အခန်း ၆၀၇
Vol. 30 Ch. 607
အခန်း (၆၀၇)မိစ္ဆာကျင့်ကြံသူ
“ဒါဆို... ငါတို့ရွာထဲမှာ လူတွေရဲ့ ဝိညာဉ်ကို စုတ်ယူဝါးမြိုတတ်တဲ့ မိစ္ဆာကောင်တစ်ကောင် ရှိနေတယ်လို့ ဆိုလိုတာလား” ရွာသူကြီး၏ စကားလုံးများက ဘေးလူကို တုန်လှုပ်ချောက်ချားသွားစေသည်။
သို့ရာတွင် ချင်ယွမ်ဖုန်းကမူ အေးဆေးတည်ငြိမ်စွာဖြင့်ပင် “ဒါမှမဟုတ်လည်း... မိစ္ဆာကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်တာပေါ့၊ တချို့ မိစ္ဆာကျင့်ကြံသူတွေက သူတို့ရဲ့ ကျင့်စဉ်တိုးတက်ဖို့အတွက် လူတွေရဲ့ ဝိညာဉ်ကို စုတ်ယူလေ့ရှိကြတယ်” ဟု ခပ်ဆတ်ဆတ် ဆိုချေသည်။
ထိုအခါ ရွာသူကြီးက မဖြစ်နိုင်ကြောင်း ခေါင်းကို တရမ်းရမ်းလုပ်လျက် “မဖြစ်နိုင်တာ၊ ငါတို့ရဲ့ ဒီပင်လယ်ကျွန်းငယ်ပေါ်မှာ ဘယ်လိုနည်းနဲ့မှ မိစ္ဆာကျင့်ကြံသူ ရှိမနေနိုင်ဘူး” ဟု အားမာန်ပါပါ ငြင်းဆိုလေသည်။
ချင်ယွမ်ဖုန်းက ခပ်ပြုံးပြုံးဖြင့် “ဒီပင်လယ်ကျွန်းငယ်ကလူလို့ ကျွန်တော် မပြောခဲ့ပါဘူး၊ လွန်ခဲ့တဲ့ နှစ်ရက်လောက်က ဒီကျွန်းပေါ်ကို သူစိမ်း ရောက်လာတာမျိုး ရှိခဲ့လား” ဟု မေးမြန်းလိုက်၏။
ရွာသူကြီးသည် အတန်ကြာအောင် စဉ်းစားတွေးတောနေပြီးမှ ရုတ်ချည်း မျက်လုံးများ ပြူးကျယ်သွားကာ “ဟုတ်သားပဲ၊ လွန်ခဲ့တဲ့ နှစ်ရက်က လူငယ်တစ်ယောက် ရောက်လာသေးတယ်၊ ဒီနေ့တင်ပဲ သူ ပြန်ထွက်သွားတာ” ဟု သတိရတရ ရေရွတ်သည်။
“ဒါဆိုရင်တော့... အဲဒီလူပဲ ဖြစ်ဖို့များပြီ၊ ရွာသူကြီးအနေနဲ့ သူ့ရဲ့ ပုံတူပန်းချီကို ဆွဲပြီးတော့ တခြား ပင်လယ်ကျွန်းငယ်တွေကို အကြောင်းကြားပေးပါလား၊ သူ့ကို ဖမ်းမိနိုင်ရင်တော့ အကောင်းဆုံးပေါ့” ဟု ချင်ယွမ်ဖုန်းက အကြံပြုစကား ဆိုလေသည်။
“ကောင်းပြီ... ကောင်းပြီ၊ အခုပဲ ငါ သွားလိုက်ဦးမယ်” ရွာသူကြီးသည် ကပျာကယာဖြင့် အလောတကြီး ပြေးထွက်သွားတော့ရာ၊ ချင်ယွမ်ဖုန်း၏ အမိန့်ပေးသံသဏ္ဌာန် စကားလုံးများအပေါ် တစ်စုံတစ်ရာ စိတ်ခုခြင်း၊ ကန့်ကွက်လိုခြင်း အလျင်းမရှိခဲ့ချေ။
စီဒန်ဟွာသည် ချင်ယွမ်ဖုန်းကို ကြည့်လျက် မျက်ဝန်းအစုံ၌ လေးစားချီးကျူးရိပ်များ လွှမ်းမိုးနေတော့သည်။ အတိတ်မေ့နေသော ဤလူငယ်သည် မမှတ်မိခင်ကာလက သာမန်ကာလျှံကာ ပုဂ္ဂိုလ်တစ်ဦး မဟုတ်ခဲ့သည်မှာ ဧကန်မလွဲ ဖြစ်တန်ရာ၏။
