← Chapters

အခန်း ၅၇၇

Vol. 29 Ch. 577

အခန်း ၅၇၇

Vol. 29 Ch. 577

အခန်း (၅၇၇)

ထို့အပြင် သူ၏လောင်းကစားဝိုင်း၌ ရှိနေသောလူများအားလုံးသည်လည်း အတော်အတန် အနိုင်ရရှိသွားကြသဖြင့် လောင်းကစားဒိုင်တစ်ခုလုံး အဆင့်မြင့် ဝိညာဉ်ကျောက်တုံးမြောက်မြားစွာ ဆုံးရှုံးသွားရချေသည်။

လူသားတို့သည် လောင်းကစားဝိုင်းများ၌ အဘယ်ကြောင့် စွဲလန်းရူးသွပ်သွားကြသည်ကို ဆန်းစစ်ကြည့်လျှင် မဆန်းလှပေ။

ထိုသို့သော ရင်ခုန်စိတ်လှုပ်ရှားရမှုနှင့် တစ်ညတည်းဖြင့် သူဌေးဖြစ်သွားနိုင်သည်ဟူသော အတွေးမျိုးသည် လူတို့၏ အရိုင်းစိုင်းဆုံးသော မောဟမီး၊ လောဘမီး တဏှာပင် ဖြစ်ပေရာသည်။

လောင်းကစားဒိုင်သည် မိမိအနေဖြင့် အဆင့်မြင့်ပညာရှင်တစ်ဦးနှင့် တွေ့ဆုံနေရပြီဖြစ်ကြောင်း ရိပ်မိသွားသဖြင့် ရှေ့သို့တစ်လှမ်းတိုးကာ လက်အုပ်ချီ၍ အလေးပြုလိုက်ပြီးလျှင် "ဆရာကြီး၊ ဒီနေရာက ကျဉ်းမြောင်းလွန်းပါတယ်ခင်ဗျာ၊ ဆရာကြီး စိတ်တိုင်းကျ ပျော်ပါးနိုင်ဖို့အတွက် သီးသန့်အခန်းတစ်ခန်း ဖွင့်လှစ်ပေးရင် အဆင်ပြေမလားဟင်" ဟု ရိုသေသမှုဖြင့် မေးမြန်းလိုက်သည်။

"ကောင်းပြီ၊ လမ်းပြလေ"

ချင်ယွမ်ဖုန်းသည် လောင်းကစားဒိုင်၏ အကြံပြုချက်ကို သဘောတူကာ အနိုင်ရရှိထားသော အန်စာတုံးအမှတ်အသားပြားအားလုံးကို ပေါ့ပေါ့ပါးပါးပင် သိမ်းဆည်းလိုက်သည်။

ထိုခဏ၌ပင် လူတစ်ဦးသည် အနားသို့ ကပ်လျက် ရိုသေစွာ ချဉ်းကပ်လာပြီး ချင်ယွမ်ဖုန်းအား လောင်းကစားဒိုင်၏ အနက်ရှိုင်းဆုံးသော အတွင်းပိုင်းဆီသို့ ခေါ်ဆောင်သွားလေတော့သည်။

ထိုဝိုင်း၌ ကျန်ရစ်ခဲ့သော အခြားလောင်းကစားသမားများသည် နှမြောတသခြင်းကြီးစွာဖြင့် သက်ပြင်းချမိကြသည်။ အကယ်၍သာ သူတို့သည် ချင်ယွမ်ဖုန်း၏ နောက်သို့ တကောက်ကောက် လိုက်ပါသွားနိုင်ခဲ့ပါက တစ်ညတည်းဖြင့် သူဌေးဖြစ်ရမည့် အိပ်မက်သည် လက်တွေ့ဖြစ်လာပေလိမ့်မည်။

ချင်ယွမ်ဖုန်းအား လောင်းကစားဝိုင်းတစ်ခုတည်းသာ ရှိသော သီးသန့်အခန်းတစ်ခန်းဆီသို့ ပို့ဆောင်ပေးခဲ့ကြသည်။ သူသည် မိမိ၏ ခမောက်ကို ချွတ်၍ စားပွဲပေါ်သို့ တည်ငြိမ်စွာ တင်ထားလိုက်သည်။

မကြာမီအချိန်အတွင်းမှာပင် မိန်းမပျိုတစ်ဦးသည် အခန်းတွင်းသို့ လှပစွာ လျှောက်လှမ်းဝင်ရောက်လာခဲ့သည်။

