အခန်း ၅၇၃
Vol. 29 Ch. 573
အခန်း (၅၇၃)ညီအစ်ကိုနှစ်ဖော်
ကုန်းယွမ်နှင့် ကုန်းကွမ်းတို့သည် ချင်ယွမ်ဖုန်းအား သတ်ပစ်ရန် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်ချေသည်။ သို့သော်လည်း ၎င်းတို့၏ လုပ်ငန်းသက်တမ်းတစ်လျှောက်တွင် ယခုအကြိမ်သည် ကျရှုံးတော့မည်ဟု ပထမဆုံးအကြိမ်အဖြစ် စိုးထိတ်မိခြင်း ဖြစ်၏။
"အကြီးအကဲရှာ... စိတ်မပူပါနဲ့၊ ကျွန်တော်တို့က မိသားစုအကြီးအကဲ ရှာလန်ရဲ့ အပ်နှံမှုကြောင့် ချင်ယွမ်ဖုန်းကို ရှင်းလင်းဖို့ ရောက်လာခဲ့တာပါ"
ကုန်းယွမ်က ရှာကျိဝန်ကို လှမ်း၍ အော်ပြောလိုက်သည်။
ထိုအခါမှသာ ရှာကျိဝန်သည် စိတ်သက်သာရာ ရသွားတော့၏။ အကယ်၍သာ ပဉ္စမအဆင့် ဘိုးဘေးနယ်ပယ် သိုင်းပညာရှင် နှစ်ယောက်သာ ထပ်မံပေါ်ပေါက်လာပါက သူသည် မလွဲမသွေ ထွက်ပြေးရပေလိမ့်မည်။
သို့သော် ယခုမူ ထိုနှစ်ယောက်မှာ ချင်ယွမ်ဖုန်းကို အမြစ်ဖြတ်ရန် ရောက်ရှိလာခြင်း ဖြစ်သဖြင့် ရှာကျိဝန်သည် အတိုင်းအဆမဲ့သော ယုံကြည်ချက်များ ပြည့်နှက်သွားပြီး ယနေ့တွင် ချင်ယွမ်ဖုန်း မုချသေဆုံးရတော့မည်ဟု မြင်ယောင်လာမိသည်။
"ဩော်... ဒါဖြင့် မိသားစုအကြီးအကဲက ဒီအဖိုးကြီးကို ငါးစာအဖြစ် သုံးခဲ့တာပေါ့လား... ဟားဟားဟား"
ရှာကျိဝန်က ဖြစ်ပျက်သမျှကို ချက်ချင်း သဘောပေါက်သွားကာ တဟားဟား အော်ဟစ်ရယ်မောလိုက်တော့သည်။ ထိုခဏ၌ သူသည် အရေးကြီးသောအရာတစ်ခုကို ရုတ်တရက် သတိရသွားမိ၏။
ယင်းက အခြားမဟုတ်၊ ချင်ယွမ်ဖုန်းမှာ တစ်စုံတစ်ရာ အရိပ်အယောင်မျှပင် မပြဘဲ ပျောက်ကွယ်နေခြင်း ဖြစ်ချေသည်။
ကုန်းကွမ်း ညီအစ်ကိုနှစ်ယောက် ကောင်းကင်ယံသို့ ပျံတက်သွားပြီးနောက် ချင်ယွမ်ဖုန်း၏ အရှိန်အဝါကို လုံးဝ ရှာမတွေ့တော့သဖြင့် အလွန်တရာ အံ့အားသင့်သွားကြသည်။
ထိုစဉ် ဘေးအန္တရာယ်ပြုနိုင်သော အရှိန်အဝါတစ်ခု ရုတ်ချည်း ပေါ်ပေါက်လာရာ ကုန်းယွမ်က ချင်ယွမ်ဖုန်းကို တစ်ချက်တည်းနှင့် လှမ်းမြင်လိုက်ရ၏။
"အကြီးအကဲရှာ...မင်းနောက်မှာ"
ကုန်းယွမ်က ပျာပျာသလဲ အော်ဟစ်သတိပေးလိုက်သည်။ အမှန်စင်စစ် ရှာကျိဝန်သည် ကုန်းယွမ် အော်မပြောမီကပင် ကျောပြင်သို့ ချမ်းစိမ့်စိမ့် အအေးဓာတ် ဖြတ်ပြေးသွားသည်ကို ခံစားလိုက်ရပြီး ဖြစ်ပေရာ မဆိုင်းမတွဘဲ လှည့်၍ လက်သီးဖြင့် ထိုးနှက်လိုက်တော့သည်။
ပြင်းထန်လှသော စွမ်းအားကြောင့် လေထုထဲ၌ ဟုန်းဟုန်းတောက်သွားပြီး ရှာကျိဝန်၏ လက်သီးချက်ကြောင့် ပတ်ဝန်းကျင် ဟင်းလင်းပြင်ပင် လိမ်ယှက်သွားရသော်လည်း သူ၏ လက်သီးဆုပ် ရှေ့မှောက်၌ မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေခဲ့ချေ။
