← Chapters

အခန်း ၅၉၂

Vol. 30 Ch. 592

အခန်း ၅၉၂

Vol. 30 Ch. 592

အခန်း (၅၉၂) စိန်ခေါ်ပွဲ

ထိုဝါရင့်သိုင်းပညာရှင်ကြီးများသည် မြူနှင်းဂိုဏ်း၏ ဂိုဏ်းကြီးကြပ်သူ အကြီးအကဲများ ဖြစ်တန်ရာချေသည်၊၊ ဤစိန်ခေါ်ပွဲကို မြူနှင်းဂိုဏ်းက ဤမျှအလေးအနက်ထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ၊၊

ယင်းက ထိုသူတို့၏မျက်စိထဲတွင် ချင်ဝူယန်းသည် မည်မျှအရေးပါသည်ကို ထင်ဟပ်နေပေရာသည်။

မဟာအကြီးအကဲ ကိုးဦးနှင့် မုန့်ချီလော့တို့အပြင် ကျန်ရှိနေသူများမှာမူ ချင်ဝူယန်းအား လာရောက်အားပေးကြသည့် မြူနှင်းဂိုဏ်း၏ တပည့်များသာ ဖြစ်ကြချေသည်။

မြူနှင်းဂိုဏ်းမှ လူပေါင်းငါးဆယ်တို့သည် မိုးကုတ်စက်ဝိုင်းဆီမှ ပျံသန်းလာခဲ့ကြပြီး ချင်ယွမ်ဖုန်း၏ ရှေ့မှောက်သို့ ဖြည်းညှင်းစွာ သက်ဆင်းလာကြကုန်သည်။

အင်အားတောင့်တင်းလှသော အားပေးမည့်သူများအုပ်စုနှင့် တစ်ကိုယ်တည်းရပ်တည်နေသော ချင်ယွမ်ဖုန်းတို့သည် သိသာထင်ရှားလှစွာ ကွဲပြားခြားနားနေတော့သည်။

ချင်ယွမ်ဖုန်းသည် မျက်တောင်ကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး မတ်တပ်ရပ်လိုက်ချေသည်၊၊ ယခုအချိန်တွင် သူ၏ အရှိန်အဝါသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ သူ၏ခြေဖဝါးအောက်ရှိ မြေပြင်ပင်လျှင် ထိုအရှိန်အဝါကို မတောင့်ခံနိုင်တော့ဘဲ တိတ်တဆိတ် ကွဲအက်သွားရလေသည်။

ဖုမိုချိုးသည် ချင်ယွမ်ဖုန်းအား တစ်ချက်မျှ ကြည့်လိုက်မိပြီး အနည်းငယ် အံ့အားသင့်သွားရချေသည်၊၊

ယခုအခိုက်အတန့်တွင် ချင်ယွမ်ဖုန်းအား ကြည့်ရသည်မှာ ထက်မြက်လှသော ဓားသွားတစ်လက်ကို ကြည့်နေရသကဲ့သို့ ရှိပြီး သူမ၏ မျက်လုံးများပင် ပြတ်ရှလုမတတ် ခံစားလိုက်ရသောကြောင့် ဖြစ်ပေသည်။

“ချင်ဝူယန်း၊ မင်း နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလိုက်သည်။

ချင်ဝူယန်းသည် လွန်ခဲ့သော သုံးနှစ်ကထက် များစွာ ရင့်ကျက်လာခဲ့ပြီ ဖြစ်သည်၊၊

ဤသုံးနှစ်တာကာလအတွင်း ချင်ဝူယန်းသည် အချိန်နိယာမ လျှို့ဝှက်နယ်ပယ်ထဲတွင် အချိန်အများစုကို ကုန်လွန်စေခဲ့သည်ဖြစ်ရာ သူမ၏အမြင်အရ အနည်းဆုံး အနှစ်နှစ်ဆယ်မျှ ကုန်လွန်သွားခဲ့ပြီ ဟု ဆိုရပေမည်။

