အခန်း (၆၈၅-၆၈၇)
Vol. 46 Ch. 685-687
အခန်း ၆၈၅ : ဘယ်သူက ပိုသနားဖို့ကောင်းလဲ
ယဲ့ချန်း၏ စကားကို ကြားလိုက်ရသောအခါ အရောင်းဝန်ထမ်းမလေးမှာ ဝမ်းသာသွားသည်။
သန်းရှစ်ဆယ်ကျော်တန်သည့် နာရီတစ်လုံးဖြစ်သည့်အတွက် သူ(မ)ရမည့် ကော်မရှင်ခမှာ တစ်နှစ်စာလစာနှင့် ညီမျှနေသည်။
ဝန်ထမ်းမလေးသည် ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ယဲ့ချန်းအတွက် နာရီကို သေသေချာချာ ထုပ်ပိုးပေးပြီးနောက် ရိုသေလေးစားစွာ ကမ်းပေးလိုက်သည်။
"မစ္စတာယဲ့... အခု ဒီနာရီက လူကြီးမင်းအပိုင် ဖြစ်သွားပါပြီ။ လူကြီးမင်းက ကျွန်မတို့ဆိုင်ရဲ့ တစ်သက်တာ ရွှေအဆင့်အဖွဲ့ဝင် ဖြစ်သွားပါပြီ။ နာရီမှာ တစ်ခုခု အဆင်မပြေတာရှိရင် ကျွန်မတို့ရဲ့ အရောင်းဌာနကို လာခဲ့ပါ... လူကြီးမင်းအတွက် အကောင်းဆုံး ကူညီဆောင်ရွက်ပေးပါ့မယ်ရှင့်"
ယဲ့ချန်းက ပြုံး၍ ခေါင်းညိတ်ပြလိုက်ပြီးနောက် စုဝမ်ယိနှင့်အတူ နာရီဆိုင်ထဲမှ ထွက်လာခဲ့သည်။
ထိုအချိန်ဝယ် အကြွားဘုရင်ကြီး စုလီမှာမူ ယဲ့ချန်း၏ ကျောပြင်ကို ကြည့်ရင်း ဆွံ့အမှင်တက်လျက် ကျန်ရစ်ခဲ့သည်။
ထို့နောက် အရောင်းဝန်ထမ်းမလေးက တက်တက်ကြွကြွ မေးလိုက်သည်။
"လူကြီးမင်း... သန်းနှစ်ဆယ်တန်နာရီကို ယူဦးမလားရှင့်"
စုလီ၏မျက်နှာကြီး နီမြန်းသွားသည်။
"ရတယ်... မယူတော့ဘူး"
ထိုသို့ပြောပြီးနောက် စုလီခမျာ သူ့မယားငယ်ကို ခေါ်ကာ အရှက်တကွဲဖြင့် ဆိုင်ထဲမှ ကမူးရှူးထိုး ထွက်ခွာသွားတော့သည်။
ယဲ့ချန်းနှင့် စုဝမ်ယိတို့ကမူ အတူတူစားသောက်ပြီးနောက် စုဝမ်ယိကို ဟိုတယ်သို့ ကားဖြင့် ပြန်ပို့ပေးလိုက်သည်။
ယခုရက်ပိုင်းအတွင်း စနစ်မြှင့်တင်လိုက်သောကြောင့် တက္ကစီအလုပ်တွင် ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက် ရရှိရန် အလွန်ခက်ခဲလာသည်။
စနစ်ထဲတွင် ယခု ကြယ်ငါးပွင့်ကုန်တိုက်ကြီးတစ်ခု ရှိနေချေသည်။
စနစ်၏တာဝန်များကို ပြီးမြောက်အောင် လုပ်ဆောင်ပါက စနစ်ရမှတ်များကို အသုံးပြုနိုင်ရန် ကြယ်ငါးပွင့်ဆုလာဘ်များ ရရှိမည်ဖြစ်၏။
ထိုရမှတ်များကို ကုန်တိုက်ထဲတွင် ပစ္စည်းများဝယ်ယူရန် အသုံးပြုနိုင်သည်။
ယဲ့ချန်း တက္ကစီမောင်းရန် ထွက်လာခဲ့သည်။ မကြာခင်မှာပင် သတင်းထောက်တစ်ယောက်နှင့် ဆုံလေသည်။
မကြာသေးခင်က သမီးဖြစ်သူ၏ ရောဂါဝေဒနာကို ကုသရန်အတွက် တစ်နေ့လျှင် ဆယ်နာရီကြာအောင် ကားမောင်းနေသည့် တက္ကစီဒရိုင်ဘာတစ်ယောက်၏ ဗီဒီယိုမှာ အွန်လိုင်းတွင် နာမည်ကြီးနေခဲ့သည်။
ထို့ကြောင့် ဤသတင်းထောက်သည် တက္ကစီဒရိုင်ဘာများအား အင်တာဗျူးရန် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဤသတင်းထောက်မှာ တက္ကစီဒရိုင်ဘာ အမြောက်အများကို အင်တာဗျူးခဲ့ပြီးဖြစ်၏။
ခြုံငုံပြောရလျှင် သူတို့အားလုံးမှာ ဆင်းရဲပင်ပန်းနေကြသူများချည်းသာ။
တက္ကစီဒရိုင်ဘာများသည် အလုပ်ချိန် ကြာမြင့်လှပြီး တစ်နေ့လျှင် ဆယ်နာရီထက်မနည်း မောင်းနှင်ကြရသည်။
တချို့အချိန်များတွင် ကျိုးကြောင်းဆင်ခြင်မှုမရှိသော ဖောက်သည်များနှင့် ကြုံရသဖြင့် တိုင်ကြားမှုများကိုပင် ခံကြရသေးသည်။
အချိန်အကြာကြီး ကားမောင်းရခြင်းကြောင့် ဇာတ်ကြောတက်သည့် ဝေဒနာများကိုလည်း ခံစားနေကြရသည်။
...
တစ်နည်းအားဖြင့်ဆိုရလျှင် အင်တာဗျူး၏ အဓိကအကြောင်းအရာမှာ တက္ကစီဒရိုင်ဘာများ၏ ဘဝကား အလွန်ပင်ပန်းဆင်းရဲလှသည်ဟူ၍ပင်။
သတင်းထောက်မှာ မိမိကိုယ်မိမိ အလွန်ဂုဏ်ယူနေမိသည်။
ယဲ့ချန်း တက္ကစီမောင်းနေသည်ကို မြင်သောအခါ သူ့စိတ်ထဲတွင် တစ်မျိုးတစ်မည် ဂုဏ်ယူဝင့်ကြွားစိတ် ဖြစ်ပေါ်လာသည်။
ရုံးခန်းထဲတွင်ထိုင်ကာ သတင်းဆောင်းပါးများ ရေးသားနေရသည့် မိမိ၏ဘဝမှာ မည်မျှသာယာလိုက်သလဲ။ တက္ကစီဒရိုင်ဘာများ၏ ဘဝမှာမူ မည်မျှပင်ပန်းဆင်းရဲလှသည်ကို ကြည့်ပေဦးတော့။
သူသည် နောက်ဆုံးတက္ကစီဒရိုင်ဘာကို အင်တာဗျူးပြီးသည်နှင့် သတင်းဆောင်းပါးကို ထုတ်ဝေရန် ပြင်ဆင်နေသည်။
သတင်းထောက်က အင်တာဗျူးလိုက်လေတော့သည်။
"တက္ကစီဒရိုင်ဘာကြီး... ကားမောင်းရတာ အတော်လေး ပင်ပန်းမှာပဲနော်"
ယဲ့ချန်း : "မပင်ပန်းပါဘူး... ကျွန်တော်က တစ်နေ့ကို နှစ်နာရီကျော်လောက်ပဲ မောင်းတာ။ ကျန်တဲ့အချိန်တွေက အနားယူတာလေ"
"ဗျာ"
သတင်းထောက်ခမျာ မှင်တက်သွားသည်။
သို့သော် သူက ဟက်ခနဲ ရယ်လိုက်၏။
"နှစ်နာရီပဲ မောင်းရင် ဝင်ငွေအများကြီးမရဘူးမလား။ အဆင်ပြေရဲ့လား"
ယဲ့ချန်းက သက်ပြင်းချလိုက်လေသည်။
"အင်း... အဆင်ပြေပါတယ်"
ယဲ့ချန်း၏ စကားကြောင့် သတင်းထောက် မဲ့ပြုံးပြုံးလိုက်မိသည်။
ကြိုးစားအားထုတ်မှု မရှိသောကြောင့် နေ့တိုင်း ပေါက်စီသာ စားရပြီး ဈေးပေါသော အိမ်ခန်းလေးထဲတွင် အိပ်စက်ရသည့် ပင်ပန်းဆင်းရဲလှသော တက္ကစီဒရိုင်ဘာတစ်ယောက်အကြောင်း စိတ်ကူးထဲတွင် ပုံဖော်ပြီးသားဖြစ်နေလေပြီ။
"ဒါနဲ့ အစ်ကို... ဘယ်နားမှာ နေတာလဲ"
"ကျွန်တော်လား... မြို့အနောက်ဘက်မှာလေ"
"သြော်... မြို့အနောက်ဘက်က ကျူးကျော်ရပ်ကွက်ထဲမှာလား"
ယဲ့ချန်းက သူ့ကို တစ်ချက်ကြည့်ကာ ခေါင်းယမ်းပြလိုက်သည်။
"ဘာကျူးကျော်ရပ်ကွက်လဲ... ကျွန်တော်က နှင်းဆီအိမ်ရာမှာ နေတာ"
နှင်းဆီအိမ်ရာ ဟုတ်လား။ ဒီလိုနာမည်နဲ့ စုတ်ပြတ်နေတဲ့ ရပ်ကွက်မျိုး ရှိလို့လား။
ထိုစဉ် နှင်းဆီအိမ်ရာတွင် နေထိုင်သည့် သူဌေးကြီးတစ်ယောက်ကို အင်တာဗျူးခဲ့ဖူးကြောင်း ရုတ်တရက် သတိရလိုက်သည်။
မဖြစ်နိုင်တာ...
