← Chapters

အခန်း ၁၈၆၉

Vol. 125 Ch. 1869

အခန်း ၁၈၆၉

Vol. 125 Ch. 1869

အခန်း( ၁၈၆၉ )

ကျောင်းတော်သခင် သိနေခဲ့တာလား

နတ်သခင် ကောင်းကင်သည် လျှို့ဝှက်လဝန်း ကျောင်းတော်၏တပ်နှင့်အတူ ပြန်လည်ရောက်ရှိလာပြီးနောက် ယွမ်မုန့်ခန်းမဆီသို့ ချက်ချင်း သွားရောက်ခဲ့၏။ ထိုအခိုက်အတန့်တွင် ယွမ်မုန့်ခန်းမအတွင်း၌ လျှို့ဝှက်လဝန်း ကျောင်းတော်မှ နတ်သခင်များအားလုံး ကနဦးကတည်းက စုရုံးရောက်ရှိနေကြပြီ ဖြစ်၏။

နတ်သခင်များသည် တစ်စုံတစ်ခုကို တိုင်ပင်ဆွေးနွေးနေကြပုံရသော်လည်း နတ်သခင် ကောင်းကင် ခန်းမထဲသို့ ဝင်ရောက်လာသည်ကို မြင်လျှင် မြင်ချင်း စကားပြောသံများ ရုတ်တရက် တိတ်ဆိတ်သွားပြီး မျက်လုံးအားလုံးက နတ်သခင် ကောင်းကင်ထံသို့သာ ပြိုင်တူကျရောက်လာကြသည်။

ပြန်လည်ရောက်ရှိလာပြီဖြစ်သဖြင့် မြောက်ပိုင်းနယ်၏ ဖြစ်ပျက်ခဲ့သမျှ အခြေအနေများကို နတ်သခင် ယွမ်မုန့်ထံ သွားရောက်အစီရင်ခံရန် တာဝန်ရှိသည်။ သို့သော်လည်း သူမသည် ပြန်လာသည့် လမ်းခရီးကတည်းက မြောက်ပိုင်းနယ်၏ အခြေအနေများကို ယွမ်မုန့်ထံ ကြိုတင်အသိပေးရန် စေတမန်တစ်ယောက် စေလွှတ်ခဲ့ပြီး ဖြစ်သဖြင့် ယနေ့တွင် နတ်သခင်များ ယခုကဲ့သို့ စုရုံးနေကြခြင်း ဖြစ်၏။

ထိုစဉ် နတ်သခင် ကောင်းကင်လင်းယုန်က နတ်သခင် ကောင်းကင်ကို လှောင်ပြောင်သော လေသံဖြင့်

“ကောင်းကင်တောင်ထိပ်သခင်က တကယ့် အစွမ်းအစတွေကို ဝှက်ထားတာပဲ။ ကောင်းကင်နတ်ဆိုးစွမ်းအားကို တုံ့ပြန်နိုင်တဲ့ နတ်ကျင့်စဉ် ခင်ဗျားဆီမှာ ရှိနေတာကို ကျောင်းတော်သခင်တောင် သိမှာမဟုတ်ဘူး ထင်တယ်။”

နတ်သခင် ကောင်းကင်လင်းယုန်ကပင် ဆက်လက်၍

“ဒီလို အဖိုးတန်လှတဲ့ ကောင်းကင်အဆင့် နတ်ကျင့်စဉ်ကို ကောင်းကင်တောင်ထိပ်သခင်က တခြားနတ်ဂိုဏ်းတွေကို ဘာမှမချန်ပဲ ရက်ရက်ရောရော လက်ဆင့်ကမ်းပေးလိုက်တာပဲ။ တကယ့်ကို သဘောထားကြီးလှပါပေတယ်။”

