့်မည်မဟုတ်ပေ။

…..

ထိုစဉ်မှာပင် ဒဏ်ရာအပြင်းအထန် ရရှိထားသော နတ်သခင်အဆင့် ကောင်းကင်နတ်ဆိုးက တုံ့ပြန်လိုက်၏။ သူသည် ထိုးဖောက်ခံလိုက်ရရုံသာရှိပြီး လုံးဝပျက်စီးသွားခြင်းမရှိကြောင်း သိမြင်သွားလျှင် ၎င်း၏စိတ်ထဲ ဒေါသမီးများ ပေါက်ကွဲသွားတော့သည်။

၎င်း၏မျက်လုံးများသည် လုချန်းရှိရာ အရပ်မျက်နှာသို့ စူးစိုက်ကြည့်လိုက်ပြီး လုချန်းသည် သူ့အတွက် မည်သို့မှ ခြိမ်းခြောက်မှုမှ မရှိတော့ကြောင်းလည်း အာရုံခံမိသွား၏။

ထို့နောက် နည်းနည်းမှ တွန့်ဆုတ်မှုမှမရှိပဲ သူ၏ ကောင်းကင်နတ်ဆိုးစွမ်းအားများကို ဧရာမ လက်သည်းကြီးတစ်ခုအဖြစ် စုစည်းကာ လုချန်းထံသို့ လွှဲရိုက်လိုက်တော့၏။

ကောင်းကင်နတ်ဆိုးလက်သည်းကြီး လုချန်းအပေါ်သို့ ကျရောက်လုနီးပါးဖြစ်နေသည်ကို မြင်လျှင် ကောင်းကင်ယံထက်တွင် ဆီမီးအိမ်များ၏ အနီရောင်အလင်းတန်းများ ထပ်မံလင်းထိန်လာပြီး ချက်ချင်းဆိုသလိုပင် နတ်သခင် ကောင်းကင်သည် လုချန်း၏ ရှေ့မှောက်တွင် ပေါ်လာလျက် လက်တစ်ဖက်ကို မြှောက်လိုက်ရာ တမဟုတ်ချင်း ဆိုသလို စုစည်းသွားသည့် ရေခဲစွမ်းအား လက်ဝါးကြီးတစ်ခုသည် ကောင်းကင်နတ်ဆိုးလက်သည်းကြီးနှင့် ထိပ်တိုက် တိုက်မိသွားတော့၏။

နတ်သခင် ကောင်းကင်၏ ရေခဲစွမ်းအားတွင် ကောင်းကင်နတ်ဆိုးစွမ်းအားကို ဖောက်ဖျက်နိုင်စွမ်းရှိသော သန့်စင်သည့် စွမ်းအားများ ပါဝင်နေသဖြင့် ထိုစွမ်းအားနှစ်ရပ် ထိပ်တိုက်တွေ့ဆုံချိန်၌ ကောင်းကင်နတ်ဆိုးလက်သည်းကြီးလည်း ချက်ချင်းပင် အငွေ့ပျံပျောက်ကွယ်သွားတော့၏။

သူ့ကို ခြိမ်းခြောက်နိုင်စွမ်းရှိသော အခြားသက်ရှိတစ်ခု ထပ်မံပေါ်ပေါက်လာသည်ကို မြင်လျှင် နတ်သခင်အဆင့် ကောင်းကင်နတ်ဆိုးလည်း ထိတ်လန့်သွားကာ ချက်ချင်းပင် လှည့်၍ ထွက်ပြေးရန် ကြိုးစားတော့၏။

နတ်သခင်အဆင့် ကောင်းကင်နတ်ဆိုး ထွက်ပြေးရန် ကြိုးပမ်းနေသည်ကို တွေ့မြင်လျှင် နတ်သခင် ကောင်းကင် နှာခေါင်းရှုံ့လိုက်ကာ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အေးခဲစေနိုင်သည့် သူမ၏ ရေခဲနယ်ပယ်ကို ချက်ချင်း ထုတ်ဖော်လိုက်တော့၏။ ထိုအခါ နတ်ဆိုးကို ဝန်းရံထားသည့် အမည်းရောင်မြူခိုးများသည်ပင်လျှင် ရေခဲများကြောင့် ခဏခန့် အေးခဲသွားခဲ့သည်။

ပတ်ဝန်းကျင်ရှိ ရေခဲစွမ်းအားများကြောင့် သူ၏ ကောင်းကင်နတ်ဆိုးစွမ်းအား ချုပ်တည်းခံထားရသည်ကို ခံစားမိလျှင် နတ်သခင်အဆင့် ကောင်းကင်နတ်ဆိုးသည် ရွှမ်ချင်းယွမ်ထံသို့ နောက်တစ်ကြိမ် ထပ်မံ အကူအညီတောင်းခံလိုက်ပြန်တော့၏။

“သခင်... ကယ်ပါ...”

--

………….

All Chapters