← Chapters

ဆင်တူလာသော ကံကြမ္မာလမ်းကြောင်း

Vol. 70 Ch. 908

ဆင်တူလာသော ကံကြမ္မာလမ်းကြောင်း

Vol. 70 Ch. 908

ရုတ်တရက် ထွက်ပေါ်လာခဲ့သော ဤမြင်ကွင်းကြောင့် လူတိုင်း နားမလည်နိုင်ဖြစ်ခဲ့ရသည်။

ရှေးဦးလျို့ဝှက်နယ်မြေသည် အဘယ့်ကြောင့် စူးချန်ကဲကို အတွင်းထဲသို့ စောစီးစွာ ဆွဲခေါ်သွားခဲ့ရသနည်း။

ထိုအချိန်တွင် ယွီ့ကဲသည် လော့ရန်ယွီ၏ ဝတ်ရုံလက်စကို ဆွဲလိုက်ပြီး တိုးတိုးလေး ဆိုလိုက်သည်။

“မေမေ.... ဖေဖေက ရှေးဦးလျို့ဝှက်နယ်မြေထဲကို အချိန်စောပြီး ဆွဲခေါ်ခံလိုက်ရတာ..... သမီးကို လှမ်းခေါ်နေတဲ့ အဲဒီစွမ်းအားနဲ့ ပတ်သက်နေသလိုပဲ.....”

ဤစကားကို ကြားလိုက်ရသဖြင့် စိုးရိမ်ပူပန်နေခဲ့သော လော့ရန်ယွီမှာ ပို၍ပင် ထိတ်လန့်သွားခဲ့ရသည်။

'ယွီ့ကဲကို လှမ်းခေါ်နေတဲ့ အဲ့စွမ်းအားနဲ့ ပတ်သက်နေသတဲ့လား...'

'ဒါ ဘာကို ဆိုလိုတာလဲ'

“ချန်ကဲ.....”

လော့ရန်ယွီသည် ရှေးဟောင်းတံခါးကြီးကို ကြည့်ရင်း ၊ သူမ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ပို၍ ထင်ဟပ်လာခဲ့သည်။

ဝုန်း——

ထိုအခိုက်အတန့်တွင် ၊

စာသားမဲ့ နတ်ဘုရားကျောက်တိုင်ထံမှ ရွှေရောင်အလင်းတန်းများ ပြင်းထန်စွာ တောက်ပလာခဲ့ပြီး တင်းကျပ်စွာ ပိတ်ထားသော ရှေးဟောင်းတံခါးကြီးမှာလည်း ကျယ်လောင်စွာ မြည်ဟီးထွက်ပေါ်လာသည်။

လေးလံသော အသံတစ်သံနှင့်အတူ၊ ထုထည်ကြီးမားလှသော ရှေးဟောင်းတံခါးကြီးမှာ အတွင်းဘက်သို့ ဖြည်းဖြည်းချင်း ပွင့်လှစ်လာခဲ့သည်။

ဝုန်း!

ရှေးဟောင်းတံခါးကြီး ပွင့်လာသည်နှင့်အမျှ ၊ ဖြူစင်သော အလင်းလှိုင်းတံပိုးများသည် အထဲမှ လျှံထွက်လာကြပြီး၊ ကြယ်တာရာ ကောင်းကင်ယံတစ်ခုလုံးကို ဖြူဖွေးသောအသွင်သို့ ပြောင်းလဲသွားစေခဲ့သည်။

နှစ်ကာလ မြစ်ကြောင်းကြီးအတွင်း၌ ဖုံးကွယ်ထားခြင်း ခံထားရသော အချိန်နှင့် အာကာသဆိုင်ရာ လျို့ဝှက်ချက်များသည် ဤအချိန်မှစကာ လူသားတို့၏ ရှေ့မှောက်တွင် အပြည့်အစုံ ပေါ်ပေါက်လာခဲ့ချေပြီ။

“တံခါးပွင့်သွားပြီ"

ပါရမီရှင်တစ်ဦး၏ အော်ဟစ်သံကြောင့် လူတိုင်း ပြန်သတိကပ်လာကြသည်။

ကိုးထောင်ကိုးရာကိုးဆယ်ကိုးဆင့်ရှိသော လှေကားထစ်ကို ဖြတ်ကျော်ပြီးစီးသွားကြသော ကျင့်ကြံသူများမှာမူ တောက်လောင်သော စိတ်အားထက်သန်မှုများနှင့်အတူ ရှေးဟောင်းတံခါးကြီးအတွင်းသို့ အပြိုင်အဆိုင် တိုးဝင်သွားကြလေ၏။

