ထျန်းမန်ပြစ်ဒဏ်သင့်မျိုးနွယ်၊ လမ်းပျောက်နေသော ပြင်ပလူသားများ
Vol. 70 Ch. 909
“သမီးတို့က ထျန်းမန်ပြစ်ဒဏ်သင့်မျိုးနွယ်စုဝင်တွေ မဟုတ်ပါဘူး"
မိန်းကလေးငယ်တစ်ဦး၏ ကြောက်ရွံ့တုန်လှုပ်နေသော အော်ဟစ်သံသည် မိုးနှင့်မြေကြား ပဲ့တင်ထပ်လျက် ထွက်ပေါ်လာသည်။
စူးချန်ကဲသည် မျက်ခုံးတစ်ချက်ပင့်ကာ အသံလားရာအရပ်သို့ အကဲခတ်ကြည့်လိုက်သည်။
သူနှင့် မိုင်ရာနှင့်ချီ ဝေးကွာသောနေရာတွင် ထူးဆန်းသော ဝတ်ရုံနက်များကို ဝတ်ဆင်ထားသော လူရှစ်ဦးသည် ထိုနည်းတူစွာပင် ထူးဆန်းသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် အမျိုးသမီးနှစ်ဦးအား ဝိုင်းရံပိတ်ဆို့ထားသည်ကို မြင်လိုက်ရသည်။
ထိုအမျိုးသမီးနှစ်ဦး၏ အသက်အရွယ်မှာ ကွာခြားသည်။ အသက်နှစ်ဆယ်အရွယ်ခန့်ရှိသော အမျိုးသမီးလေးမှာ စိမ်းမြသော ပိုးသားဂါဝန်ကို ဝတ်ဆင်ထားကာ လှပချောမောသော ရုပ်ရည်ကို ပိုင်ဆိုင်ထားသည်။
သူမသည် လက်ချောင်းများဖြင့် မန္တန်များကို ဖော်ဆောင်ရင်း ၊ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများကို စုစည်းထုတ်လွှတ်ကာ နိယာမအတားအဆီးတစ်ခုကို ဖန်တီးလျက် ၊ တစ်ဖက်မှလည်း လူရှစ်ဦး၏ တိုက်ခိုက်မှုများကို ဆက်တိုက် ခုခံကာကွယ်နေသည်။
သူမ၏ဘေးတွင် အသက်အရွယ်အားဖြင့် အတော်လေး ငယ်ရွယ်သေးသော မိန်းကလေးတစ်ဦး ရပ်နေသည်။ ဆံပင်ကို နှစ်ဖက်ထုံးထားသော သူမ၏ ပုံစံလေးမှာ ချစ်စရာကောင်းသော ကြွေရုပ်လေးတစ်ရုပ်လိုပင်။
သို့သော် ယခုအချိန်တွင် ထိုမိန်းကလေးငယ်သည် မျက်ရည်များဝဲလျက်၊ ရင်ထဲ၌ ဝမ်းနည်းပူဆွေးမှု နှင့် ဒေါသတရားတို့ လွှမ်းခြုံနေပုံရသည်။
“နင်တို့ကမှ ပြင်ပလူသားတွေ ၊ ထျန်းမန်ကမ္ဘာရဲ့ စွမ်းအားတွေကို လုယက်ပြီး ကမ္ဘာကြီးကို ပရမ်းပတာဖြစ်အောင် လုပ်ခဲ့ကြရုံတင်မကဘူး.. အခု ငါတို့ကိုပါ သတ်ချင်နေကြသေးတယ်"
မိန်းကလေးငယ်သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ နင်တို့ကမှ လူဆိုးတွေ၊ နင်တို့ကမှ ပြစ်မှုကျူးလွန်သူတွေ..."
“ရှောင်သယ် ၊ ဒီလူတွေက ဒီလောက်ပဲ တွေးတတ်ကြတာ....သူတို့က ငါတို့ရဲ့ ခန္ဓာကိုယ်ထဲက သွေးမျိုးဆက်စွမ်းအားတွေကို ထုတ်ယူပြီး ဘိုးဘေးတွေရဲ့ အမွေအနှစ်ကို လုယူချင်နေကြတာပဲ……”
“ခဏနေရင် အစ်မ ဒီကောင်တွေကို ဆွဲထားပေးမယ်...ညီမလေးက အခွင့်အရေးရတာနဲ့ ရွာကို မြန်မြန်ပြန်သွားတော့"
“ဟင့်အင်း ၊ ရွာသူကြီး ဖိုးဖိုးက ပြောဖူးတယ်... အစ်မရွှမ်ယင်က သမီးတို့ရွာရဲ့ မျှော်လင့်ချက်ပဲတဲ့ "
ရှောင်သယ် ဟု ခေါ်သော မိန်းကလေးငယ်သည် အလျင်အမြန်ပင် ခေါင်းခါပြလိုက်ပြီး ပြန်ပြောလိုက်၏။
“အစ်မ ကျန်ခဲ့လို့ မဖြစ်ဘူး"
ဝုန်း!
