← Chapters

အခန်း ၅၈၉

Vol. 30 Ch. 589

အခန်း ၅၈၉

Vol. 30 Ch. 589

အခန်း (၅၈၉)

စကားအဆုံးတွင် ထိုမိန်းကလေးသည် လှည့်ထွက်သွားလေတော့၏။ စိန်ခေါ်ရာမြို့တော်အတွင်း၌မူ သူမအား ဘေးကင်းရန် လိုက်လံပို့ဆောင်ပေးမည့်သူ န ရှာဖွေရသည်မှာ ခက်ခဲသောအရာ မဟုတ်ပေ။

“ဖာသည်မ”

ယန်ရွှမ်သခင်လေးသည် သွားများကို ကြိတ်ကာ ရက်စက်ကြမ်းကြုတ်စွာ ကျိန်ဆဲလိုက်သည်။

တစ်နေ့တာမျှသော အချိန်တိုအတွင်း၌ သူ၏ ဂုဏ်သိက္ခာနှင့် မာနအားလုံးသည် ရစရာမရှိအောင် ပြိုလဲပျက်စီးခဲ့ရပြီး အခြားသူများ၏ အမြင်တွင်လည်း ယုတ်ညံ့သိမ်ဖျင်းသော ကောင်တစ်ကောင်အဖြစ် ရှုမြင်ခြင်း ခံလိုက်ရလေပြီ။

ယင်းသို့သော အခြေအနေဆိုးကို ယန်ရွှမ်သခင်လေးတစ်ယောက် ရုတ်တရက် လက်ခံနိုင်ရန် အတော်ပင် ခက်ခဲနေရှာသည်။

“မင်းတို့ကော ဘယ်လိုလဲ၊ ထွက်သွားကြဦးမလို့လား”

ယန်ရွှမ်သည် ခက်ထန်လှသော မျက်နှာပေးဖြင့် ခြိမ်းခြောက်သံစွက်ကာ မေးမြန်းလိုက်၏။

ကျန်ရှိနေသော အခြားသခင်လေးများသည် အလန့်တကြားနှင့် ခေါင်းများကို ခါယမ်းကြပြီးလျှင် “မလုပ်ပါနဲ့ အစ်ကိုရွှမ်ရာ၊ ကျွန်တော်တို့က အစ်ကိုရွှမ်ကို ပစ်ထားခဲ့ပါ့မလား၊ ထိုဖာသည်မနှစ်ယောက် ထွက်သွားတာပဲ ကောင်းပါတယ်၊ ကျွန်တော်တို့ တခြားမိန်းကလေးတွေ သွားရှာလို့ ရတာပဲ မဟုတ်လား” ဟု ဖားယားကာ ပြောဆိုကြသည်။

“မင်းတို့ကမှ တကယ့် ညီအစ်ကိုကောင်းတွေကွ”

ယန်ရွှမ်သည် ကျေနပ် အားရစွာဖြင့် ခေါင်းညိတ်ပြလိုက်သော်လည်း ဤသူများသည် သူတို့၏ မိသားစုရပ်တည်ရေးအတွက် ယန်မိသားစုကို မှီခိုအားထားနေရသဖြင့်သာ ယခုလို ကပ်မြှောင်နေကြခြင်း ဖြစ်သည်ကိုမူ ရိပ်မိသိရှိနေပေသည်။

တစ်ဖက်တွင်လည်း ချင်ယွမ်ဖုန်းသည် လင်တုံးအား တည်းခိုခန်းတစ်ခုသို့ ခေါ်ဆောင်လာခဲ့ပြီး အခန်းနှစ်ခန်း ငှားရမ်းလိုက်သည်။

ထို့နောက် လင်တုံး၏ ဒဏ်ရာများကို ရိုးရှင်းစွာပင် ကုသပေးလိုက်ပြီး စိတ်အာရုံ တည်ငြိမ်စေရန်အတွက် စိတ်အာဃာတမိစ္ဆာ ပယ်ဖျောက်ဆေးတစ်လုံးကို တိုက်ကျွေးလိုက်၏။