ကျီလိကားအစုတ်လေး မောင်းနေတဲ့ တက္ကစီဒရိုင်ဘာတစ်ယောက်က ဘယ်လိုလုပ်ပြီး နှင်းဆီအိမ်ရာမှာ နေနိုင်မှာလဲ။ သေချာပေါက် ကြွားနေတာပဲ ဖြစ်ရမယ်။
သတင်းထောက်က ဆက်မေးလိုက်သည်။
"အစ်ကိုကလည်း... တက္ကစီမောင်းတာက ဝင်ငွေနည်းနည်းပဲ ရတာကို နှင်းဆီအိမ်ရာမှာ ဘယ်လိုလုပ်ပြီး နေနိုင်မှာလဲ... ရယ်စရာကြီးဗျာ"
"ဘယ်သူပြောလဲ... တက္ကစီမောင်းတာက ကျွန်တော့်ရဲ့ အဓိကအလုပ်သက်သက်ပဲလေ။ အမှန်တော့ ကျွန်တော့်မှာ ဘေးပေါက်စီးပွားရေးတွေ အများကြီးရှိသေးတယ်"
"ဘယ်လိုဘေးပေါက်စီးပွားရေးတွေလဲ"
သတင်းထောက်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"ဥပမာပြောရရင် ကျွန်တော့်မှာ ကျောင်းနားက အိမ်ခြံမြေ အလုံးတစ်ရာကျော် ရှိတယ်။ ထျန်းချန်ယိပင်မှာလည်း အဆောက်အအုံနည်းနည်းရှိတယ်။ ပြီးတော့ အချိန်ရရင် အိမ်လခလိုက်ကောက်ပြီး လက်ဖက်ရည်သောက်တာပေါ့"
အမှန်တော့ ယဲ့ချန်းသည် သူ၏ အနိမ့်ဆုံးဝင်ငွေလမ်းကြောင်းများကိုသာ ပြောပြနေခြင်းပင်။ အကယ်၍သာ သူသည် ဘဏ္ဍာရေးအဆောက်အအုံကြီးတစ်ခုလုံး၏ ပိုင်ရှင်ဖြစ်ကြောင်း ပြောလိုက်ပါက တစ်ဖက်လူမှာ ကြောက်သေးပန်းသွားနိုင်သည်။
ထိုစကားကို ကြားသောအခါ သတင်းထောက်က နှာခေါင်းရှုံ့လိုက်၏။
"ကြွားနေတာမလား။ တက္ကစီဒရိုင်ဘာတစ်ယောက်က ဘယ်လိုလုပ်ပြီး ထျန်းချန်ယိပင်မှာ အိမ်တွေရှိမှာလဲ။ ကျောင်းနားက အိမ်အလုံးတစ်ရာကျော် ရှိတယ်ဆိုတာရောပဲ။ ကျွန်တော်ဆိုရင် စတုရန်းမီတာငါးဆယ်ပတ်လည်လောက်ရှိတဲ့ ကျောင်းနားက အိမ်လေးတစ်လုံးဝယ်နိုင်ဖို့ အစောကြီးထ၊ ညဉ့်နက်မှအိပ်ပြီး ရုန်းကန်နေရတာ"
"အဲဒီလောက်တောင် ချမ်းသာနေရင် ဘာလို့ တက္ကစီမောင်းဖို့ ကျီလိကားအစုတ်ကို သုံးနေရတာလဲ"
သတင်းထောက်က လှောင်ပြုံးပြုံးကာ မေးလိုက်သည်။
ယဲ့ချန်းက ခေါင်းယမ်းပြလိုက်သည်။
"ကျွန်တော့်ရဲ့ ကျီလိကားက တခြားကားတွေနဲ့ မတူဘူး။ ကားကိုယ်ထည်ကို တင့်ကားသံချပ်ကာပစ္စည်းနဲ့ လုပ်ထားတာ။ မှန်တွေကလည်း ကျည်ကာမှန်တွေ။ တစ်ခုတည်းသော အားနည်းချက်ကတော့ ဆီစားနည်းနည်းများတာပဲ"
သတင်းထောက် : "..."
ဤလူ၏ကြွားလုံးများကတော့ မိုးထိလုမတတ်ပင်။
ထိုစဉ် ယဲ့ချန်း၏ဖုန်းက ထမြည်လာသည်။
ယဲ့ချန်းက ကားမောင်းနေသဖြင့် ဖုန်းကို စပီကာဖွင့်၍ ကိုင်လိုက်သည်။
"ဘော့စ်... ကျွန်တော် ရှောင်ဟူပါ။ ဒါနဲ့ ဒီနှစ်အတွက် ကျွန်တော်တို့ ဘဏ္ဍာရေးအဆောက်အအုံရဲ့ ငှားရမ်းခ ယွမ်တစ်ဆယ်ဘီလျံ ရထားတာကို ဘော့စ်ရဲ့အကောင့်ထဲ လွှဲပေးလိုက်ပါပြီ... ပြီးရင် စစ်ကြည့်လိုက်ပါဦး"
ဘေးနားတွင် ထိုင်နေသည့် သတင်းထောက်ခမျာ ထိတ်လန့်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်သွားလေတော့သည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် ယဲ့ချန်း၏ ဖုန်းထဲသို့ အကြောင်းကြားစာ ဝင်လာသည်။
"၈၂၇၀ဖြင့် ဆုံးသော လူကြီးမင်း၏ ကတ်ထဲသို့ ၁၁၂၀၀၀၀၈၈၈ယွမ် ဝင်လာပါသည်"
သတင်းဆောင်းပါး မှတ်တမ်းတင်ရန် ကိုင်ထားသည့် သတင်းထောက်၏ ဘောပင်မှာ လက်ထဲမှ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ယဲ့ချန်းကမူ ကားကို ဆက်မောင်းရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
"အမှန်တော့ တက္ကစီမောင်းရတာ အဆင်ပြေတယ်လို့ ထင်တာပဲ။ ဝင်ငွေနည်းပေမဲ့ နယ်ပယ်ပေါင်းစုံက လူပေါင်းစုံနဲ့ တွေ့ရတယ်။ အကုန်လုံးက တကယ် စိတ်ဝင်စားဖို့ကောင်းတယ်။ ဒါနဲ့ သတင်းထောက်ကြီး... နောက်ထပ် ဘာအင်တာဗျူးစရာများ ကျန်သေးလဲ"
သတင်းထောက်၏ ဘဝအမြင်တစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်သွားရသည်။
သူသည် ယခင်က တက္ကစီဒရိုင်ဘာများကို အထင်သေးခဲ့ဖူးသည်။
အင်တာဗျူးနေစဉ်အတွင်း ဖော်ရွေပြခဲ့သော်လည်း သူ့မျက်လုံးထဲတွင် သနားဂရုဏာသက်သည့် အကြည့်များသာ ရှိခဲ့သည်။
သို့သော် ယဲ့ချန်းနှင့် တွေ့ပြီးနောက်တွင်မူ သူ့ကမ္ဘာ့အမြင်မှာ လုံးဝပြောင်းလဲသွားသည်။
ယဲ့ချန်းက စင်စစ်ထူးခြားလွန်းလှသည်။
သူသည် တကယ့် ထိပ်တန်းသူဌေးကြီးတစ်ယောက် ဖြစ်နေသည်မဟုတ်ပါလော။
ထိုစဉ် ယဲ့ချန်းက မီးပွိုင့်တစ်ခုတွင် ကားရပ်လိုက်သည်။
ယဲ့ချန်း၏ ကားဘေးတွင် ကတ်ဒီလက်ကားတစ်စီးက လာရပ်ပြီး မှန်တံခါးကို အောက်ချလိုက်လေရာ အမျိုးသားတစ်ယောက်က ခေါင်းပြူ၍ ယဲ့ချန်းကို လှမ်းပြောလာသည်။
"မစ္စတာယဲ့... တက္ကစီမောင်းနေပြန်ပြီလား"
"အင်း... ဟုတ်တယ်။ ဘဝကို ပိုပြီးအရောင်အသွေးစုံလင်အောင် တက္ကစီလေး မောင်းရတာပေါ့"
"တကယ်လေးစားပါတယ် မစ္စတာယဲ့... တစ်ရက်လောက် နေ့လယ်စာ အတူစားကြရအောင်လေ"
"ပြဿနာမရှိပါဘူး"
"မစ္စတာယဲ့... ကျွန်တော် အရင်သွားနှင့်ပြီနော်။ ဖုန်းဆက်မယ့်အချိန်ကို စောင့်နေမယ်ဗျ"
ထိုလူ ကားမောင်းထွက်သွားသည်ကို ကြည့်ရင်း သတင်းထောက်ကြီးမှာ ရုတ်တရက် ဆွံ့အသွားသည်။
အဲဒါ အလီဘာဘာလုပ်ငန်းစုက မစ္စတာမာ မဟုတ်ဘူးလား။
ဘုရားရေ... မစ္စတာမာက တက္ကစီဒရိုင်ဘာတစ်ယောက်ကို နေ့လယ်စာစားဖို့ ဖိတ်နေတာပဲ။
သတင်းထောက်မှာ ကြောင်အမ်းသွားသည်။
ဤသတင်းဆောင်းပါးကို ဘယ်လိုများ ရေးရပါ့မလဲ...
