← Chapters

ဘယ်လောက်တောင် အစွမ်းထက်နေမလဲ ထင်နေတာ၊ ဒီလောက်ပဲလား

Vol. 70 Ch. 910

ဘယ်လောက်တောင် အစွမ်းထက်နေမလဲ ထင်နေတာ၊ ဒီလောက်ပဲလား

Vol. 70 Ch. 910

တစ်ခဏအတွင်းမှာပင်၊ ကျန်ရှိနေသေးသော ဝတ်ရုံနက်လူအချို့မှာ ပြန်သတိကပ်လာကြပြီး ဆိုင်းတွခြင်းမရှိ မဟာလမ်းစဉ် အစီအရင်တစ်ခုကို ဆင့်ခေါ်လိုက်သည်။

ဝုန်း!

၎င်းတို့၏ အတူတကွ လှုံ့ဆော်မှုအောက်တွင်၊ မဟာလမ်းစဉ် အစီအရင်မှာ ကျယ်လောင်စွာ စတင် မြည်ဟည်းလာ၏။

ယင်းအတွင်းမှ ထွက်ပေါ်လာသော အရှိန်အဝါများသည် ကြောက်ခမမ်းလိလိ ဆွဲငင်အားကို ထုတ်လွှတ်ကာ မိုးမြေတစ်ခွင်လုံးကို လှုပ်ခါသွားစေခဲ့သည်။ တစ်ချိန်တည်းမှာပင် ဝတ်ရုံနက်လူအချို့၏ အရှိန်အဝါများမှာလည်း မြင့်တက်လာလေ၏။

“ဒီက ကျင့်ကြံသူအစ်ကို..... မြန်မြန် ဒီနေရာကနေ ထွက်သွားပါတော့"

အနည်းငယ် အားနည်းနေခဲ့ပြီ ဖြစ်သော ထျန်းရွှမ်ယင်သည် စူးချန်ကဲကို စိုးရိမ်ပူပန်စွာဖြင့် လှမ်းအော်ဟစ်လိုက်သည်။

“ကျင့်ကြံသူအစ်ကိုရဲ့ ကူညီပေးမှုကို ကျေးဇူးတင်ပါတယ်..... ဒါပေမဲ့ ကနဦးမူလရင်းမြစ် စွမ်းအားက သာမန်အရာမျိုး မဟုတ်ဘူး.... ကျင့်ကြံသူအစ်ကို ဒီနေရာကနေ အမြန်ဆုံး ထွက်သွားပါတော့"

ကနဦးမူလရင်းမြစ် စွမ်းအားဆိုသည်မှာ ထျန်းမန်ကမ္ဘာအတွင်း၌သာ သီးသန့်တည်ရှိသော ထူးကဲသည့် နတ်ဘုရားအနှစ်သာရ ဖြစ်သည်။

ဤနတ်ဘုရားအနှစ်သာရသည် တစ်ချိန်က ကနဦးအမတဧကရာဇ်မင်း၏ မူလရင်းမြစ်စွမ်းအားမှ ဆင်းသက်လာခဲ့သော အရာဖြစ်ပေသည်။

၎င်းသည် မိုးမြေ၏ မဟာလမ်းစဉ်ပေါင်းများစွာနှင့် ဆက်သွယ်နိုင်ပြီး၊ ကျင့်ကြံသူများ၏ ဖုံးကွယ်ထားသော အလားအလာများကို နှိုးထလာစေကာ၊ ၎င်းတို့၏ တိုက်ခိုက်ရေး စွမ်းရည်ကို အဆပေါင်းများစွာ မြင့်တက်သွားစေနိုင်သည်။

ထို့အပြင်၊ ကနဦးမူလရင်းမြစ် စွမ်းအားသည် အမတစွမ်းအင်များအပေါ်တွင် အတိုင်းအတာတစ်ခုအထိ ဖိနှိပ်နိုင်စွမ်း ရှိပြီး၊ အမတစွမ်းအင်များကိုပင် ဝါးမြိုပစ်နိုင်ကာ ၎င်းကို မိမိကိုယ်ပိုင် စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်စွမ်း ရှိသည်။