အမှောင်ထု မူလရင်းမြစ်ကမ္ဘာမှနေ၍ အမတနယ်မြေအတွင်းသို့ ခိုးဝင်လာခဲ့ကြသော အမှောင်ထုအရှင်သခင် နှစ်ဦးမှာလည်း ထူးခြားသော နည်းလမ်းများဖြင့် အခြားသော ကျင့်ကြံသူများနှင့်အတူ ရှေးဦးလျို့ဝှက်နယ်မြေထဲသို့ ရောနှော၍ ဝင်ရောက်သွားခဲ့သည်။

ယခုအခါတွင် ဟွမ်ကျီအမတနယ်မြေ၏ ပါရမီရှင်များမှာလည်း ရှေးဦးလျို့ဝှက်နယ်မြေအတွင်း၌ စုစည်းရောက်ရှိနေကြပြီ ဖြစ်ရာ၊ သူတို့ ရှာဖွေနေကြသော ဗလာနိတ္ထိစွမ်းအားပိုင်ရှင်နှင့် ပတ်သတ်၍ သဲလွန်စများ ရရှိလာနိုင်ပေတော့မည်။

ထို့အပြင်၊ ဤ‌ရှေးဦးလျှို့ဝှက်နယ်မြေသည် သူတို့အတွက် ရင်းနှီးသလို ၊ တစ်ဖန် စိမ်းသက်သည့် ခံစားချက်တစ်ခုကိုလည်း ပေးစွမ်းနေခဲ့သည်။

........

တစ်ချိန်တည်းမှာပင်။

မရေမတွက်နိုင်သော ပါရမီရှင်များသည် ရှေးဦးလျို့ဝှက်နယ်မြေအတွင်းသို့ ဆက်တိုက် ဝင်ရောက်သွားခဲ့ကြပြီးနောက်။

ကြယ်တာရာနယ်မြေ၏ လူမသိနိုင်သော ထောင့်စွန်းတစ်ခု၌ မဟာလမ်းစဉ် လှိုင်းတံပိုးများ လှုပ်ခတ်သွားခဲ့သည်။

ပီယွီ့ကောင်းကင်အရှင်၏ ပုံရိပ်သည် ယင်းအတွင်းမှနေ၍ ထွက်ပေါ်လာခဲ့ပြီး၊ သူမ၏ မျက်ဝန်းများက ရှေးဦးလျို့ဝှက်နယ်မြေ၏ အဝင်ဝကို လှမ်းမျှော်ကြည့်ရှုနေခဲ့သည်။

“ထူးဆန်းတယ်.... ဒီရှေးဦးလျို့ဝှက်နယ်မြေက သူ့ကိုယ်ပိုင်အသိစိတ် နိုးထလာခဲ့ပုံပဲ ၊ စောနက ချန်ကဲကို အတွင်းထဲကို မဆိုင်းမတွ ဆွဲခေါ်သွားတာ..... ကြည့်ရတာ သူတို့ရဲ့ ရည်ရွယ်ချက် တစ်ခုခုကို ပြီးမြောက်အောင် လုပ်ဆောင်ချင်နေတာမျိုးလား...."

“ဒါပေမဲ့... သားရဲပင်လယ်ထဲမှာ အကြောင်းအရင်းမရှိ ထွက်ပေါ်လာခဲ့တဲ့ မိန်းကလေးငယ်ကြတော့ရော ဘယ်လိုဖြစ်ရတာလဲ"

“ဒီရှေးဦးလျို့ဝှက်နယ်မြေက အဲ့မိန်းကလေးငယ်နဲ့ အလွန် ဆင်တူတဲ့ အရှိန်အဝါတစ်ခုကို ဖုံးကွယ်ထားသလိုပဲ...... ဒေဝလောကရဲ့ ကံအကျိုးဆက်လိုပဲ.....”

