← Chapters

အခန်း (၆၇၆-၆၇၈)

Vol. 46 Ch. 676-678

အခန်း (၆၇၆-၆၇၈)

Vol. 46 Ch. 676-678

အပိုင်း ၆၇၆ : ပေါ်ပေါ်ထင်ထင် ပြန်လာခြင်း

ယဲ့ချန်း ရုတ်တရက်ပေါ်လာခြင်းကြောင့် စုန့်ချန်ချန်၏ ရင်ထဲတွင် အလွန်ဝမ်းသာကြည်နူးသွားသည်။

တကယ်တော့ ယဲ့ချန်းက သူ(မ)၏ ဒုတိယအစ်ကိုကို သတိထားရန် သတိပေးခဲ့ဖူးသော်လည်း စုန့်ချန်ချန်က အလေးအနက် မထားခဲ့ပေ။

သို့သော် ယခုအခါတွင်မူ အလွန်အန္တရာယ်များလှသည့်တိုင် ယဲ့ချန်းက သူ(မ)ရှေ့တွင် ထပ်ပေါ်လာပြီး သူ(မ)ကို ကာကွယ်ပေးနေဆဲပင်။

ထို့ကြောင့် စုန့်ချန်ချန်ခမျာ မယုံနိုင်လောက်အောင် ကြည်နူးစိတ်လှုပ်ရှားသွားသည်။

လုပ်ကြံသူတစ်ယောက်က အေးစက်စက် ပြောလိုက်လေသည်။

"မင်း ဘာလို့ ဒီကိုရောက်နေတာလဲ။ အဆိပ်အရိပ်ရော ဘယ်မှာလဲ"

ယဲ့ချန်းက ခပ်ဖွဖွ ပြုံးလိုက်၏။

"ဪ... သူက မင်းတို့ကို ထောင်ထဲမှာ စောင့်နေလောက်တယ်။ စိတ်မပူပါနဲ့။ မင်းတို့ကိုလည်း သူ့ဆီ ချက်ချင်း ပို့ပေးမှာပါ"

"ခွေးကောင်...ဒီနေ့ မင်းကို သေချာပေါက်သတ်ပစ်မယ်"

စုန့်ဝေ့က အေးစက်စက် နှာခေါင်းရှုံ့လိုက်လေသည်။

"ကောင်လေး... မင်း တော်တော်သတ္တိရှိတာပဲ။ ဒီလိုအချိန်မျိုးမှာတောင် ဒီကောင်မလေးအတွက် ဝင်ပါရဲသေးတယ်။ အမှန်အတိုင်းပြောရရင် မင်းရဲ့သတ္တိကို ငါ လေးစားတယ်"

ယဲ့ချန်းက အသာပြုံးလိုက်လေသည်။

"မင်းတို့လို ပုရွက်ဆိတ်အုပ်လောက်ကို ငါက ကြောက်မယ်များ ထင်နေတာလား။ ဟာသပဲ"

ယဲ့ချန်း၏ စကားကို ကြားသောအခါ စုန့်ဝေ့နှင့် လုပ်ကြံသူနှစ်ဦး၏ မျက်နှာထက်တွင် ပြင်းထန်လှသော ဒေါသရိပ်များ ဖြတ်ပြေးသွားသည်။

လုပ်ကြံသူနှစ်ယောက်ထံမှ ထွက်ပေါ်လာသော အေးစက်လှသည့် သတ်ဖြတ်လိုစိတ်များကြောင့် စုန့်ချန်ချန်၏ ရင်ထဲဝယ် တုန်လှုပ်သွားချေသည်။

သို့သော် ယဲ့ချန်းကမူ ဂရုစိုက်ပုံမရပေ။

လုပ်ကြံသူတစ်ယောက်က ဓားမကြီးတစ်လက်ကို ဆွဲထုတ်လိုက်သည်။

"ချာတိတ်.. ဒီနေ့ မင်းကို အပိုင်းပိုင်းခုတ်ထစ်ပစ်မယ်"

"စတုတ္ထအစ်ကို... အတူဝင်တိုက်ပြီး ဒီကောင့်ကို သတ်လိုက်ရအောင်"

ထိုလူနှစ်ယောက်မှာ ယဲ့ချန်းထံသို့ တစ်ပြိုင်တည်းလိုလို ခုန်အုပ်ဝင်ရောက်လာကြသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ စုန့်ချန်ချန်တစ်ယောက် ကြောက်လန့်တကြားဖြစ်သွားလေသည်။

ယဲ့ချန်းက အလွန်အစွမ်းထက်ကြောင်း သူ(မ) သိထားသော်လည်း ယခု ယဲ့ချန်းရင်ဆိုင်နေရသည်မှာ ထိပ်တန်းလုပ်ကြံသူနှစ်ဦးပင်။

ယဲ့ချန်းက ဤလုပ်ကြံသူနှစ်ယောက်ကို တကယ်အနိုင်ယူနိုင်မည်လော။

လုပ်ကြံသူနှစ်ယောက်ကြားရှိ ပူးပေါင်းဆောင်ရွက်မှုမှာ အလွန်အချိတ်အဆက်မိလှသည်။

တစ်ယောက်က ဓားကိုဝှေ့ယမ်း၍ ယဲ့ချန်း၏ ခန္ဓာကိုယ်အထက်ပိုင်းကို တိုက်ခိုက်လာပြီး ကျန်တစ်ယောက်ကမူ နံချပ်ကူဖြင့် ယဲ့ချန်း၏ ခန္ဓာကိုယ်အောက်ပိုင်းကို ရိုက်ချလိုက်သည်။

လုပ်ကြံသူနှစ်ယောက်စလုံးမှာ ထိပ်တန်းအဆင့် လုပ်ကြံသူများ ဖြစ်ကြလေရာ သူတို့၏အမြင်တွင် ယဲ့ချန်း မည်မျှပင် တော်နေပါစေ၊ သူတို့နှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကိုတော့ ခံနိုင်ရည်ရှိမည် မဟုတ်ဟု ထင်ထားကြသည်။

ယနေ့တွင် ယဲ့ချန်းကို သတ်နိုင်လမည်ဟု သူတို့ အပြည့်အဝယုံကြည်ထားကြသည်။

ယဲ့ချန်းက မျက်လုံးကို အနည်းငယ် မှေးကျဉ်းလိုက်သည်။ သူ့မျက်နှာတည့်တည့်သို့ ပစ်ဝင်လာသော ဓားကို မြင်သောအခါ သူသည် နောက်ဆုတ်ရမည့်အစား ရှေ့တိုးကာ လုပ်ကြံသူ၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်။

ဂျွတ်!

အရိုးကျိုးသံနှင့်အတူ ယဲ့ချန်းက ထိုလုပ်ကြံသူ၏ လက်ကောက်ဝတ်ကို လွယ်လင့်တကူပင် ချေမွပစ်လိုက်သည်။

ဓားက ယဲ့ချန်း၏ ဘယ်လက်ထဲသို့ ကျရောက်သွားပြီး ထိုဓားကို ဆောင်းဦးလေရူးက သစ်ရွက်ကြွေများကို တိုက်ခတ်ဖယ်ရှားပစ်သည့်အလား အသုံးပြုလိုက်သည်။

ယဲ့ချန်း၏ ဓားချက်ကား နံချပ်ကူ၏ ကာကွယ်မှုကို ဖောက်ထွင်းကာ တန်းတန်းမတ်မတ် ဝင်သွားလေသည်။

ခွပ်!

