← Chapters

အခန်း ၅၉၉

Vol. 30 Ch. 599

အခန်း ၅၉၉

Vol. 30 Ch. 599

အခန်း (၅၉၉) - အားအင်ချိနဲ့သူ

သွေးပေါက်ကွဲခြင်း ပညာရပ်ကို အသုံးပြုပြီးနောက် ခံစားရသည့် ဘေးထွက်ဆိုးကျိုးက ချက်ချင်းဆိုသလိုပင် ရောက်ရှိလာချေသည်။

ထို့ကြောင့် ချင်ယွမ်ဖုန်းသည် မျက်တောင်တစ်ချက် ခတ်နိုင်ရန်အတွက်ပင် ကိုယ်တွင်းရှိ အားအင်အားလုံးကို စုစည်းနေရ၏။

ယခုအချိန်၌ ချင်ယွမ်ဖုန်းသည် သူ၏ဘဝတွင် အားအင်အချိနဲ့ဆုံး အခြေအနေသို့ ရောက်ရှိနေသည်ဟု ဆိုရပေမည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် သူသည် လူသူမသိသော လျှို့ဝှက်သည့် နေရာတစ်ခုသို့ ကျဆင်းခဲ့ရသဖြင့် ထိုနေရာတွင် လူတစ်ယောက် လဲလျောင်းနေသည်ကို မည်သူမျှ မသိရှိကြချေ။

ချင်ယွမ်ဖုန်း၏ ပြန်လည်ကုသနိုင်စွမ်းက အလွန်ပင် ထက်မြက်လှသော်လည်း ယင်းကဲ့သို့သော ဒဏ်ရာမျိုးကိုမူ သူကိုယ်တိုင်ပင် တတ်နိုင်ခြင်းမရှိဘဲ ဖြည်းညှင်းစွာ ပြန်လည်ကောင်းမွန်လာမည့် အချိန်ကိုသာ စောင့်ဆိုင်းနေရတော့သည်။

“ ရုတ်တရက်တာဝန် ပြီးဆုံးပါပြီ။”

စနစ်ဖြစ်သော ရှောင်လင်၏ အသံသည် ချင်ယွမ်ဖုန်း၏ စိတ်ဝိညာဉ်နယ်ပယ်အတွင်း၌ ရုတ်တရက် ထွက်ပေါ်လာချေသည်။

ချင်ယွမ်ဖုန်း၏ မျက်နှာထက်တွင် ဝမ်းသာပီတိဖြစ်မှုများ လွှမ်းမိုးသွားရ၏။ စနစ်ဖြစ်သော ရှောင်လင်က ချင်ဝူယန်းကို အနိုင်ယူရမည်ဟူသော ရုတ်တရက်တာဝန်ကို သူ့အား စတင်ပေးအပ်ခဲ့သည့် နေ့မှစ၍ ချင်ယွမ်ဖုန်းသည် ယခုကဲ့သို့သော နေ့ရက်မျိုး ရောက်ရှိလာရန် မျှော်လင့်စောင့်စားခဲ့ရခြင်း ဖြစ်ပေသည်။

သူ သိလိုသည်က ယခုကဲ့သို့ ရုတ်တရက်တာဝန်ကို အောင်မြင်စွာ ပြီးဆုံးသွားသည့်အတွက် မည်သို့သော ဆုလာဘ်မျိုးကို ရရှိမည်နည်း ဟူ၍သာ ဖြစ်၏။

“သခင်။ ဆုလာဘ်ကို ရယူချင်ပါသလား။”

ရှောင်လင်၏ အသံက ထပ်မံထွက်ပေါ်လာပြန်သည်။

ချင်ယွမ်ဖုန်းသည် သူ၏စိတ်အာရုံထဲ၌ ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်ပြီး “ရယူရမှာပေါ့။ ငါတို့ ဘာကို စောင့်နေရဦးမှာလဲ။” ဟု ဆိုလိုက်ချေသည်။

“ရုတ်တရက်တာဝန် ပြီးဆုံးပါပြီ။ သခင် ခံစားနေရတဲ့ ဒဏ်ရာတွေက အလွန်ပြင်းထန်နေတာကို စနစ်က သိရှိရတဲ့အတွက် ဒီဆုလာဘ်ကို ဒဏ်ရာကုသမှုအဖြစ် ပြောင်းလဲပြီး လဲလှယ်ချင်ပါသလား။”

