အခန်း ၆၀၄
Vol. 30 Ch. 604
အခန်း (၆၀၄) လူကောင်းတစ်ယောက်
“အဓိကကတော့ ချင်ယွမ်ဖုန်းကို အရင် သတ်ရမှာပေါ့”
တုန်ကော်သည် ချင်ယွမ်ဖုန်းရှိရာ အရပ်သို့ တည့်တည့်မတ်မတ် ပျံသန်းသွားလေရာ ရှီးလျူကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာချေသည်။
သို့သော်လည်း ယင်းတို့နှစ်ဦးစလုံး၏ စိတ်ထဲ၌ များစွာ အံ့ဩတုန်လှုပ် သွားကြရပေသည်။ မကြာသေးမီကပင် ချင်ယွမ်ဖုန်းသည် အလွန်အမင်း အားအင်ချိနဲ့နေခဲ့သည် မဟုတ်လော။
ယခုကဲ့သို့ ရုတ်တရက် အားအင်များ ပြန်လည်ပြည့်ဝလာပြီး ပျံသန်းနိုင်သည်အထိ ဖြစ်လာရသည်မှာ အဘယ်ကြောင့်နည်း။
“ငါ့ကို သတ်ချင်ရင်လည်း လာခဲ့ကြစမ်း”
ချင်ယွမ်ဖုန်းသည် အုန်းအုန်းကျွက်ကျွက် ဟိန်းဟောက်လိုက်ပြီးလျှင် ရှန်းဝူလေးတော်ကို ချက်ချင်းပင် ဆွဲငင်လိုက်တော့သည်။
သို့ရာတွင် ယခုအချိန်၌ သူ၏ ကိုယ်တွင်းအားအင်များမှာ အလွန်တရာ နည်းပါးလှပေရာ ရှန်းဝူလေးတော်ကို အနည်းငယ်မျှသာ ဆွဲရုံရှိသေး၊ ဆက်လက်၍ မဆွဲနိုင်တော့ချေ။
နီရဲသော မြူခိုးများ ရစ်သိုင်းနေသည့် အရိုးမြှားသုံးစင်း ထွက်ပေါ်လာချေသည်၊၊ ယင်းကား ချင်ယွမ်ဖုန်းက မိမိ၏ သက်စောင့်အားကို လောင်မြိုက်စေခြင်းဖြင့် ရရှိလာသော အင်အားဖြစ်ပေသည်။
ထိုမြှားတို့သည် လေပြင်းမုန်တိုင်းအလား တစ်ဟုန်ထိုး ပြေးထွက်သွားသော်လည်း လူသတ်သမားနှစ်ဦးကိုမူ တစ်စုံတစ်ရာ ထိခိုက်ပျက်စီးခြင်း မရှိစေဘဲ လက်ဗလာဖြင့်ပင် ဖမ်းဆီးခြင်းကို ခံလိုက်ရလေသည်။
“လာခဲ့ကြစမ်းပါ”
ချင်ယွမ်ဖုန်းသည် ပြုံးလိုက်မိပြီးနောက် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အားအင်တို့သည် ဒီရေအလား တရိပ်ရိပ် ဆုတ်ခွာသွားတော့သည်။
မျက်စိရှေ့မှောက် တစ်ခွင်လုံး ရုတ်တရက် မှောင်အတိ ကျသွားကာ ချင်ယွမ်ဖုန်းသည် မိုးကောင်းကင်ထက်မှ ဇောက်ထိုး ပြုတ်ကျ၍ ပင်လယ်ပြင်ကြီးထဲသို့ နစ်မြုပ်သွားချေသည်။
မြောင်ယွီလန်သည် ဝေးကွာလှသော အရပ်မှ ချင်ယွမ်ဖုန်း၏ မှုန်ဝါးဝါး ပုံရိပ်ကြီး ပြုတ်ကျသွားသည်ကို ငေးမျှော်ကြည့်ရင်း မျက်ရည်များမှာ ထိန်းမနိုင်သိမ်းမရ စီးကျလာခဲ့ရပေသည်။