တက္ကစီဒရိုင်ဘာတစ်ယောက်က ငှားရမ်းခတစ်ဆယ်ဘီလျံကို အသာကောက်ခံနေပြီး နှင်းဆီအိမ်ရာမှာလည်း အိမ်တစ်လုံးပိုင်သည့်အပြင် ကျောင်းနားက အိမ်အလုံးတစ်ရာနှင့် ထျန်းချန်ယိပင်တွင်လည်း အိမ်ရာများကို ပိုင်ဆိုင်ထားသည်ဟု ဆိုရလေမလား။
မူလက ဝမ်းနည်းစရာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ရမည့်အစား ယခုမူ ကြွယ်ဝချမ်းသာသော တက္ကစီဒရိုင်ဘာတစ်ယောက်၏ ဇာတ်လမ်း ဖြစ်သွားရသည်။
ယဲ့ချန်းက ရုပ်မြင်သံကြားဌာနသို့ ကားမောင်းပို့ပေးလိုက်သည်။
"သတင်းထောက်ကြီး... နောက်တစ်ခါလည်း ကျွန်တော့်ကို ဆက်ပြီးအင်တာဗျူးဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော် အချက်အလက်တွေအများကြီး ထပ်ပေးပါ့မယ်"
သတင်းထောက်၏ နှုတ်ခမ်းများမှာ တုန်ရီသွားသည်။
"ခင်ဗျားကို အင်တာဗျူးရမယ် ဟုတ်လား။ သေစမ်း... ဒီလိုကျရှုံးမှုမျိုးကို ခဏခဏမခံစားချင်တော့ဘူး"
ဤကမ္ဘာကြီးက မတရားပေ။ လူတစ်ယောက်က တစ်နေ့ကို နှစ်နာရီလောက် တက္ကစီမောင်းရုံဖြင့် စုငွေက ဘီလျံနှင့်ချီ၍ ရှိနေပြီး သူကတော့ ငါးဆယ်စတုရန်းမီတာရှိသည့် အိမ်ချေးငွေကို ဆပ်နိုင်ဖို့ ခွေးတစ်ကောင်လို ရုန်းကန်ရင်း အစောကြီးထပြီး ညဉ့်နက်မှ အိပ်ရသည်။
သူကိုယ်တိုင်ရေးထားသည့် သတင်းဆောင်းပါးခေါင်းစဉ်ဖြစ်သော "တက္ကစီဒရိုင်ဘာတစ်ဦး၏ သနားစရာဇာတ်လမ်း"ကို သူ ပြန်ကြည့်လိုက်သည်။
သနားဖို့ကောင်းတယ် ဟုတ်လား။ အလုပ်စဝင်ကတည်းက ချေးငွေသုံးသိန်းကျော်ရှိနေတဲ့ သူ့ထက် ဘယ်သူက ပိုသနားဖို့ကောင်းဦးမှာလဲ။
အကြွေးဆပ်နိုင်ဖို့ ကြက်ထက်တောင် စောစောထပြီး ခွေးထက်နောက်ကျမှ အိပ်နေရတာ...
စောစောက တက္ကစီဒရိုင်ဘာနှင့် နှိုင်းယှဉ်လျှင်မူ သူသည် မရှုမလှ ရှုံးနိမ့်သွားခဲ့ရလေပြီ။
သူ့ခမျာ ထိုသတင်းဆောင်းပါးကို တိတ်တဆိတ်ဖျက်ပစ်လိုက်ပြီး သက်ပြင်းချလိုက်မိသည်။
မည်သည့်လုပ်ငန်းခွင်တွင်မဆို နဂါးများ ပုန်းအောင်းနေတတ်ကြသည်ဖြစ်ရာ ဘယ်အလုပ်အကိုင်ကိုမဆို လုံးဝလျှော့မတွက်သင့်ကြောင်း သူ နားလည်သွားလေသည်။
•••••••••••••••••••••••••••••••
အပိုင်း ၆၈၆ : မျက်နှာဖတ်တဲ့ပညာကို ငါ တတ်တယ်
ယဲ့ချန်းမှာ တက္ကစီအော်ဒါအချို့ကို ဆွဲခဲ့သော်လည်း ကြယ်ငါးပွင့်ဆုကိုတော့ မရခဲ့ပေ။
"စနစ်... ကြယ်ငါးပွင့်ဆုက ရှိသေးတာရော သေချာရဲ့လား။ မရှိတော့ဘူးဆိုရင် ငါ တက္ကစီဆက်မမောင်းတော့ဘူး"
မည်သို့ပင်ဆိုစေကာမူ ယဲ့ချန်းသည် ဘီလျံနာ လုပ်ငန်းစုဥက္ကဋ္ဌတစ်ယောက် ဖြစ်နေချေပြီ။ နေ့တိုင်း တက္ကစီမောင်းနေခြင်းမှာ အကျိုးအမြတ်မရှိသဖြင့် သူ အချိန်ဆက်မဖြုန်းချင်တော့ပေ။
ထိုစဉ် ယဲ့ချန်းထံသို့ ဖုန်းတစ်ကော ဝင်လာခဲ့သည်။
"ယဲ့ချန်း... ကျိုတိုကို လာခဲ့လို့ရမလား။ ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက် အရမ်းနေမကောင်းဖြစ်နေလို့"
ဖုန်းခေါ်ဆိုသူကား စုဝမ်ယိပင်။
"ရပါတယ် ပြဿနာမရှိပါဘူး"
ယဲ့ချန်းက ခေါင်းညိတ်လိုက်သည်။
ယဲ့ချန်းလည်း ကားမောင်း၍ စုဝမ်ယိအား သွားကြိုလိုက်သည်။
စုဝမ်ယိမှာ အလွန်စိုးရိမ်ပူပန်နေသာ်။ သူ(မ)၏ သူငယ်ချင်းက အလွန်အခြေအနေဆိုးနေပုံရသည်။
အစက ယဲ့ချန်းလည်း သူ့ကိုယ်ပိုင်လေယာဉ်ဖြင့် သွားရန် စီစဉ်ချင်ခဲ့သည်။
ကံဆိုးချင်ေတာ့ ကိုယ်ပိုင်လေယာဉ်မှာ ပြုပြင်ထိန်းသိမ်းမှု လုပ်နေသဖြင့် ချက်ချင်း ပျံသန်း၍ မရနိုင်ပေ။
ထို့ကြောင့် ယဲ့ချန်း လေဆိပ်သို့ မောင်းသွားလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် အစောဆုံးလေယာဉ်စီးနိုင်ရန် အဆက်အသွယ်အချို့ကို သုံးလိုက်နိုင်သည်။
စုဝမ်ယိ၏ သူငယ်ချင်းများကလည်း သူ့သူငယ်ချင်းပင်။
စုဝမ်ယိ သူ့ကို ခေါ်ရခြင်းမှာ သူ(မ)၏သူငယ်ချင်းအား ကုသပေးရန်အတွက်ဖြစ်ကြောင်း ယဲ့ချန်း နားလည်ထားသည်။
မည်သို့ပင်ဖြစ်စေ စုဝမ်ယိက ယဲ့ချန်း၏ စွမ်းဆောင်ရည်များကို သိထားပြီးဖြစ်၏။
ယဲ့ချန်း၏ဘေးနားတွင် မိန်းမလှလေးတစ်ယောက် ရှိနေေလသည်။
သူ(မ)သည် အပေါ်ပိုင်းတွင် အဖြူရောင်အင်္ကျီပါးပါးလေးကို ဝတ်ဆင်ထားပြီး အောက်ဘက်တွင် လှိုင်းတွန့်များပါသည့် စကတ်တစ်ထည်ကို ဝတ်ဆင်ထားသည်။ သူ(မ)၏ အနက်ရောင်ဆံပင်က မွှေးကြိုင်နေသည့် ပခုံးထက်တွင် ရေတံခွန်တစ်ခုနှယ် ဖြာကျနေပြီး ချစ်စရာကောင်းသော မျက်နှာလေးနှင့် တောက်ပသည့် မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားသည်။
ရှည်လျားလှသော သူ(မ)၏ မျက်တောင်လေးများက ပုတ်ခတ်ပုတ်ခတ်ဖြစ်နေပြီး ဘေးနားရှိ ကောင်လေးကို ခိုးခိုးကြည့်နေပေသည်။
ယဲ့ချန်းက အလွန်ချောမောလွန်းလှသည်။
ယဲ့ချန်းသည် မကြာသေးခင်က နာမည်ကြီးနေသည့် ရုပ်ရှင်မင်းသားတစ်ယောက်နှင့် အလွန်ဆင်သည်ဟုပင် ထိုမိန်းကလေး ခံစားနေရသည်။
