← Chapters

စစ်မှန်သော ဖူရှစ်အမတတေးဂီတ၊ ကမ္ဘာမြေစင်ကြယ်ခြင်း အခန်း

Vol. 70 Ch. 900

စစ်မှန်သော ဖူရှစ်အမတတေးဂီတ၊ ကမ္ဘာမြေစင်ကြယ်ခြင်း အခန်း

Vol. 70 Ch. 900

ထိုသို့ပြောပြီးနောက် ၊ စူးချန်ကဲသည် သူ၏အကြည့်ကို ချင်းဟုန်မြို့သခင်ထံသို့ တစ်ဖန်ပြန်လည် ပို့လွှတ်လိုက်ပြီး ဆိုလိုက်သည်။

“ချင်းဟုန်မြို့သခင် စိတ်အေးအေးထားပါ၊ ဒီကိစ္စက တောက်ရွှီမြို့နဲ့ ဘာမှမသက်ဆိုင်ပါဘူး၊ ဒါဟာ ကျွန်တော့်ရဲ့ တားမြစ် စူးမိသားစုနဲ့ အမတသခင် တရားစီရင်ရေးရုံးတော်ကြားက ရန်ငြိုးသက်သက်ပါပဲ”

“ချင်းဟုန်မြို့သခင်အနေနဲ့ စိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်နေစရာမလိုပါဘူး”

ထိုစကားကို ကြားလိုက်ရသဖြင့် ချင်းဟုန်မြို့သခင်မှာ ခဏတာ အံ့အားသင့်သွားပြီး ၊ ထို့နောက် ကပျာကယာ ဦးညွှတ်ကာ ဆိုလိုက်သည်။

“ချန်ကဲသခင်လေးကို ကျေးဇူးတင်ပါတယ်”

တစ်ချိန်တည်းမှာပင် သူသည် စိတ်ထဲမှ သက်ပြင်းအသာလေး ချလိုက်မိသည်။

တောက်ရွှီမြို့အနေဖြင့် တားမြစ်အင်အားစုကြီးနှစ်ခု၏ ပဋိပက္ခကြားထဲသို့ ရောက်ရှိသွားမည်ကို သူ အကြောက်ဆုံးဖြစ်သည်။ ယခု စူးချန်ကဲ၏ စကားတစ်ခွန်းကြောင့် သူ၏ရင်ထဲတွင် ရှိနေခဲ့သော စိုးရိမ်စိတ်များမှာ နောက်ဆုံးတွင် လုံးဝဥဿုံ ပြေပျောက်သွားခဲ့ပြီ ဖြစ်သည်။

ဤနေရာရှိ ပါရမီရှင်များသည်လည်း စူးချန်ကဲ၏ စကားထဲတွင် ပါဝင်သော အဓိပ္ပာယ်ကို သဘာဝကျကျပင် နားလည်ကြသည်။

စူးချန်ကဲအပေါ် ကြည့်ရှုသော သူတို့၏ အမြင်များသည် ကြောက်ရွံ့ရိုသေမှုများဖြင့် ပြည့်နှက်လာခဲ့သည်။

တားမြစ်အင်အားစုမှ ဆက်ခံသူများ၏ အငြင်းပွားမှုထဲသို့ ရောက်ရှိသွားခြင်းမှာ သူတို့လို သာမန်လူများအတွက် မဟာကပ်ဘေးဒုက္ခကြီးတစ်ခု ဖြစ်ပေသည်။

သို့သော် တားမြစ်အင်အားစု၏ ဆက်ခံသူများသည် မူလကတည်းက အလွန် မာန်မာနကြီးမားကာ ဘေးလူများ၏ အသက်အန္တရာယ်ကို ဂရုစိုက်လေ့မရှိကြချေ။

သို့သော်လည်း စူးချန်ကဲ၏ ပြောကြားချက်သည် သူ၏ စိတ်သဘောထား ကြီးမြတ်မှုကို ထင်ဟပ်ပေါ်လွင်စေခဲ့သည်။

