အခန်း ၁၈၆၆
Vol. 125 Ch. 1866
အခန်း( ၁၈၆၆ )
ပုံမှန်မဟုတ်သော ဖြစ်ရပ်ဆန်း
အကူအညီတောင်းနေသည့် ကောင်းကင်နတ်ဆိုး၏ အသံပင် မဆုံးသေးပေ အေးစက်စက်နှင့် ခံစားချက်ကင်းမဲ့သောအသံတစ်သံ မြောက်ပိုင်းနယ်၏ ကောင်းကင်ထက် ပဲ့တင်ထပ်သွား၏။
“အမှိုက်ပဲ”
ထိုခံစားချက်မဲ့လှသည့် အမျိုးသမီးအသံကို ရွှမ်ချင်းယွမ် ထုတ်လွှင့်လိုက်ခြင်း ဖြစ်၏။
ရွှမ်ချင်းယွမ်၏ အသံ ဆုံးသည်နှင့်တစ်ပြိုင်နက် ကြီးကျယ်ခမ်းနားလှသော ကောင်းကင်နတ်ဆိုးစွမ်းအားတစ်ခု အာကာသကို ဖောက်ထွက်ကာ အာကာသအက်ကွဲကြောင်းအတွင်းမှ အရှိန်အဟုန်ဖြင့် တိုးထွက်လာပြီး ထိုကောင်းကင်နတ်ဆိုးစွမ်းအားက နတ်သခင်အဆင့်ရှိ ကောင်းကင်နတ်ဆိုး၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် စီးဝင်သွားစေသည်။
ကောင်းကင်နတ်ဆိုးစွမ်းအားများ စီးဝင်လာမှုကြောင့် ထိုနတ်သခင်အဆင့် ကောင်းကင်နတ်ဆိုး၏ ခန္ဓာကိုယ်နှင့် စွမ်းအားများ လျင်မြန်စွာ ပြန်ကောင်းလာ၏။
ထိုမြင်ကွင်းကို မြင်လျှင် နတ်သခင် ကောင်းကင်လည်း မျက်မှောင်ကို တင်းတင်း ကြုတ်လိုက်မိ၏။ ဒဏ်ရာအပြင်းအထန်ရထားပြီးဖြစ်သော ကောင်းကင်နတ်ဆိုးက ဤမျှမြန်ဆန်စွာ ပြန်လည်သက်သာလာလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။
မဖြစ်ပေ။
သူ့ကို ဆက်၍ ပြန်ကောင်းခွင့် ပေး၍မရ ပေ။
အကယ်၍ သူသာ စွမ်းအားအပြည့် ပြန်ရသွားပါက နောက်ပိုင်းတွင် ရင်ဆိုင်ရမှာ ပို၍ ခက်ခဲသွားပေလိမ့်မည်။
ထိုသို့တွေးတောရင်း နတ်သခင် ကောင်းကင်က ထပ်မံတိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။
ထိုစဉ် လုချန်းက နတ်သခင် ကောင်းကင်ကို
“ဆရာ... ဒီနေရာကနေ ချက်ချင်း ထွက်သွားပါတော့”
လုချန်း၏ နားလည်နိုင်စရာ မရှိသော စကားကို ကြားလျှင် နတ်သခင် ကောင်းကင် အနည်းငယ် တုံ့ဆိုင်းသွား၏။ လုချန်းက သူမကို ယခုအချိန်တွင် အဘယ်ကြောင့် ထွက်ခွာခိုင်းသနည်းဆိုသည်ကို အလွန်နားမလည်နိုင် ဖြစ်သွား၏။
သို့သော်လည်း လုချန်း၏ စကားဖြစ်နေသည့်အတွက် သူ၏စကားကို နားထောင်ရန် နတ်သခင် ကောင်းကင် ဆုံးဖြတ်လိုက်သည်။
