အခန်း ၁၈၆၇
Vol. 125 Ch. 1867
အခန်း (၁၈၆၇)
အပစ်အခတ်ရပ်စဲခြင်း
နဂါးအထွတ်အထိပ် နတ်သခင် ထိထိရောက်ရောက် မတုံ့ပြန်နိုင်သေးမီမှာပင် ထိုနက်မှောင်သော စွမ်းအားများက သူ့ထံသို့ တစ်ပြိုင်နက်တည်း အလုံးအရင်းနှင့် တိုးဝင်လာရာ သူ တုံ့ပြန်ရန် အချိန်ပင် မရလိုက်ပေ။
နဂါးအထွတ်အထိပ် နတ်သခင်သည် ရှောင်တိမ်းရန် ကြံရွယ်လိုက်သော်လည်း လက်ကို အချိန်မီ ပြန်မရုတ်နိုင် ဖြစ်သွား၏။
နဂါးအထွတ်အထိပ် နတ်သခင် သူ၏ စိတ်အခြေအနေကို ပြန်လည်တည်ငြိမ်အောင် မလုပ်နိုင်သေးမီမှာပင် ထိုနက်မှောင်သော စွမ်းအားစုက သူ့ကို ချက်ချင်း လွှမ်းခြုံသွားပြီး သူ၏နတ်အာရုံထဲသို့ ဖော်ပြ၍မရနိုင်သော ပျို့အန်ချင်စိတ်များ ရုတ်တရက် အလုံးအရင်းနှင့် ဝင်ရောက်လာသည်ကို ခံစားလိုက်ရ၏။
နောက်တစ်ခဏတွင် နဂါးအထွတ်အထိပ် နတ်သခင်ထံမှ စူးစူးဝါးဝါး နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။
“ဒါ... ဒါက ဘာကြီးလဲ...”
“အား”
နဂါးအထွတ်အထိပ် နတ်သခင်၏ ခန္ဓာကိုယ်ထဲသို့ ထိုနက်မှောင်သော စွမ်းအားစုများ ကူးစက်ဝင်ရောက်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး အဆက်မပြတ် လိမ်တွန့်လာသည်ကို မြင်တွေ့နေရသဖြင့် ထိုနေရာရှိ နတ်သခင်များ အားလုံး တိုက်ရိုက်ချဉ်းကပ်ရန် မဝံ့မရဲ ဖြစ်နေကြသည်။
လုချန်းလည်း ထိုမြင်ကွင်းကို အဝေးတစ်နေရာမှ ကြည့်ရှုနေမိရင်း စိတ်ထဲ၌ မတည်ငြိမ်မှုနှင့် စိုးရိမ်စိတ်များ တဖြည်းဖြည်း ပိုမိုပြင်းထန်လာ၏။
ထိုနက်မှောင်သော စွမ်းအားစုက မိစ္ဆာစွမ်းအားတစ်ခုနှင့် ဆင်တူလှသည်။ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို သူ ကျင့်ကြံထားခြင်းကြောင့် သူ၏နတ်စွမ်းအားများတွင် မိစ္ဆာစွမ်းအားများကို သန့်စင်စေနိုင်စွမ်း ရှိ၏။
၎င်းကသာ တကယ် မိစ္ဆာစွမ်းအား ဖြစ်ပါက သူ လုံးဝ ထိတ်လန့်စိုးရိမ်နေစရာ အကြောင်းမရှိပေ။
ဤအရာက ထျန်းရန်နတ်ဘုရား နယ်မြေမှ စွမ်းအားတစ်ခု မဖြစ်နိုင်ကြောင်း လုချန်း တွေးလိုက်မိ၏။
လုချန်း အတွေးထဲ နစ်မြောနေစဉ်မှာပင် နဂါးအထွတ်အထိပ် နတ်သခင်၏ နောက်ကွယ်မှ နိယာမ ပုံရိပ်ကြီး ရုတ်တရက် ပြိုကွဲပျက်စီးသွား၏။ ထို့နောက် ချက်ချင်းပင် သူ၏ခန္ဓာကိုယ်သည် သာမန်မျက်စိဖြင့် မြင်နိုင်သော နှုန်းဖြင့် ပုံပျက်လာပြီး မရေမတွက်နိုင်သော မျက်လုံးများစွာ ထွက်ပေါ်လာကာ ကောင်းကင်နတ်ဆိုးတစ်ကောင်ကဲ့သို့ အလွန်တရာ ထိတ်လန့်ဖွယ် ကောင်းလာခဲ့သည်။
