ချန်းဖန်
Vol. 010 Ch. 466
မကောင်းဆိုးဝါး ဆန်သည့် လူငယ်က ညင်သာစွာ ခေါင်းညိတ်၍ ပြောသည်။ “အစ်ကိုစန်နူးက ငါ့နာမည်ကို သိနေလိမ့်မယ်လို့ မထင်ထားမိဘူး။ ငါ့ရဲ့ ဂျူနီယာ ညီမလေးက မင်းကို ပြောလိုက်တာ ဖြစ်မယ်။ သူမက ငါနဲ့ ပတ်သက်ပြီး ဆိုးတာတွေပဲ ပြောလိမ့်မယ်…”
သွန်းထျန်က အေးစက်စွာ ပြောလိုက်သည်။ “တော်လောက်ပြီ…။ အစီအရင် ဖွင့်လိုက်။ ငါ့မှာ မင်းနဲ့ ဖြုန်းဖို့ အချိန်မရှိဘူး။ မင်းက ခုမဖွင့်ရင် မင်းတစ်သက်လုံး ဒီမှာ နေသွားရစေမယ်…”
ချန်းဖန်က ရယ်မောလိုက်သည်။ “စီနီယာ…ငါမှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ စီနီယာရဲ့ ဆက်ခံသူက ငါနဲ့ တိုက်ခိုက်ဖို့ သတ္တိမရှိလို့များလား…။ စီနီယာ အေးအေးဆေးဆေး နားပါ…။ ငါက သေလောက်အောင် မလုပ်ပါဘူး။ ငါတို့က ဖလှယ်ကြည့်ရုံပါပဲ…”
သွန်းထျန်က နှခေါင်းရှုံ့လိုက်သည်။ သူက လက်မြှောက်၍ မန္တာန်တစ်ခု အသုံးပြုရန် ပြင်လိုက်စဉ်မှာပင် ဝမ်လင်းက ပြောလိုက်သည်။ “ကောင်းပြီ…ငါ မင်းနဲ့ တိုက်မယ်…”
ချန်းဖန် မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ သူက ရယ်မော၍ အလင်းမျက်နှာပြင် ထဲကနေ လှမ်းထွက်လာသည်။ သူက ဝမ်လင်း ရှေ့ဆယ်ပေခန့်တွင် ရပ်၍ ပြုံးလိုက်သည်။ “ကောင်းတယ်…။ အစ်ကို စန်နူးက လီယွမ်ဖန်နဲ့ ဘီလူးနတ်ဆိုး ကလန် ဘိုးဘေးတို့ကို သတ်နိုင်ခဲ့တဲ့လူ ဖြစ်နေတာ အံ့ဩစရာတော့ မရှိတော့ဘူး…”
ဝမ်လင်းက သည်လူနှင့် စကားများပြီး အချိန်မဖြုန်း လိုတော့ချေ။ ချန်းဖန်က လှမ်းလျှောက်၍ ထွက်လာသည်နှင့် သူက ကောင်းကင်ဘုံဓားကို မြှောက်၍ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်ကို အသက်သွင်း၍ စကားပြောနေသော ချန်းဖန်ထံသို့ ခုတ်ချ လိုက်သည်။ ဝမ်လင်းက ချန်းဖန်နှင့် ပထမဆုံး တွေ့သည့် အကြိမ် ဖြစ်သော်လည်း သူက ချန်းဖန် အပေါ်တွင် ခံစားချက်ကောင်း ရှိမနေချေ။ ဝမ်လင်းက ပထမဆုံး တိုက်ခိုက်မှုမှာပင် ညှာတာခြင်း မရှိပေ သူ့စွမ်းအားများစွာကို အသုံးပြုထား၏။
