စိတ်ရင်းမှန်ဖြင့် သစ္စာခံခြင်း၊ အနာဂတ်၏ လမ်းပြမီးအိမ်
Vol. 70 Ch. 905
တစ်ချိန်တည်းမှာပင်၊ သိမြင်နားလည်နိုင်စွမ်း မြင့်မားသော အင်အားစုအချို့မှ ဆက်ခံသူများမှာလည်း စူးချန်ကဲ၏ သဘောထားကို ရိပ်မိသွားကြသည်။
စူးချန်ကဲ၏ ဤလုပ်ဆောင်ချက်မှာ အတော်လေး ပြောင်မြောက်ပေသည်။
ထျန်းချင်အမတဧကရာဇ်မင်းသည် မည်သူနည်း။
အမတနယ်မြေ၏ ဂီတလမ်းစဉ်တွင် အမတနယ်မြေ တစ်ခုလုံးကို ခြုံငုံကြည့်ပါက ၊ ထျန်းချင်အမတဧကရာဇ်မင်းသည် ထိပ်တန်း ဖြစ်တည်မှုတစ်ခုပင် ဖြစ်သည်။
ထိုကဲ့သို့သော အမတဧကရာဇ်မင်း တစ်ပါးက မိမိ၏ ကောင်းကင်စောင်းတောင်ကိုပင် ထုတ်ယူလာကာ စူးချန်ကဲ၏ အမိန့်ကို မလွဲမသွေ နာခံပါမည် ဟု ကိုယ်တိုင်ကိုယ်ကျ ပြောကြားလာခြင်းမှာ မိမိ၏ဂုဏ်သိက္ခာကို လုံးဝ စွန့်လွှတ်လိုက်ခြင်းပင်။
စူးချန်ကဲ၏ အပြုအမှုသည် ထျန်းချင်အမတဧကရာဇ်မင်း၏ မျက်နှာကို ထောက်ထားပေးရုံသာမက ကောင်းကင်စောင်းတောင်၏ ဂုဏ်သတင်းကို ကာကွယ်ပေးလိုက်ခြင်း ဖြစ်သည်။
ထို့အပြင် ဤဖူရှစ်အမတတေးဂီတကို တစ်ဖက်လူထံ လက်ဆောင်အဖြစ် ပေးအပ်လိုက်သဖြင့် တစ်ဖက်လူ၏ စိတ်ရင်းမှန်ကိုပါ အပြည့်အဝ ရရှိသွားစေသည်ဟု ဆိုရပေမည်။
စူးချန်ကဲသည် ထိပ်တန်း ရှေးဟောင်းမိသားစုကြီးတစ်ခု၏ ဆက်ခံသူဆိုသည့်အတိုင်း ပါးနပ်ပေသည်။
လက်ရှိအမတနယ်မြေ၏ မျိုးဆက်သစ် လူငယ်များကို ဖိနှိပ်နိုင်ရုံသာမကဘဲ အမတဧကရာဇ်များ၏ ရှေ့မှောက်တွင်ပင် မိမိ၏ ထူးခြားသော ကိုယ်ပိုင်ဆွဲဆောင်မှုကို ပြသနိုင်သည်။
...........
"ချန်ကဲသခင်လေး ၊ မင်းက......"