ထိုအတွေးနှင့်အတူ နတ်သခင် ကောင်းကင်၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လုချန်းကို နတ်စွမ်းအားဖြင့် လျင်မြန်စွာ ရစ်ပတ်ကာ လုချန်းနှင့်အတူ တိုက်ပွဲမြေပြင်မှ ထွက်ခွာသွား၏။
ထိုစဉ် လုချန်းက တိုက်ပွဲမြေပြင်ရှိ အခြားသော နတ်များကိုလည်း
“သူ ကိုယ့်ကိုယ်ကို ဖောက်ခွဲတော့မှာ။ ဒီနေရာကနေ ချက်ချင်း ထွက်သွားကြတော့။”
လုချန်း၏ သတိပေးချက်ကို ကြားလျှင် နတ်ဘုရားနယ်မြေ မဟာမိတ်တပ်မှ နတ်ဘုရင်များ၏ မျက်နှာများ ပြာနှမ်းသွားကြ၏။ နတ်သခင် ကောင်းကင်ပင် ဆုတ်ခွာသွားသည်ကို မြင်လျှင် သူတို့လည်း လုချန်း၏ စကားကို ယုံကြည်ရန် ရွေးချယ်လိုက်ကြပြီး ချက်ချင်းပင် အလင်းတန်းများအဖြစ် ပြောင်းလဲကာ တိုက်ပွဲမြေပြင်မှ ထွက်ခွာသွားကြတော့သည်။
သူတို့ ထွက်ခွာသွားပြီးသည်နှင့် စိတ်လှုပ်ရှားတက်ကြွနေသော နတ်သခင်အဆင့် ကောင်းကင်နတ်ဆိုးလည်း တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း နောက်ဆုံးတွင် သတိပြုမိသွားတော့သည်။
ခမ်းနားထည်ဝါလှသော ကောင်းကင်နတ်ဆိုးစွမ်းအားများ သူ၏ ခန္ဓာကိုယ်ထဲသို့ ဆက်လက်စီးဝင်နေဆဲပင် ဖြစ်၏။
ကောင်းကင်နတ်ဆိုး၏ ခန္ဓာကိုယ်အတွင်း၌ ကောင်းကင်နတ်ဆိုးစွမ်းအားကို ဖိနှိပ်ပေးသည့် အစိတ်အပိုင်းများ ရှိနေသဖြင့် စွမ်းအားများ တန်ပြန်တိုက်ခိုက်ခြင်းကို တားဆီးပေးထားနိုင်သော်လည်း စွမ်းအားပမာဏ အမြောက်အမြား ဝင်ရောက်လာပါက အတွင်းပိုင်း မျှခြေ ပျက်စီးသွားပေလိမ့်မည်။
ကောင်းကင်နတ်ဆိုး ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားမျှခြေ ပျက်စီးသွားပြီးနောက် ဆက်လက်ဖြစ်ပေါ်လာမည့် အရာကတော့ ထင်ရှားလှ၏။
ကောင်းကင်နတ်ဆိုးလည်း ရွှမ်ချင်းယွမ် သူ့အား အဘယ်ကြောင့် ကူညီခဲ့သည်ကို နောက်ဆုံးတွင် နားလည်သွားကာ
“မလုပ်နဲ့”
ဟု ကြောက်လန့်တကြား အော်ဟစ်လိုက်၏။
ကောင်းကင်နတ်ဆိုး၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ ဖောင်းကားလာပြီးနောက် မြောက်ပိုင်းနယ်တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွား၏။ နောက်တစ်ခဏ၌ နတ်သခင်အဆင့် ကောင်းကင်နတ်ဆိုး၏ ခန္ဓာကိုယ်ထဲမှ ခမ်းနားကြီးကျယ်လှသော စွမ်းအားလှိုင်းလုံးကြီးတစ်ခု ပေါက်ကွဲထွက်လာတော့သည်။