စူးစူးဝါးဝါးအော်ဟစ်သံနှင့်အတူ ထိုလုပ်ကြံသူ၏ လက်မောင်းမှာ ပြတ်တောက်သွားလေသည်။

တစ်ကွက်တည်းနှင့်ပင် လုပ်ကြံသူနှစ်ယောက်စလုံး ယဲ့ချန်း၏ ရိုက်ချက်ကြောင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။

ကလပ်၏ ခန်းမတစ်ခုလုံး တစပြင်အလား တိတ်ဆိတ်သွားသည်။

ထိပ်တန်းအဆင့် လုပ်ကြံသူနှစ်ယောက်က ယဲ့ချန်းရှေ့တွင် ဤမျှစွမ်းအားကင်းမဲ့သွားလိမ့်မည်ဟု မည်သူကမှ မျှော်လင့်မထားခဲ့ကြပေ။

ထိုအချိန်တွင် ကလပ်၏ ခေါင်မိုးပေါ်မှ လူရိပ်တစ်ခု ဖြည်းညင်းစွာ ဆင်းသက်လာသည်။

မြေပြင်ပေါ်ရှိ လုပ်ကြံသူနှစ်ယောက်ကို မြင်သောအခါ ထိုလူ၏အကြည့်များ အနည်းငယ် အေးစက်သွားသည်။

"ကောင်လေး... မင်း တော်တော်ရဲတင်းတာပဲ။ ငါတို့ ညီအစ်ကိုတွေကို ဒီလောက်အထိ ထိခိုက်အောင်လုပ်ထားတာဆိုတော့ ဒီနေ့ မင်း သေကိုသေရမယ်

"ဒုတိယအစ်ကို... ကျွန်တော်တို့အတွက် လက်စားချေပြီး အဲဒီကောင်လေးကို သတ်ပေးပါ"

ရောက်လာသူကို မြင်သောအခါ လုပ်ကြံသူနှစ်ယောက်၏ မျက်နှာထက်တွင် ဝမ်းသာပျော်ရွှင်လေဟန် အမူအရာများ လင်းလက်သွားသည်။

အသစ်ရောက်လာသူမှာ အခြားသူမဟုတ်ပါဘဲ မရဏသတ်ဖြတ်ရေးအဖွဲ့အစည်း၏ ဒုတိယအဆင့်ရှိ လုပ်ကြံသူ 'မှော်စွမ်းအင်'ပင်။

မှော်စွမ်းအင်က ယဲ့ချန်းကို စိုက်ကြည့်လိုက်၏။ သူ့မျက်ဝန်းအစုံက ကြမ်းကြုတ်စွာ တောက်ပနေပေသည်။

"ကောင်လေး... မင်းရဲ့အစွမ်းအစက မဆိုးပါဘူး။ ငါ့ပြိုင်ဘက်ဖြစ်ဖို့ ထိုက်တန်တယ်"

စကားအဆုံးတွင် သူသည် ဝတ်ရုံကို ဘေးသို့ လွှင့်ပစ်ပြီး လက်အိတ်တစ်ဖက်ကို စွပ်လိုက်သည်။

သို့သော် သူ လက်အိတ်ကို တစ်ဝက်ခန့် စွပ်ပြီးချိန်မှာပင် ယဲ့ချန်းက ရုတ်တရက်လှုပ်ရှားလိုက်သည်။

သူ့ခန္ဓာကိုယ်က တစ္ဆေတစ်ကောင်အလား 'မှော်စွမ်းအင်'ရှေ့တွင် ပေါ်လာခဲ့သည်။

ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

မိမိရှေ့တွင် ရုတ်တရက်ပေါ်လာသော လူရိပ်ကို မြင်လိုက်ရချိန်တွင် 'မှော်စွမ်းအင်'မှာ ကြောက်လန့်တကြားဖြင့် အသိစိတ်လွတ်မတတ် ဖြစ်သွားသည်။

ယဲ့ချန်းက ခပ်ဖွဖွ ပြုံးလိုက်လေသည်။

"နှမြောစရာပဲ... မင်းက ငါ့ပြိုင်ဘက်ဖြစ်ဖို့ အရည်အချင်းမမီသေးဘူး"

ယဲ့ချန်းက ထိုသို့ပြောရင်း လက်ဝါးချက်တစ်ချက် ရိုက်ချလိုက်၏။

'မှော်စွမ်းအင်'မှာ တုံ့ပြန်ရန် အချိန်ပင်မရလိုက်ဘဲ ယဲ့ချန်း၏ လက်ဝါးချက်ကြောင့် လွင့်ထွက်သွားရှာသည်။

သူ့ခန္ဓာကိုယ်က နံရံတစ်ခုနှင့် အပြင်းအထန် ဝင်ဆောင့်မိပြီး ပြန်ထရန် ကြိုးစားသော်လည်း နံရိုးများ ကျိုးနေပြီဖြစ်ရာ လုံးဝမလှုပ်ရှားနိုင်တော့ချေ။

ထိုအချိန်တွင် စုန့်ဝေ့ အံ့သြမှင်တက်သွားသည်။

သူ မည်မျှပင် စီစဉ်ထားပါစေ။ သူကိုယ်တိုင် ဂရုတစိုက်ဆင်ထားသော ထောင်ချောက်က ဤကဲ့သို့ ဇာတ်သိမ်းသွားလိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ပေ။

ထိုအချိန်တွင် ကျိုးစုစုက ကလပ်၏ တံခါးကို ကန်ဖွင့်ပြီး ရဲတပ်ဖွဲ့ဝင်များနှင့်အတူ အပြေးဝင်လာခဲ့သည်။

လုပ်ကြံသူများအားလုံးကိုလည်း လက်ထိပ်ခတ်၍ ခေါ်ဆောင်သွားကြသည်။

သို့သော် စုန့်ဝေ့ကမူ ဂရုမစိုက်လေဟန် အမူအရာဖြင့်သာ။

"ညီမလေး... နင် ရက်စက်လှချည်လား။ ဒါပေမဲ့ ငါ အပြင်ရောက်တာနဲ့ နင်နဲ့ စာရင်းပြန်ရှင်းမယ်"

စုန့်ဝေ့၏ အမြင်တွင် သူ့အမှုမှာ လူသတ်ရန် ကြံစည်မှုသာ ဖြစ်ရာ အများဆုံး နှစ်အနည်းငယ်အတွင်း ပြန်ထွက်လာနိုင်မည်ဟု ထင်နေချေသည်။

"မင်း ဘယ်တော့မှ ပြန်ထွက်လာနိုင်မှာ မဟုတ်ဘူး"

အသံတစ်သံက ခြောက်ခြားဖွယ်ကောင်းအောင် ထွက်ပေါ်လာသည်။

ယဲ့ချန်း၏ စကားကို ကြားသောအခါ စုန့်ဝေ့၏ မျက်နှာထားမှာ အေးစက်သွားသည်။

"ချာတိတ်... မင်း ဘာတွေ ပြောနေတာလဲ။ ဒါက အလွန်ဆုံးရှိမှ လူသတ်ရန်ကြံစည်မှုပဲလေ"

ယဲ့ချန်း ခေါင်းခါပြလိုက်၏။

"မဟုတ်ဘူး။ မင်းက လူသတ်ပြီးနေပြီ။ မင်း မိုတုမြို့ကို ရောက်ခါစတုန်းက ဝမ်တာ့အိမ်ခြံမြေလုပ်ငန်းရဲ့သူဌေး ဝမ်လင်နဲ့ ပရောဂျက်တစ်ခုအတွက် ယှဉ်ပြိုင်ခဲ့ရတယ်။ မင်းရဲ့ရည်မှန်းချက် အောင်မြင်ဖို့အတွက် သူ့ကိုသတ်ဖို့ လုပ်ကြံသူတွေကို ငှားခဲ့တယ်လေ။ ဒီကိစ္စကို မင်း မမေ့သေးဘူးမဟုတ်လား"

ယဲ့ချန်း၏ ပြတ်သားလှသော စကားများကို ကြားလိုက်ရချိန်တွင် စုန့်ဝေ့၏ မျက်နှာကား ဖြူရော်သွားသည်။

"မင်း လိမ်နေတာ။ ငါ မလုပ်ခဲ့ဘူး"

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်လေသည်။

"မင်း ဘာပြောပြော အရေးမကြီးပါဘူး။ အဲဒီအချိန်တုန်းက လုပ်ကြံသူက မင်းနဲ့ မျက်နှာချင်းဆိုင် ထွက်ဆိုလိမ့်မယ်။ ပြီးတော့ ရဲအရာရှိတွေကလည်း မင်းနဲ့ သေချာစကားပြောကြလိမ့်မယ်"

ယဲ့ချန်း၏ စကားကို ကြားသောအခါ စုန့်ဝေ့၏ မျက်နှာကား ဖြူဖျော့သွားသည်။

ဟွားနိုင်ငံတွင် လူသတ်မှုဆိုသည်မှာ ကြီးလေးလှသော ပြစ်မှုတစ်ခုဖြစ်ပြီး သေဒဏ်အထိ ချမှတ်ခံရနိုင်သည်။

စုန့်ဝေ့ကို ရဲများက လက်ထိပ်ခတ်၍ ခေါ်ဆောင်သွားကြောင်း မြင်သောအခါ စုန့်ချန်ချန်၏ မျက်နှာကား ပျက်ယွင်းသွားသည်။

