← Chapters

အခန်း ၅၉၅

Vol. 30 Ch. 595

အခန်း ၅၉၅

Vol. 30 Ch. 595

အခန်း (၅၉၅) ဖီးနစ်ငှက်၏ ပျက်သုဉ်းခြင်း

စစ်မှန်သော နဂါးပုံရိပ်ကြီး၏ အတွင်း၌မူ သောင်းကျန်းလှုပ်ရှားနေသော ကိုယ်တွင်းစွမ်းအင်များ ပြည့်နှက်နေချေသည်။

မီးလျှံများက ချင်ဝူယန်းအား ဆေးဖော်စပ်သည့်အလား အကြွင်းမဲ့ ဝါးမြိုထားပြီး ရွှေရောင်မိုးကြိုးလျှပ်စီးများကလည်း သူမ၏ ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ် ကျရောက်ပေါက်ကွဲနေတော့သည်။

ယင်းတင်မကသေးဘဲ ချင်ဝူယန်း အမုန်းတီးဆုံးဖြစ်သော ရေခဲစွမ်းအင်များကပါ ချဉ်းကပ်တိုက်ခိုက်လာရာ စစ်မှန်သော နဂါးပုံရိပ်ကြီး၏ နယ်ပယ်အတွင်း၌ ဓာတ်စွမ်းအင်ပေါင်းစုံတို့က သူမအား ဦးတည်ချက်မရှိ ပြင်းထန်စွာ ထိုးနှက်နေကြပြီ ဖြစ်သည်။

နောက်ဆုံးတွင်မူ ထိုစစ်မှန်သော နဂါးပုံရိပ်ကြီးသည် ကောင်းကင်ထက်၌ အုန်းခနဲ ပြင်းထန်စွာ ပေါက်ကွဲသွားပြီး ပေါက်ကွဲမှု၏ နောက်ဆက်တွဲ ရိုက်ခတ်မှုလှိုင်းများသည် ပတ်ဝန်းကျင်သို့ ဝုန်းကနဲ ပြန့်နှံ့သွားတော့သည်။

ထိုနေရာနှင့် ကိုက်ရာချီ ဝေးကွာသော အရပ်တွင် ရပ်ကြည့်နေကြသည့် ကျိုးထုံနှင့် အခြားသူများပင်လျှင် ယင်းပေါက်ကွဲမှုဒဏ်မှ မလွတ်မြောက်ဘဲ ကိုယ်ဟန်ပျက်မတတ် တုန်လှုပ်သွားကြရချေသည်။

ဖုမိုချိုးသည် တိုက်ပွဲကွင်းပြင် အလယ်ရှိ ချင်ယွမ်ဖုန်းအား ခက်ထန်လှသော မျက်နှာပေးဖြင့် စိုက်ကြည့်နေမိသည်။

ဆေးနတ်ဘုရားဂိုဏ်း၏ အောက်ခြေ ဝေယျာဝစ္စတပည့်မျှသာ ဖြစ်သော၊ ချင်မိသားစု၏ သာမန်မျိုးဆက် သွေးသစ်ကလေးတစ်ယောက်က ယခုကဲ့သို့ ကြီးမားလှသော စွမ်းအားကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့ပေ။

ထိုသူငယ်အား ဆက်လက်၍ ကြီးထွားရှင်သန်ခွင့် ပေးလိုက်မည်ဆိုပါက နောင်တစ်ချိန်တွင် အန္တရာယ်ကြီးမားလှသော ကပ်ဘေးတစ်ခု ဖြစ်လာပေလိမ့်မည်။

“ဒီကလေးကို ဒီနေ့ ဒီနေရာမှာတင် အသက်ပျောက်စေရမယ်” ဟု ဖုမိုချိုးက စိတ်ထဲမှ နေ၍ အေးစက်စွာ ကြံစည်လိုက်တော့သည်။

ချင်ယွမ်ဖုန်းကမူ ဖုမိုချိုးတစ်ယောက် မိမိအပေါ် သတ်ဖြတ်လိုသော အာဃာတစိတ်များ ပြင်းထန်နေသည်ကို အံ့ဩစရာကောင်းလောက်အောင်ပင် သတိမထားမိချေ။