“ကဲ... မြန်မြန်ပဲ အိပ်စက် အနားယူလိုက်ပါတော့၊ မနက်ဖြန်ကျရင် အရာအားလုံး အသစ်ပြန်စရမှာပါ”

လင်တုံးအား သေသေချာချာ နေရာချထားပေးပြီးနောက် ချင်ယွန်းဖုန်းက ပြုံးရွှင်စွာ ပြောဆိုလိုက်သည်။

သို့သော်လည်း လင်တုံးသည် ချင်ယွမ်ဖုန်း၏ လက်ကို အတင်းဆွဲကိုင်ထားလျက် “အစ်ကိုကြီးချင်... သွားတော့မလို့လား” ဟု စိုးရိမ်တကြီး မေးမြန်းရှာသည်။

ချင်ယွမ်ဖုန်းက ခေါင်းခါယမ်းပြကာ “ငါ မင်းရဲ့ ဘေးအခန်းမှာပဲ ရှိနေမှာပါ၊ စိန်ခေါ်ပွဲ မပြီးမချင်း ဘယ်မှ ထွက်မသွားပါဘူး” ဟု အားပေး စကားဆိုလိုက်၏။

ယင်းသို့ ကြားရမှသာ လင်တုံးတစ်ယောက် စိတ်အေးလက်အေးနှင့် သက်ပြင်းချနိုင်တော့သည်။

ချင်ယွမ်ဖုန်းသည်လည်း သက်ပြင်းတချက် ချလိုက်ပြီးနောက် လင်တုံးအတွက် အခန်းတံခါးကို အသာအယာ ပိတ်ပေးခဲ့ကာ မိမိ၏ အခန်းသို့ ပြန်လာခဲ့လေ၏။

မိမိ၏ ပရိသတ်တစ်ဦးအတွက် ဤမျှလောက်အထိ အပင်ပန်းခံကာ ကာကွယ်စောင့်ရှောက်ပေးခဲ့သောသူမှာ ချင်ယွမ်ဖုန်းသည် ပထမဆုံးသောသူ ဖြစ်ပေလိမ့်မည်။

သို့သော် အခြေအနေအရ မိမိကိုယ်မိမိ ချင်ယွမ်ဖုန်း ဖြစ်သည်ဟု အမှန်အတိုင်း ဝန်ခံရန် အနည်းငယ် စိုးရွံ့နေမိသဖြင့် အခြေအနေ ကြည့်ကာ တဖြည်းဖြည်းချင်းသာ ရှေ့ဆက်ရန် ဆုံးဖြတ်လိုက်ရသည်။

စိန်ခေါ်ရာမြို့တော်အတွင်း၌ လူအများအပြား အဆက်မပြတ် သွားလာလှုပ်ရှားနေကြသော်လည်း အမှောင်ထု၏ နောက်ကွယ်၊ မမြင်ကွယ်ရာ အစီအရင်အတားအဆီးများ၏ နောက်ကွယ်တွင်မူ မကောင်းမှု ဒုစရိုက်လုပ်ငန်း အများအပြားကို ဖုံးကွယ်ထားကြသည်။

မြို့တော်အတွင်း၌ ငှားရမ်း၍ရသော ကြေးစား သိုင်းပညာရှင်များလည်း ရှိကြပြီး သူတို့သည် အထွေထွေအားဖြင့် ယုံကြည်စိတ်ချရသူများ ဖြစ်ကြပေသည်။

တစ်ညတာ ကောင်းမွန်စွာ အိပ်စက် အနားယူပြီးနောက်တွင်မူ လင်တုံး၏ မျက်နှာအသွင်အပြင်သည် သိသိသာသာ ကောင်းမွန်ဝပြောလာပြီး စိတ်ခံစားချက်လည်း တည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။

“မင်းကို ချင်ယွမ်အင်ပါယာဆီ ဘေးကင်းကင်းနဲ့ ပြန်ပို့ပေးဖို့ သိုင်းပညာရှင် နှစ်ယောက်လောက် ငှားရမ်းပေးရမလား” ဟု ချင်ယွမ်ဖုန်းက မေးမြန်းလိုက်၏။