တောင်ထိပ်အသီးသီးမှ တပည့်များကို မြောက်ပိုင်းနယ်သို့ စေလွှတ်ခဲ့ခြင်းကြောင့် နတ်သခင် ကောင်းကင်က အခြားနတ်ဂိုဏ်းများကို နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ သင်ကြားပေးခဲ့သည့် ကိစ္စအား လျှို့ဝှက်လဝန်း ကျောင်းတော်၏ နတ်သခင်များ ကြိုတင်သိထားကြသဖြင့် သူမဘက်မှ ကိုယ်တိုင် အစီရင်ခံနေရန်ပင် မလိုအပ်ပေ။

ထိုသတင်းကို ကြားသိရလျှင် နတ်သခင်များ အံ့အားသင့်ကုန်ကြ၏။ လျှို့ဝှက်လဝန်းနန်းတော်အတွင်း ကောင်းကင်နတ်ဆိုးစွမ်းအားကို တုံ့ပြန်နိုင်သည့် ကျင့်စဉ်တစ်မျိုးမျိုး ရှိခဲ့သည်ဟု သူတို့ မမှတ်မိကြပေ။

အဓိကအကျဆုံးအချက်မှာ ထိုကောင်းကင်အဆင့် နတ်ကျင့်စဉ်ကို အခြားနတ်ဂိုဏ်းများထံ လက်ဆင့်ကမ်းရန် နတ်သခင် ကောင်းကင်က သူမ၏ သဘောဆန္ဒတစ်ခုတည်းဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။

ထိုနတ်ကျင့်စဉ်သည် အလွန်တရာ တန်ဖိုးဖြတ်မရနိုင်သောကြောင့် ၎င်းကို ပို၍ကြီးမားသော အကျိုးအမြတ်များနှင့် လဲလှယ်နိုင်သော်လည်း နတ်သခင် ကောင်းကင်က ဤအတိုင်း အလကား ပေးကမ်းပစ်ခဲ့သည်။

နတ်သခင် ကောင်းကင်လင်းယုန်၏ လှောင်ပြောင်သော စကားများကို ကြားလျှင် နတ်သခင် ကောင်းကင်က ခပ်အေးအေးပင်

“ကျောင်းတော်သခင် သိပါတယ်”

ဒါက...

နတ်သခင် ကောင်းကင်၏ စကားဆုံးသွားသည်နှင့် ထိုနေရာရှိ နတ်သခင်များအားလုံး ခဏခန့် မှင်တက်သွားကြ၏။

သူတို့၏ ကျောင်းတော်သခင်က ဤအကြောင်းကို သိနေခဲ့တယ်တဲ့လား။

ထိုသို့ဆိုလျှင် အခြားဂိုဏ်းများမှ နတ်သခင်များထံ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို လက်ဆင့်ကမ်းရန် နတ်သခင် ကောင်းကင်သည် ကျောင်းတော်သခင်၏ ညွှန်ကြားချက်အရ လုပ်ဆောင်ခဲ့ခြင်း ဖြစ်လိမ့်မည်။

ထို့နောက် နတ်သခင်များ၏ မျက်လုံးများက နတ်သခင် ယွမ်မုန့်ထံသို့ တစ်ပြိုင်နက်တည်း ရွှေ့လျားသွားကြသည်။

လုချန်း၏ သရုပ်မှန်ကို စောစောစီးစီး ဖော်ထုတ်ရန် ရည်ရွယ်ချက် မရှိသဖြင့် နတ်သခင် ယွမ်မုန့် က ခပ်အေးအေးပင်

“ဒါက ဘိုးဘေးရဲ့ ရည်ရွယ်ချက်ပဲ။ ဒီနတ်ကျင့်စဉ်ကလည်း ဘိုးဘေးဆီကပဲ လာတာပါ။”