သည် ခုတ်ပိုင်းချက်က ရှင်းလင်းပြီး အလင်းတန်းအလား မြန်ဆန်လွန်းသည်။
ချန်းဖန်မျက်လုံးများက အေးစက်သွားသည်။ သူက မည်သည့် ရတနာကိုမျှ အသုံးမပြုဘဲ လေထဲသို့ လက်ညွှန်သည်။
ဘန်း…။
ကျယ်လောင်သော ပေါက်ကွဲသံများက လေထဲ၌ ပဲ့တင်ထပ်သွား၏။ ဝမ်လင်း၏ သည်ဓားတိုက်ခိုက်မှုတွင် ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင် ပါဝင်နေခြင်းက သည်ကောင်းကင်ဘုံ ဓား၏ စွမ်းအားကို ယခင်ထက် အဆများစွာ ပြင်းထန်စေခဲ့သည်။
ချန်းဖန်က နောက်သို့ ပေတစ်ထောင်ခန့် လွင့်စဉ်သွားခဲ့၏။ သူ့အသွင်က တည်ငြိမ်ခြင်းမရှိဘဲ မျက်လုံးများက အေးစက်လာပြီး ဝမ်လင်းလက်ထဲရှိ ကောင်းကင်ဘုံဓားကို ကြည့်သည်။ “ကောင်းကင်ဘုံ ရတနာ…”
သူ့ညာလက်လက်ညှိုးက တုန်ခါနေပြီး လက်ချောင်းထိပ်ကနေ သွေးများ တစက်စက် ကျနေ၏။ သူ့ညာလက်မောင်း တစ်ခုလုံးလည်း လုံးဝ ထုံသွားခဲ့သည်။
ချန်းဖန်က ပထမဆုံး တိုက်ခိုက်မှုမှာပင် အင်ပြည့်အားပြည့် တိုက်ခိုက် လာလိမ့်မည်ဟု မထင်ထားမိချေ။
ချန်းဖန်ကို နောက်သို့ တစ်ချက်တည်းဖြင့် ဆုတ်သွားစေပြီးနောက် ဝမ်လင်းက သူ့ပါးစပ်ကို ဟကာ အနက်ရောင် အလင်းတန်းတစ်ခုကို ထွေးထုတ်လိုက်သည်။ သည့်နောက် ၎င်းကို လက်ဖြင့် ဖမ်းလိုက်ရာ ၎င်းအလင်းလန်းက တုပထားသည့် စိတ်ဝိညာဉ် ဆယ်သန်းအလံသို့ ပြောင်းသွားလေ၏။ တစ်ချက်လှုပ်ရမ်း လိုက်ခြင်းနှင့် အတူ စိတ်ဝိညာဉ် အပိုင်းအစများစွာက ပျံသန်း ထွက်ပေါ်လာကြသည်။
ဝမ်လင်းက သူသည် ချန်းဖန်၏ ပြိင်ဘက် မဟုတ်ကြောင်း သိပေသည်။ တကယ်တော့ ချန်းဖန်က စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အလယ်အလတ် အဆင့်ရှိသည့်သူ မဟုတ်လား။ သူ့အတွက် တစ်ခုတည်းသော နည်းလမ်းက ချန်းဖန်ကို လက်ဦးမှုရယူ၍ သူမည်သို့မှ ပြန်တုံ့ပြန် မနိုင်ခင် လျင်မြန်စွာ တိုက်ခိုက်ခြင်း ဖြစ်သည်။
စိတ်ဝိညာဉ်အပိုင်းအစများပေါ်လာသည်နှင့် ဝမ်လင်းက လျင်မြန်စွာ ပြောလိုက်သည်။ “ဝါးမျိုစမ်း…”
သည်မရေမတွက်နိုင်သော စိတ်ဝိညာဉ် အပိုင်းအစများထဲ၌ မူလစိတ်ဝိညာဉ် ဆယ့်နှစ်ခု ရှိလို့နေသည်။ သူတို့က နက်မှောင်စွာ ပြုံး၍ ချန်းဖန်ထံသို့ တိုးဝင် သွားကြတော့သည်။