ချင်ယွမ်ဖုန်းသည် ယခုကဲ့သို့ ပေါက်ကွဲထွက်လာသည့် စွမ်းအားကို ထုတ်ဖော်ရန်အတွက် မိမိ၏ ရှိသမျှ အရာအားလုံးကို ကုန်စင်အောင် အသုံးပြုခဲ့ရသည်ကို သူမ ကောင်းစွာ သိရှိနေပေသည်။
“ယွမ်ဖုန်း…”
မြောင်ယွီလန်သည် ရှိုက်ကြီးတငင် ငိုကြွေးမိပြီးနောက် စိန်ခေါ်ရာမြို့တော်ရှိရာ အရပ်သို့ အပြင်းအနှင် ပျံသန်းသွားတော့သည်။
ချင်ယွမ်ဖုန်းသည် သေဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း မြောင်ယွီလန်အနေဖြင့် ချင်ယွမ်ဖုန်း ဤလောက၌ ချန်ရစ်ခဲ့သော အရာကို မဖြစ်မနေ ကာကွယ်စောင့်ရှောက်ရပေလိမ့်မည်။
မွန်းလွဲပိုင်း အချိန်သို့ ရောက်ရှိသောအခါ စိတ်နှလုံး ကြေကွဲဝမ်းနည်းနေရရှာသော မြောင်ယွီလန်သည် စိန်ခေါ်ရာမြို့တော်သို့ ပြန်လည်ရောက်ရှိလာပြီး အဘိုးအိုနှင့် အဘွားအို ဇနီးမောင်နှံနှစ်ဦး နေထိုင်ရာ အိမ်ဂေဟာတစ်ခု၏ ရှေ့မှောက်သို့ ဆိုက်ရောက်လာခဲ့သည်။
တောအုပ်သို့ မသွားမီကပင် မြောင်ယွီလန်သည် အဖိုးတန်အရာတစ်ခုကို ထိုနေရာရှိ အဘိုးအိုနှင့် အဘွားအိုတို့ထံ၌ ယုံကြည်စိတ်ချစွာ အပ်နှံထားခဲ့ခြင်း ဖြစ်ပေသည်။
“သမီးလေး၊ ပြန်လာပြီလား။ ဒီကလေးမလေးက သိပ်ပြီး အလိုက်သိတာပဲကွယ်၊ ညဘက်မှာတောင် ငိုလည်းမငို၊ ဂျီလည်းမကျဘူး” ဟု အဘွားအိုက ပြောဆိုရင်း ကလေးငယ်ကို မြောင်ယွီလန်၏ လက်ထဲသို့ လွှဲပြောင်းပေးအပ်လိုက်သည်။
မြောင်ယွီလန်သည် ရင်သွေးငယ်ကို ပွေ့ပိုက်လိုက်ချေသည်။ ၎င်းမှာ ခြောက်လ သို့မဟုတ် ခုနစ်လခန့်သာ ရှိသေးသော သမီးငယ်လေး ဖြစ်ပြီး ထွားထွားကြိုင်းကြိုင်းနှင့် ချစ်စဖွယ် ရှိလှပေသည်။
“သမီး သိရဲ့လား။ မေမေ သမီးရဲ့ ဖေဖေကို တွေ့ခဲ့တယ်၊ ဒါပေမဲ့ သမီးဖေဖေက သိပ်ကို ဝေးလံတဲ့ အရပ်တစ်ခုကို သွားရပြီကွယ်” ဟု မြောင်ယွီလန်က ပြောကြားရင်း မျက်ရည်များမှာ ပါးပြင်ထက်သို့ တရစပ် စီးကျနေတော့သည်
ဤကလေးငယ်သည်ကား စင်စစ်အားဖြင့် ချင်ယွမ်ဖုန်း၏ သမီးအရင်း အစစ်အမှန် ဖြစ်ပေသည်။
ရှေးဟောင်းဂူသင်္ချိုင်းအတွင်း၌ ယင်းတို့နှစ်ဦး အတူတကွ ဖြတ်သန်းခဲ့ရသော ထိုညဉ့်အခါက မိမိ၏ သွေးသားရင်းမြစ်တစ်ခု ဤသို့ ကျန်ရစ်လိမ့်မည်ဟု ချင်ယွမ်ဖုန်းကိုယ်တိုင်ပင်လျှင် မျှော်လင့်မထားခဲ့မိပေ။
