အခန်း ၁၈၇၂
Vol. 125 Ch. 1872
အခန်း (၁၈၇၂ )
နိမိတ်မကောင်းသော မြင်ကွင်း
နတ်သခင် ကောင်းကင်၏ စကားများကို လုချန်း အလေးအနက်မထားပေ။ ဤခန္ဓာကိုယ်မှာ ရုပ်သေးကိုယ်ထည်မှသာ ဖြစ်သဖြင့် ၎င်းကို ကောင်းကင်တောင်ထိပ်တွင် ထားခဲ့ခြင်းက သူ၏ လှုပ်ရှားမှုများကို မည်သို့မှ သက်ရောက်မှု ရှိလိမ့်မည် မဟုတ်ပေ။
လုချန်းက
“ကောင်းပါပြီ ဆရာ... တပည့် ဆရာ့အမိန့်ကို နာခံပါ့မယ်။”
လုချန်းက ထိုသို့ လွယ်လွယ်ကူကူ သဘောတူသည်ကို မြင်လျှင် နတ်သခင် ကောင်းကင် ချက်ချင်းပင် ရိပ်မိလိုက်၏။ ဤအရာသည် လုချန်း၏ ရုပ်သေးကိုယ်ထည်မျှသာ ဖြစ်ပြီး သူ၏ ပင်မကိုယ်ကတော့ မည်သည့်နေရာတွင် ရှိနေမှန်း မသိနိုင်ပေ။
သူ သဘောတူလိုက်သော်လည်း ဤရုပ်သေးကိုယ်ထည်ကို ကောင်းကင်တောင်ထိပ်တွင် ပစ်ထားခြင်းက သူ၏ ပင်မကိုယ်ကို မည်သို့မှ ထိခိုက်စေမည် မဟုတ်ပေ။ သူ၏ ပင်မကိုယ်ကတော့ သွားချင်သည့်နေရာသို့ သွားနိုင်သလို လုပ်ချင်သည့်အရာကိုလည်း လုပ်ဆောင်နိုင်သည်။
သို့သော် ထိုသို့ဖြစ်ခြင်းကလည်း အဆင်ပြေသည်ဟု နတ်သခင် ကောင်းကင် ချက်ချင်း တွေးလိုက်မိ၏။ အပြင်လောကတွင် လုချန်း၏ ပင်မကိုယ်က လှုပ်ရှားလျှင် လုချန်းကို လိုက်လံရှာဖွေနေသည့် မဟာအင်အားကြီးအုပ်စုများသည် သူ၏ ပင်မကိုယ်ထံသို့သာ အာရုံစိုက်သွားကြမည် ဖြစ်ပြီး လျှို့ဝှက်လဝန်း ကျောင်းတော်သို့ လုချန်း ဝင်ရောက်ပူးပေါင်းထားသည်ကို မည်သူမှ သိနိုင်မည် မဟုတ်ပေ။ ထိုသို့ဆိုလျှင် ကောင်းကင်တောင်ထိပ်သို့ လာရောက်ပြဿနာရှာကြမည်ကို သူမ စိုးရိမ်စရာ လိုတော့မည်မဟုတ်ပေ။
ထိုအတွေးနှင့်အတူ နတ်သခင် ကောင်းကင် ထပ်မံ၍ စကားမဆိုတော့ပေ။
ထိုအခိုက်အတန့်တွင် ကောင်းကင်ခန်းမမှ လုချန်း ထွက်ခဲ့ပြီး သူ၏ ကျင့်စဉ်ဂူသို့ ပြန်သွား၏။
လုချန်း ထွက်ခွာသွားပြီးနောက် ကျင့်စဉ်ကျင့်ကြံရန် နတ်သခင် ကောင်းကင် ပြင်ဆင်လိုက်၏။ သို့သော် ထိုအခိုက်အတန့်တွင် စိတ်အာရုံ အနည်းငယ် ပျံ့လွင့်သွားသလိုမျိုး နတ်သခင် ကောင်းကင် ရုတ်တရက် ခံစားလိုက်ရ၏။
နတ်သခင် ကောင်းကင်သည် သူမ၏ နတ်စွမ်းအားကို အလျင်အမြန်ပင် လှည့်ပတ်စေ၍ စိတ်အာရုံကို ပြန်လည်စုစည်းရန် ကြိုးပမ်းလိုက်စဉ် သူမ၏ စိတ်ထဲ၌ ပုံရိပ်အချို့ ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။ ထိုပုံရိပ်များထဲတွင် ဖျော့တော့သော မျက်နှာထားနှင့် အေးစက်စက် အသွင်အပြင်ရှိသည့် အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးအမြောက်အမြားကို သူမ မြင်လိုက်ရပြီး ၎င်းတို့အားလုံးထံမှ နိမိတ်မကောင်းသော အနက်ရောင် စွမ်းအားများ ထွက်ပေါ်နေသည်။
