ထျန်းချင်အမတဧကရာဇ်မင်း၏ ပုံရိပ်ယောင် ဆင်းသက်လာခြင်း
Vol. 70 Ch. 903
ငေးမှိုင်တွေဝေနေကြသော လူတိုင်း သတိပြန်လည်လာကြပြီးနောက် ၊ မည်သူမဆို မယုံကြည်နိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။
"ဟူး..... ငါ ခုနက တေးဂီတကို ကောင်းကင်စောင်းတောင်ရဲ့ အဓိကဆက်ခံသူ ကျိုရွှမ်နတ်မိမယ် တီးခတ်တာလို့ ထင်နေတာ..... တကယ်တမ်း တီးခတ်တဲ့သူက တခြားတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူး"
" တကယ်တန်း တီးခတ်ခဲ့တဲ့သူက ချန်ကဲသခင်လေး ဖြစ်နေတာပဲ"
"ဘုရားရေ...ချန်ကဲသခင်လေးရဲ့ ကျင့်ကြံပါရမီနဲ့တင် ထိတ်လန့်စရာကောင်းနေပြီ ၊ တေးဂီတပါရမီကပါ ဒီလောက်ထိ ပြိုင်ဘက်ကင်းနေရတာလဲ..ဒါက မဟာလမ်းစဉ်ရဲ့ သဘာဝတရားကို လုံးဝဆန့်ကျင်နေတာပဲ"
"ဟားဟားဟား...အဲ့တာက ငါတို့ တိုက်မြေသုံးထောင်ရဲ့ မဟာဧကရာဇ်မင်းပဲလေ ၊ ချန်ကဲထျန်းတိ့ရဲ့ ပြောင်မြောက်မှုတွေကို သာမန်သဘောတရားတွေနဲ့ ဘယ်လိုလုပ် တိုင်းတာလို့ ရမှာလဲ"
တောက်ရွှီအမတ စားသောက်ဆိုင်သို့ တတ်ရောက်ရန် ဖိတ်ကြားစာ မရရှိခဲ့ကြသော ကျင့်ကြံသူများသည်လည်း စူးချန်ကဲ တီးခတ်ခဲ့သော ဖူရှစ်အမတတေးဂီတကို ကြားပြီးနောက် အလားတူပင် အများကြီး သိမြင်နားလည်သွားကြသည်။
၎င်းတို့သည်လည်း တောက်ရွှီအမတ စားသောက်ဆိုင်ရှိရာဘက်သို့ အလိုအလျောက် ဦးညွှတ်လိုက်ကြပြီး တညီတညွတ်တည်း ကျယ်လောင်စွာ ဆိုလိုက်ကြသည်။
"ချန်ကဲသခင်လေးရဲ့ လမ်းညွှန်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်"
..........
တောက်ရွှီအမတ စားသောက်ဆိုင်အတွင်း။
ထျန်းဟောက်ရှန်း၊ ယွမ်တောက်ကျွင်း နှင့် အစောပိုင်းက စူးချန်ကဲအပေါ် သံသယဝင်ခဲ့ကြသော ကျင့်ကြံသူများမှာ ဤအခိုက်အတန့်တွင် မျက်နှာပျက်ပျက်ဖြင့် ခေါင်းငုံ့ထားကြသည်။
လူအများ၏ အာရုံစိုက်မှုကို ခံနေရသော စူးချန်ကဲကို နည်းနည်းလေးမှ မော့မကြည့်ဝံ့တော့ချေ။
မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ လေးစားမှုနှင့် ကျေးဇူးတင်စကားများသည် ဤနေရာသို့ ဒီရေအလား အဆက်မပြတ် စီးဆင်းဝင်ရောက်နေသည်။
ယင်းက သူတို့၏ မျက်နှာများကို ဖြတ်ရိုက်လိုက်သကဲ့သို့ ပူထူကာ စပ်ဖျဉ်းဖျဉ်းရှိလှသည်။
စူးချန်ကဲ တီးခတ်ခဲ့သော ဖူရှစ်အမတတေးဂီတသည် သူတို့ တွေးထားသည်ထက် လုံးဝကျော်လွန်နေခဲ့သည်။