“အလို ၊ သမီးလေးရယ်၊ ဘာလို့ ဒီလောက်တောင် ငိုကြွေးနေရတာလဲ။ သူ့ဖေဖေက လူကောင်းတစ်ယောက် မဖြစ်တန်ရာပါဘူး၊ ဒါမှမဟုတ်ရင် သမီးတို့ဆီကို ဘာလို့ ပြန်မလာဘဲ နေမှာလဲ။ ထိုသို့သော လူစားမျိုးအတွက် သမီးအနေနဲ့ ဝမ်းနည်းပူဆွေးမနေသင့်ပါဘူးကွယ်” ဟု အဘွားအိုက ကရုဏာသက်စွာဖြင့် မြောင်ယွီလန်ကို အလျင်အမြန်ပင် နှစ်သိမ့်ရှာသည်။
မြောင်ယွီလန်သည် ဦးခေါင်းကို ခါယမ်းလိုက်ပြီး “မဟုတ်ပါဘူး အဘွားရယ်၊ သမီးရဲ့ ဖေဖေက သိပ်ကို ကြီးမြတ်တဲ့ သူရဲကောင်းကြီး တစ်ယောက်ပါ” ဟု ဆိုလေသည်။
ပင်လယ်ကမ်းစပ်တွင်မူ ချင်ယွမ်ဖုန်းသည် ရေပြင်ကျယ်ထဲသို့ ပြုတ်ကျသွားပြီးနောက် မြင်ကွင်းတစ်ခုလုံး မှောင်အတိကျကာ သတိလစ်မေ့မြောသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်သည်လည်း အောက်ခြေသို့ တဖြည်းဖြည်း ချာချာလည် နစ်မြုပ်သွားတော့သည်။
ချင်ယွမ်ဖုန်း၏ ကိုယ်မှ ထွက်ပေါ်လာသော သွေးညှီနံ့အရသာကို အာရုံရလိုက်သည်နှင့် တပြိုင်နက် တစ်ခဏချင်းမှာပင် ပင်လယ်သားရဲတစ်ကောင်သည် ချင်ယွမ်ဖုန်းကို တစ်လုပ်တည်း မျိုချလိုက်ပြီးနောက် ဝေးကွာလှသော အရပ်သို့ ကူးခတ်သွားလေတော့သည်။
တုန်ကော်နှင့် ရှီးလျူတို့သည် ထိုနေရာသို့ ပြန်လည်ရောက်ရှိလာပြီး ပင်လယ်ရေထဲသို့ ငုပ်လျှိုးရှာဖွေကြသည့် အခါ၌မူ ချင်ယွမ်ဖုန်း၏ အစအနပင် မတွေ့ရတော့ချေ။
ယင်းတို့သည် သွေးစွန်းနေသော အဝတ်စဖြူ အနည်းငယ် ရေပေါ်တွင် ဝဲပျံနေသည်နှင့် ရှန်းဝူလေးတော်တို့ကိုသာ မြင်တွေ့ကြရလေသည်။
“ချင်ယွမ်ဖုန်း သေသွားပြီလား” ဟု ရှီးလျူက မေးမြန်းလိုက်သည်။
တုန်ကော်သည် ရှီးလျူကို ကြည့်ကာ အံကြိတ်လိုက်မိသည်။
“သူ သေချာပေါက် သေသွားပြီ၊ ပင်လယ်သားရဲတစ်ကောင်ရဲ့ စားသောက်ခြင်းကိုလည်း ခံလိုက်ရပြီ။ ငါတို့ ပြန်ပြီး သတင်းပို့ကြစို့” ဟု တုန်ကော်က ပြောဆိုသည်။
“ဒါပေမဲ့…” ရှီးလျူက အနည်းငယ် စိုးရိမ်ပူပန်နေပုံ ရပေသည်။
“ဒါပေမဲ့ ဘာဖြစ်ရမှာလဲ။ ငါတို့ ချင်ယွမ်ဖုန်းကို သတ်နိုင်ခဲ့ရင် ပြန်သွားပြီး ဆုလာဘ် တောင်းလို့ရတယ်။ အကယ်၍ ချင်ယွမ်ဖုန်းကို မသတ်နိုင်ခဲ့ရင်တော့ ပြန်သွားပြီး အပြစ်ပေးတာကို ခံရလိမ့်မယ်။ မင်းက အပြစ်ပေးတာကို ခံချင်တာလား၊ ဒါမှမဟုတ် ဆုလာဘ်ကို ရချင်တာလား” ဟု တုန်ကော်က အေးစက်စွာ ပြောဆိုလိုက်သည်။