ထိုအနက်ရောင် နိမိတ်မကောင်းသော စွမ်းအားကို သူမ အလွန်ရင်းနှီးနေကြောင်း လည်း သိလိုက်ရသဖြင့် နတ်သခင် ကောင်းကင်၏ စိတ်အာရုံ တုန်လှုပ်သွားရ၏။ ဤအရာသည် ထျန်းရန်နတ်ဘုရားနယ်မြေတွင် ပုံမှန်မဟုတ်သော ဖြစ်ရပ်ဆန်း ဖြစ်ပွားစဉ်က ကောင်းကင်ယံ၌ ရုတ်တရက် ပေါ်ပေါက်လာသည့် ထူးဆန်းသော စွမ်းအားပင် မဟုတ်ပါလား။
ထိုမြင်ကွင်းသည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့ပြီး နတ်သခင် ကောင်းကင်လည်း အလျင်အမြန်ပင် သတိပြန်ဝင်လာ၏။ စိတ်တည်ငြိမ်သွားသောအခါ သူမ၏ မျက်ခုံးအစုံကြားတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ခုနက သူမ မြင်လိုက်ရသည့် မြင်ကွင်းက မည်သည့်အရာ ဖြစ်သနည်း။ ထူးဆန်းသော စွမ်းအားများ ထွက်ပေါ်နေသည့် ထိုအမျိုးသမီးများကကော မည်သူများ ဖြစ်ကြသနည်း။ သူမသည် ထိုအမျိုးသမီးများထဲတွင် သူမကိုယ်တိုင်၏ ပုံရိပ်ကိုပါ မြင်လိုက်ရသလို ဖြစ်နေ၏။
သူမသည် နတ်သခင်အဆင့် တစ်ဦးဖြစ်သဖြင့် နတ်သခင်တစ်ဦးသည် ရုတ်တရက် စိတ်အာရုံမှားယွင်းမှု ဖြစ်ပေါ်လိမ့်မည်ဟု နတ်သခင် ကောင်းကင် မယုံကြည်ပေ။ နတ်သခင်များတွင် အန္တရာယ်ကို ကြိုတင်သိမြင်နိုင်သော စွမ်းရည် အတိုင်းအတာတစ်ခုအထိ ရှိကြသဖြင့် ခုနက မြင်ကွင်းမှာ အနာဂတ်၏ ဖြစ်ရပ်တစ်ခု ဖြစ်နိုင်ပြီး ၎င်းကို အလေးအနက်ထားရမည်ဟု သူမ ခံစားလိုက်ရ၏။
သို့သော် ထိုမျှများပြားလှသော အမျိုးသမီးများသည် အဘယ်ကြောင့် ထိုနိမိတ်မကောင်းသော စွမ်းအား၏ တိုက်စားမှုကို ခံနေရသည်ကိုတော့ သူမ နားမလည်နိုင်ပေ။ ထိုမြင်ကွင်းမှာ ခဏခန့်သာ ပေါ်လာခဲ့သော်လည်း ထိုမြင်ကွင်းကို သူမ၏ မှတ်ဉာဏ်ထဲ၌ စွဲမြဲစွာ မှတ်သားထားလိုက်ပြီ ဖြစ်၏။
ထိုမြင်ကွင်းထဲက အမျိုးသမီး အများစုကို သူမ မသိသော်လည်း သူမနှင့် အလွန်ရင်းနှီးသည့် အမျိုးသမီး အနည်းငယ်လည်း ပါဝင်နေသည်။ ထိုမြင်ကွင်းထဲတွင် သူမ၏ တပည့်ရင်းနှစ်ဦး၊ သူတို့၏ ကျောင်းတော်သခင်နှင့် ရှုကျင့်ရှူးတို့ ရှိနေကြ၏။
သူမ မြင်တွေ့ခဲ့ရသည့် အရာအပေါ် နတ်သခင် ကောင်းကင် အလွန် ဇဝေဇဝါ ဖြစ်သွားသည်။
…..
