အခန်း ၅၉၇
Vol. 30 Ch. 597
အခန်း (၅၉၇) မိုးကြိုးမီးလျှံ ဗုံးသီး အဆင့်မြှင့်တင်ခြင်း
ချင်ဝူယန်းသည် အေးစက်စွာ တစ်ချက်ရယ်မောလိုက်ပြီးနောက် သူမ၏ခန္ဓာကိုယ်မှာ မြေပြင်သို့ လျင်မြန်စွာ ထိုးဆင်းသွားချေသည်။
သူမ၌ ကောင်းကင်ထက်တွင် ဆက်လက်ပျံသန်းနေနိုင်ရန် အင်အားတစ်စက်မျှ ကျန်ရှိမနေတော့ပေ။
ချင်ယွမ်ဖုန်းသည်လည်း အလွန်အမင်း အားအင်ချိနဲ့နေသည်ဟု ခံစားနေရသည်။ ထိုကိုယ်ရံစွမ်းအင်သည် သူ၏နှလုံးသားကို တိုက်ရိုက် ထိုးဖောက်သွားခဲ့ခြင်း ဖြစ်ပေရာ အခြေအနေမှာ အလွန်စိုးရိမ်ရလှသည်။
“မြူနှင်းဂိုဏ်းက တပည့်တွေ အားလုံး နားထောင်ကြ။ ချင်ယွမ်ဖုန်းကို အစွမ်းကုန် သတ်ဖြတ်ကြစမ်း။ ဘေးက ကြည့်နေတဲ့သူ တစ်ယောက်မှ လွတ်အောင် မလွှတ်စေနဲ့”
ဖုမိုချိုး၏ အမိန့်ပေးသံမှာ ချီဖုန်းချောက်ကမ္ဘာတစ်ခုလုံးတွင် ဟိန်းထွက်သွားတော့သည်။
ဘေးမှ ကြည့်ရှုနေကြသူများမှာ ဆွံ့အမှင်တက်သွားကြရသည်။ မြူနှင်းဂိုဏ်းသည် ချင်ယွမ်ဖုန်းကို သတ်ဖြတ်လိုရုံသာမက သတင်းများ အပြင်သို့ ပေါက်ကြားမသွားစေရန်အတွက် သူတို့ကိုပါ သတ်ဖြတ်ပစ်ရန် ကြံစည်နေခြင်း ဖြစ်ချေသည်။
“ပြေးကြဟေ့”
ထိုအတွေးသည် ကျောက်ကမ္ဘားနံရံ၏ ဝဲယာနှစ်ဖက်တွင် ရှိနေကြသော ဘေးမှကြည့်ရှုသူများ၏ စိတ်ထဲသို့ ပထမဆုံး ဝင်ရောက်လာသည့် အတွေးဖြစ်ပြီး တစ်ပြိုင်နက်တည်းမှာပင် မြင်ကွင်းတစ်ခုလုံးမှာ ရုတ်ရုတ်သဲသဲနှင့် ဖရိုဖရဲ ဖြစ်သွားရတော့သည်။
မြူနှင်းဂိုဏ်း၏ ဂိုဏ်းကြီးကြပ်သူ အကြီးအကဲ အချို့မှာ ကောင်းကင်ထက်သို့ ပျံတက်သွားပြီး ကမ္ဘားနံရံများဆီသို့ ဦးတည်တိုက်ခိုက်လိုက်ကြသည်။
တစ်ခဏမျှ ဆွံ့အသွားခဲ့ကြသော မြူနှင်းဂိုဏ်း တပည့်များသည်လည်း ချင်ယွမ်ဖုန်းရှိရာဆီသို့ အုန်းအုန်းကျွက်ကျွက် ပြေးဝင်သွားကြချေပြီ။
ကျိုးထုံသည် နောက်ဆုံးတွင် ဖုမိုချိုးထံသို့ မှီသွားပြီး သူမအား တိုက်ခိုက်ကာ ရှေ့ဆက်မတိုးနိုင်ရန် ဟန့်တားထားလိုက်နိုင်သည်။
သူသည် ဖုမိုချိုးကဲ့သို့ပင် နဝမအဆင့် မဟာဆရာနယ်ပယ်သို့ ရောက်ရှိနေသူ ဖြစ်သော်လည်း အဘိုးကျိုးထုံသည် တစ်ချိန်က ဘုရင်နယ်ပယ်အဆင့် ဖြစ်ခဲ့ဖူးသူ ဖြစ်ပေရာ တိုက်ပွဲအတွေ့အကြုံနှင့် အခြားသော အသွင်သဏ္ဌာန်များတွင် ဖုမိုချိုးထက် များစွာ သာလွန်နေသည်။