ဒေဝလောက၏ ပထမဦးဆုံးသော မိုးမခပင်ကြီး တစ်ပင် ဖြစ်သည်နှင့် အလျောက် ၊ သူမသည်လည်း ရှေးဦးသက်ရှိတို့၏ ဘိုးဘေးတစ်ဦး ဖြစ်ရာ လောကတစ်ခွင်ရှိ အရှိန်အဝါ အားလုံးကို အာရုံခံနိုင်စွမ်းမှာ လွန်စွာ ထက်မြက်လှသည်။

ယွီ့ကဲ၏ ခန္ဓာကိုယ်ပေါ်မှ ထွက်ပေါ်နေသော ဆန်းကြယ်သော စွမ်းအားကို တခြားလူများအနေဖြင့် အာရုံခံမိရန် ခက်ခဲနိုင်ပေလိမ့်မည်။

သို့သော်လည်း သူမအနေဖြင့် သေချာ အာရုံခံကြည့်လိုက်ရုံဖြင့် ၎င်းအတွင်းရှိ သဲလွန်စများကို အလွယ်တကူပင် အာရုံခံမိနိုင်သည်။

စူးချန်ကဲ၏ ဘေးနားရှိ ထိုမိန်းကလေးငယ်သည် ဒေဝလောက၏ ကံအကျိုးဆက် စွမ်းအားများနှင့် ပတ်သက်နေမည်မှာ ဧကန်မလွဲပင်။

ဤအရာမှာ အလွယ်တကူ ရင်ဆိုင်နိုင်သည့် အရာ မဟုတ်ချေ။ စူးချန်ကဲ၏ ဘေးနားတွင် ဤကဲ့သို့ ထူးဆန်းသော အပြောင်းအလဲများ ပေါ်ပေါက်နေသည်ကို သူတို့ မည်သို့ သတိမထားမိဘဲ နေမည်နည်း။

သို့သော် အဘယ့်ကြောင့် လျစ်လျူရှုထားကြသနည်း။

ဒေဝလောက ပြန်လည်စတင်ရာခေတ်တွင် ပျောက်ဆုံးနေခဲ့သော နယ်မြေများစွာနှင့် လျို့ဝှက်နယ်မြေများစွာ ထွက်ပေါ်လာသော်လည်း၊ စူးချန်ကဲသည် အဘယ့်ကြောင့် ဤကဲ့သို့ ထူးဆန်းသော လျို့ဝှက်နယ်မြေကိုမှ ရွေးချယ်ခဲ့ရသနည်း။

“ဘာလို့လဲတော့ မသိဘူး..... ငါ ခံစားရတာကတော့ စူးချန်ကဲရဲ့ ကံကြမ္မာလမ်းကြောင်းက အဲ့ကောင်နဲ့ ပိုပြီးတော့ ဆင်တူလာသလိုပဲ.....”

ထိုသို့ရေရွတ်နေစဉ်မှာပင်၊ ပိယွီ့ကောင်းကင်အရှင်သည် တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရကာ မျက်ခုံးများကို ပင့်တင့်လျက် ကြယ်တာရာ ကောင်းကင်ယံအထက်သို့ လှမ်းကြည့်ကာ ဆိုလိုက်သည်။

“တကယ်ပဲ သူတို့ ပြောနေကြသလိုမျိုး ရှင်က..... ဒီအရာအားလုံးကို နောက်ကွယ်ကနေ တွန်းအားပေးနေခဲ့တာလား"

.........

တစ်ချိန်တည်းမှာပင်။

မျှော်လင့်မထားဘဲ ရှေးဦးလျို့ဝှက်နယ်မြေအတွင်းသို့ ဆွဲသွင်းခံလိုက်ရသော စူးချန်ကဲသည်လည်း ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

သူသည် လွန်စွာ တောက်ပသော နေဝန်းကြီးအတွင်းသို့ ကျရောက်သွားခဲ့သကဲ့သို့ စူးရှတောက်ပသော အလင်းတန်းများကြောင့် သူ၏ မျက်လုံးများကိုပင် ဖွင့်ရန် ခက်ခဲနေခဲ့သည်။

ဤခံစားချက်မှာ အတော်လေး ထူးဆန်းလှပေသည်။

စောစောက ကြားလိုက်ရသော အသံသည် ထပ်မံ၍ ထွက်ပေါ်လာခဲ့ပြန်သည်။

သို့သော်လည်း ယခုအကြိမ်တွင်မူ စူးချန်ကဲသည် ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရခြင်း ဖြစ်ပြီး၊ ယခင်ကကဲ့သို့ ဝေဝေဝါးဝါး ဖြစ်မနေတော့ချေ။

" ဒီကမ္ဘာကြီးက စောစောကတည်းက ပျက်စီးယိုယွင်းနေခဲ့ပြီ.....”

