← Chapters

အခန်း ၅၉၆

Vol. 30 Ch. 596

အခန်း ၅၉၆

Vol. 30 Ch. 596

အခန်း (၅၉၆)ချင်ဝူယန်း ရှုံးနိမ့်ခြင်း

ကောင်းကင်ထက်ရှိ ဝဲကယက်ကြီးအတွင်းမှ တောက်လောင်နေသော မီးလျှံဖီးနစ်တစ်ကောင်သည် အရှိန်အဟုန်ဖြင့် ပျံသန်းဆင်းသက်လာရာ ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြချေသည်။

ယင်းက ကောင်းကင်နှင့် မြေကမ္ဘာကိုပင် ဖျက်ဆီးပစ်တော့မည့်အလား ပြင်းထန်လှသော စွမ်းအားကို ဆောင်ကျဉ်းထားသဖြင့် လောကတစ်ခုလုံး အရောင်အသွေး ပြောင်းလဲသွားရ၏။

မီးလျှံဖီးနစ် ပျံသန်းဆင်းသက်ရာ လမ်းကြောင်းတစ်လျှောက်တွင် အမည်းရောင် ဟင်းလင်းပြင်အက်ကြောင်းများ ပေါ်ပေါက်လာပြီးနောက် ပြန်လည်စေ့ပိတ်သွားကြသည်။

အဘယ်ကြောင့်ဆိုသော် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်သည် ထိုမျှလောက် ကြီးမားပြင်းထန်သော စွမ်းအားကို မခံနိုင်တော့ဘဲ စုတ်ပြဲလုနီးပါး ဖြစ်နေသောကြောင့်ပင်။

ချင်ယွမ်ဖုန်း၏ သေးငယ်လှသော ခန္ဓာကိုယ်သည် ကောင်းကင်ယံထက်သို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားရာ လူတို့၏စိတ်တွင် ဖော်ပြရခက်သော ကြေကွဲဖွယ်ရာ သူရဲကောင်းဆန်မှုမျိုးကို ခံစားရစေချေသည်။

“ချင်လေး..” အဘိုးကျိုးသည် ထိုမြင်ကွင်းကို ကြည့်ရှုရင်း ညည်းတွားလိုက်မိပြီး ချင်ယွမ်ဖုန်းကို ချက်ချင်းပင် ရှေ့သို့ပြေး၍ ကယ်ဆယ်ချင်စိတ်များ ပြင်းပြနေမိသည်။

သို့သော်လည်း ယင်းက ချင်ယွမ်ဖုန်း၏ တိုက်ပွဲဖြစ်ကြောင်းနှင့် အကယ်၍ တိုက်ပွဲအတွင်း သေဆုံးသွားခဲ့လျှင်ပင် ယင်းက ချင်ယွမ်ဖုန်းကိုယ်တိုင် ရွေးချယ်ခဲ့သော လမ်းသာဖြစ်ကြောင်း သူကောင်းစွာ သိရှိပေရာသည်။

ဖုမိုချိုး၏ မျက်နှာသည် သဘာဝမကျစွာ နီမြန်းနေပြီး သူမ၏ မျက်ဝန်းများထဲတွင်မူ မူမမှန်သော ပီတိအာရုံများ ပြည့်နှက်နေ၏။

“ဟားဟားဟား... ဒါ ငါ့ရဲ့ မြူနှင်းဂိုဏ်းက တပည့်ပဲ၊ ဒီလောကမှာ ဘယ်သူက သူ့ကို ခုခံနိုင်မှာလဲ”

မြူနှင်းဂိုဏ်းမှ တပည့်များလည်း မျက်လုံးများ ပြူးကျယ်သွားကြပြီး ဖီးနစ်ငှက်၏ ပျက်သုဉ်းခြင်း တိုက်ကွက်အောက်တွင် ချင်ယွမ်ဖုန်းတစ်ယောက် တိုက်ရိုက်ပင် အမှုန့်ခြေဖျက်ခြင်း ခံရတော့မည်ကို ကြိုတင်မြင်တွေ့နေရသည့်အလား ရှိနေကြချေသည်။

