အခန်း ၁၈၇၁
Vol. 125 Ch. 1871
အခန်း (၁၈၇၁)
ထိပ်တိုက်ရင်ဆိုင်ရမည့် အချိန် မဟုတ်သေး
နတ်သခင် ကောင်းကင်၏ စကားသံနှင့်အတူ သူမ၏ ခန္ဓာကိုယ်ထံမှ အေးစက်စက် အငွေ့အသက်များ ထွက်ပေါ်လာပြီး တစ်ပြိုင်နက်တည်းမှာပင် လုချန်းကို နတ်သခင်အဆင့် ဖိအားတစ်ခုက လွှမ်းမိုးဖိနှိပ်လိုက်သည်။
ထိုအခိုက်အတန့်တွင် လုချန်း၏ လက်ရှိခန္ဓာကိုယ်မှာ ထိုဖိအားကို တောင့်ခံနိုင်စွမ်းမရှိသဖြင့် သူ၏ ခန္ဓာကိုယ်လည်း ချက်ချင်းပင် ကိုင်းညွတ်သွားရ၏။ သို့သော်လည်း သူ၏ မျက်နှာထက်တွင်တော့ တုန်လှုပ်ခြောက်ခြားသည့် အရိပ်အယောင် အနည်းငယ်မှ ရှိမနေပေ။
နတ်သခင် ကောင်းကင်ကို လုချန်း ခက်ခဲစွာ မော့ကြည့်လိုက်၏။
လုချန်းက တည်ငြိမ်သော လေသံဖြင့်
“ဆရာက ကျုပ်ကို ဘာလုပ်ဖို့ ရည်ရွယ်နေတာလဲ မသိဘူး။”
လုချန်းက သူမကို အနည်းငယ်မှ ကြောက်ရွံ့ခြင်းမရှိသည်ကို တွေ့ရသောအခါ ဤရုပ်သေးရုပ်သည် လုချန်းအတွက် တကယ်ပင် အရေးမပါကြောင်း နတ်သခင် ကောင်းကင် သဘောပေါက်သွား၏။ ရုပ်သေးရုပ်မျှသာ ဖြစ်ခြင်းကြောင့် ဖျက်ဆီးခံလိုက်ရလျှင်ပင် ပျက်စီးသွားရုံသာ ရှိပေလိမ့်မည်။
လုချန်းက ပို၍ အကြောက်အရွံ့ကင်းပြလေလေ၊ နတ်သခင် ကောင်းကင် ပို၍ စိတ်တိုဒေါသထွက်လေလေ ဖြစ်၏။
သို့သော်လည်း ကစဉ့်ကလျား ပင်လယ်ထဲမှ လုချန်း ရရှိခဲ့သည့် များပြားလှသော အခွင့်အလမ်းများနှင့် ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးများကို တွေးတောမိပြန်လျှင် လုချန်းကို အရေးယူရန် နတ်သခင် ကောင်းကင် မဝံ့မရဲ ဖြစ်သွားရပြန်သည်။
နတ်သခင် ကောင်းကင်က အေးစက်စွာဖြင့်
“ရှင် ကစဉ့်ကလျား ပင်လယ်ထဲကနေ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့တယ်ဆိုတော့ ချင်းရှုလည်း အသက်ရှင်နေသေးတယ်ဆိုတာ သက်သေပြနေတာပဲ။”
