အခန်း ၅၇၅
Vol. 29 Ch. 575
အခန်း (၅၇၅)- ကောင်းကင်နှင့် မြေကမ္ဘာ၏ ပိုက်ကွန်ကြီး
ထိုသို့သော ရိပ်ခြေမဲ့ လူသတ်သိုင်းပညာရပ်ကို ကျင့်ကြံနိုင်ရန် အဆင့်ဆင့်သော ပြင်ဆင်မှုများကို လုပ်ဆောင်ရမည် ဖြစ်ချေသည်။
သို့ရာတွင် ချင်ယွမ်ဖုန်း၏ စွမ်းအင်စုပ်ယူခြင်း မဟာပညာရပ် အောက်၌မူ မည်သည့်ပညာရပ် ဖြစ်စေ တိုက်ရိုက် လေ့လာမှတ်သားနိုင်ပေရာ ယင်းကဲ့သို့သော ကြိုတင်ပြင်ဆင်မှု အဆင့်များကို လုပ်ဆောင်ရန် မလိုတော့ပေ။
ချင်ယွမ်ဖုန်းသည် စိတ်ကို တစ်ချက် စုစည်းလိုက်ရာ သူ၏ ခန္ဓာကိုယ်သည် ရုတ်ချည်းပင် ဝိညာဉ်တစ်ခုကဲ့သို့ လွင့်မျောသွားပြီး မြေပြင်ပေါ်ရှိ အမည်းရောင် အရည်တစ်ပွက်ကဲ့သို့ မြေပြင်ပေါ်ရှိ အရိပ်များထဲသို့ တိုက်ရိုက် စီးဝင် ရောနှောသွားတော့သည်။
ခဏမျှ ကြာပြီးနောက် ချင်ယွမ်ဖုန်းသည် အရိပ်ထဲမှ ဖြည်းညှင်းစွာ ပြန်လည် ထွက်ပေါ်လာပြီး သူ၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေချေသည်။
ထိုသိုင်းပညာရပ်သည် အသံမထွက်ဘဲ ပစ်မှတ်ကို အစအန ဖျောက်ဖျက်ပစ်နိုင်သည့် လူသတ်သမားများအတွက် နတ်ဘုရားပေးသော ပညာရပ်တစ်ခုပင် ဖြစ်တန်ရာသည်။
"နောက်တော့ ငါ ထျန်းတူး ပြည်နယ်မြို့တော်ကို သွားပြီး ပြဿနာအချို့ ရှာရမယ်" ဟု ချင်ယွမ်ဖုန်းက စိတ်လှုပ်ရှားစွာ တွေးလိုက်သည်။
ထျန်းတူး ပြည်နယ်မြို့တော်သည် ချင်းဖုန်းလျှော်စင်မှ တစ်လ၏ ထက်ဝက်ခန့်သာ ခရီးကွာဝေးသည်။ ချင်ယွမ်ဖုန်းနှင့် ချင်ဝူယန်းတို့၏ ထိပ်တိုက်တွေ့ဆုံပွဲ မတိုင်မီ နှစ်လခန့် လိုသေးသဖြင့် သူ တစ်ခုခု လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ကလဲ့စား မချေမီ အတိုးအချို့ကို အရင် တောင်းခံရမည် ဖြစ်ပေရာ သို့မဟုတ်ပါက ရှာမိသားစုသည် ချင်မိသားစုတွင် လူမရှိတော့ဟု အမှန်တကယ် ထင်မှတ်သွားကြပေလိမ့်မည်။
ထို့ကြောင့် ချင်ယွမ်ဖုန်းသည် ထျန်းတူး ပြည်နယ်မြို့တော်ဆီသို့ တိုက်ရိုက် ပျံသန်းသွားခဲ့ချေသည်။
ထိုအချိန်တွင် ထျန်းတူး ပြည်နယ်မြို့တော်သည် လုယွဲ့အင်ပါယာအတွင်း အာရုံစိုက်ခြင်း ခံနေရသည့် ဗဟိုချက် ဖြစ်နေပြီ ဖြစ်သည်။