ထျန်းချင်အမတဧကရာဇ်မင်းသည် စူးချန်ကဲမှ ကမ်းပေးလာသော ကျောက်စိမ်းပေလွှာကို လှမ်းယူလိုက်ရင်း ငေးမှိုင်သွားမိသည်။
တစ်ဖက်လူသည် အပြည့်အစုံပါဝင်သော ဖူရှစ်အမတတေးဂီတကို ပေးအပ်ရုံသာမက လက်ရှိခေတ် အမတနယ်မြေတွင် မရှိသေးသော အမတတေးဂီတ အချို့ကိုပါ မိမိထံ ပေးအပ်ခဲ့လေသလော။
အမတဧကရာဇ်တစ်ပါး ဖြစ်သော သူပင်လျှင်ယခုအချိန်တွင် ဤအရာအားလုံးက လက်တွေ့မကျလောက်အောင် အိပ်မက်ဆန်လွန်းသည် ဟု ခံစားနေရသည်။
အချိန်အနည်းငယ် ကြာပြီးနောက်၊
လူတိုင်း၏ ကြည့်ရှုမှုအောက်တွင် ထျန်းချင်အမတဧကရာဇ်မင်းသည် စူးချန်ကဲဘက်သို့ ဦးညွှတ်လျက် အလေးအနက် အရိုအသေပေးလိုက်သည်။
" ချန်ကဲသခင်လေးကို ကျေးဇူးတင်ရှိပါတယ်"
" ယခင်က ငါပြောခဲ့တဲ့ စကားတွေဟာလည်း တစ်လုံးမကျန် စိတ်ရင်းမှန်တွေပါပဲ.."
"အခု ချန်ကဲသခင်လေးက ငါတို့ ကောင်းကင်စောင်းတောင်ကို ခုလို ကြီးမားတဲ့ အခွင့်အရေးကို ပေးသနားခဲ့တာကြောင့်....."
ထျန်းချင်အမတဧကရာဇ်မင်းသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် ဆက်ဆိုလိုက်သည်။
" ဒီလောက်ထိ ကြီးမားတဲ့ ကျေးဇူးတရားကို ငါတို့ ကောင်းကင်စောင်းတောင်ဟာ ကမ္ဘာတည်သရွေ့ အမြဲအမှတ်ရနေမှာပါ..."
"ချန်ကဲသခင်လေး အလိုရှိတဲ့ ဘယ်အချိန်မဆို ငါတို့ ကောင်းကင်စောင်းတောင်ဟာ ချန်ကဲသခင်လေးအတွက် အသက်ကိုပင် ပုံအပ်ပြီး တာဝန်ထမ်းဆောင်ဖို့ ဆန္ဒရှိပါတယ်"
အမတနယ်မြေ၏ အထွတ်အထိပ် စွမ်းအားရှင်တစ်ဦး ဖြစ်သည်နှင့် အလျောက် ၊ ထျန်းချင်အမတဧကရာဇ်မင်းအနေဖြင့် စူးချန်ကဲ၏ ယခင်က အပြုအမူများနှင့် စကားလုံးများထဲတွင် ပါဝင်သော အဓိပ္ပာယ်ကို ကောင်းကောင်းကြီး နားလည်ပေသည်။
ဤအထဲတွင် စူးချန်ကဲ၏ တွက်ချက်မှုအချို့ ရှ်ိနေသော်လည်း ၊
သို့သော်လည်း တစ်ဖက်လူသည် သူ၏ တောင်းဆိုချက်ကို လက်ခံရန် အခွင့်အရေး ရှိခဲ့ပြီး၊ သူနှင့် ကောင်းကင်စောင်းတောင်၏ ဂုဏ်သိက္ခာကိုလည်း ဥပေက္ခာပြုနိုင်ခဲ့သည်။
သို့သော် နောက်ဆုံးတွင်မူ ၊ ဤကဲ့သို့သော တွက်ချက်မှု နည်းလမ်းဖြင့် သူနှင့် ကောင်းကင်စောင်းတောင်၏ ဂုဏ်သိက္ခာကို အဖက်ဆယ်ပေးခဲ့သည်။
တစ်ဖက်လူတွင် အကြံအစည်ရှိလျှင်ပင် ၊ သူသည် စိတ်ရင်းမှန်ဖြင့် တစ်ဖက်လူကို အရှုံးပေးရန် ဆန္ဒရှိပေသည်။
...........
