← Chapters

အခန်း ၁၈၆၈

Vol. 125 Ch. 1868

အခန်း ၁၈၆၈

Vol. 125 Ch. 1868

အခန်း (၁၈၆၈)

ယနေ့ဆုံးဖြတ်ချက်အတွက် နောင်တမရဖို့ မျှော်လင့်ပါတယ်

ရွှမ်ချင်းယွမ် အပစ်အခတ်ရပ်စဲရန် ရွေးချယ်ခဲ့သည့် အကြောင်းရင်းမှာ ခုနက ဖြစ်ပွားခဲ့သော ထူးဆန်းသည့် ဖြစ်ရပ်များကြောင့်လား ဆိုသည်ကို လုချန်း အလွန် သိလိုနေ၏။

ခုနက ထူးဆန်းသော ဖြစ်ရပ်များက နတ်ဆိုးဧကရာဇ် ရွှမ်ချင်းယွမ်ကိုပင် စိုးရိမ်ပူပန်မှု ဖြစ်စေခဲ့သည်ဆိုပါက ထိုထူးဆန်းသော စွမ်းအားဆိုး၏ မြစ်ဖျားခံရာသည် သာမန်မဟုတ်တာ ဧကန်မုချပင်။

ယခုတော့ ထျန်းရန်နတ်ဘုရား နယ်မြေ၏ အဆုံးမဲ့သော ကောင်းကင်ပြင်ကို မော့ကြည့်နေမိရုံမှတစ်ပါး အခြားမရှိပေ။ ထိုအခိုက်အတန့်တွင် ကောင်းကင်ယံ၌ တိမ်တိုက်တစ်စွန်းတစ်စမှမရှိပဲ နက်မှောင်သော ပြာလဲ့လဲ့အရောင်ကိုသာ ဖော်ပြနေပြီး မည်သည့် ထူးခြားမှုမှ ထင်ထင်ရှားရှား ရှိမနေပြန်ပေ။

လုချန်း ငေးမောနေစဉ်မှာပင် နတ်ဘုရားနယ်မြေ မဟာမိတ်တပ်က အလုံးအရင်းနှင့် စတင်ဆုတ်ခွာနေပြီ ဖြစ်၏။ သူတို့၏ စစ်နတ်လှေများသည် တောင်ပိုင်းနယ်ဆီသို့ ဆုတ်ခွာနေကြပြီး မြောက်ပိုင်းနယ်၏ အင်အားစုများကတော့ စိတ်မပါလက်မပါဖြင့် ရွှေ့ပြောင်းရန် ပြင်ဆင်နေကြသည်။

ထိုအချိန်တွင် နဂါးပြာခန်းမ၏ ခန်းမသခင် နဂါးပျံနတ်သခင်နှင့် နတ်သခင်အုပ်စုတစ်စုသည် စစ်နတ်လှေတစ်စင်းပေါ်တွင် စုရုံးရောက်ရှိနေကြပြီး အချိန်အတော်ကြာအောင် တိတ်ဆိတ်နေကြ၏။

နဂါးပျံနတ်သခင်၏ အခြေအနေမှာ အလွန်ဆိုးရွားနေပုံရသည်။ နဂါးအထွတ်အထိပ် နတ်သခင် ထိုနေရာ၌ ရှိမနေသည်ကို သတိပြုမိလျှင် သူ ကွယ်လွန်သွားပြီ ဖြစ်နိုင်ကြောင်း နဂါးပျံနတ်သခင် သိလိုက်၏။

သို့သော်လည်း အပြင်ဘက်ရှိ နတ်သခင်အုပ်စုက နတ်ဆိုးဧကရာဇ်ကို မည်သို့ နှိမ်နင်းကာ မဟာနည်းဗျူဟာပုံစံကို ရုပ်သိမ်းစေခဲ့သနည်း ဆိုသည်ကိုတော့ သူ သိလိုစိတ်ပြင်းပြနေမိ၏။