အစဉ်သဖြင့် မထင်မရှား ရှိနေခဲ့သော ရန်ယန်သည် ရုတ်တရက် ရှာမိသားစုကို ဦးဆောင်ကာ အာဏာစက် ထက်မြက်လာခြင်းကို ဂိုဏ်းအများစုက မျှော်လင့်မထားခဲ့ကြချေ။
လုယွဲ့အင်ပါယာ၏ တော်ဝင်မိသားစုကသာ သူတို့၏ အစွမ်းကို ဖြည်းဖြည်းချင်း ပြသပြီး အခြားဂိုဏ်းများကို ဆွဲဆောင်ကာ သစ္စာခံခိုင်းခဲ့မည်ဆိုလျှင် နှစ်ပေါင်း ရာဂဏန်း ကြာပြီးနောက် လုယွဲ့အင်ပါယာသည် ကျန့်ဂီအင်ပါယာကဲ့သို့ သိုင်းပညာရှင်များဖြင့် စည်းလုံး ညီညွတ်သော နိုင်ငံတစ်ခု ဖြစ်လာနိုင်ချေရှိသည်။
သို့ရာတွင် ရန်ယန်သည် အလွန် ရန်လိုလွန်းပြီး အနုကြမ်းစီးသည့် မဟာဗျူဟာကို အသုံးပြုခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် မိမိ၏ အရှိန်အဝါကို တည်ဆောက်ရန် ချင်မိသားစုနှင့် လီမိသားစု ဟူသော မိသားစုကြီး နှစ်ခုကို ဖျက်ဆီးပစ်ခဲ့သည်။ ယင်းက သူတို့၏ မှားယွင်းသော အစပြုမှုပင် ဖြစ်ချေသည်။
ချင်ယွမ်ဖုန်းသည် ရန်ယန် ဘာလုပ်သည်ကို စိတ်မဝင်စားသော်လည်း ချင်မိသားစုကို ဖျက်ဆီးပစ်ခဲ့သည့်အတွက် ကလဲ့စားမချေဘဲ နေနိုင်မည် မဟုတ်ပေ။
ဤအချိန်တွင် ထျန်းတူး ပြည်နယ်မြို့တော်၏ အခြေအနေသည် စတင် တင်းမာလာနေပြီ ဖြစ်သည်။
ရှာမိသားစုဝင်များသည် ဘာဖြစ်နေသည်ကို အတိအကျ မသိကြသော်လည်း မိသားစုခေါင်းဆောင်၏ မျက်နှာအမူအရာကို ကြည့်ရုံဖြင့် တစ်ခုခု မှားယွင်းနေပြီဆိုသည်ကို သိရှိကြချေသည်။
ရှာလန်သည် လွန်ခဲ့သော နှစ်ရက်လုံးလုံး နန်းတော်သို့ အပြေးအလွှား သွားရောက်နေခဲ့ရပြီး ရန်ယန်သည်လည်း စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။
"ဟူး... ချင်ယွမ်ဖုန်း တစ်ယောက်တည်းက ငါတို့ကို ဒီလောက်အထိ ခြိမ်းခြောက်မှု ပေးနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး" ဟု ရန်ယန်က အေးစက်စွာ ပြောလိုက်သည်။
"မှန်ပါတယ်... ပြီးတော့ သူက အရှိန်အဟုန်နဲ့ တိုးတက်နေတာ၊ ငါတို့ကို အခြေအနေ တည်ငြိမ်အောင် လုပ်ဖို့ အချိန်တောင်မပေးဘူး" ဟု ရှာလန်ကလည်း ဆိုသည်။