လင်တုံးက ပြုံးလျက် ခေါင်းခါပြကာ “မလိုပါဘူး အစ်ကိုကြီးချင်ရယ်၊ စိတ်မပူပါနဲ့၊ ညီမလေးရဲ့ စိတ်ကူးထဲက အာဇာနည်သူရဲကောင်းရဲ့ စိန်ခေါ်ပွဲကို ကြည့်ပြီးမှပဲ ပြန်ချင်လို့ပါ” ဟု တောင်းဆိုရှာသည်။

“ကောင်းပြီလေ... အဲ့ဒါဆိုလည်း မင်းသဘောအတိုင်းပေါ့”

ချင်ယွမ်ဖုန်းသည် အတင်းအကျပ် မတိုက်တွန်းတော့ဘဲ စျေးဆိုင်တန်းတစ်ခုသို့ သွားကာ ခေါက်ဆွဲနှစ်ပွဲ မှာယူပြီး မြိန်ရည်ယှက်ရည် စားသောက်လိုက်ကြသည်။

“မဟုတ်သေးပါဘူး၊ ညီမလေး အမြန်ဆုံး ပြန်မှ ဖြစ်တော့မယ်၊ ယန်ရွှမ်နဲ့ သူ့လူတွေက ညီမလေးရဲ့ မိသားစုကို ဒုက္ခပေးကြလိမ့်မယ် ထင်တယ်” ဟု လင်တုံးက ရုတ်တရက် စိုးရိမ်တကြီး ပြောဆိုလာပြန်သည်။

“အဲ့တာက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မင်းရဲ့ မိသားစုဝင်တွေက ယန်မိသားစုရဲ့ လူတွေပဲ မဟုတ်ဘူးလား” ချင်ယွမ်ဖုန်းက ဇဝေဇဝါနှင့် မေးလိုက်၏။

လင်တုံးက ခေါင်းညိတ်ပြကာ “ဟုတ်ပါတယ်၊ ဒါပေမဲ့ ယန်မိသားစုထဲမှာ အစေခံတွေရဲ့ အသက်က လူအသက်လို့ကို မသတ်မှတ်ကြတာ အမှန်ပဲ၊ ညီမလေးရဲ့ အဖေက ကျင့်စဉ်ကို ပင်ပန်းကြီးစွာ ကျင့်ကြံပြီး ယန်မိသားစုရဲ့ ကိုယ်ရံတော် ဖြစ်လာခဲ့တာပါ၊ ဒါပေမဲ့ ယန်ရွှမ်က စိတ်သဘောထား ကောက်ကျစ်ပြီး ရက်စက်ကြမ်းကြုတ်လွန်းတယ်၊ ညီမလေးက သူ့နောက်ကို မလိုက်ခဲ့တဲ့အတွက် သူက ညီမလေးရဲ့ မိသားစုအပေါ် မုချဧကန် ကလဲ့စားချေပါလိမ့်မယ်” ဟု ရှင်းပြရှာသည်။

ချင်ယွမ်ဖုန်းလည်း ခေါင်းညိတ်မိသွားသည်။ အကယ်၍ ယန်ရွှမ်ကဲ့သို့သော ကောင်မျိုးဆိုလျှင် ယင်းသို့သော ယုတ်ညံ့သည့် လုပ်ရပ်မျိုးကို အမှန်တကယ် လုပ်ဆောင်နိုင်ပေသည်။

“ကောင်းပါပြီ... အဲ့အရေးအတွက် မင်း စိုးရိမ်ပူပန်မနေပါနဲ့၊ ငါ အားလုံးကို အဆင်ပြေအောင် ဖြေရှင်းပေးပါ့မယ်” ချင်ယွမ်ဖုန်းက ပြုံးလျက် အာမခံလိုက်၏။

“အစ်ကိုကြီးချင်မှာ နည်းလမ်း ရှိလို့လားဟင်” လင်တုံးသည် အံ့အားသင့်သော မျက်နှာပေးဖြင့် မေးမြန်းလိုက်သည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြကာ “ငါ လုယွဲ့အင်ပါယာထဲမှာ သိတဲ့လူတွေ ရှိပါတယ်၊ သူတို့ကို ယန်မိသားစုဆီ သွားခိုင်းပြီး မင်းရဲ့ ဆွေမျိုးတွေကို ခေါ်ထုတ်လာခိုင်းလိုက်ရင် ရပါပြီ” ဟု ဆိုသည်။

