အခန်း ၆၀၈
Vol. 30 Ch. 608
အခန်း (၆၀၈)
သမားတော် ရှားပါးလှသည့် ဤကျွန်းစုပေါ်တွင် လူအများစုမှာ ဝေဒနာကို လုံးဝ မအောင့်နိုင်တော့သည့် အဆုံးမှသာ သမားတော်တစ်ဦးထံသို့ သွားရောက်ပြသလေ့ ရှိကြချေသည်။
“ရွာသူကြီး… ဒါက ဘယ်သူလဲဗျာ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ တကယ်ကော ဆေးကုတတ်လို့လား” ဟု လူတစ်ဦးက သံသယစိတ်ဖြင့် မေးမြန်းလိုက်လေသည်။
“ဟုတ်ပဗျာ၊ ကျွန်တော်က ဆရာစိဒန်ဟွာ ကြွလာတယ် အောက်မေ့တာ၊ ခုတော့ လူကလည်း ငယ်ငယ်လေး၊ အမိဝမ်းထဲကစပြီး ပညာသင်လာခဲ့ရင်တောင် ဘယ်လောက်များ တတ်မြောက်မှာမို့လို့လဲ”
လူအပေါင်းက လူငယ်ကလေး ချင်ယွမ်ဖုန်းအား အထင်သေးသော မျက်လုံးများဖြင့် ကြည့်ကြလေသည်။ နှုတ်ခမ်းတွင် မုတ်ဆိတ်မွေးပင် မပေါက်သေးသဖြင့် အလုပ်အကိုင်၌ စိတ်မချရဟု ယူဆနေကြခြင်း ဖြစ်တန်ရာ၏။
ချင်ယွမ်ဖုန်းသည် ထိုင်ရာမှ ဖြည်းညှင်းစွာ ထရပ်လိုက်ပြီးလျှင် “ကျွန်တော့်ကို မယုံကြည်ကြရင်လည်း ရပါတယ်၊ ဒီတစ်ကြိမ်တော့ အခမဲ့ ကုသပေးပါ့မယ်၊ ဒါပေမဲ့ ကျွန်တော့်ဆေးကြောင့် ရောဂါပျောက်ကင်းသွားရင်တော့ နောက်တစ်ခါ ဆရာစိဒန်ဟွာ လာတဲ့အခါ ဆေးကုသခကို သူ့ထံ စနစ်တကျ ပေးဆောင်ရပါမယ်” ဟု တည်ငြိမ်စွာ ဆိုလိုက်လေသည်။
‘အခမဲ့ကုသပေးမည်’ ဟူသော စကားကို ကြားရသောအခါမှသာ လူအုပ်ကြီးသည် ငြိမ်သက်သွားကြတော့သည်။
ချင်ယွမ်ဖုန်းသည် ခုံတန်းလျားတွင် ပြန်လည်ထိုင်လိုက်ပြီး ပထမဆုံးလူနာ ရှေ့တိုးလာမည့်အချိန်ကို စောင့်ဆိုင်းနေချေသည်။
မကြာမီပင် ရွာသားတစ်ဦးသည် အင်္ကျီလက်ကို ပင့်တင်လျက် စာပွဲမျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်လေသည်။
“ညီလေးရာ… ငါ့ရင်ဘတ်ကြီးက ခုတလော သိပ်အောင့်နေတာ၊ အသက်လည်း ဝဝမရှူနိုင်ဘူး၊ လည်ချောင်းထဲမှာ တစ်ခုခု တစ်ဆို့နေသလိုပဲ” ဟု ထိုလူက ရင်ဘတ်ကို လက်ညှိုးထိုးပြရင်း ပြောဆိုသည်။
ချင်ယွမ်ဖုန်းသည် ခေါင်းညိတ်လိုက်ပြီး ထိုသူ၏ သွေးခုန်နှုန်းကို စမ်းသပ်ကာ စက္ကူနှင့် ကလောင်တံကို ကောက်ကိုင်လိုက်လေသည်။
“ဒါက အသည်းတည်ရှိရာ နေရာပဲ၊ အတွင်းမှာ သလိပ်တွေ အောင်းနေတာ၊ ဒါန်ရှန်း တစ်ကျန်၊ ယင်ချန် နှစ်ကျန်, ဇယ်ရှဲ့ နှစ်ကျန်, ဟွမ်ချင် တစ်ကျန်နဲ့ ရှန်းကျား တစ်ကျန် စပ်ပေးလိုက်မယ်၊ တစ်နေ့ တစ်ကြိမ်စီ ညစာမစားခင် နွေးနွေးလေး သောက်ပေးပါ” ဟု ချင်ယွမ်ဖုန်းက အေးဆေးစွာ ပြောကြားလိုက်သည်။