ရှာကျိဝန်၏ နဖူးပြင်မှ ချွေးစေးတစ်ပေါက် လိမ့်ဆင်းလာသည်။ အသက်ရာစုချီ နေထိုင်ခဲ့သည့် သက်တမ်းတစ်လျှောက်တွင် ထိုကဲ့သို့သော အသက်အန္တရာယ်မျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ပေ။
နောက်တစ်စက္ကန့်၌ လူရိပ်တစ်ခုသည် ရှာကျိဝန်၏ ရင်ခွင်ထဲသို့ တိုက်ရိုက် တိုးဝင်လာပြီးနောက် လျင်မြန်စွာ ပြန်လည် ပျောက်ကွယ်သွားခဲ့၏။
ရှာကျိဝန် ငုံ့ကြည့်လိုက်သောအခါ မိမိ၏ ရင်ခွင်ထဲ၌ ခရမ်းရောင်နှင့် ရွှေရောင် ရောယှက်နေပြီး အလွန်အဆင့်မြင့်လှသော ခမ်းနားထည်ဝါသည့် ဆလင်ဒါပုံစံ ပစ္စည်းတစ်ခု ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
ထိုပစ္စည်းအတွင်းမှ သောင်းကျန်းလှသော စွမ်းအားကို ထင်ရှားစွာ ခံစားမိသဖြင့် သူသည် သိစိတ်၏ စေခိုင်းမှုအရ ယင်းကို လွှင့်ပစ်ရန် ကြံရွယ်လိုက်သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်ချေသည်။
သောင်းကျန်းလှသော စွမ်းအားသည် ချက်ချင်းပင် ပေါက်ကွဲသွားပြီး ကြီးမားလှသော အရှိန်အဝါမှာ နေရောင်ခြည်ကိုပင် လွှမ်းမိုးသွားနိုင်သည့် စူးရှတောက်ပသော အလင်းတန်းကြီးအဖြစ် ပြောင်းလဲသွားတော့သည်။
ဆက်တိုက်ဆိုသလိုပင် နားကွဲလုမတတ် ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသည့် တုန်ခါမှုလှိုင်းသည် ကုန်းယွမ်နှင့် ကုန်းကွမ်းတို့ကို ချက်ချင်း လွင့်စင်သွားစေကာ ကောင်းကင်ယံ၌ အကြိမ်ကြိမ် လူးလိမ့်သွားပြီးနောက်မှ ခဲယဉ်းစွာ ကိုယ်ဟန်ချက် ပြန်ထိန်းလိုက်ရသည်။
၎င်းတို့သည် ရှာကျိဝန် ရှိရာအရပ်သို့ အလျင်အမြန် လှမ်းကြည့်လိုက်ကြရာ ကမ္ဘာပျက်ကပ် ရောက်လာသည့်အလား မီးလျှံများနှင့် မိုးကြိုးများ ဝုန်းဒိုင်းကြဲနေသော ဧရာမ မှိုပွင့်ပုံစံ တိမ်တိုက်ကြီးတစ်ခုကိုသာ မြင်တွေ့လိုက်ရတော့၏။
မိုင်ထောင်ချီ စင်ကြယ်နေသော ကောင်းကင်ယံရှိ တိမ်တိုက်ဟူသမျှသည် ထိုပေါက်ကွဲမှု၏ တုန်ခါမှုလှိုင်းကြောင့် ချက်ချင်းပင် လွင့်စင် ပျောက်ကွယ်သွားရချေသည်။
ပေါက်ကွဲမှု ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာလည်း အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားပြီး မကြာမီ ပြန်လည် စေ့စပ်သွားသည့် မှောင်မိုက်သော တွင်းနက်ကြီးများကိုပင် မြင်တွေ့လိုက်ရသည်။