နတ်သခင် ယွမ်မုန့်၏ ထုတ်ဖော်ပြောဆိုမှုကို မြင်လျှင် နတ်သခင် ကောင်းကင်၌ ယခုကဲ့သို့ နတ်ကျင့်စဉ် ရှိနေရခြင်းမှာ ဘိုးဘေးက အပ်နှင်းခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သဘောပေါက်သွားကြသဖြင့် နတ်သခင်များ နောက်ထပ် မည်သည့်မှတ်ချက်မှ မပေးကြတော့ပေ။

နတ်သခင် ယွမ်မုန့်က ဆက်လက်၍

“အခု မြောက်ပိုင်းစစ်ဆင်ရေးက ရှုံးနိမ့်သွားပြီ။ ကပ်ဘေးကလည်း နီးကပ်လာပြီ။ ဘိုးဘေး ဒုတိယအကြိမ် ရှင်သန်လာနိုင်ဖို့ ကျွန်မတို့ အမြန်ဆုံး လုပ်ရမယ်။ ဒီနေ့ကစပြီး သူတော်စင်မကို ရှာဖွေတာကို အလယ်ပိုင်းနယ်တစ်ခုတည်းမှာ မကန့်သတ်တော့ဘူး။ အခြားနယ်တွေမှာ သင့်တော်တဲ့သူ ရှိရင်လည်း ခေါ်ဆောင်လာနိုင်အောင် ကြိုးစားကြရမယ်။”

သူတော်စင်မလောင်းကို ရှုကျင့်ရှူး ကိုယ်ဝန်ဆောင်ထားသော်လည်း ထိုသူတော်စင်မကို မည်သည့်အချိန်တွင် မွေးဖွားလာမည်ကို မည်သူမှ မသိကြသဖြင့် ထိုနေရာရှိ နတ်သခင်များအနေဖြင့် နတ်သခင် ယွမ်မုန့်၏ စကားများကို ထူးဆန်းသည်ဟု မထင်ကြပေ။

အဓိကအကျဆုံးမှာ နတ်ဆိုးဧကရာဇ်သည် ယခုအခါ ကြီးမားသော ခြိမ်းခြောက်မှုကြီး ဖြစ်လာခဲ့ပြီး နောင်တွင်လည်း အခြားနယ်ပယ်များမှ မဟာအင်အားကြီးအုပ်စုများသည် သူ့ကို ဆန့်ကျင်ရန် မဟာမိတ်ဖွဲ့ကြတော့မည် မဟုတ်ပေ။

ထို့ပြင် ထျန်းရန်နတ်ဘုရား နယ်မြေတွင် ထူးဆန်းသော ဖြစ်ရပ်များ နှစ်ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ပြီး ကျင့်စဉ်လမ်းစဉ်တွင်လည်း ပြဿနာများ ပေါ်ပေါက်နေခြင်းက ကပ်ဘေးကြီး ရောက်လုနီးပြီဖြစ်ကြောင်း အချက်ပြနေသဖြင့် ရှုကျင့်ရှူး၏ ရင်သွေးကို ပြုစုပျိုးထောင်ရန် အချိန်မီတော့ပါ့မလားဟု သူတို့ စိုးရိမ်နေကြသည်။

ထို့ကြောင့် ယခုအချိန်တွင် သူတော်စင်မအသစ်တစ်ယောက်ကို ရှာဖွေခြင်းကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။

နတ်သခင် ယွမ်မုန့်က ထိုနေရာရှိ နတ်သခင်များကို ဝေ့ကြည့်လိုက်ပြီး

“လွန်ခဲ့တဲ့ နှစ်တွေအတွင်း တောင်ထိပ်တွေအကြားမှာ တိတ်တဆိတ် ပြိုင်ဆိုင်မှုတွေ ရှိခဲ့တာကို ကျွန်မ သိပါတယ်။ ဒါပေမဲ့ အခုက သေးရေးရှင်ရေးလောက် အရေးကြီးတဲ့ အခိုက်အတန့်ပဲ။ ဘယ်သူမဆို ကိုယ်ကျိုးစီးပွားအတွက်နဲ့ နတ်ဂိုဏ်းရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့်အရာတွေကို မလုပ်ကြဖို့ မျှော်လင့်ပါတယ်။”