သို့သော် သူ(မ) ခါးသက်သက် ပြုံးလိုက်မိသည်။ သူ(မ)၏ ဒုတိယအစ်ကိုသည် ယုတ်မာသော လူသတ်သမားတစ်ယောက် ဖြစ်နပြီး သူ(မ)၏ အစ်ကိုအကြီးဆုံးကလည်း သူ(မ)ကို သတ်ရန် လူလွှတ်လိမ့်မည်ဟု စုန့်ချန်ချန် အိပ်မက်ပင် မမက်ခဲ့ဖူးပေ။

ကလေးများကို အလိုလိုက်လွန်းခြင်းမှာ သူတို့ကို သတ်ဖြတ်ခြင်းနှင့် တူပေသည်။ ယခင်က သူတို့၏ အဖေသည် ကလေးနှစ်ယောက်ကို အလိုလိုက်လွန်းခဲ့သည်။

ယဲ့ချန်းက ကားမောင်းရင်း ပြုံးလိုက်၏။

"နောက်ထပ်ဘာအစီအစဉ်ရှိသေးလဲ"

စုန့်ချန်ချန်က ပြောလာလေသည်။

"ကျွန်မ ကျိုတိုမြို့ကို ပြန်ချင်တယ်။ အဖေက အဲဒီမှာ ရှိနေတုန်းပဲလေ။ ပြီးတော့ အဖေ အစ်ကိုကြီးလက်ချက်နဲ့ သေသွားမှာကို ကျွန်မ ဒီတိုင်းကြည့်မနေနိုင်ဘူး"

ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်၏။

"ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်"

စုန့်ချန်ချန် အံ့ဩသွားလေသည်။

"ရှင် တကယ် လိုက်ခဲ့မှာလား။ ကျွန်မရဲ့ အစ်ကိုကြီးက ဒုတိယအစ်ကိုထက် ပိုရင်ဆိုင်ရခက်တယ်နော်"

ယဲ့ချန်းက ခပ်ဖွဖွပြုံး၍ လက်သီးတင်းတင်းဆုပ်လိုက်၏။

"သူတို့ဘက်က စကားနားမထောင်ရင်တော့ ငါ့ဘက်လည်း ချရုံပဲပေါ့"

နောက်တစ်နေ့ မနက်စောစောတွင် ယဲ့ချန်းနှင့် စုန့်ချန်ချန်တို့ ကျိုတိုသို့ သွားမည့် ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်သို့ တက်လာခဲ့ကြသည်။

ယဲ့ချန်း၏ ကိုယ်ပိုင်ဂျက်လေယာဉ်ကို မြင်သောအခါ စုန့်ချန်ချန် ဆွံ့အသွားသည်။

"ယဲ့ချန်း... ရှင် ဘာလို့ ကျွန်မဘေးမှာနေပြီး ကာကွယ်ပေးနေရတာလဲ"

စုန့်ချန်ချန်သည် ယဲ့ချန်း၏ ကိုယ်ပိုင်ဂျက်လေယာဉ်ကို မြင်လိုက်ရချိန်ဝယ် ယဲ့ချန်းက သူ(မ)ကို ငွေရဖို့အတွက် ကာကွယ်ပေးနေခြင်း မဟုတ်ကြောင်း နောက်ဆုံး၌ နားလည်သဘောပေါက်သွားခဲ့သည်။

ယဲ့ချန်းမှာ ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ တကယ်တော့ သူလည်း ဝင်မပါချင်ခဲ့ပေ။ စနစ်က သူ့ကို အတင်းအကျပ် ခိုင်းစေနေခြင်းသာ။။

တစ်နှစ်ပတ်လုံး ဝမ်းပျက်ဝမ်းလျှောဖြစ်နေမည်ဆိုပါက အိမ်သာပေါ်မှာပင် သေသွားနိုင်ပေသည်။

သို့သော် ယဲ့ချန်းက ခပ်ဖွဖွ ပြုံးလိုက်သည်။

"ငါ နည်းနည်းပျင်းနေလို့ လုပ်စရာတစ်ခုခုရှာရင်း မင်းကိုကူညီပေးရုံပါ"

ယဲ့ချန်း၏ စကားကို ကြားသောအခါ စုန့်ချန်ချန်လည်း ခဏမျှဆွံ့အသွားပြီးနောက် ရှက်သွေးဖြာရင်း ပြုံးလိုက်မိသည်။

စုန့်ချန်ချန်၏ အမူအရာကို မြင်သောအခါ ယဲ့ချန်း အနည်းငယ်နေရခက်သွားပြီး သူ(မ) တစ်ခုခုကိုများ အထင်လွဲသွားပြီလားဟု တွေးလိုက်မိသည်။

လေဆိပ်တွင် လေယာဉ်ဆင်းသက်ချိန်၌ စုန့်ချန်ချန်က ပြောလိုက်၏။

"ကျွန်မတို့အိမ်မှာရှိတဲ့ လျှို့ဝှက်လမ်းကနေ တိတ်တဆိတ်ဝင်သွားရင် မကောင်းဘူးလား"

ထိုစကားကို ကြားသောအခါ ယဲ့ချန်းက ပြုံးလိုက်သည်။

"ဘာလို့ လျှို့ဝှက်လမ်းကို သုံးရမှာလဲ။ မင်းက စုန့်မိသားစုရဲ့ သမီးအကြီးလေ။ ဂုဏ်သိက္ခာရှိရှိနဲ့ ပြန်သွားသင့်တာပေါ့"

ယဲ့ချန်း၏ ယုံကြည်မှုအပြည့်ရှိနေလေဟန် မျက်နှာကို မြင်သောအခါ စုန့်ချန်ချန်မှာ အင်တင်တင်ဖြင့် ခေါင်းညိတ်၍ သဘောတူလိုက်ရသည်။

ယဲ့ချန်း၏စကားမှာ မှန်ပေသည်။ သူ(မ)၏ အပြစ်မဟုတ်ပေ။ သူ(မ)အစ်ကိုကြီး၏ အပြစ်သာ။ သူ(မ)က ဘာကြောင့် ခိုးကြောင်ခိုးဝှက်သွားနေရမည်နည်း။

စုန့်မိသားစုအိမ်သို့ ကားမောင်းသွားလိုက်သောအခါ အလွန်ရှေးကျသော အိမ်တော်ကြီးတစ်ခုကို တွေ့လိုက်ရ၏။ ကျိုတိုတွင် ဤကဲ့သို့သောအိမ်မျိုး ပိုင်ဆိုင်ထားခြင်းမှာ စုန့်မိသားစု၏ အမွေအနှစ်ခိုင်မာမှုကို ပြသနေပေသည်။

ကံဆိုးချင်တော့ လက်ရှိအချိန်တွင် စုန့်မိသားစုမှာ အလွန်ဆိုးဝါးလှသော အကျပ်အတည်းကာလကို ကြုံနေရပြီဖြစ်၏။

••••••••••••••••••••••••••

အပိုင်း ၆၇၇ : ငါ့ကို ဘယ်သူတားရဲလဲ

ယခင်တုန်းက စုန့်ချန်ချန်သည် စုန့်မိသားစုအိမ်တော်ကို ပြန်လာတိုင်း ကိုယ့်အိမ်ကိုယ်ပြန်လာရသလို အမြဲခံစားခဲ့ရသည်။

သို့သော် ဤတစ်ခေါက်တွင်မူ သူ(မ)၏ရင်ထဲတွင် စိုးရိမ်ထိတ်လန့်မှုလေးတစ်ခု ရှိနေချေသည်။

အကြောင်းမှာ ယခု ဤအိမ်ကြီးက သူ(မ)အတွက် အန္တရာယ်ပေါင်းများစွာကို ပေးစွမ်းနေသောကြောင့်ပင်။

ထိုအချိန်မှာပင် ယဲ့ချန်းက စုန့်ချန်ချန်၏လက်ကို ဆုပ်ကိုင်လိုက်၏။

"မစိုးရိမ်ပါနဲ့။ ငါရှိတယ်"

ယဲ့ချန်း၏ လက်ဖဝါးထဲရှိ နွေးထွေးမှုကို ခံစားလိုက်ရသောအခါ စုန့်ချန်ချန်လည်း အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။

သူတို့နှစ်ယောက်သား စုန့်အိမ်တော်ထဲကို ဝင်လာခဲ့ကြသည်။

တံခါးဝကို ရောက်ရောက်ချင်း စုန့်ချန်ချန်ကို မြင်လိုက်ရချိန်ဝယ် အိမ်တော်ထိန်း၏ မျက်နှာအမူအရာကား အနည်းငယ်ပြောင်းလဲသွားသည်။

"သခင်မလေး... ဘယ်လိုလုပ်ပြီး ပြန်လာရဲတာလဲ"

စုန့်ချန်ချန်က ခဏမျှ တုံ့ဆိုင်းသွားလေသည်။

"ဒါက ကျွန်မရဲ့အိမ်လေ... ကျွန်မက ဘာလို့ပြန်မလာရမှာလဲ"

အိမ်တော်ထိန်းက ခါးသက်သက်လေသံဖြင့် ပြောလိုက်လေသည်။

"အကြီးဆုံးသခင်လေးက သခင်မလေးကို စုန့်မိသားစုကနေ နှင်ထုတ်ဖို့ မိသားစုအစည်းအဝေး လုပ်နေတယ်"

အိမ်တော်ထိန်း၏စကားကို ကြားလိုက်ရချိန်မှာ စုန့်ချန်ချန် ခဏဆွံ့အသွားပြီး မျက်လုံးထဲတွင် ပြင်းထန်လှသော ဒေါသမီးတောက်များ တောက်လောင်လာသည်။

အစ်ကိုကြီး အနိုင်ကျင့်တာ အရမ်းလွန်လွန်းနေပြီ...