ထိုအမျိုးသမီးသည် မျက်နှာကို ပြင်းထန်စွာ ခြယ်သထားပြီး ဆွဲဆောင်မှုရှိကာ ဝတ်စားဆင်ယင်မှုမှာလည်း အသားအရေ ပေါ်လွင်လွန်းလှသည်။

"ဆရာကြီး၊ ကျမ အခု ဆရာကြီးအဖော်အဖြစ် ခေတ္တဖျော်ဖြေပေးပါရစေရှင်"

ဤအမျိုးသမီးသည် ချင်ယွမ်ဖုန်း၏ အထောက်အထားကို ရိပ်မိခြင်းမရှိသည်မှာ ထင်ရှားလှပေသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြကာ "သဘောအတိုင်းလုပ်ပါ" ဟု အေးဆေးစွာ ဆိုလိုက်သည်။

ထိုအမျိုးသမီးသည် လောင်းကစားစားပွဲ၏ အခြားတစ်ဖက်ဆီသို့ နွဲ့နှောင်းစွာ လျှောက်လှမ်းသွားပြီး ချင်ယွမ်ဖုန်းအား မျက်စပစ်ပြလျက် "ဆရာကြီးက ကျမကို ရှောင်ဟုန်းလို့ပဲ ခေါ်နိုင်ပါတယ်ရှင်" ဟု မြုဆွယ်သော လေသံဖြင့် ဆိုသည်။

"ရှောင်ဟုန်းပေါ့လေ၊ မင်းဆီမှာ အမှတ်အသားပြားတွေ လုံလုံလောက်လောက် ပါရဲ့လားလို့ ငါ သိချင်မိတယ်" ချင်ယွမ်ဖုန်းက ပြုံး၍ မေးလိုက်သည်။

ရှောင်ဟုန်းက သာယာစွာ ရယ်မောလိုက်ပြီး "ဆရာကြီးကလည်း ခါးခါးသီးသီး ရှိလှချေလား၊ ကျမတို့က လောင်းကစားဒိုင် ဖွင့်ထားတာပဲ၊ ဆရာကြီးအတွက် အမှတ်အသားပြားတွေ ဘယ်လိုလုပ်ပြီး လိုအပ်ချက် ရှိနိုင်ပါ့မလဲရှင်" ဟု ပြောဆိုရင်း သူမ၏ သိုလှောင်လက်စွပ်ထဲမှ ကြီးမားလှသော အမှတ်အသားပြားပုံကြီးကို ထုတ်ယူလိုက်သည်။

အမှတ်အသားပြားတစ်ခုစီသည် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်တန်ဖိုး ရှိပြီး အရေအတွက်အားဖြင့် သောင်းချီ၍ ရှိနေသည်။

တစ်နည်းအားဖြင့် ဆိုရသော် ရှောင်ဟုန်း ယူဆောင်လာသော အမှတ်အသားပြားများသည် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး သန်းပေါင်းများစွာ တန်ဖိုးရှိပေသည်။

"ကောင်းပြီ၊ မင်း လုံလုံလောက်လောက် ယူလာတာက ပိုကောင်းတာပေါ့" ချင်ယွမ်ဖုန်းက ဂရုမစိုက်ဟန်ဖြင့် အေးအေးဆေးဆေးပင် ဆိုလိုက်သည်။

ရှောင်ဟုန်းသည် အန်စာတုံးခွက်ကို စတင်လှုပ်ခါတော့သည်။ သူမ၏ လက်ကွက် အတတ်ပညာသည် အပြင်ဘက်မှ လောင်းကစားဒိုင်နှင့် မတူဘဲ အလွန်တရာ မြန်ဆန်လွန်းလှသဖြင့် အတွင်းရှိ အန်စာတုံးများ၏ လှုပ်ရှားမှုလမ်းကြောင်းကို မည်သူမျှ မခန့်မှန်းနိုင်ကြပေ။

ထို့အပြင် ဤအခန်းအတွင်းရှိ အန်စာတုံးခွက်များသည် ဝိညာဉ်စွမ်းအားကို ပိုမိုဖိနှိပ်ချုပ်ချယ်နိုင်စွမ်း ရှိကြောင်း ချင်ယွမ်ဖုန်း သတိပြုမိလိုက်သည်။

