အခန်း ၅၇၉
Vol. 29 Ch. 579
အခန်း (၅၇၉)
ထိုသို့ ပြောဆိုပြီးသည်နှင့်တစ်ပြိုင်နက် ချင်ယွမ်ဖုန်း၏ လက်ဖဝါးထက်တွင် ခရမ်းရောင်မီးလျှံတစ်ခဲသည် ရုတ်ချည်းဆိုသလို ပေါ်ထွက်လာချေသည်။
ယင်းမီးတောက်သည် စူးရှတောက်ပ၍ လှပလွန်းလှသော်လည်း ပူပြင်းလှသော အရှိန်အဝါကိုမူ ထုတ်လွှင့်နေ၏။
“လောင်ကျွမ်းစေ”
ချင်ယွမ်ဖုန်းက အေးစက်စက် လေသံဖြင့် ဆိုလိုက်ရာ ထိုမီးတောက်သည် ချက်ချင်းပင် လွင့်ပျံသွားပြီး လောင်းကစားဝိုင်းတစ်ခုထက်သို့ ကျရောက်ကာ ခဏချင်းအတွင်း ကူးစက်လောင်ကျွမ်းသွားတော့သည်။
မကြာမီအချိန်၌ပင် တစ်လောင်းကစားရုံလုံး မီးဟုန်းဟုန်းတောက်၍ ဝါးမြိုခြင်းကို ခံလိုက်ရလေသည်။
အနီးနားရှိ လူအပေါင်းတို့သည် ထိုမီးဘေးကို မြင်တွေ့ရသဖြင့် ငြှိမ်းသတ်ရန် အလုအယက် ပြေးဝင်လာကြသော်လည်း မီးတောက်များထက်သို့ ရေသွန်းလောင်းကြသည့်အခါ၌မူ မည်သို့မျှ အသုံးမဝင်သည်ကို တွေ့ရှိသွားကြရချေသည်။
ချင်ယွမ်ဖုန်းသည် လောင်းကစားရုံအတွင်းမှ ဖြည်းညင်းစွာ ထွက်ခွာလာခဲ့ရာ သူ၏နောက်ကွယ်၌မူ ထိုအဆောက်အအုံသည် ပြိုကျပျက်စီးကာ ပြာပုံအတိ ဖြစ်ကျန်ရစ်ခဲ့တော့သည်။
ပိုင်ဖုန်းသည် မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူလျော်လျက် ချင်ယွမ်ဖုန်း၏ နောက်မှ လိုက်ပါလာခဲ့၏။
ဤရန်ကြွေးကိုမူ ချင်ယွမ်ဖုန်းသည် ယမမင်း လူသတ်သမားအဖွဲ့အစည်းနှင့် အမှန်တကယ်ပင် အသေအလဲ တွဲဖက်၍ စည်းနှောင်လိုက်ပြီ ဖြစ်ချေသည်။
ဘေးမှ ဝိုင်းအုံကြည့်ရှုနေကြသော လူအုပ်ကြီးကို ဖြတ်ကျော်၍ ချင်ယွမ်ဖုန်းသည် ဆိတ်ငြိမ်သော လမ်းထောင့်တစ်ခုဆီသို့ ဦးတည်လျှောက်လှမ်းခဲ့သည်။
သူ့နောက်ကွယ်တွင် လောင်ကျွမ်းကျန်ရစ်ခဲ့သော လောင်းကစားရုံကြီးသည် ကြီးမားလှသော မီးပုံကြီးတစ်ခုကဲ့သို့ ရှိနေပြီး ဆန်းကြယ်သော ရိုးရာဓလေ့တစ်ခုကို ကျင်းပနေသဏ္ဍာန် တူလှပေရာ မီးလျှံများသည် ကောင်းကင်ယံထက်သို့ ခုန်ပျံတက်နေပြီး ထူထပ်လှသော မီးခိုးနက်ကြီးများကို ဆောင်ကြဉ်းနေတော့သည်။
ပိုင်ဖုန်းသည် သက်ပြင်းတစ်ချက်ကို ရှည်လျားစွာ ချလိုက်မိ၏။ ချင်ယွမ်ဖုန်းသည် ယမမင်းအဖွဲ့၏ လုပ်ကြံမှုများမှ အကြိမ်ကြိမ်အဖန်ဖန် လွတ်မြောက်နိုင်ရုံမျှမက နောက်ဆုံး၌ ဤနေရာကိုပင် ရှာဖွေတွေ့ရှိကာ သူတို့၏ အသင်းခွဲကို ဖျက်ဆီးပစ်လိမ့်မည်ဟု သူမအနေဖြင့် ထင်မှတ်မထားခဲ့မိပေ။
