အားလုံး နားဆင်ကြလော့
Vol. 70 Ch. 901
ဆရာသခင်နှင့် ထိုသို့ စကားပြောခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း၊ သူမ၏ ဆရာဖြစ်သူ ထျန်းချင်အမတဧကရာဇ်မင်း၏ စကားသံများက ကျိုရွှမ်နတ်မိမယ်၏ ရင်ထဲတွင် ယနေ့တိုင် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။
ဤနှစ်များအတွင်း သူမသည်လည်း နယ်မြေအနှံ့ လှည့်လည်သွားလာခဲ့ဖူးသည်။
ဒဏ္ဍာရီလာ မဟာလမ်းစဉ် စာပေကျောင်းတော်သို့ပင် သွားရောက်ကာ ရှေးဟောင်းဂီတမှတ်တမ်းပေါင်းများစွာကို ရှာဖွေခဲ့သော်လည်း၊ ဖူရှစ်အမတတေးဂီတ၏ စတုတ္ထမြောက်အခန်းနှင့် ပတ်သက်၍ မည်သည့်သဲလွန်စမျှ ရှာမတွေ့ခဲ့ချေ။
ကောင်းကင်စောင်းတောင်၏ ခေတ်အဆက်ဆက် ဆက်ခံသူများသည်လည်း အမတနယ်မြေတစ်ခုလုံးကို မြေလှန်ရှာဖွေခဲ့ကြသော်လည်း အစအနမျှပင် မရရှိခဲ့ကြပေ။
သို့သော် ယခုတွင်မူ ၊ စူးချန်ကဲသည် ထိုဖူရှစ်အမတတေးဂီတ၏ စတုတ္ထမြောက်အခန်းနှင့် ပတ်သတ်၍ ပြောဆိုလာသည့်အပြင် အခန်း၏ အမည်ကိုပင် ဖွင့်ဟပြောဆိုလာ၏။
ဤကဲ့သို့သော အခြေအနေမျိုးတွင် ကျိုရွှမ်နတ်မိမယ်အနေဖြင့် မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။
စူးချန်ကဲ၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားသည်ကို မြင်လိုက်ရမှသာ ကျိုရွှမ်နတ်မိမယ်သည်လည်း ချက်ချင်း သတိပြန်ဝင်လာခဲ့သည်။
ဘေးပတ်ဝန်းကျင်ရှိ လူတိုင်း၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် ၊ သူမသည် စူးချန်ကဲအား ရိုသေစွာဖြင့် ဦးညွှတ်လျက် ဆိုလိုက်သည်။
“ ကျွန်မ ကျိုရွှမ် ...ချန်ကဲသခင်လေးရဲ့ စကားကို ကြားပြီး စိတ်လှုပ်ရှားလွန်းလို့ ရိုင်းပျမိသွားပါတယ်၊ သခင်လေးအနေနဲ့ အပြစ်မယူဖို့ မျှော်လင့်ပါတယ်”
“ချန်ကဲသခင်လေး.... အဆင်ပြေမယ်ဆိုရင် ဒီဖူရှစ်အမတတေးဂီတရဲ့ အခန်းကို ကျွန်မတို့ရဲ့ ကောင်းကင်စောင်းတောင်ကို ပေးသနားနိုင်မလား ဟင်... ကျွန်မတို့ ကောင်းကင်စောင်းတောင်အနေနဲ့ သေချာပေါက် .."
သို့သော် တစ်စုံတစ်ခုကို တွေးမိသွားပုံရပြီး သူမ၏ စကားသံသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
သူမသည် အသက်ပြင်းပြင်း ရှူသွင်းကာ စိတ်ကို ပြန်ထိန်းလိုက်ပြီး ဆက်ပြောလိုက်သည်။
“ ချန်ကဲသခင်လေးအနေနဲ့ ဒီဖူရှစ်အမတတေးဂီတရဲ့ နောက်ဆုံးအခန်းကို တကယ်ပဲ ပေးသနားမယ်ဆိုရင်... ကျွန်မတို့ ကောင်းကင်စောင်းတောင်ဟာ ဒီကနေ့ကစပြီး...”
