ရှေ့တိုးနောက်ဆုတ်ပညာဖြင့် အမတဧကရာဇ်မင်းအား စိတ်ရင်းမှန်ဖြင့် သစ္စာခံစေခြင်း
Vol. 70 Ch. 904
ထျန်းချင်အမတဧကရာဇ်မင်းသည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို ဂရုမစိုက်ဘဲ စူးချန်ကဲရှိရာ ဘက်သို့ နှုတ်ဆက်ဟန်ဖြင့် ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် နွေဦးလေပြေကဲ့သို့ နွေးထွေးသော အပြုံးတစ်ခု ရှိနေခဲ့သည်။
သူ၏ နက်ရှိုင်းလှသော မျက်ဝန်းအစုံသည် စူးချန်ကဲအား ခေါင်းမှခြေအဆုံး အကဲခတ်ကြည့်ရှုနေပြီး တစ်ဖက်လူကို ထွင်းဖောက်မြင်နိုင်ရန် ကြိုးစားနေပုံရသည်။
ဤကဲ့သို့သော အကြည့်ကြောင့် စူးချန်ကဲသည်လည်း မလုံမလဲ ခံစားလိုက်ရသည်။
သူ့ဘက်မှ စကားစရန် ပြင်လိုက်စဉ်မှာပင် ၊ ထျန်းချင်အမတဧကရာဇ်မင်းက ဦးစွာ စကားဆိုလာခဲ့သည်။
"ချန်ကဲသခင်လေး ၊ ဖုန်းဝူယွင် ဆိုတဲ့ နာမည်ကို ကြားဖူးသလား"
ဤစကားများ ထွက်လာသည်နှင့် ၊ ပတ်ဝန်းကျင်တစ်ခုလုံး တစ်ဖန် တိတ်ဆိတ်ငြိမ်ကျသွားသည်။
ထိုစကားကို ကြားလိုက်ရသူတိုင်း ဝေခွဲမရဖြစ်သွားကြသည်။
'ဖုန်းဝူယွင်ဆိုတာ ဘယ်သူလဲ..'
' ထျန်းချင်အမတဧကရာဇ်မင်းရဲ့ နှုတ်ကနေ ထွက်လာတာဆိုတော့ သူက ငါတို့ အမတနယ်မြေရဲ့ ထူးချွန်ထက်မြက်တဲ့ အမတဧကရာဇ်မင်းများလား...'
လူတိုင်း ဝေခွဲမရဖြစ်နေကြသော်လည်း ၊ စူးချန်ကဲ၏ နှလုံးသားထဲတွင် မိုးကြိုးတစ်ချက် ပစ်ချလိုက်သကဲ့သို့ပင်။
ဖုန်းဝူယွင်ကို သူ မည်သို့ မသိရှိမည်နည်း။
သို့သော် တစ်ဖက်လူသည် ဤနာမည်ကို အဘယ်ကြောင့် သိနေရသနည်း။
' မဟုတ်မှလွဲရော... သူ ခန့်မှန်းခဲ့သလိုပဲ ဖုန်းဝူယွင်က အမတနယ်မြေရဲ့ သမိုင်းကြောင်းထဲမှာ အမှန်တကယ် ရှိခဲ့ဖူးတာလား...'
ထို့နောက်တွင် အမည်မသိ အပြောင်းအလဲနှင့် ရင်ဆိုင်ခဲ့ရသဖြင့် အမတနယ်မြေ မှ သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့လေသလော။
..........