ရှောင်လင်၏ အသံက တစ်ဖန် ပေါ်ထွက်လာပြန်၏။

ချင်ယွမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားရသည်။

စနစ်တွင် လူသားများ၏ ဒဏ်ရာကို ကုသပေးနိုင်သည့် စွမ်းဆောင်ချက်မျိုး ရှိနေသည်ကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်ပေရာ ထိုသို့သော အခြေအနေကြောင့် အံ့အားသင့်သွားရခြင်း ဖြစ်ချေသည်။

“ဒါဆို ငါ အရင်မေးပါရစေဦး။ ဒီရုတ်တရက်တာဝန်ရဲ့ ဆုလာဘ်က ဘာလဲ။”

ချင်ယွမ်ဖုန်းက အလျင်အမြန်ပင် မေးမြန်းလိုက်သည်။

“အဆင့်ရှစ် ဝိညာဉ်ဆေးပင် တစ်ပင်ကို ကျပန်းရရှိမှာပါ။”

ရှောင်လင်က တည်ငြိမ်အေးဆေးစွာပင် ပြန်လည်ဖြေကြားခဲ့၏။

ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိသည်။ အဆင့်ရှစ် ဝိညာဉ်ဆေးပင် တစ်ပင်ဟူသည် မည်မျှအစွမ်းထက်သည့် ဝိညာဉ်ဆေးပင် ဖြစ်မည်ကို မည်သူမျှ မခန့်မှန်းနိုင်ချေ။

ယင်းဆေးပင်၌ ချင်ယွမ်ဖုန်း စုပ်ယူနိုင်မည့် ပြင်းထန်သော ဓာတ်စွမ်းအင်များ ပါရှိနေမည်မှာ အမှန်ပင် ဖြစ်ပေသည်။

သို့သော် နှမြောစရာကောင်းလှသည်က ယခုအချိန်၌ ဒဏ်ရာများကို ကုသခြင်းက ပို၍ တွက်ခြေကိုက်မည့်ပုံ ရှိနေခြင်းပင်။

အဘယ်ကြောင့်ဆိုသော် သူ ရရှိထားသည့် ဒဏ်ရာများနှင့် သွေးပေါက်ကွဲခြင်း ပညာရပ်ကြောင့် ဖြစ်ပေါ်လာသော ဘေးထွက်ဆိုးကျိုးများအရ သူသည် ယခုနေရာတွင် ဆယ်ရက် သို့မဟုတ် လဝက်ခန့် လဲလျောင်းနေရလျှင်ပင် ပြန်လည်မတ်တတ်ရပ်နိုင်ရန် ခဲယဉ်းလှပေရာ ထိုသို့သော ဆုံးဖြတ်ချက်ကို ချမှတ်ရခြင်း ဖြစ်တန်ရာသည်။

“ငါ ဒဏ်ရာကုသမှုကိုပဲ ရွေးချယ်မယ်။”

ချင်ယွမ်ဖုန်းက နှမြောတသဖြစ်နေသည့် လေသံဖြင့် ပြောကြားလိုက်ချေသည်။

ရှောင်လင်သည် ချင်ယွမ်ဖုန်း၏ စိတ်အာရုံထဲ၌ ပေါ်လာပြီး ပြုံးရွှင်စွာဖြင့် “သခင် ခံစားနေရတဲ့ ဒဏ်ရာတွေက ပြင်းထန်လွန်းတဲ့အတွက် ရုတ်တရက်တာဝန်ရဲ့ ဆုလာဘ်က သခင် ခံစားနေရတဲ့ ဒဏ်ရာတွေရဲ့ ဆယ်ရာခိုင်နှုန်းကိုပဲ ကုသပေးနိုင်မှာပါ တာပေါ့။” ဟု ဆိုလိုက်သည်။

“ဆယ်ရာခိုင်နှုန်းပဲလား။”

ချင်ယွမ်ဖုန်း၏ မျက်လုံးများ အံ့အားသင့်စွာ ပြူးကျယ်သွားရပြီး “မဖြစ်နိုင်ဘူး။ ဒါဆိုရင်တော့ ငါ ဝိညာဉ်ဆေးပင်ကိုပဲ ယူတော့မယ်။” ဟု အော်ဟစ်လိုက်တော့သည်။