ထူးခြားသော ခန္ဓာကိုယ်ပိုင်ရှင်များသည် ယေဘုယျအားဖြင့် ထူးချွန်ထက်မြက်လှသော ကျင့်ကြံခြင်း ပါရမီ အရည်အချင်း ရှိခဲလှရာ ချင်ဝူယန်းသည်လည်း ကင်းလွတ်ခွင့်မရခဲ့ပေ၊၊

သူမ၏ ကျင့်ကြံခြင်း ပါရမီသည် အလွန်အမင်း ထူးကဲမနေသော်လည်း သာမန်ထက်မူ ပိုမိုမြင့်မားလှပေသည်။

အနှစ်နှစ်ဆယ်အတွင်း ချင်ဝူယန်း၏ အင်အားသည်လည်း လျင်မြန်စွာ တိုးတက်လာခဲ့ချေပြီ၊၊

သူမသည် ယခုအခါ ဆဋ္ဌမအဆင့် ဘိုးဘေးနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ အပြင်လောကတွင် ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ် ဖြစ်ရန်ပင် လုံလောက်နေပြီ ဖြစ်သည်။

ယခုအခိုက်အတန့်တွင် သူမ၏ ထက်မြက်မှုများမှာ ငြိမ်သက်နေပြီး ယခင်ကကဲ့သို့ ရန်လိုသောအသွင်မျိုး လုံးဝမရှိတော့ပေ၊၊ သူမ၏ မျက်နှာသည် အလွန်အမင်း အေးစက်နေပြီး အရာခပ်သိမ်းကို ဂရုမစိုက်သကဲ့သို့ မှတ်ယူထားပုံရသည်။

“မင်းက ငါ့ကို မယှဉ်နိုင်ပါဘူး၊ ငါ့လက်ချက်နဲ့ သေရမှာကို မကြောက်ဘူးလား” ချင်ဝူယန်းက အေးစက်စွာ ပြောဆိုလိုက်သည်။

ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီး “ငါက မင်းကို ယှဉ်နိုင်မလား ဆိုတာကတော့ စမ်းကြည့်ပြီးမှပဲ သိရမှာပေါ့” ဟု ဆိုလေသည်။

ချင်ဝူယန်းက ခေါင်းညိတ်လိုက်ပြီး “မူလက ငါ မလာချင်ခဲ့ဘူး၊ ငါ့အမြင်မှာတော့ ဒီစိန်ခေါ်ပွဲက ရယ်စရာ ပြက်လုံးတစ်ခုလိုပဲ၊ ဒါပေမဲ့ လောကီရေးရာ အာဃာတနှောင်ကြိုးတွေကို ဖြတ်တောက်ပြီးမှသာ ငါက ကောင်းကင်ဘုံလမ်းစဉ်ကို မြင်တွေ့နိုင်ပြီး နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်တယ်” ဟု ပြောသည်။

ထိုစကားကို ကြားရသောအခါ ချင်ယွမ်ဖုန်းသည် သက်ပြင်းချရင်း မတတ်သာဘဲ ပြုံးလိုက်မိတော့သည်။

“နှလုံးသားမဲ့ခြင်းက နတ်ဘုရားအဆင့်ကို တက်လှမ်းဖို့ လမ်းစဉ်မဟုတ်ပါဘူး”

“မင်းလို လူသားတစ်ယောက်ကို အများကြီး ပြောနေလည်း အပိုပါပဲ၊ ငါ ဒီပြက်လုံးကို မြန်မြန်ပဲ အဆုံးသတ်လိုက်တော့မယ်”

ချင်ဝူယန်းက အေးစက်စွာ ပြောဆိုလိုက်ချေသည်။

ဖုမိုချိုးသည် မြူနှင်းဂိုဏ်းမှ လူများကို ဦးဆောင်၍ ထိုနေရာနှင့် ဝေးရာသို့ ရှောင်ကွင်းသွားခဲ့သည်၊၊

