အခန်း ၆၀၂
Vol. 30 Ch. 602
အခန်း (၆၀၂)- ယမမင်းအဖွဲ့အစည်း၏ အင်အားစု
ချင်ယွမ်ဖုန်း၏ လက်ဖဝါးထက်တွင် ဝိညာဉ်စွမ်းအားတို့ဖြင့် ဖြစ်တည်လာသော ဆေးမီးဖိုငယ်တစ်ခု သဏ္ဌာန်ပေါ်လာပြီး အတွင်း၌ တောက်လောင်နေသော မီးလျှံများဖြင့် ဆေးလုံးကို အောင်မြင်စွာ စုစည်းလိုက်ချေသည်။
“ငါက ဒဏ်ရာရထားရုံတင်ပါ၊ တကယ့်ကိုပဲ ဘယ်လိုအောက်တန်းစား သားရဲကမဆို ငါ့ကို အန္တရာယ်ပြုနိုင်တယ်လို့ ထင်နေတာလား”
ချင်ယွမ်ဖုန်းက အေးစက်စွာ ပြောဆိုလိုက်သော်လည်း လက်တွေ့တွင်မူ သူသည် မနည်း တောင့်ခံထားရခြင်း ဖြစ်ပေသည်။
သူသည် ရုတ်တရက် အားစိုက်လိုက်ပြီး ထိုဝိညာဉ်စား သားရဲ၏ လည်ပင်းကို တိုက်ရိုက်ပင် လိမ်ချိုးပစ်လိုက်ရာ ထိုမျှလောက် အားစိုက်ထုတ်မှုကြောင့်ပင် ချင်ယွမ်ဖုန်းခမျာ အသက်ပြင်းပြင်း ရှူနေရတော့သည်။
ကံကောင်းထောက်မစွာဖြင့် ချင်ယွန်းဖုန်းသည် စွမ်းအင်စုပ်ယူခြင်း မဟာပညာရပ်မှ ‘လုယက်ခြင်း’ အရည်အချင်းကို အသုံးပြုနိုင်ခဲ့သဖြင့် အခြားသော သက်ရှိများ၏ ဇီဝအသက်စွမ်းအားကို စုပ်ယူ၍ မိမိ၏ ဒဏ်ရာများကို ကုသနိုင်ခဲ့ပေသည်။
သို့ရာတွင် ယခုအချိန်၌ ချင်ယွမ်ဖုန်းအနေဖြင့် ထိုဝိညာဉ်စား သားရဲ၏ ဇီဝအသက်စွမ်းအားကို မစုပ်ယူနိုင်သေးမီမှာပင် သူ၏ နောက်ကျောဘက်မှ အေးစက်သော အလင်းတန်းနှစ်ခု ဖြာထွက်လာပြီး ချင်ယွမ်ဖုန်း၏ အသက်အန္တရာယ်ရှိသော အရေးကြီးသော နေရာများသို့ တိုက်ရိုက် ထိုးစိုက်ဝင်ရောက်လာခဲ့သည်။
အကယ်၍ ထိုအေးစက်သော အလင်းတန်းနှစ်ခုသာ ထိမှန်သွားပါက ချင်ယွမ်ဖုန်းအတွက် အသက်ဘေးအန္တရာယ် ကြုံတွေ့ရမည် ဖြစ်ပေသည်။
ထိုအေးစက်သော အလင်းတန်းနှစ်ခုသည် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသော်လည်း ထိုအခိုက်အတန့်၌ ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်သည် ကောင်းကင်အနှံ့ လွင့်ပျံသွားသော ညဉ့်လင်းနို့နက်များအသွင်သို့ ပြောင်းလဲသွားကာ ကျောက်လိုဏ်ဂူအပြင်ဘက်သို့ ပျံသန်းသွားပြီးနောက် ပြင်ပတွင် တစ်ဖန်ပြန်လည် ပေါင်းစပ်ဖွဲ့စည်းလိုက်သည်။