နဂါးပျံနတ်သခင်က အခြားနတ်သခင်များကို

“ခင်ဗျားတို့ နတ်ဆိုးဧကရာဇ်ကို ဘာလို့ အပြတ်မရှင်းခဲ့ကြတာလဲ။”

ရွှမ်ချင်းယွမ်သည် ကောင်းကင်ယံထက်တွင် ရှိနေဆဲဖြစ်ပြီး သူမ၏ အခြေအနေကလည်း ကောင်းပုံမရပေ။ သူမ၏ ကောင်းကင်နတ်ဆိုးစွမ်းအားများ သိသိသာသာ အားနည်းဆုတ်ယုတ်နေပြီ ဖြစ်၏။ ထိုအခြေအနေကို မြင်လျှင် မိမိတို့ဘက်တွင် နတ်သခင်အမြောက်အမြား ရှိနေခြင်းကြောင့် နတ်ဆိုးဧကရာဇ်ကို အလွယ်တကူ သတ်ဖြတ်နိုင်သင့်သည်ဟု နဂါးပျံနတ်သခင် တွေးတောမိလိုက်၏။

နဂါးပျံနတ်သခင်၏ အမေးကို ကြားလျှင် သူ နားလည်မှုလွဲနေကြောင်း အခြားနတ်သခင်များ သဘောပေါက်သွားကြ၏။ နတ်သခင်ထိုက်ဟွာသည် ယခင်မှတ်ဉာဏ်များကို မှတ်ဉာဏ်ပုလဲတစ်လုံးအဖြစ် ချက်ချင်းပင် ပုံဖော်ကာ နဂါးပျံနတ်သခင်ထံ ကမ်းပေးလိုက်၏။

နဂါးပျံနတ်သခင် လက်မြှောက်လိုက်လျှင် ထိုမှတ်ဉာဏ်ပုလဲက သူ၏ နဖူးဆီသို့ တိုးဝင်သွားပြီး အတွင်းရှိ မှတ်ဉာဏ်များကို ဖတ်ရှုခွင့် ရရှိသွားသည်။

နတ်ဆိုးဧကရာဇ်ကိုယ်တိုင် နည်းဗျူဟာပုံစံကို သူမ ဆန္ဒအလျောက် ဖွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိသွားသည့်အခါ နဂါးပျံနတ်သခင် တိတ်ဆိတ်သွားရတော့၏။ နတ်ဆိုးဧကရာဇ်ကို နတ်ဘုရားနယ်မြေ မဟာမိတ်အဖွဲ့က နှိမ်နင်းနိုင်ခဲ့ခြင်း မဟုတ်ပဲ ထျန်းရန်နတ်ဘုရား နယ်မြေ၏ အပြောင်းအလဲတစ်ခုကြောင့်သာ နတ်ဆိုးဧကရာဇ်က သူတို့ကို လက်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

မဟာမိတ်အဖွဲ့က စစ်ပွဲတွင် အနိုင်မရခဲ့သည့်အပြင် နဂါးပြာခန်းမအနေဖြင့် မြောက်ပိုင်းနယ်မှ ထွက်ခွာရတော့မည်ဟူသော အတွေးကြောင့် နဂါးပျံနတ်သခင်လည်း သူ၏ လက်သီးကို တင်းတင်းဆုပ်လိုက်မိ၏။

နဂါးပျံနတ်သခင်က

“နတ်ဆိုးဧကရာဇ်က မြောက်ပိုင်းနယ်ကို တကယ် ထိန်းချုပ်သွားနိုင်ရင် သူရဲ့ စွမ်းအားတွေ မကြာခင် ပြန်ကောင်းလာလိမ့်မယ်။ အဲဒီအချိန်ကျရင် ထျန်းရန်နတ်ဘုရား နယ်မြေတစ်ခုလုံး သူရဲ့ အုပ်ချုပ်မှုအောက် ရောက်သွားနိုင်တယ်။ ခင်ဗျားတို့ တကယ်ပဲ ဒီအတိုင်း လက်ခံနိုင်ကြမှာလား။”