မုန့်ချီလော့သည် ထွက်ခွာသွားစဉ် ချင်ယွမ်ဖုန်းအား တစ်ချက်မျှ လှမ်းကြည့်လိုက်ရာ သူမ၏ မျက်ဝန်းထဲတွင် နက်ရှိုင်းသော မတတ်သာမှုများ ပြည့်နှက်နေလေသည်။

စိန်ခေါ်ပွဲသည် နောက်ဆုံးတွင် စတင်ခဲ့ပြီ ဖြစ်သည်။

ကျောက်တောင်ကရံ၏ ဝဲယာနှစ်ဖက်ရှိ ကြည့်ရှုသူများသည် ချိုင့်ဝှမ်းအတွင်း မည်သို့ဖြစ်ပျက်နေသည်ကို ရှင်းလင်းစွာ မမြင်ရသော်လည်း ဟင်းလင်းပြင်ဆိုင်ရာ စွမ်းအားနယ်ပယ်ထဲတွင် ကြီးမားလှသော အရှိန်အဝါ နှစ်ခု ထိပ်တိုက်တွေ့ဆုံနေသည်ကိုမူ ခံစားသိရှိနိုင်ကြပေသည်။

လူအများစုသည် ချင်ယွမ်ဖုန်းနှင့် စိမ်းသက်မနေကြပေ၊၊ သူ ကျော်ကြားလာသည့် အချိန်မှစ၍ ဤလူငယ်လေး ပြုလုပ်ခဲ့သမျှ အရာရာတိုင်းသည် ပြောစမှတ်ပြုစရာ အကြောင်းအရာများ ဖြစ်လာခဲ့ပြီး သူသည် ရှန်းဝူ စကြဝဠာ တိုက်ကြီး၏ အနာဂတ်မဏ္ဍိုင်တစ်ခု ဖြစ်လာလိမ့်မည်ဟု ထင်ရှားစွာ မြင်တွေ့နေရသည် မဟုတ်လေ။

ထို့အပြင် သူနှင့် ချင်ဝူယန်းတို့အကြား ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများသည်လည်း ထမင်းစားရေသောက် ပြောစရာ စကားဝိုင်းများ ဖြစ်ခဲ့ရသည်။

ထိုနှစ်ယောက်သည် ချင်မိသားစုတစ်ခုတည်းမှ ဆင်းသက်လာသူများ ဖြစ်ကြသော်လည်း ချင်ဝူယန်း၏ မနာလိုဝန်တိုမှုကြောင့် ရန်သူများ ဖြစ်လာခဲ့ကြပြီး ဤသုံးနှစ်တာ ကတိကဝတ် ဖြစ်ပေါ်လာရခြင်း ဖြစ်ပေသည်။

လူအများစုသည် ချင်ယွမ်ဖုန်းအား အရာခပ်သိမ်း ဆုံးရှုံးခဲ့ရပြီးနောက်တွင် အစမှ ပြန်လည်စတင်ခဲ့ပြီး ထူးခြားသော ခန္ဓာကိုယ် နိုးထမှုရှိထားသည့် ချင်ဝူယန်းနှင့် စိန်ခေါ်ပွဲကို လက်ခံဝံ့သည့် သတ္တိရှိသောကြောင့် စစ်မှန်သော ယောက်ျားကောင်းတစ်ယောက်အဖြစ် ချီးကျူး အားကျနေကြသည်။

သို့သော်လည်း မြူနှင်းဂိုဏ်း၏ အမြင်တွင်မူ ချင်ယွမ်ဖုန်းသည် လူပြက်တစ်ယောက်မျှသာ ဖြစ်ချေသည်၊၊

ယခုအခိုက်အတန့်တွင် မုန့်ချီလော့နှင့် ကူရှီချိူးတို့မှလွဲ၍ ကျန်ရှိနေသူ အားလုံးသည် ချင်ယွမ်ဖုန်းအား အထင်သေးလှောင်ပြောင်သော မျက်လုံးများဖြင့် ကြည့်ရှုနေကြကုန်သည်။