“ ချန်ကဲသခင်လေးကိုပဲ အရှင်သခင်အဖြစ် သတ်မှတ်ပြီး အသက်ကိုပင် ပေးလှူဖို့ အသင့်ပါပဲ...ဘယ်လိုအခြေအနေမျိုးမှာမဆို ဘယ်တော့မှ ငြင်းဆန်မှာ မဟုတ်ပါဘူး”
ဆရာသခင် ပြောဖူးခဲ့သည်ကို သူမ ကောင်းကောင်း မှတ်မိနေသေးသည်။ အကယ်၍ ဖူရှစ်အမတတေးဂီတ၏ နောက်ဆုံးအခန်းကို အမှန်တကယ် သိရှိနားလည်သူတစ်ဦးသာ ရှိခဲ့ပါက၊ ဆရာသခင်သည် ၎င်းအတွက် အရာအားလုံးကို စွန့်လွှတ်ရန် ဆန္ဒရှိသည် ဟု ပြောခဲ့ဖူးသည်။
မိမိကိုယ်တိုင် တည်ထောင်ခဲ့သော ကောင်းကင်စောင်းတောင်ကိုပင် ထိုသူ၏ လက်အောက်ခံအဖြစ် ပုံအပ်ရန် ၊ ဆရာသခင်သည် ကြည်ဖြူစွာဖြင့် လက်ခံပေလိမ့်မည်။
အကြောင်းမှာ ဆရာသခင်ဖြစ်သူ၏ သူ့ဘဝတစ်လျှောက်လုံး အကြီးမားဆုံး ဆန္ဒမှာ ဤစစ်မှန်သော ဖူရှစ်အမတတေးဂီတကို တီးခတ်နိုင်ရန်သာ ဖြစ်သည်။
..........
ကျိုရွှမ်နတ်မိမယ်၏ စကားသံအဆုံးတွင်၊
မူလကတည်းက တိတ်ဆိတ်နေသော ပတ်ဝန်းကျင်မှာ ကမ္ဘာဦးရေခဲပြင်ကြီးအလား လုံးဝ အေးခဲတိတ်ဆိတ်သွားခဲ့ပြီး၊ လူတိုင်း၏ ရင်ထဲမှ ထိတ်လန့်တုန်လှုပ်မှုကို မည်သည့်စကားလုံးဖြင့် ဖော်ပြရမည်ကိုပင် မသိတော့ချေ။
ဤကဲ့သို့ စိတ်လှုပ်ရှားဖွယ်ရာ အလှည့်အပြောင်းများ ဆက်တိုက် ဖြစ်ပေါ်နေခြင်းသည် သူတို့၏ စိတ်ဝိညာဉ်များကိုပင် ထုံထိုင်းသွားစေသည်။
ကောင်းကင်စောင်းတောင်သည် အမတနယ်မြေတွင် ထိပ်တန်း အင်အားစုကြီးတစ်ခု မဟုတ်သော်လည်း၊ သို့သော် ဂီတအမွေအနှစ် လက်ဆင့်ကမ်းမှုအပိုင်းတွင်မူ အမတနယ်မြေတစ်ခုလုံးတွင် ၎င်းတို့ကို ယှဉ်နိုင်သူမရှိချေ။
စူးချန်ကဲ၏ နောက်ခံအင်အားမှာ မူလကပင် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လောက်အောင် အတုမရှိ ကြီးမားလှပြီဖြစ်ရာ ၊ အကယ်၍ ကောင်းကင်စောင်းတောင်သည် သူ၏ လက်အောက်ခံအဖြစ် ဆန္ဒရှိနေမည်ဆိုပါက လူတိုင်း အားကျလွန်းလို့ သေသွားနိုင်သည်။
ထို့ကြောင့် အချို့သော ကျင့်ကြံသူများ၏ မသိစိတ်ထဲတွင် ဤကဲ့သို့သော ရလဒ်မျိုးကို လက်မခံချင်ကြချေ။
“ကျိုရွှမ်နတ်မိမယ်... မင်းရဲ့ ဒီဆုံးဖြတ်ချက်က နည်းနည်းတော့ စိတ်စောလွန်းရာ မကျဘူးလား”
ထျန်းယွမ်နတ်ဘုရားမင်းဆက် မှ ယွမ်တောက်ကျွင်းသည် စိတ်မချုပ်တည်းနိုင်တော့ဘဲ ဦးစွာ ဖွင့်ဟပြောဆိုလိုက်သည်။
“ငါ မှတ်မိသလောက် ထျန်းချင်အမတဧကရာဇ်မင်းကမှ ကောင်းကင်စောင်းတောင်ရဲ့ ကိစ္စအဝဝကို စီမံပိုင်ခွင့်ရှိတာ မဟုတ်ဘူးလား”
“ကျိုရွှမ်နတ်မိမယ်ကလည်း ကောင်းကင်စောင်းတောင်ရဲ့ လက်ရှိဆက်ခံသူ ငါးဦးထဲက တစ်ယောက်ပဲ ရှိသေးတာကို... ဒီလိုမျိုး လွယ်လွယ်ကူကူ ကတိပေးလိုက်တာက စိတ်လိုက်မာန်ပါ ဖြစ်လွန်းရာ မကျဘူးလား”
“ပြီးတော့...”