နဂါးပြာခန်းမသည် မြောက်ပိုင်းနယ်တွင် တည်ရှိခြင်းကြောင့် ထိုနေရာရှိ အခြားသော မဟာအင်အားကြီးအုပ်စုများနှင့် ကွဲပြားခြားနားလှပေသည်။ သူတို့ကို မြောက်ပိုင်းနယ်မှ ထွက်ခွာခိုင်းခြင်းက သွားစရာ အခြားနေရာမရှိတော့ဟု ဆိုလိုခြင်း ဖြစ်၏။

ထျန်းရန်နတ်ဘုရား နယ်မြေသည် ကျယ်ဝန်းလှသော်လည်း နယ်မြေတစ်ခုစီတွင် မဟာအင်အားကြီးအုပ်စု နှစ်ခုထက် ပို၍ လက်ခံမထားနိုင်ပေ။ နယ်မြေ အသီးသီးရှိ ကျင့်စဉ်အရင်းအမြစ်များကို ထိုနေရာရှိ မဟာအင်အားကြီးအုပ်စုများက ကနဦးကတည်းက ထိန်းချုပ်ထားပြီး ဖြစ်၏။

နဂါးပြာခန်းမအတွက် အခြေချစရာ နေရာမရှိတော့ပေ။

မဟာအင်အားကြီးအုပ်စုတစ်ခုခုက သူတို့၏ နယ်မြေအတွင်း နေထိုင်ခွင့်ပြုခဲ့လျှင်ပင် နဂါးပြာခန်းမအနေဖြင့် ယခင်အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိရန် ခဲယဉ်းမည်ဖြစ်ပြီး လက်အောက်ခံအဖြစ်သာ ရှင်သန်သွားရပေလိမ့်မည်။

နဂါးပျံနတ်သခင်၏ စကားများကို ကြားရလျှင် ရွှမ်ချင်းယွမ်၏ စွမ်းအားများ ပြန်လည်ပြည့်ဖြိုးလာပြီး ထျန်းရန်နတ်ဘုရား နယ်မြေကို တစ်ဖန်ပြန်၍ သိမ်းပိုက်လာနိုင်ခြေရှိကြောင်း သိကြသဖြင့် နတ်သခင်များအားလုံး တိတ်ဆိတ်သွားကြပြန်၏။ သို့သော်လည်း လက်ရှိ ထျန်းရန်နတ်ဘုရား နယ်မြေအတွင်း ဖြစ်ပေါ်နေသော ပြဿနာများက နတ်ဆိုးဧကရာဇ် စွမ်းအားပြန်လည်ကောင်းမွန်လာမည့် အရေးထက် ပို၍ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်နေသည်။

နတ်ဆိုးဧကရာဇ် စွမ်းအားပြန်လည်ရရှိသွားပြီးနောက် လူတိုင်း သူမ၏လက်အောက်သို့ မလွဲမသွေ ဝင်ရောက်ရပေလိမ့်မည်။ ထိုသို့သော အခြေအနေမျိုးတွင် နတ်ဆိုးဧကရာဇ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမျိုး ပြုလုပ်လိမ့်မည်မဟုတ်ဟု ယုံကြည်ကြသဖြင့် သူတို့အတွက် ရှင်သန်ရန် အခွင့်အရေး ရှိနေသေး၏။

သို့ရာတွင် လက်ရှိ ထျန်းရန်နတ်ဘုရား နယ်မြေအတွင်းရှိ မဟာလမ်းစဉ် ကပ်ဘေး နှင့် ယနေ့ ထွက်ပေါ်လာသော ထူးဆန်းပြီး နက်မှောင်သော စွမ်းအားဆိုးများက သူတို့၏ နတ်ဂိုဏ်းများအတွက် တိုက်ရိုက် ခြိမ်းခြောက်မှုကြီး ဖြစ်နေသည်။