ယခုအချိန်တွင် ယွမ်ချင်းရှု၏ ဘေးကင်းလုံခြုံမှုကို နတ်သခင် ကောင်းကင် အလေးထားဆုံး ဖြစ်၏။ ယွမ်ချင်းရှု၏ ဆရာတစ်ဦးအနေနှင့် သူမ၏အပေါ် သံယောဇဉ် မရှိဟု ဆိုလျှင် လိမ်ညာနေခြင်းသာ ဖြစ်လိမ့်မည်။
ထို့ပြင် ယွမ်ချင်းရှုသည် သူမ၏ ပထမဆုံးသော တပည့်ရင်းလည်း ဖြစ်သည်။ အရေးအကြီးဆုံးအချက်မှာ သူမ နတ်သခင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းသည် ယွမ်ချင်းရှုနှင့် များစွာ သက်ဆိုင်နေခြင်းကြောင့် ဖြစ်၏။
ဤမေးခွန်းနှင့် ပတ်သက်၍ လုချန်း အနည်းငယ်မှ ဖုံးကွယ်ထားခြင်းမရှိပဲ တိုက်ရိုက်ပင် အဖြေပေးလိုက်၏။
လုချန်းက
“သူက တကယ်ပဲ အသက်ရှင်နေပါသေးတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ကစဉ့်ကလျား ပင်လယ်ထဲမှာပဲ ရှိနေသေးတယ်။”
လုချန်း၏ စကားကို ကြားလျှင် နတ်သခင် ကောင်းကင် မသိမသာ မျက်မှောင်ကြုတ်လိုက်မိ၏။
အသက်ရှင်နေသေးတာလား။
ဒါပေမဲ့ ကစဉ့်ကလျား ပင်လယ်ထဲမှာပဲ ရှိနေသေးတာလား။
ဒါဆိုရင် ကစဉ့်ကလျား ပင်လယ်ထဲမှာ ကစဉ့်ကလျား စွမ်းအားရဲ့ တိုက်စားမှုကို တွန်းလှန်နိုင်တဲ့ ဘေးကင်းလုံခြုံတဲ့ နေရာတွေ ရှိနေတယ်လို့ ဆိုလိုတာလား။
အမှန်စင်စစ် ကစဉ့်ကလျား ပင်လယ်ဟူသည်မှာ အခွင့်အလမ်းများနှင့် ပြည့်နှက်နေသည့် နေရာတစ်ခု ဖြစ်၏။
နတ်သခင် ကောင်းကင်က ဆက်လက်၍ “ရှင် ကစဉ့်ကလျား ပင်လယ်ထဲကနေ ထွက်လာတုန်းက သူ့ကို ဘာလို့ အတူခေါ်မလာခဲ့တာလဲ။”
လုချန်းက
“ကစဉ့်ကလျား ပင်လယ်ကို ဘေးကင်းကင်းနဲ့ ဖြတ်သန်းဖို့ဆိုတာ ခက်ခဲတဲ့ ကိစ္စပါ။ ကျုပ်လည်း ထျန်းရန် နတ်ဘုရား နယ်မြေကို ပြန်လာနိုင်ဖို့အတွက် ကြီးမားတဲ့ ပေးဆပ်မှုတွေကို လုပ်ခဲ့ရတယ်။”
နတ်သခင် ကောင်းကင်သည် လုချန်းကို ခံစားချက်ကင်းမဲ့စွာဖြင့် စိုက်ကြည့်နေမိရင်း လုချန်း လိမ်ညာနေခြင်း ရှိမရှိကို ဆန်းစစ်နေသည့်ပမာ ရှိ၏။
ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် နတ်သခင် ကောင်းကင်က ဆက်လက်၍