ယခုအချိန်တွင် သူ၏ မျက်လုံးထဲ၌ ချင်ဝူယန်း တစ်ယောက်တည်းသာ ရှိနေပေသည်။

ပြင်းထန်လှသော ပေါက်ကွဲမှုကြီး၏ ကြားမှ ချင်ဝူယန်းသည် လေထဲသို့ ဖြည်းညှင်းစွာ ပျံသန်းထွက်ပေါ်လာသော်လည်း ယခုအခါတွင်မူ သူမ၏ ပုံပန်းသဏ္ဌာန်က အတော်လေး ဖရိုဖရဲ ဖြစ်နေချေပြီ။

စောစောက ပေါက်ကွဲမှုနှင့် စွမ်းအင်တိုက်ခိုက်မှုများက သူမအား အကြီးအကျယ် နာကျင်ထိခိုက်စေခဲ့သည်မှာ ထင်ရှားလှပေသည်။

သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ နီရဲတောက်ပနေသော မီးလျှံဖီးနစ် ဓားရှည်နှင့် လိုက်ဖက်လှသည့် ချပ်ဝတ်တန်ဆာမှာလည်း နေရာအနှံ့အပြားတွင် ပျက်စီးယိုယွင်းနေပြီး ပျက်စီးသွားသော အစိတ်အပိုင်းများသည် ဖြည်းညှင်းစွာ ပြန်လည်ပြင်ဆင်နေကြချေသည်။

ဓားရှည်သွားတစ်လျှောက် သွေးစက်များ တစက်စက် ကျဆင်းနေသည်ကို ကြည့်ခြင်းဖြင့် ချပ်ဝတ်တန်ဆာ အတွင်းရှိ ခန္ဓာကိုယ်လည်း ဒဏ်ရာရရှိသွားကြောင်း သိသာလှပေသည်။

ချင်ဝူယန်း၏ မျက်နှာပြင်သည် ဒေါသကြောင့် ကြောက်မက်ဖွယ်ရာ သဏ္ဌာန်သို့ ပြောင်းလဲသွားပြီး ချင်ယွမ်ဖုန်းအား နာကျည်းမှု အပြည့်ဖြင့် စိုက်ကြည့်ကာ အံကြိတ်၍ အော်ဟစ်လိုက်တော့သည်။

“ချင်ယွမ်ဖုန်း၊ နင့်ကို ငါ မရရအောင် သတ်ပစ်မယ်”

ချင်ဝူယန်း၏ ခန္ဓာကိုယ်ပေါ်ရှိ ကိုယ်တွင်းစွမ်းအင်များက ပြန်လည်စုစည်းလာပြီး ကောင်းကင်ယံမှ ကျဆင်းလာသော ဥက္ကာခဲတစ်ခုအလား အရှိန်အဟုန်ဖြင့် ပြန်လည်ထိုးဆင်းလာချေသည်။

သို့သော်လည်း ဤအခြေအနေသည် ချင်ယွမ်ဖုန်း အလိုရှိနေသည့် အကွက်အတိုင်းပင် ဖြစ်၏။

ချင်ယွမ်ဖုန်းသည် ကျင့်စဉ်အဆင့်အရ ချင်ဝူယန်း၏ နောက်တစ်ဆင့်တွင် ရှိနေသော်လည်း သူ၏ အားသာချက်မှာ ကြံ့ခိုင်လွန်းလှသော ခန္ဓာကိုယ်စွမ်းအား ဖြစ်ပေရာ ချင်ဝူယန်းနှင့် အနီးကပ် တိုက်ပွဲဝင်ရခြင်းက သူ၏ အပိုင်ကွက် ဖြစ်နေချေသည်။

ရိပ်ခနဲ လှုပ်ရှားသွားသော ပုံရိပ်နှစ်ခုသည် ပြင်းထန်စွာ ရိုက်ခတ်မိသွားပြီး မျက်တောင်တပြတ်အတွင်း၌ပင် တိုက်ကွက်ပေါင်း တစ်ဒါဇင်ကျော် အပြန်အလှန် လဲလှယ်လိုက်ကြသည်။

နီရဲသော ဓားရှည်နှင့် ခရမ်းရောင် နဂါးကျောရိုးဓားမကြီးတို့သည် အဆက်မပြတ် ထိခိုက်မိနေကြပြီး လွင့်စင်ထွက်လာသော ဓားအလင်းတန်းများသည် ပတ်ဝန်းကျင် အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲကာ ကြောက်မက်ဖွယ်ရာ မြေပြင်အက်ကွဲကြောင်းကြီးများကို ဖြစ်ပေါ်စေတော့သည်။

