အခန်း ၆၀၀
Vol. 30 Ch. 600
အခန်း (၆၀၀) တောင်တန်းဒေသတွင်းမှ တိုက်ပွဲ
သို့ရာတွင် ယမမင်းအဖွဲ့အစည်းမှ ထိုလူသတ်သမားနှစ်ဦးသည် ချင်ယွမ်ဖုန်းက အဆုံးသတ်၌ ဤမျှအထိ ကြီးမားသော လှုပ်ခတ်မှုကို ဖန်တီးကာ လမ်းစဖျောက်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
ထို့ကြောင့်လည်း သူတို့သည် မျက်ခြေပြတ်သွားကာ ယခုကဲ့သို့ တစ်လမ်းလုံး လိုက်လံရှာဖွေနေခဲ့ရခြင်း ဖြစ်ချေသည်။
ယခုအခါတွင်မူ ထိုလူသတ်သမားနှစ်ဦး နီးကပ်လာသည်နှင့်အမျှ ချင်ယွမ်ဖုန်းသည် ရုတ်ချည်းပင် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်တော့သည်။
ဤကဲ့သို့သော အချိန်၌ ပျာယာခတ်နေခြင်းသည် ရန်သူ၏ ဓားသွားထက်သို့ မိမိကိုယ်ကိုယ် အလျင်အမြန် တိုးဝင်ပေးသကဲ့သို့သာ ဖြစ်ချေမည်။
ချင်ယွမ်ဖုန်းသည် နတ်သက်ကြွေဆေးမြက်၏ နောက်ဆုံးအရွက်ကို စားသုံးလိုက်ရာ ကိုယ်တွင်းစွမ်းအင် အချို့ ချက်ချင်းပင် ပြန်လည်ပြည့်တင်းလာခဲ့သည်။
သို့သော်လည်း ဒဏ်ရာ ပြင်းထန်လွန်းလှသဖြင့် ကိုယ်တွင်းစွမ်းအင် ရှိနေစေကာမူ ပြင်းထန်သော တိုက်ပွဲကိုမူ ဆင်နွှဲနိုင်စွမ်း မရှိသေးပေ။
ထို့ကြောင့် ချင်ယွမ်ဖုန်း ပြုလုပ်ရမည့် တစ်ခုတည်းသော အရာမှာ ထွက်ပြေးတိမ်းရှောင်ရန်သာ ဖြစ်သော်လည်း မည်သည့်အရပ်သို့ ပြေးရမည်ကိုမူ ယခုတိုင် မဆုံးဖြတ်ရသေးချေ။
ထိုစဉ် ရုတ်ချည်းပင် ချင်ယွမ်ဖုန်းသည် အိုင်ဖေး၏ ဦးလေးဖြစ်သူ အိုင်လီရန်က သူ့အား ကံကြမ္မာတွက်ချက်ပေးစဉ်က ပြောခဲ့ဖူးသော စကားတစ်ခွန်းကို အမှတ်ရသွားခဲ့သည်။
ယင်းစကားမှာ ‘သုံးလအတွင်း မဟာဘေးဒုက္ခနှင့် ကြုံရလတ္တံ့၊ မြောက်ဘက်ဆီသို့ ဦးတည်၍ ရေနှင့် ဆုံတွေ့ပါက ထိုဘေးကို ကျော်လွှားနိုင်လိမ့်မည်’ ဟူ၍ ဖြစ်ပေသည်။
“ဒါဟာ တကယ့်ကို မဟာဘေးဒုက္ခရဲ့ နိမိတ်ပါပဲလား။ အခုတော့ တစ်ဝက်လောက် မှန်နေပြီမို့ ဒီတစ်ကြိမ်တော့ မင်းစကားကို ယုံကြည်ပြီး မြောက်ဘက်ကိုပဲ ပြေးရတော့မှာပေါ့” ဟု ချင်ယွမ်ဖုန်းက တိုးတိုးရေရွတ်လိုက်သည်။