ပေါက်ကွဲမှုဖြစ်ပွားသည့် အခိုက်အတန့်တွင် မြောက်ပိုင်းနယ်၏ ကောင်းကင်ယံ၌ ကြီးမားလှသော တွင်းနက်ကြီးတစ်ခု ပေါ်လာပြီး တွင်းနက်နှင့် နီးကပ်နေသမျှ အရာအားလုံးကို စုပ်ယူသွားပြီး အဝေးမှအရာဝတ္ထုများကိုတော့ ပေါက်ကွဲမှု၏ နောက်ဆက်တွဲ ရိုက်ခတ်မှုလှိုင်းများက လွင့်စင်သွားစေ၏။
ထိုနတ်သခင်အဆင့် ကောင်းကင်နတ်ဆိုး၏ ကိုယ့်ကိုယ်ကို ဖောက်ခွဲမှုက မြောက်ပိုင်းနယ်၏ လေးပုံတစ်ပုံကို တိုက်ရိုက် ရှင်းလင်းသုတ်သင်ပစ်လိုက်သည်။
ပေါက်ကွဲပြီးနောက် မြေသားအပိုင်းအစများသည် ဟင်းလင်းပြင်အနှံ့ လွင့်စင်သွားကြပြီး ကစဉ့်ကလျား စီးကြောင်းများသည်လည်း နေရာအနှံ့ စီးဆင်းနေ၏။ ကစဉ့်ကလျား စွမ်းအား၏ တိုက်စားမှုကို ခံရသော သာမန်နတ်များသည်လည်း မကြာမီပင် မီးခိုးနက်များအဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။
ထိုအချိန်တွင် ပေါက်ကွဲမှု ဗဟိုချက်နှင့် ဝေးကွာသောနေရာသို့ ရောက်ရှိနေသည့် နတ်သခင် ကောင်းကင်လည်း ထိုမြင်ကွင်းကို နောက်လှည့်ကြည့်ရင်း ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်မှုကို ခံစားလိုက်ရ၏။
အကယ်၍ လုချန်းသာ သူမကို စောစောက သတိမပေးခဲ့ပါက သူမ သေဆုံးမည်မဟုတ်သော်လည်း ဒဏ်ရာအပြင်းအထန် ရရှိသွားပေလိမ့်မည်။
ထိုအခိုက်အတန့်တွင် ထိတ်လန့်ဖွယ် ကောင်းသော အတွေးတစ်ခု နတ်သခင် ကောင်းကင်၏ စိတ်ထဲ၌ ရုတ်တရက် ပေါ်လာပြန်သည်။
နတ်ဆိုးဧကရာဇ်က အကြောင်းရင်းမရှိပဲ နတ်သခင်အဆင့် ကောင်းကင်နတ်ဆိုးတစ်ကောင်ကို ကိုယ့်ကိုယ်ကို တကယ် ဖောက်ခွဲခိုင်းပါ့မလား။
အဆုံးစွန်၌တော့ ၎င်းက နတ်သခင်အဆင့် စွမ်းအားဖြစ်သည်။ နတ်သခင်အဆင့်ကို ဆုံးရှုံးရခြင်းက အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းအားတစ်ရပ် ဆုံးရှုံးသွားခြင်းပင် ဖြစ်သည်။
ကိုယ့်ကိုယ်ကို ဖောက်ခွဲရန် သူမ ရုတ်တရက် အမိန့်ပေးလိုက်ခြင်းက အခြားသော နတ်သခင်များကို ခြိမ်းခြောက်ရန်အတွက်လား။