ထိုမျှမကသေးဘဲ မိုင်ပေါင်းများစွာ ဝေးကွာသော အရပ်ရှိ ကျောက်တောင်နံရံများပေါ်တွင်ပင် နက်ရှိုင်းလှသော ဓားရာကြီးများ ထင်ကျန်ရစ်ချေသည်။

နီရဲသော မီးလျှံများနှင့် ခရမ်းရောင် မီးလျှံများက အပြန်အလှန် ရောယှက်နေကြပြီး ပေါက်ကွဲထွက်လာသော ကိုယ်တွင်းစွမ်းအင်များနှင့် စူးရှလှသော အအေးဓာတ် အလင်းတန်းများသည် အဆက်မပြတ် လက်လှုပ်နေကာ ၎င်းတို့၏ တိုက်ခိုက်မှု အရှိန်အဟုန်သည် ပိုမိုမြန်ဆန်၍ ရူးသွပ်လာချေပြီ။

၄င်းတို့၏ ပတ်ပတ်လည်တွင် လေဆင်နှာမောင်းတစ်ခုပင် ဖြစ်ပေါ်လာပြီး လူနှစ်ဦးအား လွှမ်းခြုံထားတော့သည်။ ထို့ပြင် ပတ်ဝန်းကျင် ဟင်းလင်းပြင် ထဲ၌လည်း အမှောင်ထု အက်ကွဲကြောင်းငယ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ချက်ချင်းဆိုသလို ပြန်လည်စေ့ပိတ်သွားကြချေသည်။

ဤသည်ကား ၎င်းတို့၏ တိုက်ခိုက်မှုများကြောင့် စုတ်ပြဲသွားရသော ဟင်းလင်းပြင်ဆိုင်ရာ အက်ကွဲကြောင်းများ ဖြစ်ပေရာ ယခုအချိန်တွင် ၎င်းတို့ အပြန်အလှန် ထိုးနှက်နေသော စွမ်းအားများသည် ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ လက်ချက်နှင့်ပင် ရင်ဘောင်တန်းနိုင်နေပြီ ဖြစ်သည်။

ဘေးမှ ရပ်ကြည့်နေကြသော ကျိုးထုံနှင့် မြူနှင်းဂိုဏ်းသားများ ဖြစ်စေ၊ ကျောက်တောင်နံရံ တစ်ဖက်တစ်ချက်စီမှ စောင့်ကြည့်နေကြသော အခြားသူများဖြစ်စေ ယခုအခါတွင်မူ အသက်ရှူရန်ပင် မေ့လျော့နေကြချေပြီ။

သူတို့အားလုံးသည် ဤတိုက်ပွဲ၏ အန္တရာယ်ကြီးမားလှသော ပြင်းထန်မှုကို အာရုံခံမိနေကြပြီး ယခုကဲ့သို့ ထိတ်လန့်ဖွယ်ရာ တိုက်ပွဲမျိုးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။

“ဒီကောင်လေး ချင်ယွမ်ဖုန်းက ဘာမှော်အတတ်တွေ သုံးလိုက်တာလဲ။ သူ ပြီးခဲ့တဲ့အကြိမ်က ထွက်သွားတာ ဘယ်လောက်မှ မကြာသေးဘူး၊ အခုကျတော့ ဒီလောက်တောင် သန်မာလာရတာလဲ” ဟု ကျိုးထုံက မချင့်မရဲဖြင့် ရေရွတ်မိတော့သည်။

ထိုက်ချင်းသည်လည်း အလွန်အမင်း တုန်လှုပ်သွားရသဖြင့် ဤကဲ့သို့သော ခမ်းနားလှသည့် တိုက်ပွဲကို လွဲချော်သွားမည် စိုး၍ မျက်တောင်ပင် မခတ်ရဲဘဲ ရှိချေသည်။

သူ၏ စိတ်ကူးထဲတွင်လည်း သိုင်းပညာဆိုင်ရာ သိမြင်နားလည်မှုများက အဆက်မပြတ် ပေါ်ပေါက်လာနေတော့သည်။

အချို့သော လူများသည် အခြားသူများ၏ တိုက်ပွဲကို ကြည့်ရှုခြင်းဖြင့် အကျိုးကျေးဇူးများ ရရှိတတ်ကြရာ ထိုက်ချင်းသည် ထိုသို့သော ထူးချွန်သူများထဲမှ တစ်ဦး ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