သူသည် ကျန်ရှိနေသော အင်အားနှင့် ကိုယ်တွင်းစွမ်းအင်များကို စုစည်းကာ မြောက်ဘက်အရပ်သို့ စတင်ထွက်ပြေးတော့သည်။
သူ၏ ယခုလက်ရှိ တည်နေရာမှာ ချီဖုန်းချောက်ကမ္ဘာ၏ မြောက်ဘက်ရှိ တောင်တန်းများအတွင်း၌ ဖြစ်ပြီး ထိုထက်ပို၍ မြောက်ဘက်သို့ သွားပါက ပင်လယ်ပြင်ရှိရာသို့ ရောက်ရှိမည် ဖြစ်ရာ ယင်းသည်ပင် နိမိတ်စကားထဲမှ ‘ရေနှင့်ဆုံတွေ့ခြင်း’ ဖြစ်တန်ရာသည်။
ဤနေရာမှ မြောက်ဘက်ပင်လယ်ပြင်အထိကို ချင်ယွမ်ဖုန်း၏ လက်ရှိအရှိန်နှုန်းဖြင့် သွားမည်ဆိုလျှင် အလွန်ဆုံး သုံးရက်မျှသာ ကြာမြင့်မည် ဖြစ်သည်။
သို့သော်လည်း လူသတ်သမားများသည် ချင်ယွမ်ဖုန်းအား ဘေးကင်းစွာ ထွက်ပြေးနိုင်ရန် အချိန်ပေးမည် မဟုတ်ချေ။
သူတို့သည် ချင်ယွမ်ဖုန်း ချန်ထားခဲ့မည့် အစအနများကို အမဲလိုက်ခွေးများကဲ့သို့ လိုက်လံအနံ့ခံ ရှာဖွေကာ အသေသတ်ရန် အားခဲထားကြသည်။
ယမမင်းအဖွဲ့အစည်းမှ လူသတ်သမားနှစ်ဦးဖြစ်သော တုန်ကော်နှင့် ရှီးလျူတို့သည် ဝိညာဉ်စွမ်းအားကို အခြေခံ၍ ချင်ယွမ်ဖုန်း၏ တည်နေရာကို ရှာဖွေနိုင်ကြသည် ဆိုသော်လည်း တိကျမှု မရှိလှပ
ထို့ကြောင့် သူတို့သည် ရှာဖွေရင်း တစ်လှမ်းချင်း တိုးမြှင့်လာရသဖြင့် အရှိန်နှုန်းမှာ မမြန်ဆန်လှချေ။
ချင်ယွမ်ဖုန်း၏ ထွက်ပြေးမှု အရှိန်နှုန်းသည်လည်း မမြန်နိုင်သည့်အပြင် ပစ်မှတ် အထင်အရှား ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် မိုးပျံထွက်ပြေးခြင်းကိုလည်း မပြုရဲချေ။
ကံကောင်းသည်မှာ ချင်ယွမ်ဖုန်းသည် ယခင်က ထျန်းတူး ပြည်နယ်မြို့တော်ရှိ ယမမင်းအသင်းခွဲမှ လူသတ်သမားအားလုံး၏ စွမ်းရည်များကို စုပ်ယူခဲ့ဖူးသဖြင့် သူ၏ လုပ်ကြံသတ်ဖြတ်ခြင်း အတတ်ပညာမှာ ယခုအခါ၌ ဘိုးဘေးနယ်ပယ်အဆင့်ဟု ခေါ်ဆိုလျှင်ပင် အလွန်အကျွံ မဖြစ်နိုင်ပေ။
သူသည် မိမိ၏ ခြေရာလက်ရာများကို ဖျောက်ဖျက်ရာ၌လည်း အလွန် ကျွမ်းကျင်လှသည်။ ထိုသို့ဖြင့် သူနှင့် ထိပ်တန်းလူသတ်သမားနှစ်ဦးကြားရှိ စစ်ပွဲသည် စတင်ခဲ့လေပြီ။