ထိုသို့ပြောရင်း သူ၏အကြည့်က စူးချန်ကဲထံသို့ ရောက်ရှိသွားသည်။
သို့သော် သူသည် ထျန်းဟောက်ရှန်း ကြုံတွေ့ခဲ့ရသော သင်ခန်းစာကို မြင်တွေ့ခဲ့ပြီး ဖြစ်သဖြင့် ပြောင်ပြောင်တင်းတင်း ရန်မစဘဲ လေသံကို အနည်းငယ် ပျော့ပြောင်းကာ ဆိုလိုက်သည်။
“ချန်ကဲသခင်လေး ပြောသွားတာကလည်း ဖူရှစ်အမတတေးဂီတရဲ့ စတုတ္ထမြောက်အခန်း အမည်သက်သက်ပဲ ရှိသေးတယ်"
“သူက ဖူရှစ်အမတတေးဂီတရဲ့ စတုတ္ထမြောက်အခန်းကို တကယ်ပဲ ရေးသားနိုင်တာ... ဒါမှမဟုတ် တီးခတ်နိုင်တာရော ဟုတ်လို့လား”
ဤစကားကြောင့် လူတိုင်း တစ်ဖန် ပြန်လည်တွေးတောလာကြပြန်သည်။
သိပ်မကြာမီတွင် လူအချို့က မအောင့်အည်းနိုင်တော့ဘဲ ရှေ့ထွက်၍ ထောက်ခံလေတော့၏။
သူတို့သည် ပြောင်ပြောင်တင်းတင်း လှောင်ပြောင်ခြင်း မပြုကြသော်လည်း၊ စူးချန်ကဲအပေါ် သူတို့၏သံသယကို ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်။
“မှန်တယ်... ချန်ကဲသခင်လေးက ဒီဖူရှစ်အမတတေးဂီတရဲ့ စတုတ္ထမြောက် အခန်းအမည်ကို တိုက်ဆိုင်စွာနဲ့ သိနေတာလည်း ဖြစ်နိုင်တယ် ၊ အပြည့်အစုံ တီးခတ်နိုင်မယ်လို့တော့ မသေချာဘူး မဟုတ်လား”
“ဒီဖူရှစ်အမတတေးဂီတကို တကယ်ပဲ တခြားလူတစ်ယောက်က ဖန်တီးခဲ့တာဆိုရင်တောင် အဲ့တာက အတော်လေးကို ရှေးကျတဲ့ ခေတ်ကာလက ဖြစ်မှာပဲ"
" အဲဒီခေတ်က စာသားတွေက အခုလက်ရှိ အမတနယ်မြေရဲ့ စာသားတွေနဲ့ တူချင်မှတူမှာ”
“ချန်ကဲသခင်လေးက သီချင်းအမည်ကို သိနေပေမဲ့... တစ်ခန်းလုံးကို အပြည့်အစုံ တီးခတ်ဖို့ ဒါမှမဟုတ် ရေးသားဖို့ ဆိုတာကတော့ ဖြစ်နိုင်ခြေ အရမ်းနည်းတယ်"
“..........”