ထိုနက်မှောင်သော စွမ်းအားသည် ကောင်းကင်နတ်ဆိုးစွမ်းအား ဖြစ်နေပြီး နဂါးအထွတ်အထိပ် နတ်သခင်ကို ကောင်းကင်နတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲပစ်နေခြင်းလားဟု လူတိုင်း တွေးတောကာ စိုးရိမ်ပူပန်လာကြ၏။
ထိုအတိုင်းသာ တကယ် ဖြစ်လာပါက အခြေအနေက အလွန်ဆိုးရွားသွားပေလိမ့်မည်။ ယင်းက နတ်သခင်အဆင့်ရှိ ကောင်းကင်နတ်ဆိုး နောက်တစ်ကောင်ကို ထပ်မံရင်ဆိုင်ရတော့မည်ဟု အဓိပ္ပာယ်ရပေသည်။
ယခင်ရင်ဆိုင်ခဲ့ရသော နတ်သခင်အဆင့် ကောင်းကင်နတ်ဆိုးကပင် ကိုယ့်ကိုယ်ကို ဖောက်ခွဲမှုဖြင့် မြောက်ပိုင်းနယ်၏ လေးပုံတစ်ပုံကို ပျက်စီးစေခဲ့သည်။ အကယ်၍ နဂါးအထွတ်အထိပ် နတ်သခင်သာ သူတို့ရှေ့မှောက်တွင် ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်လိုက်ပါက သူတို့အားလုံး အပြင်းအထန် ဒဏ်ရာရရှိသွားနိုင်ခြေ ကောင်းကောင်း ရှိသည်။
ထိုအခိုက်အတန့်တွင် ထိုနေရာရှိ နတ်သခင်များ အားလုံး အလွန်သောကရောက်သွားကြ၏။ သို့သော်လည်း နဂါးအထွတ်အထိပ် နတ်သခင်ကို ဆက်လက်ရင်ဆိုင်ရတော့မည်ဟု အားလုံးထင်မှတ်နေစဉ်မှာပင် ထျန်းရန်နတ်ဘုရား နယ်မြေ၏ ကောင်းကင်ထက်၌ ကြီးမားလှသော အာကာသ အက်ကြောင်းကြီးတစ်ခု မမျှော်လင့်ပဲ ပေါ်ပေါက်လာခဲ့သည်။
ထို့နောက် နဂါးအထွတ်အထိပ် နတ်သခင်ကို အာကာသ အက်ကြောင်းကြီးထဲမှ ထွက်ပေါ်လာသော သွေးနီရောင် လက်ဝါးကြီးက တိုက်ရိုက် ဖမ်းဆွဲလိုက်သည်။ နောက်တစ်ခဏ၌ နဂါးအထွတ်အထိပ် နတ်သခင်ကို ထိုသွေးနီရောင်လက်ဝါးက အာကာသ အက်ကြောင်းထဲသို့ ဆွဲသွင်းသွား၏။
ထို့နောက် အာကာသ အက်ကြောင်းထဲမှ ပြင်းထန်သော စုပ်ယူအားတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ပြင်တစ်ခုလုံးတွင် ပျံ့နှံ့နေသော နက်မှောင်သော စွမ်းအားများအားလုံးကို စုပ်ယူပစ်လိုက်၏။
ထိုဖြစ်ရပ်က အလွန် လျင်မြန်စွာ ဖြစ်ပျက်သွားခြင်း ဖြစ်သောကြောင့် လူများ သတိပင် မဝင်မိလိုက်ပေ။ တစ်ပြိုင်နက်တည်းမှာပင် ထျန်းရန်နတ်ဘုရား နယ်မြေတစ်ခုလုံး မူလအတိုင်း ပြန်လည်ကောင်းသွားပြီး နက်မှောင်သော စွမ်းအားများလည်း သဲလွန်စမကျန် ပျောက်ကွယ်သွားတော့၏။
ထိုအာကာသ အက်ကြောင်းကြီးကိုလည်း ထျန်းရန်နတ်ဘုရား နယ်မြေ၏ ကောင်းကင်ဘုံ စွမ်းအားက လျင်မြန်စွာ ပြန်လည် ကုသပိတ်ဆို့လိုက်သည်။
ထျန်းရန်နတ်ဘုရား နယ်မြေအတွင်းရှိ အရာအားလုံးသည် ဘာမှမဖြစ်ခဲ့သကဲ့သို့ မူလငြိမ်းချမ်းမှုအတိုင်း ပြန်လည်ရောက်ရှိသွား၏။
ဒါက...