ထိုအခိုက်အတန့်တွင်ပင်။
ကစဉ့်ကလျား ပင်လယ်ရှိ ထျန်းချန်ကမ္ဘာ၌ ဖြစ်၏။
အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေသည့် နှင်းခဲနန်းတော်တစ်ခုအတွင်းရှိ ရေခဲကုတင်ပေါ်တွင် ထိုင်နေသော အေးစက်ပြီး အလွန်လှပသည့် နတ်မိမယ်တစ်ဦးသည် ရုတ်တရက် သွေးတစ်ပွက် အန်ထုတ်လိုက်ပြီးနောက် ဇဝေဇဝါဖြစ်စွာ မျက်လုံးများပွင့်လာခဲ့၏။
ယွမ်ချင်းရှု မျက်လုံးပွင့်လာပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံးကို ပထမဦးစွာ ဝေ့ကြည့်လိုက်ပြီး သူမ၏ လက်များနှင့် ခန္ဓာကိုယ်ကိုလည်း ပြန်လည်ကြည့်ရှုလိုက်၏။
ထိုစဉ် ယွမ်ချင်းရှု သူမဘာသာ ရေရွတ်လိုက်၏။
“ခုနက မှတ်ဉာဏ်တွေက ဘာတွေလဲ...”
သူ၏ ရင်သွေး ကြီးပြင်းလာကတည်းက သူမသည် တံခါးပိတ် ကျင့်စဉ်စခန်း ဝင်ရောက်နေခဲ့ခြင်း ဖြစ်၏။ သူမအတွက်တော့ လုချန်း မရှိသဖြင့် လုပ်စရာ အထူးတလည် မရှိပေ။
ထျန်းချန်ကမ္ဘာရှိ ဝိညာဉ်စွမ်းအားမှာ အလွန်ပါးလျလှသဖြင့် မည်မျှပင် ကျင့်ကြံအားထုတ်စေကာမူ စွမ်းအားကို တိုးတက်မှု အနည်းငယ်သာ ရှိစေသော်လည်း လုချန်း ပြန်လာမည့်အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေရခြင်းက အလွန် ပျင်းရိဖွယ်ကောင်းလှသည်။
သို့သော် လွန်ခဲ့သော ရက်အနည်းငယ်ကအထိ အကြောင်းရင်းတစ်စုံတစ်ရာကြောင့် ထူးခြားသော စွမ်းအားတစ်ခုကို ရုတ်တရက် ခံစားမိလိုက်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ သို့သော် ၎င်း၏ တည်ရှိမှုကိုသာ သူမ အာရုံခံနိုင်ခြင်း ဖြစ်၏။ ၎င်းမှာ သူမ၏ နတ်ဝိညာဉ်နက်ရှိုင်းသောနေရာတွင် ကွယ်ဝှက်နေပုံရသည်။
ထိုစွမ်းအားကို နှိုးဆွလိုက်လျှင် သူမ၏ စွမ်းအားအချို့ ပြန်လည်ကောင်းလာနိုင်သည်ဟု သူမ အစောပိုင်းက ထင်မြင်ခဲ့၏။ သို့သော် ထိုစွမ်းအားတည်ရှိမှု ကိုသာ ဝေဝေဝါးဝါးအာရုံခံနိုင်ခြင်းဖြစ်ပြီး ၎င်းကို လှုံ့ဆော်ရန် သို့မဟုတ် အသုံးပြုရန်တော့ မတတ်နိုင်ပေ။
သို့သော် ခုနကပင် ထိုစွမ်းအားသည် သူမ၏ နတ်ဝိညာဉ်နက်ရှိုင်းသော နေရာမှ အငွေ့အသက် အနည်းငယ်ကို ရုတ်တရက် ထုတ်လွှတ်လိုက်ပြီး ထိုအငွေ့အသက်ကြောင့်ပင် ထူးဆန်းသော မြင်ကွင်းအမြောက်အမြားကို သူမ မြင်တွေ့ခွင့်ရခဲ့ခြင်း ဖြစ်၏။
