ရှေးဦးလျို့ဝှက်နယ်မြေက မင်းအိမ်က ဖွင့်ထားတာလား
Vol. 70 Ch. 907
စူးချန်ကဲသည် ကနဦးလျို့ဝှက်နယ်မြေ၏ အဝင်ဝကို အကဲခတ်ကြည့်ရှုနေစဉ်မှာပင်။
မဟာလမ်းစဉ်၏ ပဲ့တင်ထပ်သံနှင့်တူသော အသံတစ်သံသည် သူ၏ဦးနှောက်ထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
"ကနဦးရဲ့ အစ၊ အရာအားလုံး ပြန်လည်ဆုံစည်းရာ၊ သေခြင်းရှင်ခြင်း ၊ အရာရာတိုင်းက ခန့်မှန်းရခက်တယ်....."
"မင်းက... အထွတ်အထိပ်အဆင့်ကိုတောင် မရောက်သေးဘဲနဲ့.... ဒီလို အမှန်တရားကို လာရောက်ထိတွေ့ဝံ့တယ်ပေါ့...."
“ဘယ်သူလဲ"
စူးချန်ကဲသည် ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားပြီး အာမေဍိတ်သံ ပြုလိုက်သည်။
သို့သော်လည်း နားထဲတွင်မူ ဤထူးဆန်းသော အသံသည် အချိန်အတော်ကြာသည်အထိ ပဲ့တင်ထပ်နေခဲ့ပြီး၊ ၎င်းမှာ အမှန်တကယ်လား သို့မဟုတ် စိတ်အာရုံချောက်ခြားခြင်းလား ဆိုသည်ကိုပင် သူ လုံးဝ ခွဲခြားနိုင်ခြင်း မရှိခဲ့ချေ။
“ချန်ကဲ"
လော့ရန်ယွီသည် မျက်တောင်ပင်မခတ် စူးချန်ကဲအား စိုက်ကြည့်နေ၏။
“ဘာမှမဖြစ်ပါဘူး....”
စူးချန်ကဲသည် ခေါင်းခါယမ်းလိုက်ပြီး ပြန်ဖြေလိုက်သည်။
"စိတ်အာရုံချောက်ခြားပြီး ကြားလိုက်တာ ဖြစ်ပါလိမ့်မယ်"
ဤအသံမှ သူ့ကို ပေးစွမ်းသည့် ခံစားချက်မှာ အတော်လေး ထူးဆန်းလှပေသည်။ တစ်ဖက်လူသည် မိမိကို ရည်ရွယ်ချက်ရှိရှိဖြင့် စောင့်ဆိုင်းနေခဲ့သကဲ့သို့ပင်။
ထိုစကားကို ကြားလိုက်ရသော လော့ရန်ယွီ၏ ရင်ထဲတွင် အနည်းငယ် စိုးရိမ်ပူပန်သွားခဲ့ပြီး၊ သူမအနေဖြင့် ဆက်လက် စကားမပြောရသေးမီမှာပင်။
ဝုန်း!
ရုတ်တရက် ၊ လှပဆန်းကြယ်သော ကြယ်တာရာ မြစ်ကြောင်းကြီးတစ်ခုလုံးသည် အမတအလင်းများဖြင့် ပြင်းထန်စွာ တောက်ပလာခဲ့သည်။
“ ဒါဘာတွေ ဖြစ်ကုန်တာလဲ"
မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် ၊
ကြယ်တာရာ မြစ်ကြောင်းကြီးတစ်ခုလုံးသည် နောက်ပြန်စီးဆင်းသွားဟန် ရသည်။
မူလက ကျယ်ပြောလှသော ကြယ်တာရာအလင်းတန်းများဖြင့် ဖုံးကွယ်ထားခြင်း ခံထားရသော ရှေးဦးလျို့ဝှက်နယ်မြေ၏ အဝင်ဝသည် ဤအခိုက်အတန့်တွင် ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
ထို့နောက်တွင် ၊ ကြယ်တာရာ မြစ်ကြောင်းကြီးတစ်ခုလုံး အနည်းငယ် တုန်ခါသွားသည်။
ဝုန်း!