ရုတ်တရက်ဆိုသလို ၊ ထျန်းဟောက်ရှန်းသည် ချင်းဟုန်မြို့သခင်ကို ဦးညွှတ်ကာ ဆိုလိုက်သည်။

“မြို့သခင် စိတ်အေးအေးထားပါ၊ ဒီကိစ္စရဲ့ အမှားအားလုံးက ဟောက်ရှန်းကြောင့်ပါ”

“ဒါဟာ ကျွန်တော့်ရဲ့ အမတသခင် တရားစီရင်ရေးရုံးတော်နဲ့ တားမြစ်စူးမိသားစုကြားက ပဋိပက္ခဖြစ်ပြီး တောက်ရွှီမြို့နဲ့ မသက်ဆိုင်ပါဘူး….စောစောက ကိစ္စတွေအတွက် မြို့သခင် ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်”

ထျန်းဟောက်ရှန်းအနေဖြင့် ဤသို့ လုပ်ဆောင်ရခြင်းမှာ ဆုံးရှုံးသွားရသော အမတသခင် တရားစီရင်ရေးရုံးတော်၏ ဂုဏ်သိက္ခာကို တစ်နည်းနည်းဖြင့် ပြန်လည် ဆယ်ယူလိုခြင်းကြောင့် ဖြစ်သည်။

ဤတစ်ခေါက် အားပြိုင်မှုတွင် သူသည် အရေးနိမ့်သွားခဲ့ပြီဖြစ်ရာ ဆက်ပြီး ခေါင်းမာနေပါက အခွင့်အရေးများ ပို၍ဆုံးရှုံးရုံသာ ရှိတော့မည်။

ထို့ကြောင့် နောက်ဆုတ်ခြင်းဖြင့် ရှေ့ဆက်တိုးရန် ဆုံးဖြတ်လိုက်ပြီး၊ ကနဦးလျို့ဝှက်နယ်မြေထဲသို့ ရောက်ရှိသည့်အခါမှသာ ဤအရှက်ကွဲမှုကို ပြန်လည်တုံ့ပြန်ရန် အချိန်ယူလိုက်ခြင်းက ပို၍ကောင်းပေလိမ့်မည်။

“ဟမ်....”

ဤမြင်ကွင်းကို မြင်လိုက်ရသော စူးချန်ကဲသည် စိတ်ထဲမှ လှောင်ရယ်လိုက်မိသည်။

‘ဒီသကောင့်သားရဲ့ အကြံကို သူ မသိဘဲနေမလား…’

သို့သော်လည်း သူနှင့် တစ်ဖက်လူ၏ အားပြိုင်မှုမှာ ယခုမှ အစပင် ရှိသေးသည်။

သူတစ်ပါးက သူ့ကိုမစော်ကားသရွေ့ သူသည် တစ်ဖက်လူကို ရန်စမည်မဟုတ်။ သို့သော် တစ်ဖက်လူမှ သူ့ကို စော်ကားလာပါက ၊ ဒါဆို သူသည် တစ်ဖက်လူကို ပြန်လည် ချေမှုန်းပစ်ပေမည်။

“ထျန်းဟောက်ရှန်း.. ဒီနေ့မှာတော့ အချို့အရာတွေကို မသိဘဲနဲ့ စိတ်ထင်ရာ ကောက်ချက်မချမိဖို့ မင်းကို ပြောပြရလိမ့်မယ်”

“ဘယ်လိုပဲဖြစ်ဖြစ် အမတသခင် တရားစီရင်ရေးရုံးတော်ရဲ့ အဓိက ဆက်ခံသူတစ်ယောက်အနေနဲ့ရော အမတဧကရာဇ်မင်းရဲ့ မျိုးဆက်တစ်ယောက်အနေနဲ့ပါ မသိဘဲနဲ့ သိသလိုလို လျှောက်ပြောနေတာက လူရယ်စရာကြီး ဖြစ်နေပြီ”

လူတိုင်း၏ အကြည့်များမှာ စူးချန်ကဲထံသို့ တစ်ဖန် ပြန်လည် ကျရောက်သွားပြီး ၊ ၎င်းတို့၏ မျက်ဝန်းထဲတွင် သံသယများ ၊ နားမလည်နိုင်မှုများဖြင့် ပြည့်နှက်နေ၏။

‘ စူးချန်ကဲရဲ့ ဒီစကားတွေက ဘာကိုဆိုလိုတာလဲ .. ဒါဆိုရင်.... စူးချန်ကဲက ဖူရှစ်အမတတေးဂီတရဲ့ နောက်ထပ် လျို့ဝှက်ချက်တွေကို သိနေတာများလား..’

