အခန်း ၁၈၇၃
Vol. 125 Ch. 1873
အခန်း (၁၈၇၃)
မြောက်ပိုင်းနယ် အင်အားစုများ တောင်ဘက်သို့ ချီတက်လာခြင်း
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်ကို မြင်လျှင် သူမ ယခုလေးတင် မြင်တွေ့ခဲ့ရသည့် မှတ်ဉာဏ်များကို အားလုံး ကြည့်ရှုနိုင်ရန် မှတ်ဉာဏ်ပုလဲအဖြစ် ပြောင်းလဲပစ်ရန် ယွမ်ချင်းရှု ကြံရွယ်လိုက်၏။ သို့သော် ထိုသို့ ပြုလုပ်ရန် ပြင်လိုက်စဉ်မှာပင် ထိုမှတ်ဉာဏ်များကို မှတ်ဉာဏ်ပုလဲအဖြစ် ပြောင်းလဲ၍ မရနိုင်ကြောင်း သူမ တွေ့ရှိသွားပြန်၏။
ဒါက...
ယွမ်ချင်းရှု အနည်းငယ် မှင်တက်သွား၏။
ယွမ်ချင်းရှု၏ သိမ်မွေ့သော မျက်နှာ အပြောင်းအလဲကို ချူးယုချင် အမိအရ သတိပြုမိသွား၏။
ချူးယုချင်က ယွမ်ချင်းရှုကို
“ချင်းရှု... အခက်အခဲ တစ်ခုခုနဲ့ ကြုံနေရလို့လား”
ယွမ်ချင်းရှု သတိပြန်ဝင်လာပြီး
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်မ ကျင့်ကြံနေတုန်း စိတ်ဝိညာဉ်ရဲ့ နက်ရှိုင်းတဲ့နေရာမှာ ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတစ်ခုကို မရေမရာ ခံစားခဲ့ရတယ်။ အစတုန်းကတော့ အဲဒါဟာ ကျွန်မကိုယ်တိုင် ချိပ်ပိတ်ထားခဲ့တဲ့ စွမ်းအားတစ်ခုလို့ ထင်ပြီး ကျွန်မရဲ့ စွမ်းအားကို မြှင့်တင်ရာမှာ ကူညီပေးနိုင်မလားဆိုတာ ကြည့်ဖို့ ချိပ်ပိတ်မှု ဖြေဖျောက်ဖို့ ရည်ရွယ်ခဲ့တာ။”
“ဒါပေမဲ့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားကြည့်ခဲ့ပေမဲ့ အဲဒီစွမ်းအားကို လှုံ့ဆော်လို့ မရခဲ့ဘူး။”
“ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နာရီလောက်ကမှ အဲဒီစွမ်းအားကနေ အငွေ့အသက်တစ်ချို့ ရုတ်တရက် ထွက်ပေါ်လာပြီး ကျွန်မရဲ့ စိတ်ထဲမှာ မှတ်ဉာဏ်တစ်ချို့ ချက်ချင်းပဲ ပေါ်လာခဲ့တယ်။”
“အဲဒီမှတ်ဉာဏ်တွေထဲမှာတော့ ဒီမှာရှိနေတဲ့ လူအားလုံးဆီက မည်းမှောင်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားတွေ ထွက်ပေါ်နေတယ်။ ရှင်တို့ရဲ့ မျက်ဝန်းတွေကလည်း အသက်မဲ့နေတယ်။ လမ်းလျှောက်နေတဲ့ အလောင်းကောင်တွေလို ဖြစ်နေကြတယ်။ အဲဒီစွမ်းအားကို အရမ်းရင်းနှီးနေသလို ခံစားရပေမဲ့ အဲ့ဒါက လူကိုတော့ မသက်မသာ ဖြစ်စေတယ်။”