လင်းနို့အသွင်ပြောင်းလဲခြင်း ပညာရပ်ကို အသုံးပြုလိုက်ခြင်းက ချင်ယွမ်ဖုန်း၏ ဒဏ်ရာများကို ပိုမိုဆိုးရွားသွားစေပြီး လတ်ဆတ်သော သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရချေသည်။
သူ့ခန္ဓာကိုယ်တွင် ပတ်တီးစီးထားသော ဒဏ်ရာများ အားလုံးသည်လည်း တစ်ဖန်ပြန်၍ ကွဲအက်သွားကာ သွေးစက်များကြောင့် ဖြူဖွေးသော အဝတ်စသည် နီမြန်းသွားရတော့သည်။
တုန်ကော်နှင့် ရှီးလျူတို့သည် အရိပ်အမှောင်ထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး သူတို့၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များဖြင့် ချင်ယွမ်ဖုန်းအား ကြည့်ရှုလိုက်ကြသည်။
သူတို့သည် ကျောက်လိုဏ်ဂူအတွင်းသို့ လှမ်းကြည့်လိုက်ရာ ချင်ယွမ်ဖုန်း အချိန်မီ မသိမ်းဆည်းနိုင်ခဲ့သော နေရာပြောင်း အစီအရင်ကို မြင်တွေ့လိုက်ရချေသည်။
“ဒီနေရာကနေ နေရာပြောင်းပြီး ထွက်ပြေးဖို့ ကြိုးစားနေတာလား။ ဒါကတော့ အိပ်မက်သက်သက်ပဲ။ ဒီနေရာက နေရာပြောင်း အစီအရင်ကို အာရုံခံလို့မရအောင် ကာကွယ်ထားပြီးသားမလို့ မင်း ဘယ်လိုမှ နေရာပြောင်းပြီး ထွက်ပြေးလို့ရမှာ မဟုတ်ဘူး”
ရှီးလျူက အေးစက်စွာ ပြောဆိုလိုက်သည်။
တုန်ကော်သည် ချင်ယွမ်ဖုန်းအား သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ အေးစက်သော မျက်လုံးများဖြင့် ကြည့်ရှုနေသည်။
“ဒါတင်မကသေးဘူး၊ မင်းက ဘယ်နေရာကို နေရာပြောင်းသွားမှာလဲ။ ဆေးနတ်ဘုရားဂိုဏ်းလား ဒါမှမဟုတ် ရှန်းဝူအကယ်ဒမီလား။ မင်း ဘယ်နေရာမှာပဲ ပေါ်လာပေါ်လာ ယမမင်းအဖွဲ့အစည်းက မင်းကို အသေအချာ ရှာဖွေတွေ့ရှိမှာပဲ။ အဲဒီအချိန်ကျရင် မင်းတစ်ယောက်တည်း သေရမှာတင်မကဘဲ တခြားသူတွေကိုပါ ဆွဲသွင်းရာ ရောက်လိမ့်မယ်”
တုန်ကော်က အေးစက်စွာ ထပ်လောင်း ပြောဆိုလိုက်သည်။
ချင်ယွမ်ဖုန်းသည် သူ့ရှေ့မှ လူသတ်သမားနှစ်ယောက်ကို ကြည့်ပြီး မတတ်သာသည့်အဆုံး သက်ပြင်းတစ်ချက် ချလိုက်သည်။
“ပေါက်ကရတွေ”
ထိုသို့ ပြောပြီးသည်နှင့် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်သည် ဟင်းလင်းပြင်ထဲတွင် အစအနမကျန် ပျောက်ကွယ်သွားတော့သည်။
“မကောင်းတော့ဘူး၊ ဒါက ဟင်းလင်းပြင်ဆိုင်ရာ စွမ်းအားပဲ” တုန်ကော်သည် ချင်ယွမ်ဖုန်း မတ်တပ်ရပ်နေခဲ့သော နေရာသို့ အပြေးအလွှား သွားရောက်ကြည့်ရှုသော်လည်း မည်သည့်အရာကိုမျှ ရှာမတွေ့တော့ပေ။