သူ(မ)ကိုသတ်ဖို့ လုပ်ကြံသူများကို အကြိမ်ကြိမ်စေလွှတ်ခဲ့ရုံသာမက ယခုဆိုလျှင် သူ(မ)ကို စုန့်မိသားစုထဲကပါ နှင်ထုတ်ချင်နေကြသည်။

ထိုအချိန်မှာပင် လှောင်ပြောင်သရော်လေဟန် အသံတစ်သံ ထွက်ပေါ်လာသည်။

"စုန့်ချန်ချန်... နင် စုန့်အိမ်တော်ကို ပြန်လာရဲမယ်လို့ ငါမထင်ထားဘူး"

ရောက်လာသူမှာ စုန့်ချန်ချန်၏ ဝမ်းကွဲညီမ စုန့်ဝေ့ဝေ့ပင်။

စုန့်ချန်ချန်က အေးစက်စက်လေသံဖြင့် ပြောလိုက်၏။

"စုန့်ဝေ့ဝေ့.. ဒါ ဘာသဘောလဲ"

"ဘာသဘောလဲ ဟုတ်လား။ ဒုတိယသခင်လေးကိုဖမ်းဖို့ ရဲတွေတောင် ခေါ်လာခဲ့တဲ့ နင်က တော်တော်သတ္တိကောင်းနေတာပဲ... ကျေးဇူးကန်းတဲ့လူကများ စုန့်အိမ်တော်ကို ပြန်လာရဲသေးတယ်လို့... အံ့ဩစရာပဲ"

စုန့်ဝေ့ဝေ့က မောက်မာဝင့်ကြွားနေလေသည်။

စုန့်မိသားစု၏ မိသားစုခွဲတစ်ယောက်အနေနှင့် သူ(မ)သည် စုန့်ချန်ချန်ရှေ့သို့ရောက်လျှင် အမြဲနှိမ့်ချနေခဲ့ရသူပင်။

ယခုမူ စုန့်ချန်ချန်သည် စုန့်မိသားစုထဲတွင် လေလွင့်ခွေးတစ်ကောင်ထက် မပိုတော့ချေ။

နောက်ဆုံးတော့ သူ(မ)အနေနှင့် စုန့်ချန်ချန်ရှေ့တွင် ခေါင်းမော့နိုင်မည့် အခွင့်အရေးမျိုး ရလာခဲ့လေပြီ။

ဖြောင်း!

ကျယ်လောင်လှသော ပါးရိုက်သံကြီးတစ်သံ ထွက်ပေါ်လာသည်။

ယဲ့ချန်းက စုန့်ချန်ချန်၏ရှေ့တွင် ဝင်ရပ်လိုက်သည်။

ကြွားလုံးထုတ်နေသော စုန့်ဝေ့ဝေ့ခမျာ ရုတ်တရက် ပါးရိုက်ခံလိုက်ရသဖြင့် ထိုနေရာမှာတင် ကြက်သေ သေသွားသည်။

"ရှင်... ရှင် ဘာလုပ်တာလဲ"

ယဲ့ချန်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်လေသည်။

"ဘာလုပ်ရမှာလဲ။ ငါက သခင်မလေးရဲ့ သက်တော်စောင့်ပဲ။ သူ့ကိုယ်စား မင်းကို ပညာပေးလိုက်တာ"

စုန့်ချန်ချန်လည်း ကြောင်အသွားသည်။ ယဲ့ချန်းက ရုတ်တရက်ကြီး ကိုယ်ထိလက်ရောက် လုပ်လိမ့်မည်ဟု သူ(မ) မျှော်လင့်မထားပေ။

ထိုအချိန်မှာပင် တံခါးဝမှ ခြေသံများ ထွက်ပေါ်လာသည်။

"ဘာဖြစ်တာလဲ"

စုန့်မင်က စုန့်မိသားစုဝင်များနှင့်အတူ ထွက်လာလေသည်။

စုန့်မင်နှင့် သူ(မ)၏အဖေကို မြင်လိုက်ရသည်နှင့် စုန့်ဝေ့ဝေ့လည်း ချက်ချင်းပင် မျက်နှာကိုအုပ်ပြီး ငိုယိုကာ ပြေးသွားသည်။

"အစ်ကိုကြီး... စုန့်ချန်ချန်က အရမ်းလွန်လွန်းတယ်။ ဒုတိယအစ်ကိုကိုဖမ်းဖို့ ရဲတွေကို ခေါ်မလာသင့်ဘူးလို့ ကျွန်မက စကားတစ်ခွန်းနှစ်ခွန်းလောက်ပဲ ပြောရသေးတယ်။ သူက အပြင်လူနဲ့ ကျွန်မကိုပါးရိုက်ခိုင်းတယ်"

စုန့်ဝေ့ဝေ့၏စကားကို ကြားသော် စုန့်မင်၏မျက်နှာကား ပျက်ယွင်းသွားသည်။

"ချန်ချန်... နင် ပရမ်းပတာနိုင်နေပြီနော်။ နင် စုန့်မိသားစုရဲ့ မျက်နှာကို အိုးမဲသုတ်လိုက်တာပဲ"

"အစ်ကိုကြီး ကျွန်မ..."

"ငါတို့ အခုလေးတင် မိသားစုအစည်းအဝေးလုပ်ပြီးပြီ။ ကျေးဇူးကန်းတဲ့ နင်က ဒုတိယသခင်လေးကိုဖမ်းဖို့ ရဲတွေကို ခေါ်လာတဲ့အတွက် အခုကစပြီး နင့်ကို စုန့်မိသားစုကနေ နှင်ထုတ်လိုက်ပြီ။ နင့်ပစ္စည်းတွေသိမ်းပြီး ထွက်သွားတော့"

စုန့်မင်က ကြမ်းကြမ်းတမ်းတမ်း ပြောလိုက်လေသည်။

ယခုအချိန်တွင်မူ နှစ်ဖက်စလုံး မျက်နှာဖုံးများ ကွာကျသွားပြီဟု ဆိုနိုင်သည့်အတွက် စုန့်မင်က စုန့်ချန်ချန်အတွက် မျက်နှာထောက်ထားပေးဖို့ပင် စိတ်ကူးမရှိတော့ပေ။

"အစ်ကို..."

စုန့်ချန်ချန်၏ မျက်နှာကား ဒေါသကြောင့် နီရဲသွားသည်။ သူ(မ)၏အစ်ကိုကြီးက သူ(မ)ကို ဤမျှအထိ ရက်ရက်စက်စက် နှင်ထုတ်လိမ့်မည်ဟု ထင်မထားချေ။

စုန့်မင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။

"လုံခြုံရေးတွေ... စုန့်ချန်ချန်ကို အပြင်ဆွဲထုတ်လိုက်"

"ခဏနေဦး"

ထိုအချိန်မှာပင် ယဲ့ချန်းက ရှေ့ထွက်လာခဲ့သည်။

ယဲ့ချန်းကို မြင်သော် စုန့်မင်၏ မျက်နှာထားက အေးစက်သွားသည်။

"မင်းက ဘယ်သူလဲ"

ယဲ့ချန်းကလည်း ခပ်ရေးရေးပြုံးလိုက်သည်။

"ကျွန်တော်က သခင်မလေးစုန့်ရဲ့ သက်တော်စောင့်ပါ"

"အစေခံကများ ဒီနေရာမှာ စကားဝင်ပြောပိုင်ခွင့်ရှိတယ်လို့ ထင်နေတာလား"