“ဒါပေမဲ့ အခုချက်ချင်း အပြေးအလွှား သွားမယ်ဆိုရင်တောင် အချိန်အများကြီး ကြာမြင့်ဦးမှာပေါ့” လင်တုံးက ထောက်ပြရှာ၏။

သို့သော်လည်း ချင်ယွမ်ဖုန်းက ခေါင်းခါပြကာ “အဲ့လောက် အချိန်မကြာပါဘူး၊ စိတ်အေးအေးထားပါ၊ ငါ့မှာ ကိုယ်ပိုင် နည်းလမ်း ရှိပါတယ်” ဟု ဆိုလေသည်။

အဘယ်ကြောင့်ရယ်မသိ၊ ချင်ယွမ်ဖုန်း ယင်းသို့ ပြောဆိုသည်ကို ကြားရသောအခါ လင်တုံး၏ ရင်ထဲ၌ အလိုလို ယုံကြည်ကိုးစားစိတ်များ ဖြစ်ပေါ်လာရတော့၏။

“ဟုတ်ကဲ့ပါ အစ်ကိုကြီးချင်၊ အစ်ကိုကြီးကို ဒုက္ခပေးမိပြန်ပါပြီ၊ ညီမလေး အစ်ကိုကြီးကို ယုံကြည်ပါတယ်” လင်တုံးက လေးနက်စွာ ပြောဆိုလိုက်သည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလျက် “ကောင်းပါပြီ... ခေါက်ဆွဲကို ဆက်စားပါဦး” ဟု တိုက်တွန်းလိုက်၏။

ထိုညတွင် ချင်ယွမ်ဖုန်းသည် ဝိညာဉ်အဆောင်ပုံရိပ် တစ်ခုဖြစ်သော အဝေးရောက် နေရာပြောင်းအစီအရင်တစ်ခုကို လဲလှယ်ယူခဲ့ရပြီး ယင်းအတွက် သူ၏ ယုံကြည်မှုတန်ဖိုး ရမှတ်ပေါင်း ဆယ်သန်းမျှ ကုန်ကျသွားခဲ့သဖြင့် ရင်ထဲ၌ နှမြောတသ ဖြစ်ရပေသည်။

သို့သော်လည်း ချင်ယွမ်ဖုန်းသည် ရှန်းဝူ စကြဝဠာ တိုက်ကြီးတစ်ခုလုံး၏ နေရာအနှံ့အပြားတွင် ဤအဝေးရောက် နေရာပြောင်းအစီအရင်များကို တည်ဆောက်ထားလိုစိတ် ရှိနေသဖြင့် ကမ္ဘာ့နေရာအနှံ့အပြားသို့ ကူးသန်းသွားလာရသည်မှာ ပိုမိုလွယ်ကူ အဆင်ပြေစေမည် ဖြစ်သည်။

ထိုအဝေးရောက် နေရာပြောင်းအစီအရင် တည်ဆောက်ထားရှိမှုကိုမူ အလွန် လျှို့ဝှက်ထားသဖြင့် ချင်ယွမ်ဖုန်းမှလွဲ၍ မည်သူမျှ မသိရှိနိုင်ပေ။

ယင်းသည် အရေးကြုံလာပါက ချင်ယွမ်ဖုန်းအတွက် ဘေးအန္တရာယ်မှ ထွက်ပြေးလွတ်မြောက်နိုင်မည့် ထွက်ပေါက်တစ်ခုလည်း ဖြစ်လာနိုင်ပေသည်။

သူသည် အဝေးရောက် နေရာပြောင်းအစီအရင်ကို အသုံးပြု၍ ဆေးနတ်ဘုရားဂိုဏ်းသို့ ပြန်လည်ရောက်ရှိခဲ့ပြီး ထိုမှတစ်ဆင့် မြေနက်မြေသို့ အပြေးအလွှား ပြန်လာခဲ့လေသည်။