"ဒီကလေးကို မရှင်းလင်းနိုင်ရင် နောင်တစ်ချိန်မှာ ကြီးမားတဲ့ ဘေးဒုက္ခ ဖြစ်လာလိမ့်မယ်" ရန်ယန်၏ လက်သီးများသည် ရုတ်ချည်း တင်းတင်းဆုပ်သွားပြီး ချင်ယွမ်ဖုန်းက သူ့ကို သတ်လုနီးပါး ဖြစ်ခဲ့သည့် မြင်ကွင်းသည် စိတ်ထဲတွင် ထပ်ခါတလဲလဲ ဖျတ်ခနဲ ပေါ်လာချေသည်။
ယင်းက ကြီးမားသော အရှက်ခွဲမှုပင် ဖြစ်သည်။ ရှာလန်သည် ယခင်က သာမန်လူများအတွက် ဧကရာဇ်တစ်ပါးမျှသာ ဖြစ်သော်လည်း ဂိုဏ်းတိုင်းက သူ့ကို ထိုက်တန်သော ရိုသေမှုကို ပေးခဲ့ကြသည်။
သိုင်းပညာရှင်တစ်ဦးက နန်းတော်ထဲသို့ ဝင်ရောက် တိုက်ခိုက်ခဲ့သည်မှာ ယခု ပထမဆုံးအကြိမ်ပင် ဖြစ်ချေသည်။
"ကျွန်တော် ချင်ယွမ်ဖုန်းကို ကိုင်တွယ်ဖို့ ယမမင်း လူသတ်သမားအဖွဲ့အစည်းကို ဖိတ်ခေါ်ထားပြီးပြီ၊ သူတို့ အောင်မြင်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ" ဟု ရှာလန်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒါတွေအားလုံးကို မင်းဆီပဲ ပုံအပ်ထားတယ်၊ ပြီးခဲ့တဲ့အကြိမ်ကလိုမျိုး ထပ်မဖြစ်စေချင်ဘူး၊ ငါ အမှန်တကယ် သေလုနီးပါး ဖြစ်ခဲ့ရတာ" ဟု ရန်ယန်က ဆိုသည်။
ရှာလန်က ခေါင်းညိတ်ပြကာ "အရှင်မင်းကြီး... ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ၊ ဒီကာလအတွင်းမှာ ကျွန်တော် ပြန်မှာ မဟုတ်ပါဘူး၊ နန်းတော်ထဲမှာပဲ နေပါ့မယ်၊ ချင်ယွမ်ဖုန်း ကံကောင်းလို့ လွတ်မြောက်သွားခဲ့ရင်တောင် ထျန်းတူး ပြည်နယ်မြို့တော်ကို ထပ်လာရဲလိမ့်မယ်လို့ ကျွန်တော်မထင်ဘူး"
"ကောင်းပြီ... ဒါပေမဲ့ သူ တကယ်လာရင်ကော၊ မင်းသိတဲ့အတိုင်း ချင်ယွမ်ဖုန်းက ဘယ်တော့မှ စည်းမျဉ်းတွေအတိုင်း လုပ်တတ်တဲ့သူ မဟုတ်ဘူး" ရန်ယန်သည် အနည်းငယ် စိုးရိမ်နေဆဲ ဖြစ်သည်။
ရှာလန်က ခဏမျှ စဉ်းစားပြီးမှ "အရှင်မင်းကြီး... ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ၊ အဲဒီ ဂိုဏ်းကြီးတွေရဲ့ ဂိုဏ်းချုပ်တွေကို ငါတို့ ဆင့်ခေါ်ရအောင်၊ တစ်ဖက်က ကြည့်ရင် သူတို့ကို ပါဝင် ကူညီခိုင်းရာ ရောက်သလို၊ အခြားတစ်ဖက်ကလည်း ဒီမှာ လုပ်ကြံသိုင်း ပညာရှင်တွေ အများကြီး ရှိနေရင် ချင်ယွမ်ဖုန်းတောင် သတိထားရလိမ့်မယ်"