“ကျိကျိ ကျာကျာ”
မီတာတစ်ရာခန့် အကွာအဝေးရှိသော နေရာမှ ငှက်တို့၏ ပျာပျာသလဲ အော်မြည်သံများ ရုတ်တရက် ထွက်ပေါ်လာပြီး ငှက်အုပ်ကြီးတစ်ခုသည် ထိုနေရာမှ အုပ်စုလိုက် ပျံတက်သွားကြသည်။
“ဟိုဘက်မှာ” တုန်ကော်နှင့် ရှီးလျူတို့သည် အမည်းရောင် အလင်းတန်းနှစ်ခုအသွင် ပြောင်းလဲကာ ထိုနေရာသို့ အပြင်းအထန် တိုက်ခိုက်ရန် သွားရောက်ခဲ့ကြသော်လည်း သူတို့ ရောက်ရှိသွားချိန်တွင် ချင်ယွမ်ဖုန်း၏ အရိပ်အယောင်ကိုပင် မမြင်တွေ့ရတော့ပေ။
“ဆက်လိုက်ရှာကြစို့၊ သူ ဝေးဝေးမပြေးနိုင်ပါဘူး” တုန်ကော်က အေးစက်စွာ ပြောလိုက်သည်။
သူတို့အားလုံးသည် ချင်ယွမ်ဖုန်း၏ အားအင်ချိနဲ့နေသော အခြေအနေကို မြင်တွေ့ခဲ့ရပြီးဖြစ်ရာ သူ့ကို သတ်ဖြတ်နိုင်ရန် ယုံကြည်မှုများ ပိုမို တိုးပွားလာခဲ့ကြသည်။
ဟင်းလင်းပြင်ဆိုင်ရာ စွမ်းအားကို အသုံးပြုပြီးနောက် ချင်ယွမ်ဖုန်း၏ ကိုယ်တွင်းဒဏ်ရာများသည် ပိုမိုပြင်းထန်လာခဲ့သော်လည်း သူသည် မရပ်နားရဲပေ။
သူ ယခုလေးတင် ဖော်စပ်ထားသော ဆေးလုံးကို မျိုချလိုက်ပြီးနောက် ချင်ယွမ်ဖုန်းသည် ဆက်လက်၍ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
သူသည် ထိုဝိညာဉ်စား သားရဲ၏ ဇီဝအသက်စွမ်းအားကို အလဟဿ ဖြုန်းတီးပစ်လိုက်ရသည့်အတွက် အလွန် နောင်တရနေမိသည်။
တစ်ချိန်တည်းမှာပင် သူသည် လွန်စွာ တုန်လှုပ်ခြောက်ခြားနေမိသည်။ တုန်ကော် ပြောခဲ့သော စကားလုံးများသည် အမှန်တရားများ ဖြစ်နေမလား။
ယမမင်းအဖွဲ့အစည်း၏ အင်အားက တကယ်ပဲ ထိုမျှလောက်အထိ ကြီးမားနေသလော။
ချင်ယွမ်ဖုန်းသည် ထျန်းတူး ပြည်နယ်မြို့တော်တွင် ရှိသော ယမမင်းအဖွဲ့အစည်း၏ အသင်းခွဲကို ဖျက်ဆီးပစ်ခဲ့စဉ်က ယမမင်းအဖွဲ့အစည်းသည် သာမန် လူသတ်သမားအဖွဲ့အစည်း တစ်ခုမျှသာဖြစ်ပြီး မည်မျှအထိ အင်အားကြီးမားနိုင်မည်နည်းဟု ထင်မှတ်ခဲ့သည်။
သို့သော် တုန်ကော်၏ စကားအရ သူတို့၏ ယမမင်းအဖွဲ့အစည်းသည် ဆေးနတ်ဘုရားဂိုဏ်း သို့မဟုတ် ရှန်းဝူအကယ်ဒမီ ကဲ့သို့သော သန့်ရှင်းသော နယ်မြေများကိုပင် ဂရုမစိုက်ကြောင်း ကြားသိလိုက်ရသည်။