ယဲ့ချန်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

"မင်းကရော ဒီမှာ စကားပြောပိုင်ခွင့်ရှိတယ် ထင်နေတာလား။ အဘိုးကြီးက မသေသေးဘူးလေ။ မင်းက ဘာမို့လို့ မိသားစုအစည်းအဝေး ခေါ်ရတာလဲ။ မင်းက ဘာကောင်မို့လို့ ချန်ချန့်ကို နှင်ထုတ်ရတာလဲ"

"အကြီးအကဲက အသည်းအသန်ဖျားနေတော့ သခင်လေးစုန့်က မိသားစုကိစ္စတွေကို ယာယီတာဝန်ယူထားတာပါ"

စုန့်မိသားစု၏ အဓိကရှယ်ယာရှင်တစ်ယောက်က အေးစက်မာကျောစွာ ဝင်ပြောလိုက်သည်။

"အကြီးအကဲက အသည်းအသန်ဖျားနေတယ် ဟုတ်လား။ ခင်ဗျားတို့ ဥပဒေအကြောင်းရော နားလည်ရဲ့လား။ စုန့်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေက စုန့်မင်တစ်ယောက်တည်းပိုင်တာ မဟုတ်ဘူး။ အမွေဆက်ခံခြင်းဥပဒေအရ ချန်ချန်က သုံးပုံတစ်ပုံ ရပိုင်ခွင့်ရှိတယ်။ အကြီးအကဲရဲ့ အမိန့်မပါဘဲနဲ့ ဘယ်သူကများ ချန်ချန်ကို နှင်ထုတ်ပိုင်ခွင့်ရှိလို့လဲ"

"အဓိပ္ပာယ်မရှိတဲ့ စကားတွေ.... လုံခြုံရေး... သူတို့ကို အပြင်မောင်းထုတ်ပစ်လိုက်"

ယဲ့ချန်းနှင့် စကားနိုင်မလုနိုင်တော့သည့်အတွက် စုန့်မင်က ကျိုးကြောင်းဆီလျော်မှုမရှိသော နည်းလမ်းကိုသာ သုံးလိုက်တော့သည်။

သက်တော်စောင့် ဆယ်ယောက်ကျော်လောက် ပြေးလာကြသော်ငြား နောက်တစ်စက္ကန့်မှာပင် စုန့်မိသားစုတစ်ခုလုံး အံ့ဩမှင်တက်သွားရသည်။

ယဲ့ချန်းက တစ်ယောက်တည်းအားဖြင့် သက်တော်စောင့်အားလုံးကို အလဲထိုးပစ်လိုက်ကြောင်း သူတို့ မြင်လိုက်ရသည်။

"ဒါ..."

ဤမြင်ကွင်းကိုကြည့်ပြီး စုန့်မိသားစုဝင်များ ဆွံ့အသွားကြသည်။

ဤကောင်လေးက စင်စစ်သန်မာလွန်းလှသည်။

လက်သီးနှစ်ဖက်ဖြင့် လက်လေးဖက်ကို မယှဉ်နိုင်သော်ငြား ဤလူကတော့ လူဆယ်ယောက်ကို အလွယ်တကူဖြေရှင်းပစ်လိုက်သည်။

ယဲ့ချန်းက စုန့်ချန်ချန်ကို ပြောလိုက်လေသည်။

"သွားရအောင်... စုန့်အိမ်တော်ထဲကိုဝင်မယ့် ငါတို့ကို ဘယ်သူတားရဲလဲဆိုတာ ကြည့်ချင်သေးတယ်"

စုန့်မင်၏မျက်နှာကား ဒေါသကြောင့် ပြာနှမ်းသွားသော်လည်း ဘာမှမတတ်နိုင်ခဲ့ပေ။

အကြီးအကဲကလည်း ဘာမှမပြောရသေးသလို ယဲ့ချန်းကလည်း အလွန်အရည်အချင်းရှိလွန်းနေသဖြင့် သူတို့ကို ဘယ်သူမှ ရင်မဆိုင်ရဲကြပေ။

ယဲ့ချန်းနှင့် စုန့်ချန်ချန်တို့ ထွက်သွားသည်ကိုသာ သူ ကြည့်နေရတော့သည်။

စုန့်ချန်ချန်လည်း ယဲ့ချန်း၏လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရင်း ယဲ့ချန်းမှာ သူ(မ)၏ အားကိုးရာတစ်ခုအဖြစ် ခံစားလိုက်ရသည်။

သူ(မ)၏ အဆိုးဝါးဆုံး အခိုက်အတန့်များတွင် ယဲ့ချန်းက စိတ်ပျက်အားငယ်မှုများထဲမှ သူ(မ)ကို အကြိမ်ကြိမ် ဆွဲတင်ပေးခဲ့သည်။

"ယဲ့ချန်း... ကျွန်မအဖေကို တွေ့ချင်တယ်"

ယဲ့ချန်းကလည်း ခေါင်းညိတ်ပြလိုက်သည်။

စုန့်ချန်ချန်နှင့် ယဲ့ချန်းတို့ အကြီးအကဲ၏ အခန်းဆီသို့ သွားခဲ့ကြသည်။

တံခါးဝတွင် သက်တော်စောင့်နှစ်ယောက် ရပ်နေချေသည်။

"သခင်မလေး... သခင်လေးရဲ့ ခွင့်ပြုချက်မရဘဲ ဘယ်သူမှ ဝင်ခွင့်မရှိဘူးလို့ မှာထားပါတယ်"

စုန့်ချန်ချန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်လေသည်။

"ကိုယ့်အဖေကိုယ်တောင် တွေ့ခွင့်မရှိဘူးလား"

"သခင်မလေး... တောင်းပန်ပါတယ်"

ဤသက်တော်စောင့်နှစ်ယောက်က စုန့်မင်၏လူများဖြစ်ကြောင်း သိသာလှသည်။

ယဲ့ချန်းလည်း စကားများမနေတော့ဘဲ သက်တော်စောင့်နှစ်ယောက်ကို ကန်ထုတ်လိုက်သည်။

"သေစမ်း... ကိုယ့်အဖေကိုယ်တွေ့ဖို့ မင်းတို့ဆီက ခွင့်ပြုချက်ယူနေရဦးမှာလား"

ယဲ့ချန်းနဲ့ စုန့်ချန်ချန်တို့လည်း အခန်းထဲကို ဝင်သွားကြလေတော့သည်။

အခန်းထဲတွင်မူ အကြီးအကဲ၏ အသက်ရှူသံများမှာ အားပျော့နေသည်။

သူ့ခန္ဓာကိုယ်တွင် ပိုက်များတပ်ဆင်ထားပြီး သေလုမျောပါး ဖြစ်နေဟန်ပင်။

သို့သော် အခန်းထဲတွင် ဆရာဝန်တစ်ယောက်မှ မရှိပေ။

သူတို့ဘက်က အဘိုးကြီးကို သည်အတိုင်း သေသွားစေဖို့ ရည်ရွယ်ထားသည်မှာ သိသာလှ၏။

ဖခင်ဖြစ်သူ၏ အခြေအနေကိုမြင်သောအခါ စုန့်ချန်ချန် ငိုကြွေးပါတော့သည်။

အကြီးအကဲကလည်း စုန့်ချန်ချန်ကို မြင်သောအခါ လက်ချောင်းလေးများ လှုပ်ရှားသွားပြီး မျက်ဝန်းထဲက မျက်ရည်တစ်ပေါက် ကျဆင်းလာသည်။

ယဲ့ချန်းကလည်း အနားကိုသွားပြီး အကြီးအကဲ၏ နှာခေါင်းတွင် တပ်ထားသော ပိုက်ကို ဖြုတ်ပစ်လိုက်သည်။

ဤအဖြစ်ကိုမြင်သော် စုန့်ချန်ချန် ခဏတာဆွံ့အသွားသည်။

"ယဲ့ချန်း... ရှင် ဘာလုပ်တာလဲ"

ယဲ့ချန်းကလည်း ပြန်ဖြေလိုက်၏။

"အကြီးအကဲကို အဆိပ်ဖြေပေးမလို့လေ။ အဆိပ်မဖြေဘူးဆိုရင် သူ တစ်နာရီတောင် ခံမှာမဟုတ်ဘူး"

စကားပြောရင်း ယဲ့ချန်းက အကြီးအကဲ၏ ခန္ဓာကိုယ်ထဲကို ငွေအပ်များ စိုက်သွင်းလိုက်သည်။

ငွေအပ်များကို အကြီးအကဲ၏ သွေးကြောစုံမှတ်များတွင် တစ်ချောင်းချင်းစီ စိုက်သွင်းလိုက်သည်။

ယဲ့ချန်းလည်း ငွေအပ်များကို သေသေချာချာ လှည့်ပေးနေလိုက်သည်။

မကြာခင်မှာပင် အပ်များက အမည်းရောင် ပြောင်းသွားသည်။

ထိုမြင်ကွင်းကို မြင်သောအခါ စုန့်ချန်ချန်လည်း ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်သွားသည်။

အစ်ကိုကြီးကတော့ ရူးနေပြီ... အဖေအရင်းကိုတောင် ဒီလိုနည်းနဲ့ အဆိပ်ခတ်ရက်တယ်လို့...