လူပြက်တစ်ယောက်က သူတို့ မြူနှင်းဂိုဏ်း၏ အချစ်တော်သမီးပျိုကို စိန်ခေါ်ဝံ့နေသည်မှာ မိမိကိုယ်ကိုယ် အထင်ကြီးလွန်းခြင်း မဟုတ်လျှင် မည်သို့ဖြစ်နိုင်မည်နည်း။

သို့သော်လည်း ဖုမိုချိုး၏ မျက်နှာတွင်မူ ဝမ်းမြောက်ခြင်း အရိပ်အယောင်မျှ မရှိပေ၊၊ အဘယ်ကြောင့်ဆိုသော် သူမ၏ အာဃာတများကို ဖယ်ရှား၍ ကြည့်မည်ဆိုလျှင် ချင်ယွမ်ဖုန်းသည် ဤသုံးနှစ်တာအတွင်း အစကနေ ပြန်လည်ကျင့်ကြံခဲ့ရပြီး ဤကဲ့သို့သော နယ်ပယ်အထိ ရောက်ရှိလာခဲ့သည်ကို သူမ ဝန်ခံရမည်ဖြစ်သောကြောင့် ဖြစ်သည်။

ထို့အပြင် ထိုထိတ်လန့်ဖွယ်ရာ အရှိန်အဝါသည် သာမန် စတုတ္ထအဆင့် ဘိုးဘေးနယ်ပယ် ကျင့်ကြံသူတစ်ဦး ထုတ်လွှတ်နိုင်သည့် အရာမျိုး လုံးဝမဟုတ်ပေ။

ကွင်းပြင်အတွင်း တင်းမာမှုများ အထွတ်အထိပ်သို့ ရောက်ရှိနေစဉ်မှာပင် လူနှစ်ယောက်သည် တိတ်တဆိတ် ရောက်ရှိလာခဲ့ကြချေသည်။

“ချင်လေး၊ ငါ မင်းကို အားပေးဖို့ ရောက်လာပြီ”

အသံတစ်ခု ထွက်ပေါ်လာပြီး ကျိုးထုံသည် လူတိုင်း၏ ရှေ့မှောက်တွင် ပေါ်လာခဲ့သည်။

ချင်ယွမ်ဖုန်းသည် အနည်းငယ် အံ့အားသင့်သွားရသည်၊၊ သူသည် လာရောက်အားပေးလိုကြသည့် လူတိုင်းကို ဤအရာသည် သူနှင့် ချင်ဝူယန်းတို့အကြား ကိုယ်ရေးကိုယ်တာ ရန်ငြိုးသာ ဖြစ်ပြီး ဤမျှ ကြီးကျယ်ခမ်းနားသော အခမ်းအနားမျိုး မလိုအပ်ကြောင်း ပြောဆိုကာ တားမြစ်ခဲ့သောကြောင့် ဖြစ်ပေသည်။

သို့သော် မမျှော်လင့်ဘဲ ကျိုးထုံသည် ဤကိစ္စကို မှတ်မိနေဆဲဖြစ်ပြီး စိန်ခေါ်ပွဲနေ့တွင် အပြေးအလွှား ရောက်ရှိလာခဲ့ရာ သူ၏ စစ်မှန်သော စေတနာကို ဖော်ပြနေပေသည်။

ထို့အပြင် ကောင်းကင်ဘုံမျှော်စင်၏ ဂိုဏ်းချုပ် ထျန်းချင်းသည်လည်း ကျိုးထုံနှင့်အတူ ရောက်ရှိလာခဲ့ပြီး ချင်ယွမ်ဖုန်းအား ပြုံးပြနေလေသည်။

ကျိုးထုံ၏ ကျင့်ကြံခြင်းအဆင့်သည် ယခုအခါ နဝမအဆင့် ဘိုးဘေးနယ်ပယ်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်၊၊ သူ၏ ယခင်အင်အားအပြည့်အဝကို မမီသေးသော်လည်း ဤတိုက်ကြီးတွင် လှည့်လည်သွားလာရန်အတွက်မူ လုံလောက်လှပေသည်။