ဟင်းလင်းပြင်ကို ဆုတ်ဖြဲနိုင်စွမ်းမှာ ဘုရင်နယ်ပယ် သိုင်းပညာရှင်ကြီးများသာ တတ်စွမ်းနိုင်သည့် အရာဖြစ်ပေရာ ယခု ချင်ယွမ်ဖုန်း အသုံးပြုလိုက်သော မိုးကြိုးမီးလျှံ ဗုံးသီးမှာ ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ အားအပြည့် ထိုးနှက်ချက်နှင့် နှိုင်းယှဉ်နိုင်ကြောင်း ထင်ရှားလှပေသည်။
ကုန်းယွမ်က ရေရွတ်လိုက်မိသည်။ သူသည် ဤမျှ ပြင်းထန်လှသော ပညာရပ်မျိုးကို တစ်ခါမျှ မမြင်ဖူးသဖြင့် ခေတ္တမျှ ဆွံ့အသွားရ၏။
"သွားစို့... မြန်မြန်ပြေးကြစို့... ချင်ယွမ်ဖုန်းက ငါတို့ ထင်ထားတာထက် ပိုပြီး အန္တရာယ်များတယ်၊ ငါတို့နှစ်ယောက်စလုံး ပေါင်းရင်တောင် သူ့ကို နိုင်မှာ မဟုတ်ဘူး"
ကုန်းကွမ်းက ကုန်းယွမ်ကို ဆွဲကိုင်ကာ အလျင်အမြန် ထွက်ပြေးရန် ပြင်လိုက်သည်။ သို့သော်လည်း မျှော်လင့်မထားဘဲ ချင်ယွမ်ဖုန်းသည် ၎င်းတို့၏ ရှေ့မှောက်၌ ပေါ်လာပြီး ပြုံးရွှင်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
"ကျွန်တော့်နောက်ကို ဒီလောက်အဝေးကြီး လိုက်လာခဲ့တာ မမောကြဘူးလား"
ချင်ယွမ်ဖုန်းက ခပ်အေးအေးပင် ဆိုလိုက်၏။
ရှာမိသားစု၏ အကြီးအကဲ ငါးယောက်ကို သတ်ဖြတ်စဉ်ကပင် ဤခိုးကြောင်ခိုးဝှက် နေထိုင်သူ နှစ်ဦးကို သူ သတိပြုမိခဲ့ပြီး ၎င်းတို့၏ သတ်ဖြတ်လိုသော အရှိန်အဝါကိုလည်း ခံစားမိခဲ့ပေရာ ချင်ယွမ်ဖုန်းအနေဖြင့် လျစ်လျူရှုထားရန် မဖြစ်နိုင်ခဲ့ပေ။
ထိုနှစ်ယောက်မှာ ရုပ်ချင်း ဆင်တူလှသဖြင့် ညီအစ်ကိုများ ဖြစ်ဟန်တူသည်။ ယခုခေတ်ကာလတွင် ညီအစ်ကိုအချင်းချင်း လူသတ်သမား အဖော်အဖြစ် လက်တွဲလုပ်ကိုင်ကြသည်သာမက သားအဖအချင်းချင်းပင် လုပ်ကိုင်ကြသည် ဖြစ်ပေရာ ချင်ယွမ်ဖုန်းအတွက်မူ ထူးဆန်းအံ့ဩစရာ မရှိခဲ့ချေ။
"နားလည်မှုလွဲတာပါ... ကျွန်တော်တို့က ဒီအတိုင်း လမ်းကြုံလို့ ဖြတ်သွားတာပါ"
ကုန်းကွမ်းက အလျင်အမြန် ရှေ့သို့တက်ကာ အတင်းအကြပ် ပြုံး၍ ပြောလိုက်သည်။
ချင်ယွမ်ဖုန်းက ထိုနှစ်ယောက်ကို တစ်ချက်ဝေ့ကြည့်ပြီးနောက် အဝေးမှ မှိုပွင့်ပုံစံ တိမ်တိုက်ကြီးဆီသို့ လှမ်းမျှော်ကြည့်လိုက်၏။
မိုးကြိုးမီးလျှံ ဗုံးသီး ပေါက်ကွဲသွားသည့် ခဏ၌ ရှာကျိဝန်တစ်ယောက် ပေါက်ကွဲမှုအတွင်း သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း ချင်ယွမ်ဖုန်း ခံစားလိုက်ရသည်။