“ဒါဟာ အနာဂတ်ရဲ့ နိမိတ်ပုံရိပ်တွေ ဖြစ်နိုင်တယ်လို့ ကျွန်မ သံသယရှိတာကြောင့် အားလုံး အတူတူ ဆွေးနွေးနိုင်အောင် စုစည်းလိုက်တာပါ။”
“ခုနက မှတ်ဉာဏ်ကို မှတ်ဉာဏ်ပုလဲအဖြစ် ပြောင်းလဲလို့ မရတာကလည်း ကျွန်မရဲ့ သံသယကို ပိုပြီး သက်သေပြနေသလိုပါပဲ။”
ယွမ်ချင်းရှုသည် ဤမျှလောက် စကားများများ ပြောလေ့ရှိသူ မဟုတ်ပေ။ သို့သော် မှတ်ဉာဏ်ကို မှတ်ဉာဏ်ပုလဲအဖြစ် ပြောင်းလဲ၍ မရနိုင်သည့်အတွက် အခြားသူများကို သူမ နှုတ်ဖြင့်သာ ပုံဖော်ပြောပြနိုင်တော့၏။
ယွမ်ချင်းရှု၏ စကားကို ကြားလျှင် ရောက်ရှိနေကြသူ အားလုံး ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်ခြင်းထဲသို့ သက်ဆင်းသွားကြ၏။ ထျန်းရန် နတ်ဘုရား နယ်မြေမှ သူတို့၏ မှတ်ဉာဏ်များကို ၎င်းတို့အနက် အများစုက ပြန်လည်ရရှိထားပြီး ဖြစ်ရာ မှတ်ဉာဏ်ပုလဲအဖြစ် ပြောင်းလဲ၍ မရခြင်း၏ အဓိပ္ပာယ်ကိုလည်း ကောင်းစွာ သဘောပေါက်နားလည်နေကြ၏။
မှတ်ဉာဏ်ပုလဲအဖြစ် ပြောင်းလဲ၍ မရခြင်းမှာ ထိုထူးဆန်းသော စွမ်းအားများကို ထုတ်ဖော်ခြင်းမှ တားဆီးထားသည့် ကန့်သတ်ချက်တစ်ခု ရှိနေခြင်းကြောင့် ဖြစ်နိုင်၏။ သို့မဟုတ် နက်ရှိုင်းသော အကြောင်းအကျိုး ကံတရား ကန့်သတ်ချက်များ ပါဝင်နေသည့် အနာဂတ်မြင်ကွင်းများ ဖြစ်နေ၍ အခြားသူများကို ယွမ်ချင်းရှု မပြသနိုင်ခြင်းလည်း ဖြစ်နိုင်သည်။
အကယ်၍ ကန့်သတ်ချက်တစ်ခုကြောင့်သာ ဆိုပါက ယခုကဲ့သို့ သူမမြင်တွေ့ခဲ့ရသည်များကို ယွမ်ချင်းရှု ပြောပြနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ယွမ်ချင်းရှု မြင်တွေ့ခဲ့ရသည့် မြင်ကွင်းများသည် နက်ရှိုင်းသော အကြောင်းအကျိုး ကံတရား ကန့်သတ်ချက်များနှင့် သက်ဆိုင်နေသောကြောင့်သာ အခြားသူများကို သူမ မပြသနိုင်သော်လည်း နှုတ်ဖြင့်တော့ ပြောပြနိုင်ခြင်း ဖြစ်သည်။ ထိုဖြစ်နိုင်ခြေက အလားအလာ အရှိဆုံး ဖြစ်၏။
အကယ်၍ အနာဂတ်မြင်ကွင်းများနှင့် သက်ဆိုင်နေပါက ယွမ်ချင်းရှု ပြောဆိုခဲ့သော ထိုလျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက နောင်တစ်ချိန်တွင် သူတို့အားလုံးကို ဝါးမြိုတိုက်စားသွားမည်ဟု ဆိုလိုခြင်းလား။