စူးချန်ကဲ စောစောက ပြသခဲ့သော စွမ်းအားသည် လွန်စွာ ထူးခြားလှသော်လည်း၊ ကနဦးမူလရင်းမြစ် စွမ်းအား၏ ရှေ့မှောက်တွင်မူ ခုခံနိုင်ရန် ခက်ခဲပေလိမ့်မည်။

ယနေ့တွင် သူမသည် သေချာပေါက် သေဆုံးရတော့မည့် အခြေအနေထဲသို့ ကျရောက်နေခဲ့ပြီ ဖြစ်ရာ၊ သူမအနေဖြင့် အပြစ်မဲ့သော လူတစ်ယောက်ကို ဒုက္ခမရောက်စေလိုပေ။

ထျန်းရွှမ်ယင်၏ အော်ဟစ်သံကို ကြားလိုက်ရသော်လည်း ၊ စူးချန်ကဲသည် မကြားသည့်အတိုင်း ရှိနေ၏။

ဤမျှထူးခြားဆန်းပြားသော စွမ်းအားသည် သူ၏ စိတ်ဝင်စားမှုကို နိုးထလာစေခဲ့သည်။

“ကောင်လေး.. သူတစ်ပါးကိစ္စထဲ ဝင်ရောက်စွက်ဖက်တတ်တဲ့လူက အသက်တိုတတ်တယ်ဆိုတာ မင်းသိလား"

အလယ်တွင် ရှိနေသော ဝတ်ရုံနက်သမားက ဆိုလိုက်သည်။

“မင်းက ပြင်ပကမ္ဘာကနေ ဝင်ရောက်လာခဲ့တဲ့ ကျင့်ကြံသူ ဖြစ်ရမယ်၊ ဒီကမ္ဘာကြီးရဲ့ အခြေအနေကို နားလည်ဦးမှာ မဟုတ်ဘူး"

“ငါတို့က အမှောင်ထုထျန်းမန်ရဲ့ လူတွေပဲ ...ငါတို့ အမှောင်ထုထျန်းမန် ဂိုဏ်းချုပ်ရဲ့ အမိန့်ကို နာခံပြီး ထျန်းမန်ပြစ်ဒဏ်သင့်မျိုးနွယ်ကို ဖမ်းဆီးဖို့ လာခဲ့တာပဲ ၊ ဒါပေမဲ့ မင်းက ဒီလို ပြစ်ဒဏ်သင့်မျိုးနွယ် နှစ်ယောက်ကို ကာကွယ်ပေးနေတာက ငါတို့ အမှောင်ထုထျန်းမန် တစ်ခုလုံးကို ဆန့်ကျင်နေတာနဲ့ အတူတူပဲ"

“မသက်ဆိုင်တဲ့ လူတွေကြောင့် ကိုယ့်အနာဂတ်ကို အပျက်စီးမခံစမ်းပါနဲ့ ၊ တကယ်လို့ မင်းက အကောင်းပြောနေတာကို မနာခံဘူးဆိုရင်....”

“ ဒါပေမဲ့လည်း မင်း အခုချက်ချင်း ထွက်ခွာသွားမယ်ဆိုရင်တော့ စောစောက ကိစ္စကို ငါတို့အနေနဲ့ နောက်ကြောင်းပြန်မလိုက်တော့ဘဲ၊ မိတ်ဆွေတောင် ဖြစ်လာနိုင်သေးတယ်"

ဤလူ၏ စကားသံမှာ ကြမ်းတမ်းခက်ထန်သော်လည်း ၊ စကားလုံးများကြားတွင်မူ ကြောက်ရွံ့တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေခဲ့၏။

မူလက ပြောဆိုရန် ပြင်ဆင်ထားသော “အကောင်းပြောတာကို မနာခံဘူး” ဆိုသည့် စကားလုံးများကိုပင် ဆက်၍ မပြောဆိုဝံ့တော့ချေ။