မရေမတွက်နိုင်သော ရွှေရောင် မှော်သင်္ကေတများစွာ စုဝေးထွက်ပေါ်လာခဲ့ပြီး ၊ ၎င်းတို့သည် အဆင့်ဆင့်သော လှေကားထစ်များအလား ပြောင်းလဲသွားကြကာ အမည်မသိ ဆန်းကြယ်သော အရပ်ဒေသဆီသို့ ဦးတည်နေခဲ့သည်။
သေသေချာချာ ရေတွက်ကြည့်ရှုမည်ဆိုပါက ၊ မဟာလမ်းစဉ် သင်္ကေတများဖြင့် ဖွဲ့စည်းထားသော ဤအမတလှေကားထစ်မှာ စုစုပေါင်း ကိုးထောင်ကိုးရာကိုးဆယ်ကိုးဆင့် တိတိ ရှိနေခဲ့သည်။
အမတလှေကားထစ်၏ အဆုံးသတ်တွင်မူ၊ ကြီးမားထည်ဝါလှသော ရှေးဟောင်းတံခါးကြီးတစ်ချပ် ထင်ရှားစွာ တည်ရှိနေခဲ့ပြီး၊ ထိုရှေးဟောင်းတံခါးကြီး၏ ရှေ့တွင် နတ်ဘုရားကျောက်တိုင်တစ်တိုင် တည်ရှိနေ၏။
တိတိကျကျ ဆိုရလျှင်ဖြင့်၊ ၎င်း၏အပေါ်တွင် မည်သည့် မဟာလမ်းစဉ် စာသားမျှ မရှိချေ။ ၎င်းမှာ စာသားမဲ့ နတ်ဘုရားကျောက်တိုင်တစ်ခုသာ ဖြစ်ပေသည်။
“အမ်......”
ဤရုတ်တရက်ဆန်သော ဖြစ်ရပ်ကြောင့် လူတိုင်း အာမေဍိတ်ပြုလိုက်ကြပြီး ၊ ဆွေးနွေးငြင်းခုံသံများ တရစပ် ထွက်ပေါ်လာခဲ့တော့သည်။
“ဒါကရော ဘာလဲ ၊ ဘာဖြစ်လို့ ရှေးဦးလျို့ဝှက်နယ်မြေရဲ့ ရှေ့မှာ ခုလို အမတလှေကားထစ်တစ်ခု ထွက်ပေါ်လာရတာလဲ"
“ဒီလုပ်ရပ်က ဘာကို ဆိုလိုတာလဲ ...ဒီလှေကားထစ်ကို ဖြတ်ကျော်နိုင်တဲ့သူမှသာ ရှေးဦးလျို့ဝှက်နယ်မြေထဲကို ဝင်ရောက်ဖို့ အရည်အချင်းရှိမယ်ဆိုတဲ့ စမ်းသပ်မှုမျိုးတော့ မဟုတ်ဘူးမလား"
“ ရှေးဦးလျို့ဝှက်နယ်မြေထဲကို ဝင်ရောက်ဖို့အတွက် ကောင်းကင်အမတနယ်ပယ် ဖြစ်ဖို့ လိုအပ်ရုံတင်မကဘဲ ကာယစွမ်းအားကိုပါ စမ်းသပ်ဖို့ လိုအပ်သေးတာလား ၊ ဒါက အဓိပ္ပာယ်မဲ့လွန်းတယ်"
“..........”
လူတိုင်း ဆွေးနွေးငြင်းခုံနေကြစဉ်မှာပင်၊ အချို့သော သတ္တိရှိသူများက အမတလှေကားထစ်ပေါ်သို့ တက်လှမ်းရန် ရွေးချယ်လိုက်ကြပြီ ဖြစ်သည်။
သူတို့ ဤနေရာသို့ လာရောက်ခဲ့ခြင်းမှာ ရှေးဦးလျို့ဝှက်နယ်မြေအတွက်သာ ဖြစ်ပြီး၊ အကယ်၍ ဤထူးဆန်းသော ဖြစ်ရပ်ကြောင့် နောက်ပြန်ဆုတ်ခဲ့မည်ဆိုပါက အစကတည်းက လာရောက်ခဲ့လိမ့်မည် မဟုတ်ပေ။
တစ်စုံတစ်ယောက်က ရှေ့ဆောင်လမ်းပြအဖြစ် တတ်လှမ်းသွားသည်ကို မြင်တွေ့လိုက်ရချိန်တွင် ကျန်သူများကလည်း အမတလှေကားထစ်ပေါ်သို့ အပြိုင်အဆိုင် တက်လှမ်းလိုက်ကြတော့သည်။
ထျန်းဟောက်ရှန်း၊ တောက်လျန်ရှန်း၊ ကျီချောင်ကဲ စသည့် တားမြစ်အင်အားစုများ၏ ဆက်ခံသူ အများအပြားသည်လည်း ၎င်းအပေါ်သို့ တက်လှမ်းလိုက်ကြပြီ ဖြစ်သည်။
သူတို့သည် ထိပ်တန်းအင်အားစုများ၏ ဆက်ခံသူများ ဖြစ်သည်နှင့်အလျောက် ၊ အမတလှေကားထစ်ပေါ်သို့ တက်လှမ်းသည့် နှုန်းမှာ လွန်စွာ မြန်ဆန်လှသည်ဟု ဆိုရပေမည်။
ခဏအတွင်းမှာပင်၊ အမတလှေကားထစ်၏ တစ်ဝက်ခန့်အထိ တက်လှမ်းပြီးစီးသွားခဲ့ကြပြီ ဖြစ်သည်။
ဤမျှ မြန်ဆန်လှသော နှုန်းကြောင့် ဘေးပတ်ဝန်းကျင်မှ စောင့်ကြည့်နေကြသော ကျင့်ကြံသူများ၏ ရင်ထဲတွင် သံသယများ တိုးပွားလာခဲ့သည်။
ဤအမတလှေကားထစ်သည် ဖိနှိပ်မှုကို စမ်းသပ်သည့် လှေကားတစ်ခု မဟုတ်လေသလော။
...........
