အခန်း (၆၈၂-၆၈၄)
Vol. 46 Ch. 682-684
အပိုင်း ၆၈၂ : သွေးအန်ခြင်း
ယဲ့ချန်းနှင့် ယန်းမီမီတို့ စကားပြောနေကြစဉ် သူတို့ရှေ့ရှိ ဖုန်းထျန်းကားသည် ရုတ်တရက်ဆိုသလို အထိန်းအကွပ်မဲ့သွားေလသည်။
ထိုကားက အရက်မူးနေသော ယာဉ်မောင်းတစ်ယောက်လို လမ်းဘေးတွင် ကာရံထားသော တန်းများကို ဝင်တိုက်မိသွားသည်။
အရှိန်ပြင်းလွန်းသဖြင့် ကားသည် လမ်းပေါ်မှာပင် မှောက်ကျသွားသည်။
ယဲ့ချန်း၏ အမူအရာ ပြောင်းလဲသွားသည်။
မူလက ထိုကားထဲတွင် ယန်းမီမီသာမပါလျှင် ယာဉ်တိုက်မှုဖြစ်မည်မဟုတ်ဟု သူထင်ထားခဲ့သည်။
သို့သော် ယာဉ်တိုက်မှုက ဖြစ်ပွားခဲ့သည်။
ဤသည်မှာ ကားတွင် ပြဿနာရှိနေသည်ဟူသော အချက်ကို သက်သေပြနေလေသည်။
ယဲ့ချန်းက ကားကို အမြန်ထိုးရပ်လိုက်ပြီး ယန်းမီမီနှင့်အတူ ၁၂၀သို့ ဖုန်းခေါ်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့် ကားထဲရှိလူတိုင်း ထိုင်ခုံခါးပတ် ပတ်ထားကြသောကြောင့် အပြင်းအထန်ဒဏ်ရာရကာ ဆေးရုံတင်လိုက်ရသော်လည်း မည်သူမှ အသက်အန္တရာယ် မစိုးရိမ်ရပေ။
ယန်းမီမီ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။
ယဲ့ချန်းကြောင့်သာမဟုတ်လျှင် သူ(မ)လည်း ထိုကားထဲတွင် ပါသွားမည်ဖြစ်၏။
"ယဲ့ချန်း... ရှင် ကျွန်မအသက်ကို ထပ်ကယ်လိုက်ပြန်ပြီ"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သော်လည်း သူ့မျက်လုံးများက အနည်းငယ်မှေးကျဉ်းသွားသည်။
ဤယာဉ်တိုက်မှုမှာ မတော်တဆမှုလား။ သို့မဟုတ် တမင်လုပ်ကြံဖန်တီးထားလေသလား။
ယဲ့ချန်း စစ်ဆေးကြည့်လိုက်၏။ လုပ်ကြံဖန်တီးထားခြင်းတော့ မဖြစ်နိုင်ပေ။ ဆိုလိုသည်မှာ ကားတွင် ပြဿနာရှိနေခြင်းပင်။
အချက်အလက်များကို စစ်ဆေးကြည့်လိုက်သောအခါ ဟွားနိုင်ငံတွင် ဤကဲ့သို့သော ယာဉ်တိုက်မှုမျိုး ဖြစ်ပွားခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်ကြောင်း သိလိုက်ရသည်။
ယဲ့ချန်းလည်း ဖုန်းထျန်းမော်တော်ကားကုမ္ပဏီ၏ အတွင်းပိုင်းအချက်အလက်များထဲသို့ ဟက်၍ဝင်ရောက်ကြည့်ရှုလိုက်လေရာ ကမ္ဘာမြေတုန်လှုပ်ဖွယ် လျှို့ဝှက်ချက်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်ရသည်။
ဂျပန်နှင့် အခြားနိုင်ငံများတွင် ရောင်းချသော ဖုန်းထျန်းကားများသည် အုပ်စုတစ်စုတည်းဖြစ်သော်လည်း ဟွားနိုင်ငံသို့ ရောင်းချသော ကားများမှာမူ အခြားအုပ်စုမှ ဖြစ်နေချေသည်။
ထို့ပြင် ထိုကားအသုတ်သည် ကုန်ကျစရိတ်သက်သာစေရန် အရည်အသွေးလျှော့ချထားသည့် ပြဿနာများ ရှိနေေလသည်။
ယဲ့ချန်းရရှိထားသော အချက်အလက်များအရ ဤဖုန်းထျန်းကားမော်ဒယ်ကို အခြားနိုင်ငံများထက် နှစ်ဆပိုများသောဈေးနှုန်းဖြင့် ဟွားနိုင်ငံတွင် ရောင်းချနေသော်လည်း အသုံးပြုထားသော ပစ္စည်းများမှာမူ အညံ့ဖျင်းဆုံး ဖြစ်နေသည်။
နည်းပညာပိုင်းဆိုင်ရာတွင်လည်း ချို့ယွင်းချက်များ ရှိနေသေးသည်။
ရုတ်တရက် အထိန်းအကွပ်မဲ့သွားသော ဤပြဿနာသည် စမ်းသပ်စဉ်ကတည်းက ဖြစ်ပေါ်ခဲ့ဖူးသော်လည်း အကြိမ်တစ်သောင်းတွင်မှ တစ်ကြိမ်သာ ဖြစ်ပွားလေ့ရှိ၏။
သို့သော်လည်း ဤနည်းပညာပိုင်းဆိုင်ရာ အားနည်းချက်ကို ပြုပြင်မည်ဆိုပါက ကုန်ကျစရိတ် များပြားမည်ဖြစ်ပြီး အရင်းအနှီးကို သိသိသာသာ တိုးလာစေမည်သာ။
ထို့ကြောင့် သူတို့သည် အချို့ဖွံ့ဖြိုးပြီးနိုင်ငံများအတွက်သာ ပြုပြင်မွမ်းမံမှုများ လုပ်ဆောင်ပေးခဲ့ပြီး ဟွားနိုင်ငံကိုမူ ပြဿနာရှိနေသော ထိုနည်းပညာအတိုင်းသာ ထားရစ်ခဲ့ကြသည်။
တစ်သောင်းတွင် တစ်ကြိမ်ဖြစ်သောကြောင့် ကြုံတွေ့ရသူတိုင်းမှာ ကံဆိုးခြင်းသာ။
ဤသို့ဖြင့် နှစ်များစွာတစ်လျှောက် ယာဉ်တိုက်မှုအချို့ ဖြစ်ပွားခဲ့သော်လည်း လူအများစုက မတော်တဆမှုများအဖြစ်သာ သတ်မှတ်ခဲ့ကြပြီး သိပ်အာရုံမစိုက်ခဲ့ကြပေ။
ယဲ့ချန်းလည်း ဤလျှို့ဝှက်စီးပွားရေးမှတ်တမ်းကို ကြည့်ရှုရင်း အွန်လိုင်းမှ သတင်းအချက်အလက်များကိုလည်း လေ့လာကြည့်လိုက်သည်။
ချက်ချင်းပင် အံတင်းတင်းကြိတ်မိသည်အထိ ဒေါသထွက်သွားရသည်။
ဂျပန်နိုင်ငံမှ ထိုလူများသည် ဟွားနိုင်ငံသားများ၏ အသက်ကို လုံးဝအလေးမထားကြပေ။
သူတို့သည် ပြဿနာရှိမှန်းသိသိကြီးနှင့် ဟွားနိုင်ငံသားများထံသို့ ဈေးနှုန်းကြီးကြီးဖြင့် ကားများကို ရောင်းချနေကြဆဲပင်။
ပြဿနာတစ်ခုခု ဖြစ်ပွားပြီးနောက်တွင်လည်း သူတို့သည် လူထုဆက်ဆံရေးဖြေရှင်းမှုများကို ချက်ချင်းလုပ်ဆောင်လေ့ရှိသောကြောင့် အွန်လိုင်းတွင် မကောင်းသတင်းများ အလွန်နည်းပါးနေခြင်းပင်။
ဤကားမော်ဒယ်သည် ဟွားနိုင်ငံတွင် အရောင်းသွက်နေဆဲပင်။