ထိုနေရာ၌ အဓိကတာဝန်ခံ ဖြစ်သော ဟေယွမ်သည် သေဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း ပိုင်ဖုန်း၏ စိတ်တွင် ဝမ်းနည်းပူဆွေးမှု တစ်စုံတစ်ရာမျှ မရှိချေ။
အကြောင်းမူကား ဟေယွမ်သည် အမြဲတစေ တာဝန်များကို လက်ခံဆောင်ရွက်ပေးရသော စေခိုင်းခံသက်သက်မျှသာ ဖြစ်သောကြောင့်ပင်။ လူသတ်သမားများ ရှိနေသရွေ့ ထိုအသင်းခွဲသည် ပျက်စီးသွားလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ထိုအခိုက်အတန့်တွင် ပိုင်ဖုန်း၏ မျက်လုံးများသည် ရုတ်ချည်းပင် ပြူးကျယ်သွားရကာ လှမ်း၍ အော်ဟစ်လိုက်လေသည်။
“မသွားနဲ့။ အားလုံး ပြန်လာကြစမ်း”
ထိုအချိန်၌ အဝေးရိုးရိုး မဟုတ်သော နေရာတွင် ချင်ယွမ်ဖုန်းသည် ဖြောင့်တန်းသော လမ်းကြားတစ်ခုအတွင်းသို့ လျှောက်လှမ်းဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။
ဤနေရာသည် အလွန်ပင် ဆိတ်ငြိမ်လှပြီး မီးအိမ်တစ်လုံးမျှပင် ထွန်းညှိထားခြင်း မရှိချေ။ လမ်းကြားတစ်ခုလုံးသည် မှောင်အတိ ကျနေပြီး ဝေးကွာလှသော မီးလျှံများ၏ အရိပ်များသည် လမ်းကြားအတွင်း၌ လှုပ်ခတ်ယိမ်းထိုးနေသည်မှာ မိစ္ဆာများနှင့် သရဲတစ္ဆေများ ကျောက်လွှားကစားနေကြသကဲ့သို့ ရှိနေတော့သည်။
ချင်ယွမ်ဖုန်းသည် လောင်းရိပ်ကျသော လမ်းကြားအတွင်းသို့ လျှောက်လှမ်းခဲ့၏။ နှစ်လှမ်းမျှ လျှောက်ပြီးသောအခါ သူ၏ ခန္ဓာကိုယ်သည် ရုတ်ချည်းပင် ကတ္တရာစေးကဲ့သို့ မည်းနက်သော ရေကွက်တစ်ခုအသွင် ပြောင်းလဲသွားကာ အရိပ်များအတွင်းသို့ ပေါင်းစည်းပျောက်ကွယ်သွားချေသည်။
ထိုအချိန်တွင် အမှောင်ရိပ်အတွင်းမှ မည်းနက်သော အရိပ်တစ်ခုသည် ဝုန်းခနဲ ခုန်ထွက်လာပြီး အေးစက်လှသော ဓားအလင်းတန်းတစ်ခုသည် ချင်ယွမ်ဖုန်း အစောပိုင်းက ရပ်တည်ခဲ့သော နေရာသို့ စူးစိုက်ထိုးနှက်သွားတော့သည်။
“အရိပ်လုပ်ကြံခြင်းအတတ်လား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါက ငါတို့ ယမမင်းအဖွဲ့ရဲ့ သီးသန့်သိုင်းပညာပဲဥစ္စာကို”
ထိုလူသတ်သမားသည် သူ၏စကားကို ဆုံးအောင်ပင် မပြောနိုင်လိုက်ချေ။
အေးစက်လှသော လက်နက်အလင်းတန်းတစ်ခုသည် သူ၏ နှလုံးသားတည့်တည့်သို့ ချင်းနင်းဝင်ရောက်သွားပြီး ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် ထိုသူ၏ နောက်ကျောဘက်၌ ပေါ်လာခဲ့ပြီး လက်ထဲတွင်မူ ကြောက်မက်ဖွယ်ကောင်းလှသော နဂါးကျောရိုးဓားမကြီးကို ကိုင်ဆောင်ထားချေသည်။