ထိုသို့ပြောရင်း ယွမ်မုန့်၏ အကြည့်က နတ်သခင် ကောင်းကင်လင်းယုန်ထံတွင် ခဏခန့် ရပ်တန့်သွားရာ သူကို စိုက်ကြည့်နေသော ယွမ်မုန့်ကို မြင်လျှင် ကောင်းကင်လင်းယုန်၏ ရင်ဘတ်ထဲမှ နှလုံးခုန်သံ တဒိတ်ဒိတ် မြန်ဆန်သွား၏။

သူ လုပ်ခဲ့သော အရာများကို နတ်သခင် ယွမ်မုန့် သိသွားခဲ့ပြီလား။

ကံကောင်းထောက်မစွာဖြင့် ယနေ့တွင် ယွမ်မုန့်က သတိပေးရုံသာ ပြုလုပ်ခြင်းဖြစ်ပြီး အပြစ်ပေးရန် ရည်ရွယ်ချက် မရှိပေ။

နတ်သခင်များက

“ကျုပ်တို့ ကျောင်းတော်သခင်ရဲ့ အမိန့်ကို နာခံပါ့မယ်”

ထို့နောက် နတ်သခင် ကောင်းကင်က

“ကျောင်းတော်သခင်... နောက်ထပ် ကျွန်မတို့ ဖြေရှင်းရမယ့် ကြီးမားတဲ့ ပြဿနာတစ်ခု ရှိလာနိုင်တယ်။”

နတ်သခင် ယွမ်မုန့် က

“ဘာပြဿနာလဲ ညီမလေး။ ပွင့်ပွင့်လင်းလင်းသာ ပြောပါ။”

နတ်သခင် ကောင်းကင်က

“မြောက်ပိုင်းစစ်ဆင်ရေး ရှုံးနိမ့်သွားတဲ့အတွက် နတ်ဆိုးဧကရာဇ်က နတ်တွေကို မြောက်ပိုင်းနယ်ကနေ ထွက်ခွာဖို့ တောင်းဆိုထားတယ်။ နဂါးပြာခန်းမနဲ့ မြောက်ပိုင်းနယ်က အင်အားစုတွေက တောင်ပိုင်းကို မလွဲမသွေ ရွှေ့ပြောင်းကြလိမ့်မယ်။ အလယ်ပိုင်းနယ်က မြောက်ပိုင်းနယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတော့ အဲဒီအင်အားစုတွေက အလယ်ပိုင်းနယ်ရဲ့ မြေတွေကို မက်မောလာပြီး စစ်ပွဲအသစ်တွေ ဖြစ်လာနိုင်တယ်။”

“နဂါးပြာခန်းမ တောင်ပိုင်းဆီ ရွှေ့ပြောင်းလာတာကို တုံ့ပြန်ဖို့ ကျွန်မတို့ ကြိုတင်ပြင်ဆင်ထားရမယ်။”

နတ်ဆိုးဧကရာဇ်ကို နှိမ်နင်းစဉ်အတွင်း သူတို့သည် နဂါးပြာခန်းမနှင့် မဟာမိတ်များ ဖြစ်ခဲ့ကြသော်လည်း ယခုအခါ နတ်ဘုရားနယ်မြေ မဟာမိတ်တပ် ပြိုကွဲသွားပြီး နဂါးပြာခန်းမက တောင်ပိုင်းသို့ ရွှေ့ပြောင်းရန် ရည်ရွယ်ထားသဖြင့် သူတို့သည် ပြိုင်ဘက်များ ဖြစ်လာခဲ့ကြပြီ ဖြစ်၏။