“သူ ရှင်နဲ့အတူ ကစဉ့်ကလျား ပင်လယ်ထဲကို ဝင်သွားခဲ့တာတောင် အသက်ရှင်ကျန်ရစ်ခဲ့တယ်ဆိုတော့ ကစဉ့်ကလျား စွမ်းအားရဲ့ တိုက်စားမှုကို သူ တွန်းလှန်နိုင်ခဲ့တယ်ဆိုတာ ထင်ရှားတာပဲ။”
ယခုအကြိမ်တွင် နတ်သခင် ကောင်းကင်က မေးခွန်းတစ်ခုအဖြစ် မမေးမြန်းခဲ့သော်လည်း လုချန်းကတော့ သူမ၏ ဆိုလိုရင်းကို ရိပ်မိလိုက်သည်။ ကစဉ့်ကလျား စွမ်းအား၏ တိုက်စားမှုကို တွန်းလှန်နိုင်စွမ်းရှိသော ယွမ်ချင်းရှုသည် သူနှင့်အတူ အဘယ်ကြောင့် ကစဉ့်ကလျား ပင်လယ်မှ အတူတူ ထွက်မလာနိုင်ခဲ့သနည်းဟု မေးခွန်းထုတ်နေသည့်ပမာ ဖြစ်၏။
လုချန်းက
“သူ ကစဉ့်ကလျား စွမ်းအားရဲ့ တိုက်စားမှုကို တောင့်ခံနိုင်ခဲ့တာတော့ အမှန်ပဲ။ ဒါပေမဲ့ ထျန်းရန် နတ်ဘုရား နယ်မြေကို ပြန်လာဖို့ဆိုတာ ကစဉ့်ကလျား စွမ်းအားကို တွန်းလှန်နိုင်ရုံနဲ့ မရပါဘူး။ အရေးအကြီးဆုံးက ထျန်းရန် နတ်ဘုရား နယ်မြေရဲ့ တည်နေရာကို ရှာဖွေနိုင်ဖို့ပဲ။”
“ကစဉ့်ကလျား ပင်လယ်က အတိုင်းအဆမရှိ ကျယ်တယ်။ အဲ့ဒီထဲကို တစ်ခါဝင်သွားပြီဆိုရင် လာရာလမ်း ပျောက်ဆုံးသွားတတ်စမြဲပဲ။ နတ်ဧကရာဇ် တစ်ပါးတောင်မှ အဲ့ဒီထဲ ရောက်သွားရင် ထျန်းရန် နတ်ဘုရား နယ်မြေကို ပြန်ရှာတွေ့ဖို့ မလွယ်ဘူး။”
“ကျုပ် ပြန်လည်လွတ်မြောက်လာနိုင်တာဟာ ရတနာတစ်ခုရဲ့ တည်နေရာရွှေ့ပြောင်းခြင်း စွမ်းရည်အပေါ်မှာပဲ လုံးလုံးလျားလျား အမှီပြုခဲ့ရတာ။ စိတ်မကောင်းစရာက အဲဒီရတနာက လူတစ်ယောက်တည်းကိုပဲ ရွှေ့ပြောင်းပေးနိုင်တာ ဖြစ်နေလို့ပဲ။”
ဤစကားကို ကြားပြီးနောက် လုချန်း လိမ်ညာပြောဆိုနေခြင်း မဟုတ်ကြောင်း နတ်သခင် ကောင်းကင် သိလိုက်၏။ အမှန်စင်စစ် ကစဉ့်ကလျား ပင်လယ်ထဲသို့ ဝင်ရောက်ရန် လွယ်ကူသော်လည်း ပြန်လည်ထွက်ခွာရန်တော့ ခက်ခဲလှပေသည်။
မဟုတ်ပါက ထိုနေရာ၌ ပိတ်မိနေကြသော နတ်ဧကရာဇ်များ အလွန်များပြားနေမည် မဟုတ်ပေ။
သို့သော်လည်း...