နေရာအနှံ့ ပျံ့နှံ့နေသော အလောင်းများ၊ စကြဝဠာ၏ အပိုင်းအစများနှင့် ပျက်စီးနေသော နိယာမများနှင့် လမ်းစဉ်များကို သူမ မြင်လိုက်ရ၏။ ထူးဆန်းသော စွမ်းအားများ ထွက်ပေါ်နေသည့် အမျိုးသမီးအချို့ကိုလည်း သူမ မြင်တွေ့ခဲ့ရပြီး ထိုအမျိုးသမီးများကို သူမ အလွန် ကောင်းစွာ သိသည်။ ၎င်းတို့မှာ လုချန်း၏ ဇနီးများပင် ဖြစ်ကြသည်။
ထိုမှတ်ဉာဏ်များကို အခြေအမြစ်မရှိသော အရာများဟု ယွမ်ချင်းရှု မထင်ပေ။ အနာဂတ်၏ မြင်ကွင်းများကို သူမ မြင်တွေ့ခဲ့ရခြင်း ဖြစ်နိုင်သည်ဟု ယခု သူမ အတော်လေး သံသယဝင်နေမိ၏။
ခဏခန့် ဝေခွဲမရဖြစ်ပြီးနောက် ဤအကြောင်းအရာကို အခြားသူများအား အသိပေးရန် ယွမ်ချင်းရှု နောက်ဆုံးတွင် ဆုံးဖြတ်လိုက်သည်။
ချက်ချင်းပင် လုချန်း၏ အမျိုးသမီးများအားလုံးထံသို့ ယွမ်ချင်းရှု သတင်းစကား ပေးပို့လိုက်၏။
လုချန်း ထျန်းချန်ကမ္ဘာမှ ထွက်ခွာသွားကတည်းက လုချန်း၏ ဇနီးများ အများစုသည် တံခါးပိတ်ကျင့်စဉ်စခန်းသို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့ကြသည်။ ရင်သွေးရှိသူများ၏ ကလေးများ ကြီးပြင်းလာခဲ့ကြပြီး ကလေးမရှိသူများကတော့ လုပ်စရာ ပို၍ပင်မရှိသဖြင့် တံခါးပိတ်ကျင့်စဉ်စခန်းကိုသာ ရွေးချယ်ခဲ့ကြ၏။
လုချန်း၏ ဇနီးများအားလုံး၏ စိတ်ထဲသို့ ယွမ်ချင်းရှု၏ သတင်းစကား ရောက်ရှိသွား သောအခါ အားလုံးအံ့အားသင့်သွားကြ၏။
ယွမ်ချင်းရှုသည် တံခါးပိတ်ကျင့်စဉ်စခန်းဝင် နေရာမှ သူတို့အား ရုတ်တရက် အဘယ်ကြောင့် ခေါ်ယူရသနည်းဟု နားမလည်နိုင် ဖြစ်သွားကြ၏။
သို့သော် မည်သို့ပင်ဆိုစေ သူတို့တွင်လည်း လုပ်စရာ အထူးတလည် မရှိပေ။ တံခါးပိတ်ကျင့်စဉ်စခန်း၌ ရှိနေသော်လည်း ဤကမ္ဘာ၏ ဝိညာဉ်စွမ်းအား ကန့်သတ်ချက်များကြောင့် သူတို့၏ ကျင့်စဉ်အဆင့်သည် ကောင်းကင်ဧကရာဇ်အဆင့်သို့သာ ရောက်ရှိနိုင်ပြီး ထပ်မံ၍ တိုးတက်ရန် မတတ်နိုင်ပေ။
ထို့ပြင် ထျန်းရန်နတ်ဘုရားနယ်မြေရှိ အမြင့်ဆုံး ကျင့်စဉ်အဆင့်မှာ လူနတ်နယ်ပယ်နှင့်သာ ညီမျှသဖြင့် မည်မျှပင် ကြံဆောင်ကျင့်ကြံစေကာမူ အလကားပင် ဖြစ်၏။ ယွမ်ချင်းရှု မည်သည့်အရာ လိုချင်သည်ကို သွားရောက်ကြည့်ရှုခြင်းက ပို၍ ကောင်းပေလိမ့်မည်။
ညီအစ်မများအားလုံး မဆုံတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် ဤအရာကလည်း အစီအစဉ်ကောင်း တစ်ခုဖြစ်သည်။ လုချန်း ထျန်းရန်နတ်ဘုရားနယ်မြေမှ ထွက်ခွာသွားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း အမျိုးသမီးများအကြား ဆက်ဆံရေးက အလွန်ပင် သဟဇာတဖြစ်နေဆဲ ဖြစ်၏။