စူးချန်ကဲသည် လူတိုင်း၏ နားမလည်နိုင်သော အကြည့်များနှင့် ထျန်းဟောက်ရှန်း၏ အေးစက်စက် အကြည့်ကို လျစ်လျူရှုကာ ကျိုရွှမ်နတ်မိမယ်ထံသို့ လှည့်ကြည့်လိုက်သည်။

ထို့နောက် သူသည် ဖြည်းညှင်းစွာ ဆိုလိုက်သည်။

“အမတနယ်မြေက လူအားလုံးက ဖူရှစ်အမတတေးဂီတဟာ ထျန်းချင် အမတဧကရာဇ်မင်း ဖန်တီးခဲ့တဲ့ ပြီးပြည့်စုံတဲ့ မဟာလမ်းစဉ် သံစဉ်တစ်ခုလို့ပဲ ထင်နေကြတာ”

“ဒါပေမဲ့ ဖူရှစ်အမတတေးဂီတမှာ အခန်းသုံးခန်းပဲ ရှိတာ မဟုတ်ဘူး”

တောက်ရွှီအမတ စားသောက်ဆိုင်သည် တိတ်ဆိတ်လျက် ရှိနေပြီး၊ ကျင့်ကြံသူများမှာလည်း စူးချန်ကဲကို သံသယစိတ်များဖြင့် ကြည့်နေကြကာ သူ၏ဆိုလိုရင်းကို နားမလည်နိုင်ကြချေ။

သို့သော် ထိုသူများ၏ နားမလည်နိုင်မှုနှင့် နှိုင်းယှဉ်ပါက၊ စူးချန်ကဲ၏ စကားကို ကြားလိုက်ရသော ကျိုရွှမ်နတ်မိမယ်၏ ရင်ထဲတွင် လွန်စွာ ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။

သူမ၏ ပျံ့လွင့်နေသော စိတ်အာရုံသည် ချက်ချင်းပင် လက်တွေ့ဘဝသို့ ပြန်လည် ရောက်ရှိလာပြီး သူမ၏ မျက်လုံးများမှာ ရုတ်ချည်း ကျုံ့ဝင်သွားသည်။

သူမ၏ မသိစိတ်မှ ထိတ်လန့်တုန်လှုပ်မှုအပြည့်ဖြင့် စူးချန်ကဲရှိရာဘက်သို့ လှမ်းကြည့်မိလိုက်သည်။

စူးချန်ကဲသည် လက်ချောင်းလေးချောင်း ထောင်ပြကာ ဆက်ပြောပြန်သည်။

“အမှန်တကယ် ပြီးပြည့်စုံတဲ့ ဖူရှစ်အမတတေးဂီတမှာ တေးဂီတ လေးခန်းပါတယ်”

“စတုတ္ထမြောက်အခန်းက ကမ္ဘာမြေစင်ကြယ်ခြင်းအခန်းပဲ”

ဝုန်း!

စူးချန်ကဲ၏ စကားသံမှာ တိတ်ဆိတ်နေသော မိုးကုတ်စက်ဝိုင်းတွင် ရုတ်တရက် မိုးကြိုးပစ်ချလိုက်သကဲ့သို့ လူတိုင်း၏ ရင်ထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေခဲ့သည်။

လူတိုင်း၏ မျက်နှာအမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားကြပြီး ကျောက်ရုပ်သဖွယ် နေရာတွင်ပင် ကြောင်အမ်းစွာဖြင့် ရပ်နေမိသည်။