သူ၏ ဝိညာဉ်စွမ်းအားကိုပင် အထဲသို့ မနည်းတိုးဝင်စေခဲ့ရသည်။

လောင်းကစားဒိုင်ရှိ လူများအနေဖြင့် နဝမအဆင့် မဟာဆရာနယ်ပယ်နှင့် ယှဉ်နိုင်သော ဝိညာဉ်စွမ်းအားပိုင်ရှင် အဆင့်မြင့်ပညာရှင်တစ်ဦးသည် လောင်းကစားရုံသို့ ရောက်ရှိလာလိမ့်မည်ဟု အိပ်မက်ပင် မက်ဖူးကြလိမ့်မည်မဟုတ်ချေ။

နဝမအဆင့် မဟာဆရာနယ်ပယ်ရှိသော ဆရာသခင်တိုင်းသည် ပထမတန်းစား ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်များ ဖြစ်ကြပြီး သူတို့ သွားလေရာရာ၌ လူအများက ဝိညာဉ်ကျောက်တုံးများကို လုယက်ကာ ဆက်သကြရစမြဲ ဖြစ်သည်။

သို့သော်လည်း ချင်ယွမ်ဖုန်းသည်ကား ထိုသို့သော ထူးခြားဆန်းပြားသည့် ဖြစ်တည်မှုမျိုး ဖြစ်နေချေသည်။

"အကြီး"

ချင်ယွမ်ဖုန်းသည် မိမိအနိုင်ရရှိထားသော အမှတ်အသားပြား သောင်းချီအားလုံးကို "အကြီး" ဘက်၌ ပုံအော၍ လောင်းကြေးထပ်လိုက်သည်။

ရှောင်ဟုန်းသည် အလွန်အမင်း အံ့အားသင့်သွားပြီး "ဆရာကြီး၊ အကယ်၍ ရှုံးသွားရင် ဆရာကြီးမှာ အမှတ်အသားပြား တစ်ခုမှ ကျန်တော့မှာ မဟုတ်ဘူးနော်" ဟု သတိပေးလိုက်သည်။

"စိတ်မပူပါနဲ့၊ ငါ မရှုံးစေရဘူး" ချင်ယွမ်ဖုန်းက ခပ်ပြုံးပြုံးပင် ဆိုလိုက်သည်။

ရှောင်ဟုန်း အန်စာတုံးခွက်ကို ဖွင့်လှစ်လိုက်သောအခါ အမှန်တကယ်ပင် "အကြီး" ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် မှင်တက်သွားချေသည်။

တစ်ဆပေး လောင်းကြေးဖြစ်သဖြင့် ချင်ယွမ်ဖုန်းသည် ချက်ချင်းပင် အမှတ်အသားပြား နှစ်သောင်း ရရှိသွားခဲ့သည်။

ရှောင်ဟုန်းသည် အန်စာတုံးခွက်ကို ဆက်လက်လှုပ်ခါပြီး ချင်ယွမ်ဖုန်းကလည်း "အကြီး" ဘက်၌ပင် ဆက်တိုက် လောင်းကြေးထပ်နေခဲ့သည်။

ရလဒ်မှာမူ ချင်ယွမ်ဖုန်းကသာ အမြဲတစေ အနိုင်ရရှိနေခြင်းပင် ဖြစ်သည်။ အကယ်၍ ဤအတိုင်းသာ ဆက်သွားနေပြီး ချင်ယွမ်ဖုန်းက အကြိမ်တိုင်း ပုံအောလောင်းနေပါက မကြာမီ အချိန်အတွင်း ရှောင်ဟုန်း၏ နောက်ကွယ်မှ အမှတ်အသားပြား အားလုံးသည် ချင်ယွမ်ဖုန်း၏ လက်ထဲသို့ ရောက်ရှိသွားပေလိမ့်မည်။

ဤအခြေအနေကြောင့် ရှောင်ဟုန်းသည်လည်း စတင်၍ ထိတ်လန့်တုန်လှုပ်လာရသည်။ သူမသည် လောင်းကစားလောက၏ ဆရာသခင်တစ်ဦး ဖြစ်သော်လည်း ချင်ယွမ်ဖုန်းကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်မျိုးနှင့် ကြုံတွေ့ရသည်မှာ ယခုအကြိမ်သည် ပထမဦးဆုံးပင် ဖြစ်ချေသည်။

ယခုတစ်ကြိမ်တွင် ရှောင်ဟုန်း အန်စာတုံးခွက်ကို ချလိုက်ပြီးနောက် ချင်ယွမ်ဖုန်းသည် အတွင်း၌ 'လေး၊ လေး၊ နှစ်' အမှတ်ထွက်ကာ "အငယ်" ဖြစ်နေသည်ကို အထင်အရှား မြင်တွေ့လိုက်ရသည်။