ချန်ဖန်းက အစိမ်းရောင်အလင်းမျက်နှာပြင်ထဲကနေ ထွက်ပေါ်လာသည်နှင့် မရေမတွက် နိုင်သော စိတ်ဝိညာဉ် အပိုင်းအစများ၏ ဝန်းရံခြင်းကို ခံလိုက်ရသည်။ သည်အခြင်းအရာက အလွန်လျင်မြန်စွာ ဖြစ်ပျက် သွားခြင်းပင်။ မြန်ဆန်လွန်းသဖြင့် ချန်းဖန်က ဘာလုပ်ရမှန်းပင် မသိတော့ချေ။
တကယ်တော့ သူက ဝမ်လင်းကို နားမလည်ခဲ့သည့် အပြင် သူ့စိတ်ထဲ၌လည်း ဝမ်လင်းအား အထင်သေးနေ၏။ မဟုတ်လျှင် သူ့ကျင့်ကြံမှု အဆင့်ဖြင့် ဝမ်လင်း စိတ်ဝိညာဉ် အလံ ထုတ်ယူနိုင်သည့် အခွင့်ရေး လုံးဝ ရှိနိုင်မည် မဟုတ်ချေ။
သူ့အမြင်အရ ဝမ်လင်းက အလွန် စက်ဆုပ်ဖွယ် ကောင်းလို့နေ၏။ သူ့အဆင့်နှင့်ဆိုလျှင် သူက မည်သူနှင့် ရင်ဆိုင်ရသည်ဖြစ်စေ သူ့ရန်သူက အနည်းဆုံးတော့ သူနှင့် စကားပြောဆိုပြီးမှ စတင် တိုက်ခိုက်သင့်သည် မဟုတ်လား။ သို့သော် ဝမ်လင်းက သူစကားမဆုံး သေးခင်မှာပင် ရုတ်တရက် တိုက်ခိုက်လာခဲ့၏။ သည်အရာက အလစ်တိုက်ခိုက်ခြင်းနှင့် မခြားလှချေ။
သည်မြင်ကွင်းက သွန်းထျန်ကို ပျော်ရွှင်သွားစေ၏။ သူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး တွေးနေသည်။ “ဒီစန်နူးက တကယ့်ကို ငါတို့ စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်ရဲ့ အနှစ်သာရကို ရထားတာပဲ။ သူက လုပ်ဆောင်တော့မယ် ဆိုတာနဲ့ အကောင်းဆုံး အခွင့်ရေးကို အသုံးချပစ်တယ်…”
သည်အခိုက်တွင် ချန်းဖန် ပတ်လည်၌ တုပထားသည့် စိတ်ဝိညာဉ် ဆယ်သန်းအလံက ဝန်းရံထား၏။ မရေမတွက်နိုင်သော စိတ်ဝိညာဉ် အပိုင်းအစများက ဖိအားပေးနေ၏။ အထူးသဖြင့် မူလစိတ်ဝိညာဉ် ဆယ့်နှစ်ခုက သူ့အတွက် အလွန်အန္တရာယ် များစေနေသည်။
ချန်းဖန်မျက်လုံးထဲရှိ နူးညံမှုက ပျောက်ကွယ်သွားပြီး ထိုအစား ကြမ်းကြုတ်မှုတို့ အစား ဝင်လာ၏။ သူက သိုလှောင်အိတ်ထဲကနေ အနီရောင် စူးတစ်ချောင်းကို ထုတ်ယူလိုက်သည်။