လုချန်း တစ်ဦးတည်း ကစဉ့်ကလျား ပင်လယ်ထဲမှ ထွက်ခွာလာခဲ့သည်ဆိုပါက သူသည် သူနှင့်အတူ ကစဉ့်ကလျား ပင်လယ်ထဲသို့ လိုက်ပါလာကြသော ယွမ်ချင်းရှုနှင့် အမျိုးသမီးများကို စွန့်ပစ်ခဲ့သည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။
ထိုအတွေးနှင့်အတူ နတ်သခင် ကောင်းကင်၏ ပတ်ဝန်းကျင်ရှိ အေးစက်စက် အငွေ့အသက်များ ပို၍ ပြင်းထန်လာ၏။
လုချန်းကို သူမ ခပ်အေးအေး စိုက်ကြည့်လိုက်ရင်း
“ဒါဆိုရင် ရှင်က ချင်းရှုကိုကော ရှင့်ရဲ့ ချစ်လှစွာသော ဇနီးတွေကိုပါ စွန့်ပစ်ခဲ့တာပေါ့ ဟုတ်လား။”
လုချန်းက
“ဆရာက ဘာကို ဆိုလိုတာလဲ။ ကျုပ်သာ ကစဉ့်ကလျား ပင်လယ်ထဲကနေ ထွက်မလာခဲ့ရင် ဘယ်လိုလုပ်ပြီး ပိုစွမ်းအားကြီးလာနိုင်မှာလဲ။ စွမ်းအားမကြီးမားလာပဲနဲ့ သူတို့ကို ကစဉ့်ကလျား ပင်လယ်ထဲကနေ ဘယ်လို ကယ်ထုတ်နိုင်မှာလဲ။ ကျုပ်သာ နတ်ဧကရာဇ် အဆင့်ကို တက်နိုင်ခဲ့ရင် သူတို့အားလုံးကို ကယ်တင်ဖို့ နည်းလမ်းကို ရှာဖွေနိုင်မှာပါ။”
နတ်သခင် ကောင်းကင်က မယုံကြည်နိုင်ဟန်ဖြင့်
“ရှင် နတ်ဧကရာဇ် အဆင့်ကို တက်ရောက်နိုင်မယ်ဆိုရင်တောင် နှစ်ပေါင်း ဘယ်လောက်ကြာသွားမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။ သူတို့တွေကော အဲ့ဒီအချိန်ထိ စောင့်ဆိုင်းနိုင်ပါ့မလားဆိုတာ မသေချာဘူး။ သူတို့ စောင့်နိုင်ခဲ့ရင်တောင် ကစဉ့်ကလျား ပင်လယ်က အတိုင်းအဆမရှိ ကျယ်ပြောတယ်ဆိုတော့ ရှင်နတ်ဧကရာဇ် ဖြစ်လာရင်တောင် သူတို့ရဲ့ တည်နေရာကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး။ အဲဒီတော့ သူတို့ကို ဘယ်လိုများ ကယ်တင်မှာလဲ။”
ထိုအခိုက်အတန့်တွင် လုချန်းကို သူ၏ ဇနီးနှင့် သားသမီးများကို စွန့်ပစ်ခဲ့သည့် ရက်စက်တတ်သော နှလုံးသားမရှိသူတစ်ဦးအဖြစ် နတ်သခင် ကောင်းကင် သတ်မှတ်လိုက်၏။
ကုန်ကုန်ပြောရလျှင် လုချန်း နတ်ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့လျှင်ပင် ကစဉ့်ကလျား ပင်လယ်ထဲ၌ လမ်းပျောက်နေဦးမည်သာဖြစ်ပြီး လမ်းစကို ရှာဖွေနိုင်လိမ့်မည် မဟုတ်ပေ။ နတ်ဧကရာဇ် ဖြစ်လာသည့်အချိန်အထိ စောင့်ဆိုင်းကာ ကယ်တင်မည်ဟူသော လုချန်း၏ အတွေးမှာ မဖြစ်နိုင်သော အခြေအမြစ်မရှိသည့် စိတ်ကူးတစ်ခုသာ ဖြစ်၏။