“ချင်ယွမ်ဖုန်း စောစောက ရှိနေခဲ့တဲ့နေရာက ဒီနားက ဖြစ်ရမယ်။
လူသတ်သမားနှစ်ဦးသည် ချင်ယွမ်ဖုန်း စောစောက လဲလျောင်းနေခဲ့သော နေရာသို့ ရောက်ရှိလာကြသည်။
မြေပြင်ပေါ်၌ ချင်ယွမ်ဖုန်း၏ သွေးစွန်းရာများ ရှိနေဆဲဖြစ်ပြီး မြေကြီးမှာလည်း အနည်းငယ် နွေးနေသေးချေသည်။
“ဒါ မဖြစ်နိုင်တာ၊” ဟု အခြားလူသတ်သမားက အေးစက်စွာ ပြောလိုက်သည်။ “ချင်ယွမ်ဖုန်းဟာ ပြင်းထန်တဲ့ ဒဏ်ရာ ရထားတာလေ။ မသေဘူးဆိုရင်တောင် သူ့မှာ အင်အားတွေ ကျန်နေဖို့ မဖြစ်နိုင်ဘူး။”
သူတို့နှစ်ဦးသည်ကား ချင်ယွမ်ဖုန်း ယခင်က ရရှိခဲ့သော ယုံကြည်မှုတန်ဖိုးများ၏ အရင်းအမြစ်ပင် ဖြစ်ကြသည့် တုန်ကော်နှင့် ရှီးလျူတို့ ဖြစ်ကြသည်။
သူတို့သည် ယမမင်းအဖွဲ့အစည်းတွင် ထူးချွန်လှသော လူသတ်သမားများ ဖြစ်ကြပြီး တာဝန်စတင် ထမ်းဆောင်ချိန်မှစ၍ တစ်ကြိမ်တစ်ခါမျှ မကျရှုံးဖူးကြချေ။
ထို့အပြင် သူတို့သည် ယမမင်းအဖွဲ့အစည်း ဌာနချုပ်မှ တိုက်ရိုက်လေ့ကျင့်ပေးထားသော လူသတ်သမားများ ဖြစ်ကြသဖြင့် အသင်းခွဲများမှ လူများထက် ပိုမိုရက်စက်ပြီး ပညာရပ် ပိုမိုထက်မြက်ကြသည်။
“ချင်ယွမ်ဖုန်းကို သာမန်လူတွေလို အတွေးနဲ့ တိုင်းတာလို့ မရဘူး။ အရင်က ချီဖုန်းချောက်ကမ္ဘာမှာတုန်းကလည်း သေဘေးကွင်းကွင်း လွဲခဲ့တာပဲ မဟုတ်လား၊ ဒါပေမဲ့ သူ အသက်ရှင်ကျန်ရစ်ခဲ့တယ်၊” ဟု တုန်ကော်က အေးစက်စွာ ပြောလိုက်သည်။
ရှီးလျူက ခေါင်းညိတ်ကာ “ဟုတ်တယ်၊ ဒီလောက် ဇွဲသန်လှတဲ့ ဇီဝအသက်စွမ်းအားမျိုး ငါ ပထမဆုံး မြင်ဖူးတာပဲ။ ပြီးတော့ စောစောက ဝိညာဉ်စွမ်းအားဟာ ချင်ယွမ်ဖုန်းရဲ့ ဝိညာဉ်စွမ်းအားပဲ ဖြစ်ရမယ်။ အဆုံးသတ်မှာ သူ ဒီလောက်အထိ အားကောင်းတဲ့ ဝိညာဉ်စွမ်းအားကို ထိန်းထားနိုင်လိမ့်မယ်လို့ ငါ မထင်ထားမိဘူး။”
“သတိထားစမ်း။ သူ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားလို့ ငါတို့ကို ရင်မဆိုင်ရဲဘဲ ထွက်ပြေးနေတာ၊ မဟုတ်ရင် သူ ပြေးမှာ မဟုတ်ဘူး၊” ဟု တုန်ကော်က အေးစက်စွာ ဆိုလိုက်သည်။