စူးချန်ကဲ၏ စိတ်ထဲတွင် လှိုင်းတံပိုးများ ထန်နေသော်လည်း ၊
သူ၏ အတွေးများကို လျင်မြန်စွာ ထိန်းချုပ်လိုက်ပြီး မျက်နှာပြင်ပေါ်တွင် မည်သည့်ထူးခြားသော အမူအရာကိုမျှ မပြသခဲ့ချေ။
သို့သော်လည်း ထျန်းချင်အမတဧကရာဇ်မင်းသည် ရောက်လာလာချင်း၊ ဖုန်းဝူယွင်၏ အမည်နာမကို ထုတ်ဖော်မေးမြန်းလာခဲ့သည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် တစ်ဖက်လူသည် တစ်ခုခုကို သိထားမည်မှာ ဧကန်မလွဲပင်။
အကယ်၍ မိမိသည် ဖုန်းဝူယွင်ကို မသိကြောင်း ငြင်းဆိုလိုက်လျှင် သို့မဟုတ် မရေမရာဖြင့် လှည့်ပတ်ပြောဆိုနေပါက ၊ အမှားအယွင်းများစွာ ဖြစ်ကာ အားနည်းချက်တစ်ခု ဖြစ်သွားနိုင်သည်။
စိတ်ထဲတွင် ဆုံးဖြတ်ချက်ချပြီးနောက် ၊ စူးချန်ကဲသည် ထျန်းချင်အမတဧကရာဇ်မင်း၏ အကြည့်ကို ရင်ဆိုင်ကာ ပြန်ဖြေလိုက်၏။
" ကျွန်တော်နဲ့ စီနီယာကြီး ဖုန်းဝူယွင်ကြားက ဆက်ဆံရေးက နည်းနည်း ထူးခြားပါတယ်၊ သိတယ်လို့ ပြောရင်လည်း ရသလို မသိဘူးလို့ ပြောရင်လည်း ရပါတယ်"
" ဒါပေမဲ့ အကြောင်းအရင်းအချို့ကြောင့် ကျွန်တော်ဟာ စီနီယာကြီး ဖုန်းဝူယွင်ရဲ့ တေးဂီတအမွေအနှစ်အချို့ကို ဆက်ခံရရှိခဲ့ပါတယ်... အဲဒီအထဲမှာ ဖူရှစ်အမတတေးဂီတရဲ့ အပြည့်အစုံလည်း ပါဝင်ပါတယ်"
အမှန်အားဖြင့် စူးချန်ကဲသည် ဖုန်းဝူယွင်၏ တစ်သက်တာ တေးဂီတအမွေအနှစ်တစ်ခုလုံးကို ဆက်ခံရရှိခဲ့ခြင်း ဖြစ်သည်။
ဤနေရာတွင် လူအများအပြား ရှိနေပြီး ၊ ထျန်းချင်အမတဧကရာဇ်မင်း၏ စကားတစ်ခွန်းတည်းဖြင့် မိမိ၏ ဖဲချပ်အားလုံးကို ထုတ်ပြလောက်အောင်အထိ သူသည် မိုက်ရူးရဲဆန်သူ မဟုတ်ပေ။
ဖုံးကွယ်မည်ဆိုပါက တစ်ဖက်လူမှ သံသယဖြစ်လာနိုင်သည်။ ထို့ကြောင့် သူ့အနေဖြင့် အမှန်တရား တစွန်းတစ်စကိုသာ ထုတ်ဖော်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
ဤနည်းက လူအများကို တွေးတောစရာ ဖြစ်စေမည့်အပြင် တစ်ဖက်လူကိုလည်း တွေးတောဆင်ခြင်စရာ ဖြစ်စေမည်။ ထို့အပြင် မိမိအတွက်လည်း အကျိုးအမြတ်တစ်ခုခု ရရှိနိုင်သည်။
.........
ထျန်းချင်အမတဧကရာဇ်မင်းသည် စူးချန်ကဲ၏ စကားများကို ကြားပြီးနောက် သိသိသာသာ အံ့အားသင့်သွားဟန် ရှိသည်။
"ဒါကြောင့်ကိုး"
သို့သော် သူသည် ထပ်မံ မေးမြန်းခြင်းမရှိဘဲ ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲ ဖြစ်ကာ မည်သည့်ခံစားချက်ကိုမျှ မမြင်တွေ့နိုင်ချေ။
ခဏအကြာတွင် ထျန်းချင်အမတဧကရာဇ်မင်းသည် စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်ဟန်ဖြင့် ထပ်မံ ပြောဆိုလာခဲ့သည်။
"ချန်ကဲသခင်လေး၊ ငါ့ရဲ့ တပည့်ဖြစ်သူကလည်း အရင်က မင်းကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောပြခဲ့ဖူးမယ်လို့ ယုံကြည်ပါတယ်"
"တကယ်လို့ ချန်ကဲသခင်လေးက ဖူရှစ်အမတတေးဂီတရဲ့ စတုတ္ထခန်းကို ငါတို့ ကောင်းကင်စောင်းတောင်ထံ လွှဲပြောင်းသင်ကြားပေးနိုင်မယ်ဆိုရင် ...."