သူမ၏ လက်အောက်ခံ နတ်သခင်အဆင့် ကောင်းကင်နတ်ဆိုး၏ ကိုယ့်ကိုယ်ကို ဖောက်ခွဲမှုပင် ဤမျှထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားရှိနေလျှင် သူမကိုယ်တိုင်သာ ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်ပါက မြောက်ပိုင်းနယ်တစ်ခုလုံး ဗလာနတ္တိဖြစ်သွားနိုင်သည်။
ထိုသို့တွေးမိလျှင် နတ်သခင် ကောင်းကင် ကျောချမ်းသွားပြီး နတ်ဆိုးဧကရာဇ်နှင့် တိုက်ခိုက်နေကြသော နတ်သခင်များထံသို့ သူမ၏ အကြည့်များ ရောက်ရှိသွားကာ မျက်နှာထက်၌ စိုးရိမ်ပူပန်မှုများ ထင်ဟပ်လာ၏။
ခဏခန့် တိတ်ဆိတ်သွားပြီးနောက် နတ်သခင် ကောင်းကင်က သူမ၏အကြည့်ကို ပြန်ရုပ်သိမ်းကာ အောက်ဘက် ကောင်းကင်ယံရှိ လုချန်းကို ကြည့်ပြီး
“သူ ကိုယ့်ကိုယ်ကို ဖောက်ခွဲတော့မယ်ဆိုတာ ရှင် ဘယ်လိုလုပ်ပြီး သိတာလဲ။”
စောစောက ဟင်းလင်းပြင်ထဲ၌ ခမ်းနားလှသော ကောင်းကင်နတ်ဆိုးစွမ်းအားများ ရုတ်တရက် တိုးပွားလာသည်ကို မြင်လျှင် နတ်ဆိုးဧကရာဇ်က ထိုနတ်သခင်ကို ကယ်တင်ချင် နေသည်ဟု သူမ ထင်မှတ်ခဲ့ခြင်းဖြစ်သည်။
၎င်းမှာ ဖောက်ခွဲရန်အတွက် ဖြစ်လိမ့်မည်ဟု မည်သူက မျှော်လင့်ထားမည်နည်း။
ထိုကဲ့သို့သောအခြေအနေမျိုးတွင် နတ်ဆိုးဧကရာဇ်သည် ကောင်းကင်နတ်ဆိုးကို ကုသပေးနေသည်ဟုသာ အကုန်းလုံး ထင်ကြပေလိမ့်မည်။
အဆုံးစွန်၌တော့ ကောင်းကင်နတ်ဆိုးသည် အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းအားတစ်ခု မဟုတ်ပါလား။
လုချန်းက နတ်သခင် ကောင်းကင်ကို
“အလိုလိုသိစိတ်အရ သိတာပါ”
သူသည် ကောင်းကင်နတ်ဆိုးစွမ်းအားများကို အလွန် အာရုံခံနိုင်စွမ်းရှိပြီး ကောင်းကင်နတ်ဆိုး၏ ခန္ဓာကိုယ်အတွင်း၌ ကောင်းကင်နတ်ဆိုးစွမ်းအားကို မျှခြေဖြစ်စေသည့် စွမ်းအားတစ်ခု ရှိနေကြောင်းကိုလည်း သိထား၏။
အကယ်၍ ကောင်းကင်နတ်ဆိုးစွမ်းအားများ အလွန်အကျွံ များပြားလာပါက ကောင်းကင်နတ်ဆိုးကိုယ်တိုင်လည်း တောင့်ခံနိုင်မည်မဟုတ်ပေ။
စောစောက ရွှမ်ချင်းယွမ်က ထိုကောင်းကင်နတ်ဆိုးထဲသို့ ထည့်သွင်းပေးလိုက်သော ကောင်းကင်နတ်ဆိုးစွမ်းအား ပမာဏက လွန်စွာ များပြားလွန်းလှရာ သူမ၏ ရည်ရွယ်ချက်မှာ ၎င်းကို ကယ်တင်ရန် မဟုတ်ကြောင်း ထင်ရှားလှသည်။