ရှောင်လင်သည် ကောက်ကျစ်စဉ်းလဲသော ကုန်သည်တစ်ဦးကဲ့သို့ မျက်နှာပေးမျိုးဖြင့် ချင်ယွမ်ဖုန်းကို ကြည့်ရှုလိုက်ပြီး “မရတော့ပါဘူး။ သခင်က လဲလှယ်မှုကို အတည်ပြုပြီးသွားပါပြီ။ အခုကစပြီး ဒဏ်ရာကုသမှုကို စတင်ပါတော့မယ်။” ဟု ဆိုချေသည်။

“ငါ တကယ်မုန်းတာပဲ။”

ချင်ယွမ်ဖုန်းသည် စိတ်ပျက်အားလျော့စွာဖြင့် ညည်းတွားလိုက်မိတော့သည်။

သူ ထင်မှတ်ထားသည်က ထိုကုသမှုသည် သူ၏ဒဏ်ရာအားလုံးကို အပြီးတိုင် ပျောက်ကင်းအောင် ကုသပေးနိုင်လိမ့်မည်ဟူ၍ ဖြစ်၏။ သို့သော် ဆယ်ရာခိုင်နှုန်းမျှသာ ကုသပေးနိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

သို့သော် လဲလှယ်မှုက ပြီးဆုံးသွားခဲ့ပြီ ဖြစ်ရာ ပြန်လည်ပြင်ဆင်ရန် မည်သို့မျှ မတတ်နိုင်တော့ပေ။ ထိုအချိန်တွင် စိမ်းလန်းသော အလင်းတန်းတစ်ခုသည် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ထက်၌ ပေါ်ထွက်လာပြီး သူ့အား လျင်မြန်စွာ ဖုံးလွှမ်းသွားချေသည်။

ချင်ယွမ်ဖုန်းသည် သူ၏ဒဏ်ရာများ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်ကို ခံစားလိုက်ရပြီး မကြာမီအချိန်၌ သူသည် ပြန်လည်မတ်တတ်ရပ်နိုင်ပြီဟု ခံစားလိုက်ရသော်လည်း ထိုဒဏ်ရာကုသမှုသည် ချက်ချင်းဆိုသလိုပင် ရုတ်တရက် ရပ်တန့်သွားခဲ့၏။

“ဒါက တကယ့်ကို လိမ်ညာတာပဲ။ ဒါက တကယ်ပဲ ဆယ်ရာခိုင်နှုန်း ဟုတ်လို့လား။”

ချင်ယွမ်ဖုန်းသည် မကျေမနပ်ဖြင့် ညည်းညူခြင်းကို မလုပ်ဘဲ မနေနိုင်တော့ချေ။

ယခုအချိန်၌ သူ၏ခန္ဓာကိုယ်သည် ခွန်အားအချို့ ပြန်လည်ရရှိလာပြီ ဖြစ်သော်လည်း ယင်းက သူ မတ်တတ်ရပ်နိုင်ရုံမျှသာ ရှိသေး၏။ သူ၏ ကိုယ်တွင်းစွမ်းအင်၊ ခွန်အားနှင့် ဝိညာဉ်စွမ်းအားတို့သည်ကား လုံးဝ ခမ်းခြောက်နေသည့် အခြေအနေ၌သာ ရှိနေဆဲ ဖြစ်ပေသည်။

ရှောင်လင်သည် ချင်ယွမ်ဖုန်း၏ စိတ်အာရုံထဲတွင် မတတ်သာသည့် မျက်နှာပေးမျိုးဖြင့် ပေါ်လာပြီး “သခင်။ သခင် ခံစားနေရတဲ့ ဒဏ်ရာတွေက ဘယ်လောက်အထိ ပြင်းထန်နေလဲဆိုတာ သခင်ကိုယ်တိုင် မသိဘူးလား။ ကျွန်မက သခင် ခံစားနေရတဲ့ ဒဏ်ရာအားလုံးရဲ့ ဆယ်ရာခိုင်နှုန်းကို ကုသပေးခဲ့တာပါ။” ဟု ဆိုလိုက်သည်။

“ဒါ့အပြင် ကျွန်မက သခင် ရင်ဆိုင်နေရတဲ့ အားအင်ချိနဲ့တဲ့ အချိန်ကာလကိုလည်း ဖြတ်ကျော်နိုင်အောင် ကူညီပေးခဲ့ပါသေးတယ်။ မဟုတ်ရင် သခင် အခုအချိန်မှာ မတ်တတ်ရပ်နိုင်ဖို့တောင် မသေချာပါဘူး ပါလား။”