ထိုအချိန်တွင် ဝတ်ရုံနက်သမားများသည် သူတို့၏ စွမ်းအားများကို ထပ်မံ လှုံ့ဆော်လိုက်ကြသည်။
ပြင်းထန်သော စွမ်းအားများသည် မုန်တိုင်းတစ်ခုအလား နိယာမအတားအဆီးပေါ်သို့ အဆက်မပြတ် ကျရောက်ကာ ချိုးဖျက်ပစ်နေသည်။
“ထျန်းရွှမ်ယင် .... အကျိုးမရှိတဲ့ ရုန်းကန်မှုတွေကို ထပ်လုပ်မနေနဲ့တော့ ၊ လက်နက်ချတာက မင်းအတွက် တစ်ခုတည်းသော ထွက်ပေါက်ပဲ"
ကြေးနီမျက်နှာဖုံးကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် လူရှစ်ဦးအုပ်စုထဲမှ လှမ်းထွက်လာပြီး အေးစက်စက်လေသံဖြင့် ဆိုလိုက်သည်။
“မင်းတို့ရဲ့ဘိုးဘေးတွေသာ မဟာလမ်းစဉ်ရဲ့ ကျိန်စာကို မခေါ်ဆောင်လာခဲ့ဘူးဆိုရင် ထျန်းမန်ကမ္ဘာက ဒီလိုဘေးအန္တရာယ်မျိုးတွေနဲ့ လုံးဝ ကြုံတွေ့ရမှာ မဟုတ်ဘူး"
“အခု ကနဦးထျန်းဝမ်ရဲ့ခေတ်သစ်က စတင်လာပြီ... ဒါက ငါတို့ထျန်းမန်ကမ္ဘာ ဆက်လက်တည်ရှိနိုင်ဖို့အတွက် အခွင့်အရေးတစ်ခုပဲ"
“ဒါက မင်းတို့ ‘ပြစ်ဒဏ်သင့်မျိုးနွယ်’ ဆိုတဲ့ နာမည်ဆိုးကို ဆေးကြောနိုင်ဖို့အတွက်လည်း အခွင့်အရေးတစ်ခုပဲ ...အမှားတွေကို ထပ်မလုပ်ပါနဲ့တော့!”
ထိုစကားသံ ထွက်ပေါ်လာသည်နှင့် ထျန်းရွှမ်ယင်သည် ရုတ်တရက် ရယ်မောလိုက်သည်။ သူမ၏ ရယ်မောသံထဲတွင် လှောင်ပြောင်သရော်မှုများ ရှိနေခဲ့ပြီး ၊ မျက်ဝန်းများက ပြတ်သားမှုအပြည့်ရှိသည်။
“ဟားဟားဟား... ဒါက ငါတို့ထျန်းမန်ကမ္ဘာ ဆက်လက်တည်ရှိနိုင်ဖို့အတွက် အခွင့်အရေးတစ်ခု ဟုတ်လား"
“နင်တို့လို ပြင်ပလူသားတွေက ထျန်းမန်ကမ္ဘာရဲ့ စွမ်းအားတွေကို မှီခိုပြီး ငါတို့ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ ကနဦးမူလရင်းမြစ်တွေကို စုပ်ယူနေကြတာ…… အရိုးထဲထိ တွယ်ကပ်နေတဲ့ သန်းကောင်တွေလိုမျိုး ဒီနေ့အထိ ရှင်သန်နေခဲ့ကြတာပဲ……”
“ဟားး…… လမ်းပျောက်နေတဲ့ ပြင်ပလူသားအဆင့်ကများ ၊ တစ်ခေတ်တစ်ခါက ရှင်သန်ခွင့် ဆုံးရှုံးခဲ့ရတဲ့ အရှုံးသမားတွေက ထျန်းမန်ကမ္ဘာအတွက် ဆိုတဲ့ ဒီလောက်အထိ အရှက်မရှိတဲ့ စကားမျိုးကို ပြောထွက်နိုင်သေးတယ်ပေါ့"
“နင်တို့ ဒီနေ့အထိ ရှင်သန်နိုင်ခဲ့တာက ထျန်းမန်ကမ္ဘာရဲ့ ကျေးဇူးကြောင့်ပဲ ၊ ငါတို့မျိုးနွယ်စု ဘိုးဘေးတွေရဲ့ ကျေးဇူးကြောင့်လည်း ပါတာပေါ့"