ထို့ပြင် လုချန်းသည် ရွှမ်ချင်းယွမ်နှင့် နှစ်ပေါင်းများစွာ ပတ်သက်ခဲ့ဖူးသဖြင့် ထိုအမျိုးသမီး၏အကြောင်းကို အလွန် ကောင်းစွာ သိထား၏။ ရွှမ်ချင်းယွမ်၏ မျက်လုံးထဲတွင် ကောင်းကင်နတ်ဆိုးများသည် ကိရိယာသက်သက်သာ ဖြစ်ပြီး နတ်သခင်အဆင့် ကောင်းကင်နတ်ဆိုးတစ်ကောင်က ရွှမ်ချင်းယွမ်အတွက် အရေးမပါလှပေ။
လုချန်းက ရှင်းပြရန် စိတ်မပါသည်ကို မြင်လျှင် နတ်သခင် ကောင်းကင်လည်း ဆက်၍ မမေးတော့ပေ။ သို့သော် လုချန်း၌ ပုံမှန်ထက် ပို၍ လျှို့ဝှက်ချက်များစွာ ရှိနေနိုင်ကြောင်း သူမ ခံစားလိုက်ရ၏။
ထိုပေါက်ကွဲမှုကြီးက နတ်သခင်ထိုက်ဟွာတို့လူစု၏ အာရုံစိုက်မှုကို သဘာဝကျကျပင် ဆွဲဆောင်သွား၏။
နတ်သခင်အဆင့် ကောင်းကင်နတ်ဆိုးတစ်ကောင်၏ ပေါက်ကွဲမှုက မြောက်ပိုင်းနယ်၏ လေးပုံတစ်ပုံနီးပါးကို တိုက်ရိုက် သုတ်သင်ရှင်းလင်းပစ်လိုက်သည်ကို မြင်လျှင် ထိုနေရာတွင် ရှိနေကြသော နတ်သခင်များအားလုံး ထိတ်လန့်တုန်လှုပ်သွားကြပြန်သည်။
အကယ်၍ နတ်ဆိုးဧကရာဇ်သည် သူတို့၏လက်ချက်ဖြင့် ကျဆုံးတော့မည့်အချိန်တွင် ကိုယ့်ကိုယ်ကို ဖောက်ခွဲရန် ရွေးချယ်လိုက်ပါက သူမ၏ ပေါက်ကွဲမှုစွမ်းအားက သူတို့အားလုံးကို သေစေနိုင်မည်လားဟု သူတို့ စတင် တွေးတောမိကြပေပြီ။
ထိုကဲ့သို့သော ဖြစ်နိုင်ခြေကို တွေးမိလျှင် နတ်သခင်များ၏ စိတ်နှလုံးများ စတင် တုန်လှုပ်ချောက်ချားလာ၏။
သို့သော် သူတို့ လျင်မြန်စွာပင် သတိပြန်ဝင်လာကြ၏။ လက်ရှိ အခြေအနေအရ နတ်ဆိုးဧကရာဇ်က သူတို့ကို ဖိနှိပ်ထားခြင်း ဖြစ်သည်။
နတ်ဆိုးဧကရာဇ်၏ ကိုယ့်ကိုယ်ကို ဖောက်ခွဲမည်ကို စိုးရိမ်နေမည့်အစား နတ်ဆိုးဧကရာဇ်၏ နောက်ထပ် တိုက်ခိုက်မှုများကို မည်သို့ ခုခံရမည်ကိုသာ ပို၍ အာရုံစိုက်သင့်သည်။
ထိုအခိုက်အတန့်တွင် ထျန်းရန်နတ်ဘုရားနယ်မြေတစ်ခုလုံး စတင် တုန်ခါလာပြီး ထူးခြားဆန်းပြားသော အနက်ရောင်စွမ်းအားတစ်ခု ၎င်း၏ကောင်းကင်ယံကို လွှမ်းခြုံသွား၏။ ထျန်းရန်နတ်ဘုရားနယ်မြေ၏ အာကာသဟင်းလင်းပြင်လည်း ပျောက်ကွယ်သွားပြီး ကစဉ့်ကလျားအခြေအနေသို့ ပြန်လည်ရောက်ရှိသွားတော့မည့်အလား ပုံပျက်ရှုံ့တွသွားပုံရသည်။