ယဲ့ချန်းသာ မသိခဲ့လျှင် ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေနိုင်မည်ဖြစ်၏။
ယခုမူ သူ လျှို့ဝှက်ချက်ကို သိလိုက်ေလပြီ။ အထူးသဖြင့် ဤကားကြောင့် သူ့သူငယ်ချင်းကောင်း ယာဉ်တိုက်မှုဖြစ်လုနီးပါး ကြုံခဲ့ရသောကြောင့် သည်အတိုင်း လွှတ်မထားနိုင်ပေ။
ယဲ့ချန်းက အွန်လိုင်းသတင်းများကို ကြည့်လိုက်ေလရာ အားလုံးက ယာဉ်မောင်း၏အမှားဖြစ်သည်ဟု ဆိုထားကြပြီး အခြေအနေကို ဖုံးကွယ်ရန် ကြိုးစားနေသူ အများအပြားလည်း ရှိနေချေသည်။
သူတို့ဘက်က လူထုဆက်ဆံရေးအလုပ်ကို ကောင်းစွာလုပ်ဆောင်ထားခြင်းပင်။
ယဲ့ချန်း အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ဤကိစ္စတွင် ဝင်ပါပြီး သေချာပေါက် ဖော်ထုတ်ပစ်ရန် ဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ ဟွားနိုင်ငံသားများကို ငတုံးများနှယ် ကားများကို ဈေးကြီးပေးဝယ်ရန် သူ ခွင့်မပြုနိုင်ပေ။
ယဲ့ချန်းမှာ ဖုန်းထျန်းမော်တော်ကားနှင့်ပတ်သက်သော နောက်ကွယ်မှ မကောင်းသည့် သတင်းအချက်အလက်များကို ယန်းမီမီထံသို့ မက်ဆေ့ချ်ပို့လိုက်သည်။
ထိုစာကိုဖတ်ပြီးနောက် ယန်းမီမီမှာ အံ့ဩတုန်လှုပ်သွားသည်။
"ကျွန်မတို့ 4Sဆိုင်ကို ဆက်သွယ်တုန်းက ယာဉ်မောင်းရဲ့အမှားလို့ ပြောခဲ့ကြတာ။ ဘယ်လောက်တောင် ဒေါသထွက်စရာကောင်းလိုက်လဲ။ တကယ်တော့ အစကတည်းက ကားရဲ့အပြစ်အနာအဆာဖြစ်နေခဲ့တာပဲ"
ယဲ့ချန်း ခေါင်းညိတ်လိုက်သည်။
"မင်းသာ အဲဒီကားထဲမှာ ပါသွားခဲ့ရင် အကျိုးဆက်က တွေးကြည့်လို့တောင်ရမှာ မဟုတ်ဘူး။ ဒါကြောင့် ငါ သူတို့ကို ဖော်ထုတ်ပြီး ထိုက်တန်တဲ့ ပြစ်ဒဏ်မျိုး ပေးချင်တယ်"
လက်ရှိတွင် ဤအမှတ်တံဆိပ်သည် ဟွားနိုင်ငံ၌ အလွန်အရောင်းသွက်နေပြီး စတော့ရှယ်ယာဈေးကွက်တွင်လည်း ဤမော်တော်ကားစတော့ရှယ်ယာဈေးနှုန်းမှာ ၈၆အထိ မြင့်မားကာ စွမ်းဆောင်ရည်မြင့်မားသော စတော့ရှယ်ယာတစ်ခုလည်း ဖြစ်နေပေသည်။
ယဲ့ချန်းက ဤတစ်ကြိမ်တွင် သူတို့ကို သင်ခန်းစာကောင်းကောင်းပေးရန် ဆုံးဖြတ်လိုက်သည်။
သူတို့က ကမ္ဘာ့ထိပ်တန်း မော်တော်ကားကုမ္ပဏီ ဆယ်ခုစာရင်းဝင်ဖြစ်သောကြောင့် ယဲ့ချန်းက မကောင်းသတင်းများကို ဖော်ထုတ်လိုက်လျှင်ပင် သူတို့ဘက်က လူထုဆက်ဆံရေးဖြေရှင်းမှုများ ပြုလုပ်နိုင်ဖွယ်ရှိလေရာ သူတို့၏ စတော့ရှယ်ယာဈေးနှုန်းကို ထိခိုက်ေစနိုင်ရန် ခက်ခဲပေလိမ့်မည်။
ယဲ့ချန်း ဟွားနိုင်ငံရှိ သူတို့၏ အရောင်းမှတ်တမ်းများကို ကြည့်လိုက်သောအခါ နှစ်စဉ်ရောင်းရငွေမှာ ငါးရာဘီလျံအထိ ရောက်နေေလသည်။
ဤလူများက စင်စစ် ယုတ်မာလွန်းလှသည်။ ဟွားနိုင်ငံက ငွေအများကြီးရှာနေသော်လည်း ဤမျှအရေးကြီးသော နည်းပညာအပေါ်တွင်မူ အရည်အသွေး လျှော့ချနေကြသည်။
စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ယာဉ်တိုက်မှုဖြစ်ပွားတိုင်း သူတို့ဘက်က နစ်နာသူများကို နှုတ်ပိတ်ခနှင့် များလှစွာသော လျော်ကြေးငွေများ ပေးလေ့ရှိကြောင်း ယဲ့ချန်း တွေ့ရှိခဲ့သည်။
သို့သော် ကံမကောင်းစွာဖြင့် ဤတစ်ကြိမ်တွင် သူတို့ ယဲ့ချန်းနှင့် လာပတ်သက်မိလေပြီ။
ပြဿနာရှိနေသော ဤကားသည် ဟွားနိုင်ငံတွင် ဘာကိုမှ မကြောက်ရခြင်းမှာ ဟွားနိုင်ငံ၏ မီဒီယာများကလည်း သူတို့၏ အလိုတူအလိုပါများ ဖြစ်နေသောကြောင့်ပင်။
ဤမီဒီယာများသည် ငွေရသရွေ့ ဘာမဆို ရေးသားပေးကြမည်သာ။
အင်တာနက်ပေါ်တွင် ဖုန်းထျန်းမော်တော်ကား၏ စွမ်းဆောင်ရည်နှင့် ဆီစားသက်သာမှုအကြောင်း ချီးကျူးထားသည့် စာများ အပြည့်ရှိသော်လည်း သူတို့၏ ပြဿနာများကို ထောက်ပြထားသော ဆောင်းပါးများ ထွက်ပေါ်လာချိန်တွင် အွန်လိုင်းဖိုက်တာများထံတွင် လျင်မြန်စွာ ရှင်းလင်းခံလိုက်ရသည်။
ထို့ပြင် ထိုအရာကား ရှေးကျသော အမှတ်တံဆိပ်တစ်ခုဖြစ်သောကြောင့် သတင်းပေးဖော်ထုတ်သူများမှာ ကောလာဟလဖြန့်သည်ဟု စွပ်စွဲခံရလေ့ရှိသည်။
ထို့ကြောင့် ယဲ့ချန်းဘက်က လုပ်မည်ဆိုလျှင် အကြီးအကျယ် ပေါက်ကွဲသွားအောင် လုပ်လျှင်လုပ် သို့မဟုတ် လုံးဝမလုပ်ဘဲနေမည်သာ။
ယဲ့ချန်းလည်း ဝေ့ရွှင်းအဖွဲ့တစ်ခုထဲသို့ ဝင်လိုက်သည်။
ဤအဖွဲ့ထဲတွင် ဟွားနိုင်ငံမှ ဟက်ကာများ ပါဝင်သည်။
ယဲ့ချန်းက သူစုဆောင်းရရှိထားသော အတွင်းရေးမှတ်တမ်းများကို အဖွဲ့ထဲသို့ ပေးပို့လိုက်သည်။
ဤအချက်အလက်များကို မြင်သောအခါ လူတိုင်း အံ့ဩတုန်လှုပ်သွားကြသည်။
"သေစမ်း... ဒီကောင်တွေ တော်တော်ယုတ်မာတာပဲ"
"ငါတို့မိသားစုမှာ ဒီကားရှိတယ်။ ကြောက်စရာကြီး"