ကူရှီချိူးကမူ ရပ်မြဲအတိုင်း ရပ်နေပြီး သက်ပြင်းတစ်ချက်ကို မတတ်သာဘဲ ညည်းတွားလိုက်မိသည်။ ထိုသို့သော အခြေအနေမျိုးတွင် သူမအနေဖြင့် ဝင်ရောက်မစွက်ဖက်ခြင်းမှာပင် ချင်ယွမ်ဖုန်းအပေါ် ထားရှိနိုင်မည့် အကြီးမားဆုံးသော ကရုဏာတရား ဖြစ်နေချေပြီ။
သို့သော် မုန့်ချီလော့ကမူ ထိုသို့ မတွေးတောခဲ့ပေ။ သူမသည် ချက်ချင်းပင် လှည့်ပြန်လိုက်ပြီး ရှေးရှုပြေးဝင်လာကြသော မြူနှင်းဂိုဏ်း တပည့်များကို တစ်ကိုယ်တည်း မားမားမတ်မတ် ပိတ်ဆို့ ဟန့်တားလိုက်တော့သည်။
“စီနီယာအစ်မ၊ နင်က မြူနှင်းဂိုဏ်းကို သစ္စာဖောက်တော့မလို့လား” မြူနှင်းဂိုဏ်း တပည့်တစ်ဦးက ရှေ့သို့ လှမ်းတက်လာပြီး အေးစက်စွာ မေးမြန်းလိုက်သည်။
“ငါ ပြန်ရောက်တာနဲ့ ရက်စက်တဲ့ တားမြစ်နယ်မြေထဲ ဝင်ပြီး မြူနှင်းဂိုဏ်းကနေ နုတ်ထွက်မှာပါ။ ဒါပေမဲ့ အခုအချိန်မှာတော့ နင်တို့ထဲက ဘယ်သူမှ ချင်ယွမ်ဖုန်းကို လက်ဖျားနဲ့တောင် မတို့စေရဘူး” မုန့်ချီလော့က အေးစက်စက် လေသံဖြင့် ဆိုလိုက်ချေသည်။
ယခုအချိန်တွင် ပုံမှန်အားဖြင့် နူးညံ့သိမ်မွေ့လှသော သူမ၏ ခန္ဓာကိုယ်မှ ထက်မြက်လှသော အရှိန်အဝါများ ထွက်ပေါ်နေပြီး မြူနှင်းဂိုဏ်း တပည့် အယောက်ငါးဆယ်ကို တစ်ဦးတည်းနှင့် ပိတ်ဆို့ထားနိုင်ခဲ့သည်။
ကူရှီချိူးက လေးလံစွာ သက်ပြင်းချလိုက်မိသည်။ ရက်စက်လှသော တားမြစ်နယ်မြေဟူသည် မြူနှင်းဂိုဏ်းအတွင်း အန္တရာယ်အရှိဆုံး နေရာတစ်ခုဖြစ်ပြီး အပြစ်ကြီးလေးစွာ ကျူးလွန်မိသော တပည့်များကို အကျဉ်းချထားရာနေရာ ဖြစ်ပေသည်။
ဂိုဏ်းတော်မှ ထွက်ခွာလိုသော တပည့်များသည်လည်း ထိုတားမြစ်နယ်မြေအတွင်းသို့ ဝင်ရောက်ရမည်ဖြစ်ပြီး အကယ်၍ အသက်ရှင်လျက် ပြန်လည်ထွက်ခွာနိုင်ပါက မြူနှင်းဂိုဏ်းမှ နုတ်ထွက်ခွင့် ရရှိမည် ဖြစ်သည်။
ရေတွက်၍မရနိုင်သော နှစ်ကာလများတစ်လျှောက် ထိုရက်စက်လှသော တားမြစ်နယ်မြေထဲမှ အသက်ရှင်လျက် ထွက်လာနိုင်သူ အလွန်တရာ ရှားပါးလှပေရာ မုန့်ချီလော့ ထိုနေရာသို့ ဝင်ရောက်ခြင်းမှာ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ခြင်းနှင့် မခြားနားလှပေ။
သို့သော် ချင်ယွမ်ဖုန်းအတွက်မူ မုန့်ချီလော့သည် အရာအားလုံးကို စွန့်လွှတ်ရန် ဆုံးဖြတ်ထားခဲ့ချေပြီ။