ထျန်းရွှမ်ယင်း၏ လေသံထဲတွင် ဒေါသတရားများ လွှမ်းခြုံနေသည်။
“ဒါပေမဲ့ နောက်ဆုံးတော့ ငါတို့မျိုးနွယ်ရဲ့ သွေးမျိုးဆက်တွေကို ရူးသွပ်စွာနဲ့ လိုက်လံသတ်ဖြတ်နေပြီး ၊ ဒီလို တိရစ္ဆာန်ထက်တောင် အောက်တန်းကျတဲ့ လုပ်ရပ်တွေကို ကျူးလွန်ထားပြီးမှ ထျန်းမန်ကမ္ဘာအတွက်လို့ ပြောနေတယ် ဟုတ်လား"
“နင်တို့က တိရစ္ဆာန်ထက်တောင် ယုတ်ညံ့တဲ့ကောင်တွေပဲ"
..........
သူမ၏ ဆဲဆိုမှုအပြီးတွင်။
ဝတ်ရုံနက်သမားများ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ဖိအားများသည် ပို၍ အေးစက်လာခဲ့ပြီး၊ ဘေးပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ပင် အနည်းငယ် ရွဲ့စောင်းသွားသည်။
ထျန်းရွှမ်ယင်၏ စကားများသည် ထိုလူများကို ဒေါသထွက်စေခဲ့သည်မှာ သေချာသည်။
“ကောင်းပြီလေ ... အကောင်းပြောတာကို မနာခံဘဲ အဆိုးပြောမှ နာခံချင်တယ်ပေါ့"
“ ဒီလိုဆိုလည်း ၊ ဘာမှ ဆွေးနွေးနေစရာ မလိုတော့ဘူး"
ကြေးနီမျက်နှာဖုံးကို ဝတ်ဆင်ထားသော လူက အမိန့်ပေးလိုက်သည်။
“အားလုံး အတူတူ လက်နက်ထုတ်ကြ ၊ သူတို့ရဲ့ နိယာမအတားအဆီးကို ရိုက်ခွဲပစ်မယ်"
ဝုန်း! ဝုန်း! ဝုန်း!
မျက်စိတစ်မှိတ်အတွင်းမှာပင် ၊ ကြောက်ခမမ်းလိလိ စွမ်းအားများကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်သည်။
ပြင်းထန်သော စွမ်းအားများသည် လှိုင်းလုံးကြီးများသဖွယ် နိယာမအတားအဆီးပေါ်သို့ တစ်လွှာပြီးတစ်လွှာ ရိုက်ခတ်လေ၏။
ကြောက်ခမမ်းလိလိ စွမ်းအားများ၏ တိုက်ခိုက်မှုအောက်တွင်၊ ထျန်းရွှမ်ယင် ဖန်တီးထားသော နိယာမအတားအဆီးမှာ အဆက်မပြတ် လှုပ်ခတ်လာခဲ့သည်။
၎င်း၏ မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော အက်ကြောင်းများစွာ ဖြစ်ပေါ်လာခဲ့ပြီး၊ နောက်တစ်စက္ကန့်တွင် လုံးဝ ပျက်စီးတော့မည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ။
ဤမြင်ကွင်းကို စောင့်ကြည့်နေခဲ့သော စူးချန်ကဲမှာ မျက်မှောင်ကြုတ်လိုက်မိသည်။
ထျန်းမန်ကမ္ဘာအတွင်း၌ တခြားသော ကျင့်ကြံသူများပါ တည်ရှိနေသလော။