ဤယမမင်းအသင်းခွဲမှ လူသတ်သမားများသည် ချင်ယွမ်ဖုန်းက သူတို့၏ အခြေစိုက်စခန်းကို မီးရှို့ဖျက်ဆီးသည်ကို မြင်တွေ့ရသောအခါ ဒေါသအလိပ်လိပ် ထွက်ခဲ့ကြရသည်။
ထို့ကြောင့်ပင် သူတို့သည် ချင်ယွမ်ဖုန်း၏ နောက်သို့ တကောက်ကောက် လိုက်ပါလာခဲ့ကြပြီး ဤနေရာ၌ လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ကြခြင်း ဖြစ်ပေသည်။
သို့သော်လည်း အရိပ်ဆိုးသတ်ဖြတ်ခြင်းကို လူတိုင်း အသုံးပြုနိုင်သည်တော့ မဟုတ်ချေ။ အသင်းခွဲအတွင်းရှိ အနည်းငယ်မျှသော လူသတ်သမားများသာ ယင်းကို တတ်မြောက်ကြပြီး ကျန်ရှိသောသူများသည် အခြားသော လုပ်ကြံသတ်ဖြတ်မှု နည်းစနစ်များကိုသာ အားကိုးကြရခြင်း ဖြစ်သည်။
ထိုလူသတ်သမား မသေဆုံးမီ အချိန်ကလေး၌ပင် ချင်ယွမ်ဖုန်းသည် သူ၏ ကျင့်စဉ်အဆင့် အရှိန်အဝါများကို လျင်မြန်စွာ စုပ်ယူပစ်လိုက်ပြီး တစ်ပြိုင်နက်တည်းမှာပင် ဝိညာဉ်ရှာဖွေခြင်းအတတ်ကိုပါ အသုံးပြုလိုက်ချေသည်။
ထိုသူ၏ အလောင်းကို ဘေးသို့ ပစ်ချလိုက်ပြီးနောက် ချင်ယွမ်ဖုန်းသည် ရှေ့သို့ ဆက်လက် လျှောက်လှမ်းခဲ့သည်။
လမ်းကြားအတွင်း၌မူ အေးစက်လှသော ဓားအလင်းတန်းများသည် တစ်ခုပြီးတစ်ခု လက်ခနဲ လက်ခနဲ ပေါ်ထွက်လာ၏။
ဤလူသတ်သမားများသည် ကိုယ်စီကိုယ်ငှ လုပ်ကြံမှု နည်းစနစ်မျိုးစုံ ရှိကြသဖြင့် ခုခံကာကွယ်ရန် အလွန်ပင် ခဲယဉ်းလှပေသည်။
သို့သော်လည်း ချင်ယွမ်ဖုန်း၏ ကျယ်ပြောလှသော စိတ်ဝိညာဉ်စွမ်းအား အောက်တွင်မူ ထိုလူသတ်သမားများ၏ လှုပ်ရှားမှုမှန်သမျှသည် ကွက်ကွက်ကွင်းကွင်း ပေါ်လွင်နေခဲ့ရာ သူတို့အားလုံးသည် ချင်ယွမ်ဖုန်း၏ လက်ချက်ဖြင့်ပင် ရက်ရက်စက်စက် သေဆုံးခဲ့ကြရတော့သည်။
ထို့ပြင် ချင်ယွမ်ဖုန်းသည် ထိုလူသတ်သမားများ၏ ကျင့်စဉ်အဆင့်များကို အဆက်မပြတ် စုပ်ယူနေပြီး ဝိညာဉ်ရှာဖွေခြင်းအတတ်ကို အသုံးပြုကာ သူတို့၏ မှတ်ဉာဏ်များကို ကြည့်ရှုစစ်ဆေးနေခဲ့ရာ အမှန်တကယ်ပင် မြောက်မြားလှစွာသော လုပ်ကြံသတ်ဖြတ်မှု အတွေ့အကြုံများကို ရရှိသွားခဲ့ချေသည်။