"သူတို့က ငါတို့ဝယ်ယူသူတွေရဲ့ အသက်ကို ဘာမှမဟုတ်သလို သဘောထားနေကြတာပဲ"
ယဲ့ချန်းက ဤသတင်းအချက်အလက်များကို အဖွဲ့ထဲသို့ ပို့လိုက်သည်နှင့်တစ်ပြိုင်နက် လူအများ၏ ဒေါသကို ဆွပေးလိုက်သလို ဖြစ်သွားပေသည်။
"ငါတို့ ဒါကို ဒီတိုင်း လွှတ်ထားလို့မဖြစ်ဘူး။ တစ်ခုခုတော့ လုပ်ရမယ်"
မကြာခင်မှာပင် ယဲ့ချန်းက အဖွဲ့ထဲသို့ ဆော့ဖ်ဝဲတစ်ခုကိုလည်း ပို့လိုက်သည်။
ဤဆော့ဖ်ဝဲမှာ အသိပေးစာအက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး ဖြန့်ဝေလိုက်သည်နှင့် အသိပေးစာများ အကြိမ်ကြိမ် ပေါ်လာစေမည်သာ။
ဤအရာမှာ တစ်ရက်အကြာတွင် ဘယ်ကွန်ပျူတာတွင်မဆို အလိုအလျောက် ပျက်စီးသွားမည်ဖြစ်၏။
"သေစမ်း... ဒီဆော့ဖ်ဝဲက တော်တော်မိုက်တာပဲ"
"ဟားဟား... ဒီဆော့ဖ်ဝဲကို နာမည်ကြီးဝက်ဘ်ဆိုက်တချို့ထဲ အခုချက်ချင်း ထည့်လိုက်မယ်"
ဤကျွမ်းကျင်ဟက်ကာများအတွက် ဤသို့လုပ်ဆောင်ခြင်းမှာ အလွန်လွယ်ကူလွန်းလှသည်။
နောက်တစ်နေ့တွင် အချို့ကွန်ပျူတာများ၌ ဖုန်းထျန်းမော်တော်ကား၏ မကောင်းသတင်းအချက်အလက်များနှင့် ပတ်သက်သော အသိပေးစာများ စတင်ပေါ်ထွက်လာသည်။
သတင်းခေါင်းစဉ်မှာ ရုပ်ရှင်မင်းသမီး ယန်းမီမီ ယာဉ်တိုက်မှုမှ သီသီလေးလွတ်မြောက်သွားကြောင်းနှင့် တရားခံမှာ ဖုန်းထျန်းမော်တော်ကား၏ အရည်အသွေးလျှော့ချမှုကြောင့် ဖြစ်ကြောင်းပင်တည်း။
မူလကပင် ယန်းမီမီ၏လက်ထောက် ဆေးရုံတင်ရခြင်းမှာ ရေပန်းစားနေသော အကြောင်းအရာတစ်ခုဖြစ်နေလေရာ ဤသတင်းမှာ ချက်ချင်းပင် နာမည်ကြီးသွားသည်။
ထင်သည့်အတိုင်းပင် ဖုန်းထျန်းမော်တော်ကား၏ လူထုဆက်ဆံရေး ရောက်လာခဲ့သော်လည်း ဤတစ်ကြိမ်တွင် သူတို့၏လူထုဆက်ဆံေရးက အလုပ်မဖြစ်ခဲ့ပေ။
ယခင်က သူတို့သည် သတင်းများကို ဖုံးဖိရန်အတွက် ငွေကို အမြန်ထုတ်သုံးနိုင်ခဲ့သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ လျှို့ဝှက်ဆန်းကြယ်သော သတင်းဆိုက်တစ်ခုက ဤသတင်းကို အဆက်မပြတ် တွန်းတင်ပေးနေသည်။
သူတို့အနေနှင့် ဖိနှိပ်ဖုံးကွယ်၍လည်းမရသလို သတင်းကိုဖိနှိပ်ရန် ပိုက်ဆံပေးရမည့်လူကိုလည်း ရှာမတွေ့ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ထိုထိပ်တန်းဟက်ကာများမှာ အရိပ်ထဲတွင် လှုပ်ရှားကြပြီး အလွန်ကောင်းမွန်သော ခြေရာခံဆန့်ကျင်ရေး နည်းလမ်းများ ရှိနေသောကြောင့်ပင်။
အချိန်တိုအတွင်းမှာပင် ထိုသတင်းသည် သက်ဆိုင်ရာ အာဏာပိုင်များ၏ အာရုံစိုက်မှုကို ရရှိသွားသည်။
ထို့ပြင် မကြာသေးခင်နှစ်များအတွင်းက ယာဉ်တိုက်မှုဖြစ်ပွားခဲ့သော ကားပိုင်ရှင်များကလည်း သတင်းအချက်အလက်များကို ပိုမိုထုတ်ဖော်လာကြသည်။
မကြာခင် သက်ဆိုင်ရာအာဏာပိုင်များက ဖုန်းထျန်းကုမ္ပဏီနှင့် ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့သည်။
နည်းပညာဌာနက အကဲဖြတ်ပြီးနောက် ပြဿနာရှိကြောင်း အတည်ပြုလိုက်ေလသည်။
ထိုအခါ ဖုန်းထျန်းမော်တော်ကားကုမ္ပဏီလည်း ဒုက္ခရောက်လေတော့သည်။
ဟွားနိုင်ငံ၏ ပင်မမီဒီယာဌာနများတွင် ဝေဖန်မှုများဖြင့် ပြည့်နှက်သွားသည်။
"ငါတို့ဆီက ပိုက်ဆံရှာပြီး ငါတို့ကို ပြန်ဒုက္ခပေးနေတာ... ေဒါသထွက်ဖို့ကောင်းလိုက်တာ"
"ဖုန်းထျန်းကို သပိတ်မှောက်ကြ"
...
ထိုနေ့တွင် ယခင်က ဖုန်းထျန်းမော်တော်ကား၏ တည်ငြိမ်နေသော စတော့ရှယ်ယာဈေးနှုန်းမှာ ဤဖြစ်ရပ်ကြောင့် အနိမ့်ဆုံးအမှတ်အထိ ကျဆင်းသွားခဲ့သည်။
ကူကယ်ရာမဲ့သွားသော ဖုန်းထျန်းလုပ်ငန်းစုမှာ နောက်ဆုံးတွင် ရောင်းချပြီးသား မော်ဒယ်အားလုံးကို ပြန်လည်သိမ်းဆည်းပြီး ကားပိုင်ရှင်များကို လျော်ကြေးပေးမည့်အကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ရလေသည်။
•••••••••••••••••••••••••••••
အပိုင်း ၆၈၃ : ကြွားလုံးထုတ်နေသော ဦးလေးကြီး
ယဲ့ချန်း၏ဖုန်းက မြည်လာေလသည်။ ခေါ်ဆိုသူကား ယန်းမီမီပင်။
"ယဲ့ချန်း... ဖုန်းထျန်းရဲ့ စတော့ရှယ်ယာတွေ ဈေးအနိမ့်ဆုံးအထိ ထိုးကျသွားအောင် လုပ်လိုက်တာ ရှင်လား"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ငါ့မှာ စတော့ရှယ်ယာတစ်ခုကို ဈေးအောက်ဆုံးထိ ထိုးကျအောင် လုပ်နိုင်တဲ့ အစွမ်းအစမျိုး မရှိပါဘူး"
"ဟွန့်... ရှင်က မလုပ်နိုင်စရာလား။ ရှင့်အရည်အချင်းတွေက ကမ္ဘာကြီးအပေါထားတဲ့ ကျွန်မရဲ့အမြင်တွေကို တစ်ခါပြီးတစ်ခါ ပြောင်းလဲပစ်ခဲ့တာပဲဟာ။ ဘာပဲဖြစ်ဖြစ်ပါ ယဲ့ချန်း... ကျေးဇူးတင်ပါတယ်နော်"
ယဲ့ချန်းက ခပ်ဖွဖွရယ်လိုက်သည်။
"မင်းက ငါ့သူငယ်ချင်းပဲလေ... ဒါကြောင့် မင်းအတွက် ငါက လက်စားချေပေးရမှာပေါ့"