"ငါတို့ ကောင်းကင်စောင်းတောင်ဟာ ချန်ကဲသခင်လေးကို အရှင်သခင်အဖြစ် သတ်မှတ်ဖို့ ဆန္ဒရှိပြီး ချန်ကဲသခင်လေးရဲ့ အမိန့်ကို မလွဲမသွေ နာခံပါ့မယ် "
"ချန်ကဲသခင်လေးအနေနဲ့ သဘောတူနိုင်မလား မသိဘူး"
........
ထိုစကားသံအဆုံးတွင် ၊
အချိန်နှင့် အာကာသသည် လုံးဝ အေးခဲသွားသကဲ့သို့ ၊ လူတိုင်း အသက်ရှုဖို့ကိုပင် မေ့လျော့နေကြပြီး နှလုံးခုန်သံများပင် ရပ်တန့်လုမတတ် ဖြစ်ခဲ့ရသည်။
ကျိုရွမ်နတ်မိမယ်တင်မက ယခု ထျန်းချင်အမတဧကရာဇ်မင်းကိုယ်တိုင် ဆင်းသက်လာပြီး ဤကဲ့သို့ ကတိပြုလာခဲ့သည်။
အမတနယ်မြေတွင် စူးချန်ကဲ၏ ပြိုင်ဘက်ကင်းသော နောက်ခံကို ထည့်မဆိုခင် ၊ ယခု ထျန်းချင်အမတဧကရာဇ်မင်းသည် မိမိ၏ ကောင်းကင်စောင်းတောင်ကိုပင် စူးချန်ကဲထံသို့ ပုံအောရန် ဆန္ဒရှိနေလေသလော။
သို့သော်လည်း လူတိုင်း မှန်းဆထားသည်ထက် ကျော်လွန်သွားသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထိုစကားကို ကြားလိုက်ရသော စူးချန်ကဲသည် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး ပြုံးလျက် ဆိုလိုက်သည်။
" စီနီယာကြီးအနေနဲ့ ဒီလောက်အထိ လုပ်ဖို့ မလိုပါဘူး ၊ ကောင်းကင်စောင်းတောင် အနေနဲ့လည်း ကျွန်တော့်ရဲ့ ဦးဆောင်မှုကို လိုက်ဖို့ မလိုပါဘူး"
...........
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေပြီး ၊ စူးချန်ကဲ၏ စကားသံသာလျှင် ပဲ့တင်ထပ်သွားခဲ့သည်။
ဤစကားကို ကြားလိုက်ရသူတိုင်း မျက်လုံးများ ပြူးကျယ်သွားပြီး ဆွံ့အသွားကြရသည်။
ဤကဲ့သို့ အေးခဲနေသော လေထုသည် စက္ကန့်အနည်းငယ် ကြာမြင့်ပြီးနောက်တွင် လူအုပ်ကြီးမှာ ဆူညံပွက်လော ရိုက်ခတ်သွားလေတော့၏။
"ငါ ခုနက နားကြားမှားတာလား ၊ စူးချန်ကဲက ထျန်းချင်အမတဧကရာဇ်မင်းရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်တာလား"
"ချန်ကဲသခင်လေး ဝေခွဲမရ ဖြစ်နေတာလား၊ ကောင်းကင်စောင်းတောင်က ငါတို့ အမတနယ်မြေမှာ ထိပ်တန်းကျင့်ကြံအင်အားစု မဟုတ်တောင် ဂီတလမ်းစဉ်မှာတော့ ဘယ်သူမှ သူ့ကို မယှဉ်နိုင်ဘူး"
"ဒီလို အင်အားစုတစ်ခုက စိတ်ရင်းမှန်နဲ့ သစ္စာခံဖို့ ဆန္ဒရှိနေတာလေ ၊ ဒါဟာ ချန်ကဲသခင်လေးအတွက် အလွန်ကြီးမားတဲ့ အထောက်အကူ ဖြစ်စေမှာလေ"
"ဒီလို ငြင်းပယ်လိုက်တာက နည်းနည်းတော့ ဝေခွဲမရ ဖြစ်စရာပဲ"