"ဒါတွေအားလုံးကို မင်းပဲ စီမံလိုက်ပါ" ရန်ယန်က ခေါင်းညိတ်ပြီး "ရှာလန်... ဒီနှစ်တွေမှာ မင်း ပင်ပန်းခဲ့ရပြီ၊ ငါတို့ အောင်မြင်ဖို့အတွက် အချိန်ပဲ လိုတော့တာ၊ အချိန်လုံလောက်တာနဲ့ ဒါတွေအားလုံးက အတည်ဖြစ်သွားပြီး ငါတို့ အောင်မြင်လိမ့်မယ်"
"မှန်လှပါ အရှင်မင်းကြီး" ဟု ရှာလန်က လေးနက်စွာ လျှောက်တင်လိုက်သည်။
အကယ်၍ ရှာမိသားစု၏ အုပ်ချုပ်မှုအောက်တွင် ဂိုဏ်းတစ်ခုချင်းစီ၏ တပည့်များက သူတို့၏ ဂိုဏ်းတွင် အရင် လေ့လာမှတ်သားပြီးနောက် စစ်တပ်ထဲသို့ ဝင်ရောက်မည်ဆိုလျှင် နိုင်ငံနှင့် ထိုဂိုဏ်းများသည် တင်းကျပ်စွာ ဆက်နွှယ်သွားပေလိမ့်မည်။
အချိန်ကြာလာသည်နှင့်အမျှ လုယွဲ့အင်ပါယာသည် သိုင်းပညာရှင်များဖြင့် စည်းလုံးညီညွတ်သော နိုင်ငံတစ်ခုအဖြစ် ဖြည်းည်းချင်း
ပြောင်းလဲသွားနိုင်ချေ ရှိသည်။
ယခုမူ... ချင်ယွမ်ဖုန်းက သူတို့ကို ထိုအချိန် ပေး၊ မပေးအပေါ်တွင်သာ မူတည်တော့သည်။
ထိုနေ့တွင်ပင် ဘိုးဘေးနယ်ပယ် အထက်တွင်ရှိသော ဂိုဏ်းအချို့၏ ဂိုဏ်းချုပ်များသည် နန်းတော်သို့ ဆင့်ခေါ်ခြင်း ခံရသည်။
ထိုဂိုဏ်းများသည် ဒုတိယတန်းစား အင်အားစုများထဲတွင် အတော်အတန် အစွမ်းထက်ကြပြီး ထျန်းတူး ပြည်နယ်မြို့တော်နှင့် အလွန်နီးကပ်သည်။
နောက်ဆုံး ရောက်ရှိလာသူများသည် နှစ်ရက်အကြာတွင် ထျန်းတူး ပြည်နယ်မြို့တော်သို့ ရောက်ရှိလာကြချေသည်။
ထိုအချိန်တွင် ထျန်းတူး ပြည်နယ်မြို့တော်သည် ချင်ယွမ်ဖုန်း သက်ဆင်းလာမည့် အချိန်ကို စောင့်ဆိုင်းနေသည့် ပိုက်ကွန်ကြီးတစ်ခု ကဲ့သို့ ဖြစ်နေချေပြီ။
ယမမင်း လူသတ်သမားများ ကျရှုံးခဲ့သည့် သတင်းသည်လည်း လျင်မြန်စွာ ပြန်လည်ရောက်ရှိလာသည်။
ရှာလန်သည် အလွန် ဒေါသထွက်ခဲ့သော်လည်း ယမမင်း အဖွဲ့အစည်းပေါ်တွင် ဒေါသပုံချရန် မဝံ့ရဲပေ၊ အကြောင်းမူကား ယင်းက ရှန်းဝူ စကြဝဠာ တိုက်ကြီး တစ်ခုလုံးတွင် ပျံ့နှံ့နေသည့် အလွန် ထိတ်လန့်ဖွယ်ကောင်းသော လူသတ်သမား အဖွဲ့အစည်း ဖြစ်သောကြောင့် ဖြစ်ချေသည်။
သူတို့သည် ချင်ယွမ်ဖုန်းနှင့် ချင်ဝူယန်းတို့၏ ထိပ်တိုက်တွေ့ဆုံပွဲ သတင်းကိုသာ စောင့်ဆိုင်းနေကြရတော့သည်။