အမှန်တကယ်တော့ ဆင်နေခြင်းမဟုတ်ပါဘဲ ရုပ်ရှင်ထဲက မင်းသားမှာ ယဲ့ချန်းကိုယ်တိုင်ပင်။
သို့သော် ဆွဲဆောင်မှုတန်ဖိုးများ ကွာခြားနေသောကြောင့် သူ(မ)က ရုပ်ဆင်သည်ဟုသာ ထင်နေခြင်းပင်။
ထိုသို့သာမဟုတ်ပါက ယဲ့ချန်းအနေနှင့် အပြင်သို့ လုံးဝထွက်နိုင်မည်မဟုတ်ပေ။
ယဲ့ချန်း ပါဝင်သရုပ်ဆောင်ထားသည့် ရုပ်သံဇာတ်လမ်းတွဲများမှာ အုတ်အော်သောင်းတင်းထုတ်လွှင့်ပြသနေပြီဖြစ်ရာ ယခုဆိုလျှင် ယဲ့ချန်းမှာ အလွန်နာမည်ကြီးနေပြီဟု ဆိုနိုင်သည်။
စနစ်၏ ဆွဲဆောင်မှုတန်ဖိုးကြောင့်သာ မဟုတ်ပါက ယဲ့ချန်းမှာ အခြားကြယ်ပွင့်များအလား သွားလေရာနေရာတိုင်း၌ ပရိသတ်များ၏ ဝိုင်းရံမှုကို ခံရမည်မှာ သေချာပေါက်ပင်။
ထိုမိန်းကလေးက ပြုံးလျက် ပြောလိုက်လေသည်။
"လူချောလေး... ဘာအလုပ်လုပ်တာလဲ"
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်၏။
"ကျွန်တော်က တက္ကစီဒရိုင်ဘာပါ"
"တက္ကစီဒရိုင်ဘာလား"
ထိုမိန်းကလေးလည်း အံ့အားသင့်သွားသည်။
ဤအဖြေက သူ(မ)၏ လောကအမြင်တစ်ခုလုံးကို လုံးဝပြောင်းပြန်လှန်ပစ်လိုက်သည်။
သူ(မ)၏အမြင်တွင် တက္ကစီဒရိုင်ဘာဆိုသည်မှာ ဦးလေးကြီးအရွယ်သာ ဖြစ်သင့်သည်။ ဘယ်လိုများဤမျှအထိ ချောမောနေနိုင်မည်နည်း။
ယဲ့ချန်းက ရယ်မောလိုက်၏။
"အလှလေး... မင်းက ဆေးပညာသင်နေတာ မဟုတ်လား"
ယဲ့ချန်း၏စကားကို ကြားသောအခါ ထိုမိန်းကလေး အံ့ဩမှင်တက်သွားသည်။
"ရှင် ဘယ်လိုလုပ်သိတာလဲ"
ယဲ့ချန်းက အနည်းငယ်ပြုံးလိုက်၏။
"ဘာလို့လဲဆိုတော့ ကျွန်တော်က မျက်နှာဖတ်တတ်လို့လေ။ အမှန်တော့ ကျွန်တော်က ဗေဒင်ဆရာတစ်ယောက်ပါ။ မင်း လက္ခဏာကြည့်ချင်လား"
ထိုမိန်းကလေးက နှာခေါင်းရှုံ့လိုက်၏။
"ဟွန့်... ရှင် မိန်းကလေးတွေကို ချဉ်းကပ်တဲ့ပုံစံက သိပ်တော့ အထင်ကြီးစရာ မကောင်းပါဘူး"
ယဲ့ချန်းက ဆို၏။
"ဘယ်သူပြောလဲ။ ငါ့နည်းလမ်းတွေက အရမ်းမိုက်တာနော်။ ဥပမာ ခဏနေရင် လေယာဉ်ပေါ်မှာ အကူအညီလိုအပ်တဲ့ လူနာတစ်ယောက် ရှိလာလိမ့်မယ်ဆိုတာကို ငါ ဟောကိန်းထုတ်နိုင်တယ်"
ထိုမိန်းကလေးကမူ ဟက်ခနဲ ရယ်လိုက်သည်။
"အင်း... ရှင့်ရဲ့ ဟောကိန်းကို မျှော်နေပါ့မယ်"
အစပိုင်းက ထိုမိန်းကလေးသည် ယဲ့ချန်းအား အလွန်ချောမောသည်ဟု ထင်ခဲ့သည်။
သို့သော် ယခုအခါတွင်မူ ယဲ့ချန်းကို ငကြောင်တစ်ကောင်ဟုသာ တွေးမိတော့သည်။
မျက်နှာဖတ်တဲ့ပညာဆိုတာ ဘာအဓိပ္ပာယ်မရှိတဲ့ စကားလဲ... ဒါက အလိမ်အညာသက်သက်ပဲ။
"ရှင့်ကိုသာ ယုံရမယ်ဆိုရင် ဝက်တွေတောင် သစ်ပင်တက်နိုင်နေလောက်ပြီ။ ကောင်းကင်မှာ ပျံသန်းနေတဲ့ လေယာဉ်ပေါ်မှာ ဘာဖြစ်လာနိုင်မှာမို့လို့လဲ"
ထိုမိန်းကလေးက ယဲ့ချန်းနှင့် ဆက်စကားမပြောချင်တော့ပေ။
ယခုဆိုလျှင် ရုပ်ချောသည်မှလွဲ၍ ယဲ့ချန်းအပေါ် သူ(မ)၏စိတ်ထဲ၌ ကောင်းမွန်သော ခံစားချက်များ သိပ်မရှိတော့ချေ။
ယဲ့ချန်း ခေါင်းယမ်းလိုက်မိသည်။ မိန်းကလေး၏ မျက်လုံးထဲရှိ အကြည့်များကို မြင်သည်နှင့် သူ(မ) သူ့ကို လုံးဝမယုံကြည်ကြောင်း သိလိုက်သည်။
လုပ်စရာ ဘာမှမရှိသည့်အတွက် ယဲ့ချန်းလည်း ဤမိန်းကလေးကို အနည်းငယ် နောက်ပြောင်ရန် ဆုံးဖြတ်လိုက်သည်။
"တကယ်တော့ မင်းရဲ့မျက်နှာကို ကြည့်ရတာ နည်းနည်းထူးဆန်းနေတယ်"
ထိုမိန်းကလေးမှာ အံ့ဩသွားသည်။
"ဘာထူးဆန်းနေလို့လဲ"
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်သည်။
"ထူးဆန်းလောက်အောင် လှနေတာလေ"
အစပိုင်းတွင် ဝူနင်သည် ယဲ့ချန်းက လမ်းဘေးမှ အခြားဗေဒင်ဆရာလူလိမ်များကဲ့သို့ သူ(မ)တွင် ကံဆိုးမှုတစ်ခုခု ရှိနေသည်ဟုဆိုကာ ယတြာချေပေးမည်ဟု အကြောင်းပြ၍ အခွင့်အရေးယူမည်ဟု ထင်ခဲ့မိသည်။
ထင်မှတ်မထားပါဘဲ သူက သူ(မ)အား အမှန်တကယ် ပရောပရည် လုပ်နေခဲ့သည်။
"ဟွန့်... စကားတော့ တတ်ပါ့။ ရှင် မိန်းကလေး ဘယ်နှယောက်လောက်ကိုများ လှည့်စားခဲ့ပြီးပြီလဲ မသိဘူး"
ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်၏။
"ဝိုး... မင်း ဘယ်လိုသိတာလဲ။ မင်းလည်း ဗေဒင်ဟောတတ်တာလား"
ဝူနင်ခမျာ ဆွံ့အသွားသည်။
ယဲ့ချန်းက ဆက်ပြောလေသည်။
"အမှန်တော့ ငါလည်း ဆေးပညာ လေ့လာနေတာ။ ဒီတော့ ငါတို့က နယ်ပယ်တူတွေပေါ့"
"ရှင်ကလား... ရှင်က တက္ကစီဒရိုင်ဘာဆို"
"ဟုတ်တယ်လေ... တက္ကစီမောင်းတာ။ မျက်နှာဖတ်တာအပြင် ဆေးပညာလည်း လေ့လာသေးတယ်"
ဝူနင်က ဆို၏။
"ကောင်းပြီလေ... ရှင်က မျက်နှာဖတ်တတ်တယ်ဆိုတော့ ကျွန်မနဲ့ပတ်သက်ပြီး ဘာတွေများ မြင်လဲ"
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်၏။
"မင်းက ဆေးရုံအလုပ်သင်ဆင်းဖို့ ပြင်ဆင်နေတဲ့ နောက်ဆုံးနှစ်ကျောင်းသူဆိုတာရယ်... တစ်ဦးတည်းသောသမီး ဖြစ်တယ်ဆိုတာရယ်ကို ငါ မြင်နေရတယ်။ မင်းရဲ့ နေထိုင်မှုအဆင့်အတန်းက အတော်ကောင်းပြီး မင်းရဲ့မိဘတွေက နိုင်ငံရေးလောကက လူတွေဖြစ်နိုင်တယ်"
ယဲ့ချန်း၏ စကားများကို ကြားသောအခါ ဝူနင် ကြောင်အသွားသည်။