ယနေ့ စုဝမ်ယိ အလုပ်ပိတ်သဖြင့် ယဲ့ချန်းနှင့် စုဝမ်ယိတို့ လမ်းလျှောက်ထွက်ရန် ဆုံးဖြတ်လိုက်ကြသည်။
သူတို့နှစ်ယောက်သား လက်ချင်းချိတ်၍ လမ်းမပေါ်တွင် လျှောက်နေကြသည်။
လမ်းသွားလမ်းလာများမှာ ဤစုံတွဲကို မြင်သောအခါ မချီးကျူးဘဲ မနေနိုင်ကြချေ။
"ဝိုး... သူတို့နှစ်ယောက်က တကယ်လိုက်ဖက်လွန်းတယ်"
"ချောမောတဲ့ အမျိုးသားနဲ့ လှပတဲ့ အမျိုးသမီးက ကောင်းကင်က ဖန်ဆင်းပေးထားတဲ့ ဖူးစာဘက်ပဲ"
ထိုစဉ် စုဝမ်ယိက ဇိမ်ခံနာရီအမှတ်တံဆိပ် ဆိုင်တစ်ဆိုင်ကို ရုတ်တရက် လှမ်းမြင်လိုက်သည်။
"ဒီမှာ လန်စီတွန်းနာရီသီးသန့်အရောင်းဆိုင် ရှိတာပဲ"
"လန်စီတွန်းနာရီလား"
ယဲ့ချန်း အနည်းငယ် အံ့အားသင့်သွားသည်။
ဤဆိုင်၏ ပုံစံမှာ အခြားနာရီဆိုင်များနှင့် မတူပေ။
အခြားနာရီဆိုင်များမှာ များသောအားဖြင့် ကုန်တိုက်ကြီးများထဲတွင် ရှိတတ်သော်လည်း ဤဆိုင်မှာမူ သီးသန့်ဆောက်လုပ်ထားသည့် ရှေးဟောင်းနှစ်ထပ်တိုက်ကြီးဖြစ်ပြီး အလွန်ခန့်ညားထည်ဝါလှသည်။
ယဲ့ချန်းက ပြုံးလိုက်၏။
"မင်းက ဒီနာရီအမှတ်တံဆိပ်ကို ရင်းနှီးလို့လား"
စုဝမ်ယိက ခေါင်းညိတ်ပြလိုက်သည်။
"ဒီအဆောက်အအုံကို သမ္မတနိုင်ငံခေတ်တုန်းက ဂျာမနီက ဆောက်ခဲ့တာတဲ့။ နောက်ပိုင်းကျမှ ဝယ်ယူပြီး မိုတုမြို့ရဲ့ လန်စီတွန်းပင်မအရောင်းဆိုင်ကြီး ဖြစ်လာခဲ့တာ။ ဒီနှစ်တွေတစ်လျှောက်လုံးမှာ ဆိုင်နေရာကို တစ်ခါမှ မပြောင်းခဲ့ဖူးဘူး"
"သြော်... ဒီလိုသမိုင်းကြောင်း ရှိခဲ့တာကိုး"
"ယဲ့ချန်း... ကျွန်မတို့ အထဲဝင်ကြည့်ရအောင်လေ"
စုဝမ်ယိက ရုတ်တရက် ပြောလိုက်သည်။
စုဝမ်ယိသည် ယခုအခါ ယဲ့ချန်း၏ ချမ်းသာကြွယ်ဝမှုကို သိရှိထားပြီးဖြစ်ရာ ယခုလိုဇိမ်ခံဆိုင်ကြီးများတွင် နာရီဝယ်ယူခြင်းမှာ သူ့အတွက် ဘာဖိအားမှမရှိေကြာင်း နားလည်ထားသည်။
ယဲ့ချန်းက အင်တင်တင်ဖြင့် ပြောလိုက်၏။
"ကိုယ့်မှာ တစ်လုံးရှိနေပြီပဲဟာကို"
သို့သော် စုဝမ်ယိက ဆို၏။
"ရှင်မသိဘူးလား... နိုင်ငံခြားက အထက်တန်းလွှာတွေက လန်စီတွန်းနာရီတွေကို သဘောကျကြတယ်။ ဘာလို့လဲဆိုတော့ အဲဒါက ဆန်းပြားသိမ်မွေ့မှုကို ကိုယ်စားပြုလို့လေ"
ယဲ့ချန်းက ပုခုံးတွန့်လိုက်လေ၏။
"ကောင်းပြီလေ... ဒါဆိုရင်လည်း မင်းသဘောပါပဲ"
သူတို့နှစ်ယောက်သား လန်စီတွန်းပင်မအရောင်းဆိုင်ထဲသို့ ဝင်လာခဲ့ေသာအခါ စီတန်းပြသထားသော နာရီများကို တွေ့လိုက်ရသည်။
ယဲ့ချန်း ဈေးနှုန်းများကို ဝေ့ကြည့်လိုက်၏။ ဈေးအချိုဆုံးကပင် သန်းချီတန်ပြီး အကောင်းဆုံးများမှာ သန်းပေါင်းများစွာ တန်ကြေးရှိသည်။
ဤကဲ့သို့သော နာရီဆိုင်မျိုးတွင် လူအနည်းငယ်သာ ရှိနေခြင်းမှာ မဆန်းတော့ပေ။
နောက်ခံတစ်ခုခု မရှိပါလျှင် ဤဆိုင်မှ နာရီများကို အမှန်တကယ် ဝယ်ယူနိုင်မည်မဟုတ်ပေ။
စုဝမ်ယိက ပြုံးလိုက်၏။
"လန်စီတွန်းက ဆွီဒင်နိုင်ငံက အမှတ်တံဆိပ်တစ်ခုလေ။ တော်ဝင်မိသားစုဝင် တော်တော်များများက ဒီနာရီကိုပတ်ရတာ သဘောကျကြတယ်။ သူ့ရဲ့ လက်ရာက မယုံနိုင်လောက်အောင် စေ့စပ်သေချာပြီး အစိတ်အပိုင်းေတွအားလုံးကို လက်နဲ့ပဲ သီးသန့်လုပ်ထားတာမို့လို့ ပါတက်ခ်ဖိလစ်ထက်တောင် ဈေးကြီးသေးတယ်"
သူ(မ)က ယဲ့ချန်း၏ လက်ကောက်ဝတ်ရှိ နာရီကို လက်ညှိုးထိုးပြလိုက်၏။
"ရှင့်ရဲ့ ပါတက်ခ်ဖိလစ်က ခန့်ညားထည်ဝါမှုကို ပြသတယ်ဆိုရင် ဒီလန်စီတွန်းက မြင့်မြတ်တဲ့ဂုဏ်ဒြပ်ကို ဖော်ညွှန်းတယ်။ သူ့ရဲ့နာရီတစ်လုံးချင်းစီက ပညာရှင်တွေ အစိတ်အပိုင်းတစ်ခုချင်းစီကို လက်နဲ့ စိတ်တိုင်းကျထုဆစ်ထားတဲ့ အနုပညာလက်ရာတွေပဲ"
ယဲ့ချန်းမှာ အံ့အားသင့်သွားပြန်သည်။
"လက်မှုသက်သက်ပဲလား... အရမ်းအံ့ဩဖို့ကောင်းတာပဲ"
စုဝမ်ယိက ခပ်ဖွဖွပြုံးလိုက်လေသည်။
"လန်စီတွန်းကို ကမ္ဘာပေါ်မှာ စုဆောင်းသိမ်းဆည်းဖို့ အကောင်းဆုံး နာရီအမှတ်တံဆိပ်တစ်ခုအဖြစ် အသိအမှတ်ပြုထားတယ်။ ဒါကြောင့် ဒီနာရီက အချိန်ကြည့်ဖို့တင်မကဘဲ အနုပညာလက်ရာတစ်ခုလည်း ဖြစ်နေတာပေါ့"
ယဲ့ချန်းက သဘောတူသည့်အနေနှင့် ခေါင်းညိတ်ပြလိုက်သည်။
မှန်ေဘာင်ထဲမှ လက်ရာမြောက်လှသော နာရီများကို ကြည့်လိုက်သောအခါ လက်တွင် ပတ်ထားပါက တကယ်ကျော့ရှင်းနေမည်မှာ သေချာသည်။
စုဝမ်ယိက ရယ်မောလိုက်၏။
"ယဲ့ချန်း... အခုဆိုရင် ရှင်လည်း အဆင့်အတန်းတစ်ခုရှိတဲ့လူ ဖြစ်နေပြီပဲ။ အဲဒါကြောင့် ရှင့်အနေနဲ့ ဇိမ်ခံပစ္စည်းတွေတင်မကဘူး။ ရှင့်ကိုယ်ပိုင်အရည်အသွေးနဲ့ အဆင့်အတန်းကိုလည်း မြှင့်တင်ဖို့ လိုတယ်လေ"
စုဝမ်ယိ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ယဲ့ချန်း သဘောပေါက်သွားသည်။