သူတို့သည် စူးချန်ကဲအပေါ် ရန်ငြိုး သို့မဟုတ် မုန်းတီးခြင်း ရှိသော်ငြားလည်း သို့သော် တစ်ဖက်လူ တီးခတ်သွားသော တေးဂီတမှာ ၎င်းတို့၏ ဘဝတစ်သက်တာတွင် အကောင်းဆုံးတေးဂီတ ဖြစ်သည်ကို အမှန်အတိုင်း ဝန်ခံရလိမ့်မည်။
သူတို့ကို ပို၍ အရှက်ရစေခဲ့သည်မှာ စူးချန်ကဲ တီးခတ်ခဲ့သော ဖူရှစ်အမတတေးဂီတကြောင့် သူတို့ကိုယ်တိုင်ပင် အကျိုးကျေးဇူး များစွာ ရရှိခဲ့ပြီး ၊ လူတိုင်း၏ ကျင့်ကြံဆင့်များပင် လှုပ်ခတ်သွားခဲ့ရသည်။
ဤအရာသည် မည်မျှတောင် ရယ်စရာကောင်းလိုက်လေသနည်း။
"စူးချန်ကဲက..... ဒီလိုနတ်ဘုရားဆန်ဆန် တေးဂီတကို တီးခတ်နိုင်လိမ့်မယ်လို့ ထင်မထားဘူး"
အန္တိမတာအိုတရားစီရင်ရေးအဖွဲ့ မှ တောက်လျန်ရှန်း၏ လှပသော မျက်ဝန်းအစုံသည်လည်း အရောင်တောက်ပသွားပြီး ၊ စူးချန်ကဲကို ကြည့်လိုက်သည့် သူမ၏ အကြည့်ထဲတွင် အထင်ကြီးလေးစားမှုနှင့် ချီးကျူးမှုများ ရှိနေခဲ့သည်။
သူမ၏ အန္တိမတာအိုတရားစီရင်ရေးအဖွဲ့နှင့် တားမြစ်စူးမိသားစုသည် ရန်သူများ ဖြစ်ကြသော်လည်း ၊
သို့သော် တစ်ဖက်လူမှ ယခုလေးတင် တီးခတ်ပြသသွားသော စောင်းသံမှာ အမှန်တကယ်ပင် တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်ဟု ဝန်ခံရပေမည်။
" လျန်ရှန်း....."
တောက်လျန်ရှန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သော ထျန်းဟောက်ရှန်းသည် မျက်မှောင်ကြုတ်လိုက်မိသည်။
သို့သော် သူသည် ရှုံးနိမ့်သွားပြီးနောက်တွင် ပြသနာထပ်ရှာသည့် လုပ်ရပ်မျိုး ပြုလိမ့်မည် မဟုတ်ပေ။ ထိုသို့ပြုလုပ်ခြင်းက မိမိကိုယ်ကိုယ် အရှက်ခွဲခြင်းသာ ဖြစ်ပေလိမ့်မည်။
"စူးချန်ကဲ...."
"ငါ မင်းကို လျှော့တွက်မိသွားတာပဲ...."
ရိုးရှင်းသော ထိပ်တိုက်တွေ့ဆုံမှု တစ်ကြိမ်တည်းဖြင့်ပင် သူသည် စူးချန်ကဲ၏ ထူးခြားမှုကို ခံစားလိုက်ရပြီ ဖြစ်သည်။
သို့သော် သူတို့နှစ်ဦးကြားရှိ ရန်ငြိုးသည် နက်ရှိုင်းစွာ အမြစ်တွယ်သွားခဲ့လေပြီ။
စစ်မှန်သော တိုက်ပွဲသည် ယခုကစပြီး စတင်ပေတော့မည်။
........
ဘေးနားတွင် တစ်ချိန်လုံး ပွဲကြည့်နေခဲ့သော ကျီချောင်ကဲသည် လက်ပိုက်ထားရင်း ဦးစွာ စူးချန်ကဲကို ကြည့်လိုက်ပြီးနောက် ၊ ထျန်းဟောက်ရှန်းကို တစ်ချက် ပြန်ကြည့်လိုက်သည်။
ထို့နောက် သူ၏ နှုတ်ခမ်းထောင့်တွင် ထူးခြားသော အပြုံးတစ်ခု လှစ်ဟသွားလေ၏။
"အခြေအနေတွေက စိတ်ဝင်စားဖို့ ကောင်းလာပြီပဲ"
.........