လူတိုင်း မှက်တက်သွားကြပြန်သည်။
နတ်သခင်များ သတိပြန်ဝင်လာကြသည့်အခါ သူတို့၏ စိတ်နှလုံးထဲ၌ အလွန် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာသည်။
ထိုသွေးနီရောင် လက်ဝါးကြီးက ဘာကြီးလဲ။
နဂါးအထွတ်အထိပ် နတ်သခင် မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။
တစ်နေ့နေ့တွင် သူတို့ကိုယ်တိုင်လည်း ထိုနက်မှောင်သော စွမ်းအား၏ ဝါးမြိုခြင်းကို ခံရပြီး ထိုသွေးလက်ဝါးကြီး၏ ဖမ်းဆွဲခေါ်ဆောင်ခြင်းကို ခံရမှာလား။
ဤစစ်ပွဲကို ဆက်လက်ဆင်နွှဲသင့်သလား။
နဂါးအထွတ်အထိပ် နတ်သခင် ပျောက်ဆုံးသွားသော်လည်း နတ်ဆိုးဧကရာဇ်၏ စွမ်းအားကတော့ များစွာဆုတ်ယုတ်သွားခြင်း မရှိသေးသကဲ့သို့ ဖြစ်နေ၏။ ဤစစ်ပွဲကို ဆက်လက်ဆင်နွှဲပါက သူတို့ဘက်မှ မည်သည့်အကျိုးအမြတ်မှ ရရှိလိမ့်မည်မဟုတ်ကြောင်း စိုးရိမ်လာကြသည်။
ထို့ပြင် အဓိကအကျဆုံး အချက်မှာ ခုနက အခြေအနေမျိုး ထပ်မံဖြစ်ပွားလာမည်လား ဆိုတာကို သူတို့ မသိနိုင်ခြင်း ဖြစ်၏။ နဂါးအထွတ်အထိပ် နတ်သခင်ကဲ့သို့ အစွမ်းထက်လှသော ကျင့်ကြံသူပင်လျှင် ထိုနက်မှောင်သော စွမ်းအား၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။
သူ့နေရာတွင် သူတို့ဖြစ်ပါက လွတ်မြောက်နိုင်မည့် စွမ်းအားရှိမည်မဟုတ်ဟု ကိုယ့်ဘာသာကိုယ်ကို တွက်ဆနေကြ၏။
ထိုခဏ၌ နတ်သခင်များ အားလုံး အချင်းချင်း ကြည့်လိုက်ကြရုံမှတစ်ပါး နောက်ထပ် ဘာဆက်လုပ်ရမည်ကို မဝေခွဲနိုင် ဖြစ်နေကြတော့သည်။
စစ်ပွဲကို ဆက်မတိုက်ပါက သူတို့၏ တပ်ဖွဲ့များသည် နတ်ဆိုးဧကရာဇ်၏ နည်းဗျူဟာပုံစံအတွင်း ပိတ်မိနေမည် ဖြစ်ပြီး နတ်ဆိုးဧကရာဇ် ပိုအစွမ်းထက်လာစေရန် အဟာရအဖြစ် အသုံးချခံရပေလိမ့်မည်။ ထို့ပြင် နည်းဗျူဟာပုံစံအတွင်း၌ သူတို့အုပ်စု အသီးသီးမှ နတ်သခင်များလည်း ပိတ်မိနေကြသေး၏။
မိမိတို့အုပ်စုမှ နတ်များကို သူတို့ လက်လွှတ်နိုင်ရက်စရာ အကြောင်းမရှိပေ။