မုန့်ချီလော့သည် နောက်ဆုံးတွင် အောင့်အီးမခံနိုင်တော့ဘဲ မျက်ရည်များ ပါးပြင်ပေါ်သို့ စီးကျလာခဲ့သည်။ အကယ်၍ ချင်ယွမ်ဖုန်း သေဆုံးသွားခဲ့လျှင် မုန့်ချီလော့သည် မြူနှင်းဂိုဏ်းသို့ ဘယ်သောအခါမျှ ပြန်လာတော့မည်မဟုတ်ပေ။

ကျောက်တံတိုင်းပေါ်မှ တိုက်ပွဲကို စောင့်ကြည့်နေကြသော အခြားသူများသည်လည်း ချင်ယွမ်ဖုန်းအတွက် ရင်ထဲမှလှိုက်၍ အကြီးအကျယ် နှမြောတသ ဖြစ်နေကြရသည်။

ထိပ်တန်း ပါရမီရှင်တစ်ဦး ယခုကဲ့သို့ ဤနေရာတွင် ကြွေလွင့်ရတော့မည် ဖြစ်ရာ လူတို့ကို အဆုံးမရှိသော နောင်တတရားများ ရရှိစေသည်သာ ဖြစ်ချေသည်။

သို့သော်ငြားလည်း စိတ်ပျက်အားငယ်ဖွယ်ရာ အခြေအနေထဲ၌ ချင်ယွမ်ဖုန်း၏ ပြတ်သားလှသော စိတ်ဓိဋ္ဌာန်က လူတို့ကို မျှော်လင့်ချက်အရောင်အဝါ အနည်းငယ် ပေးစွမ်းနေဆဲ ဖြစ်ပေသည်။

ဖြစ်တန်ရာသည်မှာ အမြဲတမ်း အံ့ဖွယ်အမှုများကို ဖန်တီးနိုင်ခဲ့သော ဤလူသားသည် ယခုတစ်ကြိမ်တွင်လည်း အံ့ဖွယ်အမှုကို ထပ်မံဖန်တီးနိုင်ဦးမည်လော။

ချင်ယွမ်ဖုန်း၏ နှလုံးသားသည် ဝမ်းသာခြင်းလည်းမရှိ၊ ဝမ်းနည်းခြင်းလည်းမရှိဘဲ တည်ငြိမ်နေ၏။ အဘယ်ကြောင့်ဆိုသော် ဤစိန်ခေါ်ပွဲတွင် သူအောင်နိုင်ခဲ့ပြီဖြစ်ကြောင်း မိမိကိုယ်ကိုယ် ကောင်းစွာသိရှိနေသောကြောင့်ပင်။

နောက်တစ်ဆင့်အနေဖြင့် ချင်ဝူယန်းကို ထိုက်တန်သော ဝဋ်ကြွေး ပြန်လည်ပေးဆပ်စေရမည့် အချိန်ဖြစ်ချေပြီ။

“သေစမ်း... ချင်ယွမ်ဖုန်း၊ နင်ကလွန်ခဲ့တဲ့ သုံးနှစ်ကတည်းက သေသင့်နေခဲ့တာ”

ချင်ဝူယန်း၏ ခန္ဓာကိုယ်အတွင်းရှိ ကိုယ်တွင်းစွမ်းအင်များသည် ပြင်းထန်စွာ တောက်လောင်နေပြီး များပြားလှသော ကိုယ်တွင်းစွမ်းအင်များကို ပျံသန်းဆင်းသက်နေသော ဖီးနစ်ငှက်အတွင်းသို့ သွန်းလောင်းထည့်လိုက်ရာ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ကိုယ်တွင်းစွမ်းအင်အားလုံးနီးပါး ခမ်းခြောက်လုမတတ် ဖြစ်သွားရသည်။