ယခင်က ယဲ့ချန်းသည် လောင်ဂျင်း၊ ပါတက်ခ်ဖိလစ် နှင့် ရိုးလက်စ်တို့ကိုသာ သိထားသော်လည်း ဤနာရီများမှာ လန်စီတွန်းနှင့် ယှဉ်လျှင် ဘာမှမဟုတ်တော့ကြောင်း သိလိုက်ရသည်။
သူတို့နှစ်ေယာက် စကားပြောနေစဉ် ဗိုက်ပူပူနှင့် အမျိုးသားတစ်ေယာက် အပြင်က လမ်းလျှောက်ဝင်လာေလသည်။
ထိုလူသည် ဘရန်းအဝတ်အစားများကို ဝတ်ဆင်ထားပြီး ချမ်းသာကြွယ်ဝသည့် အရှိန်အဝါများ ထွက်ပေါ်နေရာ သူဌေးကြီးတစ်ဦးဖြစ်ကြောင်း သိသာလှသည်။
သူ့ဘေးတွင်မူ ပျံတံတံနန့်တန့်တန့်လုပ်တတ်ေသာ မိန်းမတစ်ေယာက် ပါလာသည်။
အမှန်တော့ သာမန်လူများအနေနှင့် လန်စီတွန်း ပင်မအရောင်းဆိုင်ကို သိနိုင်မည်မဟုတ်သလို လာရဲကြမည်လည်း မဟုတ်ပေ။
အကြောင်းမှာ ဤနေရာရှိ ဈေးအချိုဆုံးနာရီပင် သန်းဂဏန်းက စသဖြင့် သာမန်လူများ လုံးဝမတတ်နိုင်သောကြောင့်ပင်။
ထို့ကြောင့် ဤဆိုင်ထဲသို့ ဝင်လာနိုင်သူများမှာ ချမ်းသာသူ သို့မဟုတ် ဂုဏ်သရေရှိ လူကြီးလူကောင်းများသာ ဖြစ်ကြသည်။
ထိုလူ၏အမည်မှာ စုလီဖြစ်ပြီး ကျောက်မီးသွေးတွင်းသူေဋ္ဌးတစ်ေယာက် ဖြစ်၏။
သူသည် ဤနှစ်ပိုင်းအတွင်း ငွေကြေးအတော်အတန် ရှာဖွေစုဆောင်းမိထားသဖြင့် အနည်းငယ် ပေါကြွယ်ဝကာ ကြွားဝါချင်နေသူ ဖြစ်၏။
ယနေ့တွင် သူသည် သူ့မယားငယ်လေးကို နာရီဝယ်ပေးရန် ခေါ်လာခဲ့ခြင်းပင်။
ဆိုင်ထဲဝင်လာသည်နှင့် စုလီသည် ယဲ့ချန်းဘေးရှိ စုဝမ်ယိကို မြင်လိုက်သည်။
သူ့စိတ်ထဲတွင် အလွန်မကျေမနပ်ဖြစ်သွားသည်။
အကြောင်းမှာ စုဝမ်ယိက လှပလွန်းနေသောကြောင့်ပင်။
ငါ့မှာ ဒီလောက် ငွေတွေအများကြီးရှိတာတောင် ငါ့ဘေးကမိန်းမက ဘာလို့ ဒီကောင့်ဘေးကမိန်းမလောက် မလှရတာလဲ။
ဤနှစ်များအတွင်း စုလီ ချမ်းသာလာကတည်းက အထက်တန်းကျသော လူနေမှုဘဝကို လိုက်မီရန် ကြိုးစားနေခဲ့သည်။
မိမိ၏ ချမ်းသာကြွယ်ဝမှုကို ကြွားဝါချင်သဖြင့် အထက်တန်းစား အမှတ်တံဆိပ်အားလုံးကို သေသေချာချာ လေ့လာထားသည်။
တစ်နေ့တွင် အထက်တန်းလူ့အဖွဲ့အစည်းအတွင်းသို့ ဝင်ဆံ့နိုင်ရန်အတွက် မိမိ၏အဆင့်အတန်းကို မြှင့်တင်ရန်သာ ရည်ရွယ်ထားသည်။
ယဲ့ချန်းကို မြင်သောအခါ စုလီက ခပ်ဟဟပြုံးလိုက်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က လန်စီတွန်းအမှတ်တံဆိပ်သည် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်ကို ကိုယ်စားပြုကြောင်း စုလီ ကြားသိခဲ့ရသဖြင့် သူ့မယားငယ်လေးကို ခေါ်ကာ ရောက်လာခဲ့ခြင်းပင်။
စုလီက ယဲ့ချန်းကို တစ်ချက်ကြည့်၍ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
စုဝမ်ယိနှင့် ယဲ့ချန်းတို့က ရုပ်ရည်ချောမောကြသော်လည်း သူတို့၏ ဝတ်စုံများမှာမူ အလွန်ရိုးရှင်းလှသည်။
အကြောင်းမှာ စုဝမ်ယိက အလုပ်ဆင်းခါစဖြစ်သဖြင့် ရုံးဝတ်စုံကို ဝတ်ထားပြီး ယဲ့ချန်းမှာမူ သာမန်တီရှပ်တစ်ထည်သာ ဝတ်ဆင်ထား၏။
စုလီ၏အမြင်တွင် သူတို့နှစ်ေယာက်မှာ လမ်းလျှောက်ရင်း စိတ်ကူးပေါက်ကာ ဆိုင်ထဲဝင်လာသည့် သာမန်ရုံးဝန်ထမ်းနှစ်ဦးမျှသာ။
အထူးသဖြင့် စုလီ၏ အကြည့်များမှာ စုဝမ်ယိအပေါ်တွင်သာ အကြိမ်ကြိမ်ကျရောက်နေသည်။
အကြောင်းမှာ စုဝမ်ယိက စင်စစ်လှပလွန်းနေသောကြောင့်ပင်။
သူ(မ)၏ ရုပ်ရည်နှင့် အရှိန်အဝါမှာ မည်သူနှင့်မှ နှိုင်းယှဉ်၍မရအောင် ထူးကဲလှပသည်။
သူ့ဘေးရှိ မိန်းမမှာ ချစ်စရာကောင်းသော်လည်း စုဝမ်ယိနှင့် ယှဉ်လျှင်မူ ဘာအရည်အချင်းမှ မရှိတော့ပေ။
ထို့ကြောင့် စုလီ၏စိတ်ထဲတွင် အကြီးအကျယ် မနာလိုဖြစ်သွားသည်။
သူ့ဘေးက မယားငယ်လေးမှာ တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းတစ်ခုမှ ရှာေတွ့ထားသည့် နာမည်ကြီးအွန်လိုင်းအလှပဂေးလေး ဖြစ်၏။
လစဉ်လတိုင်း သူသည် ဤမယားငယ်လေးအတွက် နှစ်သန်းသုံးသန်းခန့် အသုံးစရိတ်ပေးနေရသည်။
သို့သော် စုဝမ်ယိ၏ ရှေ့တွင်မူ ဤမယားငယ်လေးမှာ တောကြက်နှင့် ဖီးနစ်ကဲ့သို့ ကွာခြားလွန်းလှသည်။
အထူးသဖြင့် စုဝမ်ယိက ယဲ့ချန်းအတွက် နာရီကို သေသေချာချာ ရွေးချယ်ပေးနေပြီး သူ(မ)၏ ပြောဆိုပုံများကလည်း အလွန်ယဉ်ကျေးသိမ်မွေ့လှသည်။
သေစမ်း... ဒီလိုဆင်းရဲတဲ့ကောင်က ဘာလို့ ဒီလိုနတ်သမီးလေးနဲ့ ထိုက်တန်နေရတာလဲ။
စုလီ၏ မျက်လုံးများ တောက်ပသွားသည်။
ဒါက အခွင့်ကောင်းပဲ မဟုတ်လား။
သူက ယဲ့ချန်းလောက် ရုပ်မချောသော်ငြား ငွေတော့ ချမ်းသာသည်။
ယနေ့ခေတ်မှာ ဘယ်မိန်းမက ငွေမမက်ဘဲ နေမည်နည်း။
သူ့စွမ်းဆောင်ရည်မျာစကို ပြလိုက်လျှင် ဤအလှပဂေးလေးက ထိုကောင့်ကို ထားခဲ့ပြီး သူ့ဆီ ရောက်လာနိုင်ခြေ ရှိသည်။