လူတိုင်း ဘာလုပ်ရမှန်း မသိဖြစ်နေစဉ်မှာပင် ထျန်းရန်နတ်ဘုရား နယ်မြေ၏ ကောင်းကင်ယံ၌ ယခင်ကကဲ့သို့ ထူးဆန်းသော ဖြစ်ရပ်တစ်ခု ထပ်မံ ပေါ်ပေါက်လာပြန်သည်။
ကောင်းကင်ယံတွင် အက်ကြောင်းများစွာ ရုတ်တရက် ပေါ်ပေါက်လာပြီး ထိုအက်ကြောင်းများထဲမှ အလားတူ ထူးဆန်းပြီး နက်မှောင်သော စွမ်းအားများ စိမ့်ထွက်လာသည်။
ခဏချင်းမှာပင် ထိုနေရာရှိ နတ်သခင်များ အားလုံး အလွန် စိုးရိမ်ထိတ်လန့်သွားကြ၏။ နဂါးအထွတ်အထိပ် နတ်သခင်၏ အဖြစ်အပျက်ကို သူတို့ ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသဖြင့် ထိုထူးဆန်းသော စွမ်းအားဆိုးများ သူတို့ထံ ကပ်ငြိလာမည်ကို စိုးရိမ်ပူပန်နေကြခြင်း ဖြစ်သည်။
ထိုအချိန်တွင် ဆုတ်ခွာထွက်ပြေးလိုသော စိတ်ဆန္ဒများက နတ်သခင်များ၏ စိတ်ထဲ ထပ်မံ၍ အရှိန်အဟုန်ပြင်းစွာ ပေါ်ပေါက်လာပြန်၏။ ကောင်းကင်ယံရှိ ထူးဆန်းသော ဖြစ်ရပ်ကို ရွှမ်ချင်းယွမ် ဖန်တီးခဲ့ခြင်းလားဟု သူတို့အားလုံး သံသယဝင်နေကြ၏။
ထိုထူးဆန်းပြီး နက်မှောင်သော စွမ်းအားက ကောင်းကင်နတ်ဆိုးစွမ်းအားနှင့် အလွန် ဆင်တူလှသည်။
နတ်သခင်များသာမက ရွှမ်ချင်းယွမ် ကိုယ်တိုင်လည်း ကောင်းကင်ယံမှ ထူးဆန်းသော ဖြစ်ရပ်ကို လေးနက်သော မျက်နှာထားဖြင့် ကြည့်ရှုနေ၏။
သို့သော် ကံကောင်းထောက်မစွာဖြင့် ထျန်းရန်နတ်ဘုရား နယ်မြေ၏ ကောင်းကင်ဘုံစွမ်းအားက ထိုအာကာသ အက်ကြောင်းများကို ပြန်လည်ပြင်ဆင်ပိတ်ဆို့ပေးခဲ့ပြန်သည်။
မကြာမီမှာပင် ထိုနက်မှောင်သော စွမ်းအားများ အာကာသ အက်ကြောင်းများထဲသို့ ပြန်လည် ဝင်ရောက်သွားပြီး ခဏအကြာတွင် ထျန်းရန်နတ်ဘုရား နယ်မြေလည်း မူလအတိုင်း ပြန်လည်အေးချမ်းသွားခဲ့၏။
သို့သော်လည်း ဤမျှ တိုတောင်းသော အချိန်အတွင်း၌ ထျန်းရန်နတ်ဘုရား နယ်မြေတွင် ဤကဲ့သို့ ထူးဆန်းသော ဖြစ်ရပ်မျိုး နှစ်ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ပြီး ဖြစ်သည်။ ထျန်းရန်နတ်ဘုရား နယ်မြေအတွင်း တစ်ခုခု ဖြစ်ပျက်နေပြီဖြစ်ကြောင်း မည်သူမဆို ခန့်မှန်းနိုင်ပြီး နောင်တွင်လည်း ဤအာကာသ အက်ကြောင်းများ မကြာခဏ ပေါ်ပေါက်လာနိုင်ခြေ ရှိမရှိ ဆိုတာကို မပြောနိုင်ပေ။