ချင်ယွမ်ဖုန်းသည် ကြောက်မက်ဖွယ်ကောင်းသော အပူရှိန်ကို ခံစားလိုက်ရသော်လည်း အပေါ်သို့ ပျံသန်းတက်သည့် အရှိန်ကမူ ပို၍ပင် မြန်ဆန်လာခဲ့ချေသည်။

ဝုန်း။

ချင်ယွမ်ဖုန်း၏ သေးငယ်သော ခန္ဓာကိုယ်နှင့် ဧရာမ ဖီးနစ်ငှက်ကြီးတို့ ပြင်းထန်စွာ တိုက်မိကြသည့် ထိုအချိန်အတောအတွင်း၌ အချိန်ကာလသည် ရပ်တန့်သွားသည့်အလား ထင်မှတ်ရပေသည်။

အချို့သူများသည် မျက်လုံးများကို ပြူးကျယ်၍ ကြည့်နေကြပြီး အချို့သူများကမူ ဆက်လက်ကြည့်ရှုရန် မဝံ့ရဲတော့သဖြင့် မျက်စိမှိတ်ထားကြချေသည်။

သို့သော်လည်း ခဏမျှအကြာတွင် သူတို့၏ မျက်နှာအမူအရာများသည် မယုံကြည်နိုင်စရာ အကောင်းဆုံးအရာကို မြင်တွေ့လိုက်ရသည့်အလား တဖြည်းဖြည်းနှင့် ထိတ်လန့်တုန်လှုပ်မှုအဖြစ်သို့ ပြောင်းလဲသွားကြရ၏။

ချင်ယွမ်ဖုန်း ပြုလုပ်လိုက်သောအရာမှာ အမှန်တကယ်ပင် မယုံကြည်နိုင်စရာ ကောင်းလှပေသည်။

ချင်ယွမ်ဖုန်း၏ လက်ထဲရှိ ကြေးညိုရောင် တံခါးကြီးသည် ပျံသန်းဆင်းသက်လာသော ဖီးနစ်ငှက်ဆီသို့ တိုက်ရိုက်ပင် ပြင်းထန်စွာ ရိုက်ချလိုက်ချေသည်။

ကြေးညိုရောင် တံခါးကြီး၏ စွမ်းအားကိုမူ သီးခြားဖွဲ့ဆိုရှင်းလင်းနေရန် မလိုတော့ပေ။ ထို့အပြင် ချင်ယွမ်ဖုန်း၏ ကျင့်စဉ်အဆင့် မြင့်တက်လာသည်နှင့်အမျှ သူ၏ခွန်အားသည်လည်း တိုးပွားလာခဲ့ရာ ယခုတစ်ကြိမ်တွင်မူ သူသည် မိမိ၏ ခွန်အားရှိသမျှ အကုန်အစင်ကို အသုံးပြုထားခြင်း ဖြစ်ပေသည်။

အစင်ကြယ်ဆုံးသော ခွန်အားနှင့် တောက်လောင်နေသော မီးလျှံဖီးနစ်တို့ ပြင်းထန်စွာ တိုက်မိကြ၏။ လူတိုင်း စိတ်ကူးယဉ်ထင်မှတ်ထားကြသော အပြတ်အသတ် ချေမှုန်းခံရမှုသည် အမှန်တကယ် ပေါ်ပေါက်လာခဲ့သော်လည်း ရလဒ်ကမူ ပြောင်းပြန် ဖြစ်သွားခဲ့ရချေသည်။

သေးငယ်လှသော ချင်ယွမ်ဖုန်းက ဧရာမ ဖီးနစ်ငှက်ကြီးကို တိုက်ရိုက်ပင် ဖိနှိပ်ခြေမှုန်းပစ်လိုက်ခြင်း ဖြစ်ပေသည်။