ဖုမိုချိုး၏ မျက်နှာပြင်မှာမူ ပိုမို၍ ကြည့်ရဆိုးလာချေပြီ။ ချင်ဝူယန်း၏ လက်ချက်ဖြင့် ချက်ချင်း လက်ငင်း ချေမှုန်းခံရရမည့် အမှိုက်ကောင်မျှသာ ဖြစ်သော သူငယ်က ယခုကဲ့သို့ အချိန်အကြာကြီး အပြန်အလှန် တောင့်ခံနေနိုင်သည်မှာ မဖြစ်သင့်သောအရာ ဖြစ်၏။

တိုက်ပွဲ၏ ဇာတ်ညွှန်းက ဤသို့ ဖြစ်မလာသင့်ပေ။

မကြာမီတွင်ပင် ကွင်းပြင်အလယ်ရှိ တိုက်ပွဲဝင်နေသူ နှစ်ဦးထံမှ ထူးခြားသော ပြောင်းလဲမှုတစ်ခု ထွက်ပေါ်လာတော့သည်။

သူတို့နှစ်ဦးသည် နောက်ဆုံးအကြိမ်အဖြစ် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံပြီးနောက် တစ်ချိန်တည်းမှာပင် နောက်သို့ ဆုတ်ခွာသွားကြရာ ရှုပ်ထွေးပွေလီနေသော ကိုယ်တွင်းစွမ်းအင်များသည်လည်း တစ်ခဏချင်းအတွင်း ငြိမ်သက်သွားသကဲ့သို့ ရှိချေသည်။

လူတိုင်းက အပြေးအလွှား စူးစမ်းကြည့်ရှုလိုက်ကြရာတွင် တိုက်ပွဲဝင်သူ နှစ်ဦးစလုံးသည် အတော်လေး အခြေအနေ ပျက်ယွင်းနေကြသည်ကို တွေ့လိုက်ရသည်။

ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအမြောက်အမြား ရှိနေသော်လည်း ဒဏ်ရာများမှ သွေးစက်များ စီးကျလာခြင်း မရှိချေ။

အကြောင်းမူကား ချင်ဝူယန်း၏ ပြင်းထန်လှသော အပူရှိန်ကြောင့် ချင်ယွမ်ဖုန်း၏ သွေးကြောများမှာ ချက်ချင်းပင် ပိတ်ဆို့သွားခဲ့ရသောကြောင့် ဖြစ်ပေသည်။

ချင်ဝူယန်း၏ အခြေအနေမှာလည်း အလွန်ဆိုးရွားနေချေသည်။ သူမ၏ ချပ်ဝတ်တန်ဆာမှာ နေရာအနှံ့ ပျက်စီးနေပြီး အပိုင်းပိုင်း ပြတ်လုနီးပါး ဖြစ်နေကာ ချပ်ဝတ်တန်ဆာ အောက်ခြေ၌လည်း ဒဏ်ရာအမြောက်အမြား ရှိနေချေသည်။

ထိုသို့ ရှိနေစဉ်မှာပင် ချင်ဝူယန်းသည် ရုတ်တရက် လတ်ဆတ်သော သွေးတစ်လုတ်ကို ဝေါ့ခနဲ အန်ထုတ်လိုက်ရာ စောစောက ပြင်းထန်လှသော ထိပ်တိုက်ရင်ဆိုင်မှုတွင် ချင်ဝူယန်းက ချင်ယွမ်ဖုန်းအား ရှုံးနိမ့်ခဲ့ရကြောင်း ထင်ရှားသွားချေပြီ။

ထိုအခါ ချင်ဝူယန်းသည် ပိုမို၍ ရူးသွပ်သွားတော့သည်။ သူမအနေဖြင့် မိမိကိုယ်ကိုယ် ဤကဲ့သို့သော အမှိုက်ကောင်မျိုးအား ရှုံးနိမ့်သွားခြင်းကို ဘယ်လိုနည်းနဲ့မှ ခွင့်မပြုနိုင်ပေ။

“ငါမရှုံးဘူး၊ ငါ လုံးဝ မရှုံးစေရဘူး။ နင်က အမှိုက်ကောင် သက်သက်ပဲဥစ္စာကို”