ယဲ့ချန်းက နာရီတစ်လုံးကို ကောက်ကိုင်၍ ပြောလိုက်သည်။
"ဝမ်ယိ... ဒီတစ်လုံးကို ဘယ်လိုထင်လဲ"
သူ့ဘေးရှိ ဆိုင်ဝန်ထမ်းက ပြုံးလျက် ပြောလိုက်၏။
"လူကြီးမင်းက အမြင်ရှိသားပဲ။ ဒီနာရီက ကျွန်မတို့ကုမ္ပဏီက အသစ်ထုတ်လုပ်ထားတဲ့ 'ကောင်းကင်ယံကို ထိုးခွင်းတဲ့နဂါး'လို့ နာမည်ရတဲ့ နာရီပါ။ နာရီမျက်နှာပြင်က ကျွန်မတို့လန်စီတွန်းရဲ့ ဒီဇိုင်နာရော်နီ ဖန်တီးထားတဲ့ အကောင်းဆုံးလက်ရာ ဖြစ်ပါတယ်။ နာရီမျက်နှာပြင်ပေါ်က အသက်ဝင်နေတဲ့ နဂါးရုပ်လေးကို ကြည့်ပါဦး... အရမ်းလှတယ်နော်"
ယဲ့ချန်းက ခေါင်းညိတ်၍ ပြောလိုက်လေသည်။
"ဝမ်ယိ... မင်း ဘယ်လိုထင်လဲ"
စုဝမ်ယိ စကားမပြောရသေးခင် စုလီက အနားသို့ ရောက်လာသည်။
"ဒီနာရီက မဆိုးဘူးပဲ... ငါ ယူမယ်"
ဆိုင်ဝန်ထမ်းမှာ အနည်းငယ် ကြောင်အမ်းသွားပြီး ကပျာကယာပြောလိုက်လေသည်။
"လူကြီးမင်းရှင့်... အခု ဒီလူကြီးမင်းက နာရီကို ကြည့်နေတာမို့လို့ပါ။ တကယ်လို့ သူ မယူဘူးဆိုမှ လူကြီးမင်း ဝယ်လို့ရပါမယ်ရှင့်"
စုလီက မဲ့ပြုံးပြုံး၍ ယဲ့ချန်းကို အထင်သေးလေဟန် မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ဝန်ထမ်း... သူ့အတွက် အချိန်ဖြုန်းနေတာ တန်လို့လား။ ဒီနာရီက ဒီလောက်ဈေးကြီးတာ။ သူ ဝယ်နိုင်မှာမို့လို့လား။ အလှလေး.. စီးပွားရေးလုပ်တာ မျက်စိပွင့်နားပွင့် ရှိရမယ်လေ။ သူ့ဝတ်စုံကို ကြည့်ဦး... အကုန်လုံးက လမ်းဘေးဆိုင်က အပေါစားတွေချည်းပဲ။ မင်း သူ့ကို လိုက်မိတ်ဆက်ပေးနေတာ အလကားအချိန်ပုပ်တာပဲ မဟုတ်ဘူးလား"
ထို့နောက် စုလီက သူ့လက်ကောက်ဝတ်ရှိ နာရီကို ခါပြလိုက်၏။
"ဟေ့ကောင်လေး... ငါ့လက်က နာရီကို မြင်လား။ ဒါက တစ်သန်းခွဲတန်ကွ။ ဒီနေရာက မင်းတို့လိုကောင်တွေ လာရမယ့်နေရာ မဟုတ်ဘူး။ ငါလို အောင်မြင်တဲ့သူတွေပဲ ဒီနေရာကို လာခွင့်ရှိတာ"
ထိုသို့ပြောပြီးနောက် စုလီက ကောင်တာပေါ်သို့ တောက်ပနေသော ရွှေရောင်ခရက်ဒစ်ကတ်တစ်ခုကို ဟန်ပန်အပြည့်ဖြင့် ပစ်ချလိုက်သည်။
"ဝန်ထမ်း... ကတ်ဖြတ်လိုက်တော့"
•••••••••••••••••••••••••••
အပိုင်း ၆၈၄ : တကယ့်သူဌေးအစစ်
စုလီ၏ မျက်နှာပေါ်တွင် ကျေနပ်ဂုဏ်ယူနေသော အမူအရာတစ်ခု ပေါ်လွင်နေသည်။
"ငါ့လို ချမ်းသာတဲ့လူက ဈေးနှုန်းကို ဘယ်တော့မှ မမေးဘူး။ ဆင်းရဲသားတွေပဲ အဲဒီလို လုပ်ကြတာ"
စုဝမ်ယိ ဆွံ့အသွားသည်။
စုမိသားစုကနေ ဒီလိုအမှိုက်ကောင်မျိုး ဘယ်လိုလုပ်ပြီး ထွက်လာရတာလဲ။
စုဝမ်ယိ အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။
"လူကြီးမင်း... ကျေးဇူးပြုပြီး အစဉ်လိုက်ကို လေးစားပါ။ ဒီနာရီကို အရင်စိတ်ဝင်စားတာ ကျွန်မတို့ဆိုတာ အသိသာချည်း။ ရှင်ဝယ်ချင်ရင် ကျွန်မတို့ မဝယ်တော့ဘူးလို့ ဆုံးဖြတ်တဲ့အထိ စောင့်သင့်တယ်။ ပြီးတော့ လန်စီတွန်းနာရီက ချမ်းသာကြွယ်ဝမှုရဲ့ သင်္ကေတသက်သက်မဟုတ်ဘဲ ယဉ်ကျေးမှုတစ်ခုကို ကိုယ်စားပြုတာပါ"
စုလီသည် အစပိုင်းက စုဝမ်ယိ၏ အာရုံစိုက်မှုကို ရရှိရန်နှင့် သူ(မ) အထင်ကြီးလာစေရန် မျှော်လင့်ကာ ကြွားဝါချင်ခဲ့ခြင်းပင်။
သို့သော် သူလိုချင်သည့် အကျိုးသက်ရောက်မှုမျိုး မရသည့်အပြင် စုဝမ်ယိ၏ ဆူပူကြိမ်းေမာင်းမှုကိုပါ ခံလိုက်ရသည်။
"ဟွန့်... ယဉ်ကျေးမှု ဟုတ်လား။ ငါကတော့ ချမ်းသာရုံပဲ... ချမ်းသာကြွယ်ဝမှုဆိုတာ ဒါပဲ"
စုလီက ဒေါသတကြီး ပြန်ပက်လိုက်သည်။
ထို့နောက် အေးစက်ခက်ထန်စွာ နှာခေါင်းရှုံ့လိုက်သည်။
"ယဉ်ကျေးမှုရှိပြီး ဆွဲဆောင်မှုရှိနေတော့ရော ဘာလုပ်ရမှာလဲ။ ငါ့မှာ ပိုက်ဆံရှိတယ်။ ဘယ်နာရီကိုမဆို ဝယ်နိုင်တယ်။ ယဉ်ကျေးပြီး ရုပ်ချောနေတဲ့ ဒီဆင်းရဲသားကရော ဝယ်နိုင်လို့လား"
စုလီ ကြွားလုံးထုတ်နေစဉ် ဆိုင်ဝန်ထမ်းက သူ့ကတ်ကို ပွတ်ဆွဲပြီး ယဉ်ယဉ်ကျေးကျေး ပြောလိုက်၏။
"လူကြီးမင်းရှင့်... လူကြီးမင်း ဒီနာရီကို ဝယ်လို့ မရဘူးထင်ပါတယ်"
"ဘာလို့ ဝယ်လို့မရရမှာလဲ"
စုလီက အေးစက်မာကျောစွာ မေးလိုက်သည်။
"ငွေလက်ကျန် မလုံလောက်လို့ပါရှင့်"
ဝန်ထမ်းက ပြုံးလျက် ပြန်ဖြေသည်။
"သေစမ်း... ငွေလက်ကျန် မလုံလောက်ဘူး ဟုတ်လား။ မင်း ငါ့ကို လာနောက်နေတာလား။ ငါ့ကတ်ထဲမှာ ယွမ်ဆယ်သန်းတောင် ရှိတယ်"
စုလီက ထိုသို့ပြောရင်း စုဝမ်ယိအား ဂုဏ်ယူဝင့်ကြွားစွာ ကြည့်လိုက်သည်။
သူသည် စုဝမ်ယိ၏ မျက်နှာပေါ်တွင် အံ့သြသွားသည့် အမူအရာ သို့မဟုတ် အထင်ကြီးလေးစားသွားသည့် အမူအရာမျိုးကို မြင်တွေ့ရရန် မျှော်လင့်နေသည်။
မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့ ကြွားဝါပြသည့်နည်းလမ်းက အခြားမိန်းကလေးများ၏ မျက်ဝန်းများကို တောက်ပသွားစေတတ်သည် မဟုတ်ပါလား။
သို့သော် စုဝမ်ယိ၏ အမူအရာမှာမူ ဂရုမစိုက်ေလဟန်သာ ရှိနေဆဲပင်။
ဆယ်သန်းဟူသော ပမာဏမှာ စုဝမ်ယိအတွက် တစ်ဒေါ်လာဟု ကြားလိုက်ရသကဲ့သို့ ဘာမှမထူးခြားလှပေ။
ဆိုင်ဝန်ထမ်းက သတိကြီးကြီးထား၍ ပြောလိုက်၏။
"လူကြီးမင်း... တောင်းပန်ပါတယ်။ ဒါပေမဲ့ ဒီနာရီက သန်းနှစ်ဆယ် တန်တာပါရှင့်"
"သန်းနှစ်ဆယ်လား"
ဝန်ထမ်း၏စကားကို ကြားသောအခါ စုလီ ကြောင်အသွားသည်။
သူက ချမ်းသာသည်ဆိုသော်ငြား သန်းနှစ်ဆယ်ဟူသည်မှာ သူ့အတွက် အလှမ်းဝေးလွန်းလှသော ပမာဏကြီးတစ်ခု ဖြစ်နေဆဲပင်။
ပြောရလျှင် သူ့မယားငယ်များအတွက် တစ်နှစ်စာ အသုံးစရိတ်ကပင် သုံးသန်းအောက်သာ ရှိ၏။
လန်စီတွန်းသည် အထက်တန်းစားအမှတ်တံဆိပ်တစ်ခုဖြစ်ကြောင်း မဂ္ဂဇင်းတစ်ခုတွင် ဖတ်ခဲ့ရသဖြင့် ကြွားဝါနိုင်ရန်အတွက်သာ နာရီလာဝယ်ခြင်း ဖြစ်သည်။
ထို့နောက် ယဲ့ချန်းနှင့် ဆုံလိုက်ရသောကြောင့် ပို၍ပင် ကြွားဝါချင်စိတ် ပေါ်လာခဲ့သည်။
သို့သော် ဤလန်စီတွန်းနာရီက အမှန်တကယ်ပင် သန်းနှစ်ဆယ်တန်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဆိုင်ဝန်ထမ်းက စုလီကို ကြည့်၍ မေးလိုက်သည်။
"လူကြီးမင်း... ဒီနာရီကို ဝယ်ချင်သေးလားရှင့်"
စုလီ၏ မျက်နှာတစ်ခုလုံး ချက်ချင်းဆိုသလို ရှက်ရွံ့လေဟန် အရိပ်အယောင်များဖြင့် ပြည့်နှက်သွားသည်။
စောစောကမှ ယဲ့ချန်းကို နာရီဝယ်နိုင်စွမ်းမရှိသည့် အမှိုက်ကောင်၊ ဆင်းရဲသားပါဟု သူ ကြွားလုံးထုတ်ထားသည်။
သို့သော် ယခုမူ သူကိုယ်တိုင်ပင် ထိုနာရီကို မဝယ်နိုင်မှန်း သိလိုက်ရသည်။
သူ့မျက်နှာကို ဖြောင်းခနဲ ခပ်ပြင်းပြင်းအရိုက်ခံလိုက်ရသလိုပင်။
ဤမြင်ကွင်းကို ကြည့်ရင်း ယဲ့ချန်းရော စုဝမ်ယိပါ မရယ်ဘဲ မနေနိုင်ကြတော့ပေ။
ကြွားဝါမှုကြီးကား တက်တက်စင်အောင် လွဲချော်သွားပြီးနောက် စုလီ၏ မျက်နှာအမူအရာမှာ အလွန်ပင် ရယ်စရာကောင်းနေေတာ့သည်။
ယဲ့ချန်းနှင့် စုဝမ်ယိတို့က သူ့အား အမှန်တကယ် လှောင်ပြောင်နေကြေကြာင်း မြင်လိုက်ရသောအခါ စုလီ ဒေါသထွက်သွားလေသည်။
"မင်းတို့က မှောင်ခိုဆိုင် ဖွင့်ထားတာလား။ ဘယ်လိုနာရီအစုတ်က သန်းနှစ်ဆယ်တောင် တန်ရတာလဲ။ ငါ့သူငယ်ချင်း ဝယ်ထားတာတောင် နှစ်သန်းကျော်လေးပဲ ပေးရတာ"
ဝန်ထမ်းက ဆို၏။
"လူကြီးမင်း... ကျွန်မတို့ဆိုင်ကို နာမည်မဖျက်ပါနဲ့ရှင့်။ ကျွန်မတို့ဆီမှာလည်း နှစ်သန်းတန်နာရီတွေ ရှိပါတယ်။ နာရီတိုင်းမှာ သူ့အဆင့်နဲ့သူ ခွဲခြားထားတာပါ။ လူကြီးမင်းရဲ့သူငယ်ချင်း ဝယ်ထားတဲ့ နှစ်သန်းတန်နာရီက အခြေခံအဆင့်လောက်ပဲ ရှိတာပါ။ ဒီနာရီကတော့ ပညာရှင်တစ်ဦးရဲ့ လက်ရာမြောက် ဖန်တီးမှုဖြစ်ပြီး လန်စီတွန်းရဲ့ အဖိုးတန်စုဆောင်းမှုစာရင်းဝင်ဖြစ်လို့ ပိုပြီး ဈေးကြီးတာပါ"
စုလီ ရုတ်တရက် ဘာပြောရမှန်း မသိတော့ပေ။
သူ့သူငယ်ချင်းပတ်ထားသော နာရီက အခြေခံအဆင့်သာ ဖြစ်နေချေသည်။
ယဲ့ချန်း ရွေးချယ်လိုက်သည့် နာရီကမူ အဆင့်မြင့်အကောင်းစား ဖြစ်နေေလသည်။
သေစမ်း... သန်းနှစ်ဆယ်တောင် တန်တဲ့နာရီကို ဘယ်သူက ဝယ်နိုင်မှာလဲ။
တကယ့်သူဌေးကြီးများမှသာ ဝယ်နိုင်ေပမည်။
ဝန်ထမ်းက ဆက်ပြောလိုက်သည်။
"လူကြီးမင်း... ဒီနာရီကို ယူဦးမလား"
စုလီ၏မျက်နှာကား နီမြန်းသွားသည်။
ယဲ့ချန်းကမူ တစ်ခွန်းမှ ဝင်မပြောဘဲ စုလီ အရှက်ကွဲနေသည်ကိုသာ တိတ်တဆိတ် ထိုင်ကြည့်နေသည်။
စုလီက အံတင်းတင်းကြိတ်ထားလိုက်သည်။
"ဒီနာရီကို ငါ သိပ်သဘောမကျသေးဘူး... တခြားဟာ ကြည့်ရအောင်"
ဝန်ထမ်းကမူ ပြုံးမြဲသာ။
သို့သော် သူ(မ)၏ စိတ်ထဲတွင်မူ တွေးနေလေသည်။
'ဒီလူက နာရီမဝယ်နိုင်တဲ့ ဆင်းရဲသားတစ်ယောက်ဆိုတာ ရှင်းနေတာပဲ"
စုလီက ယဲ့ချန်းကို တစ်ချက်ကြည့်၍ နှာခေါင်းရှုံ့လိုက်သည်။
"ဘာရယ်တာလဲ။ မင်းမှာ သတ္တိရှိရင် မင်းလည်း တစ်လုံးဝယ်လိုက်လေ"
အပေါစားအဝတ်အစားများကို ဝတ်ဆင်ထားပြီး အလွန်ငယ်ရွယ်သေးသည့် ယဲ့ချန်းအနေနှင့် သန်းနှစ်ဆယ်တန်နာရီကို ဝယ်နိုင်မည်ဟု စုလီ မယုံကြည်ပေ။
သူထင်သည့်အတိုင်းပင် ယဲ့ချန်းက နာရီကို ဝေ့ကြည့်ကာ ပြောလိုက်၏။
"ငါ ဒီမော်ဒယ်ကို သိပ်သဘောမကျဘူး"
ယဲ့ချန်း၏စကားကို ကြားသောအခါ စုလီ မအောင့်နိုင်တော့ဘဲ အသံထွက်၍ ရယ်မောလိုက်တော့သည်။
"ဟားဟား... အရမ်းရယ်ရတာပဲ။ သဘောမကျဘူး ဟုတ်လား။ ရှင်းနေတာပဲ... မင်းမှ မဝယ်နိုင်တာ"
ယဲ့ချန်းက ခပ်ရှင်းရှင်း ပြန်ပြောလိုက်သည်။
"မဟုတ်ပါဘူး... ဒီနာရီက အဆင့်အတန်း သိပ်မမြင့်သေးဘူးလို့ ထင်လို့ပါ"
ဘာ..