အကယ်၍ သူတို့ ပြောသည်မှာ အမှန်ဖြစ်ပါက ချင်ယွမ်ဖုန်းအနေဖြင့် နေရာပြောင်း၍ ပြန်သွားခြင်းသည် သူ၏ မိတ်ဆွေများထံသို့ ဘေးအန္တရာယ် ယူဆောင်လာပေးသကဲ့သို့ ဖြစ်ပေလိမ့်မည်။
“ရှောင်လင်၊ ဒီယမမင်းအဖွဲ့အစည်းက တကယ်ပဲ ဘယ်လောက်အထိ အင်အားကြီးတာလဲ၊ ပြီးတော့ သူတို့ပြောတဲ့ စကားတွေကော အမှန်ပဲလား” ချင်ယွမ်ဖုန်းသည် သူ၏ စိတ်အာရုံထဲတွင် ရှောင်လင်ကို လှမ်း၍ ခေါ်လိုက်သည်။
ရှောင်လင်သည် ချင်ယွမ်ဖုန်း၏ စိတ်အာရုံထဲတွင် ပေါ်လာပြီး ချင်ယွမ်ဖုန်းကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
“ကျွန်မအနေနဲ့ ဒါကို မဝန်ခံချင်ပေမဲ့ သူတို့ပြောတာက အမှန်တရားပါပဲ။ နည်းနည်းလောက် ပုံကြီးချဲ့ထားတာ ရှိနိုင်ပေမဲ့ တကယ့်အရှိတရားနဲ့ သိပ်ပြီးတော့ ကွာခြားမှုမရှိပါဘူး”
“တကယ်ပဲ အဲဒီလောက်တောင် အင်အားကြီးတာလား။ ငါ ဘယ်လို မိစ္ဆာကောင်ကြီးကို သွားပြီး ဆွမိလိုက်တာလဲ” ချင်ယွမ်ဖုန်းက တိုးတိုးရေရွတ်လိုက်သည်။
ရှောင်လင်က သက်ပြင်းချလိုက်ပြီး “ယမမင်းအဖွဲ့အစည်းက ရှန်းဝူ စကြဝဠာ တိုက်ကြီးမှာ ရှေးအကျဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ အင်အားက သန့်ရှင်းသော နယ်မြေတွေထက် သာလွန်တာ အသေအချာပါပဲ၊ ပြီးတော့ သူတို့က တစ်စုံတစ်ယောက်ကို တကယ် သတ်ချင်ပြီဆိုရင် တစ်တိုက်လုံးမှာ အဲဒီလူ ပုန်းရှောင်စရာ နေရာ ရှိမှာမဟုတ်တော့ပါဘူး”
“ဒါဆိုရင် ငါက သေလူဖြစ်သွားပြီပေါ့ ဟုတ်လား” ချင်ယွမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားရသည်။
“အကယ်၍ အရှင်သခင်သာ နတ်ဘုရားအဆင့်ကို ရောက်ရှိသွားမယ်ဆိုရင် ယမမင်းအဖွဲ့အစည်းကို သဘာဝအတိုင်း ကြောက်ရွံ့နေစရာ လိုတော့မှာမဟုတ်ပါဘူး”
ရှောင်လင်က လေသံတိုးတိုးဖြင့် ပြောလိုက်ပြီး “ဒါ့အပြင် ယမမင်းအဖွဲ့အစည်းက ဒီနှစ်တွေအတွင်းမှာ အလွန်ပဲ လူမသိသူမရှိအောင် နေထိုင်ခဲ့ပါတယ်။ သူတို့ရဲ့ အတွင်းပိုင်းမှာ ပြဿနာတချို့ ဖြစ်ပွားနေတာလည်း ဖြစ်နိုင်ပါတယ်၊ မဟုတ်ရင် အရှင်သခင်ကို လာသတ်တဲ့သူတွေက ဒီလို ပဉ္စမအဆင့် ဘိုးဘေးနယ်ပယ် သိုင်းပညာရှင် နှစ်ယောက်တည်း ဖြစ်နေမှာ မဟုတ်ပါဘူး”