သို့သော် လုချန်းကို ရက်စက်တတ်သူတစ်ဦး သတ်မှတ်လျှင်ပင် သူမအနေနှင့် သူ့ကို ဝေဖန်၍ မရပေ။ ဤကဲ့သို့ ကိုယ်ကျိုးစီးပွားကိုသာ အဓိကထားသော ကျင့်စဉ်လောကကြီးထဲတွင် လုချန်း၏ လုပ်ရပ်မှာလည်း သဘာဝကျလှသည်ဟု ဆိုရပေမည်။
နတ်လောကတွင် အကျိုးစီးပွားကိုသာ အဓိက ဦးစားပေးလေ့ရှိကြပြီး စစ်မှန်သော သံယောဇဉ် ဆိုသည်က အလွန်ပင် ရှားပါးလှ၏။
လုချန်းက
“ဆရာ... ကျုပ်တို့ လောင်းကြေးတစ်ခု ထပ်မလား။ ကျုပ်သာ တစ်နေ့မှာ နတ်ဧကရာဇ် ဖြစ်လာပြီး သူတို့ကို ကယ်တင်နိုင်ခဲ့ရင် ကျုပ်တောင်းဆိုတဲ့ အရာတစ်ခုကို ဆရာ သဘောတူပေးရမယ်။”
လုချန်း၏ စကားကို ကြားရလျှင် ဤလောင်းကြေး အဓိပ္ပာယ်မရှိလှဟု ယူဆမိသဖြင့် နတ်သခင် ကောင်းကင် နည်းနည်းမှ စိတ်ဝင်စားခြင်း မရှိပေ။
လုချန်း မည်သည့်အချိန်တွင် နတ်ဧကရာဇ် ဖြစ်လာနိုင်မည်ကို သူမ မည်သို့ သိနိုင်ပါမည်နည်း။ လုချန်းအနေနှင့် နတ်ဧကရာဇ် အဆင့်သို့ တက်လှမ်းနိုင်မလား ဆိုတာကိုလည်း မည်သူမှ မသိနိုင်ပေ။
အကယ်၍ သူ မတက်လှမ်းနိုင်ခဲ့ပါက ထိုအ လောင်းအစား အထမြောက်မည် မဟုတ်ပေ။
ထိုအလောင်းအစားအပေါ် စိတ်ဝင်စားမှု မရှိသော်လည်း သူမက ခပ်ပေါ့ပေါ့ပင်
“ကောင်းပြီလေ... ရှင် နတ်ဧကရာဇ် ဖြစ်လာနိုင်မလားဆိုတာ ကျွန်မ စောင့်ကြည့်ရတာပေါ့။”
လုချန်းက ဆက်လက်၍
“ဆရာ့မှာ အခြား ကိစ္စရှိသေးလား။”
နတ်သခင် ကောင်းကင်သည် လုချန်းကို ခံစားချက်ကင်းမဲ့စွာဖြင့် နောက်တစ်ကြိမ် ထပ်မံ၍ ကြည့်လိုက်ပြန်၏။ အမှန်အတိုင်း ပြောရလျှင် သူမသည် လုချန်းနှင့် ဆရာ၊ တပည့်အဖြစ်မှ ပြတ်စဲရန်အထိပင် စဉ်းစားနေမိခြင်း ဖြစ်၏။
လုချန်းဆိုသည်မှာ လက်ရှိ ထျန်းရန် နတ်ဘုရား နယ်မြေတွင် ပြဿနာတစ်ခုပမာ ဖြစ်နေပြီး မဟာအင်အားစုကြီးများ အားလုံးကလည်း လုချန်းကို လိုက်လံရှာဖွေနေကြသည်။ အကယ်၍ ထိုမဟာအင်အားကြီးအုပ်စုများက လုချန်းသည် လျှို့ဝှက်လဝန်း ကျောင်းတော်ရှိ သူမပိုင်ဆိုင်ရာ ကောင်းကင်တောင်ထိပ်၌ ရှိနေကြောင်း သိသွားပါက မလွဲမသွေ လောက်ရောက်ရှာဖွေကြလိမ့်မည်။
ကစဉ့်ကလျား ပင်လယ်အတွင်းရှိ အခွင့်အလမ်းများက အလွန်ပင် ဆွဲဆောင်မှု ရှိလွန်းလှသည်။ ထို့ပြင် နတ်ဆိုးစွမ်းအားကို ဖိနှိပ်နိုင်သည့် ကောင်းကင်အဆင့် နတ်ပညာရပ်ကို လုချန်းက ပြသခဲ့ပြီးဖြစ်ရာ သူသည် ကစဉ့်ကလျား ပင်လယ်ထဲမှ အခွင့်အလမ်းကောင်းများ ရရှိခဲ့ကြောင်း သက်သေပြနေသည်။