ထိုအခါ ဘေးမှ ရွာသားတစ်ဦးက “ဒါဆို... လျိုဝူးနဲ့ သူ့မိသားစုအတွက် မျှော်လင့်ချက် မရှိတော့ဘူးပေါ့လား” ဟု မေးမြန်းရှာသည်။
“အဲဒီ မိစ္ဆာကျင့်ကြံသူကို ရှာဖွေတွေ့ရှိသရွေ့တော့ မျှော်လင့်ချက် ရှိပါသေးတယ်” ချင်ယွမ်ဖုန်းက တည်ငြိမ်အေးဆေးစွာပင် ဆက်လက်၍ “အားလုံးလည်း ဒီကာလအတောအတွင်းမှာ မိမိတို့ ပတ်ဝန်းကျင်က လူတွေကို သတိထားကြည့်ကြပါဦး၊ နေ့ဘက်မှာ အပြင်မထွက်ဘဲ ညဘက်ကျမှ သွားလာတတ်တဲ့ လင်းတလို လူမျိုးတွေ ရှိ၊ မရှိ စောင့်ကြည့်ပေးကြပါ” ဟု ပြောကြားလိုက်၏။
လူအပေါင်းတို့က ခေါင်းညိတ်လက်ခံကြပြီး မကြာမီပင် လူစုခွဲသွားကြတော့သည်။
ထိုမိစ္ဆာကျင့်ကြံသူကြောင့်ပင် ရွာသူရွာသား အပေါင်းတို့သည် ထိတ်လန့်တုန်လှုပ်ခြင်းဘေး သင့်ကာ ညဘက်တွင် အပြင်သို့ပင် မထွက်ရဲကြတော့ချေ။
ရွာသူကြီးသည်လည်း ထိုလူငယ်၏ ပုံတူပန်းချီကို ရေးဆွဲလေသည်။ အနုစိတ် တထပ်တည်း မကျစေကာမူ အနီးစပ်ဆုံး အသွင်သဏ္ဌာန်ကိုမူ ပေါ်လွင်စေခဲ့သည်။
ထိုပုံတူပန်းချီသည် ပတ်ဝန်းကျင်ရှိ အခြားသော ပင်လယ်ကျွန်းငယ်များသို့ ပျံ့နှံ့သွားခဲ့တော့၏။ လူသားတို့၏ ဝိညာဉ်ကို စုတ်ယူဝါးမြိုနိုင်သော မိစ္ဆာကျင့်ကြံသူတစ်ဦး လှည့်လည်သွားလာနေသည်ဟူသော သတင်းကြောင့် လူအများမှာ စိုးရိမ်ပူပန်စိတ်ဖြင့် မအေးချမ်းနိုင် ဖြစ်ကြရရှာသည်။
အပြန်လမ်းတွင် ယန်ရုသည် ချင်ယွမ်ဖုန်းကို စိုက်ကြည့်ရင်း နှုတ်ခမ်းဖျား၌ သာယာသော အပြုံးတစ်ခု ဆင်မြန်းထားလျက် “အာဟိုင်... နင်က ဘယ်လိုလုပ်ပြီး အများကြီး သိနေရတာလဲ၊ ငါ့အဖေထက်တောင် ပိုပြီး တော်နေသေးတယ်” ဟု မြွက်ဆိုသည်။
ချင်ယွမ်ဖုန်းက အလျင်အမြန်ပင် လက်ခါပြလျက် “မဟုတ်ပါဘူး... သူတို့ကို မြင်လိုက်တာနဲ့ ငါ့ခေါင်းထဲမှာ ထူးဆန်းတဲ့ အချက်အလက်တချို့ အလိုလို ပေါ်လာလို့ပါ” ဟု ပြန်လည်ဖြေကြား၏။
စီဒန်ဟွာကလည်း သဘောကျစွာ ရယ်မောရင်း “မင်း အတိတ်မမေ့ခင်တုန်းက သိပ်ကို အစွမ်းထက်တဲ့ သိုင်းပညာရှင်တစ်ယောက် ဖြစ်ခဲ့မှာ သေချာတယ်” ဟု ဆိုချေသည်။
၎င်းတို့ ပင်လယ်ကျွန်းငယ်သို့ ပြန်ရောက်သည့်တိုင် ချင်ယွမ်ဖုန်းမှာ မိမိအတွက် အသုံးဝင်မည့် မည်သည့်အတိတ်အမှတ်သရုပ်ကိုမျှ မမှတ်မိသေးချေ။
သို့သော်လည်း စီဒန်ဟွာသည် ချင်ယွမ်ဖုန်း၌ ထူးခြားသော အတတ်ပညာအချို့ ရှိနေသည်ကို သတိပြုမိလာသည်။