ဤအတွေ့အကြုံများသည် ထိုလူသတ်သမားများက သူတို့၏ အသက်ပေါင်းများစွာဖြင့် စုဆောင်းခဲ့ကြရခြင်း ဖြစ်ပြီး ယခုအခါ၌မူ ချင်ယွမ်ဖုန်းတစ်ယောက်တည်း ဆီသို့သာ စုစည်းရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ချင်ယွမ်ဖုန်းတွင် အတွေ့အကြုံများ ရှိနေပြီ ဖြစ်သော်လည်း သူ လိုအပ်နေသည်မှာ လက်တွေ့တိုက်ပွဲ ဖြစ်ပေရာ ထိုလမ်းကြားလေးအတွင်း၌ပင် လက်တွေ့လေ့ကျင့်မှုကို စတင်တော့သည်။
လူသတ်သမားများသည် မူလက ချင်ယွမ်ဖုန်းကို လုပ်ကြံရန် လာခဲ့ကြခြင်း ဖြစ်သော်လည်း ချင်ယွမ်ဖုန်း၏ လုပ်ကြံသတ်ဖြတ်မှု နည်းစနစ်များသည် အလွန်တရာ မြင့်မားလှပြီး တစ်စထက်တစ်စ ပိုမို ကျွမ်းကျင်လာသည်ကို တွေ့ရှိသွားကြရသဖြင့် ထိတ်လန့်တုန်လှုပ်သွားကြရတော့သည်။
ယခုအခါတွင်မူ သူတို့ကိုယ်တိုင်က ပြန်လည်၍ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံနေကြရပြီ ဖြစ်ချေသည်။
ပိုင်ဖုန်းသည် လမ်းကြားဝသို့ ရောက်ရှိလာသောအခါ လမ်းကြားတစ်ခုလုံးတွင် အလောင်းများ ပြည့်နှက်နေသည်ကို မြင်တွေ့လိုက်ရ၏။
ချင်ယွမ်ဖုန်းသည် လူသတ်သမားတစ်ဦး၏ အလောင်းကို လက်ဖြင့် ဆွဲကိုင်ထားပြီး ဘေးသို့ ဝုန်းခနဲ ပစ်ချလိုက်လေသည်။
သာမန်လမ်းကြားလေးတစ်ခုသည် ယခုအခါ၌မူ ငရဲဘုံသွေးတစ်ကွက်ကဲ့သို့ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ယမမင်းအသင်းခွဲမှ လူသတ်သမား ပေါင်းတစ်ရာကျော်တို့သည် ဤနေရာ၌ပင် သေဆုံးသွားခဲ့ကြရချေပြီ။
“ချင်ယွမ်ဖုန်း။ နင်နဲ့ငါ အသေအလဲ တိုက်ကြမယ်”
ပိုင်ဖုန်းသည် ဒေါသအလိပ်လိပ် ထွက်နေခဲ့သည်။ သူမသည် မိမိ၏ လက်ဖဝါးထက်တွင် များပြားလှသော မူလချီစွမ်းအင်များကို စုစည်းလိုက်ပြီး မြေပြင်ကို ပြင်းထန်စွာ နင်းကာ ချင်ယွမ်ဖုန်း၏ ရှေ့တည့်တည့်သို့ တဟုန်ထိုး ပြေးဝင် တိုက်ခိုက်လေတော့သည်။
သို့သော်လည်း ချင်ယွမ်ဖုန်းကမူ ပိုင်ဖုန်း၏ လက်သီးကို အသာအယာပင် ဖမ်းဆွဲလိုက်ရာ ယင်းလက်သီးထက်တွင် စုစည်းနေသော မူလချီစွမ်းအင်များသည်လည်း ချင်ယွမ်ဖုန်း၏ ဝိညာဉ်စုပ်ယူခြင်းအတတ်ကြောင့် စုပ်ယူခြင်းကို ခံလိုက်ရချေသည်။
“သူတို့က ငါ့ကို သတ်ချင်တာလေ။ ဒါကို မင်းအနေနဲ့ ငါ့ကို အပြစ်တင်လို့ မရဘူး” ချင်ယွမ်ဖုန်းက တည်ငြိမ်သောလေသံဖြင့် ဆိုလိုက်၏။
“လူယုတ်မာ။ နင်ကိုယ်တိုင်က လူသတ်သမား ဖြစ်နေတာကို။ နင့်မျက်လုံးထဲမှာ ဒီလောက်များပြားတဲ့ အသက်တွေက တန်ဖိုးမရှိဘူးလား” ပိုင်ဖုန်းက စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