ယဲ့ချန်း၏စကားကြောင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။
သန်းနှစ်ဆယ်တန်နာရီက အဆင့်အတန်း မမြင့်သေးဘူးတဲ့လား။
ဤလူ ကြွားလုံးထုတ်နေသည်မှာ နည်းနည်းလွန်မနေဘူးလား။
ဆိုင်ဝန်ထမ်းပင် ကြောင်အမ်းသွားသည်။
ယဲ့ချန်း၏စကားကြောင့် စုလီလည်း မှင်တက်သွားချေသည်။
သို့သော် သူက ချက်ချင်းပင် နှာခေါင်းရှုံ့လိုက်၏။
"အဆင့်အတန်းမမြင့်ဘူး ဟုတ်လား... မင်းသတ္တိရှိရင် ဝယ်ပြလေ"
ယဲ့ချန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
"ဝယ်မှာပေါ့... ဒါပေမဲ့ အကောင်းဆုံးကိုပဲ ဝယ်မှာ"
ထိုသို့ပြောပြီးနောက် ယဲ့ချန်း၏ အကြည့်များက အလယ်ဗဟိုရှိ မှန်ဘောင်တစ်ခုဆီသို့ ရောက်သွားသည်။
ယဲ့ချန်းက လက်ညှိုးထိုးပြလိုက်၏။
"ငါဝယ်ရင် အဲဒီတစ်ခုကိုပဲ ဝယ်မှာ"
ယဲ့ချန်း၏စကားကို ကြားပြီးနောက် ခန်းမကြီးကား တိတ်ဆိတ်သွားပြန်သည်။
ဝန်ထမ်း၏ မျက်နှာအမူအရာမှာ တစ်မျိုးဖြစ်သွားလေသည်။
"လူကြီးမင်း... အဲဒီနာရီက ကျွန်မတို့ဆိုင်မှာ ဈေးအကြီးဆုံးပါ။ ရှစ်ဆယ့်ရှစ်သန်းရှစ်သိန်းရှစ်သောင်း ရှစ်ထောင် တန်ပါတယ်ရှင့်"
ဝန်ထမ်းက ယဲ့ချန်းကို ကြည့်လိုက်၏။
"ဒီနာရီကို ယူချင်တာ သေချာလားရှင့်"
ထိုစဉ် စုလီမှာ အူတက်မတတ် ရယ်မောနေတော့သည်။
"ဟေ့ကောင်... မင်းရဲ့ကြွားလုံးတွေက အရာမဝင်ဘူးကွ သိလား"
"သန်းရှစ်ဆယ်ကျော်တန်တဲ့ နာရီကို မင်း တကယ်ဝယ်နိုင်မယ်လို့ ထင်နေတာလား။ မင်းကိုယ်မင်း သူဌေးကြီးများ မှတ်နေလား"
စုလီသာမက အခြားသူများကပါ မယုံကြည်နိုင်ဟန်ဖြင့် ခေါင်းယမ်းမိကြသည်။
သို့သော် ယဲ့ချန်းက မှန်ဘောင်ကို ခဏမျှ ကြည့်ပြီးနောက် ပြောလိုက်လေသည်။
"ဝန်ထမ်း... ဒီတစ်လုံးကို ရှင်းပေးပါ"
"ဘာ"
ထိုစကားကို ကြားချိန်ဝယ် ဆိုင်ဝန်ထမ်းမှာ မှင်တက်သွားသည်။
သူ့ဘေးရှိ မယားငယ်လေးပင် အလွန်အံ့သြသွားသဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေတော့သည်။
ဤလူငယ်လေးက မျက်တောင်တစ်ချက်မခတ်ဘဲ သန်းရှစ်ဆယ့်ရှစ်သန်းကျော်တန် နာရီတစ်လုံးကို ဝယ်လိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ကြပေ။
ဘေးနားရှိ စုလီလည်း အလွန်အံ့သြသွားပြီး လက်တွေ့ကမ္ဘာကြီးကိုပင် သံသယဝင်လာတော့သည်။
သောက်ကျိုးနည်း... ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ဆိုင်ဝန်ထမ်းသည် အစပိုင်းတွင် ကြောင်အမ်းနေသော်လည်း နောက်ပိုင်းတွင် ယဲ့ချန်းအား ရိုသေလေးစားလေဟန် မျက်နှာထားဖြင့် ကြည့်လိုက်သည်။
"လူကြီးမင်း... ခဏလောက် စောင့်ပေးပါရှင့်။ လူကြီးမင်းအတွက် နာရီကို ချက်ချင်း ယူလာပေးပါ့မယ်"
ဤနာရီသည် ဆိုင်တွင် ရှိနေခဲ့သည်မှာ တစ်နှစ်ကျော်ပြီ ဖြစ်၏။ ငွေပေါသော သူဌေးအများအပြား လာခဲ့ကြသော်လည်း မည်သူကမှ မဝယ်နိုင်သဖြင့် အများစုမှာ တအံ့တဩငေးကြည့်ရုံသာ ကြည့်သွားခဲ့ကြသည်။
သာမန်လူတစ်ယောက်ကသာ ကြည့်ချင်သည်ဆိုလျှင် ဝန်ထမ်းများက ထုတ်ပေးရန်ပင် စဉ်းစားမည်မဟုတ်ပေ။ မည်သို့ပင်ဆိုစေ ဤမျှဈေးကြီးသောနာရီကို မည်သူ့ကိုမဆို အလွယ်တကူ စမ်းပတ်ခွင့် ပေးမည်မဟုတ်ပေ။
သို့သော် ယဲ့ချန်း၏ အမူအရာနှင့် သူ့ထံမှထွက်ပေါ်နေသော မြင့်မြတ်သည့် အရှိန်အဝါများကြောင့် ဝန်ထမ်းများက သူ့ကို မေးခွန်းထုတ်ရန်ပင် မရဲကြတော့ပေ။ ယဲ့ချန်းမှာ ဒဏ္ဍာရီလာအထက်တန်းလွှာ ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်နိုင်သည်ဟုပင် သူတို့ ခံစားလိုက်ရသည်။
ဆိုင်ဝန်ထမ်းများမှာ စုလီလောက် ဉာဏ်မတိမ်ကြပေ။
သူတို့သည် ချမ်းသာကြွယ်ဝသူများနှင့် ပုံမှန် ဆက်ဆံနေရသဖြင့် ဤကဲ့သို့သော အရှိန်အဝါမျိုးကို အလွယ်တကူ ခွဲခြားသိမြင်နိုင်သည်။
ဆိုင်ဝန်ထမ်းက နာရီကို သေသေချာချာ ထုတ်ယူလာပြီး ယဲ့ချန်းထံသို့ ကမ်းပေးလိုက်သည်။
ယဲ့ချန်းက နာရီကို သူ့လက်ကောက်ဝတ်တွင် ပတ်လိုက်ပြီးနောက် စုဝမ်ယိဘက်သို့ လှည့်ကာ မေးလိုက်လေသည်။
"ဒီနာရီကရော ဘယ်လိုနေလဲ"
စုဝမ်ယိက ယဲ့ချန်းကို မျက်စောင်းထိုးလိုက်သည်။
"သေချာပေါက်ကောင်းတာပေါ့... ဒီနာရီက ကမ္ဘာ့ဇိမ်ခံနာရီလောကမှာ ထိပ်တန်းသုံးခုစာရင်းဝင်တဲ့ နာရီလေ"
ယဲ့ချန်းကလည်း ခန့်ညားထည်ဝါသော ဟန်ပန်ဖြင့် ခေါင်းညိတ်လျက် ပြောလိုက်လေသည်။
"ကောင်းပြီလေ... အဲဒါဆိုရင် အဆင်ပြေပြီ။ ထုပ်ပိုးလိုက်တော့ ကတ်ဖြတ်မယ်"