ဥပမာအားဖြင့်... ကျွန်းပေါ်ရှိ ပင်လယ်သားရဲ အမျိုးမျိုးကို ချက်ချင်း ခွဲခြားသိမြင်နိုင်ခြင်း၊ ထူးခြားဆန်းပြားသော ဝိညာဉ်ဆေးပင်များနှင့် သစ်ဥသစ်ဖုများကို နားလည်ခြင်း၊ ထို့ပြင် ဆေးဝါးဗေဒဆိုင်ရာ အမြင်များစွာ ရှိနေခြင်းတို့ပင် ဖြစ်တော့သည်။
စီဒန်ဟွာသည် ချင်ယွမ်ဖုန်း၏ အတိတ်ဖြစ်တည်မှုအပေါ် ပိုမို၍ စူးစမ်းလိုစိတ် ပြင်းပြလာရသည်။
ရက်အနည်းငယ် ကုန်လွန်ပြီးနောက်... အခြားလူတစ်ဦးသည် စီဒန်ဟွာကို လာရောက်ပင့်ဖိတ်ကာ လူနာတစ်ဦး ရှိနေသဖြင့် ဆေးကုသပေးပါရန် တောင်းပန်တိုးလျှိုးလေသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် စီဒန်ဟွာမှာ ပင်လယ်ပြင်သို့ ငါးဖမ်းထွက်သွားသဖြင့် ကျွန်းပေါ်တွင် ချင်ယွမ်ဖုန်းနှင့် ယန်ရုတို့နှစ်ဦးသာ ဝိညာဉ်ဆေးပင်များကို ရေလောင်းလျက် ကျန်ရစ်ခဲ့စည် ဖြစ်၏။
ချင်ယွမ်ဖုန်း၏ အပြင်ဒဏ်ရာများမှာ လျင်မြန်စွာ ကျက်သွားခဲ့သော်လည်း အရှင်းကြီး မပျောက်ကင်းသေးသဖြင့် စီဒန်ဟွာကမူ ပင်လယ်သားရဲများကို တစ်ကိုယ်တော်သာ သွားရောက် အမဲလိုက်ရှာဖွေလေ့ရှိသည်။
“ကျွန်တော်က ဆရာစီရဲ့ လက်ထောက်ပါ၊ အရင်ဆုံး ကျွန်တော် လိုက်ကြည့်ပေးရင် ဖြစ်မလား” ဟု ချင်ယွမ်ဖုန်းက ကမ်းလှမ်းလိုက်၏။
“မင်းကလား... မင်း လုပ်နိုင်ပါ့မလား” ရောက်လာသူ လူစိမ်းက ချင်ယွမ်ဖုန်းကို သံသယမျက်လုံးများဖြင့် စိုက်ကြည့်သည်။
ထိုအခါ ယန်ရုက ချက်ချင်းပင် ကြားဖြတ်၍ “ဘာပြောတာလဲ... ငါတို့ အာဟိုင်က သိပ်ကို တော်တာနော်” ဟု ကာကွယ်ပြောဆိုလေသည်။
ချင်ယွမ်ဖုန်းက ခပ်ပြုံးပြုံးဖြင့်ပင် “ရပါတယ် ယန်ရုရယ်၊ သူက သဘောမတူဘူးဆိုရင်လည်း ဆရာစီ ပြန်လာတာကိုပဲ စောင့်ခိုင်းလိုက်ပေါ့” ဟု ဆို၏။
“ဟွန်း...” ယန်ရုက မကျေမနပ် နှာခေါင်းရှုံ့ရှာသည်။ ရက်အနည်းငယ်မျှသာ ရှိသေးသော်လည်း သူမ၏ စိတ်အစဉ်၌ ချင်ယွမ်ဖုန်းအပေါ် သံယောဇဉ်စလေးများ တွယ်ငြိနေပြီ ဖြစ်ရာ ဘေးလူက ချင်ယွမ်ဖုန်းကို အထင်သေးစွာ ကြည့်သည်ကို မြင်ရသောအခါ စိတ်တိုမိခြင်း ဖြစ်ချေသည်။
“ကဲပါ... ကဲပါ၊ ဒါဆိုရင်လည်း ဒီညီလေးပဲ အရင်လိုက်ကြည့်ပေးပါဦး” ထိုလူက အလျင်အမြန်ပင် ပြောင်းလဲပြောဆိုရတော့သည်။
ထိုကဲ့သို့သော ကိစ္စအသေးအမွှားလေးနှင့် စီဒန်ဟွာကို စိတ်အနှောင့်အယှက် မဖြစ်စေလိုခြင်းကြောင့်ပင် ဖြစ်၏။