ချင်ယွမ်ဖုန်းသည် ခဏမျှ ကြောင်အသွားရ၏။ ဖြစ်တန်ရာသည်မှာ သူသည် ယခင်က ဤမျှအထိ သွေးဆာတတ်သူတစ်ဦး မဟုတ်ခဲ့ပေ။
သို့သော်လည်း ရက်စက်လှသော လက်နက်ဆန်းဖြစ်သည့် သုံးခွလှံကို အကြိမ်ကြိမ် အသုံးပြုခဲ့ပြီးသည့်နောက်ပိုင်းတွင်မူ သူ၏ စိတ်နှလုံးသား အနက်ရှိုင်းဆုံးပိုင်း၌ အိပ်ပျော်နေခဲ့သော သတ်ဖြတ်လိုစိတ် အရှိန်အဝါများသည် နိုးထလာခဲ့သကဲ့သို့ ခံစားနေရခြင်း ဖြစ်သည်။
သူ လူသတ်လိုက်ရသည့် အခါတိုင်းတွင် စိတ်ကျေနပ်မှု အနည်းငယ်ကိုပင် ခံစားရတတ်ချေရာ ယင်းသည် သူ တစ်ခါမျှ မကြုံတွေ့ဖူးသော ခံစားချက်မျိုး ဖြစ်သည်။
သို့သော်လည်း ဤလူများအားလုံးသည် သေထိုက်သောသူများသာ ဖြစ်ပေသည်။
“လူသတ်သမားတစ်ယောက်က ငါ့ကို လာပြီး ကိုယ်ကျင့်တရားအကြောင်းတွေ တရားဟောမနေစမ်းပါနဲ့။ ဒါက ရယ်စရာကောင်းလွန်းတယ်လို့ မင်း မထင်ဘူးလား”
ချင်ယွမ်ဖုန်းက လှောင်ပြောင်သော လေသံဖြင့် နှစ်ချက်မျှ ရယ်မောလိုက်၏။
“လူယုတ်မာ။ ဒီလူသတ်သမားတွေကို လေ့ကျင့်ပေးဖို့ ငါ ဘယ်လောက်တောင် ကြိုးစားခဲ့ရလဲ နင်သိလား”
ပိုင်ဖုန်းသည် သူမ၏ အခြားသော လက်တစ်ဖက်တွင် မူလချီစွမ်းအင်များကို ထပ်မံစုစည်း၍ ချင်ယွမ်ဖုန်း၏ ရင်ဘတ်ဆီသို့ ပြင်းထန်စွာ ထိုးနှက်လိုက်ပြန်သည်။
သို့သော်လည်း ချင်ယွမ်ဖုန်းသည် မတုန်မလှုပ်ဘဲ စိုက်စိုက်ကြီး ရပ်နေခဲ့၏။ ပိုင်ဖုန်း၏ တိုက်ခိုက်မှုသည် ချင်ယွမ်ဖုန်း၏ ခုခံကာကွယ်ရေး မူလချီအလွှာကိုပင် ဖောက်ထွက်နိုင်ခြင်း မရှိချေ။
ထိုသူနှစ်ဦးကြားရှိ စွမ်းအားကွာခြားချက်သည် အလွန်ပင် ကြီးမားလှပေသည်။
ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်လျက် ဆိုလိုက်သည်။ “လူသတ်သမားတွေကို လေ့ကျင့်ပေးတာက ယမမင်းအဖွဲ့ရဲ့ အလုပ်မဟုတ်ဘူးလား”
ပိုင်ဖုန်းသည် ငိုတော့မည့် မျက်နှာဘေးဖြင့် ကြည့်ကာ ဆိုလေသည်။ “ယမမင်းဆိုတာက အဖွဲ့အစည်းတစ်ခုသက်သက်ပဲ။ ဒါပေမဲ့ ဒီလူသတ်သမားတွေကို စည်းရုံးသိမ်းသွင်းရတာက ငါတို့အသင်းခွဲက ကိုယ်တိုင်လုပ်ရတာ။ လူသတ်သမားတစ်ယောက်ချင်းစီအတွက် ငါတို့မှာ ရေတွက်လို့မရတဲ့ ကြိုးပမ်းအားထုတ်မှုတွေ ကုန်ဆုံးခဲ့ရတာကို နင်က အားလုံးကို ဖျက်ဆီးပစ်လိုက်ပြီ”
ချင်ယွမ်ဖုန်းသည် ခေါင်းညိတ်လိုက်ပြီး ယမမင်းအဖွဲ့အစည်းနှင့် ပတ်သက်သော အချို့သောအရာများကို နားလည်သဘောပေါက်သွားခဲ့သည်။