သို့သော် သူတစ်ပါး ပျက်စီးရာ ပျက်စီးကြောင်းကို ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြသော လူအချို့လည်း ရှိပေသည်။
ထျန်းဟောက်ရှန်းတို့၏ အရိပ်အယောင်ပြမှုအောက်တွင် သရော်သောစကားများကို ပြောဆိုလာကြသည်။
" ဟားဟားး.... သူ့ဟာသူ ဘယ်လိုပြောပြောပေါ့ ၊ ချန်ကဲသခင်လေး ဘာလုပ်လုပ် မင်းတို့နဲ့ ဘာဆိုင်လို့လဲ"
" ကြညိ့ရတာ ချန်ကဲသခင်လေးက သူ့နောက်ခံက လုံလောက်အောင် တောင့်တင်းနေပြီလို့ ခံစားရလို့ ကောင်းကင်စောင်းတောင်ကို မျက်စိထဲ မထည့်တာလည်း ဖြစ်နိုင်တာပဲ"
"ဟားဟားဟား, ငါ့အမြင်အရ ပြောရမယ်ဆိုရင် ချန်ကဲသခင်လေးက အတော်လေး မာနကြီးတာပဲနော်"
「...........」
စူးချန်ကဲ၏ စကားကြောင့် ကျိုရွှမ်နတ်မိမယ်သာမက ထျန်းချင်အမတဧကရာဇ်မင်း၏ မျက်နှာအမူအရာသည်လည်း အနည်းငယ် ပျက်ယွင်းသွားခဲ့သည်။
သူတို့၏ ကောင်းကင်စောင်းတောင်သည် စူးချန်ကဲ၏ နောက်ခံ မည်မျှအထိ တောင့်တင်းသည်ကို သိရှိထားသလို ၊ တစ်ဖန် ဖူရှစ်အမတတေးဂီတသည်လည်း မည်သည့်အရာကို ကိုယ်စားပြုမှန်း နားလည်ထားသည်။
တစ်ဖက်လူ၏ တေးဂီတပါရမီသည် အလွန်ပြောင်မြောက်နေသဖြင့် မိမိတို့၏ ကောင်းကင်စောင်းတောင်သည် သူ့အတွက် သီးသန့် တီးခတ်ပေးရန်လည်း မလိုအပ်ပေ။
ထို့ကြောင့် မိမိတို့ဘက်မှ ပေးအပ်နိုင်သော တစ်ခုတည်းသော အရင်းအနှီးမှာ မိမိတို့၏ အရာအားလုံးကို ပုံအောလောင်းကြေးထပ်ပြီး စူးချန်ကဲ၏ အမိန့်ကို မလွဲမသွေ နာခံရန်သာ ရှိတော့သည်။
သို့သော် စူးချန်ကဲသည် တိုက်ရိုက် ငြင်းပယ်လိုက်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
အချိန်အနည်းငယ် ကြာပြီးနောက်၊
စူးချန်ကဲသည် ထျန်းချင်အမတဧကရာဇ်မင်းကို ဦးညွှတ်လိုက်ပြီး ဆက်ပြောလေသည်။
" ကောင်းကင်စောင်းတောင်ရဲ့ ရည်ရွယ်ချက်က ဂီတလမ်းစဉ်ကိုသာ လေ့လာလိုက်စားလိုပြီး ၊ လောကီရေးရာ အငြင်းပွားမှုတွေထဲမှာ မပါဝင်ချင်ဘူးဆိုတာ ကျွန်တော် သိပါတယ်"
" ဒါပေမဲ့ ချန်ကဲက ဂီတလမ်းစဉ်တင်မကဘဲ ကျင့်ကြံလမ်းစဉ်ကိုပါ လိုက်စားကျင့်ကြံသူတစ်ယောက်ပါ"
" ချန်ကဲအနေနဲ့ ကောင်းကင်စောင်းတောင်လို ဖြူစင်တဲ့ ဂီတဂိုဏ်းတစ်ခုကို ကျင့်ကြံလောကရဲ့ အငြင်းပွားမှုတွေထဲ မဆွဲသွင်းချင်ပါဘူး"
စူးချန်ကဲသည် စကားလမ်းကြောင်းကို တစ်ဖန် လွှဲပြောင်းလိုက်ပြန်သည်။
" ဒါပေမဲ့ စီနီယာကြီးနဲ့ ကောင်းကင်စောင်းတောင်က တေးဂီတကို မြတ်နိုးတယ်ဆိုတာ ချန်ကဲ သိပါတယ်"