သို့သော်လည်း ချင်ယွမ်ဖုန်းက "အငယ်" ဘက်တွင် လောင်းကြေးထပ်လိုက်သောအခါ အတွင်းရှိ အန်စာတုံးသည် တိတ်တဆိတ် ရွေ့လျားသွားခဲ့သည်။

ထို 'နှစ်' အမှတ်သည် 'သုံး' အမှတ်အဖြစ်သို့ ပြောင်းလဲသွားပြီး "အငယ်" မှ "အကြီး" သို့ ချက်ချင်းပင် ပြောင်းလဲသွားချေသည်။

ချင်ယွမ်ဖုန်းသည် သဘောပေါက်သဖြင့် ခေါင်းညိတ်လိုက်သည်။ တရားသဖြင့် မနိုင်လျှင် လှည့်စားခြင်းကို သုံးစွဲကြသည်မှာ ဓမ္မတာပင် ဖြစ်သော်လည်း သူကိုယ်တိုင်က ဦးစွာ လှည့်စားခဲ့ခြင်းဖြစ်သဖြင့် ချင်ယွမ်ဖုန်းအနေဖြင့် ဘာမျှ စိတ်ထဲမထားပေ။

သို့သော်လည်း ချင်ယွမ်ဖုန်း၏ ဝိညာဉ်စွမ်းအားသည် အန်စာတုံးခွက်အတွင်း၌ ရှိနေဆဲ ဖြစ်သဖြင့် တိတ်တဆိတ် သုံးအမှတ် ဖြစ်သွားသော အန်စာတုံးကို နှစ်အမှတ်အဖြစ်သို့ ပြန်လည်လှန်ပစ်လိုက်သည်။

ရှောင်ဟုန်း၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ သူမ၏ အထင်အရ ချင်ယွမ်ဖုန်းသည် မိမိ၏ အမှတ်အသားပြား အားလုံးကို ဆုံးရှုံးရတော့မည် ဖြစ်သည်။

သို့သော်လည်း သူမ အန်စာတုံးခွက်ကို ဖွင့်လှစ်လိုက်သည့်ခဏ၌မူ ဆွံ့အသွားရလေတော့သည်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ရှောင်ဟုန်း၏ မျက်လုံးများ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားရသည်။

ချင်ယွမ်ဖုန်းက မျက်မှောင်ကုတ်လျက် "ဘာဖြစ်လို့လဲ၊ မင်းက အတွင်းက အန်စာတုံးတွေကို ထိန်းချုပ်နိုင်လို့လား" ဟု မေးမြန်းလိုက်သည်။

"မဟုတ်ပါဘူး၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲရှင်" ရှောင်ဟုန်းက ချက်ချင်းပင် ငြင်းဆိုလိုက်ပြီး "ကျမ ရင်ခုန်လွန်းလို့ပါ၊ ဆရာကြီးက တကယ့်ကို အံ့သြစရာကောင်းတဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးပါပဲရှင်" ဟု ချီးမွမ်းလိုက်ရသည်။

"မဆိုးပါဘူး၊ လာလေ၊ ဆက်ကြစို့" ချင်ယွမ်ဖုန်းက ပြုံး၍ ဆိုသည်။

သို့သော်လည်း ရှောင်ဟုန်းသည်ကား ဆက်လက်ကစားရန် အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။

မိမိအနေဖြင့် အဆင့်မြင့်ပညာရှင်တစ်ဦးနှင့် တွေ့ဆုံနေရပြီဖြစ်ကြောင်း သေချာသွားသဖြင့် သူမသည် ချင်ယွမ်ဖုန်း၏ အနားသို့ နွဲ့နှောင်းစွာ လျှောက်လှမ်းလာခဲ့သည်။

"ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးရှင်၊ ဒီလောက်တောင် စိတ်မလောပါနဲ့ဦး၊ ကျမ ဆရာကြီးနဲ့ အခြားဂိမ်းတစ်ခုခု ကစားရင် အဆင်ပြေမလားဟင်" ရှောင်ဟုန်းက မြုဆွယ်သော အကြည့်များဖြင့် ဆိုလိုက်သည်။

"အခြားဂိမ်း ဟုတ်လား၊ ဘာဂိမ်းမျိုးလဲ" ချင်ယွမ်ဖုန်းက မသိနားမလည်ဟန်ဖြင့် တမင်သက်သက် ဟန်ဆောင်မေးမြန်းလိုက်သည်။

"အန်စာတုံးထက် ပိုပြီး ပျော်စရာကောင်းတဲ့ ဂိမ်းပေါ့ရှင်၊ ကျမတို့ နှစ်ယောက်တည်းပဲ ကစားလို့ရတဲ့..."