ဆယ်မိနစ်အကြာတွင် ယဲ့ချန်းက ပြောလိုက်လေသည်။

"ဇလုံတစ်လုံး ယူခဲ့ပါ"

စုန့်ချန်ချန်က ဇလုံတစ်လုံးကို အမြန်သွားယူလာခဲ့သည်။ ယဲ့ချန်းကလည်း အကြီးအကဲ၏ ကျောကို လက်ဝါးနှင့် ပုတ်လိုက်သည်။

"ဝေါ့"

အကြီးအကဲက အပြင်းအထန် အန်ချလိုက်သောအခါ အန်ဖတ်များမှာ အရည်မည်းများချည်းသာ ဖြစ်နေချေသည်။

ရေမည်းများ အန်ထုတ်ပြီးနောက် အကြီးအကဲ၏ အခြေအနေက မျက်မြင်ကိုယ်တွေ့ တိုးတက်လာခဲ့သည်။

"ချန်ချန်... သမီး ဘာလို့ဒီကိုရောက်နေတာလဲ"

စုန့်ချန်ချန်က စုန့်မင်၏ လုပ်ရပ်များအကြောင်း သူ(မ)၏အဖေကို ပြန်ပြောပြလိုက်သည်။

ထိုအကြောင်းကို ကြားသော် အကြီးအကဲစုန့်မျာ ဒေါသကြောင့် တုန်ယင်သွားပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

"ချန်ချန်... အဖေ့မှာ နိုင်ငံခြားဘဏ်အကောင့်တစ်ခုရှိတယ်။ ကျိုတိုမြို့ကနေ အခုချက်ချင်းထွက်သွားပြီး ပုန်းနေဖို့ နေရာတစ်ခုရှာတော့။ သမီး သမီးအစ်ကိုကို နိုင်မှာမဟုတ်ဘူး"

"ဟင့်အင်း... သမီးထွက်သွားရင် ဖေဖေကရော ဘယ်လိုလုပ်မလဲ"

စုန့်ချန်ချန်က မေးလိုက်သည်။

အကြီးအကဲစုန့်မှာ အသက်ပြင်းပြင်းရှူလိုက်လေသည်။

"အဖေ အသက်ရှူနေနိုင်သရွေ့တော့ ဒီသစ္စာဖောက်သားကို အဆုံးအထိ တိုက်ခိုက်သွားမယ်။ စုန့်မိသားစု သူ့လက်ထဲမှာ ပျက်စီးသွားတာကိုတော့ အဖေ ထိုင်မကြည့်နိုင်ဘူး"

ယဲ့ချန်းက ဘေးနားက ခပ်တိုးတိုးရယ်မောလိုက်သည်။

"အကြီးအကဲ... ခင်ဗျားအနေနဲ့ အကြီးအကဲရာထူးကို ချန်ချန့်ဆီ လွှဲပေးမယ်ဆိုရင်တော့ စုန့်မင်ကို ရှင်းပစ်ဖို့ ကျွန်တော် ကူညီပေးနိုင်ပါတယ်"

••••••••••••••••••••••••••

အပိုင်း ၆၇၈ : သွေးအကျဉ်းထောင်လုပ်ကြံသတ်ဖြတ်သူ

နောက်တစ်နေ့ မနက်စောစောတွင် ဒါရိုက်တာအဖွဲ့အစည်းအဝေးတက်ရန် စုန့်ချန်ချန် အကြောင်းကြားစာ ရရှိခဲ့သည်။

ထိုဒါရိုက်တာအဖွဲ့အစည်းအဝေးဆိုသည်မှာ ထောင်ချောက်တစ်ခုမှလွဲ၍ အခြားမဟုတ်ကြောင်း စုန့်ချန်ချန် သိနေပေသည်။

ယဲ့ချန်းက ပြောလိုက်လေသည်။

"ချန်ချန်... စုန့်မင်ရဲ့ရည်ရွယ်ချက်က ကောင်းမှာမဟုတ်ဘူး... မင်းမသွားတာ ပိုကောင်းမယ်ထင်တယ်နော်"

"ဟင့်အင်း... သွားရမယ်။ စုန့်လုပ်ငန်းစုက စုန့်မင်ရဲ့လက်ထဲကို မရောက်သေးဘူးဆိုတာ စုန့်မိသားစုကို သိစေချင်တယ်"

ယဲ့ချန်းလည်း ကူကယ်ရာမဲ့စွာဖြင့် ခေါင်းယမ်းလိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

ယဲ့ချန်းနှင့် စုန့်ချန်ချန်တို့ မိသားစုအစည်းအဝေးခန်းမသို့ ရောက်လာချိန်တွင် အပြင်ဘက်၌ မိုးရွာသွန်းနေ‌ေလသည်။

တံခါးဝရောက်သည်နှင့် အစောင့်နှစ်ယောက်က ယဲ့ချန်းကို တားဆီးလိုက်သည်။

"ဒီလူကြီးမင်း ဝင်ခွင့်မရှိပါဘူး"

ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။

စုန့်ချန်ချန်က ဆိုလေသည်။

"ယဲ့ချန်း... ကျွန်မကို ဒီမှာပဲ စောင့်နေပါ။ သူတို့ ကျွန်မကို ဘာမှလုပ်ရဲမှာမဟုတ်ပါဘူး"

ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်၏။

"အန္တရာယ်ရှိရင် ငါ့ဆီ မက်ဆေ့ခ်ျပို့လိုက်"

စုန့်ချန်ချန် ခေါင်းညိတ်လိုက်ပြီးနောက် အစည်းအဝေးခန်းမဆီသို့ လျှောက်သွားလိုက်သည်။

အစည်းအဝေးခန်းမအတွင်း၌ စုန့်မိသားစု၏ ပင်မရှယ်ယာရှင်များနှင့် အရေးပါသော မိသားစုဝင်များ ရောက်နေကြသည်။

လူအုပ်ကြီးက စုန့်ချန်ချန်ကို အေးစက်စက်အမူအရာများဖြင့် ကြည့်လိုက်ကြသည်။ မည်သူကမှလည်း သူ(မ)ကို နှုတ်မဆက်ပေ။

ဒါရိုက်တာအဖွဲ့ထဲက ထုတ်ပယ်ခံရတော့မည့် လူတစ်ယောက်ကို ဂရုစိုက်နေစရာ လိုသေးသလား။

စုန့်ချန်ချန် သူ(မ)၏နေရာတွင် ဝင်ထိုင်လိုက်သည်။

စုန့်မင်သည် စုန့်ချန်ချန်ကို အေးစက်စက်အကြည့်ဖြင့် ကြည့်လိုက်သည်။

"လူကြီးမင်းတို့... ဒီတစ်ကြိမ် အစည်းအဝေးရဲ့ အဓိကအကြောင်းအရာကတော့ စုန့်ချန်ချန်နဲ့ သက်ဆိုင်ပါတယ်"

မျှော်လင့်ထားသည့်အတိုင်းပင် စုန့်ချန်ချန်၏ အကြည့်များ အေးစက်သွားသည်။

စုန့်မင်က ဆို၏။

"စုန့်ချန်ချန်... စုန့်မိသားစုဝင်တစ်ယောက် ဖြစ်ပါရက်နဲ့ မင်းက ငါတို့ကို ဆန့်ကျင်ပြီး မင်းရဲ့ဒုတိယအစ်ကိုကို လုပ်ကြံဖို့ တခြားလူတွေနဲ့ ပူးပေါင်းခဲ့တယ်။ ငါတို့ မိသားစုစည်းမျဉ်းတွေအရ မင်းကို တရားဝင် အသိပေးလိုက်မယ်။ မင်းက စုန့်မိသားစုဝင် မဟုတ်တော့သလို ဒါရိုက်တာအဖွဲ့ကနေလည်း ထုတ်ပယ်လိုက်ပြီ"