ဖီးနစ်ငှက်၏ ခန္ဓာကိုယ်သည် ဦးခေါင်းပိုင်းမှစတင်၍ လျင်မြန်စွာ ပျက်ပြယ်သွားပြီး ၎င်း၏ ရှည်လျားလှသော အမြီးအမွေးများသည် ကောင်းကင်ယံထက်၌ မီးပွားအချို့ကို ချန်ရစ်ကာ လုံးဝ ပျောက်ကွယ်သွားရချေသည်။

ကြေးညိုရောင် တံခါးကြီးကြောင့် ဖြစ်ပေါ်လာသော ပြင်းထန်လှသော လေပြင်းသည် ကောင်းကင်ယံထက်သို့ တိုးဝှေ့တက်သွားပြီး စုရုံးနေသော တိမ်တိုက်များဖြင့် ဖွဲ့စည်းထားသည့် ဝဲကယက်ကြီးကို တိုက်ရိုက်ပင် မှုတ်ထုတ်ဖျက်ဆီးပစ်လိုက်၏။

မှောင်မိုက်နေသော ကောင်းကင်ကြီးသည် လင်းလက်တောက်ပမှုကို ပြန်လည်ရရှိသွားပြီး မိုင်ပေါင်းထောင်ချီသော ကောင်းကင်ပြင်ကြီးသည် တိမ်ကင်းစင်ကာ ကောင်းကင်ထက်၌ တောက်ပသော နေမင်းတစ်စင်းသာ ဆွဲချိတ်ထားသကဲ့သို့ ကျန်ရစ်တော့သည်။

ဤမြင်ကွင်းသည် ဘေးမှကြည့်ရှုနေသူများကို ထိတ်လန့်စေရုံတင်မကဘဲ ဖုမိုချိုးနှင့် အခြားသော မြူနှင်းဂိုဏ်းမှ တပည့်များကိုလည်း ဦးနှောက်များ အလုပ်မလုပ်တော့သည့်အလား ကြောင်အမ်းအမ်းဖြင့် ရပ်တန့်ကျန်ရစ်စေခဲ့ချေသည်။

ချင်ယွမ်ဖုန်းက လက်တစ်ဖက်တည်းဖြင့် ဧရာမ ဖီးနစ်ငှက်ကြီးကို မှုတ်ထုတ်ဖျက်ဆီးပစ်လိုက်သည့် ပုံရိပ်သည် သူတို့၏ စိတ်အာရုံထဲ၌ ထပ်တလဲလဲ ပေါ်ပေါက်နေမိသည်။

ချင်ဝူယန်း၏ မျက်နှာထက်ရှိ ရက်စက်ယုတ်မာသော အပြုံးများသည် တောင့်တင်းသွားရ၏။ ခဏမျှအကြာတွင် သူမသည် သွေးတစ်လုတ်ကို အရှိန်အဟုန်ဖြင့် အန်ထုတ်လိုက်ရပြီး သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ တောက်လောင်နေသော ကြက်သွေးရောင် မီးလျှံများသည်လည်း လုံးဝ နောက်ဆုတ် ပျောက်ကွယ်သွားရချေသည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...” ချင်ဝူယန်းသည် မိမိ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများ လျင်မြန်စွာ ဆုတ်ယုတ်သွားသည်ကို ခံစားလိုက်ရပြီး သူမ ဂုဏ်ယူဝံ့ကြွားခဲ့သော နတ်မီးလျှံခန္ဓာကိုယ်ကြီးသည်ပင် ယခုအခါ သူမအား စွန့်ခွာသွားသည့်အလား ရှိနေချေသည်။

ချင်ယွမ်ဖုန်းသည် ချင်ဝူယန်း၏ ရှေ့မှောက်သို့ ပျံသန်းရောက်ရှိလာ၏။ ထိုနောက်ဆုံး တိုက်ကွက်သည် သူ၏ ခွန်အားအားလုံးကိုလည်း ခမ်းခြောက်သွားစေခဲ့ရာ သူ၏ လက်မောင်းနှစ်ဖက်စလုံးသည် မရပ်မနား တုန်ရီနေမိသည်။