အကောင်းဆုံး ရလဒ်မှာ ချင်ယွမ်ဖုန်းသည် ချင်ဝူယန်း၏ လက်ချက်ဖြင့် သေဆုံးသွားခြင်းပင် ဖြစ်ပေလိမ့်မည်။
ငါးရက်ကြာပြီးနောက် ချင်ယွမ်ဖုန်းသည် ထျန်းတူး ပြည်နယ်မြို့တော်သို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။
ထိုအချိန်တွင် ထျန်းတူး ပြည်နယ်မြို့တော်သည် ယခင်ကထက် သိသိသာသာ ပိုမို တင်းကျပ်စွာ စောင့်ကြပ်ခြင်း ခံနေရချေသည်။ မြို့ထဲသို့ ဝင်ရောက်ရန်အတွက် အဆင့်ဆင့်သော စစ်ဆေးမှုများကို ဖြတ်သန်းရမည် ဖြစ်သည်။
မြို့တော်တွင် ကောင်းကင်ပျံသန်းမှု တားမြစ်သည့် အစီအရင်ကိုလည်း အသက်သွင်းထားပြီး သိုင်းပညာရှင်အားလုံး ကောင်းကင်ယံမှတစ်ဆင့် ထျန်းတူး ပြည်နယ်မြို့တော်သို့ ဝင်ရောက်ခြင်းကို ပြတ်ပြတ်သားသား တားမြစ်ထားချေသည်။
ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီး မြို့ရိုးခြေရင်းသို့ လျှောက်သွားကာ သူ၏ ခန္ဓာကိုယ်ကို အမည်းရောင် အရည်တစ်ပွက်အဖြစ် ရုတ်ချည်း ပြောင်းလဲလိုက်ပြီး အရိပ်များထဲသို့ ရောနှောလိုက်တော့သည်။
အရိပ်ထဲတွင် တိတ်တဆိတ် စီးမျောသွားကာ မည်သူမျှ သတိမပြုမိစေဘဲ လျှောက်လှမ်းသွားချေသည်။
အမည်းရောင် အရိပ်တစ်ခု အရိပ်ထဲတွင် လှုပ်ရှားနေသည်ကို မည်သူက သတိပြုမိနိုင်ပါအံ့နည်း။
ထျန်းတူး ပြည်နယ်မြို့တော်ထဲသို့ အောင်မြင်စွာ ဝင်ရောက်ပြီးနောက် ချင်ယွမ်ဖုန်းသည် ခမောက်ကို ဆောင်းလိုက်သည်။ အကြောင်းမူကား သူ၏ ရုပ်သွင်သည် ထျန်းတူး ပြည်နယ်မြို့တော်ရှိ ရှာမိသားစု၏ မျက်စိအောက်တွင် အလွန် အကဲဆတ်လွန်းသောကြောင့် ဖြစ်ချေသည်။
ချင်ယွမ်ဖုန်းက ထျန်းတူး ပြည်နယ်မြို့တော်တွင် ရှာမိသားစု၏ မဟာအကြီးအကဲကို သတ်ခဲ့သည့် နေရာသည် ယခုအခါ ချင်မိသားစု၏ ဝိညာဉ် အထိမ်းအမှတ်ကျောက်စာများကို ပူဇော်ရာ ဘုရားကျောင်းတစ်ခုအဖြစ် တည်ဆောက်ထားပြီး ဖြစ်သည်။
ထိုသို့ လုပ်ဆောင်ခြင်းသည် ချင်ယွမ်ဖုန်းကို စိတ်ပြေလျော့စေရန် ဖြစ်ချေသည်။ ချင်ယွမ်ဖုန်း ထွက်ခွာသွားပြီးနောက် ရှာမိသားစုသည် ယင်းကို ဖျက်ဆီးပစ်မည့်သူ မရှိခဲ့ဘဲ အလုံးစုံ ပြုပြင်မွမ်းမံခဲ့ကြသည်။