စုန့်မင်၏စကားကို ကြားသောအခါ လူအုပ်ကြီးမှာ စုန့်ချန်ချန်ကို သနားကရုဏာသက်သော မျက်ဝန်းများဖြင့် ကြည့်လိုက်ကြသည်။

ဂုဏ်ယူဖွယ်ကောင်းသော စုန့်မိသားစု၏ သမီးကြီးဖြစ်သော်လည်း နှင်ထုတ်ခံရမည့် ကံကြမ္မာကို ရင်ဆိုင်နေရသည်မှာ အလွန်အဖြစ်ဆိုးလှသည်။

စကားပြောနေရင်းဖြင့် စုန့်မင်က စုန့်ချန်ချန်ထံသို့ စာရွက်စာတမ်းတစ်ခုကို ပစ်ပေးလိုက်သည်။

"ဒီစာရွက်မှာ လက်မှတ်ထိုးလိုက်ပါ"

စုန့်ချန်ချန် ထိုစာရွက်ကို တစ်ချက်ကြည့်လိုက်‌ေလရာ ထိုအရာမှာ ရှယ်ယာလွှဲပြောင်း‌ေရးသဘောတူစာချုပ် ဖြစ်နေ‌ေလသည်။

"ကျွန်မ လက်မှတ်မထိုးဘူး"

စုန့်ချန်ချန်က အေးစက်မာ‌ေကျာစွာ ပြောလိုက်သည်။

စုန့်မင်က အေးစက်စက်နှာခေါင်းရှုံ့လိုက်လေသည်။

"မင်းမှာ ရွေးချယ်စရာမရှိဘူး"

စုန့်ချန်ချန်လည်း စုန့်မင်ကို ကြည့်၍ သရော်လိုက်သည်။

"ဘာလဲ... ကျွန်မကို အတင်းအကျပ် လက်မှတ်ထိုးခိုင်းဖို့ စီစဉ်နေတာလား"

စုန့်မင်က ခေါင်းညိတ်လိုက်၏။

"မင်း အသိတရားမရှိဘူးဆိုရင်တော့ ငါ အဲ့ဒီလိုပဲ လုပ်ရတော့မှာပေါ့"

ထိုသို့ပြောရင်း စုန့်မင်က လက်ခုပ်တီးလိုက်‌ေလရာ ချက်ချင်းပင် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထား‌ေသာ လူတချို့ အပြင်ဘက်မှ ဝင်လာကြသည်။

စုန့်ချန်ချန်လည်း မျက်နှာပျက်ယွင်းသွားပြီး ယဲ့ချန်းထံသို့ မက်ဆေ့ခ်ျပို့ရန် ပြင်လိုက်သည်။

သို့သော် ထိုအခန်းထဲတွင် ဖုန်းလိုင်းမမိကြောင်း သူ(မ)သိလိုက်ရသည်။

စုန့်မင်က သရော်လိုက်၏။

"သူတို့က စိတ်ကျန်းမာရေးဆေးရုံက ဆရာဝန်တွေပဲ။ ညီမလေး... မင်း နေမကောင်းဖြစ်နေလို့ အစ်ကိုက မင်းကို ဆေးရုံတင်ပေးဖို့ လုပ်ပေး‌ေနတာပါ"

"ရှင်တို့..."

သူ(မ)၏အစ်ကိုက ဤမျှအထိ ရက်စက်လိမ့်မည်ဟု စုန့်ချန်ချန် ထင်မထားခဲ့ပေ။

သူက သူ(မ)ကို စိတ်ကျန်းမာရေးဆေးရုံသို့ တကယ်ပို့ချင်နေ‌ေပသည်။

ထိုကဲ့သို့သော နေရာမျိုးအကြောင်း စုန့်ချန်ချန် ကောင်းကောင်းသိသည်။

နေမကောင်းဖြစ်မနေလျှင်ပင် သူတို့က စိတ်ဝေဒနာရှင်အဖြစ် ပြောင်းလဲ‌ေပးနိုင်သည်။ ထိုနေရာမှာ အကျဉ်းထောင်တစ်ခုနှင့် မခြားပေ။

သေလိုက်ပါတော့...

ယဲ့ချန်း၏စကားကို နားမထောင်မိဘဲ ဤဒါရိုက်တာအဖွဲ့အစည်းအဝေးသို့ လာခဲ့မိသည့်အတွက် စုန့်ချန်ချန် နောင်တရမိသည်။

သို့သော် ယခုတော့ နောက်ကျသွားခဲ့ချေပြီ။

သူနာပြုနှစ်‌ေယာက်နှင့် အမျိုးသားဆရာဝန်သံုး‌ေယာက်က ဆေးထိုးအပ်များကို ကိုင်ဆောင်၍ စုန့်ချန်ချန်ထံသို့ ချဉ်းကပ်လာသည်။

စုန့်ချန်ချန် ရှောင်တိမ်းရန် ကြိုးစားသော်လည်း ဆရာဝန်နှစ်‌ေယာက်က သူ(မ)ကို ဖမ်းချုပ်ထားလိုက်ပြီဖြစ်၏။

"စုန့်မင်... နင်က တကယ့်လူယုတ်မာကောင်ပဲ။ နင်က စုန့်မိသားစုကို ဖျက်ဆီးပစ်မှာ"

သူ(မ) အော်ဟစ်လိုက်သည်။

စုန့်မင်ကမူ အေးစက်ခက်ထန်စွာ ပြုံးလိုက်၏

"ဖျက်ဆီးမယ် ဟုတ်လား။ ငါ့ဦးဆောင်မှုအောက်မှာ စုန့်မိသားစုက ပိုပြီးတော့တောင် ကြီးကျယ်ခမ်းနားလာဦးမှာ။ ပြီးတော့ မင်းက စိတ်ကျန်းမာရေးဆေးရုံမှာပဲ တစ်သက်လုံး‌ေနရတော့မယ်။ စိတ်မပူပါနဲ့... မင်းကို အဆုံးအထိ ငါ စောင့်ရှောက်ပေးပါ့မယ်"

ထိုအချိန်တွင် သူနာပြုတစ်‌ေယာက်က ဆေးထိုးအပ်ထဲသို့ ဆေးရည်များ စုပ်ယူနေ‌ေလပြီ။

သူတို့က အခန်းတွင်းရှိ ဖုန်းလိုင်းကိုပါ ဖြတ်တောက်ထားလိမ့်မည်ဟု စုန့်ချန်ချန် ထင်မထားခဲ့ပေ။ သူ(မ)အန္တရာယ်ကြုံနေရသည်ကို ယဲ့ချန်း သေချာပေါက် သိမည်မဟုတ်ပေ။

အခြားဒါရိုက်တာအဖွဲ့ဝင်များကမူ တိတ်တဆိတ် စောင့်ကြည့်နေကြပြီး မည်သူကမှ ဝင်ရောက်ပြောဆိုခြင်း မရှိကြပေ။

သူတို့၏အမြင်တွင် စုန့်မင်သည် စုန့်မိသားစု၏ အနာဂတ်ခေါင်းဆောင်ဖြစ်လာမည့်သူဖြစ်ရာ သူ့ကို ပြစ်မှားစော်ကားရန် မလိုအပ်ဘူးဟု ယူဆထားကြသည်။

ထို့ပြင် မိသားစုအာဏာအပြောင်းအလဲဆိုသည်မှာ အမြဲတစေ သွေးထွက်သံယိုဖြစ်လေ့ရှိသည် မဟုတ်ပါလော။

သူနာပြု၏ ဆေးထိုးအပ်သည် စုန့်ချန်ချန်၏ လက်မောင်းသို့ စိုက်ဝင်တော့မည့်အချိန်မှာပင်...

ဝုန်းခနဲအသံနှင့်အတူ...