ချင်ဝူယန်းသည် ရူးသွပ်စွာ အော်ဟစ်လိုက်ပြီးနောက် ခန္ဓာကိုယ်ကို လေထက်သို့ ဝုန်းခနဲ မြှင့်တင်ကာ ပျံသန်းသွားတော့သည်။

သူမသည် ဓားရှည်ကို ဝှေ့ယမ်းလိုက်ရာ လေထုထဲ၌ နီရဲသော စွမ်းအင်လှိုင်းဝိုင်းကြီးများ တရိပ်ရိပ် ထွက်ပေါ်လာချေသည်။

“ဟက်၊ အမှိုက်ကောင်ဆိုတဲ့ ဘွဲ့ထူးကို နင်တို့ကပဲ ငါ့ကို ပေးခဲ့တာ မဟုတ်ဘူးလား” ဟု ချင်ယွမ်ဖုန်းက အေးစက်စွာ ပြောဆိုလိုက်ပြီး “ချင်ဝူယန်း၊ နင်က ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး။ နင် အခုအချိန်မှာ အမှားကို ဝန်ခံမယ်ဆိုရင် ငါ နင့်အသက်ကို ချန်ထားပေးနိုင်ပါသေးတယ်” ဟု ဆို၏။

“ငါ့အသက်ကို ချန်ထားပေးမယ် ဟုတ်လား။ နင်လို အမှိုက်ကောင်က ငါ့ကို အဲဒီလို ပြောဖို့ အရည်အချင်း မရှိဘူး။ ငါက ကောင်းကင်ဘုံရဲ့ အချစ်တော် သမီးပျိုပဲ”

“အား”

ချင်ဝူယန်းသည် ကောင်းကင်ယံသို့ မော့၍ ဟိန်းဟောက်လိုက်ရာ ကြီးမားလှသော ကိုယ်တွင်းစွမ်းအင်များသည် ကောင်းကင်ထက်သို့ အရှိန်အဟုန်ဖြင့် ထိုးတက်သွားတော့သည်။

တစ်လောကလုံးရှိ မိုးတိမ်တိုက်များသည် ချက်ချင်းဆိုသလို မှောင်မိုက်သွားပြီး မိုင်ပေါင်းသောင်းချီသော အရပ်မှ တိမ်တိုက်များ စုစည်းလာကာ ဧရာမ ဝဲကရက်ကြီးတစ်ခုအသွင် ပြောင်းလဲသွားချေသည်။

ထိုအခါ ဘေးမှ ကြည့်ရှုနေသူအားလုံးသည် ကောင်းကင်ထက်မှ ပေါက်ကွဲထွက်လာတော့မည့် ကြီးမားလှသော စွမ်းအားကြီးကို အာရုံခံမိကြသဖြင့် အသက်ရှူသံများ တုံ့ဆိုင်းသွားကြရချေသည်။

“ချင်ယွမ်ဖုန်း၊ သေပေတော့”

ချင်ဝူယန်းက အော်ဟစ်လိုက်သည်နှင့် ကောင်းကင်ယံရှိ တိမ်တိုက်ဝဲကရက်ကြီး၏ အတွင်းမှ နီရဲသော အလင်းတန်းတစ်ခု ဝုန်းခနဲ ထိုးဆင်းလာတော့သည်။

ယင်းသည်ကား ရဲရဲတောက် မီးလျှံများ တောက်လောင်နေပြီး ဥက္ကာခဲတစ်ခုအလား ကျဆင်းလာသော မီးလျှံဖီးနစ်ငှက်ကြီးတစ်ကောင် ဖြစ်ပေသည်။

ဤသည်ကား သူမ၏ အပြင်းထန်ဆုံးဖြစ်သော ဖီးနစ်ငှက်၏ ပျက်သုဉ်းခြင်း တိုက်ကွက်ပင် ဖြစ်ချေသည်။

ချင်ယွမ်ဖုန်းသည် မျက်မှောင်ကြုတ်လျက် ကောင်းကင်မှ ကျဆင်းလာသော ဖီးနစ်ငှက်ကြီးထံမှ အလွန်အမင်း ပြင်းထန်လှသော စွမ်းအားကို အာရုံခံမိလိုက်သော်လည်း ဤစွမ်းအားသည် ချင်ဝူယန်း ကိုယ်ပိုင်ပိုင်ဆိုင်သော စွမ်းအားမဟုတ်ကြောင်း ရိပ်မိလိုက်ပေသည်။