ယန်ရု၏ မျက်နှာလေးမှာ ချက်ချင်းပင် ဝင်းပသွားကာ “ဒါမှပေါ့... ငါတို့ အာဟိုင်က တကယ့်ကို အစွမ်းထက်တာ” ဟု ဂုဏ်ယူဝင့်ကြွားစွာ ဆိုလေသည်။
ချင်ယွမ်ဖုန်းက ပြုံးလျက် “ယန်ရု... ဒါဆိုရင် နင် ဒီမှာပဲ ဆရာစီကို စောင့်နေလိုက်ဦး၊ သူ ပြန်ရောက်လာရင် နှစ်ယောက်လုံး လိုက်လာခဲ့ကြပေါ့” ဟု မှာကြားလိုက်၏။
“အင်း... ငါသိပါပြီ” ယန်ရုက ခေါင်းညိတ်ရင်း “ဈေးကို မရောက်တာလည်း ကြာပြီ၊ အဖေ ပြန်လာရင် ငါတို့လည်း လိုက်ခဲ့မယ်” ဟု ဆိုသည်။
ချင်ယွမ်ဖုန်းက ထိုလူနှင့်အတူ ထွက်ခွာလုဆဲဆဲတွင် ယန်ရုသည် စိုးရိမ်စိတ်ဖြင့် ချင်ယွမ်ဖုန်း၏ လက်ကို ဆွဲထားဆဲ ဖြစ်ကာ “အာဟိုင်... နင်က သိပ်ကို သဘောကောင်းလွန်းတယ်၊ မှတ်ထားနော်... ဘယ်သူမဆို နင့်ကို နှိပ်စက်ရင် ပြန်ချလိုက်၊ မရရင် ငါ့အဖေက နင့်နောက်ကွယ်မှာ ရှိတယ်” ဟု အားပေးစကား ဆိုရှာသည်။
“ငါ သိပါတယ်၊ ဘာမှ စိတ်မပူပါနဲ့” ချင်ယွမ်ဖုန်းမှာ စိတ်မသက်မသာ ဖြစ်ရသော်လည်း နွေးထွေးမှု ခံစားရသည်။
မကြာမီပင် ချင်ယွမ်ဖုန်းသည် ထိုလူနှင့်အတူ ထွက်ခွာသွားခဲ့တော့သည်။
ရာပေါင်းများစွာသော ပင်လယ်ကျွန်းငယ်များအနက် ဆယ်ဂဏန်းမျှသော ကျွန်းများကိုမူ ကုန်စည်ရောင်းဝယ်ရာ ဈေးကျွန်းများအဖြစ် သတ်မှတ်ထားကြရာ၊ နေ့စဉ်နေ့တိုင်းပင် လူအများအပြား လာရောက်ရောင်းဝယ်ဖောက်ကားကြသဖြင့် အလွန်ပင် စည်ကားလှပေသည်။
ချင်ယွမ်ဖုန်း ယခုသွားမည့်နေရာမှာ ထိုဈေးကျွန်းနှင့် ကပ်လျက်ရှိသော ပင်လယ်ကျွန်းငယ်လေးတစ်ခု ဖြစ်ပြီး ၎င်းသည်လည်း ကျေးရွာတစ်ရွာပင် ဖြစ်ချေသည်။
“အဘိုးကြီးလီ... ပြန်လာပြီလား၊ ဆရာစီကော ဘယ်မှာလဲ” သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ခြေလှမ်းကျကျဖြင့် ၎င်းတို့ထံသို့ လျှောက်လှမ်းလာလေသည်။
အဘိုးကြီးလီဟု ခေါ်တွင်သော ထိုလူက ရွာသူကြီးထံသို့ အပြေးအလွှား သွားရောက်ကာ “ရွာသူကြီး... ဆရာစီ အိမ်မှာ မရှိလို့၊ ဒါက ဆရာစီရဲ့ လက်ထောက်ပါ” ဟု မိတ်ဆက်ပေးရှာသည်။
“လက်ထောက် ဟုတ်လား” ရွာသူကြီးက ချင်ယွမ်ဖုန်းကို သံသယဖြင့် ကြည့်လျက် “အို... ထားလိုက်ပါတော့၊ ဆရာစီ ဒီကို ရောက်လာမယ့်အချိန်ကိုပဲ စောင့်ကြတာပေါ့” ဟု ပယ်ပယ်နယ်နယ် ဆိုချေသည်။
ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက်ကိုသာ လှစ်ခနဲ ချမိတော့၏။ စီဒန်ဟွာသည် ဤဒေသတွင် နှစ်ပေါင်းများစွာ ဆေးကုသပေးခဲ့သဖြင့် အရှိန်အဝါနှင့် ကြည်ညိုမှု များစွာ ရရှိထားရာ ဤနေရာမှ လူတို့သည် စီဒန်ဟွာတစ်ဦးတည်းကိုသာ ယုံကြည်ကြခြင်း ဖြစ်ပေသည်။