ဘေးတစ်ဖက်မှနေ၍ အခြေအနေကို ခဏတာ စောင့်ကြည့်နေခဲ့သော စူးချန်ကဲသည် မျက်ခုံးတစ်ချက် ပင့်တင်လိုက်သည်။
“သွားကြစို့၊ ငါတို့လည်း ဒီအမတလှေကားထစ်ကို သွားရောက် ရင်ဆိုင်ကြည့်ကြတာပေါ့"
မကြာမီမှာပင်၊ စူးချန်ကဲ အပါအဝင် တားမြစ်အင်အားစု လေးခုမှ လူများသည်လည်း အမတလှေကားထစ်ပေါ်သို့ ရောက်ရှိလာခဲ့ကြသည်။
စူးချန်ကဲ အမတလှေကားထစ်ပေါ်သို့ ရောက်ရှိလာခဲ့သည့် အခိုက်အတန့်မှာပင်။
မိမိ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ထူးဆန်းသော စွမ်းအားတစ်ခုက လွှမ်းခြုံထားသကဲ့သို့ ခံစားလိုက်ရသည်။
၎င်းမှာ မဟာလမ်းစဉ်ဆိုင်ရာ ဖိအားတစ်ရပ်နှင့် အနည်းငယ် ဆင်တူသော်လည်း၊ ကြီးမားသော ကွာခြားချက်များ ရှိနေခဲ့သည်။
မဟာလမ်းစဉ် ဖိအားဆိုသည်မှာ ကျင့်ကြံသူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်အပေါ်သို့ သက်ရောက်သည့် ဖိအား ဖြစ်သည်။
သို့သော်လည်း ဤစွမ်းအားသည် လွန်စွာ ထူးဆန်းပြီး၊ သူ အမတလှေကားထစ်ပေါ်သို့ တက်လှမ်းလိုက်သည့် အခိုက်အတန့်မှာပင်။
မိမိ၏ ကျင့်ကြံခြင်းနယ်ပယ်မှာ ၎င်း၏ သက်ရောက်မှုကို ခံလိုက်ရသကဲ့သို့ ၊ အတိအကျဆိုရလျှင်ဖြင့် ဤစွမ်းအားသည် သူ၏ ကျင့်ကြံဆင့်ကို ဖိနှိပ်နေခြင်းပင်။
“တကယ်ပဲ ငါထင်ထားခဲ့သလိုပါပဲလား"
စူးချန်ကဲ၏ နှုတ်ခမ်းထောင့်တွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု လှစ်ဟသွားသည်။
သူ ခန့်မှန်းထားခဲ့သကဲ့သို့ပင်၊ ဤအမတလှေကားထစ်မှာ ဖိအားစမ်းသပ်မှု မဟုတ်ချေ။
၎င်းသည် ကျင့်ကြံဆင့်ကို ဖိနှိပ်ရန်အတွက် အသုံးပြုသည့် မဟာလမ်းစဉ် လှေကားထစ်တစ်ခုနှင့် ပို၍ တူညီသည်။
..........