ထိုသို့ဆိုလျှင် သူ၏ထံ၌ ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အလမ်းများ ရှိနေနိုင်မလားဟု လူအများ သံသယဝင်လာကြပေလိမ့်မည်။
မဟာကပ်ဘေးကြီး ဆိုက်ရောက်တော့မည့် အချိန်မျိုးတွင် နတ်သခင်များ၏ စိတ်ထဲရှိ ဧကရာဇ်အဆင့်သို့ ရောက်ရှိလိုသော အာသာဆန္ဒက အတိုင်းအဆမရှိ ကြီးမားလာတတ်၏။ ထိုအခွင့်အရေးအတွက် နည်းလမ်းပေါင်းစုံကို အသုံးပြုကာ ကြိုးပမ်းကြပေလိမ့်မည်။
လုချန်း၏ထံ၌ ဧကရာဇ်အဆင့်သို့ ရောက်ရှိနိုင်မည့် အခွင့်အရေးရှိကြောင်း သူတို့ သိသွားပါက အလယ်ပိုင်းနယ်နှင့် လျှို့ဝှက်လဝန်း ကျောင်းတော်ဆီသို့ မလွဲမသွေပင် အလုအယက် ရောက်ရှိလာကြပေလိမ့်မည်။
ဤအချက်က နတ်သခင် ကောင်းကင်အတွက်တော့ ကိုင်တွယ်ရခက်ခဲလှသော ပြဿနာတစ်ခု ဖြစ်နေသည်။ ထို့ပြင် သူမ၏ ရှေ့မှောက်၌ ရပ်နေသော လုချန်းသည် ရုပ်သေးတစ်ရုပ်သာ ဖြစ်နေခြင်းကြောင့် သူမကို ပို၍ပင် လမ်းပျောက်စေ၏။
အကယ်၍ လုချန်း၏ ပင်မကိုယ်သာ ဖြစ်နေပါက သူမအနေနှင့် ဧကရာဇ်အဆင့်သို့ ရောက်မည့် အခွင့်အလမ်းကို လုယူပြီးနောက် သူ့ကို လျှို့ဝှက်လဝန်း ကျောင်းတော်မှ မောင်းထုတ်ပစ်လိုက်၍ရသည်။
နတ်သခင် ကောင်းကင် ခဏခန့် ဝေခွဲမရဖြစ်သွားပြီးနောက် နောက်ဆုံးတွင် ဆရာ၊ တပည့်အဖြစ်မှ ပြတ်စဲမည့် စကားကို မျိုသိပ်ထားလိုက်ရ၏။ သူတို့၏ ကျောင်းတော်သခင်သည် လုချန်းအပေါ် မျှော်လင့်ချက်ကြီးမားစွာ ထားရှိပုံရ၏။
၎င်းမှာ သူ၏ အခွင့်အလမ်းများကြောင့်သာမက သူ၏ ကြီးမားလှသော ကံစွမ်းအားကြောင့်လည်း ဖြစ်နိုင်၏။
အကယ်၍ ဆရာ၊ တပည့် ဆက်ဆံရေးကို ဖြတ်တောက်မည်ဆိုပါက သူမအနေနှင့် ကျောင်းတော်သခင်၏ သဘောထားကို ဦးစွာ မေးမြန်းရလိမ့်မည်။
ယခုက လုချန်းနှင့် ထိပ်တိုက်ရင်ဆိုင်ရမည့် အချိန်လည်း မဟုတ်သေးပေ။ လုချန်းသာ ပြဿနာ တစ်စုံတစ်ရာ ရှာမနေပါက ဤဆရာ တပည့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားခြင်းက ပြဿနာမရှိလှပေ။
လုချန်း ပြဿနာတစ်စုံတစ်ရာ ဖန်တီးလာမှာကို ရှောင်ရှားနိုင်ရန်အတွက် နတ်သခင် ကောင်းကင်က တိုက်ရိုက်ပင်
“ဒီနေ့ကစပြီး အရေးကြီးတဲ့ ကိစ္စမရှိရင် ရှင် ကောင်းကင်တောင်ထိပ်မှာပဲ ကျင့်ကြံအားထုတ်ရမယ်။ အပြင်ကို လုံးဝ ပေးမထွက်ဘူး။”
--
……………