ရှောင်လင်က ပြောရင်းဖြင့် မျက်လုံးစုံမှိတ်ပြလိုက်ချေသည်။

ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက် ချလိုက်မိ၏။ သူ ခံစားနေရသည့် ဒဏ်ရာများ မည်မျှအထိ ပြင်းထန်သည်ကို သူကိုယ်တိုင်လည်း သိရှိပေရာ ယခုကဲ့သို့ ပြန်လည်မတ်တတ်ရပ်နိုင်ခြင်းကပင် ဆယ်ရာခိုင်နှုန်းထက် ကျော်လွန်နေပြီဖြစ်ကြောင်း နားလည်လိုက်သည်။

သို့သော် သူသည် ရှောင်လင်အား အခွင့်အရေး ရတုန်းတွင် လွယ်လွယ်ဖြင့် အလွတ်မပေးလိုသဖြင့် “မည်းမှောင်နေတာပဲ။ တကယ့်ကို မည်းမှောင်လွန်းတယ်။ လောကမှာရှိတဲ့ ကုန်သည်တွေ အားလုံးက နှလုံးသား မည်းမှောင်ကြတာ ထုံးစံပဲကိုး။” ဟု ဆိုလိုက်သည်။

ရှောင်လင်သည် မခံမရပ်နိုင်ဖြစ်ကာ ငိုချင်စိတ် ပေါက်သွားရပြီး “သခင်က ဘာလို့ အဲဒီလို ပြောရတာလဲ။ ကျွန်မက အခြေအနေတွေ အလွန်စိုးရိမ်ရတာကို မြင်လို့ သခင့်အတွက် ဝိညာဉ်ရှာဖွေခြင်းဆေးလုံးကိုတောင် ပြင်ဆင်ပေးထားတာပါ။” ဟု ပြန်လည်ပြောကြားလိုက်၏။

“ဝိညာဉ်ရှာဖွေခြင်းဆေးလုံး ဟုတ်လား။”

ချင်ယွမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားရသည်။

ထိုဆေးလုံးသည် ဝိညာဉ်စွမ်းအားကို ပြန်လည်ဖြည့်တင်းပေးနိုင်သည့် အဆင့်ခြောက် အဖိုးတန်ဆေးလုံးတစ်လုံး ဖြစ်ပေရာ ချင်ယွမ်ဖုန်းက ချက်ချင်းပင် သတိပြုမိသွားပြီး “နေဦး။ အခြေအနေက စိုးရိမ်ရတယ်ဆိုတာ ဘာကို ပြောတာလဲ။” ဟု မေးမြန်းလိုက်ချေသည်။

“အလွန်အန္တရာယ်ကြီးတဲ့ အခြေအနေပေါ့။”

ရှောင်လင်က ရယ်မောလိုက်ပြီး “ဒီဝိညာဉ်ရှာဖွေခြင်းဆေးလုံးက ကျွန်မက သခင့်ကို ပေးတဲ့ လက်ဆောင်ပါ။ အခု နောက်ထပ် ရုတ်တရက်တာဝန်တစ်ခု စတင်ပါပြီ၊ အဲဒါကတော့ လိုက်လံသတ်ဖြတ်မှုကို ရှောင်တိမ်းဖို့ပါပဲ။” ဟု ပြောကြားလိုက်သည်။

“လိုက်လံသတ်ဖြတ်မှု ဟုတ်လား။ ဘယ်သူက ငါ့ကို လိုက်သတ်ချင်နေတာလဲ။”

ချင်ယွမ်ဖုန်း၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားရသော်လည်း ရှောင်လင်သည်ကား ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကာ သူ၏လက်ထဲတွင်မူ ဝိညာဉ်ရှာဖွေခြင်းဆေးလုံး တစ်လုံးသာ ရောက်ရှိနေတော့သည်။

“ တုန်ကော်ထံမှ အာဃာတတန်ဖိုး +၁၀၀”

“ ရှီးလျူထံမှ အာဃာတတန်ဖိုး +၁၀၀”

ချင်ယွမ်ဖုန်းသည် ဝိညာဉ်ရှာဖွေခြင်းဆေးလုံးကို အလျင်အမြန်ပင် မျိုချလိုက်ချေသည်။

ယင်းက အဆင့်ခြောက် ဆေးလုံးတစ်လုံး ဖြစ်သည့်အတိုင်း ချင်ယွမ်ဖုန်း၏ စိတ်ဝိညာဉ်ကို ချက်ချင်းပင် အာဟာရဖြစ်စေပြီး သူ၏ ဝိညာဉ်စွမ်းအား အချို့ကို ပြန်လည်ဖြည့်တင်းပေးလိုက်၏။