စူးချန်ကဲတို့ လူစု၏ လှုပ်ရှားမှုမှာလည်း လွန်စွာ မြန်ဆန်သည်။
အချိန်တိုအတွင်းမှာပင်၊ အမတလှေကားထစ်၏ အများစုကို ဖြတ်ကျော်သွားခဲ့ကြပြီ ဖြစ်သည်။
သို့သော်လည်း တစ်ချိန်တည်းမှာပင်၊ သူတို့၏ ကျင့်ကြံမှုနယ်ပယ်မှာ အံ့ဩစရာကောင်းလောက်အောင်ပင် စစ်မှန်အမတနယ်ပယ် အဆင့်(၁)အထိ ဖိနှိပ်ခံလိုက်ရသည်။
ဤစွမ်းအားမှာ လွန်စွာ ဆန်းကြယ်ပြီး၊ ၎င်းအပေါ်သို့ တက်လှမ်းလိုက်သည့် ကျင့်ကြံသူတိုင်း၏ ကျင့်ကြံမှု နယ်ပယ်မှာ အခြေခံအားဖြင့် အတူတူပင် ဖြစ်သွားအောင်အထိ ဖိနှိပ်ခံလိုက်ရသည်။
ရွှေအမတ နယ်ပယ်သို့ ရောက်ရှိခါစ ကျင့်ကြံသူများပင် ဖြစ်နေပါစေ အလားတူပင် စစ်မှန်အမတ နယ်ပယ်အဆင့်အထိ ဖိနှိပ်ခံလိုက်ရ၏။
ရှေးဦးလျို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ရန် အရည်အချင်းမရှိကြဘဲ ဘေးမှနေ၍ စောင့်ကြည့်နေကြသော ကျင့်ကြံသူအချို့မှာလည်း ဤအခြေအနေကို ရိပ်မိသွားကြပုံရသည်။
သို့သော်လည်း အမတလှေကားထစ်ပေါ်သို့ ခြေချလိုက်သည်နှင့် လွန်စွာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု၏ ထုတ်ပယ်ခြင်းကို ခံလိုက်ရကာ လွင့်ထွက်သွားခဲ့ကြရသည်။
“ နည်းနည်းတော့ စိတ်ဝင်စားဖို့ ကောင်းသားပဲ"
ဤရှေးဦးလျို့ဝှက်နယ်မြေနှင့် ပတ်သတ်၍ စူးချန်ကဲ ပို၍ စိတ်ဝင်စားလာခဲ့သည်။
သူသည် ဤကဲ့သို့သော လျို့ဝှက်နယ်မြေမျိုးကို ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ဖူးခြင်း ဖြစ်ပြီး၊ မဝင်ရောက်မီမှာပင် မိမိ၏ ကျင့်ကြံမှုနယ်ပယ်မှာ ဦးစွာ ဖိနှိပ်ခံလိုက်ရ၏။
လက်ရှိ အခြေအနေအရ ၊ ဤကိုးထောင်ကိုးရာကိုးဆယ်ကိုးဆင့်ရှိသော လှေကားထစ်ကို တက်လှမ်းပြီးစီးသွားချိန်တွင် လူတိုင်း၏ ကျင့်ကြံဆင့်သည် တိုက်မြေသုံးထောင်၏ မဟာဧကရာဇ်မင်း အဆင့်ခန့်အထိ ဖိနှိပ်ခြင်း ခံရပေလိမ့်မည်။
သူ အနည်းငယ် သိချင်စိတ် ဖြစ်မိသည်။ ဤရှေးဦးလျို့ဝှက်နယ်မြေသည် မည်ကဲ့သို့သော ကမ္ဘာမျိုး ဖြစ်သနည်း။
..........
ဝုန်းး—
ထိုအခိုက်အတန့်မှာပင် ၊ လှေကားထစ်၏ အဆုံးသတ်တွင် ရုတ်တရက် ဟိန်းဟောက်သံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။
ရှေ့ဆုံးမှ တက်လှမ်းသွားကြသော ထျန်းဟောက်ရှန်းတို့ လူစုမှာ ရှေးဟောင်းတံခါးကြီး၏ ရှေ့မှောက်သို့ ရောက်ရှိနေခဲ့ကြပြီ ဖြစ်သည်။
“ဒါက တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ"
သူတို့၏ မျက်နှာအမူအရာများမှာ သိသိသာသာ ပြောင်းလဲနေကြပြီး တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်မိကြသည်။
ယခုအခါတွင် သူတို့၏ ကျင့်ကြံဆင့်မှာ အံ့ဩစရာကောင်းလောက်အောင်ပင် မဟာဧကရာဇ်မင်း အဆင့်အထိ ဖိနှိပ်ခံလိုက်ရ၏။ သို့သော်လည်း ခန္ဓာကိုယ်အတွင်းရှိ အမတလမ်းစဉ် နတ်အသိစိတ်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။
သူတို့ကို ပို၍ စိတ်အနှောင့်အယှက် ဖြစ်စေသည်မှာ သူတို့သည် ဤအမတလှေကားထစ်၏ အဆုံးသတ်သို့ ရောက်ရှိနေခဲ့ကြပြီ ဖြစ်သော်လည်း၊ ဤရှေးဟောင်းတံခါးကြီးမှာမူ ဖွင့်လှစ်ခြင်း မရှိသေးပေ။
သူတို့၏ စွမ်းအားများကို အသုံးပြု၍ တိုက်ခိုက်ကြည့်သော်လည်း အနည်းငယ်မျှပင် လှုပ်ရှားမှု မရှိခဲ့ချေ။
သူတို့သည် ဤအရာအတွက် စိတ်သောကဖြစ်နေစဉ်မှာပင် ။
စူးချန်ကဲသည်လည်း ကိုးထောင်ကိုးရာကိုးဆယ်ကိုးဆင့်မြောက်သော လှေကားထစ်ကို ဖြတ်ကျော်လိုက်ပြီး၊ လှေကားထစ်၏ အဆုံးသတ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဝုန်း!