ထို့အပြင် ၊ အမျိုးသမီး၏ စကားအရ ဤလူများသည် ပြင်ပလူသားများ ဖြစ်နိုင်သည်။
သူတို့သည် တစ်ချိန်က အမတနယ်မြေမှ ရှေးဦးလျို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်လာခဲ့ကြသော ကျင့်ကြံသူများ ဖြစ်ပေလိမ့်မည်။
စူးချန်ကဲ၏ စိတ်ထဲတွင် သံသယမေးခွန်းပေါင်းများစွာ ရှိနေခဲ့သော်လည်း သို့သော် သူသည် သူတစ်ပါး၏ကိစ္စများကြားတွင် ဝင်ရောက်ပတ်သက်ရန် စိတ်ကူးမရှိချေ။
မည်သို့ပင်ဆိုစေကာမူ၊ သူသည် ဤထျန်းမန်ကမ္ဘာအတွင်းသို့ ယခုလေးတင်မှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။ ဤကမ္ဘာကြီးအတွင်း၌ မည်ကဲ့သို့သော တည်ရှိမှုမျိုး၊ မည်ကဲ့သို့သော လျို့ဝှက်ချက်မျိုး ရှိမည်ကို သူ လုံးဝ မသိရှိသေးပေ။
ထို့ကြောင့် သူတစ်ပါး၏ ကိစ္စရပ်ထဲတွင် ဝင်ရောက်စွက်ဖက်ခြင်းသည် လိမ္မာပါးနပ်သော လုပ်ရပ်တစ်ခု မဟုတ်ချေ။
ဤအရာကို တွေးတောမိပြီးနောက်၊ စူးချန်ကဲသည် နေရာမှ ထွက်ခွာရန် ပြင်ဆင်လိုက်ပြီး၊ စောစောက မြင်တွေ့ခဲ့ရသော ထိုကျေးရွာငယ်ဆီသို့ သွားရောက်ကာ အခြေအနေများကို စုံစမ်းရန် စီစဉ်လိုက်သည် ။
“ဟားး.... ထျန်းရွှမ်ယင်၊ မင်းတို့က အခုအထိ ကိုယ့်ကိုယ်ကို တစ်ချိန်က ထျန်းမန်သင်္ချိုင်းမျိုးနွယ်လို့ ထင်နေတုန်းပဲလား"
“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဆန်းကြယ်တောအုပ်အပါအဝင် အဓိက အင်အားစု အချို့ရဲ့ သုတ်သင်ရှင်းလင်းခြင်းကို ခံခဲ့ရပြီးပြီ၊ မင်းတို့ ထျန်းမန်သင်္ချိုင်းမျိုးနွယ်ရဲ့ ပင်မသွေးမျိုးဆက်ကလည်း စောစောကတည်းက သဲလွန်စမကျန် ပျောက်ကွယ်သွားပြီ"
“မင်းရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ ကျေးရွာငယ်လေးကလည်း သွေးမျိုးဆက်တွေက ကျဲပါးနေပြီ ၊ ထျန်းမန်သင်္ချိုင်းမျိုးနွယ်ရဲ့ မျိုးနွယ်စုခွဲတစ်ခုလို့တောင် သတ်မှတ်လို့ မရဘူး"
“အဲ့အဖိုးကြီးကရော မင်းတို့ကို ဘယ်လောက်အထိ ကာကွယ်ပေးနိုင်မှာလဲ၊ လိမ္မာပါးနပ်စွာနဲ့ပဲ လက်နက်ချလိုက်စမ်းပါ... ငါတို့ အမှောင်ထုထျန်းမန်အနေနဲ့ မင်းတို့ရွာက တခြားလူတွေကို ရှင်သန်ခွင့် ပေးနိုင်ပါသေးတယ်"
...........