မြေနက်မြေပေါ်တွင် တည်ဆောက်ထားသော နေရာပြောင်းအစီအရင်သည် ကမ္ဘာဦး အပိုင်းအစ ကမ္ဘာငယ်လေးအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သဖြင့် ဤလောကကမ္ဘာသို့ တိုက်ရိုက် ဆက်သွယ်နိုင်ခြင်း မရှိတော့ပေ။

ချင်ယွမ်ဖုန်းသည် လင်ဇီအာနှင့် သူမ၏ လူများကို လိုက်လံရှာဖွေခဲ့ရာ၊ ယမမင်းအသင်းခွဲ၏ တာဝန်ခံအမျိုးသမီး ဖြစ်သူ ပိုင်ဖုန်းသည်လည်း မြေနက်မြေသို့ ရောက်ရှိနေသည်ကို တွေ့ရသည်။

သူမသည် ချင်ယွမ်ဖုန်းအပေါ် ကလဲ့စားချေရန်အတွက် ရောက်ရှိလာခြင်း ဖြစ်သော်လည်း ဤနေရာသို့ ရောက်ရှိလာပြီးနောက်တွင်မူ ဤနယ်မြေသည် ဝိညာဉ်ချီစွမ်းအင်များ အလွန် ကြွယ်ဝပြည့်စုံသဖြင့် ကျင့်ကြံခြင်းအတွက် အလွန်တရာ သင့်တော်လှကြောင်း တွေ့ရှိသွားခဲ့သည်။

ထို့ကြောင့် သူမသည် ဤနေရာ၌ ကျင့်ကြံအားထုတ်ရင်း ချင်ယွမ်ဖုန်းအား သတ်ဖြတ်နိုင်မည့် အခွင့်အရေးကို စောင့်ဆိုင်းရန် ဆုံးဖြတ်ထားခြင်း ဖြစ်ပေသည်။

“ဖုန်းအကို... ပြန်လာပြီလား”

ချင်ယွမ်ဖုန်းကို မြင်လိုက်ရသောအခါ ချင်ကျုံးသည် အပြေးအလွှား ရောက်ရှိလာခဲ့၏။

ချင်ယွမ်ဖုန်း ထျန်းတူး ပြည်နယ်မြို့တော်တွင် လုပ်ဆောင်ခဲ့သမျှသော အကြောင်းအရာများသည် ဤနေရာသို့ ပျံ့နှံ့ရောက်ရှိနေပြီ ဖြစ်သဖြင့် ချင်မိသားစုဝင် အားလုံးကို အလွန် စိတ်လှုပ်ရှား တက်ကြွစေခဲ့သည်။

“အင်း... ဟုတ်တယ်” ချင်ယွမ်ဖုန်းသည် ခေါင်းညိတ်ပြလိုက်ပြီး ချင်ကျုံး ဘာတွေးနေသည်ကို သိသဖြင့် “စိတ်မပူပါနဲ့၊ နောက်တစ်ကြိမ် ကလဲ့စားချေဖို့ သွားတဲ့အခါ မင်းတို့အားလုံးကို ခေါ်သွားပေးမယ်၊ ဒါပေမဲ့ မင်းတို့ဘက်ကလည်း ကျင့်စဉ်ကို ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်ထားကြရမယ်၊ ငါ့ကို ဝန်ထုပ်ဝန်ပိုးတော့ မဖြစ်စေနဲ့ပေါ့” ဟု ဆိုလိုက်သည်။

ချင်ကျုံးနှင့် အခြားသူများသည်လည်း လေးနက်တည်ကြည်စွာဖြင့် ခေါင်းများကို ညိတ်ပြကြလေ၏။

ထိုအချိန်တွင် ချင်နန်သည်လည်း လှမ်းလျှောက်လာခဲ့ပြီး ချင်ယွမ်ဖုန်းကို လေးနက်ကြည်ညိုစွာဖြင့် ကြည့်လျက် “ကျေးဇူးတင်ပါတယ် ယွမ်ဖုန်းရယ်၊ နင်ကြောင့်ပဲ သူတို့အားလုံး ကျင့်ကြံဖို့အတွက် စိတ်အားထက်သန်မှုတွေ ရရှိခဲ့ကြတာပါ” ဟု ပြောဆိုလာသည်။