" ရှေးဦးလျို့ဝှက်နယ်မြေက..... မိုးမြေရဲ့ မဟာလမ်းစဉ်ကြောင့် ပေါ်ပေါက်လာခဲ့တာ မဟုတ်ဘူး ၊ ဒါက လူသားတွေရဲ့ စွမ်းအားကြောင့် ပေါ်ပေါက်လာခဲ့တာပဲ"

“ငါ... ငါက မထိတွေ့သင့်တဲ့ အမှန်တရားကို သွားပြီး ထိတွေ့မိခဲ့တယ်၊ ငါ့ရဲ့ ဇာတိမြေ..... ငါ့ရဲ့ ဆွေမျိုးသားချင်းတွေ..... အားလုံး ပျက်စီးကုန်ပြီ၊ အကုန်လုံး ပျက်စီးကုန်ပြီ"

“မင်းကို တောင်းဆိုပါတယ်.... ချိတ်ပိတ်ပေးပါ.... ဒီကမ္ဘာကြီးကို ချိတ်ပိတ်ပေးပါ"

ထိုအသံ ပျောက်ကွယ်သွားသည့်အချိန်ထိ စူးချန်ကဲ၏ စိတ်ဝိညာဉ်အတွင်း၌ ဆက်တိုက် ပဲ့တင်ထပ်နေခဲ့သည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားသော တောက်ပသော အဖြူရောင် အလင်းတန်းများမှာလည်း ဒီရေအလား ဆုတ်ခွာသွားခဲ့ပြီး၊ စူးချန်ကဲသည်လည်း သူ၏မျက်လုံးများကို ဖြည်းညှငိးစွာ ဖွင့်ကြည့်လိုက်သည်။

“ဒီအသံက တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ....”

စူးချန်ကဲတစ်ယောက် ရှုပ်ထွေးစွာဖြင့် ကျန်ရစ်ခဲ့သည်။ ဤအသံကို ကြားရခြင်းမှာ ဒုတိယအကြိမ်မြောက် ရှိခဲ့ပြီ ဖြစ်သည်။

........

အချိန်အတော်တန် ကြာမြင့်သွားပြီးနောက်၊

သူ၏ အမြင်အာရုံများ ပြန်လည်ရှင်းလင်းလာခဲ့သည်။

ဤအခိုက်အတန့်တွင် သူသည် လှပဆန်းကြယ်သော တောင်ထိပ်တစ်ခုပေါ်တွင် မတ်တပ်ရပ်နေ၏။

မျက်စိရှေ့မှောက်ရှိ တောင်တန်းများမှာ မြင့်မားထည်ဝါစွာ တည်ရှိနေကြသည်။ အချို့သော မြင့်မားသော တောင်တန်းကြီးများမှာ ကောင်းကင်ယံအထက်သို့ ထိုးဖောက်ဝင်ရောက်နေကြပြီး ၎င်း၏ အဆုံးသတ်ကို လုံးဝ မြင်တွေ့နိုင်ခြင်း မရှိချေ။

သို့သော်လည်း ဤကဲ့သို့ နတ်ဘုရားဆန်သော ကမ္ဘာကြီးအတွင်း၌၊

စူးချန်ကဲသည် ဝေးကွာသော နေရာတစ်နေရာမှ ထွက်ပေါ်လာသော မီးခိုးငွေ့များနှင့်အတူ ကျေးရွာငယ်လေးတစ်ခုကို လှမ်းမြင်တွေ့လိုက်ရသည်။

ကျယ်ပြောလှသော ကောင်းကင်ယံအထက်တွင် ပြေးလွှားနေကြသော ထူးခြားဆန်းပြားသည့် သားရဲကြီးများကိုလည်း မြင်တွေ့လိုက်ရသည်။