မိမိတို့၏ တပည့်များနှင့် ဖုမိုချိုးတို့မှာ ဟန့်တားခြင်း ခံထားရသည်ကို မြင်လျှင် ကောင်းကင်ထက်သို့ ပျံတက်သွားသော ဂိုဏ်းကြီးကြပ်သူ အကြီးအကဲ အချို့မှာ လမ်းခွဲလိုက်ကြပြီး ထိုအထဲမှ နှစ်ဦးမှာ ချင်ယွမ်ဖုန်းကို ထိုနေရာ၌ပင် အပြတ်ရှင်းပစ်ရန် သန္နိဋ္ဌာန်ချလျက် ဒုန်းစိုင်း ပြေးဝင်လာကြတော့သည်။
ထိုသို့ ဖြစ်ပျက်သွားခြင်းက ကမ္ဘားနံရံပေါ်မှ ထွက်ပြေးနေကြသူများအတွက် မျှော်လင့်ချက် ရောင်ခြည်တစ်စွန်းတစ်စ ဖြစ်ပေါ်စေခဲ့သည်။
၎င်းတို့သည် ကမ္ဘားနံရံများပေါ်မှ လျင်မြန်စွာ ဆင်းသက်၍ အရူးအမူး ထွက်ပြေးကြရာ အလွန်လျင်မြန်လှသဖြင့် ဂိုဏ်းကြီးကြပ်သူ အကြီးအကဲများပင် တစ်ခဏမျှ လိုက်လံ မဖမ်းဆီးနိုင်တော့ပေ။
ချင်ယွမ်ဖုန်း၏ မျက်နှာထက်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။ သူသည် နတ်သက်ကြွေဆေးမြက်၏ အရွက်တစ်ရွက်ကို ဝါးမြိုလိုက်ရာ သူ၏ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်ချီများမှာ လျင်မြန်စွာ ပြန်လည်ပြည့်တင်းလာပြီး ဒဏ်ရာအနည်းငယ်မှာလည်း တဖြည်းဖြည်း ချောမွေ့စွာ ပျောက်ကင်းသွားချေသည်။
“ဒါက သန့်ရှင်းသော နယ်မြေလို့ ခေါ်တဲ့ မြူနှင်းဂိုဏ်းလား။ တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်သတင်းပါလား”
“ချင်လေး၊ မြန်မြန် ဒီကနေ ထွက်သွားတော့” အဘိုးကျိုးထုံက ထိုအချိန်တွင် အော်ဟစ် အချက်ပေးလိုက်သည်။ သူက ဖုမိုချိုးကို ဟန့်တားထားခြင်းမှာ ချင်ယွမ်ဖုန်း အသက်ရှင်လျက် လွတ်မြောက်သွားစေရန်အတွက်သာ ဖြစ်ပေသည်။
“ကျိုးထုံ၊ သေသေချာချာ စဉ်းစားစမ်း။ အခု ငါ့ကို ဟန့်တားတာဟာ မြူနှင်းဂိုဏ်းကို ဆန့်ကျင်တာပဲ။ ငါတို့ မြူနှင်းဂိုဏ်းက နင့်ရဲ့ ချင်ယွင်မျှော်စင်နဲ့ တိုက်ခိုက်သွားမှာ ဖြစ်တယ်” ဖုမိုချိုးက ဒေါသတကြီး အော်ဟစ်လိုက်ချေသည်။
“မိန်းမအိုကြီး၊ ငါ့ ချင်ယွင်မျှော်စင်က နင့်ကို ကြောက်နေလိမ့်မယ်လို့ ထင်နေတာလား။ ဒီနေ့တော့ ငါက ချင်လေးကို ကာကွယ်ပေးသွားမှာပဲ” အဘိုးကျိုးထုံက အေးစက်စွာ တုံ့ပြန်လိုက်သည်။
ထျန်းချင်းသည် ချင်ယွမ်ဖုန်းရှိရာဆီသို့ လျင်မြန်စွာ ပြေးဝင်လာခဲ့သည်။ ချင်ယွမ်ဖုန်းသည် ပြင်းထန်စွာ ဒဏ်ရာရရှိထားသည်ကို သူ မြင်တွေ့နိုင်သဖြင့် ချင်ယွမ်ဖုန်းကို ဤနေရာမှ အမြန်ဆုံး ခေါ်ထုတ်သွားချင်နေခြင်း ဖြစ်သည်။