မည်သို့ပင်ဆိုစေကာမူ၊ သူတို့မျက်စိရှေ့က ဤဝတ်ရုံဖြူလူငယ်သည် အတော်လေး ထူးဆန်းသည်။

သူတို့ အတူတူ လက်နက်ထုတ် တိုက်ခိုက်ခဲ့ကြသော်လည်း တစ်ဖက်လူ၏ တိုက်ခိုက်မှုကို မတားဆီးနိုင်ခဲဲ့ရုံသာမက ထိပ်တိုက် တစ်ကြိမ် တွေ့ဆုံရုံမျှဖြင့် သူတို့၏ အဖော်တစ်ဦး သေဆုံးသွားခဲ့ရသည်။

ထို့အပြင်၊ ကနဦးမူလရင်းမြစ် စွမ်းအားသည် လွန်စွာ တန်ဖိုးရှိသည်။

သူတို့ အမှောင်ထုထျန်းမန်၏ ဂိုဏ်းချုပ်ကိုယ်တိုင်ပင်လျှင် လွယ်ကူစွာ စုစည်းနိုင်ခြင်း မရှိချေ။ ထျန်းမန်ကမ္ဘာအတွင်းမှ ထူးခြားသော နည်းလမ်းများကို အသုံးပြု၍ လုယက်စုဆောင်းရခြင်း ဖြစ်သည်။

သူတို့လို သာမန်လူများအတွက် နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့ရသော ကနဦးမူလရင်းမြစ် စွမ်းအားများကို စူးချန်ကဲပေါ်တွင် အလဟဿ အကုန်အကျမခံချင်ကြချေ။

“ဟားး..... သူတစ်ပါးကိစ္စထဲ ဝင်ရောက်စွက်ဖက်တတ်တဲ့လူက အသက်တိုတတ်တယ် ဟုတ်လား"

“ ငါစူးမျိုးရိုးက သေချာပေါက် ဝင်ရောက်စွက်ဖက်မှာ ဖြစ်သလို ပြီးတော့ ဘယ်သူက အသက်တိုမလဲဆိုတာ ကြည့်ချင်သေးတယ်"

ဝုန်း!

စူးချန်ကဲသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး၊ သူ့ခန္ဓာကိုယ်အတွင်းရှိ အမတစွမ်းအင်များကို ပြင်းထန်စွာ လှုံ့ဆော်လိုက်သည်။

တစ်ခဏအတွင်းမှာပင် မူလနေရာမှ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့ပြီး၊ အနီးဆုံးတွင် ရှိနေသော ဝတ်ရုံနက်သမား တစ်ဦးအား ထပ်မံ၍ တိုက်ခိုက်လိုက်သည်။

“မျက်နှာသာပေးတာကို.. အရှက်မရှိတဲ့ကောင်"

“မင်းက သေချာပေါက် သေကြောင်းကြံချင်နေမှတော့ ငါတို့ကလည်း မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့"

ကျန်ရှိနေသေးသော ဝတ်ရုံနက်သမားများက အော်ဟစ်လိုက်ကြသည်။

မဟာလမ်းစဉ် အစီအရင်အတွင်းမှ ပျံ့လွင့်နေသော အရှိန်အဝါများမှာ ဝတ်ရုံနက်လူများ၏ ခန္ဓာကိုယ်အတွင်းသို့ ရောနှောဝင်ရောက်သွားခဲ့ကြပြီ ဖြစ်သည်။

ဝုန်း!

ရုတ်တရက် ၊ ပြင်းထန်သော အရှိန်အဝါများသည် မဟာလမ်းစဉ်၏ ထူးဆန်းသော အံ့ဖွယ်ပုံရိပ်များအဖြစ် စုစည်းသွားသကဲ့သို့ သူတို့၏နောက်မှ ထွက်ပေါ်လာသည်။

ကနဦးမူလရင်းမြစ် စွမ်းအားများကို အလဟဿ မဖြစ်စေရန် သူတို့သည် အရပ်မျက်နှာ အသီးသီးမှ အတူတူ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြပြီး၊ စူးချန်ကဲကို တစ်ချက်တည်းနှင့် သတ်ဖြတ်ပစ်ရန် ကြံစည်ထားကြသည်။

“သေစမ်း"

အရှိန်မြန်ဆန်သော ဝတ်ရုံနက်သမား တစ်ဦးက လှံရှည်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး၊ သူ့လက်ကောက်ဝတ်ကို တစ်ချက်လှုပ်လိုက်ရုံဖြင့် မိုးကောင်းကင်ကို ထိုးဖောက်ဝင်ရောက်လာသော နတ်ဘုရားသက်တံ့ရောင်စဉ်အလား စူးချန်ကဲ၏ ဦးခေါင်းတည့်တည့်ကို ပစ်ခွင်းလိုက်၏။

ရွှမ်း!