မကြာမီပင် ထျန်းချန်ကမ္ဘာရှိ လုချန်း၏ နန်းတော်အဟောင်းသို့ အမျိုးသမီးများ ရောက်ရှိလာကြသည်။
နန်းတော်သို့ ချူးယုချင်တို့လူစု ရောက်ရှိလာချိန်တွင် ယွမ်ချင်းရှုသည် ပင်မအဆောင်ကြီးရှိ နေရာတစ်ခုတွင် ထိုင်နေနှင့်ပြီ ဖြစ်၏။
အေးစက်သောအသွင်ရှိသည့် ယွမ်ချင်းရှုကို မြင်သောအခါ သူတို့ကို အဘယ်ကြောင့် စုဝေးစေရသနည်းဟု အလျင်စလို မမေးမြန်းကြသေးပဲ အချင်းချင်း နှုတ်ဆက်လိုက်ကြ၏။ တံခါးပိတ်ကျင့်စဉ်စခန်း ဝင်နေသူများနှင့် မဝင်သူများကြား မဆုံတွေ့ရသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ထိုစဉ် အပြာရောင် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသည့် ချူးယုချင်နှင့် အနီရောင် ပိတ်ပါးဝတ်စုံ ဝတ်ဆင်ထားသည့် မုကျိရွှမ်းတို့ ယွမ်ချင်းရှုထံသို့ လျှောက်လှမ်းလာကြ၏။
မုကျိရွှမ်းက ယွမ်ချင်းရှုကို
“အစ်မချင်းရှု... မတွေ့တာကြာပြီနော်”
ယွမ်ချင်းရှုက “အင်း” ဟု ခပ်အေးအေးသာ ပြန်လည်တုံ့ပြန်လိုက်သည်။ ထိုအပြုအမူက သူမ၏ သဘာဝပင်ဖြစ်ကြောင်း မုကျိရွှမ်း သိထားသဖြင့် ယွမ်ချင်းရှု၏ အေးစက်သော တုံ့ပြန်မှုကို စိတ်ထဲမထားပေ။
ထိုစဉ် အဖြူရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည့် ယွမ်ရှန်ရှန် ပင်မအဆောင်ကြီးအတွင်းသို့ ဝင်ရောက်လာ၏။ ယွမ်ချင်းရှုကဲ့သို့ပင် သူမသည်လည်း ဆယ်စုနှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်စဉ်စခန်း ဝင်ရောက်နေခဲ့ခြင်း ဖြစ်သည်။
ယွမ်ရှန်ရှန်အား ယွမ်ချင်းရှု၏ ကိုယ်ပွားတစ်ခုအဖြစ် သတ်မှတ်နိင်သော်လည်း အစောပိုင်းက ယွမ်ချင်းရှု မြင်တွေ့ခဲ့ရသည့် ပုံရိပ်များကို သူမ မြင်တွေ့ခဲ့ရခြင်း မရှိပေ။
ပင်မအဆောင်ကြီးအတွင်းသို့ အမျိုးသမီးများ ပိုစုစည်းလာသည်နှင့်အမျှ ပို၍ စည်ကားသက်ဝင်လာခဲ့၏။
အားလုံး စုံလင်သွားပြီဟု ထင်ရသောအခါ ကျောင်းယိုယိုက ယွမ်ချင်းရှုကို
“အစ်မချင်းရှု... ကျွန်မတို့ကို ဒီလို စုခိုင်းတာ အရေးကြီးတဲ့ ကိစ္စတစ်ခုခု ရှိလို့လား။”
ကျောင်းယိုယို၏ အသံမှာ တိုးညင်းသော်လည်း ခန်းမအတွင်းရှိ အမျိုးသမီးများအားလုံးသည် အနည်းဆုံး ဧကရာဇ်အဆင့်တွင် ရှိကြသဖြင့် အားလုံး အတိုင်းသား ကြားလိုက်ရပြီး ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားကာ ယွမ်ချင်းရှုကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်ကြသည်။
--
…………..