ထိုသူနှစ်ဦးသည် မြောက်ဘက်သို့ ဆက်လက် လိုက်လံ အမဲလိုက်ကြသော်လည်း မကြာမီမှာပင် ချင်ယွမ်ဖုန်း ချန်ထားခဲ့သော ခြေရာလက်ရာ အားလုံးသည် လုံးဝ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရတော့သည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊” ဟု တုန်ကော်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ “သူ့ရဲ့ ခြေရာတွေကို ဒီလောက်အထိ အစအနမကျန် သန့်စင်အောင် ဖျောက်နိုင်တယ်ဆိုတော့ ဒီချင်ယွမ်ဖုန်းကလည်း လူသတ်သမားတစ်ယောက်ပဲလား။”
ရှီးလျူသည်လည်း အလားတူပင် အံ့သြသွားပြီး “ငါလည်း မသိဘူး၊ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ငါတို့ တကယ့် ကစားသမားကောင်းနဲ့ တိုးပြီဆိုတာ ငါသိတယ်။ မင်းသာ ချင်ယွမ်ဖုန်းဆိုရင် ဘယ်ဘက်ကို ပြေးမလဲ။”
“မြောက်ဘက်၊” တုန်ကော်က မြောက်ဘက်အရပ်ကို အေးစက်စွာ ကြည့်ရင်း ပြောလိုက်သည်။ “အဲဒီမှာ ပင်လယ်ပြင် ရှိတယ်၊ ခြေရာလက်ရာ အားလုံးကို ဖုံးကွယ်ထားနိုင်တယ်။ ပင်လယ်ထဲ ရောက်သွားရင်တော့ သူ လွတ်မြောက်သွားလိမ့်မယ်။”
“မှန်တယ်၊ မြောက်ဘက်ကို လိုက်ကြစို့၊” ဟု ရှီးလျူက အေးစက်စွာ ပြောလိုက်သည်။
ထိုသူနှစ်ဦးသည် မြောက်ဘက်သို့ အလျင်အမြန် လိုက်လံ ရှာဖွေကြတော့သည်။
ချင်ယွမ်ဖုန်းအနေဖြင့် သေးငယ်သော ခြေရာတစ်ချက်မျှ ချန်ထားခဲ့မည်ဆိုလျှင်ပင် သူတို့ မုချ ရှာတွေ့နိုင်မည် ဖြစ်ချေသည်။
ယခုအချိန်၌ ချင်ယွမ်ဖုန်းသည်ကား အလွန်အမင်း နာကျင်ခံခက်နေရသည်။ သူ၏ ဒဏ်ရာများသည် ပုံမှန်အားဖြင့် အနားယူရန် လိုအပ်သော်လည်း ယခုအခါတွင်မူ အသက်လု ထွက်ပြေးနေရရုံသာမက မိမိ၏ ခြေရာလက်ရာများကိုပါ အသေးစိတ် ဖျောက်ဖျက်နေရချေသည်။
ယင်းက ချင်ယွမ်ဖုန်းအတွက် အလွန်ပင် ပင်ပန်းနွမ်းနယ်လှသည်။
“မဖြစ်သေးဘူး၊ ငါ ဒဏ်ရာတွေကို ကုသဖို့ နေရာတစ်ခု ရှာရမယ်၊” ဟု ချင်ယွမ်ဖုန်းက တိုးတိုးရေရွတ်လိုက်သည်။ ယခုအချိန်တွင် သူ၏ နှုတ်ခမ်းများသည် ဖြူလျော်နေပြီး မျက်နှာတစ်ခုလုံးသည်လည်း အာဟာရချို့တဲ့သူကဲ့သို့ ညိုမည်းညှိုးရော်နေခဲ့ပြီ ဖြစ်သည်။