သူ(မ)၏ နောက်ခံအကြောင်းအရာအားလုံးကို ယဲ့ချန်းက မှန်ကန်စွာ ပြောပြနိုင်ခဲ့သည်။
ဒီလူငယ်လေးက ဘယ်လိုလုပ်ပြီး သိနေရတာလဲ။
ဒီလူငယ်လေးက သူ(မ)အကြောင်း စုံစမ်းစစ်ဆေးထားတာများလား။
သို့သော် ဤအရာကား မဖြစ်နိုင်ပေ။ သူတို့က လေယာဉ်ပေါ်ရောက်မှသာ ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့ကြခြင်းပင်။ သူက သူ(မ)၏နောက်ခံကို ဘယ်လိုလုပ် စုံစမ်းထားနိုင်မည်နည်း။
သို့တည်းမဟုတ် ဤလူငယ်လေးက မျက်နှာဖတ်သည့် ပညာကို တတ်ကျွမ်းနေခြင်းများလား။
ဝူနင် သံသယဖြစ်နေစဉ် လေယာဉ်၏ အသံချဲ့စက်ကတစ်ဆင့် အသိပေးချက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"ခရီးသည်များအားလုံး အထူးသတိပြုရန်။ ရိုးရိုးတန်းမှာ ခရီးသည်တစ်ယောက် ဖျားနာနေပါတယ်။ လေယာဉ်ပေါ်မှာ ဆရာဝန်တစ်ယောက်ပါရင် ကူညီပေးဖို့အတွက် ရိုးရိုးတန်းက ထိုင်ခုံအမှတ် F15ကို ကျေးဇူးပြုပြီး လာရောက်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်"
ကြေညာချက်ကို ကြားပြီးနောက် ဝူနင်၏ အမူအရာကား ပြောင်းလဲသွားသည်။
အဘယ်ကြောင့်ဆိုသော် ယဲ့ချန်းက ခဏနေလျှင် လေယာဉ်ပေါ်တွင် အကူအညီလိုအပ်သူတစ်ယောက် ရှိလာမည်ဟု ယခုလေးတင် ပြောထားခဲ့သောကြောင့်ပင်။
ကြေညာချက်ကို သုံးကြိမ်တိုင်တိုင် ထပ်မံကြေညာခဲ့သည်။ အလွန်အရေးတကြီးဖြစ်နေဟန် ပေါက်နေသဖြင့် ခရီးသည်မှာ အလွန်အခြေအနေဆိုးနေကြောင်း သိသာလှသည်။
ဝူနင်လည်း ယဲ့ချန်းကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။
"ရှင် ခုနကပဲ ဆေးပညာတတ်တယ်လို့ ပြောထားတယ်မဟုတ်လား။ ကျွန်မတို့ အတူတူသွားကြည့်ရအောင်လေ"
ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်၏။
"ကောင်းပြီလေ... ဆရာဝန်တစ်ယောက်ရဲ့ နှလုံးသားက ကရုဏာတရားနဲ့ ပြည့်နေတာကိုး။ သူများ အကူအညီလိုအပ်နေချိန်မှာ ဘယ်လိုလုပ်ပြီး လက်ပိုက်ကြည့်နေနိုင်မှာလဲ"
သူတို့နှစ်ယောက်သား ရိုးရိုးတန်းသို့ သွားလိုက်သောအခါ ဖျားနာနေသည့် ခရီးသည်အား လူအများက ဝိုင်းအုံနေကြကြောင်း တွေ့လိုက်ရသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ေယာက်က ဖြူဖပ်ဖြူရော်ဖြစ်နေပြီး မျက်နှာတစ်ပြင်လုံး ချွေးများ ရွှဲနစ်ကာ အသက်ရှူမြန်နေသည့်အပြင် အလွန်နေရခက်နေပုံလည်း ပေါ်သည်။
သူ့ဘေးတွင် အမျိုးသမီးတစ်ယောက်က မျက်ရည်များကို စိုးရိမ်တကြီး သုတ်ဖယ်နေသည်။
ပေတစ်သောင်းအမြင့်တွင် ဆရာဝန်တစ်ယောက်ကို ဘယ်က သွားရှာရမည်နည်း။
ထိုစဉ် အစောပိုင်းကတည်းက ရောက်နေသည့် သက်ကြီးရွယ်အိုတစ်ယောက်က ထိုအမျိုးသား၏ သွေးခုန်နှုန်းကို စမ်းသပ်စစ်ဆေးနေသည်။
နာမည်ကျော် တရုတ်တိုင်းရင်းဆေးဆရာတစ်ဦးနှင့်တူသော ထိုအဘိုးအိုကို မြင်သောအခါ ကူညီပေးမည့်သူ ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ဝူနင် စိတ်သက်သာရာရသွားသည်။
"ဒီလူတော့ အဆင်ပြေသွားလောက်ပါပြီ"
ယဲ့ချန်းက စပ်စုလိုစိတ်ဖြင့် မေးလိုက်၏။
"သူ အဆင်ပြေသွားမယ်ဆိုတာ မင်း ဘယ်လိုသိလဲ"
ဝူနင်က ပြုံးလိုက်လေသည်။
"ကျွန်မ အဲဒီအဘိုးကို သိတယ်။ သူက ကျွန်မတို့ ဆေးတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးလေ။ ဟွားနိုင်ငံ တရုတ်တိုင်းရင်းဆေးအသင်းရဲ့ ဒုဥက္ကဋ္ဌ မစ္စတာလုမင်ပေါ့။ သူ ကူညီနေတာဆိုရင် ပြဿနာက ချက်ချင်းဖြေရှင်းနိုင်မှာ သေချာတယ်"
ယဲ့ချန်းလည်း ထိုစကားကို နားထောင်ပြီး တိတ်တဆိတ် ပြုံးလိုက်သည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ သွေးခုန်နှုန်းစမ်းသပ်နေသည့် အဘိုးအို၏ မျက်နှာအမူအရာကား ပိုတင်းမာလာသည်။
"ဒီရောဂါလေးကို သွေးခုန်နှုန်းစမ်းဖို့ ဒီလောက်တောင် အချိန်ယူရသလား"
ယဲ့ချန်းက ကူကယ်ရာမဲ့စွာ မှတ်ချက်ချလိုက်သည်။
သူက ဝူနင်ကို ခပ်တိုးတိုး ပြောလိုက်ခြင်းဖြစ်သော်လည်း အဘိုးအို သွေးခုန်နှုန်းစမ်းသပ်နေစဉ် လူတိုင်းက စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြသဖြင့် ပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်နေသည်။
ထို့ကြောင့် ဤမှတ်ချက်စကားမှာ ပေါ်လွင်ထင်ရှားသွားပြီး လူတိုင်းက ယဲ့ချန်းအား မယုံကြည်နိုင်ဟန်ဖြင့် လှမ်းကြည့်လာကြသည်။
ယဲ့ချန်း၏စကားကြောင့် အဘိုးအိုလည်း အလွန်တရာ မကျေမနပ်ဖြစ်သွားသည်။
သူက မျက်လုံးဖွင့်၍ ယဲ့ချန်းအား စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
သို့ရာတွင် ယဲ့ချန်းကမူ တုန်လှုပ်ခြင်း အလျဉ်းမရှိပေ။ ဤဆေးပညာစွမ်းရည်နှင့်များ ထိုအဘိုးကြီးက တရုတ်တိုင်းရင်းဆေးအသင်း၏ ဒုဥက္ကဋ္ဌဟူသော ရာထူးကို ယူရဲသေးသလား။
အခုခေတ်မှာ တရုတ်တိုင်းရင်းဆေးပညာက သိပ်အထင်ကြီးမခံရတာ မဆန်းတော့ပါဘူးလေ...