လူတိုင်း၏ ဆွေးနွေးပြောဆိုသံများကို ကြားပြီးနောက် ၊
ကျိုရွှမ်နတ်မိမယ်သည်လည်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
လူတိုင်း၏ စကားများသည် ကျိုးကြောင်းဆီလျော်ပေသည်။ အမှန်တကယ်ပင် ထိုကဲ့သို့သော ဖြစ်နိုင်ခြေမျိုးလည်း ရှိနေသည်။
သို့သော်လည်း၊ သူမ၏ အာရုံခံစားမှုအရ စူးချန်ကဲတွင် မဟာလမ်းစဉ် စောင်းဝိညာဉ် ရှိနေသည်မှာ အသေအချာပင်။
ဤကဲ့သို့သော မဟာလမ်းစဉ်၏ အထွတ်အထိပ် စောင်းဝိညာဉ်ကို စုစည်းနိုင်သူတစ်ဦး၏ ဂီတပါရမီမှာ သာမန်ထက် ထူးကဲပေလိမ့်မည်။
ထို့အပြင် ဖူရှစ်အမတတေးဂီတ၏ အခန်းအပြည့်အစုံကို ဤမျှ ယုံကြည်ချက်ရှိရှိ ပြောဆိုနိုင်သည်ကို ကြည့်ခြင်းအားဖြင့် သေချာပေါက် တီးခတ်နိုင်လိမ့်မည် မဟုတ်လော။
လူတိုင်း ဆွေးနွေးငြင်းခုံနေကြစဉ်မှာပင် ။
“ငြင်းခုံနေစရာ မလိုဘူး”
“ငါ သခင်လေးကတော့ အချို့လူတွေရဲ့ မျက်နှာကို လက်တွေ့လုပ်ရပ်နဲ့ပဲ ဖြတ်ရိုက်ရတာကို အကြိုက်ဆုံးပဲ”
စကားသံဆုံးသည်နှင့် ၊
စူးချန်ကဲသည် သူ၏ ဝတ်ရုံလက်စကို ဝှေ့ယမ်းလိုက်သည်။
ဒင်-
ရှေးဟောင်းစောင်းသံတစ်ခုသည် ဟင်းလင်းပြင်၌ ပဲ့တင်ထပ်သွားလေ၏။
ထို့နောက်တွင် ကမ္ဘာဦးအငွေ့အသက်များ ဖြာထွက်နေသော မဟာလမ်းစဉ် ရှေးဟောင်း ဗျပ်စောင်းတစ်လက်သည် ဟင်းလင်းပြင်ထဲမှ ရုတ်ချည်း ပေါ်ထွက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် စူးချန်ကဲသည် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး ဗျပ်စောင်းကို သူ၏ရှေ့တွင် နေရာချလိုက်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် လူတိုင်း၏ မျက်နှာအမူအရာများမှာ ထပ်မံပြောင်းလဲသွားကြပြီး ၊ တစ်ယောက်ကို တစ်ယောက် အံ့အားသင့်စွာဖြင့် ကြည့်လိုက်မိကြသည်။
'စူးချန်ကဲက ဒီလောက်တောင် ဗဟုသုတစုံလင်ပြီး အရည်အချင်းတွေ အများကြီး ရှိတာလား... သူက ဗျပ်စောင်းတောင် တီးတတ်သေးတာလား...'
တားမြစ် စူးမိသားစု နှင့် ကွေးယွမ်အမတဂိုဏ်း အစရှိသော တားမြစ်အင်အားစုကြီးအသီးသီးမှ ပါရမီရှင်များမှာ ကြည်ညိုအားကျမှုအပြည့်ရှိသော မျက်နှာအမူအရာများဖြင့် ကြည့်နေကြသည်။
မိမိတို့ သခင်လေး၏ ပါရမီအရည်အချင်းကို ဤတွင်းအောင်းဖားများက မည်ကဲ့သို့ တွက်ဆနိုင်မည်နည်း။
“သူက တကယ်ပဲ ဂီတလမ်းစဉ်ကို နှံ့စပ်တာပဲ...”
ဘေးနားရှိ ကျိုရွှမ်နတ်မိမယ်၏ မျက်နှာအမူအရာမှာလည်း ပြောင်းလဲသွားခဲ့သည်။
စူးချန်ကဲသည် ရှေးဟောင်း ဗျပ်စောင်းကို ထုတ်ယူလိုက်သည်နှင့် သူ၏ အရှိန်အဝါများမှာ လုံးဝ ပြောင်းလဲသွားခဲ့သည်။
စောစောက မြင့်မြတ်သော အထွတ်အထိပ်ပါရမီရှင်တစ်ဦး ဖြစ်ခဲ့ပါက၊ ယခုအချိန်တွင်မူ သူသည် လောကအလယ်၌ ထင်ပေါ်ကျော်ကြားလှသော ဂီတလမ်းစဉ် သခင်တစ်ပါးအလား ထင်မှတ်ရသည်။
မည်သည့်အပိုစကားမျှ ဆက်မပြောတော့ဘဲ စူးချန်ကဲသည် စောင်းကြိုးများကို စတင်တီးခတ်လိုက်သည်။
စောင်းကြိုးများ တုန်ခါသွားသည်နှင့် တစ်ပြိုင်နက် ၊
ရှေးဟောင်း မှော်သင်္ကေတပေါင်းများစွာသည် ရုတ်တရက် ထွက်ပေါ်လာကြပြီး ကောင်းကင်ယံထက်တွင် အဆက်မပြတ် ပျံသန်းကခုန်နေကာ လျင်မြန်ဖြတ်လတ်သော ရှေးဝိညာဉ်ကလေးများအလား ထင်မှတ်ရသည်။
ဒင်.......