" စီနီယာကြီးအနေနဲ့ ဒီလောက်ထိ လုပ်ဖို့ မလိုပါဘူး၊ ချန်ကဲကလည်း ဒီအတိုင်း ဂီတလမ်းစဉ်ကို ကျင့်ကြံသူတစ်ဦးပါပဲ"
"စီနီယာကြီးနဲ့ ကောင်းကင်စောင်းတောင်ရဲ့ ဂုဏ်သတင်းကို သိရှိထားပြီးသားပါ ၊ ဒီခရီးစဉ် ပြီးဆုံးသွားတဲ့အခါ ချန်ကဲအနေနဲ့ ကောင်းကင်စောင်းတောင်ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး အားလုံးနဲ့အတူတူ ဂီတအကြောင်း ဆွေးနွေးချင်ပါသေးတယ်"
ဤတစ်ကြိမ်တွင်မူ စူးချန်ကဲသည် ငြင်းပယ်ခြင်း မပြုတော့ပေ။
သူ၏ ရည်ရွယ်ချက်မှာလည်း အမှန်တကယ်ပင် ကောင်းကင်စောင်းတောင်ကို မိမိ၏ လက်အောက်သို့ သိမ်းပိုက်ရန် ဖြစ်သည်။
ထပ်ပြီး အားနာနာဖြင့် ငြင်းပယ်နေပါက ဟန်ဆောင်လွန်းရာကျပြီး ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေနိုင်သည်။
"ကောင်းပြီ"
ဤစကားကို ကြားလိုက်ရသော ထျန်းချင်အမတဧကရာဇ်မင်းသည်လည်း အလွန်ပင် ဝမ်းမြောက်သွားဟန် ရှိသည်။
"အဲဒီအချိန်ကျရင် ငါတို့ ကောင်းကင်စောင်းတောင်ကလည်း သခင်လေးအတွက် ပွဲအကြီးအကျယ် ကျင်းပပြီး ကြိုဆိုပါ့မယ်"
.............
တောက်ရွှီအမတ စားသောက်ဆိုင်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေဆဲ ဖြစ်သည်။
လူတိုင်း ပါးစပ်အဟောင်းသားဖြင့် နေရာတွင်ပင် ကြောင်အမ်းစွာ ရပ်နေကြမိသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် ၊ လူအုပ်ကြီးမှာ ပွက်လောရိုက်သွားလေတော့သည်။
" မိုက်တယ်ကွာ ...ချန်ကဲသခင်လေးက ငါတို့ အမတနယ်မြေရဲ့ မျိုးဆက်သစ်လူငယ် တစ်ယောက် ဟုတ်ရောဟုတ်ရဲ့လား၊ ထျန်းချင်အမတဧကရာဇ်မင်းလို စီနီယာကြီးကိုတောင် ရေလိုငါးလို ဝင်ဆံ့အောင် ပြောဆိုနိုင်တယ်"
"ငါတို့ အမတနယ်မြေရဲ့ ထိပ်တန်းဂီတဂိုဏ်းကြီးက... စူးချန်ကဲရဲ့ သစ္စာခံအင်အားစု ဖြစ်သွားပြီတဲ့လား...."
"အိုင်း.... ငါတို့က အမတနယ်မြေထဲ အခုမှ စတင်ခြေဆန့်ရုံပဲ ရှိသေးတယ်..... ချန်ကဲသခင်လေးကတော့ ကောင်းလိုက်တာ ..အခုကတည်းက ကိုယ်ပိုင် သစ္စာခံအင်အားစု ရှိနေပြီ ... "
"ကောင်းကင်အမတနယ်ပယ်မှာတင် လက်အောက်ခံအင်အားစုကို ပိုင်ဆိုင်ထားနိုင်တာ..... ချန်ကဲသခင်လေးသာ ရွှေအမတ နယ်ပယ်၊ အမတဘုရင် ဒါမှမဟုတ် အမတဧကရာဇ် အဆင့်ကို ရောက်သွားတဲ့အခါကျရင်...."