•••••••••••••••••••••••••••••
အပိုင်း ၆၈၇ : ငါ့မှာ အရေးကြီးအလုပ်ရှိသေးတယ်
ထိုစဉ် လူတိုင်းက ယဲ့ချန်းကို အနည်းငယ် မကျေမနပ်ဖြစ်နေသည့် အကြည့်များဖြင့် ဝိုင်းကြည့်လိုက်ကြသည်။
လူအများ၏ သံသယဝင်နေသော အကြည့်များကို ရင်ဆိုင်ရသော်လည်း ယဲ့ချန်းကမူ အနည်းငယ်မျှပင် ကြောက်ရွံ့တုန်လှုပ်သွားခြင်းမရှိဘဲ အလွန်ပင် တည်ငြိမ်နေခဲ့သည်။
ဝူနင်၏ မျက်နှာအမူအရာမှာ အနည်းငယ် ပျက်ယွင်းသွားသည်။
'ဒီလူ ဘယ်အချိန် ကြွားတာရပ်ရမလဲဆိုတာ မသိဘူးလား'
ထို့ကြောင့် သူ(မ)လည်း ယဲ့ချန်း၏ အင်္ကျီစကို ကမန်းကတန်း ဆွဲကာ ပြောလိုက်လေသည်။
"ရှင်... သူက ဟွားနိုင်ငံ တရုတ်တိုင်းရင်းဆေးအသင်းရဲ့ ဒုဥက္ကဋ္ဌနော်။ ကျွန်မတို့နိုင်ငံရဲ့ နာမည်ကြီးပညာရှင်... ပေါက်ကရတွေ လျှောက်မပြောနဲ့"
အမှန်တော့ ဝူနင်၏ မျက်နှာအမူအရာကို ကြည့်ရုံဖြင့် ထိုရောဂါမှာ ကုသရန် မလွယ်ကူကြောင်း သိသာလှသည်။
ထိုသို့သာ မဟုတ်ပါက ဆရာကြီးလုမင်၏ မျက်နှာမှာ ဤမျှအထိ တင်းမာလေးနက်နေမည် မဟုတ်ပေ။
သို့သော်လည်း ယဲ့ချန်းက ဤအချိန်မှ ပြဿနာလာရှာနေသည်။
လုမင်ဆိုသည်မှာ ဟွားနိုင်ငံရှိ တရုတ်တိုင်းရင်းဆေးအသင်း၏ ဒုဥက္ကဋ္ဌဖြစ်ပြီး အကြီးအကဲလုသည် ဟွားနိုင်ငံ၏ တရုတ်တိုင်းရင်းဆေးလောကတွင် အလွန်ကျော်ကြားသူတစ်ဦး ဖြစ်၏။
သို့သော် ယဲ့ချန်းဆိုသူက ဤကဲ့သို့သော ပညာရှင်ကြီးကို သွားရောက်ဝေဖန်နေခြင်းမှာ စင်စစ် ရူးမိုက်လွန်းရာကျသည်။
ထိုစဉ် အဘိုးအိုက သွေးခုန်နှုန်းစမ်းသပ်နေခြင်းကို ရပ်လိုက်ပြီး ယဲ့ချန်း၏ရှေ့တွင် မတ်တတ်ရပ်လိုက်သည်။
အဘိုးအိုက ယဲ့ချန်းအား ပညာပေးမည့်အချိန်ကို စောင့်ကြည့်နေကြသဖြင့် လူအများ၏ မျက်နှာအမူအရာများမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားကြသည်။
သို့ရာတွင် လူအများ စိတ်ပျက်သွားရသည့်အရာမှာ သူတို့ မျှော်လင့်ထားသည့် ပြဇာတ်ဆန်ဆန် အဖြစ်အပျက်မျိုး ဖြစ်မလာခဲ့ဘဲ အဘိုးအိုက အလွန်ယဉ်ကျေးစွာ ဆိုလိုက်လေသည်။
"ကောင်လေး.... မင်းလည်း ဆေးပညာကို နားလည်တာလား"
ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်၏။
"ကျွန်တော် ဆေးပညာကို နည်းနည်းပါးပါးတော့ နားလည်ပါတယ်... ဒီလို ရောဂါအသေးအမွှားလေးတွေက ကုသရလွယ်ပါတယ်"
ယဲ့ချန်း၏ စကားကို ကြားသောအခါ လူတိုင်း ဆွံ့အသွားကြသည်။
အကြီးအကဲလု၏ မျက်နှာအမူအရာအရ သူကိုယ်တိုင်ပင် ကုသရန် နည်းလမ်းမရှိဖြစ်နေပုံရသည်။
သို့သော် ဤလူငယ်လေးကမူ မာနကြီးလွန်းလှပြီး ဤရောဂါမှာ အသေးအမွှားလေးသာဖြစ်၍ ကုသရလွယ်ကူကြောင်း ပြောဆိုနေသည်။
အဘိုးအိုက ယဲ့ချန်း၏စကားကို ကြားသောအခါ ခွန်းတုံ့ပြန်လိုက်သည်။
"ခုနက ဒီလူနာရဲ့ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်တော့ တော်တော်လေး ထူးဆန်းနေတာ။ ဘာရောဂါဆိုတာ သေချာမခွဲခြားနိုင်ဘူး ဖြစ်နေတယ်"
မည်သို့ပင်ဆိုစေကာမူ လုမင်သည် အခြားသော ဘေးလူများနှင့်မတူဘဲ အဆင့်အတန်းရှိသူတစ်ဦး ဖြစ်၏။
ယဲ့ချန်း၏ ဟန်ပန်အမူအရာများကို ကြည့်ခြင်းအားဖြင့် သူသည် သာမန်လူများနှင့် မတူခြားနားသူတစ်ဦးဖြစ်ကြောင်း သူ ခံစားမိသည်။
ထို့နောက် လူအများ အံ့အားသင့်နေသည့်ကြားမှပင် အကြီးအကဲလုက ယဲ့ချန်းအား လက်နှစ်ဖက်ယှက်၍ အရိုအသေပေးလိုက်သည်။
"မောင်ရင်... ကျုပ်ရဲ့ ဆေးပညာက မပြည့်ဝသေးတဲ့အတွက် ကျေးဇူးပြုပြီး မောင်ရင်ပဲ ကြည့်ပေးပါဦး"
အကြီးအကဲလုက ယဲ့ချန်းအား ဝင်ရောက်ကုသပေးရန် အမှန်တကယ် တောင်းဆိုလိုက်ကြောင်း ကြားသောအခါ လူတိုင်း မှင်တက်သွားကြသည်။
ဝူနင်ပင် ကြောင်အသွားသည်။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
အကြီးအကဲလုက ဘယ်လိုလူမျိုးလဲ။ တရုတ်တိုင်းရင်းဆေးအသင်းရဲ့ ဒုဥက္ကဋ္ဌကြီးက လူငယ်လေးတစ်ယောက်ကို ဝင်ရောက်ကုသပေးဖို့ တောင်းဆိုနေတယ်ဆိုတာ တကယ်ပဲလား။
ယဲ့ချန်းက လူလတ်ပိုင်းအရွယ် အမျိုးသားကို တစ်ချက်ကြည့်ပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။
"သူ စားလိုက်တဲ့ အစားအသောက်ကြောင့် အခုလို ဖြစ်သွားတာပါ"
ယဲ့ချန်း၏ စကားကို ကြားသောအခါ အကြီးအကဲလုမှာ တွေဝေသွားသည်။
တရုတ်တိုင်းရင်းဆေးပညာတွင် လေ့လာစူးစမ်းခြင်း၊ နားထောင်ခြင်း၊ မေးမြန်းခြင်းနှင့် သွေးခုန်နှုန်းစမ်းသပ်ခြင်းတို့ကို အလေးထားလုပ်ဆောင်ရသည်။