မဟာလမ်းစဉ် ကပ်ဘေးသည် ထိုထူးဆန်းသော စွမ်းအားများကြောင့်ဖြစ် ပေါ်လာခြင်းဖြစ်ပြီး ယင်းက ဖန်တီးခြင်း လမ်းစဉ်ကို ဆက်လက်တိုက်စားနေမည် ဆိုပါက နတ်များ၏ သက်တမ်း သိသိသာသာ လျော့နည်းသွားမည်ဖြစ်ရာ ဤပြဿနာကို နတ်ဆိုးဧကရာဇ်နှင့် မဟာမိတ်ဖွဲ့ရုံမျှဖြင့် မဖြေရှင်းနိုင်‌ပေ။ ၎င်းက နတ်ဆိုးဧကရာဇ်ထက် ပိုကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာသည်။

ထို့ပြင် ထိုထူးဆန်းသော စွမ်းအားများ ကိုယ်တိုင်ကကလည်း ကြီးမားလှသော ဘေးအန္တရာယ်များကို သယ်ဆောင်လာနိုင်သည်။ အကယ်၍ သူတို့၏ နတ်ဂိုဏ်းအနီးတွင် အာကာသ အက်ကြောင်းတစ်ခု ပေါ်ပေါက်လာပြီး ဤစွမ်းအားများကို ထုတ်လွှတ်လိုက်ပါက သူတို့၏ နတ်ဂိုဏ်း ခဏချင်းအတွင်း ပြိုလဲပျက်စီးသွားနိုင်ခြေရှိ၏။

လက်ရှိအချိန်တွင် နတ်ဆိုးဧကရာဇ်ထံမှ ခြိမ်းခြောက်မှုက အသေးငယ်ဆုံးဟုပင် ဆိုရပေလိမ့်မည်။

ထို့ပြင် နတ်ဆိုးဧကရာဇ် စွမ်းအားပြန်လည်ရရှိသွားပါက ကောင်းကင်ဘုံ လမ်းစဉ်နှင့် တိုက်ရိုက် ဆက်သွယ်နိုင်ပြီး ၎င်းနှင့်ပတ်သက်သည့် ပြဿနာများကို ဖြေရှင်းပေးနိုင်လိမ့်မည်ဟု အချို့က တွေးတောနေကြ၏။ ဤရှုထောင့်မှ ကြည့်လျှင် နတ်ဆိုးဧကရာဇ်၏ စွမ်းအားပြန်လည် ပြည့်ဖြိုးလာခြင်းက သူတို့အတွက် အကျိုးရှိစေနိုင်ပြန်သည်။

ထိုနေရာရှိ တိတ်ဆိတ်နေသော နတ်သခင်များကို ကြည့်ရှုရင်း သူတို့၏ ရည်ရွယ်ချက်ကို နဂါးပျံနတ်သခင် နားလည်သွား၏။ ထိုမဟာအင်အားကြီးအုပ်စုများသည် နတ်ဆိုးဧကရာဇ်ကို ဆက်လက်နှိမ်နင်းရန် ရည်ရွယ်ချက် မရှိကြတော့ပဲ နတ်ဘုရားနယ်မြေ မဟာမိတ်တပ်သည်လည်း ယနေ့တွင်ပင် ပြိုကွဲသွားတော့မည်ဟု သူ ခန့်မှန်းလိုက်မိသည်။

နဂါးပျံနတ်သခင် က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး

“ယနေ့ ဆုံးဖြတ်ချက်အတွက် ခင်ဗျားတို့ နောင်တမရစေနဲ့လို့ပဲ မျှော်လင့်ပါတယ်။”