ချင်ယွမ်ဖုန်းသည် စကားမဆိုဘဲ ထိုသူတို့အား ခေါင်းညိတ်ပြလိုက်သည်။

“ဟေ့၊ မင်းတို့ အဘွားအိုတွေက ငါ့ညီလေးမှာ လူမရှိဘူးဆိုပြီး အနိုင်ကျင့်ချင်နေတာလား၊ ငါ ဒီမှာ ရှိနေသရွေ့တော့ မင်းတို့တွေ ဒီစိန်ခေါ်ပွဲကို ဝင်ရောက်စွက်ဖက်နိုင်မှာ မဟုတ်ဘူးလို့ ပြောလိုက်မယ်၊ မင်းတို့မှာ လူများရုံနဲ့ သိပ်ပြီး ဆရာကြီးလုပ်မနေနဲ့”

ကျိုးထုံသည် လက်ပိုက်ရပ်လျက် မည်သူ့ကိုမျှ ဂရုမစိုက်သောအသွင်ဖြင့် ပြောဆိုလိုက်သည်။

ဖုမိုချိုး၏ မျက်နှာသည် အေးစက်သွားပြီး “ကျိုးအိုကြီး၊ မင်း သေတာ ကြာပြီလို့ ငါ ထင်နေတာ၊ မင်း အသက်ရှင်နေသေးလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး” ဟု ဆိုသည်။

“ဟဲဟဲ၊ မင်းလို မိန်းမအိုကြီး သေပြီးရင်တောင် ငါက သေဦးမှာ မဟုတ်ဘူး” ကျိုးထုံက လှောင်ပြောင်လိုက်ရာ သူတို့နှစ်ဦးသည် ယခင်ကတည်းက သိကျွမ်းခဲ့ကြပုံရပေသည်။

အဆုံးတွင်တော့ သူတို့သည် မျိုးဆက်တစ်ခုတည်းမှ သန်မာသော ပုဂ္ဂိုလ်များ ဖြစ်ကြသဖြင့် ကိုယ်တိုင်ကိုယ်ကျ မသိကျွမ်းကြလျှင်ပင် တစ်ယောက်အကြောင်းတစ်ယောက် အနည်းနှင့်အအေး ကြားဖူးကြပေလိမ့်မည်။

ယခုအခိုက်အတန့်တွင် ချိုင့်ဝှမ်းအတွင်းရှိ လေထုသည် အထွတ်အထိပ်အထိ လေးလံထုထည် ရှိနေပြီး အချိန်မရွေး ပေါက်ကွဲသွားနိုင်သည့် ယမ်းပုံကြီးတစ်ခုကဲ့သို့ ရှိနေတော့သည်။

ချင်ယွမ်ဖုန်းသည် သုံးနှစ်တိုင်တိုင် စောင့်ဆိုင်းခဲ့ရပြီး အရာခပ်သိမ်းသည် ယခုအခိုက်အတန့်တွင် နောက်ဆုံး၌ ပေါက်ကွဲထွက်ပေါ်လာခဲ့ချေပြီ။

ချင်ဝူယန်း၏ လက်ထဲတွင် အလင်းတန်းတစ်ခု လင်းလက်သွားပြီး ဓားရှည်တစ်လက် ပေါ်ထွက်လာခဲ့သည်၊၊ ထိုဓားရှည်ပေါ်တွင် မီးလျှံများကို ဖြတ်သန်းပျံသန်းနေသည့် ဖီးနစ်ငှက်တစ်ကောင်ကို ထုဆစ်ထားပေသည်။

“ဒီဓားရဲ့အမည်က မီးလျှံဖီးနစ်လို့ ခေါ်တယ်၊ မြူနှင်းဂိုဏ်းက ငါ့အတွက် အထူး ရှာဖွေပေးထားတဲ့ ရတနာလက်နက်ပဲ ဖြစ်တယ်...”