ရှောင်ဟုန်းသည် ဤသို့ပြောဆိုရင်း ချင်ယွမ်ဖုန်း၏ ရှေ့မှောက်သို့ ရောက်ရှိလာကာ သူ၏ ပေါင်ပေါ်သို့ ထိုင်ချရန် ပြင်လိုက်သည်။

သို့သော် ထိုခဏ၌ပင် ချင်ယွမ်ဖုန်းသည် ရုတ်တရက် မတ်တတ်ထရပ်လိုက်သဖြင့် ရှောင်ဟုန်းသည် ကြမ်းပြင်ပေါ်သို့ တိုက်ရိုက် ထိုင်လျက်သား လဲကျသွားရတော့သည်။

ရှောင်ဟုန်း မှင်တက်သွားရသည်။ ဤမျှ စိမ်းကားသော ယောက်ျားမျိုး ရှိလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

"ငါ သဘောပေါက်ပြီ၊ မင်းက ငါ့ကို ဒိုင်လုပ်စေချင်တာမလား" ချင်ယွမ်ဖုန်းသည် အန်စာတုံးခွက်ကို ကောက်ယူလိုက်ပြီး "လွယ်ပါတယ်၊ မင်း ဟိုဘက်ကို ပြန်သွားလေ၊ ငါ ဒိုင်လုပ်ပေးမယ်" ဟု ဆိုလိုက်သည်။

ရှောင်ဟုန်းသည် စိတ်ထဲမှ ချင်ယွမ်ဖုန်းအား ကျိန်ဆဲနေမိသော်လည်း မျက်နှာထက်တွင်မူ အပြုံးများဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်။

ချင်ယွမ်ဖုန်းသည် မိမိ၏ အလှအပ မြုဆွယ်မှုအောက်သို့ ကျရောက်ခြင်းမရှိသည်ကို မြင်ရသဖြင့် ရှောင်ဟုန်းအနေဖြင့် အခြားရွေးချယ်စရာ မရှိတော့ပေ။

သူမသည် မိမိ၏ လောင်းကစားအတတ်ပညာအပေါ် အလွန်ယုံကြည်မှု ရှိသဖြင့် အနှေးပြတ် လျှောက်လှမ်းကာ နေရာသို့ ပြန်သွားလိုက်သည်။

"စကြစို့လေ" ရှောင်ဟုန်းက ယုံကြည်မှုအပြည့်ဖြင့် ဆိုသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြကာ အန်စာတုံးခွက်ကို တိုက်ရိုက် လှုပ်ခါလိုက်ပြီး စားပွဲပေါ်သို့ ပြင်းထန်စွာ ဆောင့်ချလိုက်သည်။

"ခန့်မှန်းကြည့်လေ၊ အကြီးလား၊ အငယ်လား"

ရှောင်ဟုန်းသည် ချင်ယွမ်ဖုန်းအား သံသယအချို့ဖြင့် ကြည့်ရှုလိုက်မိသည်။

အကြောင်းမူကား ချင်ယွမ်ဖုန်း၏ လက်ကွက်အတတ်ပညာသည် အလွန်အဆင့်အတန်းမရှိ၊ အပျော်တမ်းဆန်လွန်းလှသဖြင့် လောင်းကစားတတ်သူတစ်ဦးနှင့် လုံးဝမတူချေ။

ထို့အပြင် သူမသည် အတွင်းရှိ အန်စာတုံးအမှတ်များကို အသံဖြင့် အထင်အရှား ကြားသိနေရသည်။

"အကြီး" ရှောင်ဟုန်းက ဆိုရင်း အမှတ်အသားပြား တစ်ထောင်ကို "အကြီး" ဘက်သို့ တိုက်ရိုက် ပစ်ထည့်လိုက်သည်။

သို့သော်လည်း ချင်ယွုန်းဖုန်းက ခေါင်းခါပြကာ "မဟုတ်ဘူး၊ အနည်းဆုံး လောင်းကြေးက တစ်သောင်း ဖြစ်ရမယ်" ဟု ကန့်သတ်လိုက်သည်။