ဤမျှလောက်သော ဝိညာဉ်စွမ်းအားသည် ဒုတိယအဆင့် မဟာဆရာနယ်ပယ်၏ စွမ်းအားနှင့် အကြမ်းဖျင်း တူညီလှပေရာ ယခုအချိန်၌ ချင်ယွမ်ဖုန်း ရှိနေသည့် ကျင့်စဉ်အဆင့်နှင့် အလွန်ပင် ကိုက်ညီလှပေသည်။

ထိုအကြောင်းအရာများကို ဂရုမစိုက်နိုင်တော့ဘဲ ချင်ယွမ်ဖုန်းသည် သူ၏ဝိညာဉ်စွမ်းအားကို ချက်ချင်းပင် အပြင်သို့ ဖြန့်ကြက်လိုက်၏။

ယခုအကြိမ်တွင် သူ၏ ဝိညာဉ်စွမ်းအား ဖြန့်ကြက်နိုင်သည့် အတိုင်းအတာသည် အလွန်ပင် သေးငယ်လှပြီး အချင်းဝက် မီတာ ရှစ်ရာခန့်မျှသာ ရှိချေသည်။

သို့သော် သူ၏ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် ချင်ယွမ်ဖုန်းသည် ခိုးကြောင်ခိုးဝှက် ဝင်ရောက်လာသည့် လူရိပ်နှစ်ခုကို ချက်ချင်းပင် သတိပြုမိသွားတော့သည်။

“ဒါက...”

ချင်ယွမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားရပြီး သူ၏နှလုံးသားထဲတွင် မကောင်းသော နိမိတ်တစ်ခု ဖြစ်ပေါ်လာရ၏။

သို့သော် ထိုလူရိပ်နှစ်ခုသည်လည်း ချင်ယွမ်ဖုန်း၏ ဝိညာဉ်စွမ်းအားဖြင့် စူးစမ်းမှုကို ရုတ်တရက် သတိပြုမိသွားပုံ ရချေသည်။ သူတို့၏ ခန္ဓာကိုယ်များသည် ချက်ချင်းဆိုသလိုပင် အရည်များကဲ့သို့ ပြောင်းလဲသွားပြီး မြေပြင်ထက်ရှိ အရိပ်များအတွင်းသို့ ပေါင်းစပ်သွားကာ ချင်ယွမ်ဖုန်း ရှိရာဘက်သို့ လျင်မြန်စွာ ပြေးဝင်လာကြတော့သည်။

“ယမမင်း လူသတ်သမားတွေပဲ။”

ချင်ယွမ်ဖုန်းသည် သူ၏နှလုံးသားထဲမှ ခန့်မှန်းချက်ကို အတည်ပြုလိုက်နိုင်ချေသည်။

သူသည် သေဘေးမှ သီသီလေး လွတ်မြောက်လာခဲ့ပြီးခါစတွင် ယမမင်း လူသတ်သမားများနှင့် ထပ်မံ၍ ရင်ဆိုင်ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ယင်းက တကယ့်ကိုပင် ဝံပုလွေတွင်းမှ လွတ်မြောက်ပြီး ကျားတွင်းသို့ သက်ဆင်းရခြင်းမျိုးပင် ဖြစ်တော့သည်။

ထို့အပြင် ထိုယမမင်း လူသတ်သမားနှစ်ဦး၏ ကျင့်စဉ်အဆင့်သည် ဘိုးဘေးနယ်ပယ်အဆင့်၌ ရှိနေကြချေသည်။

အကယ်၍ ယခင်ကဆိုလျှင် ချင်ယွမ်ဖုန်းအနေဖြင့် သူတို့ကို လုံးဝ ကြောက်ရွံ့နေမည် မဟုတ်သော်လည်း ယခုအချိန်၌မူ သူသည် မည်သို့သော ခုခံနိုင်စွမ်းမျိုး ရှိနေဦးမည်နည်း။