အကယ်၍ ထိုထူးဆန်းပြီး နက်မှောင်သော စွမ်းအားများ ထျန်းရန်နတ်ဘုရား နယ်မြေတစ်ခုလုံးသို့ လွှမ်းခြုံသွားပါက ၎င်းသည် ဤနယ်မြေအတွက် မဟာကပ်ဘေးကြီးတစ်ခု ဧကန်မုချ ဖြစ်လာပေလိမ့်မည်။
နတ်ဘုရားနယ်မြေ မဟာမိတ်တပ်နှင့် နတ်ဆိုးဧကရာဇ်၏ တပ်ဖွဲ့များအကြား အခြေအနေ တင်းမာနေစဉ်မှာပင် ရွှမ်ချင်းယွမ်က နောက်ဆုံး၌ စတင်လှုပ်ရှားလာခဲ့၏။
သို့သော် သူမသည် နောက်ထပ် တိုက်ခိုက်မှုတစ်ခုကိုတော့ မပြုလုပ်ခဲ့ပေ။
ရွှမ်ချင်းယွမ် လက်မြှောက်လိုက်သည်ကို နတ်သခင်များ မြင်တွေ့လိုက်ရ၏။ နောက်တစ်ခဏ၌ ပထမအသုတ် နတ်ဘုရားနယ်မြေ မဟာမိတ်တပ်ကို ဆယ်စုနှစ်ပေါင်းများစွာ ပိတ်လှောင်ထားခဲ့သော ကစဉ့်ကလျား မိစ္ဆာအတွေး နည်းဗျူဟာပုံစံကြီး မမျှော်လင့်ပဲ ပွင့်သွားတော့သည်။
နည်းဗျူဟာပုံစံ ပျက်ပြယ်သွားသည်နှင့် အထဲမှ မြင်ကွင်းက ရှင်းလင်းစွာ ပေါ်ထွက်လာ၏။ မြေပြင်တစ်ခုလုံးတွင် အရိုးစုများ အရပ်ရပ်၌ ပျံ့နှံ့နေသည်ကို မြင်တွေ့ရသည်။
ထိုနေရာ၌ ပိတ်မိနေကြသော အားနည်းသော နတ်များဖြစ်စေ၊ နတ်သခင်များဖြစ်စေ စွမ်းအားမရှိတော့ပဲ စိတ်ဝိညာဉ်များ ကုန်ခမ်းကာ ပင်ပန်းနွမ်းနယ်ပြီး စိတ်ဓာတ်ကျဆင်းနေကြ၏။
ကစဉ့်ကလျား မိစ္ဆာအတွေး နည်းဗျူဟာပုံစံ ပွင့်သွားသည့်တိုင်အောင် ထိုနတ်များထံ၌ ဘေးအန္တရာယ်မှ လွတ်မြောက်သွားသည့်အတွက် ဝမ်းသာပီတိဖြစ်သော အရိပ်အယောင်မျှပင် မရှိပဲ လူသေကောင်များကဲ့သို့ ဖြစ်နေကြသည်။
ပိတ်မိနေသော နတ်များ၏ သနားစဖွယ် အခြေအနေက နတ်သခင်များကို အလွန် ဒေါသထွက်စေခဲ့သော်လည်း သူတို့သည် ရွှမ်ချင်းယွမ်ကို ဆက်လက်တိုက်ခိုက်ခြင်း မပြုခဲ့ကြပေ။ နတ်ဆိုးဧကရာဇ်က အဘယ်ကြောင့် ယခုကဲ့သို့ အချိန်မျိုးတွင် နည်းဗျူဟာပုံစံကို ဖွင့်ပေးခဲ့သနည်း ဆိုသည်ကို သူတို့အားလုံး သိလိုစိတ် ပြင်းထန်နေကြ၏။
ရွှမ်ချင်းယွမ်က