ထိုသို့ ဖြစ်နိုင်ခြေကို အမျိုးသမီးများ တွေးတောမိကြပြီး သူတို့၏ စိတ်အခြေအနေများ အလွန် ညှိုးငယ်အုံ့မှိုင်းသွားကြ၏။ အကယ်၍ ထိုအရာက အနာဂတ်မြင်ကွင်း ဧကန်မုချ ဖြစ်ခဲ့ပါက ထိုကြောက်မက်ဖွယ် စွမ်းအားက သူတို့အားလုံးကို တိုက်စားမသွားမီ လုချန်းနှင့် တစ်ခေါက်ပြန်တွေ့နိုင်ပါဦးမလားဟု သူတို့ တွေးတောပူပန်နေကြ၏။
ခဏခန့် ကြာပြီးနောက် ချူးချင်းလီက
“ပူပန်နေဖို့ မလိုပါဘူး။ အကယ်၍ ချင်းရှု မြင်ခဲ့တာက အနာဂတ်မြင်ကွင်း အမှန်ပဲဆိုရင် ကျွန်မတို့အားလုံးကို ဝါးမြိုနိုင်တဲ့ စွမ်းအားကို ခုခံဖို့ဆိုတာ ကျွန်မတို့ရဲ့ တတ်နိုင်စွမ်းထက် ကျော်လွန်နေပြီပဲ။ ဒါကြောင့် စိုးရိမ်ပူပန်နေလည်း အပိုပါပဲ။”
“အဲ့ဒါထက် ထျန်းရန် နတ်ဘုရား နယ်မြေကို ဘယ်လို သွားကြမလဲဆိုတာကိုပဲ တွေးကြတာ ပိုကောင်းလိမ့်မယ်။ အဲ့ဒီလို ဆိုရင်တော့ မျှော်လင့်ချက် ရောင်ခြည်တစ်စ ရှိနေပါသေးတယ်။”
ဝမ်ချင်းစိီက
“ဒါပေမဲ့ အဲဒီလျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားက ကျွန်မတို့ ကစဉ့်ကလျား ပင်လယ်ကနေ ထွက်ခွာဖို့ ကြိုးစားတဲ့အခါ ကြုံတွေ့ရမယ့် အရာမျိုး ဖြစ်နေရင်ကော ဘယ်လိုလုပ်မလဲ။”
ဒါက...
ချူးချင်းလီ အနည်းငယ် မှင်တက်သွား၏။
သူတို့ ကစဉ့်ကလျား ပင်လယ်မှ ထွက်ခွာရန် ကြိုးစားစဉ် လမ်းခရီး၌ ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက သူတို့အား တိုက်စားသွားပြီး ယွမ်ချင်းရှု ဖော်ပြခဲ့သည့် လမ်းလျှောက်နေသော အလောင်းကောင်များအဖြစ် ပြောင်းလဲသွားခြင်းမျိုးလည်း ဖြစ်နိုင်ခြေ မရှိသည်တော့ မဟုတ်ပေ။
လက်ရှိအခြေအနေက သူတို့ကို ရှေ့တိုးရ နောက်ဆုတ်ရ ခက်စေသည့် အကျပ်အတည်းထဲသို့ ရောက်ရှိနေစေကာ ထွက်ခွာခြင်း သို့မဟုတ် ဆက်လက်နေထိုင်ခြင်း နှစ်ခုစလုံးက မဖြစ်နိုင်သကဲ့သို့ ထင်ရ၏။
အမျိုးသမီးများ ထပ်မံ၍ တိတ်ဆိတ်ငြိမ်သက်သွားကြပြန်ရာ ခန်းမကြီးတစ်ခုလုံး အပ်ကျသံပင် ကြားနိုင်လိုက်အောင် ဖိစီးတိတ်ဆိတ်သွား၏။
အချိန်မည်မျှ ကြာသွားသည်မသိ ချူးယွမ်ကျိက