ရှောင်ဟုန်းသည် သွားကိုကြိတ်ကာ အမှတ်အသားပြား တစ်သောင်းကို လောင်းကြေးထပ်လိုက်ရသည်။

"လောင်းကြေး ပိတ်ပြီ" ချင်ယွမ်ဖုန်းသည် ပုံစံတူအတိုင်း လိုက်လံအော်ဟစ်လိုက်ပြီးနောက် အန်စာတုံးခွက်ကို တိုက်ရိုက် ဖွင့်လှစ်လိုက်သည်။

အတွင်းရှိ အန်စာတုံးများသည် 'တစ်' အမှတ် သုံးခု ဖြစ်နေချေသည်။

ဤမြင်ကွင်းသည် ရှောင်ဟုန်း၏ ဦးခေါင်းကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားရသည်။ သူမသည် အန်စာတုံးသံကို နားထောင်၍ ခွဲခြားသည့် အတတ်ပညာကို ဆယ်စုနှစ်တစ်ခုကျော် လေ့ကျင့်လာခဲ့ခြင်းဖြစ်ရာ ယခုကဲ့သို့ ကြီးမားသော အမှားမျိုး လုံးဝမဖြစ်နိုင်သော်လည်း လက်တွေ့ သည် သူမ၏ ရှေ့မှောက်တွင် အထင်အရှား ပေါ်ပေါက်နေခဲ့ပြီ ဖြစ်သည်။

"သုံးမှတ်၊ အငယ်"

ချင်ယွမ်ဖုန်းက ပြုံးလျက် အမှတ်အသားပြား အားလုံးကို မိမိဘက်သို့ သိမ်းကျုံးယူငင်လိုက်သည်။

ထို့နောက် အန်စာတုံးခွက်ကို ပြန်လည်ဖုံးအုပ်ကာ ဆက်လက်လှုပ်ခါပြန်သည်။

ရှောင်ဟုန်းသည် အရှုံးမပေးလိုသေးပေ။

ထိုခဏ၌ သူမသည် ရူးသွပ်နေသော လောင်းကစားသမားတစ်ဦးကဲ့သို့ လောင်းကြေးများကို အလျင်အမြန်ပင် ထပ်မံထည့်သွင်းခဲ့သော်လည်း တစ်ကြိမ်မျှပင် အနိုင်မရရှိခဲ့ချေ။

ရှောင်ဟုန်းတစ်ယောက် လုံးဝ စိတ်ဓာတ်ပြိုလဲသွားရလေတော့သည်။ သူမ ယူဆောင်လာခဲ့သော အဆင့်မြင့် ဝိညာဉ်ကျောက်တုံး သန်းပေါင်းတစ်ဆယ် တန်ဖိုးရှိသည့် အမှတ်အသားပြား အားလုံးသည် ချင်ယွမ်ဖုန်း၏ လက်ထဲသို့ အကုန်အစင် ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။

"ရှောင်ဟုန်း၊ မင်း အမှတ်အသားပြားအချို့ ထပ်သွားယူရင် မကောင်းဘူးလား" ချင်ယွမ်ဖုန်းက စေတနာဖြင့် သတိပေးလိုက်သည်

သို့သော်လည်း ရှောင်ဟုန်းသည် ချင်ယွမ်ဖုန်းအား ထိတ်လန့်တုန်လှုပ်ခြင်းကြီးစွာသော မျက်ဝန်းများဖြင့်သာ ကြည့်ရှုနေမိတော့သည်။

ချင်ယွမ်ဖုန်းက ပြုံး၍ ထိုင်ချလိုက်ပြီး "ဘာလဲ၊ ငါက အဲဒီလောက်တောင် ကြောက်စရာကောင်းလို့လား" ဟု မေးလိုက်သည်။

"ရှင် တကယ်ပဲ ဘာကို လိုချင်နေတာလဲ" ရှောင်ဟုန်းက အားကိုးတကြီး မေးမြန်းရှာသည်။

ချင်ယွမ်ဖုန်းက သက်ပြင်းချလိုက်ကာ "နောက်ဆုံးတော့ မင်း သဘောပေါက်သွားပြီပေါ့လေ၊ သွားပါ၊ ပထမဦးဆုံး ဒီအမှတ်အသားပြားတွေကို ငါ့အတွက် ဝိညာဉ်ကျောက်တုံးတွေအဖြစ် လဲလှယ်ပေးပါဦး၊ ပြီးမှ ငါ မင်းကို ပြောပြမယ်" ဟု အေးချမ်းစွာပင် ဆိုလိုက်လေတော့သည်။

All Chapters