ထိုယမမင်း လူသတ်သမားနှစ်ဦးသည် ဝိညာဉ်စွမ်းအားကို တိကျစွာ ခံစားနိုင်ပုံရသဖြင့် ချင်ယွမ်ဖုန်း၏ ဝိညာဉ်စွမ်းအားဖြင့် စူးစမ်းမှုကို သိရှိသွားကြပြီး ထိုဝိညာဉ်စွမ်းအားနောက်သို့ လိုက်လံကာ ချင်ယွမ်ဖုန်း ရှိရာနေရာကို ရှာဖွေတွေ့ရှိသွားခြင်း ဖြစ်ပေသည်။

ချင်ယွမ်ဖုန်းသည် လျှပ်စီးလက်သည့်အလား သူ၏ဝိညာဉ်စွမ်းအားကို ချက်ချင်းပင် ပြန်လည်ရုပ်သိမ်းလိုက်ပြီး တုံ့ပြန်မည့် နည်းလမ်းကို စတင်စဉ်းစားရတော့သည်။

ယခုအချိန်၌ သူသည် ရှောင်လင်၏ ကုသပေးမှုကြောင့် ပြန်လည်မတ်တတ်ရပ်နိုင်ပြီ ဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်အတွင်းရှိ ကိုယ်တွင်းစွမ်းအင်များမှာမူ ခမ်းခြောက်နေဆဲ ဖြစ်ချေသည်။

သူ၏ခန္ဓာကိုယ်ထက်တွင် ဒဏ်ရာအမြောက်အမြား ရှိနေပြီး ထိုဒဏ်ရာများမှ သွေးများ မစီးဆင်းတော့လျှင်ပင် မြင်တွေ့ရသည်မှာ အလွန်ပင် ထိတ်လန့်ဖွယ်ရာ ကောင်းလှပေသည်။

ယင်းက အရေးကြီးဆုံး အချက်မဟုတ်သေးချေ။ ချင်ယွမ်ဖုန်း၏ ကိုယ်တွင်းဒဏ်ရာများသည်လည်း အလွန်ပင် ပြင်းထန်လှ၏။ ချင်ဝူယန်းနှင့် စိန်ခေါ်ပွဲ ဖြစ်ပွားနေစဉ်အတွင်း သူသည် ဖုမိုချိုး၏ တိုက်ခိုက်မှုကြောင့် နှလုံးသားကိုပင် ဖောက်ထွင်းခြင်း ခံခဲ့ရသေးသည်။

သူ၏ ပြင်းထန်သော ဇီဝအသက်စွမ်းအားကြောင့်သာ သူသည် နှလုံးသား ဖောက်ထွင်းခံရသည့် အချိန်တွင် ကိုယ်တွင်းစွမ်းအင်ကို အသုံးပြု၍ ဒဏ်ရာကို ချက်ချင်း ပိတ်ဆို့နိုင်ခဲ့ခြင်း ဖြစ်ပြီး နတ်သက်ကြွေဆေးမြက်၏ အရွက်များကိုလည်း စားသုံးခဲ့သောကြောင့် ယခုအချိန်၌ ဒဏ်ရာက မစိမ့်ရုံမျှသာ ရှိတော့သည်။

အကယ်၍ သူက ပြင်းထန်စွာ လှုပ်ရှားလိုက်ပါက ဒဏ်ရာသည် ပြန်လည်ပွင့်ထွက်သွားနိုင်ချေ ရှိပေသည်။

အတိုချုပ်ဆိုရလျှင် ချင်ယွမ်ဖုန်း၏ ယခုလက်ရှိ အခြေအနေသည် အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိနေခြင်း ဖြစ်ပေသည်။

အဘိုးအိုသူတောင်းစား လျိုချီက ယမမင်း လူသတ်သမားများသည် သူ့အား လာရောက်နှောင့်ယှက်လိမ့်မည်ဟု ကြိုတင်သတိပေးခဲ့ဖူးသော်လည်း သူတို့၏ အစီအစဉ်က စိန်ခေါ်ပွဲအပြီးတွင်မှ တိုက်ခိုက်ရန် ဖြစ်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။

ချင်ယွမ်ဖုန်း အနိုင်ရသည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ စိန်ခေါ်ပွဲအပြီးတွင် သူသည် အားအင်အချိနဲ့ဆုံး အခြေအနေသို့ ရောက်ရှိနေမည် ဖြစ်ရာ ထိုလူသတ်သမားများသည် ထိုအချိန်ကို အခွင့်ကောင်းယူ၍ ချင်ယွမ်ဖုန်းကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းကြခြင်း ဖြစ်တန်ရာသည်။

All Chapters