ကြေးညိုရောင် တံခါးကြီးကိုမူ ပြန်လည်သိမ်းဆည်းလိုက်ပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူသည် ကြေးညိုရောင် တံခါးကြီးကိုပင် ဆက်လက်၍ မကိုင်ထားနိုင်တော့သောကြောင့်ပင်။

“နင် ရှုံးသွားပြီ” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောကြားလိုက်သည်။

ချင်ဝူယန်းသည် ချင်ယွမ်ဖုန်းကို ဒေါသတကြီး စိုက်ကြည့်နေ၏။

သူမသည် ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး သူမ၏ ထူးခြားသော ခန္ဓာကိုယ်သည်လည်း သူမအား စွန့်ခွာသွားပုံရကာ ကိုယ်တွင်းစွမ်းအင်များလည်း ကုန်ခမ်းနေချေပြီ။ သူမသည် ယခုအခါ အားအနည်းဆုံးသော အချိန်သို့ ဆိုက်ရောက်နေခြင်း ဖြစ်ပေသည်။

“နင် လိမ်နေတာ၊ ငါ မရှုံးဘူး၊ ငါ ဘယ်တော့မှ မရှုံးဘူး”

ချင်ဝူယန်းသည် စိတ်ဖောက်ပြန်စွာ အော်ဟစ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်သည် ယိမ်းထိုးနေကာ ကောင်းကင်ထက်၌ပင် ဆက်လက်၍ မရပ်တည်နိုင်တော့လုနီးပါး ဖြစ်နေချေသည်။

ချင်ယွမ်ဖုန်းသည် ရှေ့သို့ တစ်လှမ်းတက်ကာ ချင်ဝူယန်း၏ မျက်နှာကို လက်ဝါးဖြင့် ဖြတ်ရိုက်လိုက်ရာ သူမကို ချက်ချင်းပင် ဆွံ့အသွားစေသည်။

“နင်က... နင်က ငါ့ကို တကယ်ပဲ ရိုက်ရဲတယ်ပေါ့လေ” ချင်ဝူယန်းသည် ချင်ယွမ်ဖုန်းကို မယုံကြည်နိုင်စရာ အကောင်းဆုံးအရာကို ကြုံတွေ့လိုက်ရသည့်အလား စိုက်ကြည့်နေမိ၏။

သို့သော်လည်း ချင်ယွမ်ဖုန်းသည် အခြားလက်တစ်ဖက်သို့ ပြောင်းလဲ၍ ချင်ဝူယန်း၏ မျက်နှာကို နောက်ထပ် လက်ဝါးတစ်ချက် ထပ်မံဖြတ်ရိုက်လိုက်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။

“ဒီလက်ဝါးနှစ်ချက်ကတော့... တစ်ချက်က ပျက်စီးသွားရတဲ့ ချင်မိသားစုအတွက်ပဲ၊ အကယ်၍ နင်သာ မြူနှင်းဂိုဏ်းထဲမှာ စကားတစ်ခွန်းလောက် ဟခဲ့မယ်ဆိုရင် သူတို့တွေ ဒီလိုမျိုး မျိုးတုံးအသတ်ခံရမှာ မဟုတ်ဘူး”

“နောက်ထပ် လက်ဝါးတစ်ချက်ကတော့ ငါ့အမေအတွက်ပဲ၊ နင်က ငါ့ကို ကောင်းကင်ဘုံသုဉ်း ‘ဂူ’ နဲ့ အဆိပ်ခတ်ခဲ့လို့ ငါ့အမေကို သွယ်ဝိုက်တဲ့နည်းနဲ့ အရှက်တကွဲ ဖြစ်စေခဲ့ပြီး သေဆုံးသွားစေခဲ့တာ”