“ဘာလို့ ဒီလောက် အားနာနေရတာလဲ အဒေါ်ရဲ့၊ ကျွန်တော်တို့အားလုံးက မိသားစုတွေပဲ ဥစ္စာ” ချင်ယွမ်ဖုန်းက ပြုံးလျက် ပြန်လည်ပြောဆိုလိုက်၏။

ချန်ဒါချောင်နှင့် ချန်ရှောင်ချောင် ညီအစ်မနှစ်ဦးသည်လည်း ပြေးလွှား ရောက်ရှိလာကြပြီး ချင်ယွမ်ဖုန်းကို မြင်ရသဖြင့် အလွန်တရာ ဝမ်းမြောက် တက်ကြွနေကြသည်။

“ဖုန်းအစ်ကို... ဟို အစ်မ ပိုင်ဖုန်းက အစ်ကို့ကို သတ်ပစ်မယ်လို့ ပြောနေတယ်” ဟု ချန်ရှောင်ချောင်က သတင်းပေးရှာသည်။

ချင်ယွမ်ဖုန်းက ပြုံးလျက် “သူမ ငါ့ကို သတ်နိုင်မယ့် အချိန်ကျမှပဲ ပြောကြတာပေါ့၊ ဒါပေမဲ့ သူမကို ဒီနေရာမှာ ကျင့်ကြံခွင့်ပေးထားတဲ့အတွက် အလုပ်တော့ လုပ်ခိုင်းရမယ်၊ ငါ့ကို သတ်ချင်နေတဲ့ မိန်းမကိုတော့ အလကား ထိုင်စား၊ အားနေခွင့် မပေးနိုင်ဘူး မဟုတ်လား” ဟု ဆိုလိုက်၏။

“နားလည်ပါပြီ ဖုန်းအစ်ကို”

ချန်ဒါချောင်သည် မျက်နှာတစ်ခုလုံး ပြုံးရွှင်နေလျက် ရှေ့သို့ လှမ်းတက်လာခဲ့သည်။

ရန်သူကို အလုပ်ကူလုပ်ခိုင်းသည့် နည်းလမ်းမျိုးကို သုံးစွဲသည်မှာ ချင်ယွမ်ဖုန်းသည် အမှန်ပင် ပထမဆုံးသောသူ ဖြစ်ပေလိမ့်မည်။

“ဒါပေမဲ့ အခု မြေနက်မြေထဲမှာ ကူညီပေးမယ့်လူတွေ အများကြီး ရှိနေပြီဆိုတော့ အစ်မ ပိုင်ဖုန်းလည်း အလုပ်မရှိဘဲ အားနေပြန်ပြီ အစ်ကိုရဲ့” ဟု သူမက ဆက်လက်တင်ပြရှာသည်။

“ကောင်းပြီလေ... အဲ့ဒါဆိုရင်တော့ ငါ သူမအတွက် လုပ်စရာ အလုပ်တစ်ခုခု သွားရှာပေးရတာပေါ့” ချင်ယွမ်ဖုန်းက ပြုံးလျက် ဆိုလိုက်၏။

ဤအချိန်ကား ညဉ့်နက်သန်းခေါင်ယံ အချိန် ဖြစ်သဖြင့် လူအားလုံးသည် မသေမျိုးနန်းတော်အတွင်း၌ ရှိနေကြပြီး ပိုင်ဖုန်းပင်လျှင် ရှိနေပေသည်။

သူမသည် မသေမျိုးနန်းတော်၏ ခမ်းနားထည်ဝါလှသော မြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ အံ့အားသင့်လွန်းသဖြင့် စကားပင် မဆိုနိုင်တော့ပေ။