မကြာမီပင် ဆေးညွှန်းစာ ရေးသားပြီးစီးသွားရာ ယင်းကို ထိုရွာသားထံ ကမ်းပေးလိုက်ပြီးနောက် ရွာသူကြီးဘက်သို့ လှည့်ကြည့်ကာ “နောက်တစ်ယောက်” ဟု ခေါ်ဆိုလိုက်လေသည်။
“ညီလေး… ငါလည်း ခုတလော ဝမ်းဗိုက်ထဲ သိပ်ပွထနေတာပဲ၊ ဗိုက်ကြီး ပေါက်ထွက်မတတ် ခံစားနေရလို့ ကြည့်ပါဦး” ဟု ဆိုကာ ထိုသူက သူ၏ စည်ဖောင်းနေသော ဗိုက်ပူကြီးကို ချင်ယွမ်ဖုန်းအား ထုတ်ပြလေသည်။
ချင်ယွမ်ဖုန်းသည် ထိုသူ၏ မျက်နှာအဆင်း ညိုမှိုင်းနေပြီး ဝမ်းဗိုက်ပေါ်ရှိ သွေးကြောများ ဖောင်းကြွနေသည်ကို မြင်လိုက်ရသဖြင့် သွေးခုန်နှုန်းကိုပင် စမ်းသပ်ရန် မလိုတော့ဘဲ ရောဂါလက္ခဏာကို ထင်ရှားစွာ သိမြင်လိုက်ချေသည်။
“ဒါက သွေးခဲခြင်း၊ ရေဖျဉ်းစွဲခြင်းနဲ့ ချီဓာတ်ပိတ်ဆို့ခြင်းတွေအပြင် ပြင်ပမိစ္ဆာအရှိန်အဝါ ဝင်ရောက်စွက်ဖက်တာပဲ၊ ယင်ချန်နဲ့ ဟွမ်ချီကို လေးကျန်စီ၊ ပိုင်ကျူ၊ ဇယ်ရှဲ့နဲ့ ပိုင်မောက်ကန်းတို့ကို သုံးကျန်စီ၊ ယွန်းလင်နဲ့ ကျူးလင်တို့ကို နှစ်ကျန်စီ စပ်ပေးလိုက်မယ်၊ အိမ်ပြန်ရောက်ရင် ရေနဲ့ကျိုချက်ပြီး တစ်နေ့ကို သုံးကြိမ် ခွဲသောက်ပါ” ဟု ချင်ယွမ်ဖုန်းက လျင်မြန်စွာ ရေးသားပေးလိုက်၏။
ဤသို့ဖြင့် ချင်ယွမ်ဖုန်း၏ ကျွမ်းကျင်လှသော ဆေးကုသပုံကို မြင်တွေ့ကြရသောအခါ ရွာသားများသည် တစ်ဦးပြီးတစ်ဦး တိုးဝှေ့လျက် ဆေးကုသမှုခံယူရန် ရောက်ရှိလာကြချေသည်။
ရွာသူကြီးပင် လွန်စွာ အံ့အားသင့်သွားရ၏။
ဤလူငယ်ကလေးသည် အသက်အရွယ်အားဖြင့် နုပျိုသော်လည်း ဆေးကုသရာတွင်မူ လွန်စွာ ဝါရင့်လှသော သမားတော်ကြီးတစ်ဦးကဲ့သို့ တည်ငြိမ်ကျနလှပေရာသည်။
“ဆရာစိဒန်ဟွာက ဒီလို လက်ထောက်မျိုးကို ဘယ်ကနေ ရှာဖွေတွေ့ရှိခဲ့တာပါလိမ့်” ဟု ရွာသူကြီးက တိုးတိုးရေရွတ်မိသည်။
အမှန်စင်စစ်တွင်မူ မိမိ၏ စိတ်အစဉ်၌ ဤကဲ့သို့သော ဆေးပညာဗဟုသုတများ မည်သို့မည်ပုံ ရောက်ရှိနေသည်ကို ချင်ယွမ်ဖုန်းကိုယ်တိုင်ပင် သိရှိခြင်း မရှိချေ။
အကယ်၍ သူသည် တစ်စုံတစ်ဦးကို ကြည့်လိုက်သည်နှင့် ထိုသူ ခံစားနေရသော ရောဂါဝေဒနာနှင့် ကုသရမည့် ဆေးနည်းဝှက်များက ဦးနှောက်ထဲတွင် အလိုအလျောက် ပေါ်ပေါက်လာခြင်းသာ ဖြစ်ပေသည်။
ယင်းက ချင်ယွမ်ဖုန်းကိုယ်တိုင်အား အံ့ဩတုန်လှုပ်စေရသည်။ မိမိသည် ယခင်ဘဝက သမားတော်တစ်ဦး ဖြစ်ခဲ့ဖူးလေသလော ဟု တွေးတောမိချေသည်။