ချင်ဝူယန်းသည် ချင်ယွမ်ဖုန်းကို ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေပြီး မိမိကိုယ်ကိုယ် ရှုံးနိမ့်သွားခဲ့ပြီဟူသော အဖြစ်မှန်ကို ယခုထက်တိုင် မယုံကြည်နိုင်သေးသည့်အလား ရှိနေဆဲ ဖြစ်ချေသည်။

“ချင်မိသားစု ဟုတ်လား... သူတို့ရဲ့ မျက်လုံးထဲမှာ နင်တစ်ယောက်ပဲ ရှိခဲ့တာ၊ ငါ့ကို ဘယ်တုန်းက အဲဒီလိုမျိုး ဂရုစိုက်ခဲ့ဖူးလို့လဲ၊ နင့်အမေလား... သူမ သေသွားတာ ကောင်းတာပေါ့၊ သူမသာမရှိရင် နင်ဆိုတာ ရှိလာမှာမဟုတ်ဘူး၊ ပြီးတော့ ငါကသာ ချင်မိသားစုရဲ့ ဂုဏ်ယူဝံ့ကြွားစရာ ဖြစ်သင့်တာ”

ထိုစကားများကို ကြားလိုက်ရသောအခါ ချင်ယွမ်ဖုန်း၏ မျက်နှာထက်တွင် နာကျင်သော အမူအရာများ ပေါ်ပေါက်လာပြီး သူ၏လက်ထဲတွင် နဂါးကျောရိုးဓားမကြီးသည် တဖြည်းဖြည်းနှင့် ပေါ်ထွက်လာခဲ့ချေသည်။

“ငါက နင့်အသက်ကို ချန်ထားပေးဖို့ မူလက ရည်ရွယ်ခဲ့တာ၊ ဒါပေမဲ့ အခုအချိန်အထိ နင်က နောင်တရစိတ် အနည်းငယ်မျှတောင် မရှိသေးဘူး၊ နင်က တကယ်ပဲ သေသင့်တဲ့သူပဲ”

“ဟီးဟီးဟီး... ချင်ယွမ်ဖုန်း၊ နင်က လာပြီး သနားကြင်နာဟန် မဆောင်စမ်းပါနဲ့၊ ငါ ငယ်ငယ်ကတည်းက သိတယ်၊ နင်က ဟန်ဆောင်ကောင်းတဲ့ လူယုတ်မာတစ်ယောက်ပဲ”

ချင်ဝူယန်းသည် ရူးသွပ်သွားသည့်အလား ဆံပင်များ ဖရိုဖရဲဖြစ်နေပြီး မျက်နှာအမူအရာကလည်း ခက်ထန်ရူးသွပ်နေချေသည်။

ချင်ယွမ်ဖုန်းသည် နှလုံးသားထဲ၌ ကြီးစွာသော ဝမ်းနည်းပူဆွေးမှုကို ခံစားလိုက်ရသည်။ သူငယ်စဉ်အခါက ချင်ဝူယန်းကို ညီမအရင်းကဲ့သို့ အမှန်တကယ်ပင် ကောင်းမွန်စွာ ဆက်ဆံခဲ့ဖူးသော်လည်း ချင်ဝူယန်းကမူ သူ့ကို အမြဲတမ်း ဟန်ဆောင်နေသည်ဟုသာ ထင်မှတ်ခဲ့ခြင်းပေရာသည်။

“သေပေတော့... နင်က ကွယ်လွန်သွားပြီဖြစ်တဲ့ မိဘတွေနဲ့ ဆွေးမျိုးတွေဆီ သွားပြီး တောင်းပန်သင့်တာ ကြာလှပြီ”

ချင်ယွမ်ဖုန်းသည် မိမိ၏လက်ထဲရှိ နဂါးကျောရိုးဓားမကြီးကို မြှောက်လိုက်ပြီး ချင်ဝူယန်း၏ အပေါ်ယံ လှည့်စားမှုများဖြင့် ပြည့်နှက်နေသော ဘဝကို အဆုံးသတ်ပစ်တော့မည် ဖြစ်ချေသည်။