သို့သော် ယဲ့ချန်းကမူ လူနာအား နှစ်ချက်သုံးချက်မျှ ကြည့်ရုံဖြင့် ရောဂါဇာစ်မြစ်ကို ရှာတွေ့သွားသည်။
ထိုစဉ် မျက်မှန်တပ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က လှောင်ပြုံးပြုံး၍ ပြောလိုက်လေသည်။
"ကောင်လေး... လူနာရဲ့ အခြေအနေ ပိုဆိုးသွားအောင် ပေါက်ကရတွေ လျှောက်မပြောစမ်းပါနဲ့။ အနည်းဆုံးတော့ ဆရာကြီးက သွေးခုန်နှုန်း စမ်းသပ်ခဲ့သေးတယ်။ မင်းကတော့ တစ်ချက်လေး ကြည့်ရုံနဲ့ ရောဂါအခြေအနေကို သိတယ်လို့ ပြောနေတယ်ပေါ့... မင်းကိုယ်မင်း နတ်ဆေးသမားတော်လို့များ ထင်နေတာလား"
"ပါးစပ်ပိတ်ထားစမ်း"
အကြီးအကဲလုက အနောက်တိုင်းဝတ်စုံဝတ်ထားသော ထိုအမျိုးသားအား စူးစူးရဲရဲ စိုက်ကြည့်လျက် ပြောလိုက်သည်။
အနောက်တိုင်းဝတ်စုံဝတ်ထားသော အမျိုးသားကလည်း မတုန်မလှုပ်ဖြင့် ပြောလိုက်လေသည်။
"မင်း ကြားတယ်မလား။ အကြီးအကဲလုက မင်းကို ပါးစပ်ပိတ်ထားဖို့ ပြောနေတယ်"
ထိုသို့ပြောပြီးနောက် သူက လိပ်စာကတ်တစ်ကတ်ကို ထုတ်ကာ လုမင်အား ကမ်းပေးလိုက်သည်။
"ပါမောက္ခလု... ကျွန်တော်က ကျိုတိုဆေးတက္ကသိုလ်က ကျန်းမုန့်ပါ။ ဒါက ကျွန်တော့်ရဲ့ လိပ်စာကတ်ပါ"
လုမင်က ကျန်းမုန့်ကို လှည့်ပင်မကြည့်ဘဲ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
"ငါက မင်းကို ပါးစပ်ပိတ်ထားလို့ ပြောနေတာ။ ဒီကောင်လေးရဲ့ ရောဂါရှာဖွေမှုကို ဝင်မနှောင့်ယှက်နဲ့"
"ကျွန်တော်..."
ကျန်းမုန့် အံ့အားသင့်သွားသည်။
မည်သို့ပင်ဖြစ်စေ သူသည် ထိပ်တန်းဆေးရုံကြီးတစ်ခုမှ ဌာနမှူးတစ်ဦးဖြစ်သော်လည်း အဘိုးအို၏ မျက်လုံးထဲတွင်မူ လမ်းဘေးဆေးဆရာတစ်ဦးလောက်ပင် တန်ဖိုးမရှိချေ။
ယဲ့ချန်းက ငိုကြွေးနေသည့် လူလတ်ပိုင်းအရွယ် အမျိုးသမီးအား ဆက်မေးလိုက်သည်။
"ဒီကိုမလာခင် သူ တောကောင်သားများ စားခဲ့သေးလား"
အမျိုးသမီးက ခဏမျှ တွေးကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ပြလေသည်။
"ဟုတ်ပါတယ်... ဒီကိုမလာခင် ကျွန်မတို့ တောကောင်သားရောင်းတဲ့ စားသောက်ဆိုင်ကို သွားပြီး စားသောက်ခဲ့ကြပါသေးတယ်။ ဒါပေမဲ့ ကျွန်မက အသားမကြိုက်တော့ သက်သတ်လွတ်ပဲ စားခဲ့ပါတယ်"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်၏။
"ပြဿနာက အဲဒီတောကောင်သားပဲ"
ယဲ့ချန်း၏စကားကို ကြားလိုက်ရသောအခါ လုမင်၏ မျက်လုံးများ တောက်ပသွားပြီး ရုတ်တရက် သဘောပေါက်သွားသည့် အမူအရာမျိုး ဖြစ်သွားသည်။
ယခုအချိန်တွင် ယဲ့ချန်းအပေါ် ထားရှိသည့် လုမင်၏ အမြင်မှာ လုံးဝပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။
စောစောက သူ သွေးခုန်နှုန်းစမ်းသပ်နေသည်ကို အချိန်ကြာမြင့်လွန်းသည်ဟု ယဲ့ချန်း ပြောခဲ့စဉ်က သူ အမှန်တကယ်ပင် ဒေါသထွက်ခဲ့မိသည်။
သို့သော် သူ့အဆင့်အတန်းကြောင့်သာ ဒေါသကို ထိန်းချုပ်ထားခဲ့ခြင်းပင်။
သို့ရာတွင် ယခု ယဲ့ချန်း၏ ရောဂါရှာဖွေနိုင်စွမ်းကို မြင်တွေ့လိုက်ရသောအခါ သူ အမှန်တကယ်ပင် အံ့အားသင့်သွားရသည်။
သွေးခုန်နှုန်းစမ်းသပ်နေစဉ်က သူ့အနေနှင့် ဖြစ်နိုင်ခြေအမျိုးမျိုးကို တွေးတောခဲ့သော်လည်း အစားအသောက်ကြောင့်ဟု လုံးဝမစဉ်းစားမိခဲ့ချေ။
ထိုအမျိုးသမီးက ပြောလိုက်၏။
"ဆရာ... ကျွန်မ တောင်းပန်ပါတယ်၊ ကျွန်မယောက်ျားကို ကယ်ပေးပါရှင်။ သူ အရမ်းကို ဝေဒနာခံစားနေရလို့ပါ"
အကြီးအကဲလုမှာ သက်ပြင်းချလိုက်မိသည်။ ရောဂါဖြစ်ရသည့် အကြောင်းအရင်းကို သိသော်လည်း ဤလူလတ်ပိုင်းအရွယ် အမျိုးသားကို ကယ်တင်ရန် သူ့တွင် ဘာနည်းလမ်းမှ မရှိပေ။
ယဲ့ချန်းကမူ ပြုံးရုံသာ ပြုံးလေသည်။
"ဒီလူရဲ့ အခြေအနေက သိပ်မဆိုးပါဘူး။ မစားသင့်တာကို စားမိသွားလို့ပါ၊ အဲဒီအရာတွေကို အန်ထုတ်ပစ်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်"
အကြီးအကဲလုခမျာ အံ့အားသင့်သွားလေသည်။
စောစောက သွေးခုန်နှုန်းစမ်းသပ်ချက်အရ အကြီးအကဲလုအနေနှင့် ဤအမျိုးသား၏ အခြေအနေမှာ ကုသရန် လုံးဝလက်လှမ်းမမီနိုင်လောက်အောင် ဖြစ်နေသော်လည်း ယဲ့ချန်းကမူ ကုသရန် လွယ်ကူသည်ဟု ဆိုနေချေသည်။
ဒီလူငယ်လေးက တကယ်ပဲ အဲဒီလောက်အထိ တော်နေတာလား။
ထိုစဉ် အမျိုးသမီးက ယဲ့ချန်း၏ရှေ့တွင် ဒူးထောက်ချလိုက်သည်။
"ဆရာ... ကျွန်မ တောင်းပန်ပါတယ်၊ ကျွန်မယောက်ျားကို ကယ်ပေးပါရှင်။ ပိုက်ဆံ ဘယ်လောက်ကုန်ကုန် ကျွန်မ ပေးပါ့မယ်"
ယဲ့ချန်းက သူ(မ)၏ လုပ်ရပ်ကို မြင်သောအခါ ကမန်းကတန်း ဆွဲထူလိုက်သည်။