ကောင်းကင်ယံအထက်မှနေ၍ ကျဆင်းလာသော အလင်းတန်းများကိုလည်း မြင်တွေ့လိုက်ရပြီး၊ ၎င်းမှာ ကောင်းကင်တွင် ချိတ်ဆွဲထားသော နတ်ဘုရားမှန်ချပ်ကြီးတစ်ခုအလား လောကရှိ အရာအားလုံး ၎င်းအတွင်း၌ ထင်ဟပ်နေ၏။

မိုးကောင်းကင်သည် ကမ္ဘာမြေပြင်ဖြစ်ပြီး၊ ကမ္ဘာမြေပြင်ကလည်း မိုးကောင်းကင် ဖြစ်နေခဲ့သည်။

“ဒါက ရှေးဦးလျို့ဝှက်နယ်မြေထဲက ကမ္ဘာပေါ့..... ထျန်းမန်ကမ္ဘာ.....”

မျက်စိရှေ့မှောက်ရှိ မြင်ကွင်းကြောင့် စူးချန်ကဲ၏ ရင်ထဲတွင် တုန်လှုပ်နေမိသည်။

ဤကမ္ဘာကြီးသည် သေမျိုးကမ္ဘာ နှင့် အမတကမ္ဘာတို့ ပေါင်းစပ်ထားသလိုပင်။

ခဏမျှ ရေရွတ်ပြီးနောက်၊ စူးချန်ကဲသည် မိမိ၏ ခန္ဓာကိုယ်အတွင်းရှိ ကျင့်ကြံခြင်းနယ်ပယ်အဆင့်ကို စစ်ဆေးကြည့်ရှုလိုက်သည်။

ယခုအခါတွင် သူ၏ ကျင့်ကြံနယ်ပယ်မှာ မဟာဧကရာဇ်နယ်ပယ် အဆင့်(၄)ခန့်အထိ ဖိနှိပ်ခံထားရသည်။

သို့သော်လည်း ကံကောင်းသည်မှာ ကျင့်ကြံခြင်းနယ်ပယ်တစ်ခုတည်းသာ နိမ့်ကျသွားခြင်း ဖြစ်ပြီး၊ သူ၏ အသွေးအသား ၊ နတ်အသိစိတ် နှင့် ကာယ စွမ်းအားတို့မှာမူ ကောင်းကင်အမတ နယ်ပယ်၏ အခြေအနေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။

ထို့အပြင်၊ ထျန်းမန်ကမ္ဘာအတွင်း၌လည်း အလားတူပင် အမတလမ်းစဉ် နိယာမများ တည်ရှိနေပြီး၊ ပြင်ပကမ္ဘာထက်ပင် ပို၍ သိပ်သည်းလှသဖြင့် စူးချန်ကဲအနေဖြင့် ၎င်းတို့ကို စုပ်ယူ၍ ကျင့်ကြံနိုင်သည်။

အချိန်အနည်းငယ်အတွင်း သူသည် ဤထျန်းမန်ကမ္ဘာအတွင်း၌၊ မိမိ၏ ကျင့်ကြံမှုကို ကောင်းကင်အမတ နယ်ပယ်သို့ ပြန်လည်မြှင့်တင်နိုင်မည် ဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်။

“ဒါပေမဲ့လည်း..... ဒီထျန်းမန်ကမ္ဘာအတွင်းမှာ ကျင့်ကြံခဲ့တဲ့ ကျင့်ကြံခြင်းနယ်ပယ်ကို ပြင်ပကမ္ဘာထိ ယူဆောင်သွားလို့ ရမလား မသိဘူး"

ရေရွတ်နေစဉ်မှာပင်၊ စူးချန်ကဲသည် အဝေးတစ်နေရာတွင် ရှိနေသော ထိုကျေးရွာငယ်လေးကို ထပ်မံ၍ လှမ်းကြည့်လိုက်သည်။

“ဒါဆိုရင်..... အဲဒီရွာကို အရင်သွားပြီး၊ ထျန်းမန်ကမ္ဘာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်အချို့ကို စုံစမ်းကြည့်ရင် ပိုကောင်းမယ်"

စူးချန်ကဲ စဉ်းစားတွေးတောနေစဉ်မှာပင်။

လွန်စွာ ထိတ်လန့်တုန်လှုပ်နေသော အော်ဟစ်သံတစ်သံသည် မလှမ်းမကမ်းရှိ နေရာတစ်ခုမှနေ၍ ပျံ့လွင့်ထွက်ပေါ်လာခဲ့သည်။

..........

All Chapters