“ကစဉ့်ကလျား ပင်လယ်က အတိုင်းအဆမရှိ ကျယ်ပြောတယ်။ ကျွန်မတို့ ထွက်ခွာချင်ရင်တောင် ထျန်းရန် နတ်ဘုရား နယ်မြေရဲ့ တည်နေရာကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး။ ဒါ့အပြင် ကျွန်မတို့ရဲ့ လက်ရှိစွမ်းအားနဲ့ဆိုရင် တည်နေရာကို သိနေရင်တောင် ကစဉ့်ကလျား စွမ်းအားရဲ့ တိုက်စားမှုကို တောင့်ခံနိုင်မှာ မဟုတ်ဘူး။ လုချန်း ပြန်လာတာကိုပဲ စောင့်တာက ပိုကောင်းပါလိမ့်မယ်။”
ချူးယွမ်ကျိ၏ စကားကို ကြားရသောအခါ အမျိုးသမီးများ၏ စိတ်ဓာတ်များ ထပ်မံ၍ ကျဆင်းသွားရပြန်၏။ အမှန်တော့ လွန်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်း ဤနေရာမှ ထွက်ခွာရန် မည်သူမှ မတွေးတောခဲ့ကြခြင်းတော့ မဟုတ်ပေ။
သို့သော် ထျန်းချန်ကမ္ဘာ၏ ကာကွယ်မှုအောက်ရှိ နယ်မြေမှ ထွက်ခွာရန် ကြိုးပမ်းလိုက်သည်နှင့် ကစဉ့်ကလျား စွမ်းအား၏ အငွေ့အသက်များက သူတို့ကို အလွန် မသက်မသာ ဖြစ်စေခဲ့၏။ သူတို့၏ လက်ရှိစွမ်းအားဖြင့် ကစဉ့်ကလျား ပင်လယ်ထဲသို့ ဝင်ရောက်လိုက်လျှင် ကစဉ့်ကလျား စွမ်းအားက အချိန်တိုအတွင်း လုံးဝ တိုက်စားသွားမည်ဟုသာ ဆိုလို၏။
ထို့ကြောင့် ယခုအချိန်တွင်တော့ သူတို့အနေနှင့် ကံကြမ္မာကိုသာ ငြိမ်သက်စွာ ထိုင်စောင့်နေရတော့မည့်ပုံ ပေါ်နေ၏။
ယွမ်ချင်းရှုက အမျိုးသမီးများကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး
“ကျွန်မ မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းက အနာဂတ်မြင်ကွင်း ဖြစ်နိုင်တယ်ဆိုရင်တောင် ဘယ်လောက်အထိ ဝေးကွာတဲ့ အနာဂတ်လဲဆိုတာ မသိရသေးပါဘူး။ ဒါကြောင့် အားလုံးပဲ အရမ်း စိုးရိမ်ပူပန်မနေကြပါနဲ့ဦး။”
ယွမ်ချင်းရှု ထိုသို့ ပြောဆိုလိုက်သော်လည်း သူမ ဤမြင်ကွင်းများကို မြင်တွေ့ပြီးဖြစ်၍ ထိုအဖြစ်အပျက် အနှေးနှင့်အမြန် ကျရောက်တော့မည်ဖြစ်ကြောင်း ရောက်ရှိနေသူတိုင်း ကောင်းစွာ နားလည်ကြ၏။ အဆုံးစွန်၌မူ နတ်တစ်ပါး ကြိုတင်မြင်နိုင်သော အနာဂတ်သည် ၎င်းတို့၏ စွမ်းအားနှင့် သက်ဆိုင်နေသည်။
နတ်တစ်ပါး၏ စွမ်းအား ပိုမြင့်လေလေ အနာဂတ်ကို ပိုဝေးကွာစွာ မြင်နိုင်လေလေဖြစ်၏။ လက်ရှိတွင် ယွမ်ချင်းရှု၌ သာမန်နတ်တစ်ပါး၏ စွမ်းအားသာ ရှိသည်။
သူမ အနာဂတ်ကို ကြိုတင်မြင်ခဲ့လျှင်ပင် ၎င်းသည် နီးကပ်သော အနာဂတ်သာ ဖြစ်ဖို့ အလားအလာ ရှိသည်။ ထိုအဖြစ်အပျက်သည် အနှစ်တစ်ရာပင်မပြည့်မီ အချိန်အတွင်း ဖြစ်ပွားလာနိုင်ခြေ ရှိ၏။