“ဒါပေမဲ့ ငါတို့ ချင်ယွမ်ဖုန်းရဲ့ အလောင်းကိုတောင် မမြင်ရသေးဘူးလေ” ဟု ရှီးလျူက စိုးရိမ်စိတ် မကုန်သေးဘဲ ဆိုရှာသည်။
“အလောင်းကို မြင်စရာ မလိုပါဘူး၊ ဒါက အကောင်းဆုံး သက်သေပဲ” တုန်ကော်သည် ချင်ယွမ်ဖုန်း ပစ်ခတ်ခဲ့သော အရိုးမြှားသုံးစင်းနှင့် ရှန်းဝူလေးတော်ကို ထုတ်ဖော်ပြသလိုက်သည်။
“မင်း ထင်တာကတော့ ချင်ယွမ်ဖုန်းဟာ သတိလစ်ပြီး ပင်လယ်ထဲ ပြုတ်ကျသွားတာတောင် တကယ်ပဲ အသက်ရှင်နိုင်ဦးမယ် လို့လား” ဟု တုန်ကော်က ထပ်မံ မေးခွန်းထုတ်လိုက်သည်။
ရှီးလျူသည် ဦးခေါင်းကို ခါယမ်းလိုက်ပြီး “ငါ နားလည်ပါပြီ။ ပြန်သွားပြီး ဆုလာဘ် တောင်းကြတာပေါ့။ ချင်ယွမ်ဖုန်း သေဆုံးသွားခဲ့ပြီ၊ သူ၏ ရုပ်အလောင်းကိုလည်း ပင်လယ်သားရဲက စားပစ်လိုက်ပြီ” ဟု ဆိုလေသည်။
ယင်းတို့နှစ်ဦးသည် ပင်လယ်ပြင်ကြီးထက်မှ ပျံသန်းထွက်ခွာသွားကြပြီးနောက် ထိုအကြောင်းအရာကို အစီရင်ခံ တင်ပြကြလေသည်၊၊
သို့သော်လည်း ၎င်းတို့သည် ချင်ယွမ်ဖုန်း သေဆုံးသွားသည်ကိုလည်းကောင်း၊ သူ၏ ရုပ်အလောင်းကို ပင်လယ်သားရဲက ဝါးမြိုသွားသည်ကိုလည်းကောင်း မိမိတို့ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပါသည်ဟုသာ လိမ်လည်၍ သတင်းပို့ခဲ့ကြချေသည်။
ချင်ယွမ်ဖုန်း သေဆုံးသွားသည့် သတင်းသည် တဟုန်ထိုး ပျံ့နှံ့သွားခဲ့ရာ တိုက်ကြီးတစ်ခုလုံးကို လှုပ်ခတ်သွားစေတော့သည်။
လူအပေါင်းတို့ သိရှိထားကြသည်မှာ ချင်ယွမ်ဖုန်းသည် စိန်ခေါ်ပွဲ၌ အနိုင်ရရှိခဲ့ပြီး မြူနှင်းဂိုဏ်းက အရှက်မရှိ ဝင်ရောက်စွက်ဖက်ခဲ့သော်လည်း ၎င်းတို့ကို ပြန်လည်သတ်ဖြတ်နိုင်ခဲ့သည်ဟူသော သတင်းမှာ တစ်တိုက်လုံးသို့ ပျံ့နှံ့သွားခဲ့သည်မှာ မကြာသေးမီကပင် ဖြစ်ပေသည်။
တောက်ပလှသော ကြယ်တစ်ပွင့် ကြွေလွင့်သွားခဲ့လေပြီ။ ယခုတစ်ကြိမ် သေဆုံးခြင်းမှာ ယခင် နတ်ဘုရားသောင်းချီနယ်မြေ၌ သေဆုံးခဲ့ရသကဲ့သို့ မဟုတ်ဘဲ ယမမင်းအဖွဲ့အစည်းက အတည်ပြုလိုက်သော သေဆုံးခြင်းမျိုး ဖြစ်ပေသည်။
ယမမင်းဟူသည် အဘယ်နည်း။ ထိုအဖွဲ့သည်ကား တိုက်ကြီးတစ်ခုလုံးတွင် အကြီးမားဆုံးသော လူသတ်သမားအဖွဲ့အစည်း မဟုတ်လော။
၎င်းတို့က အဘယ်ကြောင့် လိမ်လည်လှည့်ဖြားရမည်နည်း။ ထို့ကြောင့် လူတိုင်းက ယခုတစ်ကြိမ်တွင် ချင်ယွမ်ဖုန်းသည် တကယ်ပင် သေဆုံးသွားခဲ့ပြီဟု ယုံကြည်သွားကြတော့သည်။