သို့သော် ထိုအချိန်တွင် ကောင်းကင်ထက်၌ ပျံသန်းနေသော ချင်ယွမ်ဖုန်းသည် ခြောက်ကပ်ပြီး အေးစက်လှသော ရယ်မောသံတစ်ခုကို လွှတ်ထုတ်လိုက်ချေသည်။
“အဘိုးကျိုးထုံ၊ ကျေးဇူးတင်ပါတယ်။ ဒီလူတွေရဲ့ အရှက်မဲ့တဲ့ မျက်နှာတွေကို ကျွန်တော် မှတ်ထားပြီး နောင်တစ်ချိန်မှာ ဆယ်ဆပြန်ပြီး ပေးဆပ်စေရမယ်” ချင်ယွမ်ဖုန်းက လေးလံစွာ ဆိုလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်မှ စူးရှတောက်ပသော အလင်းတန်းများ ဖြာထွက်လာတော့သည်။
ဖုမိုချိုးသည် တစ်ခုခု လွဲချော်နေပြီဟု အလိုလို သိရှိသွားကာ စိုးရိမ်ပူပန်သွားရသည်။
“မြူနှင်းဂိုဏ်းက ဂိုဏ်းကြီးကြပ်သူ အကြီးအကဲတွေ အားလုံး၊ ချင်ယွမ်ဖုန်းကို သတ်ပစ်ဖို့ အစွမ်းကုန် ကြိုးစားကြစမ်း”
ဘေးမှကြည့်ရှုသူများဆီသို့ ဦးတည်နေကြသော ထိုဂိုဏ်းကြီးကြပ်သူ အကြီးအကဲများသည် ထိုအမိန့်ကို ကြားလျှင် ချက်ချင်း လှည့်ပြန်လာကြပြီး ချင်ယွမ်ဖုန်းရှိရာသို့ ပျံသန်းလာကြချေပြီ။
ယခု အခြေအနေမှာ သေလမ်းသို့ ရောက်ရှိနေသကဲ့သို့ ဖြစ်နေပြီး ချင်ယွမ်ဖုန်း၌ မည်မျှပင် ကြီးမားသော စွမ်းပကားများ ရှိနေပါစေဦးတော့ ဤနေရာမှ လွတ်မြောက်နိုင်ရန် မလွယ်ကူတော့ပေ။
ဘေးမှကြည့်ရှုသူများ၏ အမြင်တွင်မူ ချင်ယွမ်ဖုန်းသည် ယခုအချိန်၌ ထွက်ပြေးခြင်းမရှိဘဲ တောင့်ခံထားခြင်းမှာ ၎င်းတို့ ထွက်ပြေးလွတ်မြောက်နိုင်ရန်အတွက် အချိန်ဆွဲပေးနေခြင်းသာ ဖြစ်သည်ဟု ထင်မြင်သွားကြသည်။
“ချင်ယွမ်ဖုန်းက ကောလာဟလတွေထဲကအတိုင်း တကယ့်ကို ကြီးမြတ်တဲ့ ဖြောင့်မတ်ခြင်း တရား ရှိတာပဲ”
“ဟုတ်ပ၊ ဒီလို ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့ စိတ်ဓာတ်မျိုး။ ချင်ယွမ်ဖုန်းက တကယ့်ကို ဒီလိုလူစားမျိုး ဖြစ်လိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးမိခဲ့ဘူး”
“ချင်ယွမ်ဖုန်း၊ စိတ်အေးအေးထားပါ။ ဒီနေရာမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ငါတို့တွေ မူလအတိုင်း သတင်းဖြန့်ချိပေးပြီး မြူနှင်းဂိုဏ်းရဲ့ အရှက်မဲ့မှုကို တစ်တိုက်လုံး သိအောင် လုပ်ပေးမယ်”