ခဏခန့်အတွင်း အားလုံး၏ အာရုံစိုက်မှုသည် ထျန်းရန်နတ်ဘုရားနယ်မြေ၏ ထူးခြားသော ဖြစ်ရပ်ဆီသို့ ရောက်ရှိသွားပြီး ရွှမ်ချင်းယွမ်ပင် သူမ၏ တိုက်ခိုက်မှုကို ခေတ္တရပ်နားကာ ထျန်းရန်နတ်ဘုရားနယ်မြေ၏ ကောင်းကင်ယံထံသို့ အကြည့်ပို့လွှတ်လိုက်၏။
ယခုအခိုက်အတန့်တွင် အသက်အန္တရာယ် ခြိမ်းခြေက်ခံရသည့် ခံစားချက်ကို လုချန်းလည်း တစ်ဖန် ပြန်လည် ခံစားလိုက်ရသဖြင့် ထျန်းရန်နတ်ဘုရားနယ်မြေ၏ ကောင်းကင်ယံထက်မှ ထူးဆန်းသောအနက်ရောင်စွမ်းအားကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိ၏။
၎င်းမှာ သူတစ်ခါမှ မကြုံတွေ့ဖူးသည့် စွမ်းအားတစ်ခု ဖြစ်၏။ အကယ်၍ ထိုအရာနှင့် ထိမိပါက သူ၏ ဝိညာဉ်မူလအစပင် တိုက်စားခံရနိုင်ကြောင်း သူ၏ အလိုလိုသိစိတ်က သတိပေးနေသည်။
ထိုအခိုက်အတန့်တွင် ရွှမ်ချင်းယွမ် ကိုယ်တိုင်လည်း ထျန်းရန်နတ်ဘုရားနယ်မြေ၏ ထူးခြားသောဖြစ်ရပ်ကို အာရုံစိုက်နေသည်ကို မြင်လျှင်
သူ၏ အခွင့်အရေး ရောက်လာပြီဟု နဂါးအထွတ်အထိပ် နတ်သခင် တွေးလိုက်ပြီး တုံ့ဆိုင်းခြင်းမရှိပဲ ရွှမ်ချင်းယွမ်ထံသို့ တိုက်ရိုက် ပြေးဝင်သွား၏။
နတ်သခင် နဂါးအထွတ်အထိပ်က
“နဂါးမီးလျှံ ကမ္ဘာလောင်ကျွမ်း”
ဟုတစ်ဆက်တည်း အော်ဟစ်လိုက်၏။
နောက်တစ်ခဏ၌ နဂါးအထွတ်အထိပ်နတ်သခင်၏ နောက်ကွယ်ရှိ နိယာမ ပုံရိပ်ကြီးသည် ရွှမ်ချင်းယွမ်ထံသို့ ခရမ်းရောင်မီးလျှံတစ်ခုကို မှုတ်ထုတ်လိုက်ရာ ၎င်း၏ အရှိန်အဝါကြောင့် အာကာသဟင်းလင်းပြင် ပုံပျက်သွား၏။
သို့သော်လည်း နတ်သခင် နဂါးအထွတ်အထိပ်၏ ထိုတိုက်ကွက်သည် အဖျက်စွမ်းအား ပြင်းထန်လွန်းလှသဖြင့် အာကာသဟင်းလင်းပြင်ကို ထိခိုက်ပျက်စီးစေခဲ့ရာ အာကာသအက်ကွဲကြောင်းအတွင်းမှ ပျစ်ချွဲလှသောအနက်ရောင် အရည်ကဲ့သို့သော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားတစ်ခု ရုတ်တရက် တိုးထွက်လာခဲ့သည်။
ထိုစဉ် နတ်သခင် နဂါးအထွတ်အထိပ်သည် ထိုအက်ကွဲကြောင်း၏ အနီးနားတွင်ရှိနေ၏။
--
………..