ချင်ယွမ်ဖုန်း ခေါင်းညိတ်လိုက်သည်။ အကယ်၍ ယမမင်းအဖွဲ့အစည်းက သူတို့ ပြောသကဲ့သို့ တကယ်ပင် အင်အားကြီးမားလွန်းပါက ချင်ယွမ်ဖုန်းသည် စိန်ခေါ်ပွဲမတိုင်မီကတည်းက အသတ်ခံရပြီး ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့သော် သူသည် စွန့်စားပြီး နေရာပြောင်းကာ ပြန်မသွားရဲပေ။ အကယ်၍ သူက အခြားသူများကို ဆွဲသွင်းမိပါက ချင်ယွမ်ဖုန်းသည် သေလွန်လျှင်ပင် စိတ်ဖြောင့်ဖြောင့်ဖြင့် သေနိုင်မည် မဟုတ်ချေ။
ကံကောင်းထောက်မစွာဖြင့် သူသည် ချီဖုန်းချောက်ကမ္ဘာ၏ ကျောက်ဆောင်နံရံထက်တွင်လည်း နေရာပြောင်း အစီအရင်တစ်ခုကို တည်ဆောက်ထားခဲ့သေးသည်။
ထိုနေရာကို လင်တုံးမှလွဲ၍ မည်သူမျှ မသိရှိကြသဖြင့် ချင်ယွုန်းဖုန်းအနေဖြင့် ထိုနေရာသို့ နေရာပြောင်းကာ သွားရောက် အနားယူနိုင်သေးသည်။
ထိုအခိုက်အတန့်တွင် ချင်ယွမ်ဖုန်းသည် ယခင်ကျောက်လိုဏ်ဂူထဲတွင် ကျန်ရစ်ခဲ့သော နေရာပြောင်း အစီအရင်ကို သတိရမိသွားသည်။
ထိုအရာက ယုံကြည်မှုတန်ဖိုး တစ်သန်းပင် ဖြစ်ရာ ချင်ယွမ်ဖုန်း၏ နှလုံးသားတစ်ခုလုံး နှမြောတသမှုကြောင့် နာကျင်ရတော့သည်။
ချိုင့်ဝှမ်းအတွင်း၌ ကမ္ဘာမြေတုန်ဟည်းမတတ် ပေါက်ကွဲမှုကြီး ဖြစ်ပွားပြီးနောက်တွင် ကူရှီချိူးသည် မုန့်ချီလော့ကို ဆွဲခေါ်ကာ ချိုင့်ဝှမ်းအတွင်းမှ ထွက်ခွာခဲ့ကြသည်။
“ဆရာ၊ ကျွန်မကို လွှတ်ပေးပါဦး၊ ကျွန်မ ချင်ယွမ်ဖုန်းကို သွားရှာချင်လို့ပါ” မုန့်ချီလော့က ငိုယိုကာ အသည်းအသန် တောင်းပန်တိုးလျှိုးနေရှာသည်။
သို့သော် ကူရှီချိူးသည် ယခုအကြိမ်တွင် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်ရာ မုန့်ချီလော့ကို တင်းကျပ်စွာ ဖက်တွဲထားခဲ့သည်။
“မင်းက တကယ့်ကို လူမိုက်လေးပဲ။ အခုအချိန်မှာ ချင်ယွမ်ဖုန်းကို သွားရှာတာက မင်းက သူ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်သွားစေရုံပဲ ရှိလိမ့်မယ်” ကူရှီချိူးက အေးစက်စွာ ပြောလိုက်သည်။
မုန့်ချီလော့၏ မျက်လုံးများထဲတွင် ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေသည်။ သူမသည် ထိုဒဏ်ရာများကို ချင်ယွမ်ဖုန်းကိုယ်စား ခံစားပေးချင်သော်လည်း ယခုအချိန်၌ သူမသည် ချင်ယွမ်ဖုန်းနှင့်အတူ ရှိမနေပေးနိုင်တော့ပေ။