ဘေးမှကြည့်ရှုသူအားလုံးသည် နက်နက်ရှိုင်းရှိုင်း စိတ်လှုပ်ရှားသွားကြရပြီး ထိုအကြောင်းအရာကို ရှန်းဝူ စကြဝဠာ တိုက်ကြီးတစ်ခုလုံး မြူနှင်းဂိုဏ်း၏ တကယ့်ရုပ်မှန်ကို သိရှိစေရန် သတင်းဖြန့်ဝေကြမည်ဟု သန္နိဋ္ဌာန်ချလိုက်ကြတော့သည်။
ထို့ကြောင့် ၎င်းတို့သည် ပို၍ပင် လျင်မြန်စွာ ထွက်ပြေးကြချေတော့သည်။
“ချင်လေး၊ မင်း ဘာလုပ်နေတာလဲ။ မြန်မြန်ပြေးတော့လေ”
ဂိုဏ်းကြီးကြပ်သူ အကြီးအကဲ ခုနစ်ဦး ရှစ်ဦးခန့် ချင်ယွမ်ဖုန်းရှိရာသို့ ပြေးဝင်လာသည်ကို မြင်လျှင် အဘိုးကျိုးထုံသည်လည်း စိုးရိမ်မကင်း ဖြစ်သွားရသည်။
အကယ်၍ ယခုအချိန်တွင် မပြေးပါက ချင်ယွမ်ဖုန်းအနေဖြင့် တကယ့်ကို လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။
ထိုဂိုဏ်းကြီးကြပ်သူ အကြီးအကဲများ၏ ကျင့်စဉ်အဆင့်မှာ မဟာဆရာနယ်ပယ် အထက်တွင်သာ ရှိကြပေရာ အဘိုးကျိုးထုံတစ်ဦးတည်းအနေဖြင့် ၎င်းတို့အားလုံးကို ကြားဖြတ် ဟန့်တားနိုင်ရန် မဖြစ်နိုင်ပေ။
ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီး “အဘိုး၊ ကျေးဇူးပြုပြီး ဒီနေရာကနေ မြန်မြန် ထွက်သွားပေးပါ။ သူတို့ ကျွန်တော့်ကို သတ်ချင်ရင်တော့ တန်ဖိုးတစ်ခုခုကို ပေးဆပ်ရပါလိမ့်မယ်”
သူ ပြောဆိုနေစဉ်မှာပင် ချင်ယွမ်ဖုန်း၏ ညာလက်ဝါးမှ မီးလျှံများ တောက်လောင်လာပြီး ဘယ်လက်ဝါးမှ ရွှေရောင်မိုးကြိုးလျှပ်စီးများ ထွက်ပေါ်လာချေသည်။
ချင်ယွမ်ဖုန်းသည် သူ၏ခန္ဓာကိုယ်အတွင်း ယခုလေးတင် ပြန်လည်ပြည့်တင်းလာသော ဝိညာဉ်ချီအားလုံးကို စုစည်းလိုက်တော့သည်
ပြင်းထန်လှသော စွမ်းအားနှစ်ရပ်မှာ စဉ်ဆက်မပြတ် ပေါင်းစပ်သွားပြီး နုနယ်လှ
သော ဟန်ချက်ညီမှုကို ထိန်းသိမ်းထားချေသည်။
ယင်းတို့အတွင်း၌ ပါရှိသော စွမ်အားကြောင့် ဖုမိုချိုး၏ မျက်နှာအမူအရာမှာ သိသိသာသာ ပျက်ယွင်းသွားရတော့သည်။
“ကျိုးထုံ၊ ငါ့လမ်းက ဖယ်စမ်း”
ဖုမိုချိုးသည် ရူးသွပ်နေသော မိန်းမတစ်ဦးကဲ့သို့ အဘိုးကျိုးထုံကို တိုက်ခိုက်တော့သည်။
သို့သော် အဘိုးကျိုးထုံက သူမ၏ တိုက်ကွက်များကို အလွယ်တကူပင် ဖြေဖျောက်လိုက်နိုင်သည်။
“ချင်လေး ငါ မင်းအတွက် သူတို့ကို ခဏလောက် ထပ်ပြီး တောင့်ခံထားပေးမယ်” အဘိုးကျိုးထုံက ရယ်မောလျက် ဆိုလိုက်သည်။