“ဟင်္သာပြဒါးစူး…” သွန်းထျန်က မျက်မှောင်ကြုတ် သွားသည်။ သူက ခုလက်ရှိ ဟင်္သာပြဒါး ခေါင်းစီးက သည်ချန်းဖန်ကို အမှန်ပင် မျက်နှာသာ ပေးထားခြင်း တွေးလိုက်မိသည်။ မဟုတ်လျှင် သူက ချန်းဖန်ကို သည်လိုရတနာမျိုး ပေးထားလိမ့်မည် မဟုတ်ချေ။
သွန်းထျန်က အသံပို့လွှတ် လိုက်၏။ “စန်နူး…ဒီရတနာက ကျူးချွဲဇီ ပိုင်တာ…။ ဒါက တစ်ဝက်တစ်ပျက် ကောင်းကင်ဘုံ ရတနာလို့ ယူဆိုလို့ရတယ်။ ဒါ့ကြောင့် ၎င်းက စွမ်းအား ကောင်းတယ်…”
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက အလွန်ဆုံးဖြတ်ချက် ပြတ်သားသည့်သူ ဖြစ်သည်။ သူ့မျက်လုံးက အေးစက်သွားပြီး ပြောလိုက်၏။ “ပေါက်ကွဲစမ်း…”
စကားတစ်ခွန်းနှင့်အတူ စိတ်ဝိညာဉ် တစ်သန်း အပိုင်းအစများက ချက်ချင်း ပေါက်ကွဲ ကုန်ကြသည်။
ဘုန်း…ဘုန်း…ဘုန်း…။
သည်ပေါက်ကွဲမှု၏ စွမ်းအားက စိတ်ကူးနိုင်သည့်ထက် ပိုလေသည်။ ချန်းဖန်၏ အသွင်ကလုံးဝ ပြောင်းလဲသွား၏။ သူက ချက်ချင်းပင် စူးရတနာကို ပြန်သိမ်း၍ ကြာပွင့်သဏ္ဌာန် ထိုင်ချလိုက်သည်။ ထိုအခါ ဟင်္သာပြဒါး အစီအရင် တစ်ခုလုံးက လက်ခနဲ ဖြစ်ကာ ပျောက်ကွယ် သွားပြီး ချန်းဖန်ရှေ့၌ ပြန်ပေါ်လာခဲ့၏။
ခုချိန်တွင် သူ့ခန္ဓာကိုယ်က အားကောင်းသော အစိမ်းရောင် အလင်းတန်းတစ်ခုကို ထုတ်လွှတ် နေ၏။ သူ့ခန္ဓာကိုယ်ကနေ အားကောင်းသော စုပ်ဝဲတစ်ခု ထွက်ပေါ်နေပြီး ပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် အားများကို စုပ်ယူနေ၏။
စိတ်ဝိညာဉ် တစ်သန်း၏ ပေါက်ကွဲမှု စွမ်းအားကြောင့် အစိမ်းရောင် အလင်းမျက်နှာပြင်က ပြင်းထန်စွာ တုန်ခါသွားရပြီး အထဲရှိ ချန်းဖန်သည်လည်း သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။
ဝမ်လင်းက ကြိတ်၍ သက်ပြင်းချလိုက်ပြီး မူလစိတ်ဝိညာဉ် ဆယ့်နှစ်ခုကို ပြန်ခေါ် လိုက်သည်။ ခုချိန်၌ ဟင်္သာပြဒါး အစီအရင်ကလည်း ပျောက်သွားပြီ ဖြစ်တဲ့အတွက် သူက ကုန်းမြေထဲသို့ ဝင်လိုက်ပြီး သွန်းထျန်ဘေး၌ မတ်တတ် ရပ်လိုက်သည်။