သူမသည် ချင်ယွမ်ဖုန်းသည် မသေမျိုးနန်းတော်တစ်ခုကို ပိုင်ဆိုင်ရရှိထားခြင်း ဖြစ်သည်ဟုသာ ထင်မှတ်နေပြီး ယင်းသည် အမှန်စင်စစ် ကမ္ဘာဦး အပိုင်းအစ ကမ္ဘာငယ်လေးတစ်ခု ဖြစ်သည်ကိုမူ မသိရှိရှာပေ။

သို့သော် ဤမျှလောက် ခမ်းနားသော မသေမျိုးနန်းတော်ကို မြင်တွေ့ရရုံမျှဖြင့် ပိုင်ဖုန်းသည် မိမိကိုယ်မိမိ ပင်လယ်ဓားပြသင်္ဘောပေါ်သို့ တက်မိနေပြီ ဖြစ်ကြောင်းကို ကောင်းစွာ သဘောပေါက်လိုက်သည်။

အကယ်၍ သူမသာ ဤလျှို့ဝှက်ချက်ကို အပြင်သို့ ပေါက်ကြားအောင် ပြောဆိုမိပါက ချင်ယွမ်ဖုန်း၏ လိုက်လံသတ်ဖြတ်ခြင်းကို မုချဧကန် ခံရပေလိမ့်မည်။

ချင်ယွမ်ဖုန်းသည် သူမအား ဤနေရာသို့ လာခွင့်ပြုဝံ့သည်ဆိုကတည်းက ယင်းသို့သော အကြွင်းမဲ့ ယုံကြည်ချက်နှင့် အင်အား ရှိနေသောကြောင့်သာ ဖြစ်ပေလိမ့်မည်။

ပိုင်ဖုန်းအပြင် လျူရှာဂိုဏ်းဝင် အင်အား ငါးဆယ်ကျော်လည်း ရှိနေသေးပြီး သူတို့အားလုံးကို လင်ဇီအာက အပြင်ဘက်ရှိ ကုန်သည်ကြီးများအသင်းဝင်းအတွင်း၌ နေထိုင်ရန် စီစဥ်ပေးထားသည်။

လျူရှာဂိုဏ်း၏ ဂိုဏ်းချုပ် မိန်းမပျိုလေး ဖြစ်သူ ကူကူး တစ်ဦးတည်းကိုသာ မသေမျိုးနန်းတော်အတွင်း၌ နေထိုင်ရန် ဖိတ်ကြားထားခြင်း ဖြစ်ပေသည်။

ချင်ယွမ်ဖုန်း ပြန်လည်ရောက်ရှိလာသည့် သတင်းကို ကြားရသောအခါ ကူကူးသည်လည်း အခန်းပြင်သို့ အပြေးအလွှား ထွက်လာခဲ့သည်။

ကူကူးအတွက်မူ ချင်ယွမ်ဖုန်းအပေါ် ကြည်ညိုလေးစားမိသော စိတ်အစုံသည် လှိုင်းတံပိုးထန်သော မြစ်ရေပြင်ကြီးကဲ့သို့ အဆုံးအစမရှိ ပြင်းထန်လှပေသည်။

ယခုအချိန်တွင် မြေနက်မြေသည် တစ်နေ့ထက်တစ်နေ့ ပိုမို အင်အားတောင့်တင်း ကြီးမားလာနေသဖြင့် ချင်ယွမ်ဖုန်းသည်လည်း လွန်စွာ ကျေနပ် အားရမိပေသည်။

ဤမျှလောက်သော အချိန်တိုအတွင်း၌ ပဉ္စမအဆင့် မဟာဆရာ နှစ်ဦးဖြစ်သည့် လင်ဇီအာနှင့် ကူကူး၊ ထို့အပြင် ပထမအဆင့် ဘိုးဘေးနယ်ပယ် ကျင့်ကြံသူ ပိုင်ဖုန်းတို့ကဲ့သို့သော ထူးချွန်ထက်မြက်သူများကို စုစည်းကာ အုပ်ချုပ်ကွပ်ကဲနိုင်ခဲ့ပြီ ဖြစ်ပေရာ မြေနက်မြေ၏ အနာဂတ်သည် အလွန်တရာ တောက်ပလှပေတော့သည်။

All Chapters