ချင်ယွမ်ဖုန်းသည် အလွန်အန္တရာယ်များသော တိုက်ခိုက်ရေးပညာတစ်ခုကို အသုံးပြုနေခြင်းဖြစ်ကြောင်း သူ သိမြင်နိုင်ခဲ့ချေသည်။
မြေပြင်ပေါ်သို့ ကျရောက်သွားခဲ့သော ချင်ဝူယန်းသည် ကောင်းကင်ထက်ရှိ ချင်ယွမ်ဖုန်းကို ငေးမောစွာ ကြည့်ရှုနေမိသည်။
ယခုကဲ့သို့သော အခြေအနေမျိုးသို့ ရောက်ရှိနေသည့်တိုင်အောင် ချင်ယွမ်ဖုန်းသည် ရန်သူကို ပြန်လည်သတ်ဖြတ်ရန် ကြံစည်နေဆဲဖြစ်လိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့မိပေ။
ဧရာမ မိုးကြိုးမီးလျှံ ဗုံးသီးကြီးတစ်ခုသည် ချင်ယွမ်ဖုန်း၏ လက်နှစ်ဖက်ကြားတွင် ပေါ်ပေါက်လာချေပြီ။ ယင်းမှာ သူ၏ဘဝသက်တမ်းတစ်လျှောက်တွင် သူ၏ ဝိညာဉ်ချီအားလုံးကို အသုံးပြုပြီး မိမိ၏ ဇီဝအသက်စွမ်းအားကိုပင် လောင်ကျွမ်းစေလျက် ဖန်တီးခဲ့သည့် အစွမ်းထက်ဆုံးသော မိုးကြိုးမီးလျှံ ဗုံးသီးကြီး ဖြစ်ပေသည်။
ထိုဗုံးသီးကြီး စုစည်းပြီးသွားသောအခါ ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ထက်ပင် ပိုမိုကြီးမားနေပြီး သူ၏ လက်နှစ်ဖက်ဖြင့်ပင် မနည်းပွေ့ပိုက်ထားရချေသည်။
၎င်းသည် ချင်ယွမ်ဖုန်း ဖန်တီးခဲ့ဖူးသမျှ အကြီးမားဆုံးသော မိုးကြိုးမီးလျှံ ဗုံးသီးဖြစ်ပြီး တကယ့်ကို မိုးကြိုးမီးလျှံ ဗုံးသီး အဆင့်မြှင့်တင်ခြင်းပင် ဖြစ်တော့သည်။
ထိတ်လန့်ဖွယ်ကောင်းလှသော အရှိန်အဝါတစ်ခုမှာ မိုးကြိုးမီးလျှံ ဗုံးသီးကြီးမှ ထွက်ပေါ်လာရာ ရောက်ရှိလာကြသော မြူနှင်းဂိုဏ်း၏ ဂိုဏ်းကြီးကြပ်သူ အကြီးအကဲများမှာ ကြက်သေသေသွားကြရသည်။
ခရမ်းရောင်နှင့် ရွှေရောင်တို့၏ ပေါင်းစပ်မှုကြောင့် ထိုမိုးကြိုးမီးလျှံ ဗုံးသီးကြီးမှာ ယခုအချိန်တွင် အလွန်တရာ နက်မှောင်သော အရောင်အသွေးအဖြစ် ပြောင်းလဲသွားချေပြီ။
“မြူနှင်းဂိုဏ်း၊ အကယ်၍ ငါ ချင်ယွမ်ဖုန်း ဒီနေ့ မသေဘူးဆိုရင် နောင်တစ်ချိန်မှာ ဒီနေ့ ငါ့အပေါ် ပြုမူခဲ့တဲ့ လုပ်ရပ်တွေအတွက် အဆတစ်ရာ ပြန်ပြီး ပေးဆပ်စေရမယ်”
ချင်ယွမ်ဖုန်း၏ အေးစက်လှသော အသံမှာ ချိုင့်ဝှမ်းတစ်ခုလုံးတွင် ဟိန်းထွက်သွားပြီး ဖုမိုချိုး အပါအဝင် မြူနှင်းဂိုဏ်း၏ ဂိုဏ်းကြီးကြပ်သူ အကြီးအကဲများ အားလုံးမှာ ထိုအချိန်တွင် ရင်ထဲ၌ အေးစက်တုန်လှုပ်သွားကြရတော့သည်။