ချင်ဝူယန်း၏ စကားပင် မဆုံးသေးမီမှာပင် ချင်ယွမ်ဖုန်းသည် ရုတ်တရက် ရှေ့သို့ အပြင်းအထန် ပြေးဝင်သွားခဲ့ရာ ပြင်းထန်လှသော မုန်တိုင်းကဲ့သို့ ကြီးမားလှသော အရှိန်အဝါသည် ချင်ဝူယန်းထံသို့ ရူးသွပ်စွာ လှိုင်းထလာတော့သည်။

နဂါးကျောရိုးဓားမကြီးသည် ချင်ယွမ်ဖုန်း၏ လက်ထဲတွင် အေးစက်စွာ လင်းလက်နေပြီး ၎င်း၏ ဓားဖျားသည် မြေပြင်သို့ စောင်းလျက် ညွှန်ပြနေချေသည်၊၊

ကြီးမားလှသော ကိုယ်တွင်းစွမ်းအင်များကို ထိုဓားမကြီးထဲသို့ ထည့်သွင်းလိုက်ရာ ကိုယ်ရံစွမ်းအင်တစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာပြီး ချင်ယွမ်ဖုန်း၏ ရှေ့တွင် စစ်မှန်သော နဂါးပုံရိပ်တစ်ခုအဖြစ် စုစည်းသွားကာ ချင်ဝူယန်းထံသို့ ဟိန်းဟောက်ရင်း ပြေးဝင်သွားတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ချင်ယွမ်ဖုန်းသည် သူ၏ တိုက်ခိုက်မှုကို စတင်လိုက်ပြီ ဖြစ်သည်။

ကြီးမားလှသော ဝိညာဉ်စွမ်းအားသည် ပျံ့နှံ့သွားပြီး ကိုက်ငါးထောင်ပတ်လည်အတွင်း လွှမ်းခြုံသွားခဲ့သည်၊၊

ချင်ဝူယန်း မည်သည့်အရာကို ပြုလုပ်ရန် ပြင်ဆင်နေသည်ဖြစ်စေ ချင်ယွမ်ဖုန်း၏ မျက်စိအောက်တွင် ထင်ရှားစွာ ပေါ်လွင်နေတော့မည် ဖြစ်သည်။

“ဒါက... ဝိညာဉ်စွမ်းအားလား” နဝမအဆင့် ဘိုးဘေးနယ်ပယ် ဖြစ်သည့်အတိုင်း ဖုမိုချိုးသည် ချင်ယွမ်ဖုန်း၏ ကြီးမားလှသော ဝိညာဉ်စွမ်းအားကို ချက်ချင်း ခံစားမိလိုက်ပြီး ထိုအရာက သူမ၏ ဝိညာဉ်စွမ်းအားထက်ပင် ပိုမိုသန်မာနေသည်ကို သိရှိသွားရသည်။

“ဟဲဟဲ၊ မိန်းမအိုကြီး၊ ငါ့ညီလေးရဲ့ ဝိညာဉ်စွမ်းအားက မဆိုးဘူး မဟုတ်လား” ကျိုးထုံက ဂုဏ်ယူစွာ ပြောဆိုလိုက်သည်။

“ဟွန်း” ဖုမိုချိုးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး “ဒီလို ဝိညာဉ်စွမ်းအားမျိုးက ဘာအသုံးကျမှာလဲ၊ အင်အားကသာ အရေးကြီးဆုံးပဲ” ဟု ဆိုလေသည်။

စစ်မှန်သော နဂါးပုံရိပ်သည် ရှေ့သို့ တိုးဝင်သွားစဉ် မြေပြင်တစ်ခုလုံး ကွဲအက်သွားရတော့သည်၊၊ ချင်ဝူယန်း၏ လက်ထဲရှိ ဓားရှည်သည် အေးစက်သော အလင်းတန်းကို ထုတ်လွှတ်လိုက်ပြီး တောက်လောင်နေသော နီရဲသည့် ကိုယ်တွင်းစွမ်းအင်များက ၎င်း၏ ပတ်လည်တွင် ဝဲပျံနေသဖြင့် ပတ်ဝန်းကျင်၏ အပူချိန်သည်လည်း ပြင်းထန်စွာ မြင့်တက်လာခဲ့ရတော့သည်။

All Chapters