ချူးယုချင်က အနည်းငယ် သက်ပြင်းချလိုက်ပြီး
“အားလုံးပဲ ပြန်ရောက်ရင် ကပ်ဘေးအတွက် ပြင်ဆင်ထားကြပါ။ ရောက်လာမယ့်အရာကတော့ ရောက်လာမှာပဲ။ နောက်ပြီး ချင်းရှု မြင်ခဲ့တာက အနာဂတ် မဟုတ်ပဲ အတိတ်က မှတ်ဉာဏ်တွေလည်း ဖြစ်နိုင်တာပဲ။”
ချူးယုချင်၏ စကားကို ကြားလျှင် အမျိုးသမီးများ၏ စိုးရိမ်ပူပန်မှုများ အနည်းငယ် လျော့ပါးသွားကြ၏။
ဟုတ်ပါသည်။ သူတို့၏ မှတ်ဉာဏ်အချို့ကို ယနေ့ထက်အထိ အပြည့်အဝ ပြန်လည် မရရှိကြသေးပေ။
ယွမ်ချင်းရှု မြင်တွေ့ခဲ့ရသည်မှာ သူတို့ ကစဉ့်ကလျား ပင်လယ်ထဲသို့ ဝင်ရောက်ပြီးနောက် ကစဉ့်ကလျား စွမ်းအား တိုက်စားမှု ခံခဲ့ရသည့် အတိတ်က မှတ်ဉာဏ်များ ဖြစ်နေနိုင်မလား။
ကစဉ့်ကလျား ပင်လယ်ထဲသို့ ဝင်ရောက်စဉ်က သူတို့၏ အသက်ဓာတ်ကို စောင့်ထိန်းရန်အတွက် လုချန်းက သူတို့၏ စိတ်ဝိညာဉ်များကို ချိပ်ပိတ်ပေးခဲ့၏။ ယင်းသည် ယွမ်ချင်းရှု၏ စိတ်ဝိညာဉ် ချိပ်ပိတ်ခံထားရပြီးနောက်ပိုင်း မြင်တွေ့ခဲ့သည့် မြင်ကွင်းအချို့လည်း ဖြစ်နိုင်သည်။
ချူးယုချင်၏ သုံးသပ်ချက်ကို ကြားရလျှင် ထိုအရာသည် သူမ အတိတ်က မှတ်ဉာဏ် တွေများ ဖြစ်နိုင်မလားဟု ယွမ်ချင်းရှု ခဏခန့် တွေးတောဆင်ခြင်မိသွား၏။ သို့သော် အကယ်၍ ၎င်းသည် အတိတ်က မှတ်ဉာဏ်များသာ ဆိုပါက မှတ်ဉာဏ်ပုလဲအဖြစ် ပြောင်းလဲကာ ထိုမြင်ကွင်းကို အခြားသူများအား သူမ ပြသနိုင်ရမည် ဖြစ်၏။
သို့သော် ထိုသို့ တွေးတောခြင်းက သူတို့ကို လုံးဝ စိတ်ပျက်အားငယ်ခြင်းမှ ကာကွယ်ပေးနိုင်သောကြောင့် ချူးယုချင်ကို ယွမ်ချင်းရှု ပြန်လည် မချေပတော့ပေ။ အကယ်၍ ၎င်းသည် အနာဂတ်မြင်ကွင်းများ တကယ် ဖြစ်ခဲ့ပါက ၎င်းတို့အနေနှင့် စိတ်ပျက်လက်ပျက်ဖြင့် သေဆုံးခြင်းကိုသာ ထိုင်စောင့်နေရပေလိမ့်မည်။
အတန်ငယ် ကိုယ့်ကိုယ်ကို လှည့်စားခြင်း ဖြစ်သော်လည်း ထိုသို့ တွေးတောခြင်းက ရှင်သန်ခြင်း မျှော်လင့်ချက် ရောင်ခြည်တစ်စကို မြင်တွေ့နိုင်စေဆဲ ဖြစ်၏။
ယခုတော့ အရာအားလုံးသည် သူတို့ကို လုချန်း မည့်သည့်အချိန် လာရောက်ခေါ်ဆောင်နိုင်မည်ဟူသော အချက်ပေါ်တွင်သာ တည်မှီနေတော့သည်။
…….