ထိုသို့ပြောပြီးနောက် နဂါးပျံနတ်သခင်သည် နဂါးပြာခန်းမ၏ တပည့်များကို ခေါ်ဆောင်ကာ ထွက်ခွာသွား‌တော့၏။ ထွက်ခွာသွားသော နဂါးပျံနတ်သခင်၏ ကျောပြင်ကို ကြည့်ရင်း အခြားနတ်သခင်များ အတွေးနက်သွားကြရပြန်သည်။

အခြေအနေများက ဆုံးဖြတ်ပြီးသား ဖြစ်သွားရာ နတ်ဘုရားနယ်မြေ မဟာမိတ်အဖွဲ့ကြီး ပြိုကွဲရန်ကလည်း လက်တစ်ကမ်းသာ လိုတော့သည်။ ထို့ပြင် နတ်သခင်များ၏ စစ်ပွဲကြောင့် မြောက်ပိုင်းနယ်တစ်နယ်လုံး ဆိုးရွားစွာပျက်စီး သွားခဲ့ရသဖြင့် နဂါးပြာခန်းမအနေဖြင့် တောင်ပိုင်းနယ်သို့ မလွဲမသွေ ရွှေ့ပြောင်းရတော့မည် ဖြစ်၏။

မြောက်ပိုင်းနယ်၏ မဟာအင်အားကြီးအုပ်စုတစ်ခု ဖြစ်သည့်အတိုင်း နဂါးအထွတ်အထိပ် နတ်သခင် ကျဆုံးသွားခဲ့သော်လည်း နဂါးပြာခန်းမတွင် ခိုင်မာသော အခြေခံအုတ်မြစ်များ ရှိနေဆဲ ဖြစ်သည်။ အကယ်၍ သူတို့သာ တောင်ပိုင်းနယ်သို့ ရွှေ့ပြောင်းလာပါက အခြားသော မဟာအင်အားကြီးအုပ်စုများအတွက် ကောင်းသော အရာ ဖြစ်လိမ့်မည်မဟုတ်ပေ။

မည်သည့် မဟာအင်အားကြီးအုပ်စုမှ မိမိတို့၏ နယ်မြေကို အခြားအုပ်စုတစ်ခုက လာရောက်လုယူကာ ကျင့်စဉ်အရင်းအမြစ်များကို ခွဲဝေယူမည်ကို အလိုမရှိပေ။ အထူးသဖြင့် ယခုကဲ့သို့ အခြေအနေမျိုးတွင် ပို၍ပင် အလိုမရှိကြပေ။

အခြေအနေ၏ လေးနက်မှုကို နတ်သခင်များ သဘောပေါက်သွားကြပြီး မြောက်ပိုင်းနယ်၏ အခြေအနေကို မိမိတို့၏ နတ်ဂိုဏ်းများထံ ချက်ချင်း အစီရင်ခံရန်နှင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် တွေးတောလိုက်ကြ၏။

နဂါးပြာခန်းမအပြင် မြောက်ပိုင်းနယ်တွင် အခြားသောအင်အားစုများလည်း တည်ရှိနေသေး၏။ သူတို့သည် မဟာအင်အားကြီးအုပ်စုများ မဟုတ်ကြသော်လည်း သူတို့ထံ၌ နတ်သခင်များ ရှိနေကြသေးသည်။ အကယ်၍ သူတို့အားလုံး စုပေါင်း၍ တောင်ပိုင်းသို့ ရွှေ့ပြောင်းလာကြပါက အခြားနယ် မြေများကို ဧကန်မုချ ရိုက်ခတ်မှုရှိလာမည်ဖြစ်ပြီး ထျန်းရန်နတ်ဘုရား နယ်မြေ၏ အင်အားချိန်ခွင်လျှာကိုပင် ပြောင်းလဲပစ်နိုင်ခြေ ရှိ၏။

မကြာမီမှာပင် အင်အားစုအသီးသီးမှ နတ်သခင်များလည်း မိမိတို့၏ နတ်များကို ဦးဆောင်ကာ အလုံးအရင်းနှင့် ပြန်လည်ဆုတ်ခွာသွားကြတော့၏။