နဂါးပြာခန်းမ တောင်ပိုင်းသို့ ရွှေ့ပြောင်းလာပါက နယ်မြေများကို ဧကန်မုချ လုယူပေလိမ့်မည်။

အလယ်ပိုင်းနယ်တစ်ခုလုံးသည် လျှို့ဝှက်လဝန်း ကျောင်းတော်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသဖြင့် အကယ်၍ နဂါးပြာခန်းမက အလယ်ပိုင်းနယ်တွင် နယ်မြေလုယူရန် ရည်ရွယ်ပါက ဂိုဏ်းနှစ်ဂိုဏ်းအကြား တိုက်ပွဲတစ်ခု ဖြစ်ပွားခြင်းကို ရှောင်လွှဲ၍မရနိုင်ပေ။

နတ်သခင် ကောင်းကင်၏ သတိပေးချက်ကို ကြားလျှင် ခန်းမအတွင်းရှိ နတ်သခင်များအားလုံး အတွေးနက်သွားကြသည်။

ယခုကဲ့သို့ စိုးရိမ်ဖွယ်ရာ အချိန်မျိုးတွင် အခြားနတ်ဂိုဏ်းများနှင့် စစ်ပွဲဖြစ်ပွားခြင်းကို သူတို့ ရှောင်လွှဲလိုသော်လည်း မြောက်ပိုင်းနယ်၏ အင်အားစုများ တောင်ပိုင်းသို့ ရွှေ့ပြောင်းလာပါက စစ်ပွဲ မလွဲမသွေ ဖြစ်လာပေလိမ့်မည်။

ကပ်ဘေးကြီး နီးကပ်လာပြီဖြစ်၍ သူတို့ဘက်မှ ကြိုတင်ပြင်ရမည်သာမက မြောက်ပိုင်းနယ်၏ အင်အားစုများမှာလည်း ၎င်းကို ရင်ဆိုင်ဖြေရှင်းကြရပေလိမ့်မည်။ နယ်မြေမရှိပါက ထိုကဲ့သို့သော ခြိမ်းခြောက်မှုကို ရင်ဆိုင်ရန် နည်းလမ်းမရှိပေ။

ထို့ပြင် ထိုအင်အားစုများသည် ခိုင်မာသောအခြေခံရှိသည့် အဖွဲ့အစည်းများဖြစ်ပြီး အလွယ်တကူ ပြိုကွဲမည်မဟုတ်သဖြင့် သူတို့ တောင်ပိုင်းဆီသို့ ရွှေ့ပြောင်းလာလျှင် နယ်မြေလုယူမှုများ ဧကန်မုချ ပါဝင်လာပေလိမ့်မည်။

အချက်အလက်များကို သုံးသပ်ပြီး ခဏတာ တိတ်ဆိတ်သွားပြီးနောက် နတ်သခင် ယွမ်မုန့်က

“ညီမလေး ကောင်းကင် ပြောတာ မှန်တယ်။ မြောက်ပိုင်းနယ် အင်အားစုတွေ တောင်ပိုင်းကို ရွှေ့ပြောင်းလာတာက အလယ်ပိုင်းနယ်ကို တကယ်ပဲ မတည်မငြိမ် ဖြစ်စေလိမ့်မယ်။ တောင်ထိပ်တစ်ခုချင်းစီကနေ မြောက်ပိုင်းနယ် အင်အားစုတွေရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ဖို့ လူတွေ စေလွှတ်ရမယ်။ သုံးရက်ကြာပြီးနောက် အလယ်ပိုင်းနယ်က အဓိက အင်အားစုအသီးသီးရဲ့ ခေါင်းဆောင်တွေကို ဖိတ်ခေါ်ပြီး တုံ့ပြန်မယ့် နည်းလမ်းတွေကို ဆွေးနွေးမယ်။”