ထွက်ခွာသွားရန် ပြင်ဆင်နေသော စူးချန်ကဲ၏ ခြေလှမ်းများမှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
ထျန်းမန်သင်္ချိုင်းမျိုးနွယ်။
၎င်းမှာ စနစ် ပေးအပ်ထားသော တာဝန်နှင့် ပတ်သက်ဆက်နွှယ်နေသော အရာပင် မဟုတ်လော။
ဤအမျိုးသမီးနှစ်ဦးသည် အံ့ဩစရာကောင်းလောက်အောင်ပင် ထျန်းမန်သင်္ချိုင်းမျိုးနွယ်နှင့် ပတ်သက်ဆက်နွယ်နေခဲ့သည်။
စူးချန်ကဲ၏ မျက်ဝန်းများသည် လှစ်ခနဲ့ တောက်ပသွားပြီး ၊ လမ်းကြောင်းပြောင်းလိုက်သည်။ လေဟာနယ်ပေါ်သို့ အသာယာ ခြေချလိုက်သည်နှင့် သူ၏ ဘေးပတ်ဝန်းကျင်ရှိ အာကာသသည် တဖြည်းဖြည်း ကျဉ်းမြောင်းသွားပုံရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၊ သူသည် ဝတ်ရုံနက်သမားများ၏ ရှေ့မှောက်တွင် ထွက်ပေါ်လာခဲ့သည်။
မည်သည့် အပိုစကားကိုမျှ မပြောဘဲ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။
“ဘယ်သူလဲ”
ဝတ်ရုံနက်သမား ရှစ်ဦးစလုံး ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်ကြသည်။ ရုတ်တရက်ကြီး ရောက်ရှိလာသော လူငယ်တစ်ဦးသည် သူတို့အားလုံးကို တိုက်ရိုက် တိုက်ခိုက်ဝံ့မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ကြချေ။
ဝုန်း!
ပြင်းထန်သော လက်သီးအလင်းသည် တောက်ပသော နေမင်းကြီးတစ်စင်းကဲ့သို့ ရုတ်တရက် ကျရောက်လာသည်။
သို့သော် ဝတ်ရုံနက်သမား အချို့က ဂရုမစိုက်ဘဲ ရှိနေခဲ့ကြပြီး၊ စူးချန်ကဲ၏ ကျင့်ကြံဆင့်သည် သူတို့နှင့် အတူတူ သို့မဟုတ် သူတို့ထင်ပင် နိမ့်ကျသည်ဟု ထင်မှတ်ခဲ့သည်။
တစ်ဖက်လူ၏ ထူးဆန်းသော ဝတ်စုံကို ကြည့်လိုက်ရုံဖြင့် တန်းသိနိုင်သည်။ တဖက်လူမှာ ယခုတစ်ကြိမ် ပွင့်လာခဲ့သော ရှေးဦးလျို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်လာခဲ့သည့် ပြင်ပကမ္ဘာမှ ကျင့်ကြံသူ တစ်ဦးပင် ဖြစ်ရမည်။
သူတို့အားလုံးသည် မိမိတို့၏ စွမ်းအားများကို အစွမ်းကို ထုတ်မသုံးဘဲ ညာဘက်လက်များကိုသာ အပြိုင်အဆိုင် ဆန့်ထုတ်လျက် ၊ လက်တစ်ဖက်တည်းဖြင့် စူးချန်ကဲ၏ လက်သီးချက်ကို ခြေဖျက်ပစ်ရန် ပြင်ဆင်လိုက်ကြသည်။
သို့သော်လည်း ၊ စူးချန်ကဲ၏ လက်သီးစွမ်းအားသည် မဟာဧကရာဇ်မင်း အဆင့်လောက်နှင့် ယှဉ်နိုင်သည့် အရာမျိုး မဟုတ်ချေ။ ယင်း၌ ပါဝင်သော စွမ်းအားသည် စစ်မှန်သော ကောင်းကင်အမတ နယ်ပယ်အဆင့်ရှိ တန်ခိုးစွမ်းအား ဖြစ်သည်။
သူတို့၏ လက်ဝါးများနှင့် စူးချန်ကဲမှ ပစ်လွှတ်လိုက်သော လက်သီးအလင်းတို့ ထိပ်တိုက် တွေ့ဆုံခဲ့ကြရာ ၊
ထိုအခိုက်အတန့်မှာပင်။
ဝုန်း!
ကြောက်ခမမ်းလိလိ စွမ်းအားများသည် သူတို့အားလုံး၏ ကလီစာများ အားလုံးကို ပျက်စီးယိုယွင်းစေသည်အထိ ပြင်းထန်လွန်းသည်။
သူတို့အနေဖြင့် သတိပြန်ကပ်လာကြပြီး မိမိတို့၏ ကျင့်ကြံစွမ်းအား အကုန်လုံးကို လှုံ့ဆော်ကာ ခုခံကာကွယ်ရန် ပြင်ဆင်လိုက်ကြသော်လည်း အသုံးမဝင်တော့ချေ။
ဝုန်း! ဝုန်း! ဝုန်း!
ပေါက်ကွဲသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည်။
ဝတ်ရုံနက်သမား ရှစ်ဦးစလုံး ကြိုးပျက်သွားသော စွန်ကဲ့သို့ အဝေးသို့ လွင့်ထွက်သွားခဲ့သည်။
“အားးး အားးး!!”