နှစ်နာရီခန့် ကြာမြင့်သောအခါ စိဒန်ဟွာနှင့် ယန်ရုတို့ နှစ်ဦးစလုံး ရောက်ရှိလာကြသည်။ သူတို့သည် ချင်ယွမ်ဖုန်း၏ ရှေ့မှောက်တွင် ရှည်လျားစွာ တန်းစီနေကြပြီး လူတိုင်းက ဆေးကုသမှုခံယူရန် အလုအယက် ဖြစ်နေကြသည့် မြင်ကွင်းကို မြင်တွေ့လိုက်ရလေသည်။
“ဒါ… ဒါက ဘာတွေ ဖြစ်နေတာလဲ” ယန်ရုသည် မှင်တက်မိသွားပြီး မိမိမျက်စိရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်လောက်အောင် ဖြစ်ရချေသည်။
စိဒန်ဟွာ၏ မျက်လုံးများတွင်မူ ချီးကျူးအံ့ဩရိပ်များ တောက်ပသွားပြီးလျှင် “ငါ သိသားပဲ၊ အာဟိုင်ဟာ သာမန်လူတစ်ယောက် မဟုတ်တာ သေချာပါတယ်၊ သူဟာ အရင်က သမားတော်တစ်ဦး ဖြစ်ခဲ့ပုံရတယ်၊ သူ့ကိုယ်သူ ဘယ်သူဘယ်ဝါဆိုတာ မေ့လျော့နေရင်တောင် ဆေးကုသတဲ့ ပညာရပ်တွေကတော့ စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲထင်ကျန်ရစ်နေတုန်းပဲ” ဟု ဆိုသည်။
“သိပ်ကောင်းတာပဲ၊ အာဟိုင်က သာမန်လူမဟုတ်ဘူးဆိုတာ သမီး အစတည်းက သိပါတယ်” ဟု ယန်ရုက ပြုံးရွှင်စွာ ပြောဆိုလိုက်လေသည်။
ထိုနှစ်ဦးသည် ချင်ယွမ်ဖုန်း၏ ရှေ့သို့ တိုးလာကြချေသည်။ ဤအချိန်တွင် ချင်ယွမ်ဖုန်းသည် ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင် လုံးဝမရှိသည့်အပြင် တက်ကြွရွှင်လန်းနေသော မျက်နှာထားဖြင့် ရှိနေချေသည်။
“ဦးလေး… ယန်ရု… ဒီဘက်ကို ကြွကြပါဦး” ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် နှုတ်ဆက်လိုက်၏။
“ဟုတ်ပါပြီ၊ မင်း ဒီလောက်ကြီးမားတဲ့ အောင်မြင်မှုကို ရလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး” ဟု စိဒန်ဟွာက ပြုံး၍ ဆိုလေသည်။
မကြာမီပင် ချင်ယွမ်ဖုန်းသည် တစ်ရွာလုံးရှိ လူအားလုံးကို စမ်းသပ်ကုသပေးပြီးသွားချေသည်။ ရောဂါဝေဒနာ မရှိသူများကိုလည်း ကျန်းမာရေးအတွက် အားဖြည့်ဆေးညွှန်းများ ရေးသားပေးခဲ့သေးသည်။
“ရွာသူကြီး… အခုကော ကျွန်တော့်ကို ယုံကြည်ပြီလား” ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် မေးမြန်းလိုက်သည်။
ရွာသူကြီးသည် ချင်ယွမ်ဖုန်းထံသို့ အပြေးအလွှား လာရောက်ကာ သူ၏လက်ကို ဆုပ်ကိုင်လျက် “နတ်သမားတော်ကြီးပါလား၊ မင်းက တကယ့်ကို နတ်သမားတော်ကြီးပါပဲ၊ ဆရာစိဒန်ဟွာရဲ့ လက်ထောက်ဖြစ်ရုံတင်မကဘဲ တကယ့်ကို အံ့မခန်း အစွမ်းထက်မြက်လှပေတယ်” ဟု ချီးကျူးစကား ဆိုလေသည်။