မြောက်ပိုင်းနယ် အင်အားစုများ၏ အင်အားကို နတ်ဆိုးဧကရာဇ်က ဆုတ်ယုတ်စေခဲ့သော်လည်း သူတို့၏ အခြေခံအုတ်မြစ်များက ကြီးမားသော ခြိမ်းခြောက်မှုကြီးအဖြစ် ရှိနေဆဲဖြစ်၏။ အထူးသဖြင့် နဂါးပြာခန်းမ၏ အင်းအားကို ယွမ်မုန့် ကောင်းစွာ သိထားသည်။

အကယ်၍ မြောက်ပိုင်းနယ် အင်အားစုများ အားလုံး စုပေါင်း၍ တောင်ပိုင်းသို့ ရွှေ့ပြောင်းလာပါက လျှို့ဝှက်လဝန်း ကျောင်းတော် တစ်ခုတည်းဖြင့် ရင်ဆိုင်ရန် ခဲယဉ်းမည်ဖြစ်သဖြင့် မြောက်ပိုင်းနယ်၏ အင်အားစုများကို ဆန့်ကျင်ရန် အလယ်ပိုင်းနယ်၏ အင်အားစုအားလုံးနှင့် ပူးပေါင်းနိုင်ဖို့ အလွန် အရေးကြီးလှသည်။

နတ်သခင် ယွမ်မုန့် က ထိုနေရာရှိ နတ်သခင်များကို တစ်ဖန်ကြည့်ရှုလိုက်ပြီး

“အခြားကိစ္စမရှိရင် ဒီနေ့အတွက် ဒီလောက်နဲ့ပဲ သိမ်းကြရအောင်။ ကျွန်မနဲ့ ညီမလေး ကောင်းကင်တို့ ဆွေးနွေးစရာတွေ ရှိသေးတယ်။”

နတ်သခင်များ နောက်ထပ် စကားမဆိုကြတော့ပဲ ယွမ်မုန့်ခန်းမထဲမှ ထွက်ခွာသွားကြ၏။

လူအားလုံး ထွက်ခွာသွားကြပြီးနောက် နတ်သခင် ကောင်းကင်က

“ကျောင်းတော်သခင်... ချန်းလုက လုချန်းဖြစ်မှန်း ရှင် အစကတည်းက သိနေခဲ့တာလား။”

နတ်သခင် ယွမ်မုန့်က ငြင်းဆိုခြင်းမပြုပဲ

“ဟုတ်တယ်... ကျွန်မ သူ့ကို ပထမဆုံးအကြိမ် ကြည့်လိုက်ကတည်းက မှတ်မိခဲ့တယ်။”

ထိုအရာကို ကြားလျှင် နတ်သခင် ကောင်းကင် ခဏခန့် မှင်တက်သွားသော်လည်း ချက်ချင်းပင် စိတ်ကို ပြန်စုစည်းလိုက်ကာ နတ်သခင် ယွမ်မုန့်သည် လုချန်း၏ သရုပ်မှန်ကို အစောကတည်းက သိထားသည်ဟူသော သူမ၏ သံသယကို အတည်ပြုလိုက်၏။

နတ်သခင် ယွမ်မုန့် က ဆက်လက်၍

“လုချန်းက ကြီးမားတဲ့ ကံစွမ်းအားတွေကို သယ်ဆောင်ထားသလို ကစဉ့်ကလျား ပင်လယ်ဆီကနေလည်း အခွင့်အရေးတွေ ရရထားပုံရတယ်။ သူ့ကို လျှို့ဝှက်လဝန်း ကျောင်းတော်မှာ ထားတာက ကျွန်မတို့အတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရှိစေလိမ့်မယ်။”

နတ်သခင် ကောင်းကင် မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး

“ဒါပေမဲ့ ရှုကျင့်ရှူးရဲ့ ရင်သွေးက သူ့ကလေးပဲလေ။ အကယ်၍ သူသာ သူတော်စင်မရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်ကို သိသွားရင်...”

--

……………..

All Chapters