မူလစိတ်ဝိညာဉ် ဆယ့်နှစ်ခုက ပြန်လာပြီးနောက် ဝမ်လင်း၏ တုပထားသည့် စိတ်ဝိညာဉ် ဆယ်သန်း အလံကလည်း အမည်းရောင် အခိုးငွေ့အမျှင်တန်း အဖြစ်သို့ ပြောင်းသွားပြီး သူ့ကိုယ်ပိုင် မူလစိတ်ဝိညာဉ်သာ ကျန်ခဲ့တော့၏။ ၎င်းအမျှင်တန်းက သွန်းထျန်ထံသို့ တိုးဝင်သွားပြီးနောက် အစစ်အမှန် စိတ်ဝိညာဉ် ဆယ်သန်းအလံထဲသို့ ပြန်ဝင်သွားတော့သည်။
ဝမ်လင်းက သည်တုပထားသည့် အလံကို အသုံးပြုတာ နှစ်ကြိမ် ပြည့်သွားခဲ့ပြီ မဟုတ်လား။
သွန်းထျန်မျက်လုံးများက အေးစက်သွား၏။ သူက လက်မြှောက်ပြီးမှ ပြန်ချလိုက်သည်။ ခုချိန်၌ သူက ချန်းဖန်ကို မသတ်နိုင်သေးချေ။ အကြောင်းကတော့ ဟင်္သာပြဒါး အစီအရင်က သူ့ပတ်လည်တွင် ရှိနေသေးသည် မဟုတ်လား။ သူက လေးခုမြောက် မူလစိတ်ဝိညာဉ်ကို အသုံးမပြုလျှင် လူတစ်ယောက်တည်း အတွက် သီးသန့် ကာကွယ်ပေးထား နေသော သည်ဟင်္သာပြဒါး အစီအရင်ကို ချိုးဖျက်နိုင်မည် မဟုတ်ချေ။
ဝမ်လင်းမျက်လုံးများက တည်ငြိမ်နေ၏။ သည်နေရာ၌ စောနက တိုက်ပွဲပင် မဖြစ်ခဲ့သည့် အလားပင်။
အသက်ရှူစာသုံးကြိမ် ကြာပြီးနောက် အစိမ်းရောင် အလင်းမျက်နှာပြင် ကလည်း ပျောက်ကွယ်သွားပြီး ချန်းဖန်က သုန်မှုန်စွာဖြင့် လှမ်းလျောက်၍ ထွက်လာသည်။ သူက ဝမ်လင်းကို ဒေါသနှင့် လှမ်းကြည့်သည်။ သို့ရာတွင် သူက သူ့ခံစားချက်ကို ချက်ချင်း ဖိနှိပ်ထားလိုက်၏။ သူက အသက်ဝဝ ရှူသွင်းပြီးနောက် သူ့မျက်နှာက နူးညံသည့်အသွင် ပြန်ဖြစ်သွား၏။ သူက ပြောလိုက်သည်။ “အစ်ကိုစန်နူးက တကယ့်ကို အရည်အချင်း အချို့ ရှိတာပဲ။ ငါက ဒီတိုက်ပွဲကနေ အများကြီး သင်ယူခဲ့ရပါတယ်…”
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “ ပြဿနာမရှိဘူး…” သည့်နောက် သူက အကွာအဝေး တစ်ခုရှိ တောအုပ်တစ်ခုထံသို့ အကြည့် ရောက်သွားသည်။ သည့်နောက် သူက သက်ပြင်းချ၍ စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်ရှိရာသို့ ပျံသန်းသွားတော့သည်။
သွန်းထျန်ကလည်း လှောင်ပြုံးပြုံး၍ ချန်းဖန်ကို ကြည့်လိုက်သည်။ သည့်နောက် သူကလည်း တောအုပ်ကို လှမ်းကြည့် လိုက်ပြီးနောက် စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်ရှိရာသို့ ထွက်ခွာ သွားတော့သည်။