ယမမင်းသည် အမှန်တကယ်ပင် လူသတ်သမားအဖွဲ့အစည်း ဖြစ်သော်လည်း ယင်းနှင့် အသင်းခွဲများအကြားတွင်မူ အလုပ်ခန့်အပ်မှု ဆိုင်ရာ ဆက်ဆံရေးမျိုးသာ ရှိကြချေရာ ကုန်အမှတ်တံဆိပ် ခွဲဝေအသုံးပြုခြင်းနှင့် ဆင်တူလှပေသည်။
ပိုင်ဖုန်းတို့ကဲ့သို့သော အသင်းခွဲများသည် ယမမင်းအဖွဲ့သို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့ကြပြီး လူသတ်သမားများကို ကိုယ်တိုင် စည်းရုံးကြရသည်။
အချို့သော သတ်မှတ်ချက်များနှင့် ကိုက်ညီသောအခါမှသာ ယမမင်းအဖွဲ့သို့ ပူးပေါင်းနိုင်ကြပြီး တာဝန်များ ပြီးမြောက်သည့်အခါတွင်မူ ယမမင်းအဖွဲ့က ဆုလာဘ်များကို ပေးအပ်ခြင်း ဖြစ်သည်။
ပြောရမည်ဆိုလျှင် ယမမင်းအဖွဲ့၏ လည်ပတ်မှု ပုံစံသည် အလွန်ပင် ကောင်းမွန်လှပေသည်။ အနည်းဆုံးတော့ ဤနည်းလမ်းဖြင့် သူတို့ကိုယ်တိုင် အလုပ်လုပ်စရာမလိုဘဲ ကုန်ဆုံးနိုင်ခြင်းမရှိသော ရတနာ စည်းစိမ်များကို ရရှိနိုင်ကြသောကြောင့်ပသ်။
“လူယုတ်မာ။ ငါ နင့်ကို အသေသတ်မှာ။ နင်က ငါ့ရဲ့ ကြိုးပမ်းအားထုတ်မှုမှန်သမျှကို ဖျက်ဆီးပစ်ခဲ့တယ်” ပိုင်ဖုန်းက စူးစူးဝါးဝါး အော်ဟစ်လိုက်ရာ သူမ၏ လေသံတွင် ချင်ယွမ်ဖုန်းအပေါ် ထားရှိသော နာကျည်းမှု အာဃာတများ ပြည့်နှက်နေတော့သည်။
ချင်ယွမ်ဖုန်းက သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် “မင်း ငါ့ကို သတ်ချင်တယ်ဆိုရင်တော့ နောက်ထပ် အများကြီး ကျင့်ကြံဖို့ လိုသေးတာပေါ့” ဟု ဆိုလိုက်၏။
“တစ်နေ့နေ့မှာတော့ ငါ နင့်ကို သတ်ရစေရမယ်” ပိုင်ဖုန်းက သွားကို ကြိတ်၍ ဆိုလေရာ ယခုအချိန်တွင် ချင်ယွုန်းဖုန်းက သူမကို သတ်ပစ်လိမ့်မည်ကိုပင် ကြောက်ရွံ့ခြင်း မရှိတော့ပေ။
ချင်ယွမ်ဖုန်းသည် ပိုင်ဖုန်း၏ မျက်ဝန်းထောင့်များတွင် ထင်ဟပ်နေသော အရေးအကြောင်း အနည်းငယ်ကိုပင် မြင်တွေ့နေရချေသည်။
ပိုင်ဖုန်းသည် အသက်ငယ်ရွယ်သူတစ်ဦး မဟုတ်တော့ဘဲ အနည်းဆုံး အသက်ရာကျော်မျှ ရှိနေပြီ ဖြစ်သည်။ ယမမင်းအဖွဲ့သည် သူမအတွက်မူ အရာခပ်သိမ်း ဖြစ်နေခဲ့ချေပြီ။
“ကောင်းပြီလေ။ ငါ မင်းကို စောင့်နေပါ့မယ်။ ဒါပေမဲ့ မင်း ဒီလိုပုံစံအတိုင်းပဲ ဆက်ပြီး ကျင့်ကြံနေမယ်ဆိုရင်တော့ တစ်သက်လုံး ငါ့ကို မှီမှာ မဟုတ်ဘူး” ချင်ယွမ်ဖုန်းက တည်ငြိမ်အေးဆေးသော လေသံဖြင့် ပြောဆိုလိုက်တော့သည်။