ယင်း၏ ပတ်ပတ်လည်တွင် ဆိုင်ခန်းများနှင့် အိမ်ခြေအမြောက်အမြားကို တည်ဆောက်ခဲ့ကြပြီး အဓိက လမ်းမကြီးကိုပင် လမ်းလွှဲခဲ့ကြရာ ဘုရားကျောင်းသို့ ဝင်ရောက်ရန် ကျဉ်းမြောင်းသော လမ်းကြားလေးတစ်ခုသာ ကျန်ရှိတော့ချေသည်။
ချင်ယွမ်ဖုန်း ထျန်းတူး ပြည်နယ်မြို့တော်သို့ ရောက်ရှိလာသည့်အခါ ပထမဆုံး လုပ်ဆောင်သည့်အရာမှာ ထိုဘုရားကျောင်းသို့ လာရောက်ခြင်း ဖြစ်ချေသည်။
ဘုရားကျောင်းအတွင်းရှိ ဝိညာဉ် အထိမ်းအမှတ်ကျောက်စာများသည် အလွန် ရှုပ်ထွေးစွာ ထားရှိပြီး အထီးကျန်လှသော ဝိညာဉ် အထိမ်းအမှတ်ကျောက်စာ အနည်းငယ်သာ ရှိချေသည်။
ကျန်ရှိနေသော ရှာမိသားစုဝင်များသည် ချင်မိသားစု၏ ဘိုးဘေးများ၏ အမည်များကို အမှန်တကယ် မသိရှိကြခြင်းကြောင့် ဖြစ်တန်ရာသည်။
ချင်ယွမ်ဖုန်းက ပတ်ပတ်လည်ကို ရှာဖွေကြည့်ရာ သူ၏ မိခင် ဖြစ်သူ ချင်ဟွား၏ ဝိညာဉ် အထိမ်းအမှတ်ကျောက်စာကို အထင်ရှားဆုံး နေရာတွင် ထားရှိကြောင်း တွေ့ရှိရသည်။
"အမေ... သား အမေ့ကို လာတွေ့တာပါ" ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောရင်း အမွှေးတိုင် သုံးတိုင်ကို ထွန်းညှိလိုက်သည်။
ထိုဘုရားကျောင်းသို့ မလာရောက်ကြသည်မှာ ကြာမြင့်လှပြီ ဖြစ်သဖြင့် ထူထပ်သော ဖုန်မှုန့်များ စုပုံနေချေပြီ။
ချင်ယွမ်ဖုန်းသည် ယင်းကို စတင် သန့်ရှင်းရေး လုပ်ဆောင်ပြီး ဘုရားကျောင်းတစ်ခုလုံး အသစ်စက်စက် ကဲ့သို့ ဖြစ်သွားသည့်တိုင်အောင် သပ်ရပ်အောင် ပြုလုပ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ချင်ယွမ်ဖုန်းသည် ဝိညာဉ် အထိမ်းအမှတ်ကျောက်စာများကို ဖြည်းည်းစွာ ထုဆစ်လေသည်။ သူ မှတ်မိသမျှ လူတိုင်းအတွက် ဝိညာဉ် အထိမ်းအမှတ်ကျောက်စာတစ်ခုစီ ထုဆစ်ပြီး ထိုနေရာတွင် ထားရှိလိုက်သည်။
မကြာမီပင် ဝိညာဉ် အထိမ်းအမှတ်ကျောက်စာများကို ပြသထားသည့် နေရာသည် ပြည့်နှက်သွားတော့သည်။
ချင်ယွမ်ဖုန်းသည် သူနှင့် ခေတ်ပြိုင်ဖြစ်ခဲ့သော ချင်မင်ကျိ၊ ချင်မင်ယန် နှင့် အခြားသော ချင်မိသားစုဝင်များကိုသာ သိရှိချေသည်။