ရှေ့တွင်မူ နိမ့်ဆင်းသော တောင်တန်းတစ်ခု ရှိနေချေသည်။ ချင်ယွမ်ဖုန်းသည် အသက်ကို ပြင်းပြင်းရှူသွင်းကာ မိမိကိုယ်ကိုယ် အတင်းအကျပ် တွန်းအားပေး၍ ထိုတောင်တန်းများဆီသို့ အပြေးအလွှား ဦးတည်လိုက်တော့သည်။
တုန်ကော်နှင့် ရှီးလျူတို့သည်ကား အမဲလိုက်ခွေးနှစ်ကောင်ကဲ့သို့ ချင်ယွမ်ဖုန်း၏ ခြေဖနောင့်ကို ထပ်ချပ်မကွာ လိုက်ပါလာကြသည်။
သူတို့ အနီးကပ်ဆုံး ဖြစ်ချိန်တွင် အကွာအဝေးမှာ မီတာသုံးရာမျှသာ ရှိတော့ရာ ယင်းသည် သူတို့အတွက် အသက်တစ်ရှူစာအတွင်း ရောက်ရှိနိုင်သော အကွာအဝေး ဖြစ်ချေသည်။
“ခဏနေဦး၊ ဒီမှာ ကြည့်စမ်း၊” တုန်ကော်က ရုတ်ချည်း ထိုင်ချလိုက်ပြီး ကျိုးပဲ့နေသော မြက်ပင်တစ်ပင်ကို ညွှန်ပြလိုက်သည်။
ကျိုးပဲ့နေပုံကို ကြည့်ရခြင်းအားဖြင့် ယင်းသည် လတ်လတ်ဆတ်ဆတ် ကျိုးပဲ့သွားခြင်းဖြစ်ပြီး သွေးစအချို့ပင် ရှိနေသေးသည်။
“ဟွန်း၊ သေချာတာပေါ့၊ ချင်ယွမ်ဖုန်းဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာပဲ။ ဒီလောက် ထင်ရှားတဲ့ ခြေရာမျိုး ချန်ထားခဲ့တယ်ဆိုတာ သူ့ရဲ့ အကန့်အသတ်ကို ရောက်နေပြီဆိုတဲ့ သဘောပဲ မဟုတ်လား၊” ဟု ရှီးလျူက အေးစက်စွာ ပြောလိုက်သည်။
“သွားစို့၊ အမြန် လိုက်ကြမယ်။” ထိုသူနှစ်ဦးသည် ကျိုးပဲ့နေသော မြက်ပင်ရှိရာ လမ်းကြောင်းအတိုင်း အလျင်အမြန် လိုက်လံ ရှာဖွေကြတော့သည်။
အမွှေးတိုင်တစ်တိုင်စာမျှ အချိန်ကုန်လွန်သွားပြီးနောက် သူတို့သည် စိတ်ထဲ၌ ပိုမို၍ မတင်မကျ ဖြစ်လာကြသည်။ အကြောင်းမူကား ထိုကျိုးပဲ့နေသော မြက်ပင်တစ်ပင်မှတစ်ပါး အခြား မည်သည့် ခြေရာလက်ရာမျှ ရှာမတွေ့တော့ခြင်းကြောင့် ဖြစ်ချေသည်။
“တောက်၊ အဲဒီ မြက်ပင်က ငါတို့ကို လမ်းလွှဲဖို့ ချင်ယွမ်ဖုန်း တမင်သက်သက် ချန်ထားခဲ့တာပဲ၊” ဟု တုန်ကော်က ရုတ်ချည်း သဘောပေါက်သွားတော့သည်။
“ဒီကောင်စုတ် ချင်ယွမ်ဖုန်းကတော့ သေခါနီးအထိ ကောက်ကျစ်နေတုန်းပဲ၊” ဟု ရှီးလျူက သွားကြိတ်ကာ ပြောလိုက်သည်။
ယင်းက သူတို့သည် ချင်ယွမ်ဖုန်း၏ နောက်တွင် အနည်းဆုံး အမွှေးတိုင်တစ်တိုင်စာမျှ နောက်ကျကျန်ခဲ့ပြီ ဖြစ်ကြောင်း ပြသနေသည်။
ထပ်ချပ်မကွာ လိုက်မီရန်အတွက်မူ သူတို့အနေဖြင့် ပိုမို၍ ကြိုးပမ်းရတော့မည် ဖြစ်ချေသည်။
ထိုစဉ် တုန်ကော်သည် အနီးအနား၌ ပုန်းအောင်းနေသော မိစ္ဆာသားရဲတစ်ကောင်ကို ရုတ်ချည်း တွေ့ရှိလိုက်သည်။
“ဒါ ဝိညာဉ်စား သားရဲပဲ၊” ဟု တုန်ကော်က တိုးတိုးလေး ပြောလိုက်သည်။
ရှီးလျူ၏ မျက်နှာတွင် အပြုံးစတစ်ခု ပေါ်လာပြီး “ဝိညာဉ်စား သားရဲတွေက သွေးညှီနံ့ကို အလွန် အာရုံခံနိုင်ကြတယ်။ အခုအချိန်မှာ သွေးထွက်နေတဲ့သူဆိုလို့ ချင်ယွမ်ဖုန်း တစ်ယောက်ပဲ ရှိတာ။”
ထိုသူနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရာ နှစ်ဦးစလုံး၏ မျက်ဝန်းထဲ၌ ဝမ်းမြောက်မှုများကို မြင်တွေ့လိုက်ကြရသည်။
ယင်းသည်ကား အိပ်ချင်နေသူအား ခေါင်းအုံး လာပေးသကဲ့သို့ပင် ဖြစ်ချေသည်။ ဝိညာဉ်စား သားရဲ၏ သွေးအာရုံခံနိုင်စွမ်းနှင့်ဆိုလျှင် သူတို့သည် ချင်ယွမ်ဖုန်းကို တိုက်ရိုက် ရှာတွေ့နိုင်ပေလိမ့်မည်။
ဝိညာဉ်စား သားရဲသည် အဆင့်သုံး အဆင့်မြင့် မိစ္ဆာသားရဲမျှသာ ဖြစ်ပြီး အနီးအနား၌ ပုန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။
ယင်းသည် ထိုသူနှစ်ဦးထံသို့ ရုတ်ချည်း ခုန်အုပ်လိုက်တော့သည်။
သို့သော်လည်း တုန်ကော်နှင့် ရှီးလျူတို့သည် ရေကဲ့သို့ ပျော်ဝင်ကာ အရိပ်များအတွင်းသို့ နစ်ဝင်သွားကြသဖြင့် ဝိညာဉ်စား သားရဲ၏ တိုက်ခိုက်မှုမှာ လေဟာနယ်ကိုသာ ထိမှန်သွားခဲ့သည်။
ဝိညာဉ်စား သားရဲသည် မည်သည့်အရာ ဖြစ်ပျက်သွားသည်ကို နားမလည်နိုင်ဘဲ ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် ဝေ့ဝဲကြည့်ရှုလိုက်သည်။
ထို့နောက် ရုတ်ချည်းပင် အရပ်မျက်နှာတစ်ခုသို့ အာရုံစိုက်လိုက်ပြီး ထိုအရပ်ဆီသို့ အလျင်အမြန် ပြေးထွက်သွားတော့သည်။
အရိပ်နှစ်ခုသည်လည်း ဝိညာဉ်စား သားရဲ၏ နောက်ကွယ်မှ ထပ်ချပ်မကွာ လိုက်ပါကာ အပြေးအလွှား လိုက်လံ ရှာဖွေကြတော့လေသည်။