တေးသံစဉ် ထွက်ပေါ်လာသည်နှင့် အမျှ၊ ပတ်ဝန်းကျင်ရှိ မြင်ကွင်းများမှာ ပုံရိပ်ယောင်များအလား ပြောင်းလဲသွားပြီး၊ ငြိမ့်ညောင်းလှသော စောင်းသံအောက်တွင် ရေဆေးပန်းချီကားတစ်ချပ်အလား အသစ်စက်စက် ကမ္ဘာတစ်ခုအဖြစ်သို့ ကူးပြောင်းသွားခဲ့သည်။
ထျန်းဟောက်ရှန်း အပါအဝင် လူတိုင်း ထိုအိပ်မက်ကမ္ဘာထဲသို့ ဆွဲခေါ်ခံလိုက်ရသည်။
“ဒါက... စောင်းသံနဲ့ နယ်ပယ်ကို ဖန်တီးတာပဲ"
စောင်းလမ်းစဉ်ကို ကျွမ်းကျင်သော ကျိုရွှမ်နတ်မိမယ်၏ မျက်နှာအမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားသည်။
“မဟုတ်ဘူး... ဒါက သာမန် စောင်းသံနဲ့ နယ်ပယ်ကို ဖန်တီးတာ မဟုတ်ဘူး ၊ ဒဏ္ဍာရီထဲက... စောင်းသံနဲ့ လက်တွေ့ဘဝကို ပုံဖော်ခြင်း အဆင့်ကိုတောင် ရောက်နေပြီပဲ...”
“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
စောင်းသံနဲ့ လက်တွေ့ဘဝကို ပုံဖော်ခြင်း ဆိုသည်မှာ စောင်းသံနဲ့ နယ်ပယ်တစ်ခုကို ဖန်တီးခြင်း အဆင့်ထက် ပိုမို မြင့်မားသော အဆင့်တစ်ခု ဖြစ်သည်။
ဂီတသံစဉ်များဖြင့် အသစ်စက်စက် ကမ္ဘာတစ်ခုကို တည်ဆောက်ပြီး နားဆင်သူကို ထိုအထဲသို့ ဆွဲခေါ်သွားနိုင်ကာ၊ နားဆင်သူအနေဖြင့် လက်တွေ့နှင့် ပုံရိပ်ယောင်ကို ခွဲခြားမရနိုင်အောင် ပြုလုပ်နိုင်သည်။
သာယာငြိမ့်ညောင်းလှသော စောင်းသံသည် ထပ်မံ ပြောင်းလဲသွားသည်နှင့်အမျှ၊ အချိန်နှင့် အာကာသမှာလည်း လိုက်ပါလှုပ်ရှားနေကြပြီး စောစောက မြင်ကွင်းမှာ တစ်ဖန် ကူးပြောင်းသွားခဲ့ပြန်သည်။
သို့သော် စောင်းသံထဲတွင် နစ်မြောနေကြသော အခြားလူများနှင့် နှိုင်းယှဉ်ပါက ၊ ကျိုရွှမ်နတ်မိမယ်မှာ တစ်ဖန် ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြန်သည်။
စောစောက စူးချန်ကဲ တီးခတ်ခဲ့သည်မှာ ဖူရှစ်အမတတေးဂီတ၏ ပထမဆုံးအခန်းဖြစ်သော ချန်ရှစ် (ကမ္ဘာလောကထဲသို့ နစ်မြုပ်ခြင်း)အခန်း ဖြစ်သည်။
ယခုအခါတွင်မူ သူသည် ဖူရှစ်အမတတေးဂီတ၏ ဒုတိယမြောက်အခန်းဖြစ်သော ကျွေ့ရှစ် ( ကမ္ဘာလောကထဲသို့ ယစ်မူးခြင်း)အခန်းကို တီးခတ်နေပြီ ဖြစ်သည်။
ထို့အပြင် ဤတေးသီချင်းနှစ်ပုဒ်ကြား ဆက်စပ်မှုမှာလည်း လွန်စွာ သဘာဝကျလှပြီး ဂီတပညာရှင်တစ်ဦး၏ လက်ရာအလား ထင်မှတ်ရသည်။ သူ၏ တီးခတ်မှုသည် သူမ၏ ဆရာသခင်ထက် မနိမ့်ကျပေ။