“မြောက်ပိုင်းနယ်ကနေ ထွက်သွားကြ။ ဒီနေ့ကစပြီး ဒီနယ်မြေက နဝမကောင်းကင်တက္ကသိုလ်ရဲ့ ပိုင်နက်ဖြစ်သွားပြီ။”
ထိုအရာကို ကြားလျှင် ရွှမ်ချင်းယွမ်၏ ရည်ရွယ်ချက်ကို နတ်သခင်များ ချက်ချင်းပင် သဘောပေါက်နားလည်သွားကြ၏။ သူမသည် မြောက်ပိုင်းနယ်တစ်ခုလုံးကို အပိုင်သိမ်းပိုက်ရန် ရည်ရွယ်ထားပြီး စစ်ပွဲကိုလည်း ဆက်လက်ဆင်နွှဲလိုစိတ် မရှိတော့ပုံရသည်။
လက်ရှိအခြေအနေကို ထည့်သွင်းစဉ်းစားပြီး နတ်ဘုရားနယ်မြေ မဟာမိတ်တပ်၏ အုပ်စုအသီးသီးလည်း ပိတ်မိနေသော နတ်များကိုခေါ်၍ စစ်မြေပြင်မှ ဆုတ်ခွာနိုင်ရန် စဉ်းစားခဲ့ကြတော့သည်။
ဖြစ်ပွားနေသော စစ်ပွဲက ယာယီအားဖြင့် ရပ်တန့်သွားခဲ့လေပြီ။
စစ်ပွဲက ဤကဲ့သို့ ပြီးဆုံးသွားသည်ကို မြင်ရသဖြင့် လုချန်း မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိ၏။ ရွှမ်ချင်းယွမ် သို့မဟုတ် နတ်သခင် ကောင်းကင် တို့အနက် တစ်ယောက်ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားပြီး သူ အခွင့်ကောင်းယူနိုင်လိမ့်မည်ဟု လုချန်း ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် စစ်ပွဲက ဤမျှနှင့်တင် ပြီးဆုံးသွားခဲ့ပြီလား။
နောက်ထပ် မတိုက်ခိုက်ကြတော့ဘူးလား။
ထျန်းရန်နတ်ဘုရား နယ်မြေ၏ ထူးဆန်းသော ဖြစ်ရပ်က ရွှမ်ချင်းယွမ်ကြောင့် ဖြစ်ပွားခဲ့ခြင်း မဟုတ်ဘူးလား။
ထိုထူးဆန်းသော ဖြစ်ရပ်က ရွှမ်ချင်းယွမ်ကိုပင် စိုးရိမ်ပူပန်မှု ဖြစ်စေခဲ့သလား။
မဟုတ်ပါက ယခုကဲ့သို့ အခြေအနေမျိုး၌ အဘယ်ကြောင့် အပစ်အခတ်ရပ်စဲရန် ရွေးချယ်ရသနည်း။
နဂါးအထွတ်အထိပ် နတ်သခင်သည် မသိရသော နေရာတစ်ခုသို့ ခေါ်ဆောင်သွားခြင်း ခံလိုက်ရပြီး ဖြစ်သလို သူမ၏ ကောင်းကင်နတ်ဆိုးစွမ်းအားကို လောင်ကျွမ်းသန့်စင်နိုင်ခြင်းကြောင့် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကိုလည်း ကြောက်ရွံ့နေစရာ မလိုတော့ပေ။
သူမဘက်မှ သိသိသာသာ အသာစီးရနေသော်လည်း အပစ်အခတ်ရပ်စဲရန်သာ သူမ ရွေးချယ်ခဲ့သည်။
--