ယခုအချိန်၌ ချင်ယွမ်ဖုန်းသည် တတိယအဆင့် မဟာဆရာနယ်ပယ်သို့ တက်လှမ်းထားပြီး ဖြစ်ရုံမက သူ၏ မီးလျှံများမှာလည်း နဂါးအသက်ရှူမီးလျှံကို စုပ်ယူပြီးနောက် ပိုမိုပူပြင်းသော ခရမ်းရောင်မီးအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ရွှေရောင်မိုးကြိုးလျှပ်စီးစွမ်းအားမှာလည်း ချင်ယွမ်ဖုန်း ပိုမိုအစွမ်းထက်လာသည်နှင့်အမျှ ပိုမို အားကောင်းလာခဲ့ချေပြီ။ လောက၌ အစွန်းဆုံးနှင့် အပြင်းထန်ဆုံးဖြစ်သော ဤစွမ်းအားနှစ်ရပ် ပေါက်ကွဲသွားသောအခါ မည်သူမျှ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
"မင်းတို့က ဘယ်သူတွေလဲ... လူသတ်သမားတွေလား"
ချင်ယွမ်ဖုန်းက မေးလိုက်၏။
"မဟုတ်ပါဘူး... မဟုတ်ရပါဘူးဗျာ၊ လုံးဝ မဟုတ်ပါဘူး" ကုန်းကွမ်းက ချက်ချင်းပင် ငြင်းဆိုလိုက်ပြီး "ကျွန်တော်တို့က တကယ်ပဲ လမ်းကြုံလို့ ဖြတ်သွားတာပါ" ဟု ဆိုသည်။
"ဒါဆိုရင်လည်း မင်းတို့ သွားနိုင်ပါပြီ"
ချင်ယွမ်ဖုန်း၏ မျက်နှာထက်၌ အပြုံးဖျော့ဖျော့လေး ရှိနေဆဲ ဖြစ်သည်။
ဤအပြုံးသည် ကုန်းကွမ်းနှင့် ကုန်းယွမ်တို့ကို တစ်ကိုယ်လုံး မသက်မသာ ဖြစ်သွားစေကာ ၎င်းတို့၏ လျှို့ဝှက်ချက်အားလုံးကို ချင်ယွမ်ဖုန်းက ထိုးဖောက်မြင်နေသည့်အလား ခံစားလိုက်ရစေ၏။
၎င်းတို့သည် ခေါင်းညိတ်ပြကာ ချင်ယွမ်ဖုန်း၏ ဘေးမှ ကျော်ဖြတ်၍ ပျံသန်းသွားရန် ဟန်ပြင်လိုက်ကြသည်။
သို့သော် ထိုခဏ၌ပင် နှစ်ယောက်စလုံးသည် ချင်ယွမ်ဖုန်းအား တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြတော့၏။ ချင်ယွမ်ဖုန်းကမူ အနည်းငယ် ပြုံးလိုက်မိသည်။
ထိုနှစ်ယောက်သည် ဤမျှ ရိုးသားမည်မဟုတ်ကြောင်း သူ ကြိုတင်ခန့်မှန်းထားပြီး ဖြစ်၍ ကာကွယ်ရန် ပြင်ဆင်ထားပြီး ဖြစ်ချေသည်။
ကုန်းကွမ်းနှင့် ကုန်းယွမ် ညီအစ်ကိုနှစ်ယောက်သည် မီးခိုးငွေ့နှစ်တန်းအဖြစ် ပြောင်းလဲသွားပြီး အေးစက်လှသော အလင်းတန်းနှစ်ခုသည် ချင်ယွမ်ဖုန်း၏ အသက်အန္တရာယ်ရှိသော နေရာများသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။
၎င်းတို့၏ တိုက်ခိုက်မှုမှာ ရက်စက်ပြီး လျင်မြန်လှကာ စနစ်တကျ လေ့ကျင့်ထားသည့်အတိုင်း ဖြစ်၏။ ဤသည်မှာ လူသတ်မှုတစ်ခုထက် အနုပညာတစ်ခုနှင့်ပင် ပို၍ တူနေပေသေးသည်။
အကယ်၍သာ မှောင်မိုက်သော အရိပ်များအောက်တွင် ဖြစ်ပါက ချင်ယွမ်ဖုန်းပင်လျှင် ဂရုမစိုက်မိပါက ထိုနှစ်ယောက်၏ ချုံခိုတိုက်ခိုက်မှုကို ခံရနိုင်ပေသည်။
သို့သော် ကံမကောင်းစွာဖြင့် ယခုမူ ကောင်းကင်ယံ၌ နေ့ခင်းကြောင်တောင် ဖြစ်ပြီး မည်သည့်အရိပ်မျှ မရှိချေ။
၎င်းတို့၏ တိုက်ခိုက်မှုမှာ လျင်မြန်လှသော်လည်း ချင်ယွမ်ဖုန်းကမူ ရှင်းလင်းစွာ မြင်တွေ့နေရသည်။
ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်သည် ဟင်းလင်းပြင်ထဲ၌ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားသဖြင့် ထိုနှစ်ယောက်၏ တိုက်ခိုက်မှုမှာ ဟင်းလင်းပြင်ကိုသာ ထိမှန်သွားတော့၏။
ကုန်းကွမ်းနှင့် ကုန်းယွမ် ညီအစ်ကိုနှစ်ယောက်သည် ကိုယ်ဟန် ပြန်ပြင်လိုက်ကြပြီး မျက်နှာများမှာ ရေခဲကဲ့သို့ အေးစက်ကာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော်လည်း လျင်မြန်စွာပင် ပြန်လည် ထိန်းချုပ်လိုက်ကြသည်။
သို့သော် ထိုနှစ်ယောက်သည် တုံ့ဆိုင်းမနေခဲ့ကြချေ။ တိုက်ခိုက်မှု လွဲချော်သွားသည်နှင့် မဆိုင်းမတွဘဲ ချက်ချင်း ထွက်ပြေးရန် ပြင်လိုက်ကြတော့သည်။
ဤသည်မှာ လူသတ်သမားများ၏ လုပ်ထုံးလုပ်နည်း ဖြစ်ပေရာ တစ်ချက်တည်းနှင့် မအောင်မြင်ပါက နောက်ထပ် အခွင့်အရေးကို ရှာဖွေရန် ချက်ချင်း ဆုတ်ခွာကြခြင်း ဖြစ်၏။
သို့သော် ချင်ယွမ်ဖုန်းကမူ ၎င်းတို့ကို လွှတ်ပေးရန် ရည်ရွယ်ချက် မရှိခဲ့ချေ။ ချင်ယွမ်ဖုန်း၏ ကျင့်စဉ်အဆင့်မှာ မမြင့်မားသော်လည်း ကုန်းကွမ်းနှင့် ကုန်းယွမ် ညီအစ်ကိုနှစ်ယောက် မယှဉ်နိုင်သော စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားပေသည်။
ယင်းက အခြားမဟုတ်၊ အားကောင်းလှသော ဝိညာဉ်စွမ်းအားပင် ဖြစ်ချေသည်။
ချင်ယွမ်ဖုန်းသည် နတ်ဘုရားဝိညာဉ်၏ အစအနတစ်ခုကို စုပ်ယူထားခဲ့သဖြင့် သူ၏ ဝိညာဉ်စွမ်းအားမှာ မိမိကိုယ်တိုင်ပင် အံ့ဩရလောက်အောင် ချက်ချင်းပင် ကျယ်ပြန့်သွားခဲ့သော်လည်း ယခင်က တစ်ခါမျှ အသုံးမပြုခဲ့ဖူးချေ။
"ကောင်းကင်ဘုံ သန့်စင်ခြင်း ပညာရပ်"
ချင်ယွမ်ဖုန်းက တိုးညင်းစွာ ရေရွတ်လိုက်ပြီး လက်ဝါးကို ဆန့်ထုတ်ကာ အဝေးမှနေ၍ ဆုပ်ကိုင်လိုက်တော့သည်။
ကုန်းကွမ်းနှင့် ကုန်းယွမ်တို့သည် အလျင်အမြန် ထွက်ပြေးနေကြစဉ် မိမိတို့၏ ခန္ဓာကိုယ်မှာ ကော်ရည်များထဲ၌ ကပ်ညှိနေသကဲ့သို့ ရုန်းမရဘဲ လှုပ်ရှား၍ မရတော့ကြောင်း ရုတ်တရက် သိရှိသွားကြချေသည်။
"ဒါ... ဒါက ဘာလဲ..."
ကုန်းယွမ်သည် နောက်ဆုံးတွင် ပျာယာခတ်သွားကာ တုန်ရင်သော အသံဖြင့် မေးမြန်းလိုက်မိသည်။
"ဝိညာဉ်စွမ်းအား... ဒါက ဝိညာဉ်စွမ်းအားပဲ..."
ကုန်းကွမ်းက တိုးညင်းစွာ ရေရွတ်လိုက်သည်။ ချင်ယွမ်ဖုန်း၏ ဝိညာဉ်စွမ်းအားမှာ ဤမျှအထိ ပြင်းထန်လိမ့်မည်ဟု ၎င်းတို့ လုံးဝ ထင်မှတ်မထားခဲ့ကြပေ။
ပဉ္စမအဆင့် ဘိုးဘေးနယ်ပယ် သိုင်းပညာရှင်ကြီး နှစ်ယောက်ဖြစ်သည့် ၎င်းတို့ပင်လျှင် စိုးစဉ်းမျှ လှုပ်ရှားနိုင်စွမ်း မရှိတော့ချေ။