သို့သော်လည်း ထိုအချိန်တွင် ကိုယ်ရံစွမ်းအင်တစ်ခုသည် ထက်မြက်သော မြားတစ်စင်းအလား အရှိန်အဟုန်ဖြင့် ရောက်ရှိလာပြီး ချင်ယွမ်ဖုန်း၏ ရင်ဘတ်ကို ချက်ချင်းပင် ဖောက်ထွက်သွားခဲ့သည်။

ဤရုတ်တရက် ပေါ်ပေါက်လာသော အလှည့်အပြောင်းသည် လူတိုင်းကို ဆွံ့အသွားစေ၏။ အနိုင်အရှုံး ရလဒ် ထွက်ပေါ်ပြီးသား ဖြစ်နေသော တိုက်ပွဲသည် ယခုအခါတွင် နောက်ထပ်တစ်ကြိမ် အပြောင်းအလဲ ဖြစ်သွားရပြန်ပြီလော။

သို့သော် လူတိုင်း လှမ်းကြည့်လိုက်ကြသောအခါ ထိုကိုယ်ရံစွမ်းအင်သည် ချင်ဝူယန်းထံမှ ထွက်ပေါ်လာခြင်းမဟုတ်ဘဲ မြူနှင်းဂိုဏ်းမှ ဂိုဏ်းကြီးကြပ်သူ အကြီးအကဲ ဖုမိုချိုးထံမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး သူမသည် ချင်ယွမ်ဖုန်းထံသို့ အရှိန်အဟုန်ဖြင့် ပျံသန်းလာနေသည်ကို မြင်တွေ့လိုက်ကြရချေသည်။

“ယုတ်မာလိုက်တာ၊ တကယ့်ကို ယုတ်မာလွန်းတယ်”

“အရှက်မရှိလိုက်တာ၊ သူတို့တွေက လူနှစ်ယောက်ရဲ့ စိန်ခေါ်ပွဲထဲကို တကယ်ပဲ ဝင်ရောက်စွက်ဖက်ရဲကြတယ်ပေါ့”

“ဒါက မြူနှင်းဂိုဏ်းလား၊ သန့်ရှင်းသော နယ်မြေတစ်ခုက လုပ်တဲ့ လုပ်ရပ်က ဒီလိုမျိုးလား”

ခဏမျှအတောအတွင်း၌ ဘေးမှကြည့်ရှုနေသူများသည် ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်ကြပြီး မြူနှင်းဂိုဏ်းက ယခုပြုလုပ်လိုက်သော ကိစ္စအပေါ် ရွံရှာစက်ဆုပ်နေကြချေပြီ။

“မိန်းမအိုကြီး... နင်က ငါ့ညီကို တကယ်ပဲ ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့လေ”

အဘိုးကျိုးသည်လည်း ယခုအချိန်တွင် သတိဝင်လာခဲ့ပြီးနောက် အပေါ်သို့ ခုန်တက်ကာ ဖုမိုချိုး၏ နောက်သို့ အမှီလိုက်၍ လိုက်လံတိုက်ခိုက်တော့သည်။

ချင်ယွမ်ဖုန်းသည် မိမိ၏ ရင်ဘတ်ကို မယုံကြည်နိုင်စရာ အကောင်းဆုံးအရာအလား ငုံ့ကြည့်လိုက်မိ၏။

ဖုမိုချိုးသည် မိမိလူကို အကာအကွယ်ပေးတတ်သူဖြစ်ကြောင်း သူသိရှိသော်လည်း ထိုသူများသည် လောက၏ ကျင့်ဝတ်စည်းကမ်းအားလုံးကို ဆန့်ကျင်၍ မိမိအား ဤကဲ့သို့ ဝင်ရောက်တိုက်ခိုက်ရဲလိမ့်မည်ဟုမူ သူထင်မှတ်မထားခဲ့မိပေ။

All Chapters