“ ရုတ်တရက်အလုပ်တာဝန် ပြီးမြောက်ပါသည်။ အသက်အန္တရာယ် ကြုံတွေ့နေရကြောင်း စနစ်က စုံစမ်းသိရှိရပါသည်။ ရရှိသော ဆုလာဘ်ကို သက်စောင့်စွမ်းအားအဖြစ် ပြောင်းလဲပေးရမလား”
“တုံ့ပြန်မှု မရှိကြောင်း စနစ်က စုံစမ်းသိရှိရသဖြင့် ရရှိသော ဆုလာဘ်ကို သက်စောင့်စွမ်းအားအဖြစ် အလိုအလျောက် ပြောင်းလဲပေးလိုက်ပါသည်”
“ပြောင်းလဲခြင်း ပြီးမြောက်ပါပြီ”
ပင်လယ်သားရဲ၏ ဝမ်းဗိုက်အတွင်း၌ ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ပေါ်တွင် ဖောက်ထွင်းမြင်နိုင်သော အရေပြားအကာအကွယ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ကို လွှမ်းခြုံထားလိုက်တော့သည်။
ချင်ယွမ်ဖုန်းကို မျိုချလိုက်သော ပင်လယ်သားရဲသည် ထိုထက်မက ပိုမိုကြီးမားသော ပင်လယ်သားရဲတစ်ကောင်၏ ဝါးမြိုခြင်းကို ခံလိုက်ရပြန်သည်၊၊
ထိုသားရဲသည်လည်း ပို၍ပင် ထွားကျိုင်းလှသော အခြားပင်လယ်သားရဲကြီးတစ်ကောင်၏ မျိုချခြင်းကို ထပ်မံခံရလေရာ ပင်လယ်ပြင်ကြီးအတွင်း၌ သန်ရာစားစနစ်သည် သာ၍ပင် ထင်ရှားလှပေသည်။
နောက်ဆုံးတွင်မူ ဧရာမ ပင်လယ်သားရဲကြီးတစ်ကောင်သည် ချင်ယွမ်ဖုန်းကို သယ်ဆောင်လျက် ပင်လယ်ပြင်ကြီး၏ အနက်ရှိုင်းဆုံးပိုင်းဆီသို့ အပြင်းအနှင် ကူးခတ်သွားလေတော့သည်။
အမြစ်မရှိသော ကျွန်းစုများဟူသည် တိုက်ကြီးနှင့် အလွန်တရာ ဝေးကွာလှသော ကျွန်းစုအုပ်စုတစ်ခု ဖြစ်ပြီး ထိုနေရာ၌ ကျွန်းငယ်ပေါင်း ရာချီ၍ စုပြုံတည်ရှိနေကာ ကျွန်းတစ်ခုနှင့်တစ်ခု အကွာအဝေးမှာလည်း များစွာ မဝေးလှချေ။
ထိုကျွန်းများပေါ်တွင် လူစုလူဝေးတစ်ခု မှီတင်းနေထိုင်ကြပေသည်။ ယင်းတို့သည် တိုက်ကြီးနှင့် ကွဲကွာနေကြသော်လည်း ဤနေရာ၌ပင် သာယာဝပြောစွာဖြင့် သားစဉ်မြေးဆက် တိုးပွားနေကြရာ နတ်ဘုံနတ်နန်းပမာ ဖြစ်နေတော့သည်။
အကြီးမားဆုံးသော ကျွန်းကြီးမှာ ထျန်းတူး ပြည်နယ်မြို့တော်ခန့်မျှ ပမာဏရှိပြီး ကျွန်းစုများက ဝန်းရံထားကြရာ ဤနေရာ၏ ဗဟိုချက်မ ဖြစ်လာခဲ့သည်။
အသေးငယ်ဆုံးသော ကျွန်းငယ်ကလေးများမှာမူ အိမ်ထောင်စု တစ်စုစာသာ နေထိုင်နိုင်လောက်ပေသည်။