"ဒေဝလောကတစ်ခုလုံးကို လှုပ်ခတ်စေမယ့် အတုမရှိ အင်အားစုကြီးတစ်ခုကို တည်ထောင်နိုင်တော့မှာ မဟုတ်ဘူးလား......"
"တားမြစ်အင်အားစုရဲ့ နောက်ခံလည်း ရှိတယ်.... နောင်တစ်ချိန်မှာလည်း ကိုယ့်ကိုယ်ပိုင် ပြိုင်ဘက်ကင်း အင်အားစုကြီးတစ်ခုကိုလည်း ဖန်တီးနိုင်ဦးမယ်...."
"ဟားးး... ငါ အခုမှပဲ သဘောပေါက်တော့တယ်၊ တကယ်တော့ ငါက မဟာလမ်းစဉ်ခရီးမှာ လူအင်အား လာဖြည့်ပေးရသူသက်သက်ပဲ၊ ချန်ကဲသခင်လေးကမှ စစ်မှန်တဲ့ ဇာတ်လိုက်ကြီး ဖြစ်နေတာကိုး"
"........."
လူတိုင်း၏ ဆွေးနွေးပြောဆိုသံများကို နားထောင်ရင်း ၊ ထျန်းဟောက်ရှန်းတို့၏ မျက်နှာအမူအရာမှာ အလွန်ပင် ပျက်ယွင်းနေ၏။
သူတို့၏ နောက်ကွယ်တွင်လည်း လက်ရှိအမတနယ်မြေ၏ တားမြစ်အင်အားစုများ ရှိကြပြီး၊ မိမိတို့၏ အဆင့်အတန်းမှာလည်း သာမန်ထက် ထူးခြားပေသည်။
သို့သော် ယနေ့ တောက်ရွှီအမတ စားသောက်ဆိုင်တွင်မူ ၊ အလင်းရောင်အားလုံးကို စူးချန်ကဲတစ်ဦးတည်းကသာ အကုန် သိမ်းပိုက်သွားလေ၏။
သူတို့လို ထိပ်တန်းအင်အားစုများမှ ဆက်ခံသူများသည် စူးချန်ကဲကို ပေါ်လွင်စေမည့် ဇာတ်ရံများအဖြစ် ပြောင်းလဲသွားခဲ့ရသည်။
........
လူမသိသူမသိ ထောင့်တစ်နေရာတွင်။
အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် လက်ဖက်ရည်ခွက်ကို ကျောက်စိမ်းစားပွဲပေါ်သို့ တင်လိုက်ရင်း ၊ စူးချန်ကဲရှိရာဘက်သို့ ကြည့်ကာ အလွန်ပင် ဝမ်းမြောက်ဂုဏ်ယူနေမိသည်။
"ချန်ကဲ...... တကယ်ကို ကြီးပြင်းလာခဲ့ပြီပဲ ၊ အခုဆိုရင် ဘယ်အရာကိုမဆို မိမိကိုယ်ပိုင် တွေးခေါ်မြော်မြင်မှုတွေနဲ့ ဆောင်ရွက်တတ်နေပြီ"
"အရင်က ငါ ချန်ကဲအတွက် ရှာဖွေပေးထားခဲ့တဲ့ အဲဒီထိပ်တန်း ကောင်းကင်ဂူအင်အားစုတွေကို ချန်ကဲရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်နဲ့ ထိန်းချုပ်ဖို့ ခက်ခဲလိမ့်မယ်လို့ ငါ စိုးရိမ်နေခဲ့တာ"
"ဒါပေမဲ့ အခုကြည့်ရတာတော့.... ငါဆိုတဲ့ ဖခင်ကြီးက သားဖြစ်သူကို လျှော့တွက်မိခဲ့တာပဲ...."