လျှို့ဝှက်လဝန်း ကျောင်းတော်မှ နတ်များလည်း ဆုတ်ခွာရန် စတင်ပြင်ဆင်ကြပြီဖြစ်သည်။

ဆုတ်ခွာနေစဉ်အတွင်း ချန်းလုကို သူ တကယ်ပင် လုချန်းလား ဟု မေးမြန်းရန် နတ်သခင် ကောင်းကင် အကြိမ်ကြိမ် ကြံရွယ်ခဲ့သော်လည်း နောက်ဆုံးတွင် စိတ်ကို ထိန်းချုပ်လိုက်ပြီး လျှို့ဝှက်လဝန်း ကျောင်းတော်သို့ ရောက်ရှိမှသာ စုံစမ်းရန် ဆုံးဖြတ်လိုက်၏။ ဤနေရာ၌ လုချန်း၏ သရုပ်မှန်ကို ဖော်ထုတ်လိုက်ပါက သူ ထွက်ပြေးသွားနိုင် သည်ဟု သူမ တွက်ဆထားခြင်း ဖြစ်သည်။ လုချန်း သူမ၏ ပိုင်နက်အတွင်းသို့ ရောက်ရှိသွားပါက လွတ်မြောက်ရန် ကြိုးပမ်းခြင်းက အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။

နတ်ဘုရားနယ်မြေ မဟာမိတ်အဖွဲ့ကြီး ပြိုကွဲသွားပြီးနောက် မြောက်ပိုင်းနယ်၏ ဖြစ်ရပ်ဆိုး သတင်းများ ထျန်းရန်နတ်ဘုရား နယ်မြေတစ်ခွင်လုံးသို့ ပျံ့နှံ့သွားခဲ့ရာ အင်အားစုအားလုံးကို တိတ်ဆိတ်ခြင်းသို့ နစ်မြောသွားစေခဲ့၏။ နတ်ဆိုးဧကရာဇ်ကို ဆက်လက်ဆန့်ကျင်တိုက်ခိုက်ရန် မည်သည့်အင်အားစုမှ ရှေ့ထွက်၍ မတိုက်တွန်းဝံ့ကြတော့ပေ။

အခြေအနေများ ပြောင်းလဲသွားပြီ ဖြစ်သဖြင့် ရွှမ်ချင်းယွမ်နှင့် ကောင်းမွန်သော ဆက်ဆံရေး မည်သို့ တည်ဆောက်ရမည်ကိုသာ အင်အားစုများ တွေးတောလာကြတော့၏။

မကြာမီမှာပင် အင်အားစုအသီးသီးမှ နတ်သခင်များ၏ စိတ်ထဲ အစီအစဉ်သစ်တစ်ခု ပေါ်ပေါက်လာခဲ့တော့၏။

ရွှမ်ချင်းယွမ်နှင့် ဆက်ဆံရေး ပိုကောင်းလာစေရန်အတွက် ဓားစာခံတစ်ယောက်ကို သီးသန့် ရွေးချယ်ရမည် ဖြစ်ကြောင်း သဘောပေါက်သွားကြခြင်းဖြစ်၏။

နဂါးပြာခန်းမသည် နဝမကောင်းကင်တက္ကသိုလ်၏ အုပ်ချုပ်မှုကို ပထမဆုံး ဆန့်ကျင်ခဲ့သောအဖွဲ့ ဖြစ်သည့်အပြင် ရွှမ်ချင်းယွမ် ပြန်လည်ရောက်ရှိလာပြီးနောက် နတ်ဘုရားနယ်မြေ မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းရန် ဦးဆောင်ဦးရွက်ပြုခဲ့သူ ဖြစ်သဖြင့် သူတို့သည် အကောင်းဆုံး ဓားစာခံကြီး ဖြစ်လာခဲ့တော့သည်။

--

………….

All Chapters