ချန်းဖန်မျက်လုံးထဲ၌ ဒေါသထွက်မှုက ပြန်အစားထိုးလာခဲ့၏။ သူက လက်သီးစုပ်၍ ဝမ်လင်းတို့ ထွက်သွားသော နေရာသို့ စူးစိုက်ကြည့်နေရင်း အော်ပြောလိုက်သည်။ “အနီရောင်လိပ်ပြာ… ထွက်လာခဲ့စမ်း…”
အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အနီရောင်လိပ်ပြာက တောအုပ်ထဲကနေ လှမ်းလျှောက်၍ ထွက်လာသည်။ သူမက အလွန် လှပနေ၏။ သို့သော် မျက်လုံးထဲ၌ ရှုပ်ထွေးမှုများ ရှိနေပြီး စိတ်ဝိညာဉ်မရှိသည့် ရုပ်သေးတစ်ကောင်လို ဖြစ်နေခဲ့သည်။
အနီရောင်လိပ်ပြာက ချန်းဖန်ဘေးနားသို့ ရောက်လာသည့် အခါတွင် သူက အနီရောင် လိပ်ပြာ၏ နဖူးကို လက်ညွှန်လိုက်သည်။ သူမမျက်နှာက ချက်ချင်းပင် သေလောက်အောင် ဖြူရော်သွားတော့၏။
အခြားတစ်ဖက်မှာတော့ ချန်းဖန်မျက်နှာက နီရဲလာခဲ့သည်။ စောနတုန်းက တိုက်ပွဲတွင် သူရခဲ့သည့် ဒဏ်ရာများက လျင်မြန်စွာ ပြန်ကောင်းလာခဲ့ပြီ မျက်စိတစ်မှိတ် အတွင်း အရှင်း ပျောက်သွားတော့သည်။
သူက သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီးနောက် လက်ချောင်းပေါ်ရှိ ဒဏ်ရာကို ကြည့်သည်။ သည်ဒဏ်ရာကတော့ ခုထိ သွေးစိမ့်နေတုန်းပင်။
“ဒါကို လျက်ပြီး ရှင်းလင်းလိုက်…” ချန်ဖန်းက သူ့လက်ညှိုးကို အနီရောင်လိပ်ပြာ ပါးစပ်နားသို့ မြှောက်ပေးလိုက်သည်။ အနီရောင်လိပ်ပြာက ပါးစပ်ဟ၍ ချန်းဖန် လက်ချောင်းပေါ်ရှိ သွေးများကို လျှာဖြင့် နူးညံစွာ သပ်ပေးလိုက်သည်။
ချန်းဖန်က အနီရောင်လိပ်ပြာကို ကြည့်ပင်မကြည့်ဘဲ ဝမ်လင်းတို့ ပျောက်ကွယ်သွားသော နေရာကိုသာ ဆက်ကြည့်နေပြီး သူ့ကိုယ်သူ ခပ်တိုးတိုး ပြောနေ၏။ “ဝမ်လင်း…မင်းက ငါ့ကို နာကျင်စေဝံ့တယ်ပေါ့။ မင်းက သေလူ ဖြစ်သွားပြီ။ ဆရာက အသက်ကြီးပြီး အိုလာတော့ စိတ်တွေက ရှုပ်ထွေးနေပြီ။ သူက ငါ့ဂျူနီယာ ညီမလေးကိုပဲ မင်းရဲ့တာအိုနှလုံးသား သွားယူခိုင်းရတာလဲ။ မင်းနယ်ပယ်ကလည်း ငါ့ဟာပဲ။ စီနီယာညီမ နယ်ပယ်ကလည်း ငါ့ဟာပဲ။ ငါကနည်းလမ်းတစ်ခု ရှာနိုင်ခဲ့မယ်ဆိုရင် ဆရာ့နယ်ပယ်ကိုလည်း ငါ ဝါးမြိုပစ်မှာ…”