“ချင်ယွမ်ဖုန်းက အသေအချာကိုပဲ ထွက်ပြေးလွတ်မြောက်နိုင်မှာပါ၊ ဒါပေမဲ့ သူက အခု မြူနှင်းဂိုဏ်းရဲ့ ရန်သူဖြစ်သွားခဲ့ပြီ၊ ပြီးတော့ ပြန်လည်သင့်မြတ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး” ကူရှီချိူးက မတတ်သာသည့်အဆုံး သက်ပြင်းချလိုက်ရတော့သည်။
သူမသည် ချင်ယွမ်ဖုန်းကို အလွန်ပင် လေးစားမိပြီး ထို့အပြင် ယခင်က ချင်ယွမ်ဖုန်း ပေးအပ်ခဲ့သော နတ်သက်ကြွေဆေးမြက်နှင့် သန့်စင်သော နတ်ရေစင်တို့က သူမ၏ အသက်ကို ကယ်တင်ပေးခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် ယခုအခါတွင်မူ မြူနှင်းဂိုဏ်း၏ ဂိုဏ်းကြီးကြပ်သူ အကြီးအကဲ ရှစ်ယောက်စလုံးသည် ချင်ယွမ်ဖုန်း၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရပြီဖြစ်ရာ ယင်းက မြူနှင်းဂိုဏ်းအတွက်လည်း အလွန်ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်ပေသည်။
မြူနှင်းဂိုဏ်းနှင့် ချင်ယွမ်ဖုန်းတို့သည် ယခုအခါတွင် သေမင်းနှင့် ယှဉ်ပြိုင်ရသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
“ကျွန်မရဲ့ ဂိုဏ်းတော်က ဒီလောက်အထိ အရှက်မရှိလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့မိဘူး” မုန့်ချီလော့က သွားများကို တင်းတင်းကြိတ်ကာ ပြောလိုက်ပြီး “ဒါက သူတို့ရဲ့ စိန်ခေါ်ပွဲလေ၊ ဘာဖြစ်လို့ သူတို့က ဝင်ရောက် စွက်ဖက်ခဲ့ကြတာလဲ”
“ဟူး” ကူရှီချိူးက သက်ပြင်း အကြိမ်ကြိမ် ချလိုက်မိပြီး မည်သို့ ပြောရမည်ကိုပင် မသိတော့ပေ။ ဤကိစ္စတွင် မြူနှင်းဂိုဏ်းသည် အမှန်တကယ်ပင် မှားယွင်းခဲ့ပေသည်။
“ဆရာ၊ ကျွန်မ ပြန်ရောက်ပြီးတာနဲ့တားမြစ် နယ်မြေထဲကို ဝင်ရောက်မှာပါ။ ကျွန်မ သေဆုံးသွားရရင်တောင် မြူနှင်းဂိုဏ်းကနေ နှုတ်ထွက်မှာပါ” မုန့်ချီလော့က ပြတ်သားစွာ ပြောဆိုလိုက်သည်။
“ငါ့ရဲ့ လူမိုက်ကလေးရယ်၊ အဲဒီနေရာကို ဝင်တာက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တာပဲ။ မင်းထင်နေတာလား မြူနှင်းဂိုဏ်းက မင်းကို ဒီလောက် လွယ်လွယ်ကူကူနဲ့ ထွက်ခွာခွင့်ပေးလိမ့်မယ်လို့” ကူရှီချိူးက ဖျောင်းဖျပြောဆိုလိုက်လေတော့သည်။