" ဖူရှစ်အမတတေးဂီတဟာ စီနီယာကြီးနဲ့ ကောင်းကင်စောင်းတောင်ရဲ့ လက်ထဲမှာ ပိုပြီး တောက်ပလာမယ် ဆိုတာ သေချာပါတယ်"
"ဒါကြောင့် ချန်ကဲအနေနဲ့ ဖူရှစ်အမတတေးဂီတတင်မကဘဲ စီနီယာကြီးတို့အတွက် တခြားသော ပျောက်ဆုံးနေတဲ့ မဟာလမ်းစဉ် အမတတေးဂီတတွေကိုပါ လက်ဆောင်အဖြစ် ပေးအပ်ဖို့ ဆန္ဒရှိပါတယ်"
ထိုသို့ပြောပြီးသည်နှင့်၊
စူးချန်ကဲသည် မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ မိမိ၏ ရင်ဘက်ထဲမှ ကျောက်စိမ်းပေလွှာတစ်ချပ်ကို ထုတ်ယူလိုက်ပြီး စိတ်အာရုံတစ်ခုကို ထည့်သွင်းလိုက်သည်။
ဖူရှစ်အမတတေးဂီတနှင့် ပျောက်ဆုံးနေပြီ ဖြစ်သော အမတတေးဂီတ အချို့ကိုပါ ကျောက်စိမ်းပေလွှာထဲတွင် မှတ်တမ်းတင်လိုက်ပြီးနောက် ၊ ၎င်းကို ထျန်းချင်အမတဧကရာဇ်မင်းထံသို့ ရိုသေစွာဖြင့် ကမ်းပေးလိုက်သည်။
ကောင်းကင်စောင်းတောင်သည် မိမိ၏ အမိန့်ကို နာခံရန် ဆန္ဒရှိခြင်းမှာ မိမိအတွက် အကျိုးကျေးဇူးရှိမည်မှာ သေချာသည်။
သို့သော်လည်း ထျန်းချင်အမတဧကရာဇ်မင်း၏ စိတ်ထဲက အတွေးကိုလည်း သူ နားလည်ထားသည်။
တစ်ဖက်လူသည် မိမိတွင် အလွန် တောင့်တင်းသော နောက်ခံရှိသဖြင့် အခြားသော အရင်းအနှီးများ မပေးနိုင်သောကြောင့်သာ ဤကဲ့သို့ အရာအားလုံးကို လောင်းကြေးထပ်၍ ဖူရှစ်အမတတေးဂီတနှင့် လဲလှယ်ရန် ကြိုးစားခြင်းသာ ဖြစ်သည်။
ဤချဉ်းကပ်မှုသည် ကိုယ့်သိက္ခာကို စွန့်လွှတ်လိုက်ခြင်း ဖြစ်ပြီး ၊ တစ်ဖက်လူသည် မိမိ၏ နောက်သို့ လိုက်ပါလာခဲ့လျှင်ပင် အကွာအဝေးတစ်ခု ရှိနေဦးမည် ဖြစ်သည်။
ထို့ကြောင့် ရှေ့တိုးနောက်ဆုတ်ပညာဖြင့် တစ်ဖက်လူကို လေးစားမှု ပေးအပ်လိုက်ခြင်းပင်။
တစ်ဖက်လူသည် စိတ်ရင်းမှန်ဖြင့် မိမိ၏ နောက်သို့ လိုက်ပါစေလိုပါက အကျပ်ကိုင်သည့် နည်းလမ်းဖြင့် မရနိုင်ပေ။
မိမိ၏ ကိုယ်ပိုင်အရည်အချင်းနှင့် ဆွဲဆောင်မှုကို ပြသပြီး အပြန်အလှန် နားလည်မှု တံတားတစ်စင်းကို တည်ဆောက်နိုင်မှသာ တစ်ဖက်လူအား စိတ်ရင်းမှန်ဖြင့် သစ္စာခံစေနိုင်မည် ဖြစ်သည်။
"ဒါက......"
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသူတိုင်း အံ့အားသင့်သွားကြပြီး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြမိသည်။
'ဒါ ဘယ်လိုတောင်ပါလိမ့်...'
'စူးချန်ကဲ ဒီကောင် လူကို ကစားနေတာပဲ မဟုတ်လား’