ထိုသို့သော ကျွန်းငယ်ကလေးပေါင်း ရာနှင့်ချီ၍ ရှိနေပြီး ကျွန်းတစ်ကျွန်းစီတွင် အိမ်ထောင်စု တစ်စုစီ မှီတင်းနေထိုင်ကြသည်။
“ဖေဖေ၊ ပြန်လာပြီလား” အပြင်ဘက်ဆုံးရှိ ကျွန်းငယ်ကလေးပေါ်တွင် မိန်းကလေးငယ်တစ်ဦးသည် ပြုံးရွှင်စွာဖြင့် ပင်လယ်ကမ်းစပ်သို့ ပြေးသွားလေသည်။
ဗလတောင့်တောင့်နှင့် ကြွက်သားအမြှောင်းမြှောင်း ထွက်နေသော အင်္ကျီဗလာကိုယ်ထည်နှင့် အမျိုးသားတစ်ဦးသည် ပင်လယ်ရေထဲမှ တရွေ့ရွေ့ လှမ်းလျှောက်လာချေသည်။
ထိုမိန်းကလေး၏ အမည်မှာ ယန်ရု ဖြစ်ပြီး တောင့်တင်းခိုင်မာသော ထိုအမျိုးသား၏ အမည်မှာ စီဒန်ဟွာ ဖြစ်ပေသည်။
၎င်းတို့သည် ဤကျွန်းငယ်လေးပေါ်တွင် အတူတကွ မှီတင်းနေထိုင်ကြသော သားအဖနှစ်ဦး ဖြစ်ကြသည်။
စီဒန်ဟွာသည် မဟာဆရာနယ်ပယ်၏ ပထမအဆင့်မျှသာ ရှိသေးသော်လည်း ပင်လယ်သားရဲများကို ဖမ်းဆီးရာတွင်မူ အလွန်တရာ ကျွမ်းကျင်လိမ္မာလှပေရာ ပတ်ဝန်းကျင် ကျွန်းစုများပေါ်ရှိ လူတိုင်းက ကောင်းစွာ သိရှိကြပေသည်။
“ဟားဟား၊ ယန်ရု ရေ၊ ကြည့်စမ်း။ ဖေဖေ ဒီတစ်ခါတော့ ကောင်ကြီးကြီးတစ်ကောင် မိလာတယ်ဟေ့” စီဒန်ဟွာသည် အလွန်ပင် ပျော်ရွှင်နေပုံ ရချေသည်။
သူသည် လက်ထဲရှိ ကြိုးကို ကိုင်ဆောင်ထားပြီး ရုတ်တရက် ဆွဲငင်လိုက်ရာ ဧရာမ ပင်လယ်သားရဲကြီးတစ်ကောင် ရေပြင်ထက်သို့ ပါရှိလာတော့သည်။
ထိုပင်လယ်သားရဲကြီးမှာ တောင်ငယ်တစ်မျှ ကြီးမားလှပေရာ ယင်းတို့၏ ကျွန်းငယ်ကလေးမှာ သေးငယ်လွန်းသဖြင့် တင်ထားရန် မဖြစ်နိုင်သောကြောင့် ကမ်းစပ်၌သာ ချိတ်ဆွဲထားရလေသည်။
“ကြီးမားလိုက်တဲ့ ပင်လယ်သားရဲကြီးပါလား” ယန်ရုသည် ထိုဧရာမ ပင်လယ်သားရဲကြီးကို မြင်လိုက်ရသည့်အခါ ဝမ်းသာအားရဖြင့် ခုန်ပေါက်မိတော့သည်။
ယင်းက ၎င်းတို့အနေဖြင့် အချိန်အတော်ကြာအောင် ပင်လယ်သားရဲများကို ထပ်မံ ဖမ်းဆီးရန် မလိုအပ်တော့ဟု အဓိပ္ပာယ်ရပေသည်၊၊
ထို့အပြင် သားရဲ၏ မိစ္ဆာအနှစ်သာရလုံး၊ သားရဲအရိုးများ၊ ငါးအရေခွံများနှင့် အခြားသော အစိတ်အပိုင်းများကိုလည်း အဖိုးအခ ကောင်းကောင်းဖြင့် ရောင်းချနိုင်ပေလိမ့်မည်။
“ဖေဖေ တော်တော်လေး အားစိုက်ထုတ်ခဲ့ရတာကွ။ ငါတို့ ဒီဘက်မှာ ဒီလောက်ကြီးတဲ့ ပင်လယ်သားရဲကြီးမျိုး မတွေ့ရတာ တော်တော်လေး ကြာပြီ” ဟု စီဒန်ဟွာကလည်း ပြုံးရွှင်စွာ ပြောဆိုလိုက်လေတော့သည်။