စောနကတင် ကျိုရွှမ်နတ်မိမယ်ကိုယ်တိုင် ဖူရှစ်အမတတေးဂီတတွင် သုံးခန်းသာရှိကြောင်း ဝန်ခံခဲ့ပြီးဖြစ်ရာ၊ ယခုတွင်မူ စူးချန်ကဲသည် စတုတ္ထမြောက်အခန်းကို ပြောဆိုလာပြန်သည်။

စူးချန်ကဲ ပြောသော တေးဂီတ လေးခန်းပါရှိသည့် ဖူရှစ်အမတတေးဂီတသာလျှင် အမှန်တကယ် ပြီးပြည့်စုံသောဂီတတစ်ပုဒ် ဖြစ်နေမည်ဆိုပါက၊ ကောင်းကင်စောင်းတောင်တွင် လက်ဆင့်ကမ်းလာခဲ့သော ဖူရှစ်အမတတေးဂီတမှာ အဘယ်အရာ ဖြစ်မည်နည်း။

‘ ဒါဆိုရင်...... ဖူရှစ်အမတတေးဂီတဟာ ထျန်းချင် အမတဧကရာဇ်မင်း ဖန်တီးခဲ့တာ မဟုတ်ဘူးပေါ့ …’

‘ အမတနယ်မြေရဲ့ ရှေးဟောင်းမှတ်တမ်းတွေမှာ ရေးထားတာတွေအားလုံးက အတုအယောင်တွေလား….’

“ ရှင်.... ရှင် ဘယ်လိုလုပ်ပြီး.....”

ကျိုရွှမ်နတ်မိမယ်သည် နတ်ဘုရားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ စူးချန်ကဲ၏ ရှေ့မှောက်သို့ ချက်ချင်းရောက်ရှိလာပြီး ၊ တစ်ဖက်လူ၏ အင်္ကျီလက်စကို ဆွဲကိုင်ကာ မယုံကြည်နိုင်သော လေသံဖြင့် ပြောဆိုလိုက်သည်။

“ ဖူရှစ်အမတတေးဂီတမှာ စတုတ္ထမြောက်အခန်း ရှိသေးတယ်ဆိုတာကို ရှင် ဘယ်လိုလုပ် သိနေရတာလဲ”

“ ရှင်က ကျွန်မတို့ ကောင်းကင်စောင်းတောင်ရဲ့ တပည့်လည်း မဟုတ်သလို၊ ကျွန်မရဲ့ ဆရာသခင်နဲ့လည်း ရင်းနှီးတာ မဟုတ်ဘူး… ဘယ်လိုလုပ်ပြီး ဒါကို သိနေရတာလဲ”

ကျိုရွှမ်နတ်မိမယ်သည် ယခင်က သူမ၏ကျက်သရေရှိပြီး ယဉ်ကျေးသော အပြုအမူမျိုးကို မစောင့်ထိန်းနိုင်တော့ဘဲ အလွန်အမင်း ထိတ်လန့်တုန်လှုပ်မှုကြောင့် စူးချန်ကဲ၏ အဆင့်အတန်းကိုပင် လျစ်လျူရှူမိကာ သူမ၏အပြုအမူများသည် ရိုင်းပျလုနီးပါး ဖြစ်သွားခဲ့ရသည်။

သို့သော်လည်း ဤအတွက် သူမကို အပြစ်ဆိုလို့မရနိုင်ချေ။

ဤကိစ္စမှာ အမှန်တကယ်ပင် ထိတ်လန့်ဖွယ်ရာ ကောင်းလွန်းသည်။ ၎င်းသည် လျှို့ဝှက်ချက်များထဲမှ လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။

ကောင်းကင်စောင်းတောင်၏ ဆက်ခံသူ ငါးဦးအနက် သူမမှလွဲ၍ ကျန်လေးဦးသည် ဤလျှို့ဝှက်ချက်ကို မသိရှိကြပေ။

ကျိုရွှမ်နတ်မိမယ် အနေဖြင့် ဤကိစ္စကို သိခဲ့ရသည်မှာ သူမ၏ကိုယ်ပိုင် အရည်အချင်းဖြင့် ခေါင်းဆောင် ဖြစ်လာပြီးနောက်တွင် ဆရာသခင်ဖြစ်သူ ထျန်းချင်အမတဧကရာဇ်မင်းမှ သူမအား ပြောပြခဲ့ခြင်းကြောင့် ဖြစ်သည်။