အစည်းအဝေးခန်းမတံခါးမှာ ကန်ဖွင့်ခံလိုက်ရပြီးနောက် ယဲ့ချန်း ဝင်လာခဲ့သည်။

ယဲ့ချန်းကို မြင်လိုက်ရချိန်ဝယ် စုန့်ချန်ချန်၏ မျက်ဝန်းများ တောက်ပသွားသည်။

"ယဲ့ချန်း... ကျွန်မကို ကယ်ပါဦး"

ယဲ့ချန်းကို မြင်သောအခါ စုန့်မင်၏ မျက်နှာအမူအရာလည်း ပြောင်းလဲသွား၏။

"မင်းက စုန့်မိသားစုရဲ့ အစည်းအဝေးခန်းကို အတင်းကျူးကျော်ရဲတယ်ပေါ့"

သို့သော် ထိုအချိန်တွင် ယဲ့ချန်း၏ အနောက်မှ အဘိုးကြီးတစ်ယောက် ထွက်လာလေသည်။

"ငါ သူ့ကို ဝင်ခွင့်ပေးလိုက်တာ။ မင်းက မကျေနပ်ဘူးလား"

ထိုအဘိုးကြီးကို မြင်လိုက်ရသောအခါ စုန့်မင်ခမျာ သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလားပင်။

"အဖေ... အဖေက အိပ်ရာထဲကတောင် မထနိုင်ဘူး မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ထလာနိုင်တာလဲ"

အကြီးအကဲစုန့်က အေးစက်စက် နှာခေါင်းရှုံ့လိုက်လေသည်။

"မင်းက ငါသေဖို့ မျှော်လင့်နေတာလား။ အခု ငါ မသေသေးလို့ စိတ်ပျက်သွားပြီလား"

စုန့်မင် မျက်နှာပျက်ယွင်းသွားပြီး အလျင်စလို ပြန်ပြောလေသည်။

"မဟုတ်ပါဘူး... ကျွန်တော် အဲ့ဒီလိုဆိုလိုချင်တာ မဟုတ်ပါဘူး"

အကြီးအကဲစုန့်က အေးစက်စက်ဆိုချေသည်။

"စုန့်မင်... စုန့်မိသားစုက အစကတည်းက မင်းအပိုင် ဖြစ်လာမယ့်ဟာကို မင်းက တအား‌ေလာနေတာပဲ။ မင်းရဲ့အဖေအရင်းနဲ့ ညီမအရင်းကိုတောင် ဘေးဖယ်ထုတ်ပစ်တဲ့အထိပေါ့"

"အဖေ... အဖေ အထင်လွဲနေတာပါ"

စုန့်မင်က ထပ်ရှင်းပြရန် ကြိုးစားလိုက်သည်။

"တော်တော့ စုန့်မင်... အခုချိန်ကစပြီး မင်းက စုန့်မိသားစုဝင် မဟုတ်တော့ဘူး"

အကြီးအကဲစုန့်၏ စကားကို ကြားသောအခါ စုန့်မင်က ရုတ်တရက် ရယ်မောလိုက်သည်။

"အဖေ... အဖေက ဒီလိုပြောလာမှတော့ ကျွန်တော့်ကို အဆိုးမဆိုနဲ့တော့"

စုန့်မင်၏အမူအရာမှာ ပို၍ပင် မည်းမှောင်သွားတော့သည်။

"မင်း..."

အကြီးအကဲစုန့်က စုန့်မင် သူ့ကို ဤကဲ့သို့ပြောဆိုရဲသည်ကို မယုံကြည်နိုင်‌ေလာက်အောင် ဖြစ်သွား‌ေလသည်။

စုန့်မင်က သရော်လိုက်၏။

"စုန့်မိသားစုရဲ့ အခြေအနေကို အဖေ သိလား။ အဖေက အမြဲတမ်း ဥပဒေကိုပဲ ဂရုစိုက်နေတာ။ အဲ့ဒီလိုလုပ်ပြီး ပိုက်ဆံရှာလို့ရမှာတဲ့လား။ အဖေသာ ကျွန်တော့်စကားကို စောစောကတည်းက နားထောင်ခဲ့မယ်ဆိုရင် အခုဆို စုန့်မိသားစုက ဒုတိယတန်းစားအဆင့်ကို ရောက်‌ေတာ့မလိုဖြစ်နေပါ့မလား။ ကျွန်တော် တိုးတက်အောင်လုပ်ဖို့ အကြိမ်ကြိမ် အကြံ‌ေပးခဲ့ပေမဲ့ အဖေမှ နားမထောင်တာ။ စုန့်မိသားစု ကျဆင်းသွားတာကို ကျွန်တော်က ဘယ်လိုလုပ်ပြီး လက်ပိုက်ကြည့်နေနိုင်မှာလဲ"

"ကျေးဇူးကန်းတဲ့ကောင်... မင်းရဲ့ ကောက်ကျစ်တဲ့ နည်းလမ်းတွေ‌ေကြာင့် စုန့်မိသားစု ပျက်စီးလိမ့်မယ်"

အကြီးအကဲစုန့်က စုန့်မင်ကို လက်ညှိုးထိုး၍ ဆူပူကြိမ်းမောင်းလိုက်သည်။

"ဟား... ပျက်စီးမယ် ဟုတ်လား။ မဖြစ်နိုင်တာ။ စုန့်မိသားစုက ထိပ်တန်းအဆင့်မိသားစုတစ်ခု ဖြစ်လာစေရမယ်။ အဖေ သတိရလာလည်း ဘာမှမထူးဘူး။ ဘယ်သူမှ ကျွန်တော့်ကို တားလို့မရဘူး"

စုန့်မင်က မောက်မာစွာ ကြံုးဝါးလိုက်သည်။

ယဲ့ချန်းကမူ စုန့်မင်ကို ကြည့်၍ ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်မိသည်။

အကြီးအကဲစုန့်အနေနှင့် သူ့သား ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု လုံးဝထင်ထားမည်မဟုတ်ပေ။

စုန့်မင်က ယဲ့ချန်းကို တစ်ချက်ကြည့်လိုက်၏။

"သူက မင်းတို့ရဲ့အားကိုးရာလား။ ငါပြောလိုက်မယ်။ ဒီနေ့ သူပါ သေရမယ်"

ထိုအချိန်တွင် တံခါးဝ၌ နောက်ထပ်လူသုံး‌ေယာက် ပေါ်လာခဲ့သည်။

ထိုသုံး‌ေယာက်စလုံးမှာ ရွှေရောင်ဆံပင်နှင့် နိုင်ငံခြားသားများပင်။

"ယဲ့ချန်း... မင်းက တကယ်သတ်ရခက်တဲ့ ပိုးဟပ်ကောင်ပဲ။ ဒီတစ်ခါတော့ နိုင်ငံခြားကနေ သွေးအကျဉ်းထောင်လုပ်ကြံသတ်ဖြတ်သူတွေကို ငါ ငှားလာခဲ့တယ်။ မင်းတော့ သေပြီသာမှတ်"

စုန့်မင်၏စကားကို ကြားသောအခါ ထိုနေရာရှိ လူများမှာ အနည်းငယ် မျက်နှာပျက်သွားကြသည်။

သွေးအကျဉ်းထောင် လုပ်ကြံသတ်ဖြတ်သူများမှာ ကမ္ဘာပေါ်တွင် ကြောက်မက်ဖွယ်အကောင်းဆုံး လုပ်ကြံသူအဖွဲ့အစည်းအဖြစ် လူသိများကြသည်။

သူတို့၏ ပစ်မှတ်များမှာ အသက်ရှင်လျက် လွတ်မြောက်ခြင်း မရှိပေ။

ပိုအရေးကြီးသည်မှာ ထိုလုပ်ကြံသူအားလုံးသည် မယုံနိုင်လောက်အောင် စွမ်းဆောင်ရည်မြင့်မားကြသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အကြီးအကဲစုန့် မျက်နှာပျက်သွားသည်။

စုန့်မင်သည် နာမည်ဆိုးဖြင့် ကျော်ကြားသော သွေးအကျဉ်းထောင်ဂိုဏ်းမှ လုပ်ကြံသူများကို ဖိတ်ခေါ်ထားလိမ့်မည်ဟု သူ လုံးဝထင်မထားခဲ့ပေ။

သွေးအကျဉ်းထောင်ဂိုဏ်းသည် နာမည်ဆိုးဖြင့် ကျော်ကြားပြီး သူ့သားဖြစ်သူက ထိုကဲ့သို့သော အဖွဲ့အစည်းနှင့် ပူးပေါင်းခဲ့‌ေလသည်။

ယဲ့ချန်းက သရော်လိုက်၏။

"ဒါက မင်းရဲ့အားကိုးရာလား"

စုန့်မင်က ခေါင်းညိတ်လိုက်သာ်။

"ဟုတ်တယ်... ချာတိတ် ဒါက စုန့်မိသားစုရဲ့ မိသားစုကိစ္စပဲ။ ဒါပေမဲ့ မင်းက ကိုယ့်သေတွင်းကိုယ်တူးနေတော့ မင်းရဲ့ဆန္ဒကို ငါ ဖြည့်ဆည်းပေးရမှာပေါ့"

ထိုသို့ပြောပြီးနောက် စုန့်မင်က သူ့နောက်ရှိ လုပ်ကြံသူသုံးယောက်ကို အမိန့်ပေးလိုက်သည်။

"လုပ်လိုက်တော့"

All Chapters