ဤအခြင်းအရာက ချင်ယွမ်ဖုန်းအပေါ် ထိခိုက်မှု မရှိစေကာမူ၊ အထင်သေးခံရခြင်းဟူသော ခံစားချက်က စိတ်ကို အနည်းငယ်တော့ ခါးသက်စေသည်မှာ အမှန်ပင် ဖြစ်၏။
“ရွာသူကြီး... သူ့မှာလည်း အတတ်ပညာ ရှိတယ်လို့ ပြောတာပဲ၊ သူ့ကို အရင် စမ်းသပ်ခိုင်းကြည့်ရင် မကောင်းဘူးလား” ဟု အဘိုးကြီးလီက ကူညီပြောဆိုရှာသည်။
မိမိကိုယ်တိုင် သွားရောက်ခေါ်ဆောင်လာပြီးမှ အချည်းနှီး ဖြစ်သွားမည်ကို မလိုလားခြင်းကြောင့်လည်း ပါပေသည်။
“ကောင်းပြီလေ...” ရွာသူကြီးက မတင်မကျ ခေါင်းညိတ်လျက် “ဒါဆိုလည်း စမ်းကြည့်တာပေါ့၊ ငါတို့ရွာက လူအတော်များများလည်း နေမကောင်းဖြစ်နေကြတာ၊ မင်း ငါတို့ကို ကြည့်ပေးစမ်းပါဦး၊ ဆရာစီရဲ့ လက်ထောက်က ဘယ်လောက်တောင် ပညာတတ်ထားလဲဆိုတာ ကြည့်ရသေးတာပေါ့” ဟု ခနဲ့တဲ့တဲ့ ဆိုလေသည်။
ချင်ယွမ်ဖုန်းသည် မူလက စိတ်ရှုပ်မခံလိုသော်လည်း ဤအရာသည် စီဒန်ဟွာ၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေသဖြင့် ခေါင်းညိတ်ကာ သဘောတူလိုက်ရတော့သည်။
“ကောင်းပါပြီ... ကျွန်တော် လူနာတွေကို ကုသပေးပါ့မယ်၊ ဒါပေမဲ့ ဆေးဖိုးဝါးခအားလုံးကိုတော့ ဆရာစီကိုပဲ ပေးရပါလိမ့်မယ်” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆို၏။
“ဒါပေါ့... ဆရာစီက ဆေးဖိုးမတတ်နိုင်တဲ့လူတွေကိုပဲ အခမဲ့ကုပေးတာ၊ ငါတို့ကတော့ ဆရာစီဆီမှာ ဆေးကုရင် ဝိညာဉ်ကျောက်တုံးတွေကို တစ်ခါမှ မဆိုင်းမတွဖူးဘူး” ရွာသူကြီးက ရင်ဘတ်ကို ပုတ်လျက် ရဲရဲဝံ့ဝံ့ပင် ဆိုချေသည်။
“ကောင်းပါပြီ” ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်သည်။
မကြာမီပင် ရွာသူကြီးသည် ချင်ယွမ်ဖုန်းကို ရွာထဲရှိ အိမ်တစ်အိမ်သို့ ခေါ်ဆောင်သွားကာ စားပွဲနှင့် ကုလားထိုင်တစ်လုံး ပြင်ဆင်ပေးပြီး စားပွဲပေါ်တွင် စုတ်တံနှင့် စာရွက်ကို ချထားပေးလေသည်။
သူသည် ချင်ယွမ်ဖုန်းကို ရည်ရွယ်ချက်ရှိရှိ စမ်းသပ်လိုခြင်း ဖြစ်ကာ၊ လူအများအပြား၏ ရှေ့မှောက်တွင် ချင်ယွမ်ဖုန်းကို အရှက်ခွဲလိုဟန်လည်း ရှိနေတော့သည်။
မကြာမီပင် ရွာသူကြီးသည် ဝေဒနာ ခံစားနေရသော ရွာသူရွာသား အပေါင်းတို့ကို အော်ဟစ်ပင့်ဖိတ်၍ ခေါ်ဆောင်လာခဲ့တော့သည်။