အထူးသဖြင့် ရှေ့ဆုံးတွင် ရှိနေခဲ့သော လူ လေးဦးမှာ စူးချန်ကဲ၏ လက်သီးချက်အောက်တွင် ညာဘက်လက်မောင်း တစ်ခုလုံးကို စုတ်ပြတ်သွားခဲ့သည်။
တစ်စစီ ဖြစ်သွားသော အသားစများနှင့်အတူ အရိုးစများမှာ လေထဲတွင် ဖရိုဖရဲ ပြန့်ကြဲကုန်၏။
“မင်းက တကယ်ပဲ ဘယ်သူလဲ”
နောက်ဆုံးတွင် ဟန်ချက်ညီအောင် ပြန်လည်ထိန်းထားနိုင်ခဲ့သည့် လူလေးယောက်မှာ ဒေါသတရားများနှင့်အတူ စူးချန်ကဲကို စိုက်ကြည့်ကာ မေးမြန်းလိုက်ကြသည်။
အပေါ်ယံ ပြသထားသော စူးချန်ကဲ၏ ကျင့်ကြံခြင်းနယ်ပယ်မှာ မဟာဧကရာဇ်နယ်ပယ် အဆင့်(၅) မျှသာ ရှိနေခဲ့သော်လည်း၊ ခန္ဓာကိုယ်အတွင်း၌ ဖုံးကွယ်ထားသော စွမ်းအားများသည် သူတို့ စိတ်ကူးထားသည်ထက် လုံးဝ ကျော်လွန်နေခဲ့သည်။
သူတို့သည် ယခင်က ပြင်ပကမ္ဘာမှ ဝင်ရောက်လာခဲ့ကြသော ပါရမီရှင်များစွာကို ဆုံတွေ့ခဲ့ဖူးသည်။
သို့သော်လည်း ယခုအကြိမ်တွင်မူ အဘယ့်ကြောင့် ဤမျှ ကြောက်စရာကောင်းသော လူ့ဘီလူးတစ်ကောင် ဝင်ရောက်လာခဲ့သနည်း။
ဤစကားကို ကြားသော်လည်း ၊ စူးချန်ကဲမှာ အဖက်လုပ်ရန် ပျင်းရိလွန်းသည်။ သူသည် လက်ကို နောက်ပစ်လျက် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
ဝုန်း!
ဝတ်ရုံနက်သမားများသည် မိမိတို့၏ ဘေးပတ်ဝန်းကျင်ရှိ အာကာသ ဟင်းလင်းပြင်သည် ကျဉ်းမြောင်းသွားသကဲ့သို့ ခံစားလိုက်ရ၏။
ထိုအချိန်၌ပင် ၊ စူးချန်ကဲသည် မျက်စိတစ်မှိတ်အတွင်း သူတို့၏ ရှေ့မှောက်တွင် တိုက်ရိုက် ပေါ်ထွက်လာခဲ့သည်။
ဖောင်းး!
အသားစများ ပေါက်ကွဲသွားသည့် ကျယ်လောင်သံနှင့်အတူ ၊
စူးချန်ကဲ၏ ရှေ့တည့်တည့်တွင် ရပ်နေခဲ့ကြသော ဝက်ရုံနက်သမားများမှာ ယခုတွင်မူ ဦးခေါင်းများ ဖြုတ်ခံလိုက်ရလေပြီ။
ဝုန်းခနဲ့ ဟူသော အသံနှင့်အတူ ၊ ခန္ဓာကိုယ်ကြီးသည် အသက်စွမ်းအားများ ဆုံးရှုံးလိုက်ရပြီ ဖြစ်ကာ မြေပြင်ပေါ်သို့ လဲကျ သေဆုံးသွားခဲ့ရတော့သည်။
ဤမြင်ကွင်းကြောင့် ကျန်ရှိနေသေးသော ဝတ်ရုံနက်သမား အချို့မှာ ချက်ချင်းဆိုသလို ထိတ်လန့်ချောက်ချားသွားခဲ့ရသည်။
“ဒီကောင် တစ်ခုခု မူမမှန်ဘူး"
ဝတ်ရုံနက်သမားတစ်ဦးက ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။
“မြန်မြန်၊ အားလုံး အတူတူ မူလရင်းမြစ် စွမ်းအားတွေကို ဖောက်ခွဲပစ်လိုက်ကြတော့"
..........