စိဒန်ဟွာက လက်ကို အလျင်အမြန် ယမ်းခါလိုက်ပြီး “ရွာသူကြီး… ဒါက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး၊ အာဟိုင်ရဲ့ ဆေးပညာက သူကိုယ်တိုင် တတ်မြောက်ထားတဲ့ ပညာတွေပါ” ဟု ပြောကြားသည်။
“ထိုသို့လော” ရွာသူကြီးက ခေါင်းညိတ်ရင်း “ဘယ်လိုပဲဖြစ်ဖြစ် မးင်တို့နှစ်ဦးစလုံးဟာ ကျွန်တော်တို့အတွက်တော့ နတ်သမားတော်ကြီးတွေပါပဲ” ဟု ဆို၏။
“ဒါနဲ့ ရွာသူကြီး… ခုနက ပြောတော့ ကျွန်မတို့အဖေ ကြည့်ပေးရမယ့် လွန်စွာ အန္တရာယ်ကြီးတဲ့ လူနာတစ်ယောက် ရှိတယ်ဆို၊ အဲဒီလူက ဘယ်မှာလဲ” ဟု ယန်ရုက ထိုအချိန်တွင် ဝင်ရောက်မေးမြန်းလိုက်သည်။
ရွာသူကြီးက သူ၏ ဦးခေါင်းကို လက်ဖြင့် ပုတ်လိုက်ပြီး “ကြည့်စမ်း… ငါ့မှတ်ဉာဏ်ကတော့၊ လုံးဝ မေ့သွားတော့မလို့၊ မြန်မြန်… ငါ့နောက်ကို လိုက်ခဲ့ကြပါ” ဟု ဆိုကာ ခေါ်ဆောင်သွားတော့သည်။
ထိုသုံးဦးသည် ရွာသူကြီး၏ နောက်မှ လိုက်ပါသွားကြရာ ရွာအတွင်းရှိ ဝင်းခြံတစ်ခုအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် ချင်ယွမ်ဖုန်းသည် ယခင်က ခံစားခဲ့ရဖူးသော အရှိန်အဝါမျိုးကို ထပ်မံ၍ အာရုံရလိုက်ချေသည်။
အချိန်အတော်ကြာမှသာ ချင်ယွမ်ဖုန်းသည် ဤအရှိန်အဝါကို ယခင်က မိမိ ခေါ်ဆိုခဲ့ဖူးသော ‘စိတ်အာဃာတမိစ္ဆာ အရှိန်အဝါ’ ဟူ၍ သိရှိနားလည်သွားတော့သည်။
သို့သော် ယခုအချိန်တွင် ချင်ယွမ်ဖုန်း၏ မှတ်ဉာဏ်များ ချို့ယွင်းနေဆဲဖြစ်သဖြင့် အကြောင်းအရာ အများအပြားကို အသေအချာ မမှတ်မိနိုင်သေးချေ။
အခန်းတွင်းသို့ ဝင်ရောက်သွားကြသောအခါ ယခင်က မြင်တွေ့ခဲ့ရဖူးသည့် အလားတူ မြင်ကွင်းကို ထပ်မံ မြင်တွေ့ကြရပြန်သည်။
အခန်းတွင်းရှိ လူနှစ်ဦးသည် မျက်လုံးများ ပြူးကြောင်လျက် လှုပ်ရှားမှုမရှိဘဲ ထိုင်နေကြပြီး မျက်တောင်ပင် ခတ်ခြင်း မရှိကြချေ။
“ဒီလိုပုံစံမျိုး ထပ်ဖြစ်ပြန်ပြီပေါ့” စိဒန်ဟွာသည် မျက်လုံးများ ပြူးကျယ်သွားပြီး ခက်ထန်သော လေသံဖြင့် ဆိုလိုက်လေသည်။
“ဒါက ဘာအခြေအနေမို့လို့လဲ” ရွာသူကြီးသည် ရှေ့သို့ လှမ်းလျှောက်ရင်း ဇဝေဇဝါမျက်နှာထားဖြင့် မေးမြန်းသည်။
“ရွာသူကြီး… ဒီလူကို မြင်ဖူးသလား” ချင်ယွမ်ဖုန်းသည် ယခင်ရွာက ရွာသူကြီးအိုကြီး ရေးဆွဲပေးခဲ့သော လူပုံပန်းသဏ္ဌာန် ပန်းချီကားချပ်ကို ထုတ်ယူကာ ပြသလိုက်လေသည်။