"ဒါပေမဲ့လည်း ချန်ကဲက နောင်တစ်ချိန်မှာ ဘယ်လိုမျိုး အင်အားစုကို ဖန်တီးမလဲဆိုတာကိုတော့ ငါ တကယ်ပဲ မျှော်လင့်မိတယ်"
တိုးတိုးလေးရေရွတ်ရင်း ၊ စူးရွှမ်သည် ပြုံးလိုက်မိသည်။
ထို့နောက် သူသည် မိမိ၏ ရင်ဘက်ထဲမှ ခပ်ဖျော့ဖျော့ အလင်းရောင်များ ဖြာထွက်နေသည့် မျိုးစေ့တစ်စေ့ကို ထုတ်ယူလိုက်သည်။
လောကပြင်ပ ရှေးဟောင်းရွာနှင့် ဝူထျန်းသင်္ချိုင်းတွင်းသည် ချိတ်ပိတ်ဖျက်ဆီးခြင်း ခံလိုက်ရပြီ ဖြစ်သည်။
တစ်ခုတည်းသော ကျန်ရစ်ခဲ့သည့် အရာမှာ ဤနောက်ဆုံးကျန်ရစ်သော လောကသစ်ပင် မျိုးစေ့သာ ဖြစ်သည်။
ဆက်လက်၍ သူသည် ဟွမ်ကျီအမတနယ်မြေမှ ထွက်ခွာပြီး၊ အမတနယ်မြေ၏ အဆုံးစွန်ဖြစ်သော ကွေးရွှီ နယ်စပ်သို့ သွားရပေလိမ့်မည်။
သူတို့ တားမြစ်စူးမိသားစု၏ စွမ်းအားရှင်များ ခန့်မှန်းချက်အရ၊ ထိုနေရာသည် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်ကြီးများ စတင်မည့် ကနဦးနေရာများထဲမှ တစ်ခု ဖြစ်သည်။
သူသည် ဤကိုယ်ပွားခန္ဓာတွင် ကျန်ရှိနေသေးသော စွမ်းအားများကို အသုံးပြု၍ လောကမျိုးစေ့ကို ပြုစုပျိုးထောင်ကာ ကွေးရွှီနယ်စပ်တွင် အမြစ်တွယ်စေမည်။
ယင်းက သူ ဆိုသည့် ဖခင်ကြီးက အမတနယ်မြေတွင် စူးချန်ကဲအတွက် ချန်ထားပေးခဲ့သည့် နောက်ဆုံးသော အခွင့်အရေး ဖြစ်ပေသည်။
"ချန်ကဲ...."
"မင်းရဲ့ အနာဂတ်လမ်းခရီးက မှောင်မိုက်နေမှာမဟုတ်ဘူး၊ ငါတို့တွေက မင်း ရှေ့ဆက်သွားနိုင်ဖို့ လမ်းညွှန်ပေးမယ့် မီးအိမ်တွေ ဖြစ်လာပေးမယ်"
"ငါတို့ အမတနယ်မြေရဲ့ အထက်မှာ မင်းကို စောင့်နေမယ်...."
မထွက်ခွာမီ ၊ တွယ်တာမှုများ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် စူးချန်ကဲကို တစ်ချက် လှည့်ကြည့်လိုက်ပြီးနောက် သူ၏ ပုံရိပ်သည် လူအုပ်ကြားထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
စူးချန်ကဲသည် တစ်စုံတစ်ခုကို ခံစားလိုက်ရသကဲ့သို့ မသိစိတ်အရ စူးရွှမ် ပျောက်ကွယ်သွားသည့် နေရာသို့ လှမ်းကြည့်လိုက်မိသည်။
ဘာကြောင့်မှန်းမသိ သူ၏ နှလုံးသားထဲတွင် နှမြောတသဖြစ်မိသော ခံစားချက်လေးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
ဤသည်မှာ ကြာမြင့်စွာ လွမ်းဆွတ်နေခဲ့ရသော လူတစ်ယောက်နှင့် လွဲချော်သွားခဲ့ရသည့် ခံစားချက်မျိုးလိုပင်။