သို့သော်လည်း စူးချန်ကဲ ရောက်ရှိလာခဲ့သည့် အခိုက်အတန့်မှာပင် ၊ မူလက တိတ်ဆိတ်ငြိမ်သက်နေခဲ့သော စာသားမဲ့ နတ်ဘုရားကျောက်တိုင်ကြီးမှာ ထိန်လင်းတောက်ပလာခဲ့သည်။
၎င်းအပေါ်တွင် မရေမတွက်နိုင်သော မဟာလမ်းစဉ် မှော်သင်္ကေတများ အဆက်မပြတ် သက်ဝင်လှုပ်ရှားလာကြပြီး ရှေးဟောင်းစာသား အချို့ ထွက်ပေါ်လာခဲ့သည်။
[ကနဦး ထျန်းဝမ်၊ အရာခပ်သိမ်းမှ အစပြုကာ ဒေဝလောကကို ဖြစ်ထွန်းစေသည် ]
ဝီ!
ကြယ်တာရာ ကောင်းကင်ယံထက်မှ တောက်ပသော အလင်းတန်းကြီးတစ်ခု ကျဆင်းလာခဲ့ပြီး၊ စူးချန်ကဲကို ရွေးချယ်လိုက်သကဲ့သို့ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားလေ၏။
မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် ၊
စူးချန်ကဲ၏ ခန္ဓာကိုယ်သည် ရွှေရောင် အလင်းတန်းများကြား တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
ကျွီ ကျွီ ကျွီ......
တစ်ချိန်တည်းမှာပင်၊ မူလက တင်းကျပ်စွာ ပိတ်ထားခဲ့သော ရှေးဟောင်းတံခါးကြီးသည်လည်း ဖြည်းဖြည်းချင်း ပွင့်လာလေ၏။
အချိန်အတော်တန် ကြာသွားခဲ့ပြီးနောက်မှသာလျှင် လူတိုင်း ပြန်သတိကပ်လာကြသည်။ ၎င်းတို့၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအရာများ ရှိနေခဲ့သည်။
အထူးသဖြင့် ထျန်းဟောက်ရှန်းတို့ လူအုပ်စု ကဲ့သို့ ပထမဆုံးအကြိမ် အဆုံးသတ်သို့ ရောက်ရှိနေခဲ့ကြသော ကျင့်ကြံသူများမှာ ကျောက်ရုပ်အလား ရပ်နေကြပြီး ကြောင်အမ်းစွာဖြင့် အပြန်အလှန် စိုက်ကြည့်နေမိကြသည်။
' တောက်ရွှီမြို့တုန်းကလည်း မြို့သခင်ရဲ့ ခွဲခြားဆက်ဆံမှုကို ခံခဲ့ရတယ် ... အခု ရှေးဦးလျို့ဝှက်နယ်မြေထဲ ရောက်လာတဲ့အခါမှာရော ထပ်ပြီး ခွဲခြားဆက်ဆံခံရပြန်ပြီလား'
'စူးချန်ကဲကတော့ ကောင်းရော ၊ အဆုံးသတ်ကို ရောက်ရှိလာရုံတင် ရှိသေးတယ်...ရှေးဟောင်းတံခါးကြီးက တန်းပြီး ပွင့်သွားသတဲ့လား'
' ဘာလဲ...ဒီရှေးဦးလျို့ဝှက်နယ်မြေကရော သူတို့အိမ်က ဖွင့်ထားတာမလို့လား…’