“ဒီစန်နူးရဲ့ စိတ်ဝိညာဉ်အလံက တကယ့်ကို အားကောင်းလွန်းတယ်။ အဘိုးကြီး သွန်းထျင်ကလည်း အိုနေပြီ။ ဒါပေမဲ့ သူက ဒီအလံကို ဟင်္သာပြဒါးနိုင်ငံကို ပေးရမယ့်အစး စန်နူးကို ပေးချင်နေခဲ့တယ်။ ဒါပေမဲ့ ဒီအလံကို ဆရာက စိတ်ဝင်စားခဲ့ပြီး ဖြစ်တဲ့အတွက် ဒီဟာကို ရဖို့ ဆုံးဖြတ် ပြီးနေလောက်ပြီ…”
ဝမ်လင်းနှင့် သွန်းထျန်တို့က လျင်မြန်စွာဖြင့် စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်ရှိရာသို့ ပြန်လာခဲ့ကြသည်။
စိတ်ဝိညာဉ် သန့်စင်ခြင်းကလန်က သူတို့ ထွက်ခွာသွားသည့် အချိန်တုန်းကတိုင်းပင်။ သူတို့ ပြန်ရောက် လာသည်နှင့် သွန်းထျန်က အနားယူဖို့ ရပ်တန့်ခြင်း မရှိဘဲ ဝမ်လင်းကို တောင်အနောက်ဘက်သို့ တန်းတန်းမတ်မတ် ခေါ်သွားလေ၏။
သည်တောင် အနောက်သို့ ရောက်သည့်အခါ သွန်းထျန်က ဝမ်လင်းကို သိုလှောင်အိတ်တစ်ခု လှမ်းပေးလိုက်၏။ သူက ဝမ်လင်းကို ကြည့်၍ ပြောလိုက်သည်။ “စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ရောက်ဖို့ အာရုံစိုက်ပါ။ ငါက မင်းကို စောင့်ကြပ်ပေးနေမယ်။ ငါ အသက်ရှင်သရွေ့ မင်းကို ဘယ်သူမှ နှောင့်ယှက်နိုင်မှာ မဟုတ်ဘူး…”
ဝမ်လင်းက သွန်းထျန်ကို စူးစိုက်ကြည့်သည်။ ခဏအကြာတွင် သူက ခပ်တိုးတိုး ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ်…”
သွန်းထျန်က ရယ်မော၍ လက်ရမ်းပြသည်။ “ကျေးဇူးတင်ဖို့ မလိုဘူး။ မင်း ငါ့ကို ပေးထားတဲ့ ကတိကို သတိရနေရုံပဲ…”
ဝမ်လင်းက အသက်ဝဝ ရှူသွင်း၍ အလေးအနက် ပြောလိုက်သည်။ “စီနီယာ… စိတ်ချနေပါ…”
သွန်းထျန်က ခေါင်းညိတ်၍ လိုဏ်ဂူထဲကနေ ပျောက်ကွယ် သွားတော့သည်။ သူက လိုဏ်ဂူအပြင်ဘက်၌ ပြန်ပေါ်လာခဲ့၏။ သူက ထိုင်ချလိုက်ပြီး နတ်ဘုရားအာရုံကို ဖြန့်ကြက်ပြီး ဝမ်လင်းကို စောင့်ကြပ်ပေးနေတော့၏။ သူ့ရှေ့တွင်တော့ စိတ်ဝိညာဉ် ဆယ်သန်းအလံက တဖျပ်ဖျပ် လွင့်လို့နေ၏။
“ဒီစန်နူးက တကယ့်ကို သတ္တိရှိတယ်။ စိတ်ဝိညာဉ် အလံကို ဖော်ခွဲပစ်ဖို့က …ကံကောင်းလို့ပေါ့။ သူက တုပထားတဲ့ စိတ်ဝိညာဉ်အလံပဲ ရှိလို့။ ဒါ့ကြောင့် ဒီစိတ်ဝိညာဉ် အပိုင်းအစတွေက အဓိကအလံကနေ ဖန်တီးထားတဲ့ ပုံရိပ်ယောင်တွေပဲ။ အဲနေရာမှာ စိတ်ဝိညာဉ် တစ်သန်း ပေါက်ကွဲသွားပေမဲ့ သူတို့က တကယ့်ပျက်စီး မသွားခဲ့ဘူး။ တကယ်သာ ပျက်စီး သွားခဲ့ရင်တော့ ငါက တကယ့်ကို အသည်းကွဲရမှာ…”