အလယ်ပိုင်းနယ်နှင့် မြောက်ပိုင်းနယ်တို့၏ ဆုံမှတ်တွင် ကျယ်ပြောလှသော သမုဒ္ဒရာကြီးတစ်ခု တည်ရှိ၏။
ထိုအခိုက်အတန့်တွင် ပင်လယ်ပြင်ထက်၌ ထောင်ပေါင်းများစွာသော စစ်နတ်လှေများ အမြောက်အမြား ဆိုက်ကပ်ထားကြပြီးဖြစ်သည်။ ၎င်းတို့၏ တိုက်ခိုက်ရေး နည်းဗျူဟာ ပုံစံများကိုလည်း အချိန်မရွေး တိုက်ခိုက်နိုင်ရန် အသင့်အနေအထားဖြင့် အများစုကို ဖွင့်လှစ်ထားသည်။
အလယ်ပိုင်းနယ်၏ အင်အားစုအားလုံးကို လျှို့ဝှက်လဝန်း ကျောင်းတော်က စုစည်းပြီး ဖြစ်သည်။ အလယ်ပိုင်းနယ်၏ အရှင်သခင် လိုဖြစ်နေသည့် လျှို့ဝှက်လဝန်း ကျောင်းတော်ကို မည်သည့်အင်အားစုကမှ မဖီဆန်ဝံ့ကြပေ။
နတ်သခင် ယွမ်မုန့်က ထိုအင်အားစုများ၏ ခေါင်းဆောင်များကို အစည်းအဝေး ခေါ်ယူခဲ့ပြီးနောက် အလယ်ပိုင်းနယ်ကြီး တစ်ခုလုံး စည်းလုံးညီညွတ်သွားခဲ့၏။ ထို့နောက် အလယ်ပိုင်းနယ်နှင့် မြောက်ပိုင်းနယ်တို့၏ ဆုံမှတ်တွင် ခံစစ်စည်းတစ်ခုကို တည်ဆောက်လျက် အလယ်ပိုင်းနယ် မဟာမိတ်တပ်တစ်တပ်ကို ဖွဲ့စည်းလိုက်၏။ မြောက်ပိုင်းနယ်၏ အင်အားစုများ တောင်ဘက်သို့ ဆင်းလာရန် ကြိုးပမ်းပါက သူတို့ ချက်ချင်း သိနိုင်လိမ့်မည် ဖြစ်၏။
ထိုစဉ် အတိုင်းအဆမရှိ ကျယ်ပြောသော ပင်လယ်ပြင်ထက်၌ စစ်နတ်လှေ အုပ်စုကြီးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာကာ အလယ်ပိုင်းနယ်၏ ခံစစ်စည်းဆီသို့ အရှိန်အဟုန်ပြင်းစွာ ဦးတည်မောင်းနှင်လာကြ၏။ ထိုမြင်ကွင်းကို မြင်လျှင် မြောက်ပိုင်းနယ်ကို စောင့်ကြည့်ရန် တာဝန်ရှိသူက အလယ်ပိုင်းနယ်၏ အင်အားစုအသီးသီးကို သတိပေးရန်အတွက် ခေါင်းလောင်းသဏ္ဌာန် နတ်လက်နက်တစ်ခုကို အလျင်အမြန်ပင် အသုံးပြုလိုက်တော့သည်။
--
………..