"အစ်မကြီး... ဒီလိုမလုပ်ပါနဲ့။ စစ်မှန်တဲ့ ဆရာဝန်တစ်ယောက်က ကရုဏာတရားနဲ့ အလုပ်လုပ်ရတာပါ။ ဒီကိစ္စနဲ့ ကြုံလာမှတော့ ခင်ဗျားယောက်ျားရဲ့ ရောဂါပျောက်ကင်းအောင် ကျွန်တော် သေချာပေါက် ကုသပေးမှာပါ"
စောင့်ကြည့်နေကြသော မျက်လုံးများအောက်တွင် ယဲ့ချန်းက ငွေအပ်များကို ထုတ်ယူပြီး လူနာ၏ ခန္ဓာကိုယ်ပေါ်သို့ စိုက်ထည့်လိုက်သည်။
ယဲ့ချန်း အပ်စိုက်နေသည်ကို မြင်သောအခါ အဘိုးအို၏ မျက်လုံးများ အရောင်လက်သွားသည်။
ယဲ့ချန်း၏ လှုပ်ရှားမှုများမှာ လျှပ်စီးလက်သကဲ့သို့ လျင်မြန်လှသော်လည်း အပ်စိုက်သွင်းသည့် နေရာများမှာမူ တိကျသေချာလှသည်။
မကြာခင်မှာပင် ထိုအမျိုးသား၏ ခန္ဓာကိုယ်တစ်ခုလုံး ငွေအပ်များဖြင့် ပြည့်နှက်သွားတော့သည်။
ယဲ့ချန်းက ငွေအပ်များကို ညင်သာစွာ လှည့်လိုက်ပြီး ခဏအကြာတွင် အပ်အားလုံးကို ပြန်နှုတ်ကာ ဘေးနားရှိ လေယာဉ်မယ်အား အန်ဖတ်အိတ်တစ်လုံး ယူပေးရန် ပြောလိုက်သည်။
ထိုစဉ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ရုတ်တရက် မျက်လုံးများပွင့်လာပြီး ပျို့အန်လျက် ထထိုင်လာသည်။
ထိုအမျိုးသား၏ ပါးစပ်ထဲမှ အနံ့အသက်ဆိုးဝါးလှသော အမည်းရောင်အရည်များ အန်ထွက်လာပြီး ထိုအထဲတွင် ရွံရှာဖွယ်ကောင်းအောင် တွန့်လိမ်နေသည့် သန်ကောင်များပင် ပါနေသေးသည်။
အမည်းရောင်အရည်များကို အန်ထုတ်လိုက်ပြီးနောက် အမျိုးသား၏ မျက်နှာအရောင်အသွေးမှာ သိသိသာသာ ကောင်းမွန်လာခဲ့သည်။
ဘေးနားရှိ အကြီးအကဲလုမှာ အံ့အားသင့်သွားပြီး မေးလိုက်လေသည်။
"ကောင်လေး... ဒါက ဘယ်လိုဖြစ်ရတာလဲ"
ယဲ့ချန်းက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။
"ဒီလူက အငမ်းမရ စားခဲ့ပုံရတယ်။ အဲဒီတောကောင်သားတွေမှာ ကပ်ပါးကောင်တွေ ပါလာပြီး အစိမ်းအတိုင်း စားမိလိုက်တဲ့အတွက် အဆိပ်သင့်တဲ့ လက္ခဏာတွေ ပြလာတာ။ ကျွန်တော်က သူ စားထားတာတွေကို အန်ထုတ်ပစ်အောင် အပ်စိုက်ပညာကို သုံးလိုက်ရုံပါ"
ယဲ့ချန်း၏ စကားကို ကြားသောအခါ အကြီးအကဲလုမှာ သက်ပြင်းတစ်ချက် ရှိုက်လိုက်မိသည်။
"မောင်ရင့်ရဲ့ပညာကို ကျုပ် တကယ်ယုံကြည်သွားပါပြီ"
လူလတ်ပိုင်းအရွယ် အမျိုးသားကလည်း ကျေးဇူးအထပ်ထပ်တင်နေတော့သည်။
"ညီလေးရေ... ကျေးဇူးတင်ပါတယ်ကွာ။ မင်းသာ မကူညီရင် အစ်ကိုတော့ သေရချည်ရဲ့"
ယဲ့ချန်း ခေါင်းညိတ်လိုက်လေသည်။
"ခင်ဗျား ကံကောင်းသွားလို့ပါ။ ကျွန်တော်နဲ့သာ မဆုံခဲ့ရင် ခင်ဗျား အသက်ဆုံးရှုံးသွားနိုင်တယ်။ ဒါကို သင်ခန်းစာယူပြီး နောက်ဆို တောကောင်သားစားတာကို ရှောင်တာ အကောင်းဆုံးပဲ... နားလည်တယ်မလား"
ထိုအမျိုးသားကလည်း ခေါင်းတဆတ်ဆတ်ညိတ်ပြလေသည်။
"စိတ်ချပါ ညီလေးရာ... ဒီတစ်ခါ ကြုံပြီးသွားတော့ နောက်ဆို အဲဒီအသားတွေတောင် မစားရဲတော့ပါဘူး"
ထိုအမျိုးသား ရောဂါပျောက်ကင်းသွားသည်ကို မြင်သောအခါ ဘေးနားရှိ လူများအားလုံး အံ့ဩမှင်တက်သွားကြသည်။
"ဘုရားရေ... အထင်ကြီးဖို့ကောင်းလိုက်တာ"
"တကယ့်နတ်ဆေးသမားတော်လေးပဲ"
"တော်လိုက်တာကွာ... ဒီလောက်ငယ်ငယ်လေးနဲ့ ဆေးပညာကျွမ်းကျင်နေတာ ချီးကျူးထိုက်ပါပေတယ်"
အကြီးအကဲလုကလည်း အလွန်အံ့အားသင့်နေပြီး လက်အုပ်ချီလျက် မေးလိုက်လေသည်။
"မောင်ရင်... မင်းရဲ့ ဆေးပညာတွေကို ဘယ်ကနေ သင်ယူခဲ့တာလဲဆိုတာ သိခွင့်ရမလား"
ယဲ့ချန်းက အသာပြုံးလိုက်လေသည်။
"ကျွန်တော့်မှာ ဆရာမရှိပါဘူး... ကိုယ့်ဘာသာ လေ့လာထားတာပါ"
"ဘာ... ကိုယ့်ဘာသာ သင်ယူထားတာ ဟုတ်လား"
ယဲ့ချန်း၏ စကားကို ကြားသောအခါ အကြီးအကဲလုမှာ ပို၍ပင် အံ့အားသင့်သွားရသည်။
"မစ္စတာယဲ့... ကျွန်တော်တို့ကျောင်းမှာ ဧည့်ပါမောက္ခ လာလုပ်ဖို့ စိတ်ဝင်စားလား"
ယဲ့ချန်းကမူ ခေါင်းယမ်းပြလေသည်။
"ဟင့်အင်း... ကျွန်တော့်မှာ တခြားအရေးကြီးအလုပ်လေး ရှိသေးလို့ပါ"
"ဘာအလုပ်များလဲ"
အကြီးအကဲလုက နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
"ကျွန်တော် တက္ကစီမောင်းရဦးမှာမို့လို့ပါ"
ယဲ့ချန်း၏ အဖြေကို ကြားလိုက်ရသောအခါ အကြီးအကဲလု၏ နှုတ်ခမ်းများ တုန်ရီသွားလေသည်။
ဝူနင်လည်း ဆွံ့အသွားသည်။
ဘေးနားရှိ လူများအားလုံးလည်း အကြောင်သားဖြစ်သွားကြသည်။
ယဲ့ချန်းက တက္ကစီမောင်းရမည်ဟူသော အကြောင်းပြချက်လေးတစ်ခုတည်းဖြင့် အကြီးအကဲလု၏ ကမ်းလှမ်းချက်ကို ငြင်းလိုက်လေသည်။