“ထူးခြားတဲ့ ခန္ဓာကိုယ်ပိုင်ရှင်ဆိုတာ တခြား သန်မာတဲ့ စွမ်းအားတွေကို ခဏတာ ချေးငှားသုံးစွဲနိုင်တာမျိုးပဲလား”

ချင်ယွမ်ဖုန်းသည် ထိုသို့သော ထူးခြားသည့် ခန္ဓာကိုယ်ပိုင်ရှင်များ၏ သဘောသဘာဝကို နားလည်သွားသကဲ့သို့ ရှိချေသည်။

၎င်းတို့သည် အခြားသော အစွမ်းထက် သတ္တဝါကြီးများ၏ စွမ်းအားကို ခိုးယူအသုံးပြုနေကြခြင်းသာ ဖြစ်၏။

“ဒီစွမ်းအားက နင့်ကိုယ်ပိုင် စွမ်းအားမဟုတ်ဘူး”

ချင်ယွမ်ဖုန်းက တိုးတိုးရေရွတ်လိုက်သော်လည်း ဤကဲ့သို့သော လောကပျက်သုဉ်းမတတ် စွမ်းအားကြီးနှင့် ရင်ဆိုင်နေရပါသော်လည်း သူ၏ မျက်နှာတွင် အနည်းငယ်မျှပင် တုန်လှုပ်ခြောက်ခြားခြင်း မရှိချေ။

သူ၏ လည်ပင်းတွင် ဆွဲထားသော ကြေးညိုရောင် တံခါးကြီးသည် ချင်ယွမ်ဖုန်း၏ လက်ထဲသို့ တိတ်တဆိတ် လွင့်မျောရောက်ရှိလာချေသည်။

တိုက်ပွဲစတင်ကတည်းက ချင်ယွမ်ဖုန်းသည် ချင်ဝူယန်းနှင့် ရင်ဆိုင်ရာတွင် မိမိ၏ ကိုယ်ပိုင်စွမ်းအားသက်သက်ကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း ယခုအခါ ချင်ဝူယန်းသည် ဤကဲ့သို့သော ပြင်းထန်လှသည့် တားမြစ်စွမ်းအားကို အသုံးပြုလာခဲ့ပြီ ဖြစ်ရာ ချင်ယွမ်ဖုန်းအနေဖြင့်လည်း ဆက်လက်၍ ထိန်းချုပ်ထားရန် မလိုတော့ပေ။

သူ၏ စိတ်ထဲတွင်မူ ချင်ဝူယန်းသည် ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။

“နင့်ကိုယ်ပိုင်မဟုတ်တဲ့ စွမ်းအားတွေကို ပြန်ပေးလိုက်ပေတော့”

ချင်ယွမ်ဖုန်းသည် ကြေးညိုရောင် တံခါးကြီးကို လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး ခန္ဓာကိုယ်ကို မြေပြင်မှ ဝုန်းခနဲ မြှင့်တင်ကာ ခုန်တက်လိုက်ရာ သူ၏ ခြေဖဝါးအောက်ရှိ မြေပြင်သည် ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ အက်ကွဲသွားတော့သည်။

ဘေးမှ စောင့်ကြည့်နေကြသူအားလုံးသည် အံ့အားသင့်လျက် ပါးစပ်အဟောင်းသား ဖြစ်သွားကြရချေသည်။ ချင်ယွမ်ဖုန်း၏ သေးငယ်လှသော ပုံရိပ်နှင့် ကောင်းကင်မှ ထိုးဆင်းလာသော ဧရာမ ဖီးနစ်ငှက်ကြီး၏ ပုံသဏ္ဌာန်မှာ လုံးဝ နှိုင်းယှဉ်၍ မရလောက်အောင် ကွာခြားလွန်းလှပေသည်။

သို့သော်လည်း ချင်ယွမ်ဖုန်း၏ ပုံရိပ်သည် မီးပုံထဲသို့ တိုးဝင်မည့် ပိုးဖလံတစ်ကောင်အလား မဆုတ်မနစ်သော သတ္တိ၊ ကြောက်ရွံ့ခြင်းမရှိသော ဇွဲလုံ့လတို့ဖြင့် အရှိန်အဟုန်ဖြင့် တိုးဝင်သွားတော့သည်။

All Chapters