မှတ်ဉာဏ်ထဲမှ မြင်ကွင်းတစ်ခုသည် သူမ၏ စိတ်ထဲတွင် တစ်ဖန် ထွက်ပေါ်လာခဲ့သည်။

“ကျိုရွှမ် … မင်းရဲ့သိလား ၊ ဆရာ့ရဲ့ရင်ထဲမှာ တကယ်တော့ လျှို့ဝှက်ချက်တစ်ခု အမြဲတမ်း ရှိနေခဲ့တယ်”

“ကမ္ဘာပေါ်ကလူတွေက ဒီဖူရှစ်အမတတေးဂီတကို ငါကိုယ်တိုင် ဖန်တီးခဲ့တာလို့ ပြောကြတယ်၊ ဒါပေမဲ့ တကယ်တော့ ဒီဖူရှစ်အမတတေးဂီတကို ဆရာ ရေးခဲ့တာ မဟုတ်ဘူး”

........

“ဒီတေးဂီတကို ဆရာ မတော်တဆ ရခဲ့တာပဲ ၊ ဆရာ ငယ်ရွယ်စဉ်တုန်းက လျှို့ဝှက်နယ်မြေတစ်ခုထဲကို မှားယွင်းဝင်ရောက်မိခဲ့ပြီး နောက်ဆုံးမှာတော့ ပျက်စီးနေတဲ့ အကြွင်းအကျန် နယ်မြေတစ်ခုထဲက ထူးခြားတဲ့ ဂီတအမွေအနှစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်”

“ပြီးတော့ ဒီဖူရှစ်အမတတေးဂီတကိုလည်း အဲဒီအမွေအနှစ် နယ်မြေထဲကနေ ရရှိခဲ့တာပဲ”

“ဒါပေမဲ့ နှမြောစရာကောင်းတာက၊ အမတဧကရာဇ်မင်းကိုတောင် အကျိုးကျေးဇူးအများကြီး ရရှိစေနိုင်တဲ့ ဒီတေးဂီတဟာ ပြီးပြည့်စုံမှုမရှိခဲ့ဘူး.....”

“ဆရာ့ရဲ့ ခန့်မှန်းချက်အရဆိုရင်.... ဒီတေးဂီတမှာ ပထမသုံးခန်းအပြင်၊ နောက်ဆုံး စတုတ္ထမြောက်အခန်းလည်း ရှိနေနိုင်သေးတယ်”

........

“ဟူး… ဆရာလည်း ဘဝတစ်လျှောက်လုံး သင်ယူခဲ့သမျှ ပညာတွေကို အသုံးချပြီး နောက်ဆုံး တေးသွားအခန်းကို ဖန်တီးဖို့ ကြိုးစားခဲ့ဖူးတယ်”

“ဒါပေမဲ့ ဆရာ…. ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခဲ့မိတာပဲ ငါ့ရဲ့ ဘဝတစ်လျှောက် သင်ယူလေ့လာခဲ့တဲ့ ပညာတွေသာ ကုန်ဆုံးသွားမယ် ၊ ဒီနောက်ဆုံးစောင်းတေးကိုတော့ မတီးခတ်နိုင်ခဲ့ဘူး”

“အိုင်း..... ပြောရရင်တော့၊ ဒီဖူရှစ်အမတတေးဂီတကြောင့်ပဲ ငါတို့ရဲ့ ကောင်းကင်စောင်းတောင်ဟာ အောင်မြင်မှုရခဲ့တာပဲ.....”

“တကယ်လို့ ဆရာ အသက်ရှိနေစဉ် ပြီးပြည့်စုံတဲ့ ဖူရှစ်အမတတေးဂီတကို မြင်တွေ့ခွင့်ရခဲ့မယ်ဆိုရင်..... ဒီဘဝတော့ ဆရာ ကျေနပ်ပါပြီ”

All Chapters