တစ်ချိန်တည်းမှာပင်၊ အခြားသော ဝတ်ရုံနက်သမား နှစ်ဦးကလည်း ဓားများကို ဆုပ်ကိုင်လျက် အားပြင်းပြင်း ခုတ်လွှဲလိုက်ရာ ၊ ဓားအလင်းများသည် စူးချန်ကဲ၏ ခါးပေါ်သို့ ကျရောက်သွားခဲ့သည်။

အခြားသော ဝတ်ရုံနက်သမားများသည်လည်း ရပ်ကြည့်မနေဘဲ အမတလက်နက်များကို အပြိုင်အဆိုင် ထုတ်ဖော်လိုက်ကြသည်။

ဝုန်း! ဝုန်း! ဝုန်း!

တောက်ပသော နတ်ဘုရားအလင်းတန်းများစွာ ဆက်တိုက်ဆိုသလို ပေါက်ကွဲထွက်ပေါ်လာကြပြီး ၊အဖျက်စွမ်းအား လှိုင်းလုံးကြီးများသဖွယ် စူးချန်ကဲကို ဝါးမြိုဖျက်ဆီးပစ်ရန် ပြေးဝင်လာကြသည်။

“သတိထား"

ထျန်းရွှမ်ယင်က အလျင်အမြန် သတိပေးလိုက်သည်။

ဤဝတ်ရုံနက်သမားများ၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေရသည့်တိုင် စူးချန်ကဲ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့ခြင်း အနည်းငယ်မျှပင် မရှိခဲ့ချေ။ ယင်းအစား သူ၏ မျက်ဝန်းတစ်စုံ၌ စိတ်ဝင်စားဖွယ်ရာ ကောင်းသော အရိပ်အယောင်တစ်ခု ရှိနေခဲ့သည်။

သူ ခံစားမိလိုက်ရသည်မှာ ဤကနဦးမူလရင်းမြစ် စွမ်းအားဟု ခေါ်ဆိုသော အရာပေါ်တွင် ထူးဆန်းသော ဝါးမြိုခြင်းစွမ်းအားတစ်ခု ရှိနေခဲ့ပြီး၊ ၎င်းသည် မိုးမြေ၏ စွမ်းအားပေါင်းများစွာနှင့် အမတစွမ်းအင် နိယာမများကိုပါ ဝါးမြိုပစ်နိုင်စွမ်း ရှိပုံရသည်။

“စိတ်ဝင်စားဖို့ ကောင်းသားပဲ"

စူးချန်ကဲသည် ရှောင်တိမ်းခြင်း မရှိ ညာဘက်လက်ကိုသာ ဆန့်ထုတ်လျက်၊ ၎င်းတို့၏ ပူးပေါင်းတိုက်ခိုက်မှုကို ခုခံတားဆီးရန် ပြင်ဆင်လိုက်သည်။

“ဟမ့် ၊ သေလမ်းရှာနေတာပဲ"

စူးချန်ကဲသည် ရှောင်တိမ်းခြင်း မရှိသလို မိမိ၏ လက်နက်ကိုပင် ထုတ်ဖော်ခြင်း မရှိချေ။ ဤကဲ့သို့သော သာမန်ကာလျှံကာ တိုက်ခိုက်ရန် ပြင်ဆင်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် ဝတ်ရုံနက်သမားများမှာ တစ်ဖက်လူသည် လွန်စွာ မောက်မာလွန်းသည်ဟု ခံစားလိုက်ရသည်။

သူတို့၏ အမြင်တွင် ၊ စူးချန်ကဲဘက်မှ ခုခံတားဆီးရန် ပြင်ဆင်နေသော်လည်း အသုံးဝင်မည် မဟုတ်ချေ။

ကနဦးမူလရင်းမြစ် စွမ်းအားသည် အမတစွမ်းအင်များကို ဝါးမြိုပစ်နိုင်စွမ်း ရှိပြီး၊ ၎င်းတို့ကို အရည်ပျော်စေကာ ကနဦးမူလရင်းမြစ် စွမ်းအား၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်စွမ်း ရှိသည်။

တစ်ဖက်လူသည် မည်သို့တားဆီးနိုင်မည်နည်း။

ဝုန်း!

နောက်အခိုက်အတန့်တွင် ၊ ဝတ်ရုံနက်သမားများ၏ တိုက်ခိုက်မှုများမှာ ဆက်တိုက် ရောက်ရှိလာခဲ့ပြီ ဖြစ်ပြီး၊

ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာခဲ့သော လှိုင်းတံပိုးများမှာ ပေပေါင်းသောင်းချီ ဝေးကွာသော နေရာများအထိ ရိုက်ခတ်သွားခဲ့သည်။

မရေမတွက်နိုင်သော လျှပ်စီးမိုးကြိုးများသည် ပင့်ကူအိမ်ကဲ့သို့ အပြင်ဘက်ကို ဖြာထွက်ကာ ကျဆင်းလာသည်။

အာကာသဆိုင်ရာ မှော်သင်္ကေတများမှာ မှုန့်မှုန့်ညက်ညက် ကြေမွသွားခဲ့ရပြီး ၊ မြေစိုင်မြေခဲများမှာ အတွင်းပိုင်းသို့ ကျွံကြသွား၏။

စူးချန်ကဲ၏ ခန္ဓာကိုယ်မှာလည်း ပြင်းထန်စွာ ရိုက်ခတ်လှုပ်ရှားနေသော မှော်သင်္ကေတမုန်တိုင်းများ၏ အောက်တွင် ဝါးမြိုခံလိုက်ရပြီး ခြေရာလက်ရာ မကျန် ပျောက်ကွယ်သွားခဲ့သည်။

“ဟားး..... ငါက ဘယ်လောက်တောင် အစွမ်းထက်နေမလဲလို့ ထင်နေတာ"

ဝတ်ရုံနက်သမားများသည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြပြီး၊ စောစောက ရှိနေခဲ့သော ကြောက်ရွံ့တုန်လှုပ်မှုများမှာ ယခုအခါတွင် လှောင်ပြောင်သရော်မှုများအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။

“ လတ်စသတ်တော့ ဒီလောက်ပဲ......”

သို့သော် သူတို့၏ စကားမဆုံးသေးခင်မှာပင်။

ဝုန်းး——

ပေါက်ကွဲမှု၏ ဗဟိုချက်တွင် ရုတ်တရက် နက်မှောင်သော အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာသည်။

လူတိုင်း၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် ၊ ရိုက်ခတ်လှုပ်ရှားနေသော သင်္ကေတမုန်တိုင်းများ ၊ ထောင်းထောင်းထနေသော ဖုန်မှုန့်များမှာ အံ့ဩစရာကောင်းလောက်အောင်ပင် ဗဟိုချက်ဆီသို့ ပြန်လည်ကျုံ့ဝင်သွား၏။

ဤအခြေအနေကို ကြည့်ရသည်မှာ မမြင်နိုင်သော စွမ်းအားတစ်ခုက ဝါးမြိုနေဟန်ရသည်။

ဝတ်ရုံနက် လူများမှာ လုံးဝ ကြောင်အမ်းသွားသည်။

ဒါက ဘာအခြေအနေလဲ...

မိမိတို့၏ ကနဦးမူလရင်းမြစ် စွမ်းအားများကို စုစည်းကာ တိုက်ခိုက်လိုက်သော တိုက်ခိုက်မှုသည် တစ်စုံတစ်ခု၏ ဝါးမြိုခြင်းကို ခံလိုက်ရလေသလော။

ထိုအချိန်တွင်၊ စူးချန်ကဲ၏ ပြုံးယောင်သန်းနေသော စကားသံသည် ၎င်းအတွင်းမှ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

“ငါက ဘယ်လောက်တောင် အစွမ်းထက်နေမလဲလို့ ထင်နေတာ၊ လတ်စသတ်တော့ ဒီလောက်ပဲလား”

All Chapters