သွန်းထျန်က သူ့ရှေ့ရှိ အလံကို ကြည့်နေရင်း ဖြင့် အတိတ်ကို တွေးနေမိသည်။
သွန်းထျန်မျက်လုံးထဲ၌ ဝမ်းနည်းမှု အငွေ့အသက်တို့ ဖြစ်ပေါ်လာပြီး သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်ရဲ့ဘိုးဘေးများ…ဒိဂျူနီယာ သွန်းထျန်က သင်တို့ အားလုံးနဲ့ လာတွေ့တော့မှာပါ…”
သူက စိတ်ဝိညာဉ် ဆယ်သန်းအလံကို လက်ညွှန်လိုက်ရာ မူလစိတ်ဝိညာဉ် တစ်ခုက ပျံသန်းထွက်လာ၏။ သည်စိတ်ဝိညာဉ်က ညင်သာသည့်အသွင်ဟန်ပန် ရှိလို့နေ၏။
သွန်းထျန်က စိတ်ဝိညာဉ်ကို စူးစိုက် ကြည့်နေသည်။ သူက သက်ပြင်းချ၍ သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်၏။ “စီနီယာအစ်ကို … ဒီစိတ်ဝိညာဉ် အလံကို စန်နူးကို လွှဲပေးခဲ့တာ ငါမှားလား မှန်လား မသိတော့ဘူး။ ဒါပေမဲ့ စွန့်ပစ်ခံ မသေမျိုးကလန်နဲ့ ဟင်္သာပြဒါးနိုင်ငံတို့ ကြားက စစ်ပွဲကြောင့် ငါတို့ ကလန်က ရှင်သန်နိုင်ဖို့ ခက်ခဲနေပြီ။ ဒါပေမဲ့ ဒီစန်နူးက ဒီဂြိုဟ်ကနေ ထွက်ခွာ သွားလိမ့်မယ်။ ဒါကြောင့် သူက ဘယ်နောရသွားသွား ငါတို့ စိတ်ဝိညာဉ် သန့်စင်ခြင်းကလန်ကို အကူအညီ ပေးနိုင်လာလိမ့်မယ်။ ဒါက စီနီယာအကို ခန့်မှန်းခဲ့တဲ့ အရာရဲ့ နောက်ကွယ်က အမှန်တရားတောင် ဖြစ်နေနိုင်လောက်တယ်…”
သွန်းထျန်က နူးညံဟန်ရသည့် မူလစိတ်ဝိညာဉ်ကို ကြည့်ကာ ခပ်တိုးတိုး ပြောလိုက် ပြန်သည်။ “ငါက ထာဝရ အသက်ရှင်နိုင်ဖို့ မမျှော်လင့်ပါဘူး။ သေတဲ့အချိန်မှာ အေးအေးချမ်းချမ်း သေရဖို့ပဲ မျှော်လင့်မိတယ်။ ကုန်လွန်ခဲ့တဲ့ ကလန်ရဲ့ ဘိုးဘေးတွေက ပြန်လည်မွေးဖွားခြင်း စက်ဝိုင်းထဲကို မဝင်ရောက်ဘဲ သူတို့ရဲ့ အသိစိတ်တွေကို ဖယ်ရှားပစ်ပြီး မူလစိတ်ဝိညာဉ် ဖြစ်လာဖို့ ဆန္ဒ ရှိခဲ့ကြတယ်။ ငါ သွန်းထျန်လည်း ဒီလိုပါပဲ။ စီနီယာအစ်ကို ငါ့ကို စောင့်နေပါ….။ သိပ်မကြာခင် ငါ သင်တို့နဲ့ လာတွေ့ပါ့မယ်…”
***