ရွာသူကြီးက သေချာကြည့်ရှုပြီးနောက် ခေါင်းညိတ်လျက် “မှတ်မိတယ်၊ သူ အခုလည်း ကျွန်တော်တို့ ရွာထဲမှာ ရှိနေသေးတယ်လို့ ထင်တာပဲ” ဟု ဆို၏။
“ဒီလူပဲပေါ့” ချင်ယွမ်ဖုန်းက အလေးအနက် ပြောဆိုလိုက်သည်။ လောကကြီးတွင် ဤမျှ တိုက်ဆိုင်မှုမျိုး ရှိနိုင်မည်မဟုတ်ပေ၊ ထိုသူ ရောက်ရှိသွားသည့် နေရာတိုင်းတွင် ဤကဲ့သို့သော ဖြစ်ရပ်ဆိုးများ ဖြစ်ပွားလေ့ ရှိချေသည်။
စိဒန်ဟွာသည် ရှေ့သို့ တိုးလာပြီးလျှင် “ရွာသူကြီး… မိစ္ဆာကျင့်ကြံသူတွေက လူတွေ၏ ဝိညာဉ်ကို စုပ်ယူတတ်တယ်ဆိုတာမျိုး မကြားဖူးဘူးလား” ဟု မေးမြန်းလိုက်သည်။
“ကြားတော့ ကြားဖူးပါတယ်၊ ဒါပေမဲ့ စိတ်ထဲ သိပ်မထားမိဘူးဗျာ” ရွာသူကြီးက သာမန်အတိုင်းပင် ပြန်လည်ဖြေကြားပြီး “ဒီလူနှစ်ယောက်ကကော ဝိညာဉ် စုပ်ယူခံလိုက်ရတာလား” ဟု မေးသည်။
“ဟုတ်တယ်” စိဒန်ဟွာက လေးနက်သော လေသံဖြင့် “အဲဒီ ပန်းချီကားထဲက လူကပဲ လူတွေရဲ့ ဝိညာဉ်ကို စုပ်ယူသွားခဲ့တာ ဖြစ်ရမယ်” ဟု ဆိုလေသည်။
“တောက်… ဒီကောင် အခုထိ ကျွန်းပေါ်မှာ ရှိနေသေးတယ်လို့ ငါ မှတ်မိနေတယ်၊ ငါကိုယ်တိုင် သွားပြီး ဖမ်းဆီးပစ်မယ်” ရွာသူကြီးက ပြတ်သားစွာ ပြောဆိုလိုက်ပြီး အခန်းပြင်သို့ ချက်ချင်း လှမ်းလျှောက်သွားတော့သည်။
ချင်ယွမ်ဖုန်းနှင့် စိဒန်ဟွာတို့လည်း သူ၏နောက်မှ အပြေးအလွှား လိုက်ပါသွားကြချေသည်။
ဤသို့သော အလတ်စားကျွန်းငယ်များပေါ်တွင် ရွာသူကြီး အဖြစ် တာဝန်ယူနိုင်သူများသည် သာမန်လူများ မဟုတ်ကြဘဲ အစွမ်းအစရှိသူများသာ ဖြစ်ကြောင်း ချင်ယွမ်ဖုန်း သိရှိလိုက်ရသည်။
ဤရွာသူကြီးကို ကြည့်ရုံမျှဖြင့် သူသည် ပဉ္စမအဆင့် မဟာဆရာနယ်ပယ်သိုင်းဆရာကြီးတစ်ဦး ဖြစ်ကြောင်း ချင်ယွမ်ဖုန်းက တစ်ချက်တည်းဖြင့် အကဲဖြတ်နိုင်ခဲ့ချေသည်။
ထို့ပြင် ယခင်ရွာက ရွာသူကြီးသည်လည်း မဟာဆရာနယ်ပယ်အဆင့်ထက် မြင့်မားသော သိုင်းပညာရှင်တစ်ဦး ဖြစ်ပေလိမ့်မည်။
မိမိအနေဖြင့် ထိုသူတို့၏ ကျင့်စဉ်အဆင့်အတန်းများကို မည်သည့်အကြောင်းကြောင့် အထွင်းအဖောက် မြင်နိုင်စွမ်းရှိသည်ကို ချင်ယွမ်ဖုန်းကိုယ်တိုင်ပင် မသိရှိသော်လည်း၊ သူတို့၏ ကျင့်စဉ်အဆင့်များမှာ သူတို့၏ နဖူးပေါ်တွင် ရေးသားထားသကဲ့သို့ပင် ချင်ယွမ်ဖုန်းအတွက်မူ ထင်ရှားလွန်းလှပေသည်။
မကြာမီပင် သူတို့သည် ပန်းချီကားချပ်ထဲက လူ ရှိရာနေရာသို့ ရောက်ရှိသွားကြသော်လည်း၊ ထိုနေရာမှာမူ လူသူဆိတ်သုဉ်းလျက် ဟာလာဟင်းလင်း ဖြစ်နေချေတော့သည်။