အချိန်အတော်တန် ကြာပြီးနောက်၊
တုန်လှုပ်ခြောက်ခြားနေကြသော ကျင့်ကြံသူများသည် နောက်ဆုံးတွင် စိတ်တည်ငြိမ်သွားကြပြီ ဖြစ်သည်။
သို့သော် လူတိုင်း၏ အကြည့်များက စင်မြင့်ထက်ရှိ စူးချန်ကဲထံတွင်သာ ရှိနေဆဲပင်။
ကောင်းကင်စောင်းတောင်၏ ဆက်ခံသူ ကျိုရွှမ်နတ်မိမယ်သည်ပင် မျက်ရည်များ ဝဲနေပြီး ၊ သူမ၏ လှပသော မျက်ဝန်းတစ်စုံသည် ဝမ်းမြောက်စွာဖြင့် တောက်ပနေခဲ့သည်။
"ဒါက ဖူရှစ်အမတတေးဂီတ.... စတုတ္ထခန်းဖြစ်တဲ့..... ကမ္ဘာမြေစင်ကြယ်ခြင်းအခန်းတဲ့လား"
ဝီ !
ကျိုရွှမ်နတ်မိမယ်၏ စကားသံအဆုံးတွင်၊
ထူးခြားသော အမတကျောက်တုံးတစ်တုံးသည် သူမ၏ ရင်ဘက်ထဲမှ ရုတ်တရက် ပျံသန်းထွက်ပေါ်လာပြီး ၊ ခန်းမဆောင်ကြီး၏ အလယ်တွင် မျောလွင့်လျက် ရှိနေသည်။
ချက်ချင်းဆိုသလိုပင် မဟာလမ်းစဉ် စွမ်းအားများသည် ထိုအမတကျောက်တုံးမှ ပျံ့လွင့်ထွက်ပေါ်လာခဲ့သည်။
မရေမတွက်နိုင်သော မဟာလမ်းစဉ် မှော်သင်္ကေတများစွာ ဆက်တိုက် ပေါင်းစပ်သွားပြီး အလင်းတန်းများ ဖြစ်ပေါ်လာကာ အဆုံးတွင် ပုံရိပ်တစ်ခုအဖြစ် ပုံပေါ်လာသည်။
"ဒါက......"
ဤရုတ်တရက် ဖြစ်ပေါ်လာသော အပြောင်းအလဲကြောင့် ချင်းဟုန်မြို့သခင်၏ မျက်နှာအမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
အခြားကျင့်ကြံသူများအဖို့ ဤအခြေအနေကို မသိရှိနိုင်ကြသော်လည်း ၊ အမတဧကရာဇ်မင်းတစ်ဦး ဖြစ်သော သူသည် ဤကိစ္စကို ကောင်းကောင်းကြီး နားလည်သဘောပေါက်သည်။
ဤသည်မှာ အမတဧကရာဇ်မင်းများကြားရှိ ထူးခြားသောစွမ်းရည် တစ်ခုဖြစ်သည်။
ထူးကဲသော အမတပစ္စည်းကို ကြားခံအဖြစ် အသုံးပြုပြီး ၎င်းတွင် ရှိသော မိမိ၏ နတ်အသိစိတ်တစ်မျှင်ကို နိုးထစေကာ နောက်ဆုံးတွင် မိမိ၏ ပုံရိပ်ယောင်ကို ဆင်းသက်စေခြင်းပင် ဖြစ်သည်။
ပြောစရာပင် မလိုချေ။ ထျန်းချင်အမတဧကရာဇ်မင်းသည် တေးဂီတ၏ စတုတ္ထခန်းကြောင့် ဤကြားခံပစ္စည်းမှတစ်ဆင့် သူ၏ ပုံရိပ်ယောင်ကို ဤနေရာသို့ ဆင်းသက်စေခဲ့ခြင်း ဖြစ်ရမည်။
..........
မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အာရုံစူးစိုက်မှုအောက်တွင်၊
အမတအလင်းများဖြင့် ပြိုးပျက်စွာ တောက်ပနေသော မှုန်ဝါးဝါးပုံရ်ိပ်တစ်ခုသည် တဖြည်းဖြည်း ထင်ရှားပြတ်သားလာခဲ့သည်။
ထိုပုဂ္ဂိုလ်သည် မိမိ၏ မျက်နှာအသွင်အပြင်ကို မြူခိုးများဖြင့် ဖုံးကွယ်ထားခြင်း မရှိသဖြင့် သူ၏ ရုပ်ရည်ကို အကြမ်းဖျင်း မြင်တွေ့နိုင်သည်။
ရုပ်ရည်မှာ လူငယ်တစ်ဦးနှင့် တူပြီး စိမ်းပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ဂီတလမ်းစဉ်ဆိုင်ရာ တာအိုစည်းချက်များက သူ၏ ခန္ဓာကိုယ် တစ်ဝိုက်တွင် ဝန်းရံလျက်ရှိကာ ၊ တစ်ချက်ကြည့်လိုက်ရုံဖြင့် လူ့လောကရှိ လွတ်လပ်သော တစ်ကိုယ်တည်းသမား ဂီတပညာရှင်တစ်ဦးနှင့် တူပေသည်။
"ထျန်း.... ထျန်းချင်အမတဧကရာဇ်မင်း"
တောက်ရွှီမြို့၏ အမတဘုရင်အဆင့်ရှိ စစ်သူကြီးတစ်ဦးက စိတ်မထိန်းနိုင်တော့ဘဲ အံ့ဩတုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်မိသည်။
ဤစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် ၊ လူတိုင်း၏ နှလုံးသားထဲတွင် ထိန်းမနိုင်သိမ်းမရ ထိတ်လန့်တုန်လှုပ်သွားကြသည်။
ကောင်းကင်စောင်းတောင်၏ ဂိုဏ်းချုပ်ကြီး၊ ထျန်းချင်အမတဧကရာဇ်မင်း သည် သူ၏ ပုံရိပ်ယောင်ဖြင့် ဤနေရာသို့ ကိုယ်တိုင်ကိုယ်ကျ ဆင်းသက်လာလေသလာ။
"ထျန်းချင်အမတဧကရာဇ်မင်းကို ဂါရဝပြုပါတယ်"
သတိပြန်လည်လာကြသော ကျင့်ကြံသူများသည် အရိုအသေတန်မဲ့ မပြုမှုဝံ့သဖြင့် ဦးညွှတ်ကာ အရိုအသေပေးလိုက်ကြသည်။
ချင်းဟုန်မြို့သခင်ပင်လျှင် အများနည်းတူ ဦးညွှတ်ဂါရဝပြုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အမတဧကရာဇ်များအကြားတွင်လည်း ကွာခြားချက်များ ရှိနေသောကြောင့် ဖြစ်သည်။
သူ၏ ကျင့်ကြံဆင့်မှာ ယခုအချိန်တွင် အမတဧကရာဇ် အဆင့်(၁) တွင်သာ ရှိသေးပြီး ၊ တစ်ဖက်လူသည် စစ်မှန်သော ဝါရင့်အမတဧကရာဇ်မင်း တစ်ပါး ဖြစ်ပေသည်။
.........
လူတိုင်း တစ်စုံတစ်ခုကို တွေးမိသွားပုံရကာ ထိတ်လန့်တုန်လှုပ်နေသော မျက်ဝန်းများဖြင့် စူးချန်ကဲရှိရာဘက်သို့ လှည့်ကြည့်မိလိုက်ကြသည်။
ထျန်းချင်အမတဧကရာဇ်မင်းသည် စူးချန်ကဲအတွက် ရည်ရွယ်ကာ ရောက်ရှိလာခဲ့လေသလော။
သို့သော်လည်း လူအများ၏ ထိတ်လန့်နေသော အမူအရာများနှင့် နှိုင်းယှဉ်ပါက ၊ စူးချန်ကဲမှာမူ အလွန်ပင် တည်ငြိမ်နေပြီး ရိုသေလေးစားသော လေသံဖြင့် ဦးညွှတ်လိုက်သည်။
" ကျွန်တော် မျိုးဆက်သစ် စူးချန်ကဲ၊ ထျန်းချင်အမတဧကရာဇ်မင်းကို ဂါရဝပြုပါတယ်"
သူ ဖူရှစ်အမတတေးဂီတကို တီးခတ်နေစဉ်က ၊ ကျိုရွှမ်နတ်မိမယ်သည် ထူးခြားသော အာကာသဆိုင်ရာ နတ်ဘုရားပစ္စည်းတစ်ခုအား အသုံးပြုခဲ့သည်ကို သူ သတိပြုမိခဲ့သည်။
သူ တီးခတ်ခဲ့သော ဤဖူရှစ်အမတတေးဂီတကို အထူးနည်းလမ်းတစ်ခုခုဖြင့် ထျန်းချင်အမတဧကရာဇ်မင်းထံသို့ ပေးပို့ခဲ့ပြီး အပြည့်အစုံကြားနိုင်အောင် လုပ်ပေးခဲ့ပုံရသည်။
ပြောစရာပင်မလိုချေ။ တစ်ဖက်လူသည် ဖူရှစ်အမတတေးဂီတ၏ စတုတ္ထခန်းအတွက် ရောက်ရှိလာခြင်းသာ ဖြစ်ရမည်။
枫叶🍁: