← Chapters

အခန်း ၆၀၁

Vol. 30 Ch. 601

အခန်း ၆၀၁

Vol. 30 Ch. 601

အခန်း (၆၀၁) ဒိုင်းကာ

ချင်ယွမ်ဖုန်းသည် တောတောင်လျှိုမြောင်များအတွင်း၌ ယမမင်းအဖွဲ့အစည်းမှ လူသတ်သမားနှစ်ယောက်နှင့် ကြောင်သူတော် ကြွက်မင်း လိုက်တမ်းပြေးတမ်း ကစားနေသည့်အချိန်တွင် ချီဖုန်းချောက်ကမ္ဘာသို့ လူတစ်ယောက် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာချေသည်။

ထိုလူသည် ပျက်စီးယိုယွင်းနေသော ချောက်ကမ္ဘာ၏ မြင်ကွင်းကို ကြည့်ရှုကာ အံ့ဩတုန်လှုပ်သွားရ၏။

“ယွမ်ဖုန်း... ငါနောက်ကျသွားပြီလား” မြောင်ယွီလန်က တိုးတိုးရေရွတ်လိုက်သည်။

ထိုသို့ နောက်ကျမှ ရောက်ရှိလာသူမှာ အခြားသူမဟုတ်၊ ချင်ယွမ်ဖုန်း၏ မိတ်ဆွေကောင်းဖြစ်သော မြောင်ယွီလန်ပင် ဖြစ်ပေရာသည်။

မြောင်ယွီလန်သည် ချင်ယွမ်ဖုန်း၏ အခြေအနေကို ကြားသိရပြီးနောက် ချင်ဝူယန်းနှင့် စိန်ခေါ်ဒွိတိုက်ပွဲ ဆင်နွှဲမည့် ချီဖုန်းချောက်ကမ္ဘာသို့ လာရောက်ကာ ချင်ယွမ်ဖုန်းအား အားပေးကူညီရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ဤနေရာသို့ ရောက်ရှိလာသည့်အခါ၌မူ မြောင်ယွီလန်သည် ဖြစ်ပျက်သမျှကို ကောင်းစွာ သဘောပေါက်သွားပြီး ယုတ်မာကောက်ကျစ်လှသော မြူနှင်းဂိုဏ်းအပေါ် နာကျည်းမှုကို အံကြိတ်ကာ တောက်ခေါက်မိတော့သည်။

ထိုသို့ဆိုသော်လည်း ယခုအခါ၌ ချင်ယွမ်ဖုန်း၏ အသက်အန္တရာယ်သည် ဆံဖျားလေးတစ်မျှင်တွင် ဆွဲဆိုင်းနေသည့်အတွက် သူမအနေဖြင့် သူရှိရာကို ဦးစွာ ရှာဖွေရန်သာ စိတ်အားထက်သန်နေမိသည်။

ထို့ကြောင့် မိမိ၏ အာရုံခံစားမှုနောက်သို့ လိုက်ပါရင်း ချီဖုန်းချောက်ကမ္ဘာ၏ မြောက်ဘက်ရှိ ရှေးဟောင်းတောအုပ်ကြီးအတွင်းသို့ တဟုန်ထိုး တိုးဝင်သွားခဲ့လေသည်။

ထိုနေရာသည် ချင်ယွမ်ဖုန်း ပုန်းအောင်းနေသည့် နေရာ အတိအကျပင် ဖြစ်ချေသည်။

ရှေးဟောင်းတောအုပ်အတွင်းသို့ ဝင်ရောက်ပြီး မကြာမီမှာပင် မြောင်ယွီလန်သည် လူနှစ်ယောက်နှင့် ရုတ်တရက် တိုးမိတော့သည်။

ထိုလူနှစ်ဦးသည် ဝတ်ရုံနက်များကို ဆင်မြန်းထားကြပြီး အမူအရာမှာ သံသယဖြစ်ဖွယ် အလွန်ကောင်းလှသည့်ပြင် လူကောင်းသူကောင်းများ မဟုတ်ကြသည်မှာ အထင်အရှားပင် ဖြစ်သည်။

ယင်းတို့သည် တစ်စုံတစ်ခုကို စီစဉ်နေကြပုံရပြီး မြောင်ယွီလန်က ကံအားလျော်စွာ တွေ့မြင်သွားခြင်း ဖြစ်ပေသည်။

ထိုသို့သော ကြီးကျယ်လှသည့် အဖြစ်အပျက်ကြီး ချီဖုန်းချောက်ကမ္ဘာတွင် ဖြစ်ပွားပြီးနောက်ပိုင်း ဤနေရာသို့ မည်သူမျှ လာရောက်လိမ့်မည်မဟုတ်ဟု ယင်းတို့က ထင်မှတ်ထားပုံရချေသည်။

မြောင်ယွီလန်သည် သေမင်းကျမ်းကို ရရှိခဲ့ပြီးကတည်းက သူမ၏ သိုင်းပညာစွမ်းရည်မှာ အရှိန်အဟုန်ပြင်းစွာ တိုးတက်လာခဲ့သည်။ ထို့ပြင် သူမ၌ ထူးခြားသော ခန္ဓာကိုယ်ဖွဲ့စည်းမှု ရှိနေသည့်အပြင် ၎င်းမှာ ထူးခြားခန္ဓာကိုယ်များထဲတွင် အလွန်တရာ ရှားပါးလှသော သေဘေးသင့် ခန္ဓာကိုယ်ပင် ဖြစ်ချေသည်။

သေမင်းကျမ်းသည် ဤသို့သော ခန္ဓာကိုယ်ပိုင်ရှင်များအတွက် ရည်ရွယ်၍ ဖန်တီးထားခြင်း ဖြစ်ပေရာ မြောင်ယွီလန်၏ ကျင့်စဉ်အဆင့်မှာ မယုံကြည်နိုင်လောက်အောင် လျင်မြန်စွာ တိုးတက်လာခဲ့ပြီး သုံးနှစ်တာကာလအတွင်း၌ ဒုတိယအဆင့် မဟာဆရာနယ်ပယ်မှသည် ပထမအဆင့် ဘိုးဘေးနယ်ပယ်သို့ပင် တက်လှမ်းနိုင်ခဲ့သည်။

ဤမျှ မြန်ဆန်လှသော နှုန်းထားမျိုးသည် သန့်ရှင်းသော နယ်မြေတစ်ခုတွင်ပင် အံ့ဩမှင်သက်ဖွယ်ရာ ကောင်းလှပေသည်။

ထိုလူနှစ်ယောက်သည် မြောင်ယွီလန်ကို သတိမပြုမိဘဲ ၎င်းတို့၏ ထောင်ချောက်ကို ဆင်ရင်း စကားတီးတိုး ဆိုနေကြရာမှ မြောင်ယွီလန်သည် ယင်းတို့ မည်သူမည်ဝါဖြစ်ကြောင်းကို နောက်ဆုံးတွင် သိရှိသွားရတော့သည်။

၎င်းတို့မှာ ဤနေရာတွင် ချင်ယွမ်ဖုန်းကို သတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိသော ယမမင်းအဖွဲ့အစည်းမှ လူသတ်သမားများ ဖြစ်ကြချေသည်။

ဤအကြောင်းကို သိရှိလိုက်ရသည်နှင့်တစ်ပြိုင်နက် မြောင်ယွီလန်၏ စိတ်ထဲတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ ထိန်းမနိုင်သိမ်းမရ ပေါက်ကွဲထွက်လာခဲ့ပြီး မဟာဆရာနယ်ပယ်မျှသာ ရှိသေးသော လူသတ်သမားနှစ်ယောက်ကို ရင်ဆိုင်ရင်း သူမသည် ထိုယုတ်မာသူတို့၏ အသက်ကို တိုက်ရိုက်ပင် အဆုံးစီရင်ပစ်လိုက်တော့သည်။

“ယွမ်ဖုန်း... ကျွန်မကို စောင့်နေပါဦး... အခု ကျွန်မ လာကယ်နေပြီ” မြောင်ယွီလန်သည် ရှေးဟောင်းတောအုပ်အတွင်းသို့ တိုက်ရိုက် ခြေလှမ်းလှည့် ဝင်ရောက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ချင်ယွမ်ဖုန်းသည် မတ်စောက်ခြင်းမရှိသော တောင်တန်းငယ်တစ်ခုသို့ ရောက်ရှိလာပြီး သူ၏ ခြေလှမ်းများမှာ အနည်းငယ် ယိုင်နဲ့နေကာ တွေ့ရှိရာ လိုဏ်ဂူတစ်ခုအတွင်း၌ ဝင်ရောက်ထိုင်လိုက်ရချေသည်။

“ဒီလောက်ဆို သူတို့ လမ်းလွှဲသွားလောက်ပါပြီ... ငါ ဒီအခွင့်အရေးကို သုံးပြီး ဒဏ်ရာတွေကို ကုသမှ ဖြစ်မယ်” ချင်ယွမ်ဖုန်းက တိုးတိုးကလေး ရေရွတ်လိုက်သည်။

ယခုအချိန်တွင် ချင်ယွမ်ဖုန်း၏ ဒဏ်ရာများသည် ဖြူဖျော့ပြီး ရည်ယိုပုပ်ပွစပြုနေပြီ ဖြစ်သည်။ သူ၏ အစွမ်းထက်လှသော ကိုယ်တိုင်အနာကျက်ခြင်း စွမ်းရည်သည်ပင် ဒဏ်ရာပြင်းထန်လှသောကြောင့် ဆိုးရွားစွာ ထိခိုက်ပျက်စီးနေရချေပြီ။

ထို့ကြောင့် ချင်ယွမ်ဖုန်းအနေဖြင့် ဤဒဏ်ရာများကို အပ်နှင့် ချုပ်ရုံမျှမက ပတ်တီးပါ စည်းနှောင်ရန် လိုအပ်နေသည်။

သူသည် ကျောကုန်းပေါ်ရှိ ဒဏ်ရာအချို့ကိုမူ လက်လှမ်းမမီနိုင်သဖြင့် မိမိလက်လှမ်းမီနိုင်သော ဒဏ်ရာများကိုသာ ဖြည်းညှင်းစွာ ချုပ်နေရရှာသည်။

အစောပိုင်းက သွေးအလွန်အကျွံ ထွက်ထားခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဒဏ်ရာများကို အပ်ဖြင့် ထိုးချုပ်နေသည့်တိုင် သွေးများစွာ စီးကျမလာတော့ပေ။

ပြင်းထန်လှသော နာကျင်မှုကြောင့် ချင်ယွုန်းဖုန်း၏ မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေပြီး လက်များမှာလည်း ထိန်းမနိုင်သိမ်းမရ တုန်ရင်နေကာ ကြည့်ရသည်မှာ အလွန်ပင် သနားစရာ ကောင်းလှချေသည်။

နောက်ဆုံးတွင် အားသွန်ခွန်စိုက် ကြိုးပမ်းပြီးနောက် ချင်ယွမ်ဖုန်းသည် ဒဏ်ရာအားလုံးကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့သော်လည်း ထိုအချိန်တွင်မူ သူသည် နာကျင်မှုကြောင့် မျက်နှာတစ်ခုလုံး ဖြူဖျော့နေပြီ ဖြစ်သည်။

ယခင်က မိမိကိုယ်ကိုယ် နာကျင်မှုကို အထုံကြီးဖြစ်နေပြီဟု ချင်ယွမ်ဖုန်း ထင်မှတ်ခဲ့သော်လည်း ယခုအခါတွင်မူ နာကျင်မှုဟူသည် နာကျင်မှုသာဖြစ်ပြီး မည်သည့်အရာမျှ အထုံဖြစ်သွားခြင်း မရှိနိုင်ကြောင်း ကောင်းစွာ သဘောပေါက်သွားရတော့သည်။

ဒဏ်ရာများကို ချုပ်ပြီးနောက် ချင်ယွမ်ဖုန်းသည် ပိုးသတ်ရန်အတွက် သန့်စင်သော နတ်ရေစင်ဖြင့် ဆေးကြောလိုက်ပြီး ပိတ်ဖြူစကို ထုတ်ယူကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ပတ်လိုက်ချေသည်။

ဤအခိုက်အတန့်တွင် ချင်ယွမ်ဖုန်းကို ကြည့်ရသည်မှာ အီဂျစ်မမ်မီရုပ်အလောင်းတစ်ခုကဲ့သို့ပင် ဖြစ်နေတော့သည်။

သို့သော်လည်း ပိတ်ဖြူစများကြောင့် သူ၏ လှုပ်ရှားမှုကို အဟန့်အတားမဖြစ်စေရန်အတွက် ချင်ယွမ်ဖုန်းသည် ပါးပါးလျလျ နှစ်ထပ်မျှသာ ရစ်ပတ်ထားခဲ့သည်။

“သူတို့ အမှီလိုက်မလာသေးဘူး... ဆေးလုံးဖော်စပ်ဖို့ အချိန်ရဦးမှာပဲ” ချင်ယွမ်ဖုန်းသည် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ယခုအချိန်တွင် သူ၏ ဒဏ်ရာများကို သက်သာစေရန် ဆေးလုံးအချို့ ဖော်စပ်ရန် လိုအပ်ပေသည်။

စနစ်အတွင်း၌ ချင်ယွမ်ဖုန်း၏ ဒဏ်ရာများကို ချက်ချင်းလက်ငင်း ပျောက်ကင်းစေနိုင်သည့် နတ်သက်ကြွေ ဆေးလုံးကဲ့သို့သော နတ်ဘုရားအဆင့် ပစ္စည်း ရှိနေသော်လည်း ၎င်းအတွက် ယုံကြည်မှုတန်ဖိုး သန်းငါးဆယ်ပင် လိုအပ်ချေသည်။

ချင်ယွမ်ဖုန်း၌ လောလောဆယ်တွင် ယုံကြည်မှုတန်ဖိုး လေးဆယ့်ကိုးသန်းသာ ရှိနေသဖြင့် ကျန်ရှိနေသော တစ်သန်းဟူသည့် ကွာဟချက်မှာ ဖြတ်ကျော်ရန် မဖြစ်နိုင်သော ချောက်ကမ္ဘာကြီးတစ်ခုကဲ့သို့ ဖြစ်နေတော့သည်။

အခြားရွေးချယ်စရာ လမ်းမရှိတော့သဖြင့် ချင်ယွမ်ဖုန်းသည် မိမိဘာသာသာ ဆေးလုံးဖော်စပ်ရန် ဆုံးဖြတ်လိုက်ရချေသည်။

သူ၏ သိုလှောင်အိတ်အတွင်း၌ ချင်ယွမ်ဖုန်း ကြိုတင်ပြင်ဆင်ထားသော ဆေးပင်များ ရှိနေသည့်အတွက် ယခုအခါတွင် သူသည် နဂါးဖမ်းဆေးမီးဖိုကို ထုတ်ယူကာ ဆေးဖော်စပ်ခြင်းကို စတင်လိုက်သည်။

သို့သော် ပဉ္စမအဆင့် ဆေးလုံးတစ်လုံးကို ဖော်စပ်ရန်ပင် မိမိအတွက် အလွန်တရာ ခဲယဉ်းနေကြောင်းကို ချင်ယွမ်ဖုန်း လျင်မြန်စွာ သတိပြုမိသွားရသည်။

ဆေးဖော်စပ်နေစဉ်မှာပင် ချင်ယွမ်ဖုန်းသည် ဤနေရာမှ တိုက်ရိုက် ထွက်ခွာနိုင်ရန် မျှော်လင့်ချက်ဖြင့် နေရာပြောင်းအစီအရင်တစ်ခုကို လဲလှယ်ယူလိုက်သေးသည်။

ဆေးနတ်ဘုရားဂိုဏ်းသို့ဖြစ်စေ သို့မဟုတ် ရှန်းဝူအကယ်ဒမီသို့ဖြစ်စေ ပြန်လည်ရောက်ရှိသွားပါက သူသည် ဘေးကင်းလုံခြုံသွားမည် ဖြစ်သည်။

ဒါဟာ သူကျန်ရှိတော့တဲ့ နောက်ဆုံးလက်နက်လည်း ဖြစ်နိုင်တာပေါ့။

သို့ရာတွင် ချင်ယွမ်ဖုန်းသည် နေရာပြောင်းအစီအရင်ပေါ်သို့ ဝိညာဉ်ကျောက်တုံးများကို တင်လိုက်သည့်အခါ၌မူ နေရာပြောင်းအစီအရင်သည် ချို့ယွင်းချက်ရှိနေသကဲ့သို့ ဖြစ်နေပြီး မည်သို့မျှ နေရာမပြောင်းရွှေ့နိုင်ကြောင်း တွေ့ရှိလိုက်ရသဖြင့် အလွန်တုန်လှုပ်သွားရ၏။

စနစ်မှ ရရှိသော ပစ္စည်းများမှာ ယုတ္တိဗေဒအရ ပြဿနာမရှိသင့်ပေ။

“ရှောင်လင်... ထွက်ခဲ့စမ်း... ငါ အခုလဲလှယ်လိုက်တဲ့ နေရာပြောင်းအစီအရင်က ဘာလို့ ပျက်စီးနေရတာလဲ” ချင်ယွမ်ဖုန်းက ဒေါသတကြီးဖြင့် ရှောင်လင်ကို ခေါ်ယူလိုက်သည်။

သို့သော် ရှောင်လင်က ချင်ယွမ်ဖုန်းကို သနားကရုဏာသက်စွာ ကြည့်ရင်း ဆိုလေသည်။

“အရှင်သခင်... နေရာပြောင်းအစီအရင် ပျက်စီးနေတာ မဟုတ်ပါဘူး... ဒီနေရာမှာ နေရာပြောင်းအစီအရင်ကို ပိတ်ဆို့ထားတဲ့ အရာတစ်ခု ရှိနေလို့ပါ”

“နေရာပြောင်းအစီအရင်ကို ပိတ်ဆို့ထားနိုင်တယ် ” ချင်ယွမ်ဖုန်း မျက်လုံးအစုံ ပြူးကျယ်သွားရသည်။ ဤကဲ့သို့သော အရာမျိုးကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်ပေသည်။

ရှောင်လင်က ခေါင်းညိတ်ပြလျက် “ဒါပေါ့... ဒါပေမဲ့ အဲဒီလိုလုပ်ဖို့အတွက် အလွန်ကြီးမားတဲ့ ရင်းနှီးပေးဆပ်မှု လိုအပ်ပါတယ်... ဒီတစ်ကြိမ်မှာတော့ ယမမင်းအဖွဲ့က အရှင်သခင်ကို အသေအလဲ သတ်ချင်နေတာ အသေအချာပါပဲ” ဟု ဆို၏။

“ဒါတော့ ဒုက္ခပဲ” ချင်ယွမ်ဖုန်း၏ စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်တုန်လှုပ်ခြင်းများ ဖြစ်ပေါ်လာရသည်။ နေရာပြောင်းအစီအရင်ကိုပင် အသုံးပြု၍ မရတော့ပါက သူ့အတွက် ဆုတ်ခွာစရာ လမ်းကြောင်း မရှိတော့ပေ။

“ဒါပေမဲ့ အရှင်သခင်... နေရာပြောင်းအစီအရင်တစ်ခုလုံးကို ရာနှုန်းပြည့် ပိတ်ဆို့ထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး... အရှင်သခင်အနေနဲ့ တခြားနေရာတွေမှာ ထပ်စမ်းကြည့်လို့ ရပါတယ်” ရှောင်လင်က ချင်ယွမ်ဖုန်းအား အကြံတစ်ခု ပေးလိုက်သည်။

ချင်ယွမ်ဖုန်း ခေါင်းညိတ်လိုက်မိသည်။ သူသည် ထွက်ပြေးတိမ်းရှောင်ရင်းနှင့်သာ နေရာပြောင်းအစီအရင်ကို စမ်းသပ်အသုံးပြုရန် တတ်နိုင်တော့မည် ဖြစ်သည်။

သို့သော် ယမမင်းအဖွဲ့အစည်းက ဤရှေးဟောင်းတောအုပ်အတွင်း၌ နေရာပြောင်းအစီအရင်များကို ပိတ်ဆို့နိုင်သော အရာတစ်ခုခုကို စီစဉ်ထားလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပေ။

အမှန်စင်စစ် ချင်ယွမ်ဖုန်း မသိရှိသောအရာမှာ ချီဖုန်းချောက်ကမ္ဘာ၏ မြောက်ဘက်ရှိ ရှေးဟောင်းတောအုပ်သာမက တောင်ဘက်ရှိ တောအုပ်တစ်ခုလုံး အစီအရင်အတားအဆီးအတွင်း၌ပါ ချင်ယွမ်ဖုန်း ထွက်ပြေးလွတ်မြောက်ခြင်းမရှိစေရန်အတွက် နေရာပြောင်းအစီအရင်များကို ပိတ်ဆို့နိုင်သော ပစ္စည်းများကို အနှံ့အပြား ချထားပြီး ဖြစ်ချေသည်။

ဤတစ်ကြိမ်တွင်မူ ယမမင်းတို့သည် ချင်ယွမ်ဖုန်းအား သတ်ဖြတ်ရန် လုံးဝ အပိုင်တွက်ထားကြခြင်း ဖြစ်ပေသည်။

ထို့ကြောင့် ချင်ယွမ်ဖုန်းအနေဖြင့် ဆေးဖော်စပ်ခြင်းအပေါ်၌သာ အာရုံစူးစိုက်ထားရန် တတ်နိုင်တော့သည်။

ချင်ယွမ်ဖုန်းသည် အခက်အခဲများစွာကြားမှ ဆေးပင်အားလုံး၏ အနှစ်သာရကို ထုတ်ယူကာ ဆေးလုံးအဖြစ် စုစည်းခြင်းကို စတင်လိုက်သည့် အခိုက်အတန့်မှာပင် သူရှိရာသို့ အရှိန်အဝါတစ်ခု နီးကပ်လာချေပြီ။

“ဝုန်း”

ဝိညာဉ်စား သားရဲတစ်ကောင်သည် ချင်ယွမ်ဖုန်း၏ ရှေ့မှောက်သို့ ရုတ်တရက် ပေါ်ထွက်လာပြီး ၎င်း၏ သွေးအိုင်ကဲ့သို့သော မေးရိုးကြီးကို ဖြဲကာ ချင်ယွမ်ဖုန်းအား တိုက်ရိုက်ပင် ကိုက်ခဲရန် ပြေးဝင်လာတော့သည်။

ချင်ယွမ်ဖုန်း၏ နှလုံးသားမှာ ထိတ်လန့်သွားရပြီး ဆေးမီးဖိုကြီးသည်လည်း ရုတ်တရက် ပြင်းထန်စွာ တုန်ရင်သွားကာ ပေါက်ကွဲတော့မည့်အလား ဖြစ်သွားရချေသည်။

“တောက်... သေစမ်း”

ချင်ယွမ်ဖုန်းက ကျိန်ဆဲလိုက်ရင်း လက်တစ်ဖက်ကို ဆေးမီးဖိုအတွင်းသို့ ထည့်သွင်းကာ ကျန်လက်တစ်ဖက်ဖြင့် ဝိညာဉ်စား သားရဲ၏ လည်ပင်းကို တိုက်ရိုက်ပင် လှမ်း၍